အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အခန်း (၁၂၄) - တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်၊ အင်မော်တယ် လမ်းစဉ်သို့ ခြေလှမ်းခြင်း
~စုဖုန်း၊ စုယွင်၊ စုချန်နှင့် စုရို့ဆုတို့သည် ထိုစကားကို ကြားလိုက်ရသောအခါ ရုတ်တရက် ငိုင်သွားကြလေ၏။ သူတို့ကို အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားခိုင်းနေသည်လော။
စုယွင်သည် လက်ကာပြကာ ငြင်းဆန်လိုက်၏။
"ကောင်စုတ်လေး... ငါတို့က အိုနေပါပြီကွာ... သေရွာပြန်လမ်း နီးနေတဲ့ လူကြီးတွေကိုမှ အခြေခံ တည်ဆောက်ခြင်း အဆင့် တက်လှမ်းဖို့ ကြိုးစားခိုင်းရတယ်လို့"
"ငါ့ခွန်အားက အရင်ကလို (၇) ပုံ (၁) ပုံတောင် မရှိတော့ဘူး... ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ"
"ထားလိုက်ပါတော့... အရင်းအမြစ်တွေ ဖြုန်းတီးရာ ကျပါတယ်"
စုချန်ကလည်း ခေါင်းငြိမ့်ထောက်ခံလေ၏။
"ဟုတ်ပေတယ်... လွန်ခဲ့တဲ့ နှစ် (၃၀) (၄၀) လောက်ကသာ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ရှိခဲ့ရင် ငါတို့ ကြိုးစားကြည့်လို့ ရနိုင်သေးတယ်... အခုတော့ မဖြစ်နိုင်တော့ဘူး... ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းပြီး ငြိမ်းချမ်းစွာ ကုန်ဆုံးသွားတာပဲ ကောင်းပါတယ်"
စုဖုန်း၏ မျက်နှာတွင် ဝေခွဲမရသော အရိပ်အယောင်များ ယှက်သန်းနေသော်လည်း နောက်ဆုံး၌ သက်ပြင်းတစ်ချက်သာ ရှိုက်လိုက်မိလေ၏။
သူသည် ယခင်က တစ်ကြိမ် ကျရှုံးဖူးပြီး ဖြစ်ရာ ယခုလက်ရှိ အခြေအနေမှာ အထွတ်အထိပ်နှင့် ဝေးကွာလွန်းနေပြီ ဖြစ်ချေ၏။
ဤအခြေအနေဖြင့် အဆင့်တက်လှမ်းရန် ကြိုးစားခြင်းမှာ အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
အကြီးအကဲများ၏ တွန့်ဆုတ်နေမှုနှင့် မဖြစ်နိုင်တော့ဟု ယူဆထားကြသော အခြေခံ တည်ဆောက်ခြင်း အဆင့်အတွက် အရင်းအမြစ်များကို မဖြုန်းတီးလိုကြသည့် စေတနာကို မြင်သောအခါ စုယွီ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး (၉) လုံး ပါဝင်သော ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်၏။
"ဒါပေမဲ့ အကြီးအကဲတို့ မကြိုးစားကြည့်ရင် ဒီဆေးလုံးတွေက သုံးရခက်သွားလိမ့်မယ်"
"အခြေခံအားဖြင့် ကျွန်တော်က (၅) နှစ်နေမှ ဆေးတစ်ခါ ဖော်ပေးနိုင်တယ်"
"တစ်ခါဖော်ရင် (၄) လုံးလောက် ထွက်ပါတယ်... အကြီးအကဲတို့ မသုံးရင် ဒီအတိုင်း ပစ်ထားသလို ဖြစ်နေမှာပေါ့"
ထိုအခါ၊ ဘေးတွင် ထိုင်နေသော မိသားစုခေါင်းဆောင် စုဖုန်းသည် ကျောက်စိမ်းသေတ္တာကို လှမ်းယူလိုက်သည်။ သေတ္တာကို ဖွင့်လိုက်ပြီး အထဲမှ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး (၉) လုံးကို မြင်လိုက်ရသောအခါ သူ့လက်များ တုန်ရီသွားပြီး မယုံကြည်နိုင်စွာ ရေရွတ်မိတော့သည်။
"ဟေ... ဒီလောက် အများကြီးလား... ဘယ်လိုလုပ် ဒီလောက်တောင် များနေရတာလဲ"
"ဘာကို များတာလဲ"
"ကျွန်တော့်ကို ပေးစမ်းပါဦး"
စုယွင်၊ စုချန်၊ စုရို့ဆုနှင့် အခြားသူများသည် လျင်မြန်စွာပင် ကျောက်စိမ်းသေတ္တာကို စုဖုန်းလက်ထဲမှ ဆွဲယူကြည့်ရှုလိုက်ကြသည်။
ဆေးလုံး (၉) လုံးကို မြင်သောအခါ အားလုံး ဆွံ့အသွားကြလေ၏။
အချိန်အတော်ကြာမှ စုယွင် သက်ပြင်းချလိုက်ပြီး သေတ္တာကို ပြန်ပိတ်ကာ စုဖုန်းလက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။ သူ၏ လေသံတွင် ဝမ်းသာပီတိနှင့် နောင်တတရားတို့ ရောပြွမ်းနေသည်။
"မိသားစုက တကယ်ကို ကံကောင်းတာပဲ"
"ဒီနှစ်ပိုင်း မွေးလာတဲ့ ကလေးတွေက တကယ့်ကို ဆုလာဘ် ရထားသလိုပဲ... သူတို့ ကြီးလာရင် အခက်ခဲဆုံး အခြေခံ တည်ဆောက်ခြင်း အဆင့် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်နေမှာ"
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... ဒါမှမဟုတ် နှစ် (၂၀) (၃၀) လောက်ကသာ ဒီလိုမျိုး ရှိခဲ့ရင်... ဟူး... ထားလိုက်ပါတော့လေ"
