← Chapters

အနာဂတ်စစ်ပွဲ (၁)

Vol. 3 Ch. 43

အနာဂတ်စစ်ပွဲ (၁)

Vol. 3 Ch. 43

[အဓိကဇာတ်ဝင်ခန်း #၃ – အရေးပေါ်ကာကွယ်မှု ပြီးဆုံးပါပြီ။]

[သင်သည် ဒင်္ဂါး ၁၀၀၀ကို ဆုလာဘ်အဖြစ် ရရှိပါသည်။]

နေထွက်လာသည်နှင့် စတင်မည်ဖြစ်သည့် အဓိကဇာတ်ဝင်ခန်းနောက်တစ်ခုမှာ တတိယမြောက်အဓိကဇာတ်ဝင်ခန်းပြီးပြီးချင်း ၁၀မိနစ်အတွင်းမှာပဲ စတင်တော့မည် ဖြစ်သည်။

[စတုတ္ထမြောက်ဇာတ်ဝင်ခန်း စတင်ပါတော့မည်။]

လဖွတ်။ တတိယမြောက်ဇာတ်ဝင်ခန်းပြီးသွားတာ ဘယ်လောက်ကြာသေးလို့လဲဟ။

လီဂျီဟယ်ဆီသို့ ကျနော်သွားလိုက်၏။

"ယူဂျွန်ဟော့ကို နင်ခေါ်လာခဲ့လိုက်"

"…ဆရာ့ကို ကျမခေါ်လာနိုင်ပါ့မလား"

"ဘာပဲဖြစ်ဖြစ် လှေကားအောက်ကို နင်မဆင်းနိုင်ဘူးလေ။ ယူဂျွန်ဟော့နိုးလာရင် ပြဿနာရှာနိုင်တယ်"

ယူဂျွန်ဟော့ကိုဆွဲထူရင်းဖြင့် လီဂျီဟယ် ခေါင်းညိတ်ပြသည်။

"ဒီကောင်နိုးလာတာနဲ့ ငါ့ကိုအသိပေးပါ။ နားရင်းနောက်တစ်ချက်လောက် ငါအုပ်ပေးမယ်"

ယောင်ဟီဝမ်နှင့်အတူ လှေကားအတိုင်း အောက်သို့ ကျနော်ဆင်းလာလိုက်သည်။ ဥက္ကာပျံတွေကိုကြည့်ပြီးနောက်မှာ လုံးဝကိုအိပ်သွားခဲ့သည့် လီဂီယောင်ကို ကျနော်ချီလာခဲ့လိုက်၏။

မြေအောက်ခံတပ်မှာပျောက်ကွယ်သွားပြီး သာမန်ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲသွားပေပြီ။

ပဉ္စမထပ်ရှိ ဆုပေးအခန်းက ပစ္စည်းတွေလည်း သာမန်အမှတ်တရပစ္စည်းတွေအဖြစ် ပြောင်းလဲနေပြီဖြစ်၏။ ပြောရမည်ဆိုလျှင် မနေ့ကဖြစ်ပျက်ခဲ့သည်အားလုံးက အိပ်မက် တစ်ခုလိုပင်။

ထိုစဉ် ဘီဟွန်း၏အသံကိုကြားလိုက်၏။

[…ငါဘာပြောမလဲဆိုတာကို မင်းသိလား]

'အေး'

[ဟူး…ငါဒုက္ခရောက်တော့မလို့ကွ]

ဘီဟွန်း၏ငြီးတွားမှုကို နားထောင်ပြီး ကျနော်စိတ်သက်သာရာရသွားမိသည်။

နက္ခတ်တွေသည် အစွမ်းကြီးကြသည်မှန်သော်လည်း တုနှိုင်းမဲ့တွေတော့ မဟုတ်ကြချေ။ ဇာတ်ဝင်ခန်းတွေ၏အသံနှင့် ပုံရိပ်တွေအားလုံးကို 'ချန်နယ်'ကနေ တဆင့်သာ နက္ခတ်တွေ သိခွင့်ရကြလေသည်။

ဒီကောင်ဘာကိုဆိုလိုတာလဲ။

'စကားတွေကို သေချာစိစစ်တည်းဖြတ်ခဲ့တယ်မလား။ ငါစိတ်လှုတ်ရှားသွားခဲ့မိလို့ စကားတွေအများကြီးပြောမိသွားခဲ့တယ်'

