ပရောဟိတ်တို့၏ည (၃)
Vol. 4 Ch. 52
ကျနော်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။ ယခုကဲ့သို့ ကောင်းကောင်းမွန်မွန် မအိပ်ခဲ့ရတာပင် အတော်ပင် ကြာခဲ့ပြီဖြစ်၏။
[နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်း၏အာနိသင်သည် စိတ်ပိုင်းဆိုင်ရာစွမ်းအားကို အပြည့်အဝ အားပြန်ဖြည့်ပြီးပါပြီ။]
[သင်၏ သီးသန့်စွမ်းရည်အချို့ကို အသစ်ထပ်မံမွမ်းမံပြီးပါပြီ။]
နာရီကိုကြည့်လိုက်ရာ ညနေ ၄နာရီပင်ရောက်နေချေပြီ။
ဒုံမြိုဘူတာနှင့် ပတ်ဝန်းကျင်နယ်မြေကို မနေ့ညက သိမ်းယူခဲ့ပြီးချိန်တွင် ကျနော် လုံးဝကို မောပန်းနွမ်းနယ်ခဲ့၏။
[လက်ရှိသိမ်းယူပြီးသော နေရာများ : ချွန်မူရို (ပင်မစခန်း)၊ မြုံဒေါင်၊ ဒွန်ဒဲမွန်ယဉ်ကျေးမှုပန်းခြံ၊ ဒွန်ဒဲမွန်၊ ဒုံမြို၊ ရှင်ဒန်ဘူတာ၊ ချန်ဂု၊ ယာဆူးဘူတာ၊ ရှင်ဆိုးလ် ဒုံဘူတာ]
ဒုံမြိုအဖွဲ့ကိုဝါးမျိုခဲ့ခြင်းကြောင့် ယခုဆိုလျှင် ဘူတာကိုးခုကို ကျနော်ရရှိသွားခဲ့ပြီ ဖြစ်၏။ နောက်ထပ်ဘူတာတစ်ခုကိုသာ ကျနော်ထပ်မံ၍သိမ်းယူပြီးပါက ဘုရင့်လမ်းကြောင်း ဇာတ်ဝင်ခန်းမှာ ပြီးသွားတော့မည်ဖြစ်လေသည်။
နောက်ထပ်နည်းနည်းကြိုးစားလိုက်မည်ဆိုလျှင် လူမသတ်ဘုရင်ဇာတ်ဝင်ခန်းစဖို့ သော့ချက်တွေထဲက တစ်ခုကို ကျနော်ရရှိနိုင်လောက်သည်။
ကျနော်ထွက်လာသည်နှင့် ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့ကို မြင်လိုက်ရ၏။
"ငါတို့တွေအသင့်ဖြစ်နေပြီ။ ဘယ်အချိန်သွားကြမှာလဲ"
"ခဏလောက်တော့ စောင့်ပေးဦး"
ကျနော့်ဆီသို့လာနေသော လူတွေကို ကျနော်ကြည့်လိုက်၏။
"ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား"
ဒုံမြိုအဖွဲ့မှ အဖွဲ့သားအားလုံးကို ကျနော့်အဖွဲ့ထဲဝင်ခွင့်ပေးဖို့ မနေ့ညက ကျနော် ဆုံးဖြတ်ခဲ့သည်။ ကျနော့်ရှေ့က လူနှစ်ယောက်မှာ မနေ့ညက ဆုံးဖြတ်ချက်ကြောင့်သာ ရှိနေခြင်းဖြစ်သည်။
ဂျန်မင်ဆော့သည် ကျနော့်ကိုဦးညွတ်လိုက်ပြီး စကားဆိုလိုက်သည်။
"…ကျေးဇူးပြုပြီး ကျနော့်ကို အသက်ရှင်ခွင့်ပေးပါ"
"ကျနော့်ကိုလည်း အသက်ရှင်ခွင့်ပေးပါ။ ဟင့်ဟင့်"
စစချင်းတုန်းက လီဆောင်းဂုနှင့် ဂျန်မင်ဆော့ကို သတ်ပစ်ဖို့ ကျနော်စီစဉ်ခဲ့သော်လည်း နောက်တော့ စိတ်ကူးပြောင်းသွားခဲ့လေသည်။ ပရောဟိတ်တွေကို ကျနော်လုံးဝ ရှင်းထုတ်ပြီးသည်အထိ ဤနှစ်ယောက်မှာအသုံးဝင်လောက်သေး၏။
သူတို့နှစ်ယောက်ကို ချွန်မူရိုအဖွဲ့ထဲ ကျနော်ထည့်ခဲ့ပြီး အလံ၏အရောင်ကိုလည်း 'အညိုရောင်'အဖြစ် ဆင့်ကဲပြောင်းလဲစေခဲ့၏။
အညိုရောင်အလံကြောင့်အဖွဲ့သားများကို ကျနော်ထိန်းချုပ်သွားနိုင်ပြီဖြစ်လေသည်။
[သင်သည် ကိုယ်စားပြုခေါင်းဆောင်၏ လုပ်ပိုင်ခွင့်ကို သုံးလိုက်ပါသည်။]
[အဖွဲ့သား လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့၏ လုပ်ဆောင်မှုများကို ထိန်းချုပ်လိုက်ပါပြီ။]
ထွက်ပေါ်လာသော စနစ်မက်ဆေ့ချ်တွေကြောင့် လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့၏မျက်နှာအမူအရာမှာ ပြောင်းသွားတော့သည်။
"၁။ အခုအချိန်ကစပြီး မင်းတို့တွေဟာ ငါ့ရဲ့သရုပ်မှန်ကို ဘယ်သူ့ကိုမှပြောပြခွင့်မရှိဘူး"
"ဟုတ်ကဲ့"
"၂။ မင်းတို့တွေ ငါ့ရဲ့အမိန့်ဟူသမျှကို ချွင်းချက်မရှိ နာခံရမယ်။ ငါ့ရဲ့ခွင့်ပြုချက်မရဘဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကို လှုတ်ရှားခွင့်မရှိဘူး"