"ကောင်းပါတယ်... မင်္ဂလာရှိပါတယ်"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စုပင်းက ရယ်မောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိသားစုခေါင်းဆောင်က မျိုးဆက်ပွားဖို့ မူဝါဒ ချမှတ်ခဲ့တယ်လေ... ဒီနှစ်ပိုင်းတွေမှာ မျိုးဆက်သစ် အရေအတွက်က အဆပေါင်းများစွာ တိုးလာတယ်... ဝိညာဉ်အမြစ် ပါတဲ့ ကလေးတွေဆို ရာနဲ့ချီ ရှိလာပြီ... သူတို့ ကြီးလာရင် ဒီအရင်းအမြစ်တွေကို သုံးပြီး အင်အားမြှင့်တင်လို့ ရတာပေါ့"
"တကယ်လို့ အကြီးအကဲတို့.. မသုံးချင်ဘူး ဆိုရင်လည်း မိသားစု ဘဏ္ဍာတိုက်ထဲမှာ ခဏ သိမ်းထားလိုက်ပါ"
"ကျုပ်တို့ မိသားစု ကြီးပွားလာတာနဲ့အမျှ အရင်းအမြစ် လိုအပ်ချက်ကလည်း ကြီးလာမှာပဲ... နောက်မျိုးဆက်တွေအတွက် ကျုပ်တို့ ပိုကြိုးစားပြီး စုဆောင်းထားမှ ဖြစ်မယ်... မဟုတ်ရင် လောက်ငမှာ မဟုတ်ဘူး"
"ဒါမှသာ နောင်တစ်ချိန်မှာ မိသားစုကို ပိုပြီး ဖွံ့ဖြိုးအောင် သူတို့ လုပ်နိုင်ကြမှာပေါ့"
"ဟားဟားဟား"
စုယွင်က အားပါးတရ ရယ်မောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်... စုပင်း ပြောတာ မှန်တယ်"
"ကဲပါလေ... ငါတို့ လူကြီးတွေကတော့ ဒီကိစ္စတွေမှာ ဝင်မပါတော့ပါဘူး... ဒီအတိုင်းလေးပဲ ကောင်းပါတယ်"
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ စုယွီ ဆက်ပြီး တိုက်တွန်းမနေတော့ချေ။
အမှန်စင်စစ် စုယွင်နှင့် စုဖုန်းတို့ကဲ့သို့ အသက်အရွယ် ရောက်နေသူများ အနေဖြင့် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို အောင်မြင်ရန် အခွင့်အလမ်းမှာ အလွန် နည်းပါးလှပေသည်။
သက်တမ်းကုန်ဆုံးရန် နီးကပ်နေသော စုယွင်အတွက် ကျရှုံးမှု ဆိုသည်မှာ ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။
စကားဝိုင်းသည် မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လူငယ်များ တိုးပွားလာမှု အကြောင်းသို့ ပြောင်းလဲသွားသောအခါ ပတ်ဝန်းကျင် အခြေအနေမှာ ပေါ့ပါး လတ်ဆတ်သွားတော့သည်။ အထူးသဖြင့် မိသားစု လက်ထဲတွင် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး (၁၀) လုံးကျော် ပိုင်ဆိုင်ထားကြောင်း သိလိုက်ရချိန်တွင် ရယ်သံများနှင့် ပျော်ရွှင်မှုများ လွှမ်းခြုံသွားလေ၏။
ထိုကဲ့သို့သော အခြေခံအုတ်မြစ် ရှိနေပြီ ဖြစ်ရာ စုဖုန်းနှင့် စုယွင်တို့ကဲ့သို့ အကြီးအကဲများမှာ ယုံကြည်မှုများ ပြည့်ဝလာပြီး အိပ်နေရင်းပင် ရယ်မောမိမည့် အနေအထားသို့ ရောက်ရှိသွားကြသည်။
တစ်ချိန်က (ပထမအဆင့်) ဝိညာဉ်ကြော တစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် စုမိသားစုသည် လင်းမိသားစုနှင့် သည်းကြီးမည်းကြီး တိုက်ခိုက်ခဲ့ရသည်ကို ပြန်တွေးကြည့်မိသည်။
အပြစ်အနာအဆာ ပါဝင်သော အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံး ရရှိရန်အတွက်ပင် မိသားစုသည် နှစ်ပေါင်းများစွာ အရင်းအမြစ်များကို စုဆောင်းခဲ့ရဖူးသည်။
ယခုအချိန်တွင်မူ စုမိသားစု၏ ပြောင်းလဲမှုသည် မိုးနှင့် မြေကဲ့သို့ ခြားနားသွားပြီ ဖြစ်ပေသည်။
ညဉ့်နက်သန်းခေါင်ယံ အချိန်။
လျှို့ဝှက်ခန်းမဆောင်။
စုယွီသည် တင်ပျဉ်ခွေ ထိုင်နေလျက် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို လည်ပတ်နေသည်။ သူ့စိတ်အစဉ်မှာ ရုတ်ချည်း ရှင်းလင်းသွားပြီး ရှုပ်ထွေးနေသော အတွေးစများ ပျောက်ကွယ်သွားတော့သည်။ သူသည် အာရုံကို စုစည်းလိုက်ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဈာန်ဝင်စားမှု အခြေအနေသို့ ရောက်ရှိသွားလေ၏။
သူ့စိတ်အာရုံထဲတွင် တာအိုဆရာ ပင်းယွီ၏ အမွေအနှစ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ရေခဲကန်အောက်ခြေ ဂူစံအိမ်မှ ရရှိခဲ့သော ကျောက်စိမ်းမှတ်တမ်းထဲတွင် ပါဝင်သည့် ဗဟုသုတများမှာ သမုဒ္ဒရာပမာ ကျယ်ပြောလှပေသည်။ မူလဝိညာဉ် အဆင့်အတွက် ရည်ရွယ်သော 'ကောင်းကင်နှင်းခဲ သက်ဆင်းခြင်း' ကျင့်စဉ်အပြင်၊ တာအိုဆရာ ပင်းယွီ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း ခရီးလမ်းနှင့် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းခဲ့သည့် အတွေ့အကြုံများ၊ ဉာဏ်အလင်းများလည်း ပါဝင်လေ၏။
ဤအမွေအနှစ်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသဖြင့် စုယွီသည် ဝင်ရောက်လာသမျှ ဗဟုသုတ အားလုံးကို ချက်ချင်း လက်ခံရယူခြင်း မပြုရဲပေ။