[စိစစ်ခဲ့တာပေါ့ကွ။ ငါ့ချန်နယ်က အမှားလုပ်မိစရာလား။ အဲ့လောက်အဆင့် သတင်းအချက်အလက်တွေကို အော်တိုစိစစ်ပစ်တာပါကွာ]

ကျနော့်အထင်သာမှန်မည်ဆိုပါက ယူဂျွန်ဟော့ကို ကျနော်ပြောခဲ့သော စကားများကို အောက်ပါအတိုင်းသာ နက္ခတ်တွေ သိခွင့်ရလောက်မည်ဖြစ်သည်။

–မင်းဘာတွေလျှောက်တွေးနေတာလဲ။ မင်းရဲ့■■ကြိုးစားမှုတုန်းက ဆုံးဖြတ်ချက် ပြတ်သားခဲ့တာကို မေ့ပစ်လိုက်ပြီလား။

–မင်းက ဘာလို့တစ်ယောက်ထဲဖြစ်နေရတာလဲဟုတ်လား။ ■■■■■■■■မှာ မင်းဟာ အရူးတစ်ယောက်လို■■■၊ ■■■■■■အော်ငိုခဲ့တဲ့အချိန်မှာရော၊ ■■■■■■၊ မင်းချစ်တဲ့လူဟာ ■■■■■■■■■■■■အချိန်မှာရော မင်းဟာ တစ်ယောက်ထဲ ဖြစ်နေတယ်လို့ခံစားရတာမလား။

–လူတွေကိုကူညီပြီး ချီးထုတ်■■■တွေကိုလည်း မင်းဟာတိုက်ခိုက်နေရတယ်။ နောက်ဆုံးမှာမှ မင်းဟာ ■■■■■ရှေ့မှာ မားမားမတ်မတ်■■■။

စကားများကို မည်မျှအထိ စစ်ထုတ်ပေးလဲတော့ ကျနော်မသိချေ။

စိစစ်မှုမှာ ထိုထက်လည်းပိုနိုင်ပြီး အားတော့နည်းလောက်မည်မဟုတ်ချေ။ မူရင်းဇာတ်လမ်းထဲတွင် နောက်ပြန်ဆုတ်သူတွေအကြောင်း သတင်းပျံ့နေခဲ့ချိန် တွင်တောင် အစပိုင်း၌ ယူဂျွန်ဟော့ ကြုံတွေ့ခဲ့ရသော အချက်အလက်များမှာ ထိုနည်းတူစွာ စိစစ်ဖြတ်ထုတ်ခံခဲ့ရ၏။

[နက္ခတ်တွေ ဘာမှမကြားခဲ့ပါဘူးကွာ။ စိတ်မပူစမ်းပါနဲ့။ ပြဿနာက ငါတောင်မှ အများကြီးကြားခွင့်မရလိုက်ဘူးကွ]

'…မင်းလည်း မကြားခဲ့လိုက်ဘူးတဲ့လား'

အတော်ကိုထူးဆန်းတယ်။ ဒိုကဲဘီတွေလည်း သတင်းအချက်အလက်များကို မကြားနိုင်ဘူးတဲ့လား။

[အေး။ ဟုတ်တယ်လေ။ ဒါနဲ့ ဟိုကောင့်ကို မင်းဘာတွေပြောခဲ့တာလဲ]

ဒိုကဲဘီတွေတောင် မသိသည့် သတင်းအချက်အလက်။ တစ်ခုကိုတော့ ကျနော် ခန့်မှန်းကြည့်၍ရသည်။

ကြည့်ရတာ…. 'ဖြစ်နိုင်စွမ်း'ရဲ့ကန့်သတ်မှုတွေစပြီလား။

Ways of Survivalထဲက ကိစ္စတစ်ခုမှာ သဘာဝကျစွာပဲ ကျနော့်ခေါင်းထဲ ပေါ်လာ လေသည်။

「 'ဖြစ်နိုင်စွမ်း'ဆိုသည်မှာ ကြယ်တာယာထုတ်လွှင့်မှုကို ထိန်းချုပ်ထားသော မဟာဟန့်တားမှုတစ်ခုဖြစ်သည်။」

