← Chapters

ပရောဟိတ်တို့၏ည (၂)

Vol. 4 Ch. 51

ပရောဟိတ်တို့၏ည (၂)

Vol. 4 Ch. 51

"ကျနော်တို့လို ပရောဟိတ်တစ်ယောက်တဲ့လား"

"အေး။ သတ်သွားတဲ့ကောင်ဟာ ပရောဟိတ်မှန်း စစချင်းတုန်းက ငါဟာ သိခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အခုကြည့်ရသလောက်တော့ အဲ့ဒီကောင်ဟာ ပရောဟိတ်တစ်ယောက် ဖြစ်နေမယ့်ပုံ ပေါက်နေတယ်လေ။ အဲ့ဒီကောင်ဟာ မင်းတို့လို့ပဲ အနာဂတ်ကိုသိနေတာကွ"

"…ဒါဆိုရင်"

"ကြည့်ရတာတော့ အဲ့ဒီကောင်ဟာ မင်းတို့သိထားတာထက်ကို ပိုသိနေပုံရတယ်။ သူဟာ ထင်ယောင်ထင်မှားမိစ္ဆာကိုသတ်ပစ်ခဲ့ပြီး ဝှက်ထားတဲ့ဇာတ်ဝင်ခန်းတွေကိုလည်း စစချင်းကတည်းက အကုန်ရင်ဆိုင်သွားခဲ့တာလေ။ အဲ့ဒီကောင်လက်ချက်နဲ့ ငါ့ရဲ့ အစီအစဉ်တွေလည်း ကမောက်ကမဖြစ်ကုန်တော့တာပဲ"

"အဲ-အဲ့လိုကောင်မျိုးရှိနေတာတဲ့လား"

ရှိတာပေါ့ကွ။ အဲ့ဒီကောင်က မင်းတို့ရှေ့မှာရပ်နေတဲ့ကောင်ပဲလေ။

"အဲ့ဒီကောင်ဟာ ငါ့အယောင်ဆောင်နေပုံလည်းရတယ်။ အဲ့ဒီကောင်နဲ့ နောက်ဆုံးအကြိမ် တွေ့မိတုန်းက သူဟာ သေမလိုဖြစ်ခဲ့ပေမဲ့ အခုကျတော့ ချွန်မူရိုနားမှာ လှုတ်ရှားနေပုံပေါ်တယ်လေ"

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏ အယောင်ဆောင်ပြနေမှုကို လေးစားနေ ပါသည်။]

"…ချွန်မူရိုဟုတ်လား။ မဟုတ်မှလွဲရော"

ဂျန်မင်ဆော့သည် အံ့အားသင့်သွားပြီး စမတ်ဖုန်းကို ထုတ်ကာ လီဆောင်းဂုကဲ့သို့ စာရိုက်လိုက်လေသည်။ ကြည့်ရသည်မှာ အခြားပရောဟိတ်တွေကိုပါ သတင်းပေးနေခြင်း ဖြစ်ပုံရ၏။

ဂျန်မင်ဆော့သည် ကျနော့်ကိုမေးခွန်းတချို့ဆက်မေးသဖြင့် အကြမ်းဖြင်း ပြန်ဖြေပေးလိုက်၏။

"အဲ့လိုမျိုးဖြစ်နေတာတဲ့လား။ အာ…. တတိယအကြိမ်နောက်ပြန်ဆုတ်တာက ပြောင်းသွားခဲ့ပြီပဲ။ အကိုက တကယ်ကို ယူဂျွန်ဟော့အစစ်ဆိုတာ သေချာသွားပြီ"

ဂျန်မင်ဆော့သည် အလွန်ပင်လေးစားနေလေသည်။

"ဒါကြောင့်မလို့လည်း ထင်ယောင်ထင်မှားမိစ္ဆာနေရာမှာ ဟိုကောင်မလေးကို ခေါ်လာခဲ့တာကိုး။ အဲ့ဒီကောင်မလေးကိုကြည့်ရတာတော့ ကင်နမ်ဝန်နေရာကို အစားထိုးလို့ရမယ့်ပုံပါပဲ။ ကျနော့်ကိုတောင် တချက်ထဲနဲ့ အနိုင်ယူသွားခဲ့တာလေ"

အရေးအကြီးဆုံးအချက်က သူတို့တွေနားလည်မှုလွဲနေဖို့သာဖြစ်၏။

ဂျန်မင်ဆော့သည် တစ်ခဏခန့်စဉ်းစားလိုက်ပြီး စကားကိုဆက်သည်။

"ဒါပေမဲ့ အကိုယူဂျွန်ဟော့ပြောတာကိုနားထောင်ကြည့်လိုက်တော့ ထင်ယောင်ထင်မှား မိစ္ဆာကိုဘယ်သူသတ်လဲ ကျနော်မှန်းဆလို့ရပြီထင်တယ်"

"…ဘယ်သူသတ်လဲ သိတယ်ပေါ့လေ"

"ဟုတ်ကဲ့။ ကျနော်အရင်ကလည်း ပြောဖူးတယ်။ အကို့ကိုတော့ လိုလိုပိုပို ပြောထားပါမယ်။ ပရောဟိတ်တိုင်းဟာ ကျနော်တို့နဲ့ တဖက်ထဲရှိနေတာမဟုတ်ဘူး"

ဤစကားကိုကြားရမည်ဟု ကျနော်မျှော်လင့်ထားပြီးပြီပင်။ အနာဂတ်ကိုသိသော လူ၄၈ယောက်ရှိနေမှတော့ လုပ်ချင်ရာထလုပ်မယ့်လူတွေလည်း ပါလောက်၏။