ထို့အစား သူသည် တစ်ခုချင်းစီကို စိစစ်ပြီး ချင့်ချိန် စဉ်းစားလေ၏။
'တာအိုဆရာ ပင်းယွီ ခေတ်တုန်းက ဒီ တာ့ယွဲ့ နယ်မြေ ကျင့်ကြံခြင်း လောကကြီးက ကျွန်းတွေ အများကြီး ပါဝင်တဲ့ ရေကန်ကြီး တစ်ခုပဲ ရှိသေးတာပါလား... သူ့ရဲ့ မှောင်ခိုဈေးက ဂူစံအိမ်ဆိုတာကလည်း အလယ်ဗဟို ကျွန်းပေါ်မှာ ရှိခဲ့တာ... ဟေ... (စတုတ္ထအဆင့်) ဝိညာဉ်ကြော ဘေးမှာလား'
စုယွီ ခေတ္တမျှ ငိုင်သွားသည်။ မှောင်ခိုဈေးရှိ ဝိညာဉ်ကြောမှာ ယခုအခါ (တတိယအဆင့်) သာ ရှိတော့သည် မဟုတ်ပါလော။
'ဒါဆို မြေမျက်နှာသွင်ပြင်နဲ့ ဝိညာဉ်ကြောတွေ ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်'
စုယွီ ဆက်ပြီး ခေါင်းခဲမခံတော့ဘဲ ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။
'အသက် (၈) နှစ်မှာ ကျင့်ကြံခြင်း လောကထဲ ဝင်ရောက်ခဲ့တယ်... (၁၀) နှစ်အတွင်းမှာ ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့်ကို ရောက်ခဲ့တာလား... ထိပ်တန်း ရေခဲဝိညာဉ်အမြစ် ပါရမီနဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး အကူအညီ မပါဘဲ အောင်မြင်ခဲ့တယ်... သူ့ရဲ့ အခြေခံ တည်ဆောက်ခြင်း မျိုးစေ့က ထိပ်တန်းအဆင့် ဖြစ်နေတာကိုး'
'အခြေခံ တည်ဆောက်ခြင်း မျိုးစေ့တွေကို ထိပ်တန်း၊ အလယ်အလတ်၊ အဆင့်နိမ့်နဲ့ အစွန်းရောက် အဆင့်ဆိုပြီး ခွဲခြားထားတာလား'
'အပြစ်အနာအဆာပါတဲ့ ဆေးလုံးနဲ့ အဆင့်တက်ရင် အဆင့်နိမ့် မျိုးစေ့ပဲ ရမှာပေါ့'
'ပြီးပြည့်စုံတဲ့ ဆေးလုံးနဲ့ အဆင့်တက်ရင်တော့ အလယ်အလတ်အဆင့် လောက်ပဲ သတ်မှတ်တာလား’
အခန်း (၁၂၅) - တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်၊ အင်မော်တယ်လမ်းစဉ်သို့ ခြေလှမ်းခြင်း (အပိုင်း ၂)
~"ပင်ကိုယ်ပါရမီအပေါ် အခြေခံပြီး အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရယ်... မူလဝိညာဉ်အဆင့်၊ ဒါမှမဟုတ် အဲ့ဒီထက် မြင့်တဲ့ အဆင့်ကို ရောက်ရှိနိုင်တဲ့ ကျင့်စဉ်မျိုးကိုမှသာ 'ထိပ်တန်းအဆင့်' လို့ သတ်မှတ်ကြတာပါ”
"နောင်လာနောက်သားတို့..."
တာအိုဆရာ ပင်းယွီသည် ထိပ်တန်းအဆင့် အခြေခံ အုတ်မြစ်နှင့် ပတ်သက်၍ ပြောကြားနေရင်း စိတ်အာရုံ လွင့်မျောသွားပုံ ရလေ၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ မှတ်တမ်းကို ဆက်လက် ဖော်ပြထား၏။
"နောင်လာနောက်သားတို့... အခြေခံအုတ်မြစ်ဆိုတာက သဘာဝအတိုင်း ဖွဲ့စည်းတည်ဆောက်ရမယ့် အရာပါ”
ထိုအချက်ကို ဖတ်လိုက်ရသောအခါ စုယွီ၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားတော့သည်။
'ဒါက ဘာသဘောလဲ... သဘာဝအတိုင်း ဖွဲ့စည်းတယ် ဆိုတာက'
စုယွီသည် မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် စဉ်းစားခန်း ဝင်လိုက်မိသည်။ အကယ်၍ ဤခွဲခြားသတ်မှတ်ပုံသာ မှန်ကန်ခဲ့မည် ဆိုပါက သူ၏ အခြေခံ အုတ်မြစ်ကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်မည်လော။ သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို မိမိဘာသာ ကြိုးစားအားထုတ်မှုဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်သလို၊ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ဆိုသည်မှာလည်း ရှေးဟောင်း ကျင့်စဉ်တစ်ခု ဖြစ်ရာ မူလဝိညာဉ် အဆင့်ထက် ကျော်လွန်သည်မှာ ယုံမှားဖွယ် မရှိပေ။
တစ်ခုတည်းသော အားနည်းချက်မှာ သူ ရရှိထားသည်က ကျင့်စဉ် အစအနများသာ ဖြစ်ပြီး ပထမ (၃) ဆင့်ကိုသာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်အထိ ကျင့်ကြံနိုင်မည် ဖြစ်ခြင်းပင်။
တာအိုဆရာ ပင်းယွီက ဆက်လက် မှတ်တမ်းတင်ထားလေ၏။
"ထိပ်တန်းအဆင့် အခြေခံအုတ်မြစ်ဆိုတာ အင်မော်တယ်ဖြစ်လာစေမယ့် အခြေခံအမြစ်လည်း ဖြစ်တယ်... ပြင်ပအကူအညီနဲ့ အင်အားတွေကို မှီခိုသူတွေကတော့ အင်မော်တယ်လမ်းစဉ်နဲ့ ဝေးကွာသွားကြရစမြဲပါပဲ"
"အခြေခံတည်ဆောက်ခြင်းအဆင့်မှာတင် မကဘူး၊ အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့ အထူးသဖြင့် မူလဝိညာဉ်အဆင့်တွေမှာလည်း ဒီသဘောတရားအတိုင်းပါပဲ"