…ထိုသို့ဖြစ်နိုင်ကြောင်း ကျနော်တွေးမိသော်လည်း ကျနော့်အတွက် အများကြီးတော့ အကူအညီမရချေ။ Ways of Survivalဇာတ်လမ်းလူကြိုက်နည်းခဲ့ရသည့် အကြောင်းအရင်းများစွာထဲက တစ်ခုမှာ စာရေးသူသည် အလွန်ရှုတ်ထွေးလှသော ဇာတ်လမ်းအပြင်အဆင်တွေကို ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်။

'နက္ခတ်တွေကြားမှာရော ဘယ်လိုတုန့်ပြန်မှုတွေရှိလဲ'

[သူတို့တွေ စိတ်အနှောက်အယှက်ဖြစ်နေကြတယ်။ မင်းဘာတွေပြောခဲ့တာလဲနဲ့ ပတ်သတ်ပြီး အခုထိ အုတ်အော်သောင်းနင်းဖြစ်နေကြတုန်းပဲကွ]

ကျနော်ထင်သည့်အတိုင်းပင်။ စိစစ်မှုတစ်ခုကို နက္ခတ်တွေကြုံတွေ့ခဲ့ရပြီး ထုတ်လွှင့်မှုမှာ သူတို့အတွက် အသံတိတ်ရုပ်ရှင်တစ်ခုလို ရုတ်တရက်ကြီး ဖြစ်သွားခဲ့၏။

သူတို့တွေသာ ဉာဏ်ကောင်းမည်ဆိုပါက ဖြစ်နိုင်ချေတွေကို စပြီးစဉ်းစားသင့်နေပြီ။ ကျနော်ပြောသောစကားတွေ စိစစ်ခံခဲ့ရခြင်းမှာ လက်ရှိအချိန်တွင် မထုတ်ဖော်သင့်သည့် သတင်းအချက်အလက်များကို ကျနော်သိနေခြင်းကြောင့် ဖြစ်၏။

[နက္ခတ်အချို့သည် လျှို့ဝှက်ချက်များကို သင်ထုတ်ဖော်မည်အား စောင့်ကြည့်နေပါသည်။]

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏တည်ရှိမှုကြောင့် စိတ်လှုတ်ရှားနေပါသည်။]

[သင်သည် ဒင်္ဂါး ၂၀၀၀ထောက်ပံ့ခံရပါသည်။]

ဘီဟွန်းသည် လျစ်လျူရှုခံနေရပြီပင်။

[မင်းဆီကိုမပို့ထားတဲ့မက်ဆေ့ချ်တွေ ငါ့ဆီအများကြီးဝင်လာတယ်ကွ။ ပြောတာကို နားလည်ရဲ့လား]

'နောက်ဆိုရင် ဒင်္ဂါးတွေနဲ့ပတ်သတ်တဲ့ မက်ဆေ့ချ်တွေကိုပဲ ငါသိချင်တယ်'

[…ငါက မင်းရဲ့မန်နေဂျာမလို့ လာခိုင်းနေတာလား]

ဘီဟွန်း၏ပုံရိပ်မှာ ပျောက်ကွယ်သွား၏။ ဘီဟွန်းသည် အချိန်ကြာလေ ပိုချစ်ဖို့ကောင်းလေဟုပင် ကျနော်ထင်လာမိသည်။ မည်သို့ပင်ဆိုစေကာမူ ကိစ္စတစ်ခုအပြီးတွင် နောက်ထပ်ကိစ္စတစ်ခုပေါ်လာခဲ့သည်မှာ အမှန်ပဲ ဖြစ်၏။

"ဒေါ့ဂျာ။ ပင်ပန်းနေပြီလား။ ဂီယောင်ကို ငါချီခဲ့ပေးမယ်"

"အာ….ချီပေးရင်တော့ ကောင်းတာပေါ့"

ယောင်ဟီဝမ်ထံ လီဂီယောင်ကို ကျနော်ပေးလိုက်၏။ ယောင်ဟီဝမ်၏မျက်နှာမှာ တည်နေသလိုတော့ ဖြစ်နေလေသည်။တစ်ခဏခန့် ကျနော်တွန့်ဆုတ်သွားပြီး ကျနော်မေးလိုက်၏။

"ဟီဝမ်"

"ဟမ်"

"နင်ဘာကိုစိတ်ပူနေတာလဲ"

"မပူပါဘူး။ ဒီအတိုင်းပဲ… "