"တမာန်တော် ၁၂ပါးလို့ကိုယ့်ကိုကိုယ်ခေါ်တဲ့ ကောင်တွေရှိတယ်ဗျ။ အဲ့ဒီကောင်တွေဟာ ဗျာဒိတ်အစစ်ကို သူတို့ပဲဖတ်ဖူးပြီး ဒီကမ္ဘာကိုကယ်တင်နိုင်တာလည်း သူတို့ပဲ ရှိတယ်လို့ယုံကြည်နေကြတာလေ"

လူ၁၂ယောက်တဲ့လား။

Ways of Survivalကို အခန်း ၅၀အထိ ဖတ်ခဲ့သည့် လူ၁၂ယောက် အရေအတွက်နှင့် ကွက်တိကို တူနေလေသည်။

"အဲ့ဒီကောင်တွေက မင်းတို့နဲ့ဘာလို့ကွာခြားနေရတာလဲ"

"သူ...သူတို့တွေက ကျနော်တို့ထက် ဗျာဒိတ်စာအုပ်ကို ပိုပြီးဖတ်ဖူးထားလို့ပါ"

ထင်သည့်အတိုင်းပင်။

"အခုအချိန်အထိ သိထားတဲ့ တမာန်တော်က ၁၁ယောက်ရှိပါတယ်။ အကိုယူဂျွန်ဟော့နဲ့ ဆုံခဲ့တဲ့ ပရောဟိတ်ဟာ နောက်ဆုံးကျန်တဲ့တမာန်တော်လို့ ကျနော်ကတော့ ယူဆတယ်"

ဤလူတွေသည် စိတ်ကူးစိတ်သန်းကောင်းသောလူများဖြစ်ကြသဖြင့် ဇာတ်ကြောင်း တစ်ခုကို ချပြလိုက်သည်နှင့် အလွယ်တကူ ထပ်မံ၍ ဉာဏ်ကွန့်မြူးကာ ဇာတ်လမ်းဖော်ခဲ့၏။ နားလည်မှုလွဲနေခြင်းက အတော်ပင် ကောင်းလှပေသည်။

နေဦး။ နားလည်မှုလွဲနေတာတဲ့လား။

သေချာစဉ်းစားကြည့်မှ အခန်း ၅၀အထိဖတ်ခဲ့သည့် လူ၁၂ယောက်ဆိုသည်မှာ ကျနော်ပါမှ ၁၂ယောက် ဖြစ်သဖြင့် နောက်ဆုံးကျန်သော တမာန်တော်မှာ ကျနော်သာ ဖြစ်မည်ပင်။

"တမာန်တော်တွေကို မင်းတို့တွေက အမြင်မကြည်ကြဘူးလား"

"အမှန်အတိုင်းပြောရရင်တော့....အမြင်မကြည်တာ မှန်ပါတယ်။ သူတို့တွေက ကျနော်တို့နဲ့ မတူဘဲ ဗျာဒိတ်စာအုပ်ကိုအသုံးချပြီး ကမ္ဘာကိုအုပ်စိုးဖို့ စီစဉ်နေတာလေ"

ဂျန်မင်ဆော့၏အဖြေကိုကြားလိုက်ရချိန်တွင် ကျနော့်စိတ်ထဲ အဘယ်‌ကြောင့် မသက်မသာ ဖြစ်သွားရသလဲပင် မပြောတတ်တော့။

"အဲ့ဒီကောင်တွေဟာ အကိုယူဂျွန်ဟော့ကိုကူညီပြီး ကမ္ဘာပျက်တာကို တားဆီးဖို့ထက် သူတို့အကျိုးစီးပွားအတွက်ပဲ ဦးစားပေးနေတာဗျ။ သူတို့တွေက မိစ္ဆာ ၁၀ပါးနဲ့တောင် တူတယ်"

"မိစ္ဆာ ၁၀ပါးဟုတ်လား …"

"ဒါကြောင့်မလို့လည်း အကိုယူဂျွန်ဟော့ကို ကျနော်တောင်းဆိုချင်တာပါ။ ကျေးဇူးပြုပြီး ကျနော်တို့ကို ဦးဆောင်ပေးပါ။ သူတို့ကို တားပေးပါ"

ကျနော်သဘောပေါက်ပေပြီ။ ဂျန်မင်ဆော့တို့၏ ရည်ရွယ်ချက်အစစ်မှာ ကျနော့်ကို တမာန်တော် ၁၂ပါး နှင့် ရင်ဆိုင်ခိုင်းဖို့ပင်။ အမှန်အတိုင်းပြောရလျှင် အံ့အားတော့ သင့်မိ၏။ ပရောဟိတ်တွေကြားထဲက ရန်ပွဲဖြစ်သောကြောင့် ကျနော့်ကို သူတို့တွေ မလိုအပ်လောက်ဟုသာ ကျနော်တွေးထားခဲ့မိသည်။ တစ်ခဏခန့် ကျနော်စဉ်းစားလိုက်ပြီးနောက် ကျနော်ပြောလိုက်၏။

"ကောင်းပြီလေ။ ငါလက်ခံတယ်။ ငါမဟာမိတ်ဖွဲ့ပေးမယ်"

"တ-တကယ်လား"

"ဒါပေမဲ့ ငါ့ဘက်က တောင်းဆိုစရာတစ်ခုတော့ရှိတယ်"

လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့၏မျက်နှာများမှာ တည်သွားကြပြီး ကျနော်တောင်းဆိုမည့်အချက်ကို နားစွင့်နေကြတော့သည်။

"အရင်ဆုံး ငါ့ကို ချန်စင်ဘူတာပေးရမယ်"

"ဟမ်။ ချန်စင်ဘူတာဟုတ်လား …"

"ချန်စင်ဘူတာက ဒုံမြိုဘူတာနားမှာပဲ ရှိတာလေ။ ဘာတွေအူကြောင်ကြောင်လုပ်နေတာလဲ"

"ဟာ....ဒါဆိုရင် ချွန်မူရိုဘူတာရဲ့ပစ်မှတ်ဘူတာက …"