"…ဟုတ်ကဲ့"
[အဖွဲ့သား လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့သည် ကန့်သတ်ခံရသည်ကို စိတ်လိုလက်ရ လက်ခံပေးနေပါသည်။]
[ယခုကန့်သတ်မှုသည် တစ်ဘဝစာ ကန့်သတ်ချက်ဖြစ်၏။]
[ကန့်သတ်ထားသည်ကို ချိုးဖျက်ပါက အဖွဲ့သားလီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့မှာ သေရပေမည်။]
ကျနော်ခေါင်းကိုညိတ်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ။ ငါ့စိတ်ဘယ်တော့ပြောင်းသွားမလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ အားလုံးပဲ အလုပ်ကြိုးစားကြပါ။ မင်းတို့ကိုစောင့်ကြည့်ပြီး ဘာဆက်လုပ်ရမလဲ ငါဆုံးဖြတ်မယ်"
လီဆောင်းဂုတို့နှစ်ယောက်မှာ တံတွေးမျိုချလိုက်ကြပြီး ရယ်စရာကောင်းသော မျက်နှာပေးဖြင့် ရပ်နေကြတော့၏။ မည်သို့ပင်ဆိုစေကာမူ သူတို့တွေသည် ယူဂျွန်ဟော့အနားကို ကပ်၍မဖြစ်နိုင်တော့သည်မလို့ ကျနော့်နောက်လိုက်သည်ကပဲ သူတို့အတွက် ပို၍ကောင်းလေသည်။
"ဒါနဲ့ ကိုယ်စားပြုခေါင်းဆောင်အကိုကြီး။ အကိုကြီးကို နောက်ဆိုရင် ဘယ်လိုခေါ်ရမလဲဟင်"
"အခုခေါ်သလိုပဲ ခေါ်။ ဒါပေမဲ့ တခြားပရောဟိတ်တွေရှေ့မှာတော့ ငါ့ကို ယူဂျွန်ဟော့လို့ပဲ ခေါ်ရမယ်။ နေဦး...ဂျန်မင်ဆော့"
"ဟုတ်"
"ငါ့ကို ဝရမ်းပြေးမျက်နှာဖုံးပေးစမ်း"
ဂျန်မင်ဆော့သည် စိတ်ညစ်သွားသော်လည်း မျက်နှာဖုံးကို ကျနော့်ဆီထုတ်ပေးလိုက်၏။ ပရောဟိတ်တို့၏ည ပွဲကို ကျနော်သွားမည်ဆိုပါက ယူဂျွန်ဟော့အဖြစ် ကျနော်အယောင်ဆောင်ဖို့ လိုပေသည်။ ဤမျက်နှာဖုံးသည် ကျနော်သိမနေသော အခြေအနေကိုရင်ဆိုင်ဖို့အတွက် အကောင်းဆုံးကာကွယ်ရေးပစ္စည်းတစ်ခုပင်။
မျက်နှာဖုံးကိုတပ်လိုက်ပြီး သိပ်မကြာခင်မှာပဲ ကျနော့်မျက်နှာရှိကြွက်သားများမှာ ရွေ့လျားသွားပြီး မျက်နှာပုံစံမှာ စတင်ပြောင်းလဲလာတော့သည်။ ကို့ယို့ကားယားနိုင်သည့်ခံစားချက် အနည်းငယ် ပေါ်လာသော်လည်း သိပ်မကြာခင်မှာပဲ ပြောင်းလဲမှုကို အသားကျသွား၏။
"ဟမ်...အဲ့ဒါက ယူဂျွန်ဟော့အစစ်ရဲ့ပုံစံပေါ့နော်"
"အတော်ကိုချောတာပဲ...ဗျာဒိတ်ထဲပါတာက မမှားဘူးကွ"
မအေဘေးတွေကို ကျနော်ဆဲပစ်လိုက်ချင်သော်လည်း ပါးစပ်ကိုပိတ်ထားလိုက်၏။ ဤကိစ္စလောက်လေးနှင့် ကျနော်ဒေါသထွက်မနေသင့်ပေ။
ရုတ်တရက်ဆိုသလို ဂျန်မင်ဆော့တို့နှစ်ယောက်အကြောင်း ပိုပြီးသိထားသင့်သည်ဟု ကျနော်တွေးမိလိုက်၏။
"ဂျန်မင်ဆော့။ မင်းရဲ့ဝိသေသ လက္ခဏာက ဘာလဲ"
ချက်ချင်းဆိုသလို မက်ဆေ့ချ်တစ်ခု ကျနော့်ခေါင်းထဲပေါ်လာတော့သည်။
[ဤလူ၏အချက်အလက်အသစ်များကို ထပ်မံထည့်သွင်းထားပြီးပါပြီ။
…ဘာလဲဟ
စမ်းကြည့်သည့်အနေဖြင့် ဇာတ်ကောင်စာရင်းကို ထပ်ပြီး ကျနော်သုံးကြည့်လိုက်သည်။
[ဇာတ်ကောင်၏ အကျဥ်းချုပ်]
အမည် : ဂျန်မင်ဆော့
အသက် : ၂၅ နှစ်
ထောက်ပံ့သူ : ကျိန်စာသင့် ကြေးစားတိုက်ခိုက်ရေးသမား
သီးသန့်ဝိသေသ လက္ခဏာ: အလင်းထုတ်လွှတ်ခြင်း(ရှားပါး)၊ ၁၀၈၉မြောက် လက်လျှော့သူ (ယေဘူယျ)
သီးသန့်စွမ်းရည် : ဓါးရေးလေ့ကျင့်ခြင်း အဆင့် ၂၊ စွမ်းအားပြင်းလက်သီး အဆင့် ၂၊ ထသောင်းကျန်းခြင်း အဆင့် ၃ ၊ မှတ်ဉာဏ်ပိုကောင်းခြင်း အဆင့် ၅]…
အထူးစွမ်းရည် : ရန်ကြွေးပြန်ဆပ်ခြင်း အဆင့် ၁