ယောင်ဟီဝမ်သည် တစ်ခဏခန့်တွေဝေသွားပြီး သက်ပြင်းချလိုက်၏။

"ဟ…ဟုတ်ပြီလေ။ စိတ်ထဲမှာပဲထားတာမျိုးက ငါ့စရိုက်မှမဟုတ်ဘဲ"

ယောင်ဟီဝမ်စိတ်ထဲတစ်ခုခုဖြစ်နေသည်က မှန်နေပေပြီ။

ယောင်ဟီဝမ်သည် လိုရင်းကိုတည့်တည့်ပဲ ပြော၏။

"ဒေါ့ဂျာရဲ့သရုပ်မှန်က ဘာလဲ"

"…စောနတုန်းက နင်တစ်ခုခုကြားမိလိုက်လို့လား"

"နည်းနည်းပဲကြားမိတာပါ"

ကျနော်တို့အချင်းချင်းခပ်လှမ်းလှမ်းတွင် ရှိနေကြသည်မလို့ မကြားရလောက်ဟု ကျနော်ထင်ခဲ့မိခြင်းဖြစ်၏။

ကံဆိုးစွာဖြင့်ပင် ယောင်ဟီဝမ်သည် တစ်ခုခုကို ကြားသွားခဲ့ချေပြီ။ လီဂျီဟယ်ထက်စာလျှင် ယောင်ဟီဝမ်သည် ကျနော်နှင့်ပိုနီးသောကြောင့် ကြားသွားခဲ့တာ ဖြစ်ဖို့များ၏။ လီဂီယောင်ဆီကနေ ဟောက်သံတစ်ခု ကျယ်လောင်စွာထွက်ပေါ်နေလေသည်။ အမှန်အတိုင်းတစ်ဝက်လောက် ပြောပြမည်ဟု ကျနော်ဆုံးဖြတ်လိုက်၏။

"ဘာတွေဖြစ်ပျက်လာမလဲကို တချို့တဝက်လောက် ငါသိထားတယ်"

"တကယ်လား"

"အေး"

ယောင်ဟီဝမ်သည် တစ်ခဏခန့်စဉ်းစားနေလေသည်။ ယောင်ဟီဝမ်ကို ကြည့်ရသည်မှာ ကျနော့်စကားမှန်မမှန်ကို ချင့်ချိန်နေပုံရ၏။ ထို့နောက်တွင်တော့ ယောင်ဟီဝမ်သည် စကားဆက်ပြောတော့သည်။

"ယူဆန်းအာနဲ့လီဟန်းဆောင်တို့ရော သိထားကြလား"

"သူတို့တွေမသိသေးဘူး"

ရိုးရိုးသားသားပဲ ကျနော်ဖြေလိုက်သဖြင့် လီဂီယောင်ကို ချီထားသော ယောင်ဟီဝမ်သည် ကျနော်နှင့် လူချင်းခွာလိုက်လေသည်။

"…ငါ့ကိုသတ်ပစ်မှာတော့မဟုတ်ပါဘူးနော်"

'နင်ဘာတွေပြောနေတာလဲ"

"ပုံမှန်ဆိုရင် 'ငါ့အကြောင်းနင်သိတာသိပ်များနေပြီ'ဆိုပြီး ဇွက် ဇွက်လုပ်ပစ်တာမျိုး ဖြစ်တတ် တယ်လေ"

ဒီမိန်းမ ဘာတွေပြောနေတာလဲဟ။ မသိရင် ငါကပဲ လူဆိုးလိုလိုဘာလိုလိုနဲ့ ။

"သူများတွေအတွက် ပုံမှန်ဆိုရင် ဘယ်လိုမျိုးလုပ်တတ်လဲတော့ ငါမသိဘူး။ ဒါပေမဲ့ ငါသာ နှုတ်ပိတ်ချင်တယ်ဆိုရင် ဟီဝမ်ကို သတ်ပစ်ခဲ့တာကြာလှပြီ"

"တကယ်တော့ အဲ့လိုမသတ်တာကိုက အတော်ကိုထူးဆန်းနေတာလေ"

"ငါ့မှာမကောင်းတဲ့အတွေးမရှိဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် နင်ထင်ထားတာရဲ့ ဆန့်ကျင်ဘက်အတွေးပဲရှိတာဟ"

"ဆန့်ကျင်ဘက်အတွေးဟုတ်လား"