ဂျန်မင်ဆော့သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံပေါ်သည်။ ပြောရမည်ဆိုလျှင် ယခုကဲ့သို့ မဟာမိတ်ဖွဲ့လိုခြင်းမှာ ချန်စင်ဘူတာကို ရလိုခြင်းကြောင့်ဖြစ်ပေသည်။

အလံအတွက်ကြိုးစားခြင်း ဇာတ်ဝင်ခန်းတွင် ကျနော်သိမ်းယူဖို့လိုကိုလိုသည့် ပစ်မှတ်မှာ ချန်စင်ဘူတာ ဖြစ်၏။ ဘုရင့်လမ်းကြောင်းကို အဆုံးအထိ ကျနော်လျှောက်လှမ်းလျှင်တောင် ချန်စင်ဘူတာကို မရပါက စတုတ္ထမြောက်ဇာတ်ဝင်ခန်းကို ကျနော်ကျော်ဖြတ်နိုင်မည်မဟုတ်ချေ။ စတုတ္ထမြောက် ဇာတ်ဝင်ခန်းကို ကျနော်မကျော်ဖြတ်နိုင်ပါက ကျနော်ရော၊ ကျနော့်အဖွဲ့ပါ အလိုလို သေသွားကြမည်ဖြစ်၏။

သို့သော် လီဆောင်းဂု၏မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။

"စိတ်တော့မရှိပါနဲ့။ အကိုယူဂျွန်ဟော့။ ကျနော်တကယ်ကို စိတ်မကောင်းပါဘူး။ အဲ့ဒီကိစ္စက နည်းနည်းတော့ ခက်တယ်ဗျ"

"ဘာလို့လဲ"

"ချန်စင်ဘူတာရဲ့ပိုင်ရှင်က ကျနော့်အဖွဲ့က လူမဟုတ်ပါဘူး"

"မင်းတို့အဖွဲ့ပိုင်တာမဟုတ်ဘူးလား"

ထူးဆန်းပေသည်။ ဒုံမြိုဘူတာအနားတွင်ရှိနေသည့် ဘူတာဖြစ်သဖြင့် လီဆောင်းဂုတို့ ပိုင်သည်ဟုသာ ကျနော်အပိုင်တွက်ခဲ့ခြင်း ဖြစ်၏။

လီဆောင်းဂုသည် သက်ပြင်းချကာ ပြောသည်။

" ‘မင်းဆိုးမင်းညစ်'က အဲ့ဒီဘူတာကို ပိုင်တာပါ"

မင်းဆိုးမင်းညစ်။ ကျနော်သွေးတွေ အေးခဲသွား၏။

"…အဲ့ဒီကောင်က ဘုရင်တစ်ပါးတောင်ဖြစ်နေပြီလား"

ဆိုးလ်၏ဘုရင်ခုနစ်ပါးထဲက တစ်ပါးဖြစ်သည့် မင်းဆိုးမင်းညစ်သည် ယူဂျွန်ဟော့နှင့် ယှဉ်လို့ရသည့် လူနည်းစုတွေထဲမှ တစ်ယောက်ဖြစ်လေသည်။

အဲ့ဒီကောင် ဘုရင်ဖြစ်လာဖို့ဆိုရင် ရက်အနည်းငယ်လောက်တော့ အချိန်ယူသင့်တာမဟုတ်ဘူးလားကွာ။ ဒိုဘုံဘူတာကနေ စတင်ခဲ့တဲ့ အဲ့ဒီကောင်တောင် အခုလောက်အဆင့်အထိ ရောက်နေပြီဆိုပဲ။ ငါဘယ်လိုတွေးကြည့်ကြည့် အဓိပ္ပါယ်ကိုမရှိဘူးဖြစ်နေတယ်။

လီဆောင်းဂုသည် ကျနော်စိုက်ကြည့်သည်ကိုခံလိုက်ရချိန်တင် ခေါင်းငုံ့သွား လေတော့သည်။

"တကယ်ကတော့...ပ‌ရောဟိတ်တွေထဲက တချို့ အမှားလုပ်မိခဲ့တဲ့အတွက် အဲ့ဒီလူဟာ ရုတ်တရက်ဆိုသလို အစွမ်းတွေအများကြီး ရသွားခဲ့လို့ပါ။ ပရောဟိတ်တွေကိုလိုက်စုစည်းခဲ့ချိန်တုန်းက အဲ့ဒီလူဟာ ချန်စင်ဘူတာကို သိမ်းယူခဲ့တာလေ။ အဲ့ဒီအချိန်တုန်းကဆိုရင် ပရောဟိတ်အရေအတွက် စုစုပေါင်း ၅၃ ယောက် ရှိခဲ့တာပါ"

ရုတ်တရက်ဆိုသလို လီဆောင်းဂုတို့နှစ်ယောက်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းသွားကြပုံပင်။ သေချာစဉ်းစားကြည့်မည်ဆိုပါက အကူအညီသာ မရခဲ့ပါက ကျနော်ကိုယ်တိုင်ပင် ဝတ္ထု၏အစကို မှတ်မိခဲ့မည်မဟုတ်သောကြောင့် သူတို့တွေ ဝတ္ထုအစကို မမှတ်မိခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

"အ-အရမ်းကြီးလည်း စိတ်မပူပါနဲ့။ မင်းဆိုးမင်းညစ်ကို သုတ်သင်နိုင်မယ့် စွမ်းအားကြီး လက်နက်တစ်ခုကို ကျနော်တို့တွေ ပြင်ဆင်ထားပါတယ်။ အဲ့ဒီလက်နက်နဲ့ဆိုရင် မင်းဆိုးမင်းညစ်သာမကဘူး၊ တမာန်တော် ၁၂ပါးလုံးကိုပါ ရင်ဆိုင်လို့ရတယ်ဗျ"