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၈၊ ခွန်အား အဆင့် ၁၆၊ လျှင်မြန်မှု အဆင့် ၁၂၊ မှော်စွမ်းအင် အဆင့် ၁၀
ခြုံငုံအကဲဖြတ်ချက် : ကောင်းမွန်သော စွမ်းရည်မျိုးစုံနှင့် ဝိသေသ လက္ခဏာ များကို ပိုင်ဆိုင်ထားသော ကိုယ်စားလှယ်ဖြစ်သည်။ သူ၏ထောက်ပံ့သူသည် အများကြီး အကူအညီ မပေးသော်လည်း စွမ်းဆောင်ရည်ကတော့ စစ်သည်တော်တစ်ယောက်အဖြစ်ပင် ယူဆ၍ ရလေသည်။ ဂျန်မင်ဆော့သာ အနည်းငယ်ပို၍ စိတ်ရှည်ရှည်ထားကာ ဝတ္ထုကိုဖတ်ခဲ့ပါက တမာန်တော် ၁၂ပါး ထဲက တစ်ပါးပင် ဖြစ်နေလောက်မည်ဖြစ်သောကြောင့် ဂျန်မင်ဆော့သည် အတော်ပင်နောင်တရနေခဲ့၏။
…ဇာတ်ကောင်စာရင်းမှာ အချက်အလက်အသစ်တွေကို ထပ်ထည့်ထားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲဟ။
မနေ့ကအထိ ဝိသေသ လက္ခဏာဇယားကို ကျနော်ကြည့်၍မရခဲ့သည့် ဂျန်မင်ဆော့သည် ယခုဆိုလျှင် ဇာတ်ကောင်တစ်ကောင်အဖြစ် ရုတ်တရက်ကြီးဖြစ်လာခဲ့ပြီ ဖြစ်လေသည်။
ဂျန်မင်ဆော့သည် ပရောဟိတ်တစ်ယောက်ဖြစ်ခဲ့သူဖြစ်၏။ တနည်းအားဖြင့် ဆိုရလျှင် ဂျန်မင်ဆော့သည် ဝတ္ထုပြင်ပက ဇာတ်ကောင်တစ်ကောင်ဖြစ်နေခြင်းသာ။
ဒီကောင်က ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဇာတ်ကောင်တစ်ကောင်ဖြစ်သွားရတာလဲ
"ကျနော့်ရဲ့ဝိသေသ လက္ခဏာက... "
"ပြောဖို့မလိုတော့ဘူး"
"ဟုတ်ကဲ့"
လီဆောင်းဂု၏ဝိသေသ လက္ခဏာကိုလည်း ကျနော်အတည်ပြုလိုက်သည်။
လီဆောင်းဂု၏ဝိသေသ လက္ခဏာကတော့ မပြောင်းလဲဘဲ ရှိနေဆဲသာ။ စိတ်ညှို့သူနှင့် နဝမမြောက် လက်လျှော့သူဟုသည့် ဝိသေသ လက္ခဏာက နဂိုအတိုင်း ရှိနေဆဲဖြစ်၏။ နဝမမြောက် လက်လျှော့သူ ဝိသေသ လက္ခဏာမှာ အသုံးမဝင်သည့် ဝိသေသ လက္ခဏာဖြစ်သော်လည်း စိတ်ညှို့သူ ဝိသေသ လက္ခဏာကတော့ အတော်ကိုကောင်းမွန်သော ဝိသေသ လက္ခဏာဖြစ်၏။
"မင်းရဲ့ဖုန်းကိုပေးစမ်း"
"ဟုတ်ကဲ့။ ဒီမှာပါ"
သူတို့ဆီကနေ စမတ်ဖုန်းကိုယူလိုက်ပြီး chat roomနှင့် ချိတ်ဆက်လိုက်၏။
အာ...အင်တာနက်မမိဘူးပဲ။ မနေ့တုန်းက ဒီဖုန်းကို အင်တာနက်ဖြတ်ပစ်ခဲ့တာကို ငါမေ့နေခဲ့တာ
['ဟန်ဒုံဂွန်'ဇာတ်ကောင်သည် 'အဝေးထိရောက်သော အင်တာနက် အဆင့် ၅'ကို သင်ကိုင်ထားသော ဖုန်းပေါ်တွင် သုံးလိုက်ပါသည်။]
[သင်လက်ထဲရှိဖုန်းမှာ အင်တာနက်သုံးလို့ရသွားပါပြီ။]
ကျနော့်အတွေးဆုံးဆုံးချင်းမှာပဲ အင်တာနက်မှာ ပြန်လည်ချိတ်ဆက်သွားတော့သည်။ ဟန်ဒုံဂွန်ရှိရာ တဲဆီသို့ ကျနော်လှမ်းကြည့်လိုက်ချိန်တွင် ကျနော့်လက်ထဲကဖုန်းမှာ တုန်ခါသွားပြီး စာတစ်စောင် ဝင်လာလေတော့သည်။
–ခင်ဗျားကို တစ်ခါလောက် ကျနော်ယုံပေးလိုက်မယ်
မနေ့ညက အဖြစ်အပျက်အပြီး ဟန်ဒုံဂွန်နှင့်ပတ်သတ်ပြီး တစ်ခုခုပြောင်းလဲသွားပုံ ရလေသည်။ ဟန်ဒုံဂွန်ကို စည်းရုံးဖို့ကိစ္စနှင့်ပတ်သတ်ပြီး ကျနော်စိတ်ပူနေခဲ့သောကြောင့် အခုမှပဲ သက်ပြင်းချနိုင်တော့၏။
ဟန်ဒုံဂွန်ဆီသို့ ကျနော်စာပြန်ပို့လိုက်၏။
–ကျေးဇူးတင်ပါတယ်
အနှေးနှင့်အမြန်ဆိုသလို ဟန်ဒုံဂွန်နှင့် ကျနော်စကားပြောခွင့်ရဦးမည်ပင်။ လီဆောင်းဂု၏ဖုန်းကို ကျနော်ဖွင့်လိုက်ပြီး ပရောဟိတ် chat roomထဲသို့ ထပ်မံ၍ ဝင်လိုက်လေသည်။
[Chat Room]
[ပါဝင်သူများ : နံပါတ် ၉ ၊၁၅ သေမလိုခံစားနေရတယ်၊ ၁၂၄ လက်လျှော့လိုက်ကြရအောင်၊ နံပါတ် ၇၆၃၊ နံပါတ် ၈၈၇ လက်လျှော့ပြီ၊ နံပါတ် ၆၄၅....