"အင်မော်တယ်လမ်းစဉ်ဆိုတာ လောကီအာရုံတွေကို ကျော်လွန်ဖောက်ထွက်ပြီး မိမိကိုယ်ကို ကျော်ဖြတ်ရတဲ့ လမ်းစဉ်ပါ... အကယ်၍ မင်းတို့က မိမိကိုယ်ကို မကျော်လွန်နိုင်ဘဲ ပြင်ပအကူအညီတွေကိုပဲ မျှော်လင့်နေမယ်ဆိုရင် အင်မော်တယ်ဖြစ်လာဖို့ ဘယ်လိုလုပ် ပြောနိုင်ပါဦးမလဲ”
ဤစကားများကို ပြောကြားနေစဉ် တာအိုဆရာ ပင်းယွီ၏ လေသံမှာ အလွန် တည်ကြည် လေးနက်လှပေသည်။
စုယွီသည် စိတ်အာရုံများ ဝေဝါးသွားပြီး သူ့ရှေ့မှောက်တွင် စွမ်းအားကြီးမားသော တာအိုဆရာ တစ်ပါးက တရားဟောကြားနေသကဲ့သို့ အာရုံထဲတွင် မြင်ယောင်လာမိသည်။
ထိုစကားလုံးများသည် ဝုန်းခနဲ သူ့နှလုံးသားကို ရိုက်ခတ်သွားပြီး ဉာဏ်အလင်း ပွင့်သွားစေတော့သည်။
စုယွီ၏ မျက်နှာထားမှာ မသိမသာ ပြောင်းလဲသွားလေ၏။ ခေတ္တမျှ ကြာသောအခါမှ သူသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး၊ သူ၏ ကျင့်ကြံခြင်း အဆင့် တက်လှမ်းရာတွင် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး သို့မဟုတ် အခြား ပြင်ပ အကူအညီများကို မသုံးစွဲခဲ့မိသည့်အတွက် တိတ်တဆိတ် သက်ပြင်းချကာ ဝမ်းမြောက်မိတော့သည်။
သို့သော် တွေးစရာ တစ်ခု ရှိနေပြန်သည်။ အကယ်၍ သူသည် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို သုံးစွဲခဲ့သော်လည်း 'ကျွမ်းကျင်မှု မျက်နှာပြင်' သာ ရှိနေမည် ဆိုပါက အင်မော်တယ် ဖြစ်လာရန် မဖြစ်နိုင်တော့ပြီလော။
သေချာ စဉ်းစားကြည့်ပြီးနောက် စုယွီက ဖြစ်နိုင်သေးသည်ဟု ယူဆလိုက်သည်။ သို့သော် ပြင်ပ အကူအညီဖြင့် အဆင့်တက်လှမ်းခဲ့သော 'အင်မော်တယ်' တစ်ပါးသည် စွမ်းအားနိမ့်ပါးသော သာမန် အဆင့်တစ်ခုသာ ဖြစ်နေလောက်ပေသည်။
ထို့နောက်တွင် တာအိုဆရာ ပင်းယွီသည် အခြေခံ တည်ဆောက်ခြင်း အဆင့်၌ သူ ရရှိခဲ့သော ဉာဏ်အလင်းများနှင့် အတိတ်က ကျင့်ကြံခြင်း အတွေ့အကြုံများကို ဆက်လက် ပြောပြထားလေ၏။
"ချင်းမုကျွန်းပေါ်က ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါးရဲ့ ဂိုဏ်းခွဲ တာဝန်ခံ တပည့်ဖြစ်တဲ့ ထန်ကူက ငါ့ကို ဖူဟိုင် တောင်တန်းဆီ ဖိတ်ခေါ်ခဲ့ဖူးတယ်... ဝိညာဉ် သားရဲ တစ်ကောင်ဖြစ်တဲ့ 'ဖူဟိုင် ရွှမ် လိပ်နက်' ကို သွားရှာဖို့ပေါ့... ငါလည်း စိတ်လှုပ်ရှားခဲ့မိပါတယ်... တကယ်လို့သာ အဲဒီ ဝိညာဉ် သားရဲရဲ့ အဆီအနှစ် သွေးကို ရရှိပြီး သန့်စင်နိုင်ခဲ့ရင် ငါ့ရဲ့ အခြေခံ အုတ်မြစ်က ပိုပြီး ခိုင်မာလာမှာ ဖြစ်သလို၊ အနာဂတ် ကျင့်ကြံခြင်း လမ်းခရီးအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရနိုင်မှာလေ"
"ဒါပေမဲ့ ဖူဟိုင် တောင်တန်းမှာက မိစ္ဆာမျိုးနွယ်တွေ သောင်းကျန်းနေတဲ့ နေရာ... သူတို့က လွယ်လွယ်နဲ့ ရန်စလို့ရတဲ့ အကောင်တွေ မဟုတ်ဘူး... ဒါကြောင့် သေချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ ငါ ငြင်းပယ်လိုက်ပါတယ်"
"နောက်ထပ် အနှစ် (၁၈၀) ကြာမှ ထန်ကူရဲ့ သတင်းကို ငါ ပြန်ကြားရတော့တယ်"
"ချင်းမုကျွန်းပေါ်က ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး ဂိုဏ်းခွဲဟာ ဖူဟိုင် ရွှမ် လိပ်နက်ရဲ့ လက်ချက်နဲ့ ပျက်စီးသွားခဲ့ရပြီတဲ့... အဲဒီအချိန်မှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ ထန်ကူလည်း ရှုံးနိမ့်သွားခဲ့တယ်... မူလဝိညာဉ် အဆင့်ကို ရောက်ရှိနေတဲ့ သူ့ဆရာ တာအိုဆရာ လည်း ရှုံးနိမ့်ခဲ့ရတယ်"
"ချင်းမုကျွန်းကို ကွပ်ကဲနေတဲ့ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါးက အကြီးအကဲ... မူလဝိညာဉ် အထွတ်အထိပ် အဆင့်ကို ရောက်နေတဲ့ တာအိုဆရာက သူ့ရဲ့ (စတုတ္ထအဆင့်) ထိပ်တန်း 'ခွေနဂါး' ရုပ်သေးရုပ်ကို သုံးပြီး တိုက်ခိုက်တာတောင် ရှုံးနိမ့်ခဲ့ရသတဲ့"
"ဖူဟိုင် ရွှမ် လိပ်နက် မျိုးနွယ်တွေက တကယ်ကို အငြိုးကြီးတာပဲ... ငါ မလိုက်သွားမိတာ ကံကောင်းတယ်"
တာအိုဆရာ ပင်းယွီ၏ အတိတ်က အတွေ့အကြုံကို ဖတ်ရှုလိုက်ရသောအခါ စုယွီ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။
ချင်းမုကျွန်းပေါ်က ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး တဲ့လား။