ဂျန်မင်ဆော့ကလည်း ထောက်ခံ၏။

"ကြည့်ရတာ အကိုယူဂျွန်ဟော့ မသိသေးဘူးထင်တယ်။ ဗျာဒိတ်တွေကို အဖြေရှာဖို့ ကျနော်တို့တွေ အများကြီးကြိုးစားခဲ့ရတာပါ …"

မဟုတ်ဘူး။ ငါသိနေပြီ။ မင်းတို့ကောင်တွေကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး။ မင်းတို့ကြောင့် ဇာတ်ကြောင်းတစ်ခုလုံး မပျက်ဆီးသွားခင် အဆုံးသတ်ပေးမှဖြစ်မယ်။

"အင်း....ဟုတ်ပြီလေ....အနှေးနဲ့အမြန်ဆိုသလို အကိုလည်း လက်နက်ကြီးကို မြင်ခွင့်ရမှာပါ"

"လက်နက်ကိုမြင်ခွင့်ရမယ်ဟုတ်လား"

"မနက်ဖြန်ကျရင် တမာန်တော် ၁၂ပါး မပါတဲ့ ပရောဟိတ်တို့၏ညပွဲတော်ကို ကျင်းပမှာပါ။ ဖြစ်-ဖြစ်နိုင်မယ်ဆိုရင် အကိုလည်း …"

ဂျန်မင်ဆော့သည် မျှော်လင့်တကြီးဖြင့် ကျနော့်ကိုကြည့်နေလေသည်။​

"အကိုယူဂျွန်ဟော့။ ကျနော်တို့နဲ့အတူ လိုက်ခဲ့ပေးပါလား"

……………………………………………….

စကားပြောဆိုလို့ပြီးသည်နှင့် ယောင်ဟီဝန်၊ လီဟန်းဆောင်နှင့် ကျနော်တို့ သုံးယောက် လီဆောင်းဂုနေရာချပေးထားသော နေရာ၌ စုဝေးလိုက်ကြ၏။ ချွန်မူရိုဘူတာ၏ အလံကို ကျနော်ကြည့်လိုက်လေသည်။

တနေ့လည် ကုန်သွားပြီးသည့်အချိန်၌ ဒွန်ဒဲမွန်ဘူတာနှင့် ချန်ဂုဘူတာတို့ကို လွှဲပြောင်း ရရှိခဲ့ခြင်းကြောင့် ကျနော့်အလံမှာ ‘အပြာရောင်’သို့ပင် ပြောင်းသွားခဲ့ပြီဖြစ်၏။

[သင်သည် အပြာရောင်အလံ၏အာနိသင်ကို သုံးထားပါသည်။]

[ယခုအချိန်ကစပြီး သင်သည် အဖွဲ့သားများနှင့် 'အဖွဲ့လိုက် သီးသန့်စကားပြောခြင်း'ကို သုံး၍ရသွားပါပြီ။]

ယခုအချိန်ကစပြီး ကျနော်တို့တွေအချင်းချင်း စကားပြောသည့်နေရာတွင် စိတ်ပူပန်ဖို့ မလိုတော့ချေ။ တခြားအဖွဲ့သားတစ်ယောက် တစ်နေရာထဲမှာ ရှိမနေမချင်း အဖွဲ့လိုက် သီးသန့်စကားပြောခြင်းကို ကြားဖြတ်နားထောင်၍ ရမည်မဟုတ်ဟု ပြော၍ရ၏။

ယနေ့ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖြင်း ကျနော်ရှင်းပြလိုက်သည်။ ယောင်ဟီဝန်သည် အခြေအနေကို သတိထားမိခဲ့ပြီးဖြစ်သော်လည်း လီဟန်းဆောင်ကတော့ အံ့အားသင့်နေ လေ၏။

–ဘုရားရေ။ မယုံနိုင်စရာပဲ။ သူတို့တွေက အနာဂတ်ကို တချို့တဝက် သိထားတာလား။ ဒါကြောင့်မလို့လည်း ဒေါ့ဂျာဟာ ယူဂျွန်ဟော့ အယောင်ဆောင်ခဲ့တာပေါ့နော်

–ဟုတ်ပါတယ်

–ဟူး….ဒါဆိုရင် ကျုပ်တို့တွေ ဒီမှာခဏလောက်နေသင့်တာပေါ့။ သူတို့နဲ့ပတ်သတ်သမျှ အချက်အလက်တွေကို စုံစမ်းဖို့လိုတယ်လေ …

–မနေဘူး

–ဟမ်

–ဒီနေ့ပဲ သူတို့တွေကို သင့်တော်သလို စီမံလိုက်တော့မယ်

ယောင်ဟီဝန်ကိုကြည့်ကာ ကျနော်ပြောလိုက်၏။

–ငါတောင်းပန်ပါတယ်။ ယောင်ဟီဝန်

–ရပါတယ်။ ငါအတော်လေးနာသွားရုံပါ

–…

–နောက်တာပါဟ။ ဒေါ့ဂျာက လူမိုက်တစ်ယောက်လိုမျိုးပြုမူနေရတာပဲလေ။ နင်တကယ် စိတ်မကောင်းဖြစ်နေတယ်ဆိုရင် ငါနဲ့ငြိခဲ့တဲ့ကောင်ကိုရှင်းခွင့်သာ ငါ့ကိုပေးပါ

ယောင်ဟီဝန်သည် ပြုံးကာ စကားကိုဆက်ပြော၏။

–ဒါဆိုရင် ဒီညကတော့ အတော်ကိုလောင်တဲ့ညဖြစ်တော့မှာပေါ့နော်

–လောင်-လောင်တယ်ဟုတ်လား

ယောင်ဟီဝန်၏ဟာသကြောင့် လီဟန်းဆောင်မှာ လန့်ဖြန့်သွားတော့သည်။ ခေါင်းကို ကျနော်ခါလိုက်၏။

