← Chapters

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၂)

Vol. 4 Ch. 56

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၂)

Vol. 4 Ch. 56

[သင်၏အသွေးအသားများကို ပြန်လည်ဖန်တီးမှုစတင်ပါပြီ။]

ကျနော်၏အမြင်အာရုံမှာ ဖြည်းဖြည်းချင်း ရှင်းလင်းလာလေသည်။ တိတိကျကျ ပြောရလျှင် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မမြင်နိုင်ခဲ့ခြင်းဖြစ်၏။ ကျနော်၏အရိုးတွေ၊ ဆံချည်မျှင်သွေးကြောတွေ၊ အစာချေရည်ပြွန်၊ အသက်ရှုလမ်းကြောင်းနှင့် ကျနော့်မျက်လုံးအစုံကတော့ ပြန်ကောင်းလာခဲ့ပြီဖြစ်သည်။ ကျနော်၏ အာရုံငါးပါးမှာတော့ ရှုတ်ထွေးနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ချွန်မူရိုနှင့်ပတ်သတ်ပြီး ကျနော်စိတ်ချလို့ရသွားပြီဖြစ်၏။

တမာန်တော်တွေ မည်မျှပင် အစွမ်းထက်ကြပါစေ မူရင်းဇာတ်လမ်းထဲရှိ ယူဂျွန်ဟော့ထက်ပင် အစွမ်းထက်နေပြီဖြစ်သည့် လက်ရှိယူဂျွန်ဟော့ကို မည်သို့မှ အနိုင်ယူနိုင်ကြမည်မဟုတ်ချေ။

တကယ်ကို ထူးခြားလှသည့်အတွေ့အကြုံကိုလည်း ကျနော်ခံစားလိုက်ရခြင်း ဖြစ်၏။ ယူဂျွန်ဟော့အနေဖြင့် ကိုယ်တိုင်တွေ့မြင်ရသည့်အမြင်ကို ကျနော်မြင်ခဲ့ရသော်လည်း ဖြစ်နိုင်မည်ဆိုပါက ထိုကဲ့သို့ ထပ်၍မမြင်ချင်တော့ပေ။

[သီးသန့်စွမ်းရည် 'Fourth Wall'သည် သေဆုံးခဲ့မှုကြောင့်ရရှိခဲ့သော သင်၏ စိတ်ဒဏ်ရာမကျန်ရစ်အောင် လုပ်ပေးနေပါသည်။]

[အနှိင်းမဲ့စာဖတ်သူ၏ရှုထောင့်အတွက် လျော်ကြေးရှင်းတမ်းကို ပြင်ဆင်နေပါပြီ။]

…လျော်ကြေးရှင်းတမ်းတဲ့လား။

အဝေးကနေ ယောင်ဟီဝန်လှမ်းအော်နေသည်အား ကျနော်မြင်နေရ၏။ ယောင်ဟီဝန်၏ မျက်နှာမှာ အံ့အားသင့်နေပုံပေါက်ပြီး ယောင်ဟီဝန်ကို လီဟန်းဆောင်က ဆွဲထားလေသည်။ ဂျန်မင်ဆော့နှင့် လီဆောင်းဂုတိုသည်လည်း တုန်လှုတ်စွာဖြင့် ကျနော်ရှိရာသို့လှမ်းကြည့်နေကြ၏။

ကံကောင်းစွာဖြင့် သူတိုအားလုံးဘေးကင်းစွာဖြင့် ရှိနေကြဆဲပင်။

"ဒေါ့ဂျာ"

ယောင်ဟီဝန်သည် သတိလက်လွတ်ဖြင့် ကျနော့်နာမည်ကိုအော်ခေါ်လိုက်သည်။

အမှန်အတိုင်းပြောရလျှင် ဖုံးကွယ်နေဖိုလည်း မလိုတော့ပေ။ အသစ်ဖြစ်တည်လာသော ကျနော့် အဆုတ်ထဲသို့ လေများဝင်လာ၏။ ညှာတာမှုကင်းမဲ့သည့် သာမန်နဂါးကတော့ ရှိနေသေးသည်။

"အကိုယူဂျွန်ဟော့က တကယ်ကိုကြမ်းတယ်ဟေ့"

"ပြန်လည်ကောင်းမွန်ခြင်း နတ်ဘုရားဆေးလုံးကိုများ သုံးလိုက်တာလားမသိဘူး"

အဆိုပါအော်သံများမှာ အသက်ရှင်ကျန်ရစ်သော ပ‌ရောဟိတ်တွေဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူတိုထင်နေသလို ကျနော့်ထံတွင် နတ်ဘုရားအလျင် ပြန်လည်ကောင်းမွန်နိုင်စွမ်းတော့ မရှိချေ။ သေရာကနေပြန်ရှင်ခြင်းက ပြင်းထန်သောဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ခြင်းအခြေအနေနှင့် လုံးဝကို မတူဟု ပြော၍ရ၏။

[လူမသတ်ဘုရင်၏အကျိုးခံစားခွင့်မှာ ပြီးပြည့်စုံသွားပါပြီ။]

[ကမ္မအမှတ် ၁၀၀ကို သုံးစွဲလိုက်ပါပြီ။]

[သင်၏အသွေးအသားမှအညစ်အကြေးများမှာ လုံးဝကိုဖယ်ရှားလိုက်ပြီဖြစ်ပြီး သင့်ခန္ဓာကိုယ်၏ လုပ်ဆောင်မှုမှာ တိုးတက်လာပါပြီ။]

[ကိုယ့်ခန္ဓာကြံ့ခိုင်မှုနှင့် မှော်စွမ်းအင်တိုမှာ တစ်မှတ်စီ တက်လာပါသည်။]

ပြန်လည်ရှင်သန်ခြင်း၏ အပိုဆုကို ရရှိလိုက်ခြင်း ဖြစ်၏။ ထိုကြောင့်မလိုလည်း ‘လူမသတ်ဘုရင်’ဟူသည်မှာ မမျှတသော ဘွဲ့ထူးဖြစ်နေခြင်းပင်။ Ways of Survivalဇာတ်လမ်းတစ်ခုလုံးတွင် အမေရိကားမှ ဆယ်လီနာ ကင် သာ လူမသတ်ဘုရင်ဝိသေသ လက္ခဏာကို ရခဲ့ဖူး၏။

