← Chapters

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၁)

Vol. 4 Ch. 55

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၁)

Vol. 4 Ch. 55

လောကကြီး၌သေဆုံးမှုမျိုးစုံရှိလေရာ အနာကျင်ဆုံးသေဆုံးမှုမှာ သေသည်အထိ လောင်ကျွမ်းခံရသော သေဆုံးမှုဖြစ်ပြီး ထိုသေဆုံးမှုကို စောနလေးတင်ကပဲ ကျနော်လက်တွေ့ကြုံခဲ့ရလေသည်။ ကျနော့်ဦးနှောက်ရှိ အာရုံကြောများကနေ အလင်းရောင်များပင် တပြိုင်ထဲတောက်ပနေပြီဖြစ်၏။

[သီးသန့်စွမ်းရည် 'Fourth Wall'သည် သင်၏နာကျင်မှုကို လျော့ပါးသွားအောင် လုပ်ပေးနေပါသည်။]

နာကျင်မှုမှာ ဖြည်းဖြည်းချင်း လျော့ပါးသွားလေသည်။ Fourth Wallက ကျနော့်ကိုထပ်မံကူညီပေးလိုက်ခြင်း ဖြစ်၏။ ဤစွမ်းရည်ကြောင့် ဒုက္ခတောထဲကနေ လွတ်မြောက်ခဲ့သည့်အခါတိုင်း ထူးဆန်းသော ခံစားချက်က အမြဲပေါ်လာခဲ့သည်။

Ways of Survivalဇာတ်လမ်းသည် ယခုဆိုလျှင်လက်တွေ့ဖြစ်လာခဲ့ပြီး အဆိုပါဇာတ်လမ်းထဲ၌ ကျနော် ပါဝင်နေရပေပြီ။ ထိုသို့ဆိုလျှင် ကျနော့်ကိုအမြဲကူညီပေးခဲ့သည့် ဤ'wall'သည် မည်သည့်အရာဖြစ်မည်နည်း။

·····

ထိုင်စဉ်းစားနေလို့လည်း အချိန်ကုန်တာပဲ အဖတ်တင်ပေမည်။ 'လူမသတ်ဘုရင်' ဝိသေသ လက္ခဏာကြောင့် ကျနော်ဘေးကင်းခဲ့ပြီဖြစ်သဖြင့် ထပ်မံ၍ လှုတ်ရှားရန် အချိန်တန်ပေပြီ။

လူမသတ်ဘုရင်ဖြစ်လာမှသာ ဘေးကင်းစေမည့်ဝိသေသ လက္ခဏာကိုရသော အခြေအနေကို ကျနော်ကြုံခဲ့ရခြင်းဖြစ်၏။ ဤဝိသေသ လက္ခဏာ၏ နာမည်ကို ‘လူမသတ်’ဟုပေးမည့်အစား ‘မသေအစွမ်း’ဟုသာ ပေးသင့်၏။ မည်သိုပင်ဆိုစေကာမူ သိပ်မကြာခင်တွင် ကျနော်၏မူလအတိုင်း ရှိခဲ့သော အသွေးနှင့်အသားများကို ပြန်ရတော့မည်ဖြစ်သည်။

[သင်၏သီးသန့်စွမ်းရည်နှင့် ပဋိပက္ခဖြစ်နေခြင်းကြောင့် လူမသတ်ဘုရင်၏ အထူးအခွင့်အရေးမှာ နှောင့်နှေးပါမည်။]

ဟမ်။ စွမ်းရည်ပဋိပက္ခဖြစ်တာတဲ့လား။

[သင်သည် သေဆုံးခဲ့ခြင်းကြောင့် သင်၏သိစိတ်မှာ ခန္ဓာကိုယ်၏ ချုပ်နှောင်မှုကနေ လုံးဝကို လွတ်မြောက်သွားခဲ့ပါပြီ။]

[သီးသန့်စွမ်းရည် အနှိင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃မှာ အသက်ဝင်လာပါပြီ။]

ကျနော့်စိတ်တွေ မှုန်မှိုင်းလာ၏။

ဟမ်။ ခဏနေပါဦး။ ဒီတခါရော ဘာဖြစ်ဦးမှာလဲ။

「 "ချီး။ သူသာ ပေါ်မလာခဲ့ရင် သိပ်ကောင်းမှာပဲကွာ" 」

ကျနော့်စိတ်တွေမူးဝေလာပြီး ကျနော့်အမြင်တွေလည်း လင်းလက်လာသည်။ ထိုနောက်တွင်တော့ 'မြင်ကွင်း’တစ်ခုကို ကျနော်ကြည့်နေမိတော့သည်။

「 ဂုံဖီဒူသည် စင်္ကြံပလက်ဖောင်းနားက လူတွေကိုလေ့လာရင်း နှုတ်ခမ်းကို သပ်လိုက်သည်။ ယခုဆိုလျှင် သူထွက်ပြေး၍လည်း မရတော့ပေ။ ထွက်ပြေးဖို့ကို ဂုံဖီဒူစဉ်းစားခဲ့သော်လည်း ထွက်ပြေးဖို့ သတ္တိမရှိကြောင်းကို တခြားလူတွေထက် သူ့ကိုသူ ပိုသိပေသည်။

"...အကိုဒေါ့ဂျာ"