–အရင်ဆုံး ငါလုပ်ဖို့လိုတာတစ်ခုရှိသေးတယ်

–ဘာလုပ်ဖို့လိုတာလဲ

–အခုဆိုရင် သူတို့အားလုံးလှုတ်ရှားနေကြပြီဆိုတော့ ခက်တော့ခက်မှာဟ

စကားဆုံးဆုံးချင်းမှာပဲ ဝတ်ရုံအသေးလေးတစ်ခုကို ကျနော်ထုတ်လိုက်၏။ ကျနော် ရုတ်တရက်ပျောက်သွားသဖြင့် လီဟန်းဆောင်ဆီကနေ စိတ်ရှုတ်ထွေးသည့် အသံထွက်လာလေတော့သည်။

–အဲ…ဒေါ့ဂျာ

–ကျနော်အချက်ပြလိုက်တာနဲ့ လှုတ်ရှားပေးကြပါ

ဤဝတ်ရုံသည် gold memberဖြစ်သူသာ ဒင်္ဂါး၃၀၀၀ဖြင့် ဝယ်ယူနိုင်သော 'ရသေ့ဝတ်ရုံ'ဖြစ်လေသည်။

ဤဝတ်ရုံကို ငါးခါသုံးလို့ရပြီး တခါသုံးလျှင် မိနစ်၂၀ကြာအောင် 'လုံးဝကိုယ်ယောင်ဖျောက်'ပေးနိုင်၏။

အမှောင်ထုထဲ၌ ကျနော်လုံးဝကိုပျောက်ကွယ်သွားခဲ့ချေပြီ။ အကြွင်းမဲ့နားလည်နိုင်စွမ်း အဆင့် ၆နှင့်အထက် ရှိသူနှင့် ရင်ဆိုင်ရချိန်တွင် ဤဝတ်ရုံကိုသုံးလည်း မထူးသော်လည်း ဤနေရာတွင် မည်သူမှ အကြွင်းမဲ့နားလည်နိုင်စွမ်း စွမ်းရည်မရှိကြချေ။

အိပ်ငိုက်နေသော အစောင့်များကိုကျော်ဖြတ်ပြီး ဟန်ဒုံဂွန်၏တဲဆီသို့ ကျနော် သွားလိုက်လေသည်။

အသံလှိုင်းအတားအဆီးမှာ တဲပတ်လည်တွေရှိသောကြောင့် ကျနော်တဲထဲဝင်လာချိန်၌ အသံကြားသွားမည်ကို ကျနော်စိုးရိမ်မနေခဲ့ချေ။

တဲထဲသို့ ဂရုတစိုက်ဖြင့်ဝင်လိုက်ချိန်တွင် ကီးဘုတ်ရှေ့၌ တစ်ယောက်ထဲထိုင်နေသော ဟန်ဒုံဂွန်ကို မြင်လိုက်ရ၏။ ဟန်ဒုံဂွန်၏မျက်တွင်းများမှာ မနက်အချိန်ထက်ပင် ပို၍မဲနေ၏။

သီးသန့်တစ်ယောက်ထဲဖြစ်နေသည့် ဟန်ဒုံဂွန်သည် စာတွေကို တစ်ယောက်ထဲ ရေးတင်နေလေသည်။ ပရောဟိတ်တွေသည် ဟန်ဒုံဂွန်အား အစွမ်းကုန်မောင်းနှင်နေသည့် အနာဂတ်ကို ခန့်မှန်းချက်တွေဖြင့်ရောနှောပြီး ဖြန့်ဝေပေးနေသော ဝါဒဖြန့်စက်တစ်လုံးသဖွယ် ပြောင်းပစ်ခဲ့၏။ ထိုသို့ဖြန့်ဝေပေးနေမှုမှာ ယခုအချိန်တွင် သက်ရောက်မှုသိပ်မရှိသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အတော်ကို အသုံးဝင်လာမည်မှာ အသေအချာပင်။

ဟန်ဒုံဂွန်၏နောက်ကနေ တိတ်တဆိတ် ကျနော်ချည်းကပ်သွားပြီး ဟန်ဒုံဂွန်၏ပါးစပ်ကိုလှမ်းပိတ်လိုက်၏။ ဟန်ဒုံဂွန်သည် တွန့်ခနဲဖြစ်သွားပြီး ရုန်းကန်သေးသော်လည်း ခွန်အား အဆင့် ၁၀သာရှိသဖြင့် ကျနော့်လက်ကနေ လွတ်အောင် မရုန်းနိုင်ရှာပေ။

ကျနော့်အိတ်ကပ်ထဲကို ကျနော်လက်နှိုက်လိုက်ပြီး ရသေ့ဝတ်ရုံနှင့်အတူ ဝယ်ယူခဲ့သော အသိစိတ်နိုးထခြင်းဆေးအား ထုတ်လိုက်၏။ ထိုဆေးကို ဒင်္ဂါး၃၀၀၀ပေးဝယ်ခဲ့ရသဖြင့် အတော်ကိုစျေးကြီးသည်ဟုပင် ပြောလို့ရသည်။

မနှောမြောဟုပြောလျှင်လိမ်သလိုဖြစ်မည်ဖြစ်သော်လည်း ဒင်္ဂါး၃၀၀၀သုံးပြီး အရိပ်တွေ၏ ရသေ့ဘုရင်ကြီးကို ရမည်ဆိုပါက တန်သည်ဟု ဆိုနိုင်၏။

ဆေးကို ဟန်ဒုံဂွန်၏ပါးစပ်ထဲထိုးထည့်ပြီး သိပ်မကြာခင်မှာပဲ ဟန်ဒုံဂွန်၏အကြည့်မှာ ပြောင်းလာတော့သည်။ စိတ်ညှို့ထားသည့်အာနိသင်မှာ လျော့ရဲလာပြီး ဟန်ဒုံဂွန်မှာ အသိစိတ်ကို စတင်ရလာခြင်းဖြစ်၏။

"အ-အဲ…ခင်ဗျားက…"