ယောင်ဟီဝမ်၏မျက်လုံးကိုစိုက်ကြည်ပြီး ကျနော်ပြောလိုက်သည်။

"နောင်အနာဂတ်မှာလာမည့်ဇာတ်ဝင်ခန်းတွေဟာ ပိုပြီးအန္တရာယ်များလာမှာပဲလေ။ နင်ဟာ သေလုမျောပါးအခြေအနေအထိ အကြိမ်ပေါင်းများစွာကြုံရနိုင်ပြီး တန်ဖိုးထားရတဲ့အရာတွေကိုလည်း ဆုံးရှုံးရလိမ့်မယ်”

"…အဲ့တော့ ဘာဖြစ်တုန်း"

"အဲ့တော့…"

ယောင်ဟီဝမ်၏ စိတ်လှုတ်ရှားနေသာ မျက်လုံးကိုစိုက်ကြည့်ပြီး ကျနော်ပြော၏။

" အခုအချိန်စပြီး ငါနဲ့အတူရှိနေပေးပါ"

"…နင်ဘာကိုဆိုလိုတာလဲ"

"ငါဆိုလိုချင်တာက ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်အဖြစ်ရှိနေပေးဖို့ပြောတာ"

ဤအချိန်သည် ကိုယ့်လူဖြစ်အောင်လုပ်ရမည့်အချိန်ဖြစ်၏။ ကျနော့်ကို အလွယ်တကူသစ္စာမဖောက်မည့် 'ယုံကြည်ရသောလူတွေ'ကို ကျနော်လိုအပ်၏။

နိုးထလာအောင်ကျနော်ကူညီပေးခဲ့ပြီး စိတ်ကိုပါဖတ်၍ရနေသော ယောင်ဟီဝမ်သည် အသင့်တော်ဆုံးအစွမ်းအစရှိသူဖြစ်သည်။ ယောင်ဟီဝမ်သည် တခဏခန့် တွေဝေသွား၏။

"ဒေါ့ဂျာက ငါ့ကို လုပ်ဖော်ကိုင်ဖက်အဖြစ် အရင်တုန်းက မသတ်မှတ်ခဲ့ဘူးလား"

"တကယ်တော့ နင်ပြောတာရဲ့ဆန့်ကျင်ဘက်ပဲ။ လုပ်ဖော်ကိုင်ဖက်အဖြစ် မသတ်မှတ်ခဲ့တာက ငါမဟုတ်ဘူး"

ယောင်ဟီဝမ်မှာ တုန်လှုတ်စွာဖြင့် ကျနော့်ကိုကြည့်လေသည်။

နောက်သို့တလှမ်းကျနော်ဆုတ်ပေးလိုက်၏။

"နင်ဟာ လုပ်ဖော်ကိုင်ဖက်အဖြစ် မနေချင်ဘူးဆိုရင်လည်း ငါတို့တွေ သဘောတူညီချက် ယူထားတယ်လို့ပဲ သဘောထားလိုက်။ ဟီဝမ်ရဲ့ခွန်အားကို ငါလိုအပ်သလို ငါ့ဆီက အချက်အလက်တွေဟာလည်း ဟီဝမ်အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်။ ဒါက ရော့…ပတ္တမြား။ ရော့…နဂါးအခြေအနေပဲလေ။ အရေးကြီးဆုံး အချက်က ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အနာဂတ်မှာလည်း ပြောင်းသွားမှာ မဟုတ်တဲ့အချက်ပဲ"

"နည်းနည်းတော့ ရုတ်တရက်ဆန်လွန်းနေတယ်။ ငါအခုချက်ချင်းအဖြေပြန်ပေးဖို့ လိုလား"

"မလိုဘူး"

ယောင်ဟီဝမ်ကဲ့သို့ လူမျိုးကို ခံစားချက်ပြင်းပြစွာနဲ့ အလျင်စလို ချည်းကပ်ခြင်းထက် စိတ်ရှည်ရှည်ဖြင့် ချည်းကပ်ခြင်းက ပိုထိရောက်ပေသည်။ အမှန်အတိုင်းပြောရလျှင် ယောင်ဟီဝမ်၏တုန့်ပြန်ပုံကိုကြည့်ရသလောက် အခြေအနေက မဆိုးလှချေ။

['ယောင်ဟီဝမ်'ဇာတ်ကောင်သည် သင်၏ရိုးသားမှုကြောင့် စိတ်သက်သာရာရသွား ပါသည်။]