ပေါင်မှာလေးလံနေသဖြင့် ဂုံဖီဒူ ငုံကြည့်လိုက်သည်။ ဂုံဖီဒူ၏ပေါင်ပေါ်၌ အသက် ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် အိပ်ပျော်နေလေသည်။

"ငါက ဘာလို့အခုလိုဖြစ်နေရတာလဲကွာ"

အိပ်ပျော်သော လီဂီယောင်ကိုငုံကြည့်ရင်း ဂုံဖီဒူတစ်‌ယောက် တွေဝေနေမိလေသည်။ ထိုနောက်တွင်တော့ ဟိုးယခင်က မှတ်ဉာဏ်များ ဂုံဖီဒူ၏ခေါင်းထဲတွင် ပေါ်လာတော့သည်။ ထိုမှတ်ဉာဏ်များထဲတွင် လီဂီယောင်၏ အသက်အရွယ်လောက်ရှိသော ကလေးတစ်ယောက်ပါ၏။ ထိုကလေးသည် ဂုံဖီဒူ၏သမီးလေးပင်။

ခေါင်းကိုခါလိုက်ပြီး ဂုံဖီဒူ သက်ပြင်းချလိုက်သည်။

–ဖီဒူရေ။ ငါတိုတွေ အခုရပ်လိုက်တော့ရင် ကောင်းမယ်ထင်တယ်နော်။

–အဖေ။ မြေအကြောင်းကို ဘယ်လောက်ကြာအောင် ဆက်ပြောနေဦးမှာလဲ။

မှတ်ဉာဏ်ထဲတွင် ပေါ်လာသည့်ကာလက ဂုံဖီဒူတစ်ယောက် မိသားစုဝင်ငွေကို အဓိက ရှာဖွေခဲ့သော ကာလဖြစ်လေသည်။

ထိုကာလတွင် ဂုံဖီဒူသည် မိသားစုကိုကျွေးမွေးဖို့အပြင် မြေကိုပါ ဝယ်ရန်အလို့ငှာ ငွေကို ရှာခဲ့၏။ ဂုံဖီဒူသာ ကံကောင်းခဲ့မည်ဆိုပါက အိမ်ရှင် သို့မဟုတ် မြေရှင်တစ်ယောက်ဖြစ်လာပြီး အိမ်ငှားတွေကိုပင် ရခဲ့လောက်မည်ဖြစ်သည်။ နောက်ဆုံးတွင်တော့ ဂုံဖီဒူသည် ချွန်မူရို၌ အကြီးဆုံးရင်းနှီးမြုတ်နှံသူ ဖြစ်လာခဲ့သော်လည်း သူ့မိသားစုလေးကိုတော့ မပြိုကွဲအောင် မထိန်းထားနိုင်ခဲ့မှန်း သိပ်မကြာခင်တွင် သိသွားခဲ့ရသည်။

"ရှင့်ကိုကြည့်ရတာ လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင် နေတတ်သားပဲ"

ဂုံဖီဒူခေါင်းမော့ကြည့်လိုက်ရာ လှပသောမျက်နှာလေးတစ်ခုကို မြင်လိုက်ရ၏။ ထိုမျက်နှာပိုင်ရှင်သည် ယူဆန်းအာပင်။ လွန်ခဲ့သော ၂ရက်တုန်းက ဤအမျိုးသမီးသည်ချွန်မူရို၏ လက်ထောက်ခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့သည်။

"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့"

"ရှင်စောနလေးတင်ကပဲ ပြုံးနေခဲ့တာလေ"

ဂုံဖီဒူသည် သဘောမကျသည့်အမူအရာကို လုပ်ပြလိုက်၏။ ယူဆန်းအာသည် ဂုံဖီဒူဘေး၌ တွန့်ဆုတ်စွာဖြင့် ထိုင်ချလိုက်လေသည်။

"ဦးလေးကြီး။ ရှင်က မြေဘယ်နှစ်ကြိမ်လောက်ဝယ်ခဲ့တာလဲ"

"ဟမ်"

"အိမ်ရှင်မဟာမိတ်အဖွဲ့ကလူတွေကို ကျမ ကြည့်လိုက်တော့ 'မြေပိုင်ရှင်'ဆိုလို့ ရှင်တစ်ယောက်ပဲ ရှိတာလေ"

"…မြေတွေအများကြီးပိုင်တိုင်းလည်း ကောင်းတာမဟုတ်ဘူး။ ကောင်းမွန်တဲ့မြေကို ပိုင်ဖို့က အဓိကဟ။ ငါက တွေ့သမျှမြေလိုက်ဝယ်ခဲ့တာလို့ထင်ရအောင် နင်က ငတုံးလား "

"ဒါဆိုရင် ကောင်းမွန်တဲ့မြေဆိုတာက ဘာလဲ"

"စျေးကြီးတဲ့မြေက ကောင်းမွန်တဲ့မြေပေါ့ဟ"

"ဘယ်လိုမြေမျိုးက စျေးကြီးတာလဲ"

"လူတွေအများကြီးလိုချင်တဲ့မြေက စျေးကြီးတာလေ"

"ရှင်ပိုင်ခဲ့တဲ့မြေကရော စျေးကြီးတဲ့မြေပဲလား"

"ဒါပေါ့"