[လက်ရှိကမ္မအမှတ် : ၀/၁၀၀]

[သင် နောက်တစ်ကြိမ်အသက်ပြန်ရှင်နိုင်စေရန်အတွက် အမှတ်များကို ဖြည့်ပါ။]

[လူတစ်ယောက်၏အသက်ကိုကယ်တိုင်း ကမ္မအမှတ် ၁မှတ်ကို ရရှိမည်ဖြစ်သည်။]

လူမသတ်ဘုရင်၏အထူးအခွင့်အရေးမှာ 'ပြန်လည်ရှင်သန်မှု'ဖြစ်၏။ ချွင်းချက်မရှိ ပြန်လည်ရှင်သန်နိုင်ခြင်းတော့မဟုတ်ချေ။ ပြန်လည်ရှင်သန်ဖိုဆိုလျှင် ကမ္မအမှတ်များကို လိုအပ်လေသည်။

ပထမဆုံးပြန်လည်ရှင်သန်ခြင်းအတွက် အမှတ်၁၀၀သာ လိုအပ်ခဲ့ခြင်းက ကံကောင်းလှ၏။

ဂါး

[အဆင့်အတန်း ၅ရှိသော မီးနဂါးမျိုးစိတ် 'သာမန်နဂါးအစ်ဂနီ'သည် 'ဖျက်ဆီးခြင်းမီးလျှံများ'ကို သုံးနေပါသည်။]

ပြန်ရှင်လာသည်နှင့် ချက်ချင်းသေသွား၍ မဖြစ်ချေ။ ကျနော့်တွင် အမှတ် ၀ သာ ရှိတော့သောကြောင့် အသက်ပြန်လည်ရှင်သန်ခြင်း အထူးအခွင့်အရေးကို တစ်ခဏခန့်သုံး၍ ရဦးမည်မဟုတ်ချေ။

ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ '၂'ဟု ရေးထားသော ခြေချရာနေရာတစ်ခုကို ကျနော် ရှာတွေ့လိုက်၏။ တခြားလူတွေသည် ခြေချရာနေရာအသီးသီးတွင် မတ်တပ်ရပ်နေကြပေပြီ။

"ဟန်းဆောင်။ ဟိုကိုသွားလိုက်။ ဘေးကို ကျမတို့သွားကြမယ်"

ယောင်ဟီဝန်၏ဆုံးဖြတ်ချက်အတိုင်း ကျနော့်ထံသို့ လီဟန်းဆောင် ပြေးလာနေပေပြီ။ ကျနော့်ထံသို့ လီဟန်းဆောင်ရောက်ရှိလာချိန်တွင် လီဟန်းဆောင်မှာ ချွေးတွေရွှဲနေလေ၏။

"ဒေါ့ဂျာ အဆင်ပြေရဲ့လား"

"မယုံနိုင်စရာပဲ"

"…ကိုယ့်မျက်လုံးကိုတောင် ကိုယ်မယုံနိုင်ဘူးဖြစ်မိသွားသေးတယ်"

မည်သိုဖြစ်ပျက်သွားသည်ကို ပြန်ရှင်းပြဖိုတော့ ကျနော့်တွင် အချိန်ရှိမနေချေ။

[အကြွင်းမဲ့ဒိုင်းကာသည် အသက်ဝင်လာပါပြီ။]

ဖျက်ဆီးခြင်းမီးလျှံများသည် ကျနော့်မျက်စိရှေ့တွင် လောင်ကျွမ်းနေလေ၏။ ကျနော့်ကို ဘုရားသခင်ဟု ယူဆပြီး ကြည့်နေသော လီဟန်းဆောင်ကို ကျနော်စကားပြောလိုက်သည်။

"ဟန်းဆောင်။ ကျနော့်အတွက် ဝတ်စရာတစ်ခုခုမရှိဘူးလား။ ခေါင်းစွပ်ဝတ်ရုံဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ …"

"ကျုပ်က စစ်သားတစ်ယောက်ဆိုတော့...အဲ... "

လက်ရှိအခြေအနေကို လီဟန်းဆောင်သည် ယခုမှပဲ သတိထားမိသွားပြီး ကျနော့်ခန္ဓာကိုယ်ကို ကြည့်လိုက်လေသည်။ ပြန်လည်ရှင်သန်မှုအစွမ်းက ကောင်းမွန်သော်လည်း ပြဿနာတော့ တစ်ခုရှိ၏။ ထိုပြဿနာမှာ ဝတ်ဆင်ထားသော အဝတ်မှာ အရည်ပျော်သွားခဲ့ပြီး ကျနော်ရယူခဲ့သော ပစ္စည်းအတော်များများပါ ပျက်ဆီးသွားခဲ့ခြင်းဖြစ်လေသည်။

တနည်းအားဖြင့်ဆိုရလျှင် ကျနော် ယခု ဖင်တုံးလုံးဖြစ်လို့နေချေပြီ။

"…ဘာအဝတ်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"

ခပ်တိုးတိုးပဲ ကျနော်ပြောလိုက်၏။

ရယူခဲ့သော ပစ္စည်းအများစုမှာ ပျက်ဆီးသွားခဲ့သော်လည်း ဇာတ်ဝင်ခန်းက ရသော ပစ္စည်းများနှင့် ကြယ်အမွေအနှစ်များကတော့ ပျက်ဆီးခြင်းမရှိခဲ့ချေ။ ထိုပစ္စည်းများကို ဖျက်ဆီးခြင်းမီးလျှံများဖြင့်ပင် အရည်ပျော်ကျသွားအောင် လုပ်၍မရဟု ပြောလို့ရ၏။ ယခုဆိုလျှင် မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးသည် သာမန်နဂါး၏ခြေထောက်နားတွင် ရှိနေပြီး အညိုရောင်အလံမှာလည်း နဂါးကြီးအနားရှိ မြေပေါ်တွင် ကျနေသောကြောင့် အခြားလူများ အလွယ်တကူကောက်ယူသွား၍မရသော အခြေအနေတွင်တော့ ရှိနေ၏။