['ယောင်ဟီဝမ်'ဇာတ်ကောင်သည် သင်၏ကမ်းလှမ်းချက်ကို သေချာစဉ်းစားနေ ပါသည်။]

ကြည့်ရသည်မှာ ယောင်ဟီဝမ်ဆီက အဖြေပြန်ရဖို့ သိပ်ကြာလောက်မည်မထင်ချေ။ ယောင်ဟီဝမ်၏နိုးထမှုတွင် ကျနော်၏လွှမ်းမိုးမှုမှာ ကြီးမားခဲ့ပြီး ယောင်ဟီဝမ်၏ မသိစိတ်ထဲ၌ ကျနော်၏အငွေ့အသက်မှာ နက်ရှိုင်းစွာ ဝင်ရောက်နေလေပြီ။

ဤဇာတ်ဝင်ခန်းပြီးသွားပါက ဒုတိယမြောက်ထောက်ပံ့သူရွေးချယ်ခြင်းကဏ္ဍ စတင်လောက်မည်ထင်၏။ ထိုအချိန်တွင် ယောင်ဟီဝမ်လည်း ထောက်ပံ့သူတစ်ယောက် ရလောက်ပေသည်။ ထိုအချိန်မှစ၍ ယောင်ဟီဝမ်၏ စွမ်းအားအစစ်အမှန်မှာ ထွန်းလင်းတောက်ပလာတော့မည်ပင်။

"ငါတစ်ခုလောက်မေးလို့ရမလား"

"အေး"

"အနာဂတ်မှာ ငါဘာလုပ်မလဲ နင်သိလား"

ကျနော်ခေါင်းကိုမော့ထားလိုက်သည်။

ဒီမိန်းမ ငါ့ကိုစစ်မေးနေတာများလား။

"ငါမသိဘူး"

"…ဟမ်"

"ငါသိထားတဲ့အနာဂတ်မှာ ယောင်ဟီဝမ်မပါဘူး"

"ဘာဖြစ်တယ်…"

"ဒါကြောင့်မလို့လည်း ယောင်ဟီဝမ်အတွက် အခုကမ်းလှမ်းချက်က တကယ်ကို လိုအပ်တာလေ"

ယောင်ဟီဝမ်၏မျက်လုံးများ ပြူူးကျယ်နေချေပြီ။

မူရင်းဇာတ်လမ်းထဲတွင် ယောင်ဟီဝမ်မပါခဲ့ချေ။ ယောင်ဟီဝမ်သည် ကျနော့်ကြောင့် အပြောင်းအလဲဖြစ်ခဲ့ရာမှ ကျန်ရစ်ခဲ့သူဖြစ်သည်။ ယောင်ဟီဝမ်၏ ဝိသေသ လက္ခဏာမှာ ကောင်းမွန်လှပြီး ယောင်ဟီဝမ်သာ ထောက်ပံ့သူတစ်ယောက်ရပြီ ဆိုပါက ပြောင်းလဲသွားသောအနာဂတ်ဇာတ်ဝင်ခန်းများတွင် အဓိက သော့ချက်ဖြစ်လာ နိုင်သည်။ အထူးသဖြင့် ကျနော်သိမထားသော တခြား'ပြောင်းလဲပြီးကျန်ရစ်သူ'တွေနှင့် ရင်ဆိုင်ရချိန်တွင် ကျနော့်ဘေး၌ ယောင်ဟီဝမ်ရှိနေခြင်းက သာ၍ကောင်း၏။

ထိုစဉ် အောက်ထပ်ကနေ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"သေချာစဉ်းစားထားပါ။ အခုအမြန်သွားကြရအောင်"

အဖွဲ့သေးလေးတစ်ခုကို ဖိအားပေးနေသော လူများရှိသည့် ပလက်ဖောင်းဆီသို့ ကျနော်တို့တွေ ဆင်းလာခဲ့လိုက်သည်။

အခြေအနေကို ကျနော်နားလည်လေသည်။ ထိုလူများက အိမ်ရှင်မဟာမိတ် အဖွဲ့သားများပင်။ စောနကအတိုင်း သူတို့တွေရှိနေကြဆဲဖြစ်၏။

"မအေဘေးကင်ဒေ့ါဂျာ ဘယ်ရောက်သွားတာလဲ။ ငါ့ကိုမြန်မြန်ပြောပြစမ်း"