ပိုင်ဆိုင်ခဲ့သောမြေကို ဂုံဖီဒူလိုချင်ခြင်းတော့ မရှိခဲ့ပေ။

ဂုံဖီဒူသည် ယူဆန်းအာ၏မျက်လုံးကိုစိုက်ကြည့်လိုက်၏။ ဤအမျိုးသမီး၏ စူးစမ်းလိုစိတ်က အတော်ပင်ပြင်းပြလှသည်။ ဤအမျိုးသမီးသည် အပြင်ပန်းတွင် ပြုံးနေသော်လည်း ဂုံဖီဒူအတွက်တော့ သက်တောင့်သက်သာမဖြစ်မှုကိုသာ ခံစားနေမိ၏။

ဒိန်း ဒိန်း ဒိန်း ဒိန်း

ထိုစဉ် အဝေးတစ်နေရာကနေ အသံတစ်သံ ထွက်ပေါ်လာတော့သည်။ ယူဆန်းအာမှာ မျက်နှာတည်သွားပြီး ဂုံဖီဒူ၏ပေါင်ပေါ်တွင်အိပ်နေသော လီဂီယောင်သည်လည်း ချက်ချင်းနိုးလာ၏။ လီဂီယောင်၏ကျောပေါ်ရှိ ပိုးဟပ်၏နှုတ်ခမ်းမွှေးမှာလည်း တဆတ်ဆတ်ဖြင့် လှုတ်နေလေသည်။

ချွတ် ချွတ် ချွတ် ချွတ်

ဟေးယောင်ဘူတာဘက်သို့သွားရာ လိုင်းနံပါတ် ၄လှိုဏ်ခေါင်းကနေ တစ်စုံတစ်ခု လာနေချေပြီ။ ယူဆန်းအာ မတ်တပ်ထရပ်လိုက်ချိန်တွင် ဂုံဖီဒူမှာလည်း စွမ်းရည်တစ်ခုကို သုံးလိုက်၏။

['ဂုံဖီဒူ'ဇာတ်ကောင်သည် 'လက်နက်ဇုန် အဆင့်၈’ကို အသက်သွင်းလိုက်ပါသည်။]

ဂုံဖီဒူသည် နှုတ်ခမ်းကိုကိုက်လိုက်သည်။ ချမ်းသာသော မြေပိုင်ရှင်တွေသာ ရရှိသည့် ခံစားချက်ကို ဂုံဖီဒူရနေပေပြီ။

"ဟေ့…လူစုလိုက်တော့"

ကိုယ်ပိုင်ဆိုင်သောမြေကို လုယူဖို့ကြိုးစားနေသည့်လူရှိသည်ဟုသော ခံစားချက်ကို ခံစားမိနေခြင်းဖြစ်၏။

ဒက် ဒက် ဒက် ဒက်

ဂုံဖီဒူ၏ စက်သေနတ်များမှာ အမှောင်ထဲသို့ တပြိုင်ထဲ ပစ်ခတ်လိုက်ရာ လဲကျသွားသံများ ထွက်ပေါ်လာသည်။ လဲကျသွားသူများမှာ မြေကြွက်များ ဖြစ်ကြ၏။

"ရန်သူတွေရောက်လာပြီ။ ဦးလးကြီးဖီဒူနားမှာ လူစုကြတော့။ ဒီမနက်မှာ ကျမတို့ လေ့ကျင့်ခဲ့တဲ့အတိုင်း လှုတ်ရှားကြမယ်"

ယူဆန်းအာက အော်ခေါ်လိုက်ရာ စင်္ကြံပလက်ဖောင်းပေါ်၌ ပြန့်ကျဲနေသော လူများသည် ပြေးလာကြတော့သည်။

"အဖွဲ့ Aက စက်သေနတ်နားမှာ နေရာယူပါ။ အဖွဲ့ Bက ပစ်ခတ်မှုအလယ်မှာနေရာယူပါ။ အဖွဲ့ Cက ဦးလေးကြီးဂုံဖီဒူကို ကာကွယ်ပေးပါ"

ချွန်မူရိုအဖွဲ့က လူတွေမှာ လေ့ကျင့်ထားသည့်အတိုင်း ရာထူးအလိုက် လှုတ်ရှားကုန်ကြ၏။ အဖွဲ့အတွင်းရှိ လူတွေ၏ လျှင်မြန်စွာ တုန့်ပြန်မှုကြောင့် မြေကြွက်များမှာ လဲပြိုနေကြပေပြီ။ အရေးပေါ်ကာကွယ်ရေးအစီအမံကို ချထားသည်ထက်ပင် ရလာဒ်က ပိုကောင်းနေ၏။

ဒါဇင်နှင့်ချီသော မြေကြွက်များ မြေပေါ်လဲကျသွားချိန်တွင် ချွန်မူရိုအဖွဲသားများ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ တွေးမိကြကုန်သည်။ ထိုအတွေးကတော့ ‘လွယ်လိုက်တာ’ဆိုသည့် အတွေးပင်။

လူတိုင်းပူးပေါင်းဆောင်ရွက်နေကြသည်က အမှန်ကို တန်ဖိုးရှိလှသော ရလာဒ်ကို ပေးစွမ်းနိုင်၏။