ဒိုင်းကာပျောက်သွားသွားချင်းမှာပဲ အဝေးတွင်ရှိနေသော လူများ စတင်ပြေးလာတော့သည်။ ရှေ့ဆုံးကနေပြေးလာသူမှာ ယောင်ဟီဝန်ဖြစ်လေ၏။

"ဒေါ့ဂျာ"

ကျနော့်ဆီပြေးလာသော ယောင်ဟီဝန်၏မျက်နှာ တည်နေလေသည်။

[' မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် အမဲရောင်မြွေနဂါးကြီးကို ကြည့်နေပါသည်။]

ကျနော့်ကိုစိုက်ကြည့်ပြီးနောက် ယောင်ဟီဝန်အကြည့်လွှဲသွားသည်ကို ကျနော် သတိထားမိလိုက်၏။

"ငါဘာမှမမြင်လိုက်တာမလို့ စိတ်မပူနဲ့။ အခုအချိန်က နင်ဖင်တုံးလုံးဖြစ်နေတာကို ဂရုစိုက်မိမယ့်အချိန်မျိုးလည်း မဟုတ်ဘူးလေ"

ယောင်ဟီဝန်၏စကားကြောင့် ကျနော်တွန့်သွားမိသည်။ ထို့နောက်တွင်တော့ ခေါင်းစွပ်ဝတ်ရုံတစ်ခု ကျနော့်ခန္ဓာကိုယ်ပေါ် လွှမ်းခြုံသွားတော့သည်။ ထိုဝတ်ရုံကို သေချာကြည့်လိုက်ရာ အတော်ကိုကြီးမားသော ဝတ်ရုံဖြစ်ကြောင်း မြင်လိုက်ရ၏။

[ဆန်းမြုံဒန်၏ကောက်ရိုးဝတ်ရုံ]

ယောင်ဟီဝန်သည် အဆိုပါကောက်ရိုးဝတ်ရုံကို ကျနော့်ဆီ ပေးလိုက်ခြင်းဖြစ်သည်။

"ကျေးဇူးတင်ပါတယ်။ ယောင်ဟီဝန်"

ယောင်ဟီဝန်အား ကျနော်အလွန်ကျေးဇူးတင်မိသွားသည်။

['တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး'သည် အနည်းငယ်ဝမ်းနည်းသွားပါသည်။]

"သွားကြရအောင်"

ဂါး

သာမန်နဂါးအစ်ဂနီမှာ ထပ်မံ၍လှုတ်ရှားလာသည်။ နဂါးဆီမှ တိုက်ခိုက်မှုကို ရှောင်ရှားရန်အလို့ငှာ ကျနော်တို့တွေ နာရီလက်တံပြောင်းပြန်အတိုင်း ပြေးနေရပေပြီ။

ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့သည် ကျနော့်ရှေ့ကနေ ပြေးနေကြသည်။ ကျနော့်ခန္ဓာကိုယ်အောက်ပိုင်းရှိ အမဲရောင်မြွေနဂါးကြီးကို သူတို့တွေ မမြင်ချင်သောကြောင့် ရှေ့မှပြေးနေကြပုံပေါ်၏။

ကောက်ရိုးဝတ်ရုံသည် ကျနော်ထင်ထားသည်ထက်ပင် ညီညာမှုမရှိသောကြောင့် ကျနော့်ခန္ဓာကိုယ်ရှေ့ပိုင်းကို ကောင်းကောင်းဖုံးမနေချေ။

ဘာကိုမှသတိမထားမိသည့် ဂျန်မင်ဆော့သည် ပြေးလာကာ မေးသည်။

"အခုဘာဆက်လုပ်ကြမလဲ။ ကိုယ်စားပြုခေါင်းဆောင်ကြီး။ တမာန်တော်အားလုံးလည်း သေသွားကြပြီဗျ …"

ဂျန်မင်ဟော့ပြောသည့်အတိုင်းပင် မည်သည့်တမာန်တော်မှ ကျန်ရစ်တော့သည်ကို မတွေ့ရတော့ချေ။

တမာန်တော်တွေ၏ ရေခဲဆေးလုံးများ ကြမ်းပြင်ပေါ်တွင် ကျနေသည်ကိုမြင်ရခြင်းကြောင့် တမာန်တော်များ သေသွားသည်မှာ သေချာနေပေပြီ။ ရေခဲဆေးလုံးများသည် ကြာရှည်သောချေဖျက်နိုင်စွမ်းရှိသဖြင့် မီးလျှံများထဲ၌ အရည်ပျော်မသွားခဲ့ခြင်း ဖြစ်၏။

နဂါးလက်ဖဝါးမှာ လေထဲက​နေ ကျဆင်းလာလေသည်။

"အား"

ကျနော်တို့အဖွဲ့နောက်ကနေ ပြေးလိုက်နေသော ပရောဟိတ်နှစ်ယောက်မှာ စိစိညက်ညက် ကြေသွားခဲ့လေပြီ။

စင်္ကြံပလက်ဖောင်း၏ အလယ်သို့ကျနော်ပြေးသွားလိုက်ပြီး မကျိုးပဲ့နိုင်သော ယုံကြည်မှုဓါးနှင့် အညိုရောင်အလံတို့ကို ကောက်လိုက်လေသည်။

[သင်သည် အညိုရောင်အလံကိုပြန်လည်ရရှိပါပြီ။]

[အလံ၏စွမ်းရည်များကို သင်သည် သုံးလို့ရပါပြီ။]

ပတ်ပတ်လည်ကို ကျနော်ကြည့်လိုက်ရာ ကျနော့်အဖွဲ့သားများသာ အသက်ရှင်လျက် ကျန်တော့ကြောင်း မြင်လိုက်ရ၏။ ကျနော်စဉ်းစားနေချိန်မှာပဲ ခြေချရာနေရာများ အသက်ဝင်လာတော့သည်။

[နံပါတ်စဉ်တပ်ထားသော ခြေချရာနေရာများ အသက်ဝင်လာပါပြီ။]

"လူစုကြတော့"

ကံကောင်းစွာဖြင့်ပင် နံပါတ် '၅'ဆိုသည့် ခြေချရာနေရာတစ်ခုမှာ အသက်ဝင်နေလေ၏။ သို့သော် ဤတစ်ကြိမ်၌ ခြေချရာနေရာတစ်ခုသာ အသက်ဝင်နေလေသည်။

အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီ၏အသံမှာ လေထဲကနေ ထွက်ပေါ်လာသည်။

[ခစ်ခစ်….မင်းတို့တွေ ကောင်းကောင်းအသက်ရှင်နေကြတုန်းပဲပေါ့လေ။ ဒါပေမဲ့လည်း မင်းတို့ရဲ့ကံကောင်းမှုက ဆက်ပြီးခံပါဦးမလား]

နောက်တစ်လှည့်တွင် ခြေချရာနေရာပေါ်ရှိ နံပါတ်မှာ သုံး သို့မဟုတ် လေးဖြစ်သွားလောက်တော့မည်ဖြစ်၏။ ထိုသို့သာဖြစ်လာမည်ဆိုပါက ကျနော်တို့ အဖွဲ့ထဲက လူတစ်ယောက်ကတော့ သေချာပေါက်သေရတော့မည်ပင်။

[အဆင့်အတန်း ၅ ရှိသော မီးနဂါးမျိုးစိတ် 'သာမန်နဂါးအစ်ဂနီ'သည် 'ဖျက်ဆီးခြင်း၏ မီးလျှံများ'ကို သုံးလိုက်ပါသည်။]

[အကြွင်းမဲ့ဒိုင်းကာမှာ အသက်ဝင်လာပါပြီ။]

ကျနော်တို့တွေ ကပ်သီးလေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်၏။ ပြောရမည်ဆိုလျှင် ယခုတစ်ခါသေချာစဉ်းစားဖို့လိုနေပေပြီ။

"ဟူး….ဒီမအေဘေးကောင်ကတော့ကွာ။ ဒေါ့ဂျာ။ ငါတို့ဘာလုပ်ကြမလဲ"

လီဟန်းဆောင်နှင့် ယောင်ဟီဝန်တို့မှာ မောပန်းနေကြပြီဖြစ်၏။ အသက်ရှူရ ခက်ခဲသော ပတ်ဝန်းကျင်တွင် အကြိမ်ပေါင်းများစွာ ပတ်ပြေးနေခဲ့ရခြင်းကြောင့် မောပန်းသွားခြင်းမှာ သဘာဝပင်။

"ငါတို့တွေ တိုက်ခိုက်သင့်ပြီလို့ထင်တယ်"

"နဂါးကြီးကိုရင်ဆိုင်လို့ရပါ့မလား"

"မဖြစ်နိုင်တာတော့မဟုတ်ဘူး"

ကြမ်းပြင်ပေါ်၌ကျနေသော ရေခဲဆေးလုံးများကို ကျနော်ညွှန်ပြလိုက်၏။ ရေခဲဆေးလုံးအရေအတွက်မှာ ကျနော်တို့အဖွဲ့သားအားလုံး တစ်လုံးစီရဖို့ ကွက်တိဖြစ်နေလေသည်။ တမာန်တော်တွေပြင်ဆင်ခဲ့သော အဆိုပါ ဆေးလုံးတွေကိုသာ ကျနော်တို့စားလိုက်မည်ဆိုပါက သာမန်နဂါးကိုထိခိုက်အောင်ဖို့ဆိုသည်မှာ ဖြစ်နိုင်သွားပေမည်။ ပြဿနာက နောက်တစ်လှည့်တိုက်ခိုက်မှုမတိုင်ခင် နဂါးကြီးကို ကျနော်တို့တွေ သတ်နိုင်မသတ်နိုင်ကိစ္စပင်။

[အကြွင်းမဲ့ဒိုင်းကာမှာ ပျောက်သွားပါတော့မည်။]

"ပြေးကြတော့။ မြေပေါ်ကျနေတဲ့ဆေးလုံးတွေကို သွားကောက်ကြ"

ကျနော်အော်ပြောလိုက်သည်နှင့် ကျနော့်အဖွဲ့သားများမှာ ပြေးထွက်သွားကြတော့၏။

[မှော်စွမ်းအင်တွင် ဒင်္ဂါး ၄၁၀၀ကို ရင်းနှီးမြုတ်နှံလိုက်ပါသည်။]

[မှော်စွမ်းအင် အဆင့် ၁၆ -> မှော်စွမ်းအင် အဆင့် ၂၅]

[သင်၏ဝိညာဉ်သည် ဤကမာ္ဘနှင့် တစ်စထက်တစ်စ သဟဇာတဖြစ်လာပါပြီ။]

သာမန်နဂါးကိုအမြန်ဆုံး ရှင်းနိုင်ဖို့ဆိုလျှင် ခွန်အားကိုတိုးမြှင့်ရမည့်အစား မှော်စွမ်းအင်များကိုသာ တိုးမြှင့်ဖို့လို၏။

ရေခဲဆေးလုံးတစ်လုံးကို ကောက်ယူလိုက်ပြီး ကျနော်မြိုချလိုက်သည်။

[ရေခဲအာနိသင်မှာ ယာယီပွင့်သွားပါပြီ။]

[၄၀% ရေခဲသက်ရောက်မှုကို ထည့်သွင်းလိုက်ပါပြီ။]

ယခုဆိုလျှင် နဂါးကြီးကို ထိခိုက်အောင်လုပ်ဖို့သာ ကျန်တော့၏။

ငါဘာလုပ်သင့်လဲ။

စိတ်လိုက်မာန်ပါ ပြေးဝင်သွားလို့လည်း မဖြစ်သေးချေ။

လီဟန်းဆောင်တွင် မဟာတောင်ဖြိုတွန်းအားရှိသော်လည်း လျှင်မြန်မှုအပိုင်းတွင်တော့ အားနည်းလေသည်။

ယောင်ဟီဝန်မှာလည်း ကောင်းမွန်သော လျှင်မြန်မှုရှိသော်လည်း အားကောင်းသော ပွဲသိမ်းတိုက်ကွက်မရှိချေ။

နဂါးကြီး၏အားနည်းသည့်နေရာကို ကျနော်တို့တွေတိုက်ခိုက်ဖို့လိုပေသည်။

အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်အစွမ်းနဲ့ ရှာလို့ရမလားမသိဘူး။ အာ….ဟုတ်သားပဲ။

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်မှာ သုံးထားပြီးသားဖြစ်ပါသည်။]

[အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်အဆင့်၃အတွက် လျော်ကြေးရှင်းတမ်း ရယူလို့ ရပါပြီ။]

ဆုလာဘ်ကို ကျနော်သုံးလိုက်၏။

[သင်သည် အဓိကဇာတ်​ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့်ကို လက်တွေ့ခံစားခဲ့ပြီးဖြစ်ပါသည်။ ]

[သင်သည် အဓိကဇာတ်ကောင်၏စွမ်းရည်များထဲမှာ တစ်ခုကို ယူလို့ရပါသည်။]

…ဘာလဲဟ

ကျနော်အလွန်ပင် ဇဝေဇဝါဖြစ်သွားမိသဖြင့် သာမန်နဂါး၏လက်ဝါးကြီး ကျဆင်းလာသည်ကို မရှောင်နိုင်တော့ချေ။ ယောင်ဟီဝန်သည် ကျနော့်ခန္ဓာကိုယ်ကို သူ၏ခန္ဓာကိုယ်ဖြင့် တွန်းထုတ်လိုက်သည်။ ထို့နောက်တွင်တော့ ကျနော်ရပ်နေခဲ့သောနေရာဆီသို့ နဂါးကြီး၏ လက်ဝါးက ကျဆင်းသွားတော့သည်။

ဂါး

"နင်ဘာတွေ ကြက်သေ သေနေတာလဲ"

ယောင်ဟီဝန်က အော်မေးလိုက်သော်လည်း ကျနော်အလွယ်တကူပြန်ဖြေ၍မရချေ။ အဓိကဇာတ်ကောင်၏စွမ်းရည်တွေထဲမှ တစ်ခုကို ကျနော်ရယူနိုင်တော့ပေမည်။ တနည်းအားဖြင့်ပြောရလျှင် ယူဂျွန်ဟော့၏စွမ်းရည်တွေထဲမှ တစ်ခုကို ကျနော်ပိုင်ဆိုင်နိုင်တော့မည်ဖြစ်၏။

[ရရှိနိုင်သောစွမ်းရည်များစာရင်းကို ပြပေးနေပါသည်။]

ဝိုး….ရွေးလို့ရတာတဲ့လား။

ယခုအချိန်၌ ရေခဲဆေးလုံးတစ်လုံးကို ကျနော်စားထားပြီးဖြစ်သောကြောင့် ယူဂျွန်ဟော့၏ စွမ်းရည်တွေထဲမှ တစ်ခုကိုသာ ရလိုက်မည်ဆိုလျှင် မည်သို့ဖြစ်သွားနို်ငသနည်း။

အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်မှု သို့မဟုတ် ကောင်းကင်ချိုးဖျက်ဓါးကိုသာ ကျနော်ရမည်ဆိုပါက….

[ကျေးဇူးပြုပြီး ရယူမည့်စွမ်းရည်တစ်ခုကို ရွေးချယ်ပေးပါ။]

အ​အေးခံနိုင်စွမ်း

မီးခံနိုင်စွမ်း

မုသားထောက်လှမ်းနိုင်စွမ်း

…ချီး။ ဒီလိုမျိုးကြီးလားဟ

အလွယ်တကူရွေးပစ်လိုက်ဖို့ကတော့ မလွယ်လှချေ။ ရယူနိုင်သော စွမ်းရည်များထဲတွင် မုသားထောက်လှမ်းနိုင်စွမ်းကို ကျနော်သဘောကျသော်လည်း လက်ရှိအချိန်တွင် မုသားထောက်လှမ်းနိုင်စွမ်းက အသုံးမဝင်သောစွမ်းရည်သာ ဖြစ်၏။

ဤအခြေအနေ၌ အသုံးအဝင်ဆုံးအရာမှာ မီးခုခံနိုင်စွမ်းသာ ဖြစ်လေသည်။

ဂါး

နဂါးကြီးသည် ဟိန်းဟောက်လိုက်ပြီး မီးများကို မှုတ်ထုတ်လိုက်၏။ မီးများကို မှုတ်ထုတ်၍ပြီးပါက ဖျက်ဆီးခြင်း၏မီးလျှံများ ထွက်ပေါ်လာပေတော့မည်။

ငါစဉ်းစားရမယ်။ ငါက 'စာဖတ်သူ'တစ်ယောက်လေ။ ငါဖတ်ခဲ့တာတွေထဲမှာ အဖြေတစ်ခုခုတော့ရှိမှာပါ။

[သင်၏သီးသန့်ဝိသေသ လက္ခဏာအာနိသင်ကြောင့် သင်ဖတ်ခဲ့သော စာအုပ်တွေ၏ မှတ်ဉာဏ်များမှာ ပိုပြီးအားကောင်းလာပါမည်။]

ကျနော့်ခေါင်းထဲ၌ စာမျက်နှာများ တစ်ခုပြီးတစ်ခုပေါ်လာတော့၏။ သာမန်နဂါးကြီး၏ တိုက်ခိုက်မှု။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သတ်သောအချက်အလက်များမှာ ၁၂ကြိမ်၊ ၁၄ကြိမ်နှင့် ၁၇ကြိမ်နောက်ပြန်ဆုတ်မှုတို့တွင် ပါခဲ့လေသည်။ ထိုအချက်အလက်များကို ယခုဆိုလျှင် ကျနော်ရရှိနေပြီဖြစ်၏။

"ဒေါ့ဂျာ။ မြန်မြန်လှုတ်ရှားတော့ဟ"

မျက်လုံးကိုဖြည်းဖြည်းချင်း ကျနော်ပိတ်လိုက်၏။

ထို့နောက်တွင်တော့…

"အအေးခုခံနိုင်စွမ်း"

ကျနော်ဆုံးဖြတ်ချက်ချလိုက်ပေပြီ။

[အအေးခုခံနိုင်စွမ်းကို ယခုဆိုလျှင် အသုံးပြု၍ရသွားပါပြီ။]

အခြားလူတွေဘက်လှည့်ကာ ကျနော်အော်ပြောလိုက်၏။

"ယောင်ဟီဝန်။ လီဟန်းဆောင်….ရေခဲဆေးလုံးတွေကို နင်တို့ မသောက်ရသေးဘူးမလား။ အဲ့ဒီဆေးလုံးအားလုံးကို ငါ့ကိုပေးပါ"