ဟန်ဒုံဂွန်မှာ စိတ်ညှို့ခံခဲ့ရသော်လည်း အရာအားလုံးကို မေ့ပျောက်နေခဲ့ခြင်းတော့ မဟုတ်ချေ။ ဟန်ဒုံဂွန်၏ခေါင်းထဲ၌ စိတ်ဒဏ်ရာမျိုးစုံမှာ ပေါ်နေလောက်ပေသည်။ စိတ်ညှို့ထားမှုလုံးဝပျက်ပြယ်သွားသည်နှင့် ဟန်ဒုံဂွန်၏နောက်ကွယ်က ထောက်ပံ့သူမှာ စတင်လှုတ်ရှားလာတော့သည်။

['ဟန်ဒုံဂွန်'ဇာတ်ကောင်၏နောက်ကွယ်က​ ထောက်ပံ့သူပေါ်လာပါပြီ။]

['ကန့်လန့်ကာနောက်ကွယ်က အရိပ်'နက္ခတ်သည် သင့်ကိုကျေးဇူးတင်နေပါသည်။]

[ဒင်္ဂါး ၅၀၀ ထောက်ပံ့ခံလိုက်ရပါသည်။]

ဟန်ဒုံဂွန်သည် အလံကိုလက်ထဲကိုင်ထားရင်း မတ်တပ်ရပ်လိုက်၏။ အလံကို ကျနော်စိုက်ကြည့်လိုက်ရာ ဟန်ဒုံဂွန်မှာ နောက်သို့ဆုတ်သွားလေတော့သည်။

"စိတ်မပူနဲ့။ အလံလုဖို့ ဒီကိုငါရောက်လာတာမဟုတ်ဘူး"

"အ-အဲ "

"မင်းက ဉာဏ်ကောင်းတဲ့လူဆိုတော့ နားလည်လောက်မှာပါ။ ငါသာ မင်းကို ထိခိုက်အောင်လုပ်ချင်ခဲ့ရင် စိတ်ညှို့ထားတာကို ပျက်ပြယ်အောင် လုပ်ပေးခဲ့မှာ မဟုတ်ဘူးလေ"

"ဒါ-ဒါ-ဒါဆိုရင်… "

"ငါက မိတ်ဆွေဖွဲ့ချင်ရုံပါ"

ဟန်ဒုံဂွန်၏မျက်လုံးများတွင် တုန်လှုတ်သွားသော အရိပ်အယောင် ဖြတ်ပြေးသွား၏။ ဟန်ဒုံဂွန်၏ခေါင်းထဲရှိ ရှုတ်ထွေးနေမှုများ ငြိမ်ကျသွားအောင် တစ်ခဏခန့် ကျနော် စောင့်ပေးလိုက်သည်။ ဟန်ဒုံဂွန်သည် စကားကိုကောင်းမွန်စွာ မပြောနိုင်သေးပေ။ ကြည့်ရသည်မှာ ဟန်ဒုံဂွန်ထံတွင် စကားပြောသည့်နေရာ၌ ပြဿနာတစ်ခု ရှိနေပုံရ၏။

"စကားတိုက်ရိုက်ပြောဖို့ခက်နေတာလား။ ဒါဆိုရင်လည်း ဒီကနေတဆင့်ပဲ ပြောကြတာပေါ့"

စမတ်ဖုန်းကို ဟန်ဒုံဂွန်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။

['ဟန်ဒုံဂွန်'ဇာတ်ကောင်သည် 'အဝေးအထိရောက်သော အင်တာနက် အဆင့် ၅'ကို သင်၏စမတ်ဖုန်းပေါ်တွင် သုံးလိုက်ပါသည်။]

[‘ဟန်ဒုံဂွန်’၏ အသိစိတ်နှောက်ယှက်မခံရမချင်း သင်သည် 'ဆိုးလ်အမိုးခုံး'အတွင်းရှိ အင်တာနက်ကို သုံး၍ရသွားပါပြီ။]

ထို့နောက်တွင်တော့ ဟန်ဒုံဂွန်၏နာမည်မှာ စမတ်ဖုန်း မက်ဆင်ဂျာတွင် ပေါ်လာတော့သည်။

–ခင်ဗျားက ဘယ်သူလဲ

–မင်းကို ငါလိုက်ရှာနေခဲ့တာပါ

–အဲ့ဒီစကားကို လီဆောင်းဂုလည်း ပြောခဲ့တာပဲ

–ဟုတ်လား

–ကျနော်…

ဟန်ဒုံဂွန်၏တုန်ရီနေသောလက်ချောင်းများသည် စာဆက်မရိုက်တော့ဘဲ ရပ်သွား၏။ ချက်ချင်းဆိုသလို ကျနော်သဘောပေါက်သွား၏။ ဟန်ဒုံဂွန်ကို ယခုအချိန်၌ စည်းရုံးဖို့မဖြစ်နိုင်သေးပေ။

၁၀ရက်ကျော်ကြာခဲ့သည့်အချိန်အတွင်း ဟန်ဒုံဂွန်၏စိတ်ဒဏ်ရာမှာ အလွယ်တကူ ပြန်မကောင်းသည့်အခြေအနေအထိ ဆိုးရွားစွာ ထိခိုက်ခဲ့၏။

–မင်းကို ငါနားလည်ပေးလို့ရတယ်။ ကြောက်ပြီး တွေဝေနေမှာပေါ့

['ဟန်ဒုံဂွန်'ဇာတ်ကောင်သည် အကြီးအကျယ်စိတ်အနှောက်အယှက်ဖြစ်နေပါသည်။]