တာအိုဆရာ ပင်းယွီ အခု ပြောနေတာက လက်ရှိ မိစ္ဆာ တောင်ထွတ် ရှစ်ခု က အပျက်အစီး နယ်မြေကို ဆိုလိုတာများလား။
အကယ်၍ ဟုတ်မှန်ခဲ့လျှင် ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး၏ အမာခံ စခန်း တစ်ခုလုံးကိုမ ဖျက်ဆီးပစ်နိုင်ခဲ့သော ထို 'ဖူဟိုင် ရွှမ် လိပ်နက်' ဆိုသည်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သည့် ဖြစ်တည်မှုမျိုး ဖြစ်နေမည်နည်း။
အရုဏ်ဦး အချိန်၌၊
တာအိုဆရာ ပင်းယွီ သိရှိထားသော ထိပ်တန်း အခြေခံ အုတ်မြစ်များနှင့် ပတ်သက်သည့် ရှေးဟောင်း လျှို့ဝှက်ချက် တစ်ခုကို စုယွီ ဖတ်ရှုလိုက်ရသည်။
"ဒီ ထျန်းနန် ဒေသ တစ်ခုလုံးမှာ... ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိတဲ့အထဲ ထိပ်တန်း အခြေခံ အုတ်မြစ် ပိုင်ဆိုင်သူလို့ လူသိများတာ (၃) ယောက်ပဲ ရှိတယ်... တစ်ယောက်ကတော့ 'ကောင်းကင် အင်မော်တယ် စံအိမ်' က 'တာအိုသခင်လေး ကျဲထျန်း' ပဲ... သူက သဘာဝ ဓာတ်ကြီးငါးပါး ကိုယ်ခန္ဓာ ပါရမီရှင် ဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး အခြေခံ အုတ်မြစ်ကို အလိုအလျောက်.. ဖွဲ့စည်းနိုင်ခဲ့သူ ဖြစ်တယ်... နောက်တစ်ယောက်ကတော့ 'နဂါးမည်း အင်ပါယာ နန်းတော်' က ပထမ မင်းသမီး 'လုံယောက်ယောက်' ပဲ... သူက သဘာဝ မိုးကြိုး ကိုယ်ခန္ဓာ ပိုင်ရှင်လေ... နောက်ဆုံး တစ်ယောက်ကတော့ 'သန့်ရှင်းသော အင်မော်တယ် ဂိုဏ်း' က မိစ္ဆာဂိုဏ်းတော်ရဲ့ သူတော်စင်မလေး 'ယွီရှီး' ပဲ... သူက သဘာဝ ညှို့ဓာတ် ကိုယ်ခန္ဓာ ပိုင်ရှင် ဖြစ်တယ်"
"သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ ထိပ်တန်း အခြေခံ အုတ်မြစ် ပိုင်ရှင်တွေက ကောင်းကင်ဘုံရဲ့ ကလေးတွေ ဖြစ်ကြတယ်... 'ကောင်းကင်ဘုံရဲ့ ကလေး' ဆိုတာ ပြိုင်ဘက်ကင်းတဲ့ သူတွေပဲ"
နောက်ပိုင်း ရက်များတွင် စုယွီသည် အနည်းငယ် တွေဝေ ငေးငိုင်နေမိသည်။
တာအိုဆရာ ပင်းယွီ၏ အမွေအနှစ် သတင်းအချက်အလက်များက တကယ့်ကို တုန်လှုပ်ဖွယ် ကောင်းလှပေသည်။ ထိုခေတ်အခါက ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ခံရသော 'ကောင်းကင်ဘုံ၏ ကလေး' များ၏ ပါရမီ စွမ်းရည်မှာ မည်မျှအထိ ကြောက်စရာ ကောင်းလိုက်မည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
စုယွီသည် တာအိုဆရာ ပင်းယွီ၏ အမွေအနှစ်ကို ဆက်လက် လေ့လာခြင်း မပြုတော့ဘဲ ရရှိထားသော ဗဟုသုတများကို ချေဖျက်ရန် အချိန်ယူလိုက်လေ၏။
သို့သော် တာအိုဆရာ ပင်းယွီ၏ သင်ကြားမှုများမှတစ်ဆင့် ဓာတ်ကြီးငါးပါး လမ်းစဉ်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း စုယွီ နားလည်လိုက်ရသည်။ ရှေးခေတ်ကာလက ကောင်းကင် အင်မော်တယ် စံအိမ်၏ တာအိုသခင်လေး ဆိုသူသည် သဘာဝ ဓာတ်ကြီးငါးပါး ကိုယ်ခန္ဓာနှင့် မွေးဖွားလာပြီး ဓာတ်ကြီးငါးပါး အခြေခံ အုတ်မြစ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် သူသည် ထို ကောင်းကင်ဘုံ၏ ကလေးများနှင့် ယှဉ်နိုင်ခြင်း မရှိသေးပေ။
သို့သော် လမ်းခရီး ဆိုသည်မှာ တစ်လှမ်းချင်း လျှောက်လှမ်းရခြင်း ဖြစ်ပြီး တစ်နှစ်လျှင် တစ်လှမ်း ရောက်လျှင်ပင် ကျေနပ်ရမည် မဟုတ်ပါလော။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူတို့ကို မီအောင် လိုက်နိုင်မည့် နေ့ရက် ရောက်လာပေလိမ့်မည်။
အကယ်၍ ရွယ်တူတန်းတူချင်း မကျော်ဖြတ်နိုင်လျှင်တောင် သူက ပိုမြင့်မားသော နယ်ပယ် တစ်ခုကို ရောက်အောင် သွားလိုက်မည်။
ကျင့်ကြံခြင်း အဆင့် တစ်ဆင့်နှင့် မလုံလောက်လျှင် ပိုမြင့်မားသော အဆင့်ကို တက်လှမ်းရုံသာ ရှိသည်။
တာအိုဆရာ ပင်းယွီ၏ အမွေအနှစ် အကြောင်း တွေးတောနေမှုကို ခေတ္တ ရပ်နားလိုက်ပြီးနောက် စုယွီသည် သူ၏ နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူသည် ရတနာပုံစံ ဖြစ်တည်စ ပြုနေသော ရေခဲပုလဲကို အားဖြည့်ပေးပြီး သစ်သီးစေ့ မျိုးစေ့ကို ပြုစုပျိုးထောင်လေ၏။
'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် 'မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်' တို့တွင် စုယွီ၏ တိုးတက်မှုမှာ ပုံမှန်သာ ရှိသော်လည်း၊ 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' တွင် သူ၏ ကျွမ်းကျင်မှု တိုးတက်နှုန်းမှာ အလွန် လျင်မြန်လှပေသည်။ ပုံမှန်ထက် အဆများစွာ၊ တစ်ခါတစ်ရံ (၁၀) ဆ ခန့်ပင် ပိုမို မြန်ဆန်နေတတ်၏။