"ဟမ်"

"လီဆောင်းဂု၊ ဂျန်မင်ဆော့။ မင်းတို့တွေလည်း ရေခဲဆေးလုံးတွေကို ငါ့ဆီပေးကြစမ်း"

ရေခဲဆေးလုံးကို ပါးစပ်နားတေ့ကာ သောက်ဖို့လုပ်နေသည့် ဂျန်မင်ဆော့၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

"မြန်မြန်ပေးတော့ဟ"

"အဲ…ဟုတ်…ဟုတ်"

ရေခဲဆေးလုံး လေးလုံးကို ခပ်မြန်မြန်ပဲ ကျနော်ရယူလိုက်သည်။ မီးလျှံများကို ရှောင်ရှားပြီး ဆေးလုံးအားလုံးကို ကျနော့်ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက အကောင်းဆုံးလို့ပဲ ကျနော့်ဘက်ကတော့ လုံးဝကို သေချာနေပြီဖြစ်၏။

[သင်သည် ရေခဲဆေးလုံးတစ်လုံးကို သောက်လိုက်ပါပြီ။]

[ရေခဲဆေးလုံး၏ ထပ်ဆင့်ဝိသေသ လက္ခဏာအာနိသင်ကြောင့် ဝိသေသ လက္ခဏာ၏ ထိခိုက်မှုပေးနိုင်စွမ်းကို တိုးတက်စေပါတော့မည်။]

[ရေခဲထိခိုက်နိုင်စွမ်း ၂၀၀%ကို ပေါင်းထည့်လိုက်ပါပြီ။]

[သင့်နှလုံး၏ ခိုက်ခိုက်တုန်အောင် ချမ်းအေးမှုသည် သင့်ခန္ဓာကိုယ်တစ်ခုံးလုံးကို လွှမ်းခြုံနေပါပြီ။]

ပုံမှန်အခြေအနေမျိုးတွင် ယခုကဲ့သို့ ကျနော်လုပ်မိမည်မဟုတ်ချေ။ ရေခဲဆေးလုံးဆိုသည်မှာ တကယ်တန်းတော့ အဆိပ်တစ်မျိုးသာ ဖြစ်၏။ ရေခဲဆေးလုံးတစ်လုံးကို သောက်သုံးမိရုံဖြင့်ပင် အေးခဲသော ဆောင်းရာသီအလယ်၌ ကိုယ်တုံးလုံးဖြင့် မတ်တပ်ရပ်နေမိသကဲ့သို့ ခံစားချက်မျိုးကို ရပေလိမ့်မည်။

ထို့ကြောင့် ရေခဲဆေးလုံးကို တစ်လုံးသာ သောက်သင့်ပေသည်။

[သီးသန့်စွမ်းရည် 'အအေးခုခံနိုင်စွမ်း အဆင့် ၅'သည် သင့်ကို ကာကွယ်ပေးနေပါသည်။]

ယူဂျွန်ဟော့ဆီကနေ ကျနော်ရခဲ့သောစွမ်းရည်သည် အဆင့် ၅ဖြင့် စတင်ခဲ့၏။

"အားလုံးပဲ။ ငါ့နောက်ကိုလာခဲ့ကြတော့"

ဓါးလက်ကိုင်ကိုကိုင်ထားရင်း ကျနော်လှမ်းအော်ပြောလိုက်၏။ ယူဂျွန်ဟော့အဖြစ် ကျနော်မြင်ခဲ့မိသောမှတ်ဉာဏ်များကြောင့် ဓါးလက်ကိုင်ကို ယောင်ယမ်းကာ ကိုင်မိခဲ့တာ ဖြစ်လောက်၏။ ဓါးလက်ကိုင်ကို ကိုင်မိချိန်တွင် ကျနော်ခံစားနေရသည့်ခံစားချက်မှာ လုံးဝကိုပြောင်းလဲသွားတော့သည်။

[ယုံကြည်မှုဓါးသည် အသက်ဝင်လာပါသည်။]

ဂျွင်

[မကျိုးပဲ့နိုင်သောယုံကြည်မှု၏ အထူးရွေးချယ်နိုင်သော လမ်းကြောင်းမှာ အသက်ဝင်လာပါသည်။]

[အီသာ(မကောင်းသောအငွေ့အသက်)သည် 'အမှောင်ထု'အဖြစ်သို့ ပြောင်းသွားပါသည်။]

[ရေခဲဆေးလုံး၏အာနိသင်သည် အီသာစွမ်းရည်၌ 'ဆီးနှင်းခဲ'ကို ထည့်သွင်းလိုက် ပါသည်။]

အီသာဓါးသည် နက်ပြာရောင်ဖြစ်သွားတော့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရေခဲနှင့် အမှောင်ထုတို့၏ ထပ်ဆင့်အစွမ်းပေါင်းထည့်မှုကြောင့်ဖြစ်၏။

ဂျွင်

နက်ပြာရောင်အီသာဓါးသည် မီးလျှံများကို စတင်ရိုက်ခတ်မိနေပေပြီ။ ကျနော့်ကြွက်သားများထဲက ခွန်အားအားလုံးကို ညှစ်ထုတ်ပြီး သာမန်နဂါးကြီးဆီသို့ ကျနော်ပြေးသွားလိုက်၏။

ယခုဆိုလျှင် အစွမ်းကုန်ထုတ်သုံးရမည့်တိုက်ပွဲတစ်ခုကို ဆင်နွှဲရပေတော့မည်။

['ဓါးတေးသံ'၏ အထူးစွမ်းရည်ကို သုံးလိုက်ပါသည်။]

[သင်၏ဓါးကို သစ္စာရှင်စစ်သူကြီးချန်ရစ်ခဲ့သော စကားလုံးများဖြင့် ဖြည့်တင်းလိုက်ပါပြီ။]