ထိုစဉ် လှိုဏ်ခေါင်းထဲကနေ အသံတစ်သံကို ချွန်မူရိုကလူများ ကြားလိုက်ရတော့သည်။

"ထင်ထားတဲ့အတိုင်း ဟမဲလင်း ပုလွေလောက်နဲ့မလုံလောက်ဘူးပဲ"

"ယူဂျွန်ဟော့သိမ်းထားတဲ့နေရာကို အဆင့်အတန်း ၉ပဲရှိသည့် သတ္တဝါတွေက ဘယ်လိုလုပ်ပြီးအန်တုနိုင်မှာလဲကွ"

အမှောင်ထဲကနေ လူတစ်စုပေါ်လာ၏။ ထိုလူစုတွင် ယောက်ျားလေးယောက်နှင့် မိန်းမတစ်ယောက်ပါလေသည်။

ဂုံဖီဒူ၏မျက်နှာမှာ တည်သွားတော့သည်။ အဘယ်ကြောင့် မျက်နှာတည်သွားမိမှန်းကို ဂုံဖီဒူကိုယ်တိုင်ပင် မသိချေ။

သို့ပေသိ သေချာတာ တစ်ခုတော့ရှိ၏။ ဤလူတွေသည် ယခင်က ရင်ဆိုင်ခဲ့သည့် လူတွေနှင့် လုံးဝကို ကွာခြားသော လူတွေဖြစ်ခြင်းပင်။

"ချီးပဲ…ဆာမူရိုင်းမလေးကို အမြန်ခေါ်လိုက်တော့"

"ကျမက ရောက်တောင်ရောက်နေပါပြီ"

လီဂျီဟယ် ဆင်းလာချိန်တွင် အေးစက်သည့်ခံစားချက်တစ်ခုကို ခံစားမိလိုက်တော့သည်။

"ပြီးတော့ ကျမကို ဆာမူရိုင်းလို့မခေါ်နဲ့။ မနာချင်ဘူးဆိုရင်ပေါ့လေ"

ထောင့်မကျိုးသည့်ပြန်ထူးသံကို ကြားလိုက်ရသော်လည်း ဂုံဖီဒူ၏ စိတ်တွေကတော့ အနည်းငယ်တည်ငြိမ်သွား၏။ လီဂျီဟယ်ထံတွင် ကြီးမားသော အစွမ်းရှိလေသည်။ သို့ပေသိ စိတ်ထဲမသက်မသာဖြစ်မှုကိုတော့ ဂုံဖီဒူခံစားနေရဆဲပင်။ ဂုံဖီဒူသည် စိတ်လှုတ်ရှားနေပြီး ထိတ်လန့်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေလေ၏။

"ရှင်တို့တွေက ဘယ်သူတွေလဲ။ ရှင်တို့တွေ ဘယ်ကနေ ရောက်လာကြတာလဲ"

"တကယ်ကြီးဟ။ ပင်လယ်စစ်နတ်ဘုရားနဲ့ လက်နက်ခံတပ်သခင်တို့ဟာ တစ်ဖွဲ့ထဲ ဖြစ်နေကြတာဆိုပဲ"

မေးလိုက်သည့်မေးခွန်းကို ပြန်မဖြေဘဲ လှောင်ပြောင်သလို စကားသာ ထွက်ပေါ်လာသည်။

ဂုံဖီဒူက မေး၏။

"ဘာတွေလာပြောနေတာလဲ။ မင်းတို့ကောင်တွေ မြန်မြန်နောက်ပြန်လှည့်ပြီး လစ်ကြတော့။ မဟုတ်လို့ကတော့ မင်းတို့ကို ငါပစ်မှာနော်"

သို့ပေသိ အဆိုပါလူစုသည် ဂုံဖီဒူကို ကြည့်မနေကြချေ။ သူတို့တွေသည် အချင်းချင်းသာ စကားဆက်ပြောနေကြ၏။

"နဂါးကြီးရှိတဲ့နေရာမှာ ဘယ်သူတွေရှိနေတာလဲ"

"နံပါတ် ၅၊ ၆၊ ၈ နဲ့ ၉တို့တွေရှိနေကြတာလေ။ အဲ့ကောင်တွေက တမာန်တော်တွေတော့ မဟုတ်ပေမဲ့ အရည်အချင်းတော့ အတော်လေးရှိကြပါတယ်”

"ဆိုးလ်မြို့အပြင်က တစ်ကောင်က လွဲရင် တမာန်တော်ဆိုလို့ ငါတို့ငါးယောက်ပဲ ရှိတော့တယ်"

"ငါတို့ငါးယောက်နဲ့တင် လုံလောက်ပါတယ်။ ဒီကောင်တွေကို မြန်မြန်လေး ရှင်းထုတ်ကြရအောင်"

ရှေ့သို့ပထမဆုံးထွက်လာသည့်လူမှာ အသက် ၃၀ကျော်လူတစ်ယောက်ဖြစ်ပြီး ဗိုက်မှာလည်း ပူနေလေသည်။

ထိုလူ၏ပုခုံးပေါ်၌ နံပါတ် '၇'ဆိုသော စာလုံးရှိနေလေ၏။ ထိုလူတွင် ထူသော မျက်ခုံးရှိပြီး လီဂျီဟယ်၏ ခြေထောက်ဖြူဖြူလေးကို သွားရည်တမြားမြားဖြင့် ကြည့်နေသည်။