သေချာအနီးကပ်ကြည့်လိုက်ချိန်တွင် လီဟန်းဆောင်ကို ကြိမ်းမောင်းနေသည့် အိမ်ရှင်မဟာမိတ်အဖွဲ့ကို မြင်လိုက်ရ၏။ လီဟန်းဆောင်တို့ထံ ကျနော်အမြန်သွားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် စကားပြောလိုက်၏။

"ယူဆန်းအာ။ လီဟန်းဆောင်"

"မင်း"

ရထားလိုင်း နံပါတ် ၄၏ စြင်္က ံပလက်ဖောင်းပေါ်သို့ ကျနော်ဆင်းလာချိန်တွင် အိမ်ရှင်မဟာမိတ်တစ်ယောက်က အော်ဟစ်လိုက်တော့သည်။

အိမ်ရှင်ဦးလေးကြီးတစ်ယောက်ကို ကျနော်မြင်နေရ၏။ ထိုမအေဘေးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောတိုက်ပွဲနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ရရှိခဲ့သော ဒဏ်ရာများ ရှိနေလေသည်။ တချက်မျှကြည့်ရုံဖြင့် အဆိုပါဦးလေးကြီး၏ ပျမ်းမျှအဆင့်များမှာ လုံးဝကိုမြင့်တက်သွားကြောင်း မြင်နေရသည်။ ကျနော်ကတော့ သဘောကျမိ၏။

"ဂုံဖီဒူ"

ဂုံဖီဒူသည် လက်နက်ဇုန်ကိုသုံးလိုက်ရာ စက်သေနတ် ၈လက်ထွက်ပေါ်လာ၏။ ဂုံဖီဒူနားက အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် ကျနော့်ကိုကြည့်နေကြလေသည်။

"ဒီမအေဘေးကတော့ကွာ …"

ဂုံဖီဒူဘက်က စကားပြောတော့မည့်အချိန်တွင် လေထဲ၌ လျှပ်စီးကြောင်းတစ်ခု ပေါ်လာ၏။

[စတုတ္ထမြောက်ဇာတ်ဝင်ခန်းသည် ၅မိနစ်အတွင်း စတင်ပါမည်။]

အဆိုပါ စနစ်မက်ဆေ့ချ်နှင့်အတူ ဒိုကဲဘီ ဘီဟွန်းပေါ်လာ၏။

[ဟားဟား…ကိုယ့်လူတို့….နေကောင်းကြရဲ့လား]

ဆိုးသွမ်းလှသည့် ဘီဟွန်း၏မျက်နှာကိုမြင်လိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာအမူအရာမှာ မဲမှောင်သွားတော့သည်။

[မင်းတို့အားလုံး အနားမယူရသေးတဲ့ပုံပဲ]

"ဒီ-ဒီတခါရော ဘာကိစ္စနဲ့ရောက်လာပြန်တာလဲ"

[စတုတ္ထမြောက်ဇာတ်ဝင်ခန်းကို ကြေညာပေးဖို့အတွက် ငါရောက်လာတာပေါ့ကွ]

"ချီးပဲ …"

[အဲ့လိုတော့မပြောနဲ့လေကွာ။ အပြစ်ပြောတဲ့ပထမဆုံးကောင်ကို ငါဘယ်လို လုပ်ထည့်လိုက်လဲ သိကြတယ်မလား။ စတုတ္ထမြောက် ဇာတ်ဝင်ခန်းဟာ တခြားဘူတာက လူတွေပါ ပါမှာကွ။ စိတ်လှုတ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် မင်းတို့ကိုစောင့်ကြိုနေတယ်။ မင်းတို့အားလုံးကျေနပ်မှာ သေချာပါတယ်]

တခြားဘူတာဆိုသော စကားကိုကြားလိုက်ရသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာမှာ မဲမှောင်သွား၏။

ချွန်မူရိုဘူတာကိုပင် မနည်းကျော်ဖြတ်ခဲ့ကြရသည်မဟုတ်ပါလော။ တခြားဘူတာတွေပါ ပါဝင်လာမည်ဆိုပါက ပြဿနာတွေပိုများလာမည်မှာ အသိသာကြီးပင်။ ဘီဟွန်းက ရယ်မောလိုက်သည်။

