← Chapters

ပရောဟိတ်တို့၏ည (၁)

Vol. 4 Ch. 50

ပရောဟိတ်တို့၏ည (၁)

Vol. 4 Ch. 50

"နဝမမြောက်လက်လျှော့သူဟုတ်လား….ဒီနာမည်နဲ့ဝိသေသ လက္ခဏာမျိုးကို ငါပထမဆုံးကြားဖူးတာပဲ"

"အိုး….အကိုကြားဖူးမှာမဟုတ်လောက်ဘူး။ ကျနော်တို့ပရောဟိတ်တွေပဲ ပထမဆုံး မြင်ရတဲ့ဝိသေသ လက္ခဏာမလို့ပါ"

ဒီကောင်က ဆင်ခြေလာပေးနေတာပဲ။ နည်းနည်းလောက်တော့ စလိုက်ဦးမှ။

"ဒါပေမဲ့ ထူးတော့ထူးဆန်းနေတယ်။ မင်းသာ ဗျာဒိတ်ကို တကယ်ရခဲ့ရိုးမှန်ရင် 'လက်လျှော့သူ'ဆိုတာကြီးအစား 'ဖော်ထုတ်သူ'ဆိုပြီးပဲ ဖြစ်သင့်တာမဟုတ်ဘူးလား။ လက်လျှော့သူဆိုတာကြီးက ဘယ်လိုနာမည်ကြီးလဲဟ"

"အဲ-အဲ့ဒါကလေ…ဗျာဒိတ်က….အဲ…မဟုတ်သေးဘူး။ ဗျာဒိတ်စာအုပ်က …"

လီဆောင်းဂုမှာ စကားများပင် ထစ်နေချေပြီ။ မုသားထောက်လှမ်းနိုင်စွမ်းဖြင့် ထောက်လှမ်းခံရမှာစိုးသဖြင့် စကားလုံးကိုသေချာရွေးချယ်ပြီး ပြောနေသော လီဆောင်းဂု၏ပုံစံမှာ ရယ်စရာကောင်းလှပေသည်။ လီဆောင်းဂုမည်မျှအထိ ရိုးသားနိုင်မည်နည်းကိုပင် ကျနော်သိချင်လာသည်။ နောက်ဆုံးတွင်တော့ လီဆောင်းဂုသည် မျက်လုံးကို မှိတ်လိုက်တော့သည်။

"ဗျာဒိတ်စာအုပ်ကို ကျနော်ဖတ်ခဲ့ချိန်တုန်းက…ဆက်မဖတ်ဘဲ ရပ်ခဲ့မိလို့ပါ"

"ဆက်မဖတ်ဘဲ ရပ်ခဲ့မိတာဟုတ်လား။ ဘာလို့မဖတ်ခဲ့ရတာလဲ"

"ဗျာဒိတ်စာအုပ်မှာပါတဲ့အကြောင်းအရာတွေက ကျယ်ပြောနက်နဲပြီး နားလည်ဖို့ အရမ်းခက်ခဲ့လို့ပါ …"

"ဒီလိုနဲ့ပဲ နဝမမြောက် လက်လျှော့သူဆိုတဲ့ဂုဏ်ပုဒ်ကို မင်းကရသွားတယ်ဆိုပါတော့"

"မှန်ပါတယ်…"

"မင်းဟာ ငါ့အတွက် အကူအညီအများကြီးဖြစ်စေလိမ့်မယ်လို့တော့ မထင်သေးဘူး"

"မ-မဟုတ်ဘူး။ အကို့ကို ကျနော်အများကြီးကူညီနိုင်တာ သေချာပါတယ်"

စိတ်ရှုတ်ထွေးနေသော လီဆောင်းဂုသည် ပေါက်ပန်းလေးဆယ်စကားများကို ဆက်၍ ပြောနေပြီး သူ၏ဖုန်းကိုလည်း ဖွင့်လိုက် ပိတ်လိုက် လုပ်နေလေသည်။

"အဲ့ဒီဖုန်းကို မင်းက ဘာလို့ ဖွင့်ဖွင့်ကြည့်နေရတာလဲ"

"တောင်း-တောင်း-တောင်းပန်ပါတယ်။ ကျနော်က ဖုန်းကြည့်တာ စွဲနေလို့ပါ …"

