← Chapters

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၃)

Vol. 4 Ch. 57

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၃)

Vol. 4 Ch. 57

['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်သည် သင်၏စိတ်ဓါတ်ပြတ်သားမှုကို လက်ခုပ်တီးပေးနေပါသည်။]

['မိစ္ဆာကဲ့သို့တရားစီရင်သူ'နက္ခတ်သည် သင်၏သတ္တိကို ချီးကျူးနေပါသည်။]

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏ဗျူဟာအကြောင်း သိချင်နေပါသည်။]

····

[အချို့သော နက္ခတ်များသည် သင်၏လုပ်ဆောင်နိုင်စွမ်းနှင့်ပတ်သတ်ပြီး အလွန်ပင် အားရကျေနပ်နေပါသည်။]

[ဒင်္ဂါး ၂၀၀၀၀ ထောက်ပံ့ခံရပါသည်။]

စစ်ထုတ်ခြင်းမခံရဘဲ မက်ဆေ့ချ်များ ကျနော့်ဆီဝင်လာသောကြောင့် မျက်မှောင်ကြုတ်မိ၏။ ချီးကျူးခံရခြင်းကို မကြိုက်သောလူဟူ၍တော့ မရှိချေ။ သို့ပေသိ ဒါဇင်နှင့်ချီသော ချီးကျူးမှုများ ခရားရေလွှတ်သကဲ့သို့ တပြိုင်တည်းရရှိခြင်းကတော့ နည်းနည်းများသည်ဟု ထင်မိသည်။

ဘီဟွန်းဘယ်ရောက်သွားတာလဲ။ မက်ဆေ့ချ်တွေကို ဘာလို့ငါ့အတွက် စစ်ထုတ်မပေးရတာလဲ။

အာ..ဟုတ်သားပဲ။ ဘီဟွန်းဟာ အခုလောက်ဆိုရင် စီမံခန့်ခွဲရေးဌာနရဲ့ ဆင့်ခေါ်တာကို ခံနေရလောက်တယ်လေ။

ဝှက်ထားသော ယခုဇာတ်ဝင်ခန်းအတွက် ဆုလာဘ်ရရှိခြင်းတော့မရှိချေ။ အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီသည် မည်သည့်စကားကိုမှ မပြောဘဲ ပျောက်ကွယ်သွား၏။

မည်သို့ပင်ဆိုစေကာမူ စုစုပေါင်း ဒင်္ဂါး၂၀၀၀၀ထောက်ပံ့ခံလိုက်ရပြီဖြစ်သည်။ 'ချန်နယ်အသေးများ'သည် 'ချန်နယ်အကြီးများ’နှင့် ကွာခြားလှသည်မှာ အမှန်ပင်။

မီးနဂါး၏ခန္ဓာကိုယ်ကို ကျနော်အမြန်စစ်ဆေးလိုက်ပြီး အမြုတေကို ထုတ်ယူလိုက်၏။

[အဆင့်အတန်း ၅ရှိသောမီးနဂါး၏အမြုတေ]

ထိုအမြုတေသည် အနီဖျော့ရောင်လွှမ်းခြုံထားသော အမြုတေဖြစ်သည်။ ကပ်ဆိုးကနေ ထွက်ပေါ်လာသည့် အမြုတေ၏အရည်အသွေးမှာ ပုံမှန်မဟုတ်ဟု ပြော၍ရ၏။

နဂါးကြီး၏ပုံသဏ္ဍာန်မှာပျက်ယွင်းနေပြီဖြစ်နေသော်လည်း ဘာပဲဖြစ်ဖြစ် နဂါးတစ်ကောင်၏ခန္ဓာကိုယ်ပင်ဖြစ်သောကြောင့် တန်ဖိုးရှိသော အစိတ်အပိုင်း အများအပြားတော့ ရှိနေလေသည်။ ဥပမာအားဖြင့် ပြောရလျှင် အရိုးတွေနှင့် အရေပြားတို့ကို အခြားသောပစ္စည်းကောင်းများဖြင့်လဲလှယ်တာပဲဖြစ်ဖြစ်၊ အရည်အချင်းရှိသော ပန်းပဲဆရာထံအပ်နှံပြီး ပစ္စည်းကောင်း အသစ်လေးများဖန်တီးတာပဲ ဖြစ်ဖြစ် လုပ်၍ရ၏။