"ပင်လယ်စစ်နတ်ဘုရားကို ငါရင်ဆိုင်လိုက်မယ်။ အဲ့ကောင်မက ပင်လယ်ရှိမနေရင် ဘာမှစောက်ဖြစ်ရှိတဲ့ကောင်မ မဟုတ်ဘူး"

"စောက်မအေဘေးတွေ ဘာပြောလိုက်တာလဲ"

လီဂျီဟယ်သည် ဒေါသတကြီးဖြင့် အော်ဟစ်ကာ ပြေးဝင်သွားတော့၏။ ဂုံဖီဒူလည်း မကူညီပေး၍မဖြစ်တော့ဘဲ စစ်သေနတ်များထဲသို့ မှော်စွမ်းအင်များ ပေါင်းထည့်လိုက်သည်။

"ချီးပဲ။ ငရဲကိုသာ သွားကြတော့"

ဒက် ဒက် ဒက် ဒက်

'၄'ဆိုသော နံပါတ်ပါသည့် ဝတ်ရုံကိုဝတ်ဆင်ထားသော လူသည် ရယ်မောလိုက်၏။

"မိစ္ဆာဆယ်ပါးထဲက တစ်ပါးပီသပါပေတယ်။ ငါတို့တွေ ရောက်လာတာ နည်းနည်းသာ နောက်ကျသွားမယ်ဆိုရင် ငါတို့အားလုံးရှင်းထုတ်ခံရမှာသေချာတယ်"

"နံပါတ် ၃နဲ့၄။ မင်းတို့နှစ်ယောက်က ဂုံဖီဒူကို ရင်ဆိုင်လိုက်။ သတိဝီရိယအပြည့်နဲ့ စက်သေနတ်တွေကို တစ်ခုပြီးတစ်ခုတိုက်ခိုက်ပါ"

နဖူးပေါ်တွင် နံပါတ် '၃'ဟု ရေးထိုးထားသောလူသည် ခေါင်းညိတ်ပြလိုက်သည်။

"အင်း…ငါနားလည်ပါတယ်။ မိစ္ဆာဆယ်ပါးထဲက တစ်ပါးကို ငါတို့နှစ်ယောက် ရင်ဆိုင်နိုင်ပါတယ်ကွ"

"နံပါတ် ၂။ နင်က ကျန်တဲ့လူတွေကိုရင်ဆိုင်လိုက်"

ပါးပေါ်တွင် '၂'ဟုရေးထားသော မိန်းမသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုမိန်းမ၏ လက်ထဲတွင်လည်း ပုလွေတစ်ချောင်းရှိနေ၏။

"ဘာမဟုတ်တဲ့ကောင်တွေကိုပဲ ရင်ဆိုင်ခွင့် ဘာလို့ငါ့ကိုပေးရတာလဲ"

"ကျန်တဲ့လူတွေကိုရင်ဆိုင်ဖို့အသင့်တော်ဆုံးက နင်မလို့ပေါ့ဟ"

"နင်ကရော ဘာလုပ်မှာလဲ"

'၁'ဆိုသည့် စာလုံးရေးထားသော အမဲရောင်ဝတ်ရုံကိုဝတ်ထားသည့်လူသည် ပြန်ဖြေ၏။

"ငါက အလံတိုင်ကိုသိမ်းမှာလေ" 」

အာရုံဝင်စားနေသည်မှာ ပျက်သွားပြီး ကျနော်အသိစိတ်ပြန်ဝင်လာခဲ့၏။

ယခုဆိုလျှင် အားလုံးရှင်းသွားပြီဖြစ်သည်။

အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်။ အီသီယိုဆော၏ဗိုက်ထဲတွင်ရှိခဲ့စဉ်ကလည်း ယခုကဲ့သို့ အတွေ့အကြုံမျိုးကို ကျနော်ခံစားမိခဲ့ဖူးသည်။ ထိုအချိန်တုန်းက ယူဂျွန်ဟော့ကို ကျနော်မြင်ခဲ့ခြင်းဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ လန်းလွန်းလှသည်။ တမာန်တော်တွေနှင့် ရင်ဆိုင်ဖို့ ကျနော့်ဘက်က ပြင်ဆင်ထားပြီးသားဟု ထင်မိခဲ့သော်လည်း ကျနော့်ပြင်ဆင်ထားမှုက မလုံလောက်ခဲ့ချေ။ တမာန်တော်တွေ ယူလာသည့် ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် တမာန်တော်တွေဘက်က ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားမှန်း သိနိုင်ပေသည်။

ဟမဲလင်းပလွေဆိုသည်မှာ မြေကြွက်များကိုထိန်းချုပ်ပြီး ဂုံဖီဒူဘက်က တိုက်ခိုက်လာသော မှော်စွမ်းအင်ကျည်ဆံများကိုရင်ဆိုင်ရာတွင် ဒိုင်းကာအဖြစ် သုံးနိုင်သောအစွမ်းရှိ၏။

တမာန်တော်တွေသည် ချွန်မူရိုကို သိမ်းယူကာ ယူဂျွန်ဟော့ကို ရယူပြီး ဤကမာ္ဘကိုပါ တကယ်ကြီး ဝါးမျိုချင်နေကြပေသည်။