အခြားလက်လျှော့သူတွေထံမှ အကြံဉာဏ်ကိုရဖို့ လီဆောင်းဂုကြိုးစားနေခြင်းသာ။ သို့သော် သူ၏ကြိုးစားမှုက အချည်းအနှီးပင်။

"အင်တာနက်က သုံးလို့ရနေတာလား"

"ဟုတ်-ဟုတ်ပါတယ်။ အဲ့လိုသုံးနေနိုင်တာက ရသေ့ရဲ့စွမ်းရည်ကြောင့်ပါ …"

လီဆောင်းဂု၏ စကားဆုံးဆုံးချင်းမှာပဲ ဟန်ဒုံဂွန်ဆီ ကျနော်လှမ်းကြည့်လိုက်သည်။ စိတ်ညှို့ခံထားရသောကောင်လေးသည် ခံစားချက်မဲ့သောအကြည့်ဖြင့် လက်သည်းများကို ထိုင်ကိုက်ကာ အလုပ်ရှုတ်နေလေသည်။

အရိပ်တွေ၏ရသေ့ဘုရင်ကြီးတွင် သတင်းအချက်အလက်များကို ချယ်လှယ်နိုင်စွမ်းရှိ၏။ ဤကောင်လေးကို ပရောဟိတ်တွေ၏လက်အောက်တွင်ထား၍ မဖြစ်ချေ။

ပရောဟိတ်တွေသာ ဇာတ်လမ်းထဲတွင် ယခုကဲ့သို့ ဝင်ပါနေမည်ဆိုပါက မူရင်းဇာတ်လမ်းနှင့် ကျနော်စီစဉ်နေသမျှအားလုံး ပျက်ဆီသွားပေလိမ့်မည်။ အရာအားလုံး နောက်ပြန်လှည့်၍မရသည်အထိ မှားယွင်းမသွားခင် ဤလူတွေအား ကျနော်တားမှဖြစ်မည်။

"တခြားပရောဟိတ်တွေဆီမှာလည်း 'လက်လျှော့သူ'ဆိုတဲ့ ဝိသေသ လက္ခဏာရှိကြလား"

"…ဟုတ်ကဲ့"

"ပရောဟိတ်က စုစုပေါင်းဘယ်နှစ်ယောက်ရှိတာလဲ"

"အဲ့ဒါက…"

လီဆောင်းဂုသည် တစ်ခဏခန့်တွန့်ဆုတ်သွားပြီးမှ စကားကိုဆက်ပြော၏။

"ကျနော်သိသလောက် ၄၈ယောက်ရှိပါတယ်"

၄၈ယောက်တဲ့လား။ ငါခန့်မှန်းထားတာထက် နည်းတာပဲ။

အခန်း ၁၂၀၀အထိ ဖတ်ရှုသူ တစ်ယောက်၊ အခန်း၁၀အထိ ဖတ်ရှုသူ ၁၂၀ ရှိခဲ့သောကြောင့် အနည်းဆုံး အယောက်၁၀၀ခန့်အထိ ရှိမည်ဟု ကျနော်ထင်ခဲ့ခြင်းဖြစ်သည်။

လီဆောင်းဂုဆက်ပြောသည့်စကားကြောင့် ကျနော်သိချင်နေသည့်အချက်မှာ ရှင်းသွားတော့သည်။

"အစတုန်းက ပရောဟိတ်တွေ ဒီထက်ပိုများများရှိခဲ့ပေမဲ့ ပထမဆုံးဇာတ်ဝင်ခန်းကို အတော်များများ မကျော်ဖြတ်နိုင်ခဲ့ကြဘူးလေ"

"အနာဂတ်ကိုသိထားကြတာတောင် သေသွားကြတာလား"

"အဲ့ဒါက…ကျနော်တို့တွေဟာ ဗျာဒိတ်ကိုရရှိခဲ့ပေမဲ့ အဲ့ဒီဗျာဒိတ်ဟာ အစစ်မှန်းသိခဲ့တာက မကြာသေးပါဘူး"