စုစုပေါင်းလူအရေအတွက် : ၃၅ယောက်]
နံပါတ်တွေနှင့်အတူရှိနေသော နာမည်များကိုကြည့်လိုက်ပြီးနောက် မည်သူတွေဖြစ်မှန်းကို ခပ်ရေးရေး ကျနော်သိသွားလေပြီ။ သို့သော် တစ်ခုခုတော့ ထူးဆန်းနေ၏။
"…လူ ၃၆ယောက်တဲ့လား"
ကျနော့်မေးခွန်းကို ဂျန်မင်ဆော့က ဝင်ဖြေပေး၏။
"အဲ့ဒီဂရုထဲမှာရှိတဲ့ ပရောဟိတ်တွေအားလုံးဟာ စာအုပ်အစောပိုင်းကာလမှာတင် ဆက်မဖတ်ခဲ့ကြတာပါ။ အဲ့ဒီဂရုထဲမှာ တမာန်တော်တွေ တစ်ယောက်မှ ရှိမနေပါဘူး"
သြော်
"ဒါနဲ့ ကိုယ်စားပြုခေါင်းဆောင်အကိုကြီး။ မနေ့တုန်းက အကိုကြီး စကားတစ်ခွန်းပြောခဲ့သလိုပဲနော်။ 'မင်းတို့တွေအဆုံးအထိ ဖတ်ခဲ့သင့်တယ်' ဆိုတဲ့စကားလေ။ ဒါဆိုရင် အကိုကြီးက ဗျာဒိတ်စာအုပ်တစ်အုပ်လုံးကို သိနေတာလား"
မျှော်လင့်တကြီးဖြင့်ကြည့်နေသော ဂျန်မင်ဆော့ကိုကြည့်ကာ ကျနော်ရယ်လိုက်၏။
သိတာပေါ့ကွ
"ယူဂျွန်ဟော့ဆီမှာ ခိုလှုံခွင့်မရဘဲ ငါ့လက်အောက်မှာ ခိုလှုံခွင့်ရလို့ မင်းတို့တွေ နောင်တမရစေရဘူး"
ထို့နောက်တွင်တော့ ပဋိပက္ခဖြစ်နေသော နယ်မြေများကို ရှောင်ရှားကာ အန်းဂုဘူတာဆီသို့ ကျနော်တို့တွေ သွားလိုက်၏။
ပရောဟိတ်တို့၏ညပွဲတော်မှာ ကျင်းပတော့မည်မလို့ ကျနော်တို့တွေ သွားရခြင်းဖြစ်လေသည်။
လီဆောင်းဂု၏ဖုန်းကနေ ကျန်ပရောဟိတ်များကို ကျနော်ထောက်လှမ်းလိုက်၏။
—–
နံပါတ် ၅၁၉ : တကယ်ကြီးလား။ ယူဂျွန်ဟော့က ဒီညနေ ဒီကိုလာမှာလား။
နံပါတ် ၆၇ : သေချာပေါက်ကိုလာမှာ။ လာမယ်လို့ နံပါတ် ၉နဲ့ နံပါတ်၁၀၈၉တို့တွေ မနေ့ကပဲ ပြောခဲ့တာလေ။
၈၈၇ လက်လျှော့ပြီ : နံပါတ် ၉က လူသစ်တစ်ယောက်ဆိုပေမဲ့ နံပါတ် ၁၀၈၉ပါအတည်ပြုပေးထားတာဆိုတော့ ယုံလို့ရပါတယ်။
၁၂၄လက်လျှော့ကြရအောင်: ဒီတခါတော့ ဟိုကောင်တွေတော့ တောသားတွေလို နှပ်ချခံရတော့မယ်ကွ။
၈၈၇ လက်လျှော့ပြီ : နံပါတ် ၁၂၄။ အားလုံးက ဆိုးလ်မှာပဲလေ ㅋㅋ ဟိုကောင်တွေက ဘယ်လိုဖြစ်ပြီး တောသားတွေလို နှပ်ချခံရမှာလဲဟ။
၁၂၄ လက်လျှော့ကြရအောင်: ဟားဟား။ မြို့သားတွေကြားမှာ ငါတို့နိုင်ပြီလို့ ပြောချင်တာပါကွာ ^ ^ v
၈၈၇ လက်လျှော့ပြီ : ငါလည်းပဲ နောက်ပြန်ဆုတ်တဲ့လူဖြစ်ချင်တယ်ကွာ။ အရင်တုန်းကသာ ဝတ္ထုကို သေချာဖတ်ခဲ့မယ်ဆိုရင် မဟုတ်ဘူး....အခန်း ၅၀အထိ ဖတ်ခဲ့မယ်ဆိုရင် ဟိုတမာန်တော်ကောင်တွေကတောင် ငါ့ကိုပြန်ပြီး မနာလိုနေရမှာကွ
၁၅ သေမလိုပဲ : ဒါပေမဲ့လည်း အခန်း ၅၀ကျော်တဲ့အထိ ဖတ်ခဲ့တဲ့ ကောင်တွေက ပုံမှန်မဟုတ်တဲ့ကောင်တွေလို့ မထင်ဘူးလား။ အခန်း ၅၀အထိရောက်အောင် အဲ့ကောင်တွေ ဘယ်လိုများ ဖတ်ခဲ့တာလဲ မသိဘူးㅋ ㅋㅋ
၁၂၄ လက်လျှော့ကြရအောင်: အခန်း ၅၀အထိ ဖတ်ခဲ့တဲ့ကောင်တွေက တကယ့်စိတ္တဇကောင်တွေပါကွာㅋㅋㅋㅋ
—–