ဓါးတေးသံ၏ စာလုံးများအပေါ်မူတည်ပြီး စွမ်းရည်ထပ်တိုးရရှိပုံမှာ ကွာခြားမည် ဖြစ်၏။

ကျေးဇူးပြုပြီး ဖြည့်တင်းလိုက်တဲ့စာလုံးတွေဟာ ထူးဆန်းတဲ့စာလုံးတွေမဖြစ်ပါစေနဲ့။

「 ညအခါသမယ၌ သူ၏အိပ်မက်ထဲ၌ နတ်ဘုရားတစ်ပါးပေါ်လာပြီး ပြောလိုက်သည်။ "ပြောထားတဲ့အတိုင်းလုပ်ဆောင်ရင်တော့ မင်းဟာ အနိုင်ရလိမ့်မယ်။ မလုပ်ဆောင်ဘူးဆိုရင်တော့ မင်းဟာ ရှုံးနိမ့်သွားမှာပဲ" 」

သာမန်နဂါးကြီး၏ခန္ဓာကိုယ်ပေါ်၌ ကွဲပြားသော အရောင်များပေါ်လာချိန်တွင် အခြားစကားလုံးများကိုသာ ကျနော်လိုချင်သွားမိ၏။ ပေါ်လာသည့်အရောင်များတွင် အစိမ်းရောင်က အများစုဖြစ်သော်လည်း အဆိပ်သင့်နေသကဲ့သို့ ဖြစ်နေသည့် အနီရောင်များလည်း နဂါးကြီး၏ အချို့အစိတ်အပိုင်းများတွင် ပေါ်နေလေသည်။

['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် သင်၏တိုက်ပွဲကို အားပေးနေပါသည်။]

သစ္စာရှင်စစ်သူကြီးဆိုသည့်နာမည်၏ဆိုလိုရင်းကို ကျနော်သဘောပေါက်သွားမိပြီ ဖြစ်သည်။

ငါသိပြီ။

အဆိပ်သင့်အနီရောင်ရှိသော နေရာများက အားနည်းသောနေရာများပင်။

မီးကိုထိုးဖောက်ပြီး ကျနော်ပြေးသွားကာ ဓါးကို သာမန်နဂါးကြီး၏ခေါင်းဆီသို့ ဝှေ့ယမ်းလိုက်၏။ ထို့နောက်တွင်တော့ ကျနော်ပထမဆုံးတိုက်ခိုက်ရမည့်နေရာက အနီဖျော့ရောင်ရှိသော နေရာပင်။

ကျား

နဂါးကြီး၏ ခြေဖနောင့်ကြောကို ကျနော်ဖြတ်လိုက်ချိန်တွင် နဂါးကြီးမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ ကျနော်ဆက်ပြီးတိုက်ခိုက်လိုက်သည့် ဒုတိယနေရာမှာ အနီရင့်ရောင်ရှိသောနေရာများဖြစ်၏။

ဂါး

ကျနော့်ဆီသို့ ့နဂါးကြီးထံမှ အမြီးဖြင့်ရော၊ လက်ဝါးကြီးဖြင့်ပါ ရိုက်ထည့်လိုက်သည်ကိုရှောင်ရှားရန်အလို့ငှာ ကျနော်ခုန်လိုက်လေသည်။

[အညိုရောင်အလံ၏အကာအရံအာနိသင်သည် အသက်ဝင်လာပါသည်။]

မီးလျှံတွေကို ကာမရသော်လည်း အသက်ဝင်လာသည့်အကာအရံကတော့ သာမန်တိုက်ခိုက်မှုအချို့ကို တောင့်ခံနိုင်၏

နဂါးကြီးဟိန်းဟောက်လိုက်ချိန်တွင် နဂါးကြီးထံ ကျနော်ပြေးဝင်သွားပြီး ဓါးဖြင့် ထိုးထည့်လိုက်တော့သည်။

ဇွပ်

နဂါးကြီး၏ရင်ဘက်ပေါ်၌ အနီရောင်အလင်းတစ်ခုရှိနေခဲ့ခြင်းဖြစ်၏။

ဂါး

သာမန်နဂါးကြီးမှာ စတင်တွန့်လိမ်လာတော့သည်။

အညိုရောင်အလံ၏အကာအရံမှာ တခါထဲပျက်ဆီးသွားပြီး နဂါးကြီး၏ ပါးစပ်တွင် မီးလျှံများ စတင်စုဝေးလာ၏။

[အဆင့်အတန်း ၅ရှိသော မီးနဂါးမျိုးစိတ်'သာမန်နဂါး အစ်ဂနီ'သည် 'ဖျက်ဆီးခြင်း၏ မီးလျှံများ'ကို အသုံးပြုရန်အတွက် ပြင်ဆင်နေပါသည်။]

မီးလျှံဖြင့်ထပ်မံတိုက်ခိုက်ဖို့ နောက်ဆုံးတွင်တော့ လုပ်ဆောင်လာပေပြီ။ ယခုအချိန်တွင် ကျနော့်ထံ၌ မည်သည့်ဒိုင်းကာမှ ရှိမနေချေ။ ကျနော့်တွင်ရှိသော မှော်စွမ်းအင်အားလုံးကို သုံးလိုက်ပြီး ရှည်ရှည်မျောမျော အီသာဓါးကို နဂါးကြီး၏ရင်ဘက်ထဲ ထိုးသွင်းလိုက်တော့သည်။ ထို့နောက်တွင်​တော့ ဓါးကိုထပ်ခါ ထပ်ခါ လွှဲခုတ်လိုက်၏။

ပေါက်ကွဲစေနိုင်သည့် ရေခဲထိခိုက်နို်ငစွမ်းသည် နဂါးကြီး၏ရင်ဘက်ကို ရိုက်ခတ်သွားတော့သည်။ သို့သော် နဂါးကြီးမှာ လဲကျမသွားသေးချေ။

ဂါး

နောက်ထပ်နည်းနည်းလောက်ပဲ ထပ်တိုက်ခိုက်ရင်ရလောက်ပါပြီ။

ဂါး

ထပ်တိုက်ခိုက်မယ် …

[အဆင့်အတန်း ၅ရှိသော မီးနဂါးမျိုးစိတ်'သာမန်နဂါးအစ်ဂနီ'သည် 'ဖျက်ဆီးခြင်း၏ မီးလျှံများ'ကို သုံးလိုက်ပါသည်။]

မီးတောက်များမှာ ကျနော့်ရှေ့တွင် လောင်ကျွမ်းနေချေပြီ။ အဆိုပါ မီးတောက်မီးလျှံများဖြင့်သာ ကျနော်ထိမိမည်ဆိုပါက တခါထဲသေသွားနိုင်လောက်သည်။