ယခုမှပဲ အနည်းငယ် အဓိပ္ပါယ်ရှိလာလေတော့သည်။

ကြည့်ရသည်မှာ ပထမဆုံးဇာတ်ဝင်ခန်းစစချင်း၌ လွန်ခဲ့သော ၁၀နှစ်တုန်းက အင်တာနက်ပေါ်တွင် နေ့စဉ်နီးပါးတင်ခဲ့သည့် ဇာတ်လမ်းမှာ လက်တွေ့ဖြစ်ပျက်လာသည်ကို သဘောပေါက်ခဲ့သည့် စာဖတ်သူ အရေအတွက်က အနည်းငယ်သာ ရှိခဲ့ပုံပင်။ ဇာတ်လမ်းကိုချက်ချင်း ပြန်မမှတ်မိကြသည်လည်း ဖြစ်လောက်၏။

လီဆောင်းဂု အသက်ရှင်ခဲ့သည်က ထူးဆန်းလှလေသည်။ ထို့အပြင် ဝတ္ထုကို ဆက်မဖတ်ဘဲ ရပ်လိုက်သည့်သူများတွင် လီဆောင်းဂုသည် ကိုးယောက်မြောက်ဖြစ်ခဲ့သဖြင့် မည်ကဲ့သို့များ အသက်မသေဘဲ ရှင်ကျန်ခဲ့သနည်း။

"ရထားတွဲထဲမှာ ကံ‌ကောင်းပြီး ကျနော်အသက်ရှင်ခဲ့တာပါ။ အနားမှာတခြားပရောဟိတ်တစ်ယောက်သာ ရှိမနေရင် ကျနော်သေသွားခဲ့မှာ သေချာပါတယ်"

ရထားတွဲတစ်ခုထဲမှာ နောက်ထပ်ပရောဟိတ်တစ်‌ယောက်ပါ ရှိနေခဲ့တာတဲ့လား။

"ပြီးတော့―"

လီဆောင်းဂု စကားကိုဆက်ပြီးပြောတော့မည့်အချိန်တွင် မြေပြင်မှာ အနည်းငယ် တုန်ခါသွားတော့သည်။ အသံလှိုင်းတားဆီးခြင်းရှိနေသော်လည်း တုန်ခါမှုမှာ ပတ်ပတ်လည်သို့ ပျံ့နှံ့သွား၏။

လီဆောင်းဂုနှင့် ကျနော်တို့ တဲထဲကနေ တပြိုင်တည်း ပြေးထွက်သွားလိုက်လေသည်။

ချွမ်

ဝှက်ထားသော ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာသည်ဟု ကျနော်ထင်မိခဲ့သော်လည်း ဟုတ်မနေခဲ့ချေ။ တုန်ခါမှု၏ အလယ်တည့်တည့်၌ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့မှာ မတ်တပ်ရပ်နေလေသည်။ ယောကျ်ားဖြစ်သူကို ကျနော်မသိသော်လည်း မိန်းမဖြစ်သူကတော့....

"နင်က ဇာတ်ရံအဆင့်တောင်မဟုတ်ဘဲနဲ့ ငါ့ကို တွန်းရဲတယ်ပေါ့လေ"

"နင်ဘာတွေလာပြောနေတာလဲ။ ခွေးသူတောင်းစား"

…ပြောစရာမလိုလောက်အောင်ပင်။ ထိုမိန်းမက ယောင်ဟီဝန်ဖြစ်လေသည်။

"ဘာပြောတယ်။ ခွေးဟုတ်လား။ စောက်ကောင်မ"

ထိုလူသည် ကျောဘက်ကနေ အတော်ကိုရှည်သည့် ဓါးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထိုလူ၏ ပျမ်းမျှအဆင့်မှာ ယောင်ဟီဝန်နှင့် အတူတူလောက်ပဲ ရှိပုံပေါ်သော်လည်း ‌ယောင်ဟီဝန်ကို အနိုင်ယူဖို့ လုံလောက် လောက်မည်မဟုတ်ချေ။

ယောင်ဟီဝန်၏ လှုတ်ရှားမှုများသည် အဆင့်တူကိုယ်စားလှယ်များထက် မြန်လေသည်။ တဖက်လူ တိုက်ခိုက်လိုက်ချိန်တွင် ယောင်ဟီဝန်၏ ဓါးမှာ ပေါ့ပါးစွာဖြင့် လှုတ်ရှားသွား၏။