ထင်ထားသည့်အတိုင်းပင်။ နာမည်ဝှက်ဖြင့်ပုန်းနေသောလူများသည် စိတ်ထဲရှိသည့်အတိုင်း ပြောတတ်ကြလေ၏။ နာမည်ပြောင်တွေရှေ့က နံပါတ်တွေမှာလည်း ဆက်မဖတ်ဘဲ လက်လျှော့ခဲ့သော စာမျက်နှာ၏ နံပါတ်တွင်ပင် ဖြစ်လောက်ပေသည်။
—–
နံပါတ် ၈၈၈ : ဒါနဲ့ အဲ့ဒီဝတ္ထုက txtဗားရှင်းမရှိတာ သေချာရဲ့လား။
နံပါတ် ၁၂၄ : ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက အင်တာနက်မှာ ငါရှာကြည့်လိုက်တော့ တကယ်ကို ဝတ္ထုနဲ့ ပတ်သတ်တာ ဘာမှရှိမနေဘူးကွ။ ဟူး.... txtဗားရှင်းမရှိတဲ့ ဝတ္ထုဆိုပဲ…
နံပါတ် ၇၆၃ : ဝတ္ထုရဲ့ကော်ပီရှိနေရင်တောင် ဒီအတိုင်း မျှဝေပေးစရာ မလိုပါဘူး။ ရောင်းမယ်ဆိုရင်တော့ ငါ့ဝိညာဥ်ကို ရောင်းရပြီး ဝယ်ရမယ်ဆိုရင်တောင် ဝယ်ချင်တယ်။
—–
Ways of Survivalကိုဖတ်ကြည့်ဖို့ကြိုးစားသည့် အကြံမှာ ပေါ်နေကြပြီပင်။ ဤလူတွေသည် အရင်ကတည်းက ကျနော်နှင့်အတူတူ ဝတ္ထုကို ဖတ်ခဲ့သင့်၏။
“ရောက်ပါပြီ"
"ရောက်ပြီလား"ဟု ကျနော်ပြောမိခါနီးတွင် ကျနော့်ရှေ့မှ အန်းဂုဘူတာ၏စင်္ကြံပလက်ဖောင်းကို မြင်လိုက်ရတော့သည်။ ကျနော်တို့ရှေ့မှ ကြိုတင်ရောက်နှင့်နေသော ပရောဟိတ်များကိုလည်း တွေ့နေရလေပြီ။
သို့သော် ထူးဆန်းတာတစ်ခုတော့ရှိနေလေ၏။
"ဒီနေရာကို ဘယ်သူမှမသိမ်းထားဘူးလား"
"ဟုတ်ကဲ့။ ပရောဟိတ်တွေကြားထဲမှာ ကတိထားထားလို့ပါ။ ပိုင်ရှင်ရှိတဲ့ဘူတာတစ်ခုမှာ တွေ့ဆုံမယ်ဆိုရင် အန္တရာယ်များလွန်းတယ်လေ။ စစ်မဲ့ဇုန်လိုမျိုးပေါ့ဗျာ"
ထို့နောက်တွင်တော့ ပရောဟိတ်တစ်ယောက်ချည်းကပ်လာပြီး လက်ပြနေလေသည်။
"ဟေ့....နံပါတ် ၁၀၈၉"
"အိုး။ အကိုနံပါတ် ၇၆၃"
ဂျန်မင်ဆော့သည် လက်လှမ်းပြပြီး ချည်းကပ်လာသူကို ကြိုဆိုလိုက်သည်။
"မင်းအဆင်ပြေရဲ့လား။ မင်းမျက်နှာက မကောင်းပါလားကွ"
"အကိုက မျက်နှာရိပ်မျက်နှာကဲ အတော်ကိုအကဲခတ်တတ်တာပဲ။ မင်းဆိုးမင်းညစ်ဟာ ကျနော့်ကို ခေါင်းခြောက်အောင်လုပ်နေလို့လေ"
"ဒိုဘုံဘက်ကို ရှေ့ဆက်မတိုးဖို့ ငါပြောခဲ့သားပဲ။ ငါပြောတာကို မင်းဘာလို့ နားမထောင်ခဲ့ရတာလဲဟ …"
နံပါတ် ၇၆၃မှာ ကျနော့်ကိုစိုက်ကြည့်ပြီးနောက် ရုတ်တရက်ဆိုသလို ကြက်သေ သေသွားတော့သည်။
"မ-မဟုတ်မှလွဲရော..သူက... "
ဂျန်မင်ဆော့က ခေါင်းညိတ်ပြသည်။
နံပါတ် ၇၆၃၏မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များပြည့်နှက်သွား၏။
"တွေ့-တွေ့ခွင့်ရတဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ အကိုယူဂျွန်ဟော့"
အော်ကြီးဟစ်ကျယ်ဖြင့် နှုတ်ဆက်လိုက်ခြင်းကြောင့် ပရောဟိတ်များလည်း တစ်ယောက်ပြီးတစ်ယောက် စုဝေးလာကြ၏။
"အဲ့ဒါက… "
ကျနော့်ရှေ့သို့ ပရောဟိတ်များ အပြေးအလွှားစုစည်းကုန်ကြလေပြီ။ ပရောဟိတ်များထဲတွင် မိန်းမပရောဟိတ်တချို့ပင် ပါနေ၏။