–ပေါက်ကရတွေမပြောစမ်းပါနဲ့

–ငါက ဟိုကောင်တွေနဲ့မတူပါဘူးကွာ

–ခင်ဗျားကို ကျနော်မယုံဘူး

–ပရောဟိတ်တွေကို မင်းမမုန်းဘူးလား

ဟန်ဒုံဂွန်မှာ တုန်လှုတ်သွား၏။ စိတ်ညှို့ခံခဲ့ရသောကြောင့် နက်ရှိုင်းသည့် အမုန်းတရားများမှာ ဟန်ဒုံဂွန်၏စိတ်ထဲတွင် ပြည့်နှက်နေချေပြီ။

–မင်းသာ ခွင့်ပြုမယ်ဆိုရင် ဟိုကောင်တွေကို ငါရှင်းပေးနိုင်ပါတယ်

–…ဘာလို့လဲ။ ခင်ဗျားက ပရောဟိတ်တစ်ယောက်ပဲလေ …

–ဟိုကောင်တွေက တည်ရှိနေသင့်တာမဟုတ်ဘူး။ ဟိုကောင်တွေက 'နိဂုံး'ကို ပြောင်းလဲသွားအောင် အနှောက်အယှက်ပေးနေတာလေ

ဟန်ဒုံဂွန်သည် နားမလည်သည့်အကြည့်ဖြင့် ကျနော့်ကိုစိုက်ကြည့်ပြီး စာရိုက်လိုက်သည်။

–ကျနော့်ဆီကနေ…ခင်ဗျားဘာလိုချင်တာလဲ။ ခင်ဗျားက ကျနော့်ရဲ့စွမ်းရည်တွေကို အသုံးချချင်တာပဲရှိတာလေ

ခေါင်းကိုမော့ကြည့်ပြီး ဖြည်းဖြည်းချင်း ကျနော်ပြောလိုက်သည်။

–မဟုတ်ဘူး။ မင်းပြောတာနဲ့ လုံးဝကိုဆန့်ကျင်ဘက်ပဲ

ဟန်ဒုံဂွန်၏မျက်လုံးကို ကျနော်စိုက်ကြည့်ပြီး ခပ်ကျယ်ကျယ်ပြောလိုက်၏။

"မင်းဘာမှလုပ်ဖို့မလိုဘူး"

……………………………………………….

"အခုဆိုရင် ဒုက္ခခံရမယ့်အချိန်တွေက ပြီးသွားပြီ။ မနက်ဖြန်ဆိုရင် အားလုံး အဆုံးသတ်သွားတော့မှာကွ"

"ဟူး…အားလုံးပြီးသွားရင် ဆိုဂျူတစ်ပုလင်းလောက် သောက်ဦးမယ်"

"အေး။ ဟိုမအေဘေးရဲ့မျက်လုံးတွေကို မြင်ခဲ့တယ်မလား။ သူတော်စင်၏မျက်လုံးတွေနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တာကွ။ ငါ့မှာ နှလုံးရပ်မလိုတောင် ဖြစ်သွားခဲ့သေးတယ်"

"ဟားဟား….နိဒါန်းလောက်မှာတင် လက်လျှော့ခဲ့တဲ့ကောင်က သူတော်စင်မျက်လုံးနဲ့ ပတ်သတ်ပြီး ဘာများသိမှာမလို့လဲ"

တက်ကြွနေသော အသံများပေါ်လာနေလေသည်။ အသံတွေမှာ အရမ်းကို စိတ်လှုတ်ရှားနေပုံရသဖြင့် ဆက်ပြီးသာ ကျနော်နားထောင်နေလိုက်၏။

"ဟေ့…တခြားပရောဟိတ်တွေက သံသယရှိနေဆဲပဲနော်။ သူတို့ကို ငါဘယ်လို နားချရမလဲ။ ချွန်မူရိုကိုသွားဖို့ ငါ့ကိုတောက်လျောက် နားပူနားဆာလုပ်နေတာကွ"

"မင်းရဲ့ဖုန်းကိုပေး။ သူတို့နဲ့ငါစကားပြောလိုက်မယ်။ ဒီပုံစံအတိုင်းဆိုရင်…ဟမ်"

ဂျန်မင်ဆော့၏မျက်နှာမှာ တည်သွားပြီး ဖုန်းကီးဘုတ်ကို လျှောက်ရိုက်ကြည့်လေတော့၏။

"အင်တာနက်ရုတ်တရက်ကြီးဘာလို့မရတော့တာလဲ"

"ဟိုချာတိတ်အိပ်ပျော်သွားပြန်ပြီလား။ သွားစစ်ဆေးကြည့်ကြရအောင်"

တဲထဲကနေ ဂျန်မင်ဆော့ထွက်သွားခါနီးအချိန်တွင် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိ သွားတော့သည်။ ထို့နောက်တွင်တော့ ဂျန်မင်ဆော့မှာ လက်ကိုဆန့်တန်းကာ စမ်းကြည့်လိုက်၏။

"ဘာ-ဘာကြီးလဲဟ"

ဝှစ်

"အား"

ဂျန်မင်ဆော့မှာ အော်ဟစ်လိုက်ပြီး ဖင်ထိုင်လျက်ကျသွားတော့သည်။ ရသေ့ဝတ်ရုံကို ကျနော်ချွတ်လိုက်ပြီး ယုံကြည်မှုဓါးကို ဆွဲကိုင်လိုက်၏။

"ယူ-ယူဂျွန်ဟော့။ ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ"

တွေဝေနေသော လီဆောင်းဂုတစ်ယောက် ကြက်သေသေနေချိန်မှာပဲ တဲအပြင်ကနေ ယောင်ဟီဝန်၏ခေါင်း တဲထဲသို့ဝင်လာသည်။

"အတော်များများကိုတော့ ရှင်းပြီးပြီ။ ဒါပေမဲ့ လူအရေအတွက် အရမ်းများလွန်းတော့ ငါကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူးနော်"

တဲထဲကနေ ယောင်ဟီဝန်ပြန်ပျောက်သွားပြီးနောက် တဲအပြင်ကနေ တိုက်ခိုက်သံများ ထွက်ပေါ်လာတော့၏။ ယခုဆိုလျှင် အစောင့်များ လှုတ်လှုတ်ရှားရှား ဖြစ်ကုန်ကြပေပြီ။