['ယောင်ဟီဝန်'ဇာတ်ကောင်သည် မိခါဇုခိ မုနဲချိခါ၏ အထူးအစွမ်း "မရဏနတ်ဘုရား၏ ခြေလှမ်း'ကို အသက်သွင်းလိုက်ပါသည်။]

"ယောင်ဟီဝန်"

ယောင်ဟီဝန်၏ဓါးမှာ တဖက်လူ၏ခေါင်းကိုခုတ်ဖြတ်ဖို့ ရွေ့လျားလာပြီးနောက် တဖက်လူ၏ ကျောသို့ အရောက်တွင် ရပ်တန့်သွား၏။ တဖက်လူ၏ လည်ဂုတ်မှ အမွှေးများမှာ ကြက်သီးထသကဲ့သို့ ထောင်နေလေသည်။

ယောင်ဟီဝန်နှင့် တဖက်လူ၏ အမြန်နှုန်းမှာ အရမ်းကိုကွာဟချက် ကြီးမားခဲ့ခြင်း ဖြစ်၏။ ကျနော်သာ ဝင်မတားခဲ့ဘူးဆိုပါက တဖက်လူမှာ သေနေလောက်ပေပြီ။

ထိတ်လန့်တုန်လှုတ်နေသော လီဆောင်းဂုမှာ အော်‌ပြောလိုက်တော့၏။

"ဂျန်မင်ဆော့။ မင်းဘာတွေ လုပ်နေတာလဲ"

လီဆောင်းဂု၏ မျက်နှာပေါ်က တွေ‌ဝေနေသော အမူအရာကို မြင်လိုက်ရချိန်တွင် ကျနော် ချက်ချင်း သဘောပေါက်သွားမိသည်။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကိုအသက်သွင်းလိုက်ပါသည်။]

ထို့နောက်တွင်တော့ မျှော်လင့်ထားသော မက်ဆေ့ချ် ပေါ်လာတော့၏။

[ဤလူ၏အချက်အလက်များမှာ 'ဇာတ်ကောင်စာရင်း'တွင် ရှိမနေပါ။]

ဟုတ်ပေသည်။ ဤလူသည်လည်း ပရောဟိတ်တစ်ယောက်သာ ဖြစ်၏။

ထို့နောက်တွင်တော့ ကျနော့်ရှေ့ရှိ နောက်ထပ်ပေါ်လာသော ပရောဟိတ်ဘေး၌ လီဆောင်းဂု ဒူးထောက်လိုက်သည်။

"တောင်းပန်ပါတယ်။ ကျနော့်မိတ်ဆွေက ဘာမှမသိခဲ့လိုပါ။ ဟေ့....လာပြီး မြန်မြန် တောင်းပန်လိုက်တော့လေ"

လီဆောင်းဂု၏ဘေးရှိလူမှာ ကျနော့်ဘက်သို့ ဦးညွတ်လိုက်၏။

"…တောင်းပန်ပါတယ်"

လီဆောင်းဂုနှင့်မတူဘဲ ထိုလူမှာ အလွန်ပင်မာနကြီးပုံရပြီး မျက်နှာပေါ်မှ ‌ဒေါသရိပ်မှာ ပျောက်မသွားခဲ့ချေ။ ယောင်ဟီဝန်ကိုကြည့်ပြီး ကျနော်ပြောလိုက်၏။

"ယောင်ဟီဝန်။ စိတ်လိုက်မာန်ပါမလုပ်ဖို့ ငါမှာထားတယ်မလား"

"အဲ-အဲ့ဒီမအေဘေးက …"

"ယောင်ဟီဝန်"

ယောင်ဟီဝန်၏မျက်နှာတွင် အံ့အားသင့်သည့်အမူအရာ ပထမဆုံးအကြိမ် ပေါ်လာလေသည်။

"…တောင်းပန်ပါတယ်။ အရှင်ယူဂျွန်ဟော့"