[ဒါနဲ့ ဒီဇာတ်ဝင်ခန်းကိုကျော်ဖြတ်ဖို့ဆိုရင် နောက်ထပ်ကိစ္စတစ်ခုကို မင်းတို့တွေ လုပ်ဖို့လိုလိမ့်မယ်ကွ။ လူအရေအတွက်များနေတာက ရှုတ်ရှုတ်ထွေးထွေး ဖြစ်လာနိုင်တယ်လေ။ ဒါကြောင့် မင်းတို့ကိုဦးဆောင်ပေးမယ့်လူလိုတယ်။ ပြောရရင်တော့ ဘူတာတစ်ခုစီတိုင်းအတိုင်း ကိုယ်စားပြုတစ်ယောက်ဆီ လိုတယ်ကွ]

ကိုယ်စားပြုတဲ့လား။ နောက်ဆုံးတော့စပြီပေါ့လေ။

[အခုအချိန်ကစပြီး ငါတို့တွေ 'တိုက်ပွဲအသေးစား'တစ်ခုကို ကစားကြတာပေါ့။ ဒီကစားပွဲကို သွေးပူလေ့ကျင့်ခန်းလုပ်တဲ့ကစားပွဲလို့ခေါ်ချင်ခေါ်လို့ရတယ်ကွ။ ကစားပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေကတော့…ကဲပါလေ….နောက်တော့ မင်းတို့သိလာရမှာပါ]

လူတိုင်း၏ရှေ့၌ မက်ဆေ့ချ်တစ်ခုပေါ်လာချိန်တွင် ဘီဟွန်းသည် ပြုံးပြီး ပျောက်ကွယ်သွား၏။

[ဇာတ်ဝင်ခန်းအသေး ရောက်ရှိလာပါပြီ။]

[ဇာတ်ဝင်ခန်းအသေး – ကိုယ်စားပြုသူတစ်ယောက်အား ရွေးချယ်ခြင်း။]

အမျိုးအစား - ဇာတ်ဝင်ခန်းအသေး

ခက်ခဲမှု - C

ပြီးမြောက်ရန်လိုအပ်ချက် - စြင်္က ံပလက်ဖောင်းအလယ်တွင်စိုက်ထားသော 'အလံဖြူ'ကို အရယူပါ။

အချိန်ကန့်သတ်ချက် - မိနစ် ၃၀

ဆုလာဘ် - ဒင်္ဂါး ၁၀၀၀၊ ချွန်မူရို၏ ကိုယ်စားပြု

ကျရှုံးမှု - * ဘူတာ၏ကိုယ်စားပြုဖြစ်လာသူသည် အဖွဲ့သားများ အပေါ်တွင် အားကောင်းစွာထိန်းချုပ်နိုင်ပါသည်။

မက်ဆေ့ချ်အပြည့်အဝပေါ်မလာခင်မှာဘဲ ဂုံဖီဒူသည် စြင်္က ံပလက်ဖောင်း အလယ်ရှိ အလံရှိရာသို့ ပြေးထွက်သွားခဲ့လေပြီ။ ဂုံဖီဒူသည် တစ္ဆေတစ်ကောင်နှင့်ပင် တူလှ၏။

"အားလုံးပဲ။ ရှေ့က ဖယ်ကြစမ်း"

ဂုံဖီဒူသည် မီးရထားစက်ခေါင်းကဲ့သို့ လူတွေကိုပြေးတိုက်သွားပြီး အလံဖြူရှိရာသို့ ဦးတည်ကာ ပြေးနေပေပြီ။ ဂုံဖီဒူ၏လက်ချောင်းများ အလံကိုထိခါနီးအချိန်တွင် ကျနော် ထအော်လိုက်၏။

"ဂုံဖီဒူ။ ဝပ်လိုက်စမ်း"

[စာချုပ်ပါသဘောတူညီချက်အတိုင်း 'အမိန့်ပေးပိုင်ခွင့်'မှာ အသက်ဝင်သွားပါပြီ။]

"အား"

လဲကျနေသော ဂုံဖီဒူ၏ကျောပြင်ကိုတက်နင်းပြီး အလံဖြူကို ကျနော်ယူလိုက်၏။

[သင်သည် အလံတိုင်ဆီကနေ အလံဖြူကို ဆွဲယူလိုက်ပါသည်။]

[သင်သည် ချွန်မူရို၏ 'ကိုယ်စားပြု'ဖြစ်သွားပါပြီ။]

[သင်သည် 'ဘုရင့်လမ်း'ကို လျှောက်လှမ်းရန် အရည်အချင်းပြည့်မီပါသည်။]

All Chapters