"အ-အခုလိုလုပ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ ခင်ဗျားမသိဘူးလား။ ယူဂျွန်ဟော့…. ကျုပ်တို့အားလုံးကို ခင်ဗျားရင်ဆိုင်နိုင်မှာမဟုတ်ဘူးနော်"

"အားလုံးကိုရင်ဆိုင်ရမယ်ဟုတ်လား။ အကုန်လုံးနဲ့ ရင်ဆိုင်ဖို့မလိုပါဘူးကွာ။ မင်းကို ကိုင်တွယ်ဖို့ပဲ လိုတာလေ"

ကျနော့်စကားကြောင့် လီဆောင်းဂု၏နှုတ်ခမ်းမှာ တွန့်သွားတော့သည်။

"စိတ်တော့မရှိပါနဲ့။ ယူဂျွန်ဟော့…ငါခွင့်မပြုနိုင်… "

ရွှက်

လဲကျနေသော ဂျန်မင်ဆော့ဆီသို့ ဓါးဖြင့် အသာအယာခုတ်ပြီး ဝတ်ဆင်ထားသော ချပ်ဝတ်အင်္ကျီကို ဖြတ်ပစ်လိုက်၏။ ဂျန်မင်ဆော့ဆီကနေ အော်သံကြီး ထွက်လာတော့သည်။

"အား"

ဂျန်မင်ဆော့၏အသားစများ ဖွာခနဲဖြစ်သွားပြီး အဝတ်စတစ်ခုပါ ထွက်ကျလာသည်။ ထွက်ကျလာသောအဝတ်စကို ကျနော်ကောက်ယူလိုက်၏။

[သင်သည် 'ဒုံမြိုအဖွဲ့'၏ အလံကိုရရှိသွားပါပြီ]

[သင်၏အပြာရောင်အလံသည် တဖက်အဖွဲ့၏အပြာရောင်အလံဆီမှ အာနိသင်များကို စုပ်ယူလိုက်ပါပြီ။]

[သင်၏ အပြာရောင်အလံသည် အညိုရောင်အလံအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ။]

[အားကောင်းသောအလံသည် သင့်အား ကာကွယ်နေပါပြီ။]

"မင်းကမှ ဒုံမြိုဘူတာရဲ့တကယ့်ကိုယ်စားပြုခေါင်းဆောင်အစစ်ပဲ"

"ဘယ်-ဘယ်လိုဖြစ်ပြီး သိသွားရတာလဲ…"

"မင်းတို့ကောင်တွေ ဘယ်လောက်တုံးတုံး အလံကိုတော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ လျှောက်ပြမှာမဟုတ်ဘူးလေ"

ဟန်ဒုံဂွန်အား ကိုယ်စားပြုခေါင်းဆောင်နေရာထားသည်က ထူးဆန်းလွန်းလှသည်ဟု ကျနော်တွေးခဲ့မိခြင်းဖြစ်၏။ အနာဂတ်ကိုသိထားကြသည့် လီဆောင်းဂုတို့တွေသည် ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်ကို ကိုယ်စားပြုခေါင်းဆောင်နေရာပေးမည် မဟုတ်သည်က သေချာ၏။

သို့ပေသိ လီဆောင်းဂုကိုယ်တိုင်ကပင် ကိုယ်စားပြုခေါင်းဆောင်ဟုတ်မနေခဲ့ချေ။ ထို့ကြောင့် ဖြစ်နိုင်ချေက တစ်ခုသာ ရှိတော့၏။

[ဒုံမြိုဘူတာ၏ကျန်ရှိသောအဖွဲ့သားများသည် သင်၏ဆုံးဖြတ်ချက်ကို စောင့်နေကြ ပါသည်။]

ယခုဆိုလျှင် အစောင့်တွေရှိနေလည်း မထူးတော့ချေ။ မျှော်လင့်ချက်မဲ့နေသော ဂျန်မင်ဆော့သည် ကျနော့်ကိုကြည့်ကာ စကားတထစ်ထစ်ဖြင့် ပြောလိုက်သည်။

"ယူ-ယူဂျွန်ဟော့။ တခြားပရောဟိတ်တွေက ဒီကိစ္စကိုသိသွားမှာပဲ …"

"အင်တာနက်မရှိတော့တဲ့ချိန်မှာ တခြားပရောဟိတ်တွေသိအောင် မင်းတို့တွေက ဘယ်လိုအသိပေးမှာလဲ"

လီဆောင်းဂုသည် သူတို့၏အစီအစဉ်အားလုံး ပျက်ဆီးသွားပြီမှန်း သဘောပေါက်သွားသောကြောင့် ထအော်လိုက်တော့သည်။

"ဘာလို့လဲ။ ဘာလို့ ငါတို့ကို အခုလိုလုပ်ရတာလဲ"

"အေး။ အဲ့ဒီမေးခွန်းကိုမေးလို့ ဘာမှအကျိုးရှီတာမဟုတ်ဘူး။ ငါသာ 'တကယ့်ယူဂျွန်ဟော့အစစ်'ဖြစ်နေခဲ့ရင်တောင် မင်းတို့လိုကောင်တွေနဲ့ မဟာမိတ်မဖွဲ့ဘူးကွ"

"ဘာ-ဘာဖြစ်တယ်။ ဒါဆိုရင် မ-မဟုတ်မှလွဲရော… "

ဖြူဖျော့နေသာ အနှီနှစ်ကောင်ကို ကြည့်ကာ မဲ့ပြုံးပြုံးပြီး ကျနော်ထရယ်လိုက်၏။

"မင်းတို့တွေ ဝတ္ထုကို အဆုံးအထိ ဖတ်ခဲ့သင့်တာကွ"

All Chapters