သို့သော် တမာန်တော်တွေဘက်က ထင်ထားသလောက်တော့ အရမ်းလွယ်နေမည်မဟုတ်ချေ။

「 "ဘာ-ဘာလဲဟ။ ပင်လယ်စစ်နတ်ဘုရားဟာ အခုကတည်းက ဒီလောက်တောင် အစွမ်းထက်နေပြီလား။ ဟေ့….တစ်ခုခုလွဲနေသလိုပဲနော်"

နံပါတ် ၇ တမာန်တော်ဆီကနေ အော်ပြောသံ အရင်ဆုံးထွက်လာလေသည်။

လီဂျီဟယ်၏ ထက်မြသောဓါးသည် နံပါတ် ၇တမာန်တော်၏ ကျောကို ဖြည်းဖြည်းချင်း ဖောက်ဝင်နေ၏။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ သဘာဝပင်။ လက်ရှိ လီဂျီဟယ်သည် မူရင်းဇာတ်လမ်းထဲရှိ တတိယအကြိမ်နောက်ပြန်ဆုတ်ချိန်တွင် ရှိခဲ့သောလီဂျီဟယ်၏အနေအထားထက် အများကြီး အစွမ်းထက်နေပြီဖြစ်သည်။

"ချီး။ ဒီစက်သေနတ်နှစ်လက်က ဘာလို့အဲ့လောက်ကြီးအထိ မာရတာလဲကွာ"

နံပါတ် ၃နှင့် ၄တို့လည်း တိုင်ပတ်နေကြချေပြီ။

ယူဆန်းအာ၏ချည်နှောင်ခြင်းကြိုးမျှင်နှင့် လီဂီယောင်၏ Mjolnirတူမှ မိုးကြိုးအစွမ်းတို့ကြောင့် ဟမဲလင်းပုလွေကို ကိုင်ထားသည့် နံပါတ် ၂ တမာန်တော်လည်း အကြပ်တွေ့နေပြီဖြစ်၏။

နောက်ဆုံးတွင်တော့ နံပါတ်၁ တမာန်တော်မှာ ရှေ့ထွက်လာတော့သည်။ နံပါတ် ၁သည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို ထုတ်လိုက်ကာ မီးတို့လိုက်၏။ ထို့နောက်တွင်တော့ အဆိုပါမီးတို့ထားသည့်အရာကို ချွန်မူရိုအဖွဲ့ထံ ပစ်ပေါက်လိုက်လေတော့သည်။

ဘွန်း 」

ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး ချွန်မူရိုစင်္ကြံပလက်ဖောင်းတစ်ခုလုံးမှာ ပေါက်ကွဲမှုတွေဖြင့် ဖုံးလွှမ်းသွားသည်။ ကျနော်ဆွံ့အသွားမိတော့၏။

…ခွေးမသားကတော့ကွာ

[ပြင်းထန်သောပေါက်ကွဲခြင်းမှော်ကျည်ဆံ]

ဤပစ္စည်းသည် ထိပ်တန်းမကောင်းဆိုးဝါးတွေကိုတော့ ကြီးကြီးမားမား ထိခိုက်မိအောင် မလုပ်နိုင်သော်လည်း လူသားတွေကိုတော့ အပြင်းထန်ဆုံးဖျက်ဆီးမှုနဲ့ ကြုံရသည်အထိ ဖြစ်စေနိုင်သော အစွမ်းထက်လက်နက်ဖြစ်လေသည်။

ဤလက်နက်သည် ဂန်ဆိုးနှင့် ဂန်နန်နယ်မြေတို့တွေရှိသော ပစ္စည်းအချို့နှင့် ဖန်တီး၍ရသော လက်နက်တစ်ခုလည်းဖြစ်သလို ဒိုကဲဘီအိတ်ထဲကနေလည်း ဝယ်၍ ရသည့် လက်နက်လည်းဖြစ်၏။

ဤသို့ဆိုလျှင် နံပါတ် ၁ သည် တမာန်တော်တွေ၏ 'ဘုရင်'ဖြစ်လောက်သည်။ နံပါတ်၁ နောက်ကျောရှိခရမ်းရောင်အလံကလည်း ဘုရင်ဖြစ်ကြောင်း သက်သေထူနေပေ၏။

ဖုံတွေဖြည်းဖြည်းချင်း ကျဲပါးသွားချိန်တွင် ချွန်မူရိုစင်္ကြံပလက်ဖောင်းမှာ ပေါ်လာတော့သည်။ ကျနော့်ရင်ထဲတင်းကြပ်သွားမိ၏။ ပြင်းထန်သောပေါက်ကွဲခြင်း မှော်ကျည်ဆံမှာ တမာန်တော်တွေ လက်ထဲရှိနေပြီဆိုလျှင် အခြေအနေမှာ အလေးသာမည်မဟုတ်တော့ချေ။

ဖုံတွေရှင်းသွားပြီးနောက် လဲကျနေသော ချွန်မူရိုအဖွဲ့သားများကို မြင်လိုက်ရတော့သည်။ ချွန်မူရိုအဖွဲ့သားများသည် သွေးများပင် အန်နေကြချေပြီ။