"စိတ်ကူးထားတာထက်ကို သူက အများကြီးကြည့်လို့ကောင်းတာပဲ။ ကျမက နံပါတ် ၉၉၈ပါ"
"တွေ့ရတာအရမ်းဝမ်းသာပါတယ်။ အကိုယူဂျွန်ဟော့။ ကျမက နံပါတ် ၁၀၅၅ပါ"
ဘုရင်အစစ်တစ်ပါးလိုပင်ခံစားနေရချေပြီ။ သူတို့၏တောက်ပနေသောမျက်လုံးများသည် ကျနော့်ဆီကနေ အရေးပေးမှုကို မျှော်လင့်နေကြဟန်ရှိ၏။ ကျနော်က ယူဂျွန်ဟော့ မဟုတ်မှန်းသာ သူတို့တွေသိသွားလျှင် မည်သို့ဖြစ်သွားမည်နည်းကိုပင် သိချင်လာမိလေသည်။
ပရောဟိတ်အများစုမှာ အရေးစိုက်၍ပင် မထိုက်တန်သည့်လူများဖြစ်ကြ၏။ ထိုပရောဟိတ်တွေ၏ အနာဂတ်နှင့် ပတ်သတ်သောမှတ်ဉာဏ်များမှာ ဝေဝါးနေသည့်အပြင် စွမ်းရည်များမှာလည်း မည်မည်ရရမကောင်းမွန်လှချေ။
သို့ပေသိ လွှမ်းမိုးနိုင်စွမ်းရှိသော လူတစ်ချို့လည်း ရှိနေ၏။
"ဒုတိယမြောက်နောက်ပြန်ဆုတ်တဲ့အချိန်တုန်းက မိစ္ဆာဘုရင်ကြီး အက်စ်မိုးဒီအက်စ်ကို အကိုတိုက်ခိုက်ခဲ့တာက အရမ်းကိုမိုက်ခဲ့တာဗျ"
ဟမ်
"အဲ့ဒီတိုက်ပွဲအကြောင်းကို ဗျာဒိတ်စာအုပ်မှာ အကြမ်းဖြင်းလောက်ပဲ ပါတာလေ။ အခုဆိုရင် အကိုယူဂျွန်ဟော့နဲ့တွေ့ခွင့်ရနေပြီဆိုတော့ အဲ့ဒီတိုက်ပွဲအကြောင်းကို အကို့ဆီကနေ အသေးစိတ်ကြားချင်ပါသေးတယ်"
Ways of Survivalဇာတ်လမ်းမှာ ယူဂျွန်ဟော့၏ တတိယအကြိမ် နောက်ပြန်ဆုတ်သည့် အချိန်ကနေ ဇာတ်လမ်းစတင်ခဲ့ပြီး ဒုတိယအကြိမ် နောက်ပြန်ဆုတ်ခဲ့ချိန်တုန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကတော့ နောက်ကြောင်းပြန်သည့် အနေနှင့်သာ ပါခဲ့၏။
သို့သော် ဤလူသည် အက်စ်မိုးဒီအက်စ်အကြောင်းကို သိနေလေသည်။
ဇာတ်လမ်းအဆုံးအထိ မဖတ်ခဲဘဲနှင့်တောင် ဘာဖြစ်လို့များ ဒီကောင်က အရမ်းကို သဘောကျတဲ့ပုံလုပ်ပြနေရတာလဲ။
"မင်းက ဘယ်သူလဲ"
"ကျနော်က နံပါတ် ၁၁၆၈ပါ"
ဤလူသည် အခန်း ၅၀နီးပါးအထိ ဖတ်ခဲ့ပုံပေါ်လေသည်။ ပရောဟိတ်တွေထဲရှိ ဇာတ်လမ်းအများဆုံးဖတ်ထားသည့်လူများထဲတွင် ဤလူလည်း ပါလောက်၏။
နံပါတ် ၁၁၆၈က ကျနော့်ကိုမေးလေသည်။
"ဒါနဲ့လေ…အခုတစ်ခေါက်က အကိုယူဂျွန်ဟော့ရဲ့တတိယအကြိမ် နောက်ပြန် ဆုတ်တာမလား"
"ဟုတ်တယ်"
"အာ…ထင်တဲ့အတိုင်းပဲပေါ့ …"
ပရောဟိတ်အချို့ကတော့ အထင်မကြီးသည့်အမူအရာဖြင့် ရှိနေကြလေသည်။
မှန်ပေသည်။
Ways of Survivalဇာတ်လမ်းသည် အဆုံးမရှိသော သံသရာလည်သည့် ဇာတ်လမ်း အမျိုးအစားပုံဖြစ်သောကြောင့် ယူဂျွန်ဟော့၏အစောပိုင်းနောက်ပြန်ဆုတ်ချိန်ကိုသာ သိခဲ့ရသည့်လူများကတော့ စိတ်ပျက်ကြလောက်မည်ပင်။
အစပိုင်း ယူဂျွန်ဟော့၏ ပျော့ညံ့သည့်ပုံစံကိုသာ သိခဲ့ပြီး အဆုံးအထိမဖတ်ခဲ့သော ထိုလူများသည် ဇာတ်လမ်းကိုအားရကြမည်မဟုတ်တာသေချာ၏။