ယခုဆိုလျှင် (၁၁) ဆင့်မြောက်သို့ ချိုးဖျက် ဝင်ရောက်ရန် မဝေးတော့ပြီ ဖြစ်သည်။
—-----------
လျှို့ဝှက်ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက်၊ စုယွီသည် သတိမထားမိလိုက်ဘဲ မိသားစု နေအိမ်ဝင်း၏ ရှေ့ဘက် ထောင့်တစ်နေရာသို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် ခရမ်းရောင် နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာစ ပြုနေပြီး အသက် (၃) နှစ်မှ (၈) နှစ် အရွယ် ကလေးငယ် (၁၀၀) ခန့်သည် ကွင်းပြင်တွင် စုဝေးနေကြလေ၏။ သူတို့သည် တင်ပျဉ်ခွေ ထိုင်နေကြပြီး မိသားစု အကြီးအကဲ စုယွင်က ကျင့်ကြံခြင်းဆိုင်ရာ အခြေခံ ဗဟုသုတများကို သင်ကြားပေးနေသည်။
ထို့အပြင် သူတို့သည် မည်သည့် ဓာတ်သဘာဝ၊ မည်သည့် အဆင့်အတန်းမျှ မရှိသော 'သဘာဝတရား သိုင်းကျမ်း' ကို အသုံးပြုပြီး ကောင်းကင်နှင့် မြေကြီးမှ ခရမ်းရောင် ချီစွမ်းအင်များကို ရှူရှိုက်ကာ အနာဂတ် ကျင့်ကြံခြင်းအတွက် အုတ်မြစ်ချနေကြခြင်း ဖြစ်သည်။
တစ်နာရီခန့် ကြာသောအခါ၊
ရှေ့ဆုံးတွင် တင်ပျဉ်ခွေ ထိုင်နေသော စုယွင်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်နှာထားမှာ တည်ငြိမ် အေးချမ်းနေ၏။
"ကျင့်ကြံတဲ့အခါ မာနထောင်လွှားတာနဲ့ စိတ်မရှည်တာကို ရှောင်ကြဉ်ရမယ်... တည်ငြိမ်ပြီး ခိုင်မာတဲ့ စိတ်ထား ရှိရမယ်... နေ့တိုင်း မပျက်မကွက် ဇွဲရှိရှိနဲ့ မှန်မှန် ကျင့်ကြံရမယ်... ကျင့်ကြံခြင်း ဆိုတာ ကိုယ့်ကိစ္စပဲ... ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ ရတယ်"
"မှတ်ထားကြ... အိမ်ပြန်ရောက်ရင် နောက်ထပ် တစ်နာရီလောက် ငြိမ်ငြိမ်လေး ထိုင်ပြီး 'သဘာဝတရား သိုင်းကျမ်း' ကို နှလုံးသွင်း ဆင်ခြင်ကြ... ပြီးရင် နောက်ထပ် တစ်နာရီလောက် 'သဘာဝတရား သိုင်းကျမ်း' ကို အသံထွက် ရွတ်ဖတ်ကြ"
ထိုစကားကို ကြားသောအခါ ကလေးတချို့၏ မျက်နှာများမှာ ချက်ချင်းပင် ရှုံမဲ့သွားကြပြီး ညည်းညူသံများ ထွက်ပေါ်လာတော့သည်။
"ဟာ... နောက်တစ်ခါ ထပ်ရွတ်ရဦးမလို့လား... ထိုင်ပြီး စာရွတ်ရတာက ပြစ်ဒဏ် ကျနေတာပဲ”
အခန်း (၁၂၆) - တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်၊ အင်မော်တယ်လမ်းစဉ်သို့ ခြေလှမ်းခြင်း (အပိုင်း ၃)
~သို့သော် စိတ်ငြိမ်အောင် ထိုင်ပြီးသည်နှင့် တပြိုင်နက် ကလေးများ အားလုံးသည် မတ်တပ်ရပ်လိုက်ကြပြီး စုယွင်အား လေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။
"နှုတ်ဆက်ပါတယ် အကြီးအကဲ"
ထို့နောက် မျောက်လွှဲကျော်လေး တချို့သည် လူကြားထဲမှ တိုးဝှေ့ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သို့သော် အသင့် စောင့်ဆိုင်းနေကြသော မိဘအုပ်ကြီးက သူတို့ကို အတန်းလစ်ခွင့် ပေးပါမည်လော။
"ဟေ့ကောင်လေး... ပြေးဖို့ မစဉ်းစားနဲ့... ဒီမှာ ရပ်နေစမ်း"
"ငါတို့က မင်းကို တရားထိုင်ခိုင်းတာနော်... ငှက်သိုက် သွားဖွမလို့ ကြံနေတာလား... ကောင်းပြီလေ... မင်းအဖေ ငါ့လက်ထဲက ကြိမ်လုံးကို ကျိုးအောင် ရိုက်ချိုးနိုင်ရင်တော့ သွားခွင့်ပြုမယ်"
"အခု သေချာ မကျင့်ကြံရင် နောင်ကျ ဘိုးဘေး (၃) ယောက်ကို ဘယ်လို ယှဉ်နိုင်တော့မလဲ... လိမ္မာစမ်းပါကွာ... မင်းသာ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ရင် တတိယ ဘိုးဘေးရဲ့ ငှက်ကြီးကို သွားကြည့်ဖို့ မင်းအဖေကို ခေါ်သွားခိုင်းမယ်... မင်း အမြဲတမ်း သွားကြည့်ချင်နေတာ မဟုတ်လား... ပြောပြမယ်... အဲဒီငှက်ကြီးက တော်တော် ကြမ်းတာကွ"
"သွား... သွား... အိမ်ပြန်ရောက်ရင် ဆက်ကျင့်ကြံကြ"
မိဘများသည် တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လိုက်ကြပြီး သူတို့၏ ကလေးများကို မျောက်ဖမ်းသကဲ့သို့ ဖမ်းဆီးကာ အိမ်သို့ တရွတ်တိုက် ဆွဲခေါ်သွားကြလေတော့သည်။
မလှမ်းမကမ်းရှိ သစ်ကိုင်းတစ်ခုပေါ်တွင် ကိုယ်ခန္ဓာကို ကျုံ့ထားသော တောင်ပံနက် သိမ်းငှက်ကြီး နားနေ၏။ ၎င်း၏ မျက်လုံးများထဲတွင် ဝေခွဲမရသော အရိပ်အယောင်များ ပြည့်နှက်နေလေ၏။