ယူဆန်းအာနှင့်လီဂီယောင်တို့လည်း မြေပေါ်၌ လဲကျနေကြ၏။ ကာကွယ်ရေးတံတိုင်းကို သုံးခဲ့သည့် ဂုံဖီဒူပင် ဒဏ်ရာရခြင်းကို လုံးလုံးလျားလျား မရှောင်ရှားနိုင်ခဲ့ချေ။

「 "ဟူး…အခုမှပဲ ကြည့်လို့ကောင်းသွားတော့တယ်။ ဟုတ်တယ်မလား"

နံပါတ် ၇ တမာန်တော်သည် ကျောင်းဝတ်စုံပြဲနေပြီဖြစ်သည့် လီဂျီဟယ်၏ခေါင်းကို ဆွဲကိုင်လိုက်၏။ လီဂျီဟယ်မှာ ရှေ့ဆုံးတွင်ရှိနေခဲ့ခြင်းကြောင့် ပေါက်ကွဲမှု၌ ထိခိုက်မှုကို အကြီးမားဆုံးခံစားခဲ့လိုက်ရခြင်းပင်။

"နင်က ဘာမှမဟုတ်တဲ့ ဇာတ်ပို့အဆင့်လေ"

"မအေဘေးတွေ….အဟွတ်"

ပြန်အော်ပြောမိသော လီဂျီဟယ်မှာ ဗိုက်ကိုအထိုးခံလိုက်ရ၏။

"ဒီကောင်မကို ငါ့ပေးလို့ရမလား"

"အဲ့ဒီကောင်မလေးကို မင်းက ဘာလုပ်မလို့လဲ။ အချိန်ရှိတာမဟုတ်ဘူးနော်"

"ငါဘာလုပ်မလဲဟုတ်လား။ ပြောရမယ်ဆိုရင် ဒီကောင်မက အဓိကဇာတ်ကောင်နောက်ကို လိုက်ရမယ့်ဆိုးရွားတဲ့ကံကြမ္မာရှိနေတာလေ။ ဒါကြောင့် အဲ့လိုကံကြမ္မာကိုခံစားခိုင်းမယ့်အစား …" 」

လေထဲတွင်မြောက်နေသည့် လီဂျီဟယ်၏ သေးငယ်သောခန္ဓာကိုယ်မှာ တုန်ရီသွားတော့သည်။ နှုတ်ခမ်းတဆက်ဆက်တုန်နေသော လီဂျီဟယ်သည် ကျနော့်ကို စိုက်ကြည့်နေလေ၏။

「 ကျ…မ…ကို…ကူညီ…ပေးပါ」

ကျနော့်ခေါင်းထဲ၌ ပြင်းထန်သော ဒေါသစိတ်များ ပြည့်သွားလေသည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့ ကျနော် ဒေါသထွက်လေ့မရှိပေ။ လီဂျီဟယ်ဆိုသည်မှာ 'ဇာတ်ကောင်'တစ်ယောက်သက်သက်သာ မဟုတ်ပေလော။

[သီးသန့်စွမ်းရည် 'Fourth Wall'မှာ အသက်ဝင်လာပါသည်။]

[အလွန်အကျွံအာရုံဝင်စားနေမှုကြောင့် Fourth Wall၏ အချို့အစွမ်းများကို သုံးမရတော့ပါ။]

ကျနော်အရမ်းကိုအာရုံဝင်စားနေမိလေပြီ။ ကျနော့်ခေါင်းမှာမူးဝေလာပြီး ပျို့ပါ အန်ချင်လာ၏။

[အလွန်အကျွံအာရုံဝင်စားမှုသည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်အစွမ်းအား ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်းကို တိုးမြင့်သွားစေပါပြီ။]

[သင်၏မြင်ကွင်းမှာ ကိုယ်တိုင်တွေ့မြင်ရသည့်အမြင်အဖြစ်သို့ ပြောင်းသွားပါပြီ။]

ကျနော်၏သိစိတ်မှာ ကျဉ်းမြောင်းသွားပြီး သားရေပင်ကဲ့သို့ ဆွဲဆန့်ခံလိုက်ရ၏။ ထို့နောက်တွင်တော့ ကျနော့်မျက်လုံးများကို ဖွင့်ကြည့်လိုက်မိလေသည်။ ကျနော်သည် ချွန်မူရို၌ တကယ်ကိုရောက်နေပြီဖြစ်၏။

…ဘယ်လိုဖြစ်ရတာလဲ။ လီဂျီဟယ်ဟာ တုန်လှုတ်တဲ့မျက်လုံးတွေနဲ့ ငါ့ကိုကြည့်နေတာပါလား။ လီဂျီဟယ်တင်မဟုတ်ဘူး။ စင်္ကြံပလက်ဖောင်းပေါ်က လူအားလုံးကလည်း ငါ့ကိုစိုက်ကြည့်နေကြပါလား။

ပတ်ပတ်လည်ကို ဖြည်းဖြည်းချင်း ကျနော်ကြည့်လိုက်သည်။ လီဂျီဟယ်ရှိရာဆီသို့ ကျနော်လမ်းလျှောက်သွားလိုက်တော့သည်။ အတိအကျပြောရမည်ဆိုလျှင် ကျနော်၏ ခန္ဓာကိုယ်မှာ ကျနော်မခိုင်းစေဘဲ လှုတ်ရှားနေခြင်းဖြစ်၏။