ထို့နောက်တွင်တော့ ကျနော့်နောက်ကနေ အုတ်အော်သောင်းနင်းဖြစ်သော အသံများ ပေါ်လာတော့သည်။
"အကိုလီဟန်းဆောင်"
"သံမဏိဓါး လီဟန်းဆောင်လား"
လူတွေ၏ဝန်းရံသည်ကိုခံရသဖြင့် လီဟန်းဆောင်၏မျက်နှာမှာ ရဲတက်လာ၏။
"ခင်-ခင်ဗျားတို့ဘာလုပ်တာလဲ။ ကျုပ်က သံမဏိဆိုတဲ့ဟာကြီး မဟုတ်ပါဘူးဗျာ"
"ဝိုး။ ဗျာဒိတ်ထဲပါတဲ့အတိုင်းပဲဟေ့။ သူ့ရဲ့လက်မောင်းကြွက်သားကြီးတွေကို ကြည့်စမ်းပါဦး"
"အိုး။ အကြီးကြီးပဲတော်ရေ"
လီဟန်းဆောင်တွင် ကြည့်ကောင်းသည့်မျက်နှာပေါက်ရှိသဖြင့် မိန်းမပရောဟိတ်များ အကြိုက်တွေ့နေလေသည်။ ထိုအချိန်၌ ပရောဟိတ်တစ်ယောက်သည် ယောင်ဟီဝန်ကို စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။
"ဟိုလေ….မဟုတ်မှလွဲရော….နင်က ပင်လယ်စစ်နတ်ဘုရား လီဂျီဟယ်လား"
"မဟုတ်ဘူး"
"ဒါဆိုရင် နင်က… "
"ငါ့နာမည်က ယောင်ဟီဝန်လေ။ ဘာဖြစ်လို့လဲ"
"ဪ"
စိတ်ပျက်သွားသော အဆိုပါပရောဟိတ်သည် ယောင်ဟီဝန်ကို အရေးမစိုက်တော့ဘဲ လီဟန်းဆောင်ထံသာ လှည့်ကြည့်လိုက်သည်။ ယောင်ဟီဝန်သည် အခြေအနေကို လေ့လာပြီး Group Chatထဲကနေ ကျနော့်ကို စကားပြောလိုက်၏။
–ငါ့ကိုကျတော့…လူတွေက ဘာလို့စိတ်မဝင်စားကြတာလဲ။
–ဟီဝန်က အနာဂတ်မှာ နာမည်ကြီးမယ့်လူမဟုတ်ဘူးလေ။
–ကျွတ်
–ဒါကြောင့် အခုအချိန်ကစပြီး အကောင်းဆုံးကြိုးစားပါ။
စိတ်ပျက်နေသည့် ယောင်ဟီဝန်ကို ကျနော် အရေးမစိုက်တော့ချေ။ ပရောဟိတ်တို့၏ညပွဲကို ကျနော်လာခဲ့ခြင်းက အကြောင်းရှိလေသည်။ ယခုလိုမျိုး အချိန်ဖြုန်းနေ၍ မဖြစ်ချေ။
"လက်နက်က ဘယ်မှာလဲ"
"ဟမ်"
"မင်းတို့ဖွက်ထားတဲ့လက်နက်ကိုပြောတာ။ အဲ့ဒီလက်နက်ကို ငါအရင်ဆုံး စစ်ဆေးကြည့်မယ်"
"အာ…ဒီမှာပါ"
၇၆၃ ပရောဟိတ်သည် စိတ်လှုတ်ရှားစွာဖြင့် စင်္ကြံပလက်ဖောင်းအလယ်ဆီသွားလိုက်ပြီး အဝတ်ဖြင့် ဖုံးအုပ်ထားသောအရာပေါ်ရှိ အဝတ်ကိုဖယ်လိုက်ရာ ကြီးမားသော ကျောက်တုံးကြီးတစ်တုံး ထွက်ပေါ်လာတော့သည်။
ရုပ်ရှင်ရုံခေါင်မိုးပေါ်တုန်းက မြင်ခဲ့ရသည့် ဥက္ကာပျံတွေကြွေကျသည့် မြင်ကွင်းကိုပင် ကျနော်အမှတ်ရလာမိသည်။
မဟုတ်သေးဘူး။ ခဏနေပါဦး။
"ဒါကြီးက ဥက္ကာခဲတစ်ခုလား"
"ဟားဟား….မှန်ပါတယ်။ အခုလောလောဆယ်တော့ အကိုယူဂျွန်ဟော့မသိလောက် သေးဘူးဗျ။ ဗျာဒိတ်စာအုပ်အရဆိုရင် ဒီဥက္ကာခဲကြီးမှာ အစွမ်းထက်တဲ့လက်နက်တစ်ခု ရှိနေတယ်လေ"
"လက်နက်ဟုတ်လား"
"ဟုတ်ကဲ့။ လက်နက်ပါ။ အဲ့ဒီလက်နက်ဟာ ထိပ်တန်းအဆင့် ကြယ်အမွေအနှစ်လိုမျိုး လက်နက်တစ်ခုဖြစ်မယ်လို့တော့ ယူဆတာပဲ"
"ဥက္ကာခဲကွဲသွားဖို့က အချိန်ယူဖို့လိုတယ်မဟုတ်ဘူးလား။ အခုလောလောဆယ်တော့ သုံးလို့ရဦးမှာမဟုတ်ဘူးလေ"