ဦးညွတ်ပြီးထွက်သွားသည့် ယောင်ဟီဝန်နောက်သို့ လီဟန်းဆောင်လည်း မျက်နှာအမူအရာမသာမယာဖြင့် လိုက်သွား၏။ ယောင်ဟီဝန်သည် အကြောင်းအရင်း မရှိဘဲ လူတစ်ယောက်ကို ဓါးဖြင့်ချိန်တတ်သူမဟုတ်မှန်း ကျနော်သိသော်လည်း ယခုအခြေအနေက လှုတ်ရှားရန်အလို့ငှာ အန္တရာယ်များသော အခြေအနေဖြစ်နေ၏။

ယောင်ဟီဝန်နှင့်တိုက်ခိုက်ခဲ့သောလူသည် ကျနော့်ကိုကြည့်ပြီး မေးသည်။

"မင်းက တကယ်ကို အကိုယူဂျွန်ဟော့လား"

"အေး။ မင်းလည်းပဲ ပရောဟိတ်တစ်ယောက်လား"

"…အင်း"

ထိုလူ၏မျက်နှာပေါ်၌ စိတ်ရှုတ်ထွေးသည့်အမူအရာရှိနေသည်။ ထိုလူသည် ကျနော်၊ ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့ကို တလှည့်စီကြည့်ပြီးနောက် လီဆောင်းဂုဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ခဏလောက်ခွင့်ပြုပါဦး။ အကိုယူဂျွန်ဟော့။ စိတ်တော့မရှိပါနဲ့။ ခဏလောက် စောင့်ပေးလို့ရမလား။ ဆောင်းဂု…ခဏလောက် စကားပြောကြရအောင်"

လီဆောင်းဂုသည် ကျနော့်ကိုဦးညွတ်ပြီး ထိုလူနှင့်အတူ တဲအပြင်သို့ ထွက်သွားလေသည်။

"ငါအကြာကြီးစောင့်မှာမဟုတ်ဘူးနော်"

"ဟုတ်ကဲ့"

ယူဂျွန်ဟော့အစစ်ဆိုပါက ထိုကဲ့သို့ စောင့်ခိုင်းတာမျိုးကို လက်ခံမည်မဟုတ်လောက်ချေ။ သို့ပေသိ ကျနော့်တွင် အကြောင်းအရင်းတစ်ခုရှိနေသဖြင့် သူတို့နှစ်ယောက်ကို ဆွေးနွေးခွင့်ပေးလိုက်ခြင်းဖြစ်၏။ တဲထဲကနေ လီဆောင်းဂု ထွက်သွားသွားချင်းမှာပဲ ဘီဟွန်းကို ကျနော်ခေါ်လိုက်သည်။

'ဟေ့ကောင်….ဘီဟွန်း'

[ဘာလဲ။ ထပ်ပြီးအပျော်လေးတွေကိုဖန်တီးနေတယ်ပေါ့လေ …]

'အကြားအာရုံတိုးမြှင့်ခြင်းကို ဒင်္ဂါး၂၀၀၀နဲ့လဲမယ်'

[······]

ကျနော်၏ပြောချင်ရာသာပြောသော အကျင့်ကို ဘီဟွန်းပင် အသားကျလာချေပြီ။ ထို့နောက်တွင်တော့ သုံးစက္ကန့်စာ ကြော်ငြာတစ်ခုတက်လာတော့၏။

[ဒင်္ဂါး၂၀၀၀ကို သုံးလိုက်ပါသည်။]

[သီးသန့်စွမ်းရည် 'အကြားအာရုံတိုးမြှင့်ခြင်း'ကို ရရှိသွားပါပြီ။]

ကျနော့်ကို ဘီဟွန်းက သတိပေးလိုက်၏။

[ဟေ့…စတုတ္ထမြောက်ဇာတ်ဝင်ခန်းကစပြီး ဂရုစိုက်တော့နော်။ နေရာတွေ အများကြီးပါတဲ့ စတုတ္ထမြောက်ဇာတ်ဝင်ခန်းမျိုးကို အလယ်အလတ်အဆင့်ရှိတဲ့ ဒိုကဲဘီတွေက ဝင်ပြီးတရားစီရင်ပိုင်ခွင့်ရှိတယ်ကွ]