အဝေးတွင်ရှိနေသော ကျနော့်အဖွဲ့သားများထံက အော်ခေါ်သံများကိုပင် ကျနော် ကြားနေရ၏။ အော်ခေါ်သံများကို နားထောင်လိုက်ပြီးသည်နှင့် နောက်သို့မဆုတ်ဘဲ ကျနော့်ဓါးကို လွှဲခုတ်လိုက်၏။

ငါလုပ်နိုင်မှာပါ။ ငါ့ရဲ့တွက်ချက်မှုတွေက လွဲတာမဟုတ်ဘူး။ ငါက 'စာဖတ်သူ'တစ်ယောက်လေ။ ငါသာ ယူဂျွန်ဟော့ဆိုရင်…

ဓါးကိုကိုင်ထားချိန်၌ ပြင်းပြသောခံစားချက်တစ်ခု ကျနော့်စိတ်ထဲ ဝင်လာသည်။

ယူဂျွန်ဟော့ရဲ့ဓါးက မမြင်ရတဲ့တိတ်ဆိတ်တဲ့ဓါးမျိုး။

အဆိုပါခံစားချက်မှာ ကျနော့်စိတ်ထဲသို့ အားကောင်းစွာဖြင့် နစ်ဝင်လာခဲ့သည်။

ဓါးလက်ကိုင်ကို ခွန်အားအပြည့်သုံးပြီး ကျနော်ကိုင်ထားမိ၏။ ကျနော်၏အာရုံခံစားမှုဖြင့် ရရှိခဲ့သောခံစားချက်ကို ပြန်လည်ခံစားကြည့်လိုက်သည်။

တခါလောက်ပါပဲကွာ။ ‘တစ်ချောင်းထဲသောဓါး’ဆိုတဲ့ခံစားချက်ကို နည်းနည်းလောက် ငါထုတ်နိုင်ရင် ရပြီ

ချွမ်

ဓါးမှာလှုတ်ရှားသွားပြီး ပေါက်ထွက်သွားသံကို ကျနော်ကြားလိုက်ရတော့သည်။ ကျနော်ကြားလိုက်သောအသံမှာ အသွေးအသားပေါက်ထွက်သွားသံဖြစ်၏။

သာမန်နဂါးကြီး၏သွေးများမှာ ကျနော့်မျက်လုံးပေါ်တွင် စိုရွှဲနေပြီး နဂါးကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာလည်း လေတွင် ဝဲပျံနေလေသည်။

အပူရှိန်မြင့်မားသော အခြေအနေ၌ လှုတ်ရှားပြီးသည့်နောက်တွင် ပါးစပ်ထဲ ဝင်လာသော နဂါးကြီး၏အစိတ်အပိုင်းများကို ကျနော်အန်ထုတ်မိလိုက်တော့သည်။

ကျနော့်အမြင်အာရုံပြန်လည်ကောင်းမွန်စေရန်အလို့ငှာ ကျနော့်ခေါင်းကို ကျနော် ခါလိုက်၏။ ယိုင်တီးယိုင်တိုင်ဖြင့် ကျနော်မနည်းမတ်တပ်ရပ်လိုက်သည်။

သာမန်နဂါးကြီး၏မျက်လုံးကို ကျနော်စိုက်ကြည့်နေမိသည်။ ကျနော် အံ့အားသင့်သွားပြီး တုန်လှုတ်မိနေချေပြီ။ တောက်လောင်နေသော ဖျက်ဆီးခြင်း၏မီးလျှံများမှာ တိတ်တဆိတ်ပဲ ငြိမ်းသွားကြပုံပေါ်သည်။ ကြီးမားသော မျက်ခွံများမှာ လုံးဝပိတ်ကျမသွားခင် နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ခတ်လိုက်၏။

ဂျွင်

နဂါးကြီး၏နှလုံးကိုထိုးစိုက်နေသည့် ယုံကြည်မှုဓါးမှာ တိတ်တဆိတ်ပဲ မြည်ဟီးနေလေသည်။

[သင်သည် ကပ်ဆိုးကြီး 'သာမန်နဂါးအစ်ဂနီ'ကို ပထမဆုံးသတ်ဖြတ်ခဲ့သူ ဖြစ်ပါသည်။]

[သင်သည် ပဉ္စမမြောက်ဇာတ်ဝင်ခန်းကို ပထမဆုံးပြီးမြောက်ခဲ့သူဖြစ်ပါသည်။]

[မဖြစ်နိုင်သောအောင်နိုင်မှုကို ရရှိသွားပါပြီ။]

ကျနော့်ခန္ဓာကိုယ်ထဲကနေ စွမ်းအင်များ ဖြည်းဖြည်းချင်း ယုတ်လျော့သွားတော့သည်။ ယခုဆိုလျှင် လက်သီးဆုပ်ဖို့ပင် အားမရှိတော့ချေ။ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ကျနော်ထိုင်ချလိုက်သည်။

စိတ်လိုက်မာန်ပါဆန်သော စိန်ခေါ်ပွဲတစ်ခုကို ကျနော်ရင်ဆိုင်ခဲ့ရခြင်း ဖြစ်၏။ ဤတစ်ကြိမ်တွင် ကျနော်တကယ်ကိုသေမလိုဖြစ်ခဲ့သည်ပင်။

[မဖြစ်နိုင်သောအောင်နိုင်မှုကို ရရှိခဲ့ခြင်းကြောင့် လျော်ကြေးရှင်းတမ်း ထုတ်ပြန်ဖို့ အချိန်အနည်းငယ်ယူရပါမည်။]

[အဆင့်နိမ့်ဒိုကဲဘီအချို့သည် စီမံခန့်ခွဲရေးဌာနထံ 'ဖြစ်နိုင်စွမ်း'တောင်းဆိုမှုတစ်ခုကို တောင်းခံနေပါသည်။]

အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီကြီးသည် ကျနော့်ကိုတိတ်တဆိတ်ပဲ စိုက်ကြည့်နေ၏။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် ချိုမြိန်သော ဆုလာဘ်တွေရရှိတော့မည့် အချိန်ဖြစ်ပေတော့သည်။

All Chapters