ခြေတစ်လှမ်းပြီးတစ်လှမ်း ဖြည်းဖြည်းချင်း တည်ငြိမ်စွာဖြင့် လီဂျီဟယ်နားကို ကျနော်ကပ်သွားနေလေပြီ။

နံပါတ် ၇တမာန်တော်သည် မျက်မှောင်ကြုတ်ကာ မေး၏။

"မင်းက ဘယ်သူလဲ"

ကိုယ်နှင့်မတော်သော အဝတ်ကိုဝတ်ထားရသကဲ့သို့ ကျနော့်စိတ်ထဲ သက်တောင့်သက်သာ ဖြစ်မနေချေ။ ကျနော့်မြင်ကွင်း၏အမြင့်သည် ခါတိုင်းမြင်နေကျ အမြင့်နှင့် မတူဘဲ ကွဲပြားနေလေသည်။

ထိုအချိန်တွင် ကျနော့်ကိုကျနော် ဘယ်သူဖြစ်နေပြီဆိုသည်အား သဘောပေါက်သွားတော့၏။ ကျနော်မရယ်ဘဲမနေနိုင်တော့ချေ။

သဘောမကျဘူး။ တကယ်ကိုသဘောမကျလိုက်တာကွာ။

လီဂျီဟယ်၏နှုတ်ခမ်းများမှာ အနည်းငယ်လှုတ်ရှားသွား၏။

"ဆ…"

အကြိမ်ပေါင်းများစွာ လုပ်ဖူးနေသကဲ့သို့ ဓါးလက်ကိုင်ကို ကျနော်ကိုင်လိုက်၏။

ဆုပ်ကိုင်ထားသော ကျနော့်လက်ချောင်းများမှာ သဘာဝကျစွာဖြင့် လှပနေလေသည်။ အူမြူးသောခံစားချက်တစ်ခုကို ပထမဆုံးအကြိမ်ခံစားမိလိုက်သဖြင့် ကြက်သီးပင် ကျနော်ထသွားမိ၏။

ဓါးမှာ တိတ်တဆိတ်ပဲ လှုတ်ရှားသွားသည်။ မည်သူမှ ဘာမှ မမြင်လိုက်ကြချေ။

ဓါးမှာ တစ်ခုခုကို ဖြတ်ဝင်သွား၏။ တစ်စုံတစ်ရာမှာ ခုတ်ဖြတ်ခံလိုက်ရပြီး မြေပေါ်သို့ ကျဆင်းသွားတော့သည်။

လူအချို့မှာ တုန်လှုတ်နေကြပြီး ကျန်လူတွေကတော့ အံ့အားသင့်နေကြ၏။

လီဂျီဟယ်ကို မြှောက်ကိုင်ထားသော နံပါတ် ၇တမာန်တော်မှာ ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားလေသည်။ နံပါတ် ၇၏လည်ပင်းမှလည်း သွေးများ ပန်းထွက်နေ၏။ ကျနော့်လက်များကိုလှုတ်ရှားလိုက်ပြီး ပြုတ်ကျလာသော လီဂျီဟယ်ကို ဆီးဖမ်းလိုက်သည်။

"ဆ…ဆရာ …"

လီဂျီဟယ်ကို ပလက်ဖောင်းပေါ်သို့ ဖြည်းဖြည်းချင်း ကျနော်ချလိုက်သည်။ ထို့နောက် ကျနော့်ခေါင်းကိုမော့ကြည့်လိုက်ရာ တမာန်တော်များ ကျနော့်ထံစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထို့နောက်တွင်တော့ နံပါတ် ၃ တမာန်တော်ထံကနေ စကားသံ ထွက်လာတော့သည်။

"မင်း….မင်းက ဘယ်သူလဲ"

ရယ်စရာပင်။ အတော်ကိုတုံးအသည့် မေးခွန်းဖြစ်၏။ ကျနော်ဖြည်းဖြည်းချင်း ပါးစပ်ကို ဖွင့်လိုက်သည်။

"ငါ့နာမည်က…..ယူ…ဂျွန်….ဟော့"

လောကကြီး၌ အအေးစက်ဆုံးနှင့် အထီးကျန်အဆန်ဆုံးစကားသံမှာ ထွက်ပေါ်လာသည်။ အိပ်ပျော်နေသော ရွှေမင်းသားလေးသည် နောက်ဆုံးတွင်တော့ နှစ်ခြိုက်စွာ အိပ်စက်နေရာမှ နိုးလာခဲ့ပြီဖြစ်၏။

"ပြီးတော့ မင်းတို့ကောင်တွေ ဒီမှာပဲ သေစေရမယ်"

ယခုဆိုလျှင် ချွန်မူရိုမှာ ဘေးကင်းသွားလေပြီ။

.

.

ကျနော့်အသိစိတ်မှာ ယူဂျွန်ဟော့၏ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီး ကျနော့်မူလခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ရောက်လာ၏။

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃ကို ပိတ်လိုက်ပါပြီ။]

[စွမ်းရည်ပဋိပက္ခဖြစ်မှုမှာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။]

[လူမသတ်ဘုရင်၏အထူးအခွင့်အရေးမှာ ပြန်၍ပေါ်လာပါသည်။]

[သင်၏ခန္ဓာကိုယ်သည် သေရာမှ ပြန်လည်နိုးထလာပါပြီ။]

All Chapters