ဘီဟွန်း၏စကားကို ကျနော်လျစ်လျူရှုလိုက်သည်။

[သီးသန့်စွမ်းရည် 'အကြားအာရုံတိုးမြှင့်ခြင်း အဆင့် ၁'ကို အသက်သွင်းလိုက်ပါသည်။]

အသံလှိုင်းတားဆီးခြင်းဖြင့် ပိတ်ဆို့ထားသော တဲအပြင်သို့ ကျနော်ထွက်လိုက်ရာ စကားသံများကို စတင်ကြားလာရတော့သည်။ လီဆောင်းဂုတို့နှစ်ယောက်သည် ကျနော်ပုန်းနေသည့်နေရာနှင့် မနီးမဝေးတွင် စကားပြောနေကြ၏။

"ဟေ့…နည်းနည်းထူးဆန်းတယ်လို့မထင်ဘူးလား"

"ဟမ်"

"ဟိုကောင့်မျက်ခွက်ကို ချောတယ်လို့ မင်းရော ထင်လား"

"ရုတ်တရက်ကြီး မင်းဘာတွေပြောနေတာလဲ"

"စာရေးဆရာရေးထားတာက ယူဂျွန်ဟော့က လူချောတစ်ယောက်တဲ့လေ"

ခွေးမသားကတော့ကွာ။ ငါ့ကိုများ မချောဘူးထင်နေတာလား။

ကံကောင်းစွာဖြင့်ပင် မချောဘူးထင်သည့်အချက်ကို လီဆောင်းဂုက အရေးမစိုက်ချေ။

"စာရေးဆရာရဲ့ချောတယ်ဆိုတဲ့စံနှုန်းက ငါတို့ရဲ့စံနှုန်းနဲ့ မတူလို့ဖြစ်မှာပါကွာ။ ဟိုကောင်က ယူဂျွန်ဟော့ဆိုတာ လုံးဝကိုသေချာတယ်။ အဲ့ဒီကောင်ဆီမှာ စိတ်ပုတ်တဲ့စောက်ကျင့်လည်းရှိတယ်ကွ"

"မင်းက ဝတ္ထုရဲ့အခန်း၉အထိပဲ ဖတ်ဖူးတာလေ။ မင်းက ဘာများသိမှာမလို့လဲ"

"အဲ့ဒါက….မင်းလည်းပဲ ဖတ်ခဲ့တာကြာပြီမလို့ အသေးစိတ်တော့ မမှတ်မိဘူးမလား"

"မမှတ်မိဘူးဆိုပေမဲ့ ‘မှတ်ဉာဏ်အကျိုးခံစားခွင့်’နဲ့ တချို့အခန်းတွေကို ရှင်းရှင်းလင်းလင်း သိရတာပဲလေ။ အဲ့ဒီခံစားခွင့်သာရှိမနေခဲ့ရင် မင်းဟာ ဝတ္ထုရဲ့ နိဒါန်းကိုတောင် မှတ်မိမှာမဟုတ်ဘူး။ ငါသာရှိမနေခဲ့ရင် မင်းဟာ အသက်တောင် ရှင်ခဲ့လောက်မှာမဟုတ်ဘူးကွ"

သူတို့၏အသံမှာ တဖြည်းဖြည်းချင်း ကျနော်နှင့် နီးကပ်လာချေသည်။

"ဘယ်လိုတွေးတွေး ထူးဆန်းနေတယ်။ လီဟန်းဆောင်ကတော့ ထားပါတော့။ ဟိုလူထူးလူဆန်းမက ဘယ်သူလဲ။ ငါမှတ်မိသလောက်ဆိုရင် အဲ့လိုမိန်းမမျိုး တတိယအကြိမ် နောက်ပြန်ဆုတ်မှုမှာ ရှိခဲ့တာမဟုတ်ဘူး။ ဒါကြောင့် စစ်ဆေးကြည့်ကြရအောင်။ ယူဂျွန်ဟော့ အစစ်ဟုတ်မဟုတ်ကို စစ်ကြည့်ကြမယ်လေ"

"…ဒါပေမဲ့ အဲ့ဒီကောင်က အစစ်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ"