'ငှက်ကြီး... ကြမ်းတယ် ဟုတ်လား... သူတို့က ငါ့အကြောင်း ပြောနေကြတာလား'
မိသားစုဝင်များသည် တဖြည်းဖြည်း လူစုခွဲ ထွက်ခွာသွားကြသည်။
စုယွင်သည် မိဘများက အိမ်သို့ ဆွဲခေါ်သွားခြင်း ခံရသော လူငယ်လေးများကို ကြည့်ပြီး ချစ်ခင်ကြင်နာသော အပြုံးဖြင့် စုယွီ့အနားသို့ လျှောက်လှမ်းလာသည်။
"ဘယ်လိုလဲ... အလားအလာရှိတဲ့ မျိုးစေ့လေးတွေ တွေ့မိရဲ့လား"
ထိုသို့ မေးလာသောအခါ၊ စုယွီက ရယ်မောလိုက်သည်။
"နေမင်းကြီးက အရှေ့ဘက်က ထွက်တာပဲလေ... သူတို့သာ ဇွဲရှိရှိ ကျင့်ကြံကြမယ် ဆိုရင် အားလုံးက အလားအလာရှိတဲ့ မျိုးစေ့တွေချည်းပါပဲ"
ထိုစကားကို ကြားသောအခါ စုယွီက တစ်ချက် ရယ်မောလိုက်သည်။
"စကားတတ်လိုက်တာ... ဒါပေမဲ့ မင်းပြောတာ မှန်ပါတယ်... သူတို့သာ သူတို့ရဲ့ စိတ်ကို ထိန်းချုပ်ပြီး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်ရင် နောင်တစ်ချိန်မှာ မိသားစုအတွက် အားကိုးရတဲ့ မျိုးစေ့ကောင်းတွေ ဖြစ်လာမှာပါ"
သူတို့နှစ်ဦးသည် စကားစမြည် ပြောဆိုရင်း နောက်ဖေးဝင်းဆီသို့ လျှောက်လှမ်းလာကြသည်။ အနီးရှိ သစ်ပင်ပေါ်တွင် အမွှေးအတောင်များကို သန့်ရှင်းရေး လုပ်နေသော တောင်ပံနက် သိမ်းငှက်ကြီးသည် ချက်ချင်း ပျံတက်သွားပြီး သစ်တောအုပ်ထဲတွင် ပျောက်ကွယ်သွားလေ၏။ ခဏအကြာတွင် ၎င်းသည် တစ်ပေခန့် အရွယ်အစားသို့ ကျုံ့ဝင်သွားပြီး စုယွီ၏ ပခုံးပေါ်သို့ လာရောက် နားခိုလိုက်၏။
စုယွင်က တောင်ပံနက် သိမ်းငှက်ကြီးကို တစ်ချက် လှမ်းကြည့်ပြီး ထပ်မံ ရယ်မောလိုက်သည်။ ဤငှက်သည် မိသားစု၏ 'ကြယ်ပွင့်' သားရဲ ဖြစ်ပြီး ကလေးများ၏ အချစ်တော်လည်း ဖြစ်ပေသည်။
အမှန်စင်စစ် ထို မျောက်လွှဲကျော်လေးများ အလိုချင်ဆုံး အရာမှာ တောင်ပံနက် သိမ်းငှက်ကြီး၏ ကျောပေါ်တွင် စီးနင်းပြီး ကောင်းကင်ယံ၌ ပျံသန်းချင်ကြခြင်း ဖြစ်လေ၏။
စုယွင်က ပြောလိုက်သည်။
"လောလောဆယ် မိသားစု စာရင်းအရ အသက် (၃) နှစ်ကနေ (၈) နှစ်ကြား ကလေး (၁၃၂) ယောက်မှာ ဝိညာဉ်အမြစ် ပါလာတယ်... အဲဒီထဲမှာ တစ်ယောက်က ထိပ်တန်း ဝိညာဉ်အမြစ် ပါပြီး၊ (၈) ယောက်က အလယ်အလတ် ဝိညာဉ်အမြစ် ပါတယ်... ကျန်တဲ့ (၁၂၃) ယောက်ကတော့ အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ရှင်တွေပဲ"
"အသက် (၃) နှစ်အောက် ဒါမှမဟုတ် မမွေးသေးတဲ့ ကလေး အရေအတွက်က (၇၀၀) ကျော် ရှိတယ်... အဲဒီထဲမှာ ဝိညာဉ်အမြစ် ပါတဲ့ကလေး (၃၀) နဲ့ (၄၀) ကြား ရှိလောက်တယ်"
"တကယ်လို့ ဒီနှုန်းထားအတိုင်း ဆက်သွားပြီး ကလေးတွေ ပိုမွေးလာကြမယ် ဆိုရင်... လူဟောင်းနဲ့ လူသစ် လဲလှယ်ရင်းနဲ့ နောက်ထပ် အနှစ် (၅၀) လောက် နေရင် ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတို့လို ကျင့်ကြံသူ အရေအတွက် တူညီလာနိုင်တယ်"
"ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့်အတန်း အရတော့ အချိန် အများကြီး ပိုယူရလိမ့်မယ်"
အချိန်အတော်ကြာ စဉ်းစားပြီးနောက် စုယွီက မေးလိုက်သည်။
"ဒါဆို မိသားစုရဲ့ အရင်းအမြစ် လိုအပ်ချက် ကွာဟမှုက အကြီးကြီး ဖြစ်နေမှာပေါ့ဗျ"
ဤမျှ များပြားသော ကျင့်ကြံသူများကို ကျွေးမွေး ထောက်ပံ့ရန်အတွက် အရင်းအမြစ် ပမာဏ အများအပြား လိုအပ်ပေလိမ့်မည်။
အကယ်၍ မိသားစုရှိ ကျင့်ကြံသူ အရေအတွက် နှစ်ဆ တိုးလာပါက လိုအပ်သော အရင်းအမြစ်များသည် နှစ်ဆမျှသာ မကဘဲ အဆပေါင်းများစွာ တိုးပွားလာနိုင်သည်။
ဤအခြေအနေသည် သာမန် မင်းဆက်များ၏ စစ်တပ်များနှင့် အလားသဏ္ဍာန် တူညီလေ၏။
စစ်သည် (၁၀၀) ပါဝင်သော တပ်ဖွဲ့တစ်ခုကို ထိန်းသိမ်းရန် တစ်လလျှင် ငွေစ (၁၀၀) ကုန်ကျနိုင်သော်လည်း၊ စစ်သည် (၁၀,၀၀၀) ပါဝင်သော တပ်ဖွဲ့အတွက်မူ ငွေစ (၁၀,၀၀၀) သာ ကုန်ကျမည် မဟုတ်ဘဲ ငွေစ (၁၀၀,၀၀၀) ခန့် ကုန်ကျနိုင်ပေသည်။ ကွာခြားချက်မှာ အဆ (၁၀၀) မဟုတ်ဘဲ အဆ (၁,၀၀၀) ဖြစ်သွားနိုင်သည်။
ဒါက နှိုင်းယှဉ်ပြရုံ သက်သက်သာ ဖြစ်၏။