"ဟားဟား….မှော်စွမ်းအားကိုလှည့်ပတ်ပေးနိုင်အောင် ကျနော်တို့လုပ်နိုင်ပါတယ်။ ဒီဥက္ကာခဲကြီးဟာ ဒီညမှာပဲ ကွဲသွားတော့မှာပါ။ သန်းခေါင်ထက် ကျော်စရာမရှိဘူးဗျ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက ဥက္ကာခဲကြီးကွဲသွားအောင် ကျနော်တို့တွေ ကြိုးစားခဲ့ရတာလေ…"
ဂုဏ်ယူနေသောမအေဘေးကိုကြည့်ရင်း ကျနော်ပို၍ အေးတိအေးစက်ဖြစ်သွားမိ၏။
လုံးဝကိုအဓိပ္ပါယ်မရှိလှပေ။ စတုတ္ထမြောက်နောက်ပြန်ဆုတ်သည့်အချိန်မတိုင်မချင်း ဒီကိစ္စက သိထားသည့်ကိစ္စမဟုတ်ဟု ပြော၍ရ၏။
"ဘယ်ခွေးသူတောင်းစားက ဒီလက်နက်အကြောင်း မင်းတို့သိအောင် ပြောပြခဲ့တာလဲ"
"ဟမ်"
"ဥက္ကာခဲကို မင်းတို့ဆီ ယူလာပေးတဲ့ စောက်ရူးကိုပြောနေတာကွ"
"အိုး။ အဲ့ဒါကလေ…နံပါတ် ၁၁၂၄က အရင်ဆုံးပြောပြခဲ့တာပါ"
နံပါတ် ၁၁၂၄တဲ့လား။ ဇာတ်လမ်းအစောပိုင်းလောက်ထဲက ဆက်မဖတ်ခဲ့တဲ့ကောင်က ဒီလိုကိစ္စမျိုးကို သိမနေသင့်ဘူးလေ။
"အဲ့ဒီကောင် ဘယ်မှာလဲ"
ဂျန်မင်ဆော့သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ဟိုလေ…နံပါတ် ၁၁၂၄ ဒီကိုမရောက်လောက်သေးဘူးထင်ပါတယ်"
နံပါတ် ၁၁၂၄ဆိုသည့်ကောင် ဤနေရာ၌ ရှိမနေချေ။ တစ်ခဏခန့် စဉ်းစားလိုက်ပြီး ကျနော်ပြောလိုက်၏။
"ငါတို့တွေ ဒီနေရာကနေ ထွက်သွားမှဖြစ်မယ်"
လုံးဝကို ထောင်ချောက်ဆင်ထားခြင်းပင်။
"ဟမ်"
"အခုချက်ချင်းထွက်သွားရမယ်"
Ways of Survivalဇာတ်လမ်း လက်တွေ့ဖြစ်လာပြီး ယူဂျွန်ဟော့နှင့် ပထမဆုံး ဆုံတွေ့ခဲ့ချိန်တွေကလွဲလျှင် ယခုကဲ့သို့ ကျနော်ဇောချွေးမပြန်ခဲ့ဖူးချေ။
ဒါက လက်နက်တဲ့လား။ ဘယ်ကောင်ကများ စောက်ရူးထပြီး လက်နက်လို့ ထင်ရတာလဲဟ။
တုံးအသောအကြည့်ဖြင့်ကြည့်နေကြသည့် ပရောဟိတ်တွေကို ကျနော် စိုက်ကြည့်လိုက်၏။
ထိုစဉ် စင်္ကြံပလက်ဖောင်းမှာ စတင်တုန်ခါလာတော့သည်။
ကျွီ
တုန်ရီနေသော 'ဥက္ကာခဲ'ကြီးကိုကြည့်ကာ ကျနော်နောက်ဆုတ်လိုက်၏။ ပရောဟိတ်တွေကိုရှင်းထုတ်ဖို့အတွက်သာ ကျနော်ဒီကိုလာခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ ကျနော်ကိုယ်တိုင် ရှင်းထုတ်ခံရပေတော့မည်။
"ဘာ-ဘာဖြစ်တာလဲဟ"
ဂျန်မင်ဆော့ဆီကနေ တုံးအသည့် အသံထွက်ပေါ်လာလေသည်။
လခွီးပဲ။ စတုတ္ထမြောက်ဇာတ်ဝင်ခန်းက ပြီးတောင် မပြီးသေးတာကို ပဉ္စမမြောက် ဇာတ်ဝင်ခန်းက 'ကပ်ဆိုးကြီး'က စတောင်စတော့မှာတဲ့လား။
ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့ကို ကျနော်အော်ပြောလိုက်၏။
"ပြေးကြတော့"
ထို့ကြောင့်သာလျှင် ဇာတ်လမ်းကိုအဆုံးအထိ မဖတ်ခဲ့သောကောင်များကို ကျနော်မယုံနိုင်ခဲ့ခြင်း ဖြစ်၏။ ဇာတ်လမ်းကိုစောစောစီးစီးထဲက လက်လျှော့ပြီး ဆက်မဖတ်ခဲ့သော ဤစောက်ရူးများကြောင့် ယနေ့တွင် အရာအားလုံး လွဲမှားရချေတော့မည်။