"အစီအစဉ်အတိုင်းပဲ ငါတို့တွေဆက်လုပ်ကြရမှာပေါ့ကွာ။ ယူဂျွန်ဟော့ကိုသာ ဒီမှာ ခေါ်ထားနိုင်မယ်ဆိုရင် ဝတ္ထုရဲ့အခန်း ၅၀အထိ ဖတ်ထားတဲ့လူတွေကိုပါ ရင်ဆိုင်နိုင်ပြီကွ"

အသုံးဝင်သည့်အချက်အလက်များကို သိရှိခဲ့ရပေပြီ။ ဤလူတွေသည် အဓိကဇာတ်ကောင်ကို ဝန်းရံပေးရမည့်အစား အခြေအနေအပေါ်မူတည်ပြီး အသုံးချဖို့သာ လုပ်နေကြ၏။ အပြစ်တော့မပြောလိုပေ။ လူပီသလွန်းသဖြင့်သာ ထိုသို့လုပ်ကြခြင်းဖြစ်သည်။

လီဆောင်းဂုတို့သည် ကျနော့်နား ရောက်လာလေသည်။

"အကြာကြီးစောင့်လိုက်ရလို့ တောင်းပန်ပါတယ်။ အထဲကိုဝင်ကြရအောင်"

တဲထဲသို့ ကျနော်တို့တွေ ဝင်သွားလိုက်ကြ၏။

"အကိုယူဂျွန်ဟော့။ စောနတုန်းက မလေးမစားလုပ်မိသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါရစေ။ ကိုယ့်ကိုကိုယ်ထပ်ပြီးမိတ်ဆက်ပေးပါရစေ။ ကျနော့်နာမည်က ဂျန်မင်ဆော့ပါ"

ဂျန်မင်ဆော့သည် ပြုံးပြကာ ဦးညွတ်လိုက်၏။

ယောင်ဟီဝန်အဗျင်းကိုခံခဲ့ရသော ဂျန်မင်ဆော့ထံတွင် ပစ္စည်းကောင်းလေးတွေ ရှိနေပေသည်။ ဥပမာအနေနှင့် ပြောရလျှင် ဝတ်ဆင်သူ၏မျက်နှာနှင့် ပုံပန်းသွင်ပြင်ကို စိတ်ကြိုက်ပြောင်းပေးနိုင်သော ဝရမ်းပြေးမျက်နှာဖုံးပင်။

လိုရင်းကို ကျနော်ပြောလိုက်၏။

"မင်းက နံပါတ်ဘယ်လောက်နဲ့ လက်လျှော့သူလဲ"

လီဆောင်းဂုကို စိုက်ကြည့်ပြီး ဂျန်မင်ဆော့သည် ပြန်ဖြေသည်။

"…၁၀၈၉မြောက် လက်လျှော့သူပါ"

၁၀၈၉။ အခန်း ၁၂၀၀အထိ ဖတ်ရှုသူဦးရေ ၁ယောက်သာ ရှိခဲ့ပြီး အခန်း ၁၀အထိကတော့ ဖတ်ရှုသူဦးရေ ၁၂၀ ရှိခဲ့သောကြောင့် ဂျန်မင်ဆော့သည် ဝတ္ထုနောက်ပိုင်းမှ ဆက်မဖတ်ခဲ့သူဖြစ်လောက်မည်ဟု တွက်ဆရသည်။

ထို့အပြင် လီဆောင်းဂုကို ပထမဆုံးဇာတ်ဝင်ခန်း၌ ကယ်တင်ပေးခဲ့သူမှာ ဂျန်မင်ဆော့သာ ဖြစ်ဖို့များ၏။

"ဗျာဒိတ်စာအုပ်ကိုဖတ်ဖူးတဲ့ ပရောဟိတ်တစ်ယောက်အနေနဲ့ အကိုယူဂျွန်ဟော့နဲ့ တွေ့ခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့လည်း အကိုယူဂျွန်ဟော့။ စိတ်မရှိဘူးဆိုရင် ကျနော်မေးချင်တာလေးရှိလို့ပါ"

"မေးချင်တယ်ဟုတ်လား။ ဘာမေးမှာလဲ"

"အဲ့ဒါကလေ…ယူဂျွန်ဟော့ဆိုတာက… "

"ငါ့ကို ယူဂျွန်ဟော့အစစ်ဟုတ်ရဲ့လားလို့ သံသယဝင်နေတာမလား"