စုယွင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အတော်လေး ခက်ခဲတဲ့ ကိစ္စပဲ... ဒါကြောင့် မင်း မပြန်လာခင်တုန်းက မိသားစု ခေါင်းဆောင်ဟာ ဆေးလုံးမျှော်စင် တစ်ခု ကြိုတင် တည်ထောင်ဖို့ စဉ်းစားနေခဲ့တာ... တကယ်လို့ အရင်းအမြစ် အသစ်တွေ မရှာနိုင်ရင် မိသားစုက ဆေးပညာရှင် လမ်းစဉ်ကို လိုက်မှပဲ ရတော့မယ်"
"ဒါ့အပြင် ဒီကိစ္စက မိသားစုအတွက် အမြတ်အစွန်း အများကြီး ရစေမှ ဖြစ်မယ်... မဟုတ်ရင် ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ စုယွီသည် ဝူယန်တောင်မှ ဆေးပညာရှင်ကို ရုတ်တရက် သတိရသွားပြီး ပြုံးလိုက်သည်။
"သိပ်မကြာခင် အခွင့်အရေးကောင်း တစ်ခု ပေါ်လာနိုင်ပါတယ်"
"ဒါက ယွင်ကျန်းဂိုဏ်း နယ်မြေမှာ ကျွန်တော်တို့ မိသားစု နာမည်ကြီး ဆေးပညာရှင် မိသားစု ဖြစ်လာမယ့် အခွင့်အရေးလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့"
သူ့စကားကြောင့်၊ စုယွင်သည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"ဘာအခွင့်အရေးမို့လို့လဲ"
စုယွီက အသေးစိတ် ရှင်းမပြတော့ဘဲ စောင့်ကြည့်လိုက်ပါဟုသာ ပြောလိုက်လေ၏။
—-----
လဝက်ခန့် ကြာသောအခါ၊ ယွင်ရှန်း ဈေးမြို့တော်၊ ထျန်းရှု သိုင်းကျမ်းတိုက်အတွင်းဝယ် ။
စုယွီသည် ထျန်းရှု သိုင်းကျမ်းတိုက်အတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်လာရာ အရောင်းခုံပေါ်တွင် ဆိုင်ရှင် အဘိုးအို နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို မြင်သောအခါ စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး အဘိုးအိုကို မနှိုးတော့ဘဲ ရှေးဟောင်း စာအုပ်များ ထားရှိရာ နေရာသို့ သွားကာ ဖတ်ရှုရန် စာအုပ်သစ် ရှာဖွေလိုက်သည်။
ညအချိန် ရောက်သောအခါ စုယွီသည် ရှေးဟောင်း စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး ဖွင့်လိုက်သည်နှင့် သူ့မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။
ထူးခြားဆန်းကြယ်သော ရှေးဟောင်း ကျင့်စဉ်သစ် တစ်ခု။
'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း'
မီးဓာတ် ကျင့်စဉ်။
"ဒါက စာအုပ်အသစ်တွေထဲက တစ်အုပ်ပဲ... တာ့ယွဲ့ နယ်မြေနဲ့ ဖုန်းလော်နယ်မြေ ကြားမှာရှိတဲ့ ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးတွေထဲက ရလာတာ... ဒီကျင့်စဉ်က ထူးခြားပြီး ကျင့်ကြံဖို့အတွက် ရှေးဟောင်း ကောင်းကင်ဖီးနစ် သွေး (၁၀) စက်၊ ကောင်းကင်ဖီးနစ် နှလုံးသားနဲ့ ကောင်းကင်ဖီးနစ် သည်းခြေ လိုအပ်တယ်... ဒါကြောင့် အသုံးမဝင်တဲ့ ကျင့်စဉ် ဖြစ်သွားပြီး ငါတို့ ထျန်းရှု သိုင်းကျမ်းတိုက်က သိမ်းဆည်းထားလိုက်တာ"
ဆိုင်ရှင် အဘိုးအို၏ အသံက အေးအေးလူလူ ထွက်ပေါ်လာသည်။
စုယွီသည် ထိုအချက်ကို မြင်ပြီးသား ဖြစ်လေ၏။
'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' တွင် ကျင့်စဉ် အဆင့် (၄) ဆင့် ပါဝင်ပြီး မူလဝိညာဉ် အဆင့်အထိ ကျင့်ကြံနိုင်ပေသည်။
သို့သော် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ကို ကျင့်ကြံရန်အတွက် အခြေခံ အုတ်မြစ်အဖြစ် ကောင်းကင်ဖီးနစ် သွေး (၁၀) စက်၊ ကောင်းကင်ဖီးနစ် နှလုံးသားနှင့် ကောင်းကင်ဖီးနစ် သည်းခြေတို့ လိုအပ်ပေသည်။ ၎င်းသည် ကောင်းကင်ဖီးနစ် တစ်ကောင်လုံးကို သတ်ဖြတ်ရသည်နှင့် တူညီနေပြီး၊ ထိုသို့ လုပ်ဆောင်နိုင်မှသာ ကျင့်ကြံခြင်း အောင်မြင်ရန် အခွင့်အလမ်း ရှိနိုင်မည် ဖြစ်သည်။
ဤလောကတွင် ကောင်းကင်ဖီးနစ်၏ ခြေရာလက်ရာများ မည်သည့်နေရာ၌ ရှိနိုင်ပါမည်နည်း။
ရှိခဲ့လျှင်တောင်မှ မည်သူမဆို အလွယ်တကူ သွားရောက် ဖမ်းဆီးနိုင်မည့် အရာမျိုး မဟုတ်ပေ။
ရှေးဟောင်း သားရဲ မှတ်တမ်းများအရ ကောင်းကင်ဖီးနစ်သည် အဆင့်အတန်း သတ်မှတ်ချက် တစ်ခု ရှိလေ၏။
ကောင်းကင်ဖီးနစ်ကို ရှေးဟောင်း မိစ္ဆာမျိုးနွယ်များ၏ ထိပ်တန်း (၁၀၀) စာရင်းတွင် တွေ့ရှိနိုင်ပေသည်။
ဆိုင်ရှင် အဘိုးအိုက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောလေ၏။
"ဒါပေမဲ့ မင်းသာ ကျန်ရစ်နေတဲ့ ကောင်းကင်ဖီးနစ် မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ရှာတွေ့နိုင်မယ် ဆိုရင်တော့... ဒီကျင့်စဉ်ကို မတောက်တခေါက် ကျင့်ကြံနိုင်ကောင်း ကျင့်ကြံနိုင်ပါလိမ့်မယ်”