"…အဲ-အဲ့လိုမဟုတ်ပါဘူး"

ကျနော်စိုက်ကြည့်နေသဖြင့် ဂျန်မင်ဆော့၏မျက်နှာမှာ ရဲတက်လာသည်။

"ပြောတော့"

"ဗျာ"

"မေးစရာရှိတာ ငါ့ကိုမေးတော့"

စိတ်ရှုတ်ထွေးနေသော ဂျန်မင်ဆော့သည် ခေါင်းကိုညိတ်လိုက်၏။

"ဟိုလေ…ဒါဆိုရင်လည်း မေးပြီနော်"

ဤလူတွေကို ကောင်းကောင်းကြီးလှည့်စားနိုင်ဖို့ဆိုလျှင် ကျနော့်စိတ်ထဲတွင် ကိစ္စတချို့ကို တွေးထားဖို့လိုလေ၏။

"ကျနော်သိသလောက် ယူဂျွန်ဟော့ဟာ ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်ကို တတိယအကြိမ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ ခေါ်သွားခဲ့တာပါ။ ဒါပေမဲ့ ကင်နမ်ဝန်အစား ထူးဆန်းတဲ့မိန်းမတစ်ယောက်ပဲ အကို့ဘေးမှာ ရှိနေတာလေ"

"…"

"အဲ့ဒီမိန်းမကို စစချင်းတုန်းက လီဂျီဟယ်လို့ထင်ခဲ့မိပေမဲ့ အဲ့ဒီမိန်းမပုံစံက ဆယ်ကျော်သက်ပုံစံလည်း ပေါက်မနေဘူး။ ပြီးတော့ သူ့ကိုတခြားနာမည်နဲ့ ခေါ်လိုက်တာလည်း ကျနော်ကြားခဲ့သေးတယ်လေ"

ဂျန်မင်ဆော့၏မှတ်ဉာဏ်နှင့် သုံးသပ်နိုင်စွမ်းမှာ အတော်ပင်ကောင်းလှလေသည်။ ဂျန်မင်ဆော့ပြောသလိုပင် ဤကမာ္ဘသည် ကျနော်သိထားသော တတိယအကြိမ် နောက်ပြန်ဆုတ်မှုနဲ့ ကွဲပြားနေခဲ့ပြီဖြစ်၏။ ထိုသို့ကွဲပြားနေခြင်းကို ကျနော့်အလိုရှိသည့်ပုံစံအတိုင်း ကွဲပြားအောင် အတတ်နိုင်ဆုံးကြိုးစားဖို့တော့ လိုသေးသည်။

"ထင်ယောင်ထင်မှားမိစ္ဆာဟာ ငါနဲ့အတူ ဘာလို့ရှိမနေတာလဲဆိုရင် အဖြေကတော့ ရှင်းပါတယ်။ ဒီတခါ နောက်ပြန်ဆုတ်မှုမှာ ထင်ယောင်ထင်မှားမိစ္ဆာဟာ ရှိမနေလို့ပဲ"

"…ဟမ်”

“ရှိ-ရှိမနေဘူးဟုတ်လား။ မဟုတ်မှလွဲရော…ထင်ယောင်ထင်မှားမိစ္ဆာက သေသွားခဲ့ပြီလား"

"အမှန်ပဲ"

ဂျန်မင်ဆော့နှင့် လီဆောင်းဂုတို့၏မျက်နှာပေါ်တွင် စိတ်ရှုတ်ထွေးသည့်အမူအရာ တစ်ခဏခန့်ပေါ်လာလေသည်။ ဂျန်မင်ဆော့က ထပ်မေး၏။

"မဟုတ်သေးပါဘူး။ ဘယ်လို….ကင်နမ်ဝန်ကို ဘယ်ကောင်က သတ်ခဲ့တာလဲ"

"ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်ဟာ…. "

ဤပရောဟိတ်နှစ်ကောင် အံ့အားသင့်နေပြီမလို့ ပိုပြီး အံ့အားသင့်သွားအောင် လုပ်ပေးဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။

"….မင်းတို့လို ပရောဟိတ်တစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့တာလေ"

All Chapters