မီးနဂါးကြီးကို ကျနော်ငုံ့ကြည့်လိုက်သည်။

ကပ်ဆိုးတစ်ခုကိုရင်ဆိုင်ခဲ့ပေမဲ့ ဒါပဲ ပြန်ရတာတဲ့လား။

ထိုစဉ် ကျနော့်နောက်ကျောမှာ ဖြန်းခနဲနာကျင်သွားပြီး တက်ကြွနေသောအသံတစ်ခုလည်း ထွက်ပေါ်လာတော့သည်။

"ဒေါ့ဂျာ။ နင်က ဂိမ်းဇာတ်ကောင်လား"

ကျနော်နောက်ကိုလှည့်ကြည့်လိုက်ရာ ကျနော့်နောက်တွင်ကပ်၍ ရပ်နေသော ယောင်ဟီဝန်ကို တွေ့လိုက်ရ၏။

ကျနော်ချောင်းဆိုးလိုက်သည်။

"…ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အခုအချိန်မှာ အရမ်းဆိုးရွားနေတော့ နင့်ဆီကနေ အားပြင်းပြင်း တစ်ချက်လောက်ရိုက်ခံရရုံနဲ့ သေနိုင်တယ်ဟ"

"နင်ဟာ အသတ်ခံရရင်တောင်မှ အသက်ရှင်မယ့်အကောင်ပါဟာ"

"အသက်ရှင်မယ်ဆိုလည်း ရိုက်ချင်တိုင်း လာမရိုက်နဲ့လေ"ဟု ယောင်ဟီဝန်ကို ကျနော်ပြောလိုက်ချင်သော်လည်း ယောင်ဟီဝန်၏ပုံစံမှာ အနည်းငယ်ညှိုးနွမ်းနေပုံရသောကြောင့် ကျနော်သေသွားခဲ့ချိန်တုန်းက ယောင်ဟီဝန်မှာ အတော်ကိုတုန်လှုတ်သွားခဲ့မှန်း ကျနော်သဘောပေါက်သွားသည်။

ယောင်ဟီဝန်ဟာ ငိုပါငိုခဲ့တဲ့ပုံ…မဟုတ်ဘူး။ ငိုခဲ့တာမဟုတ်ဘူး။

ယောင်ဟီဝန်သည် အခြားအဖွဲ့သားများ ကြားမည်ကိုစိုးရိမ်သည့်ပုံစံဖြင့် ကျနော့်ကို ခပ်တိုးတိုးပြောလေသည်။

"…အခုလိုဖြစ်မှာကိုနင်သိခဲ့တာမလို့ သရုပ်ဆောင်ခဲ့တာလား"

"အကုန်လုံးကိုတော့ ငါသိခဲ့တာမဟုတ်ဘူး …"

"နင်တကယ်ကိုသေသွားပြီလို့ကို ငါထင်ခဲ့မိတာဟ"

"ဒါပေမဲ့ ငါအသက်ရှင်နေတုန်းပဲလေ"

ယောင်ဟီဝန်၏အားပြင်းသောလက်ဝါးရိုက်ချက်သည် ကျနော့်ကျောပေါ်သို့ ထပ်မံ၍ ကျဆင်းလာပြန်သည်။ ထို့နောက်တွင်တော့ ကျနော့်နားကို လီဟန်းဆောင်ရောက်လာ၏။

"ဒေါ့ဂျာ။ ခင်ဗျားဘာမှမဖြစ်ဘူးမလား"

"အင်း။ ကျနော်ဘာမှမဖြစ်ပါဘူး"

အဝေးတွင်ရှိနေသော လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့သည်လည်း အတူတူ ရောက်လာကြ၏။

အမှန်အတိုင်းဆိုရလျှင် လီဆောင်းဂုတို့တွေကို ဤနေရာ၌ သေသွားစေချင်ခဲ့သော်လည်း သူတို့နှစ်ယောက်မှာ အလွန်ကံကောင်းခဲ့သည်ဟု ပြော၍ရပေသည်။

သူတို့နှစ်ယောက်သည် ကျနော့်အဖွဲ့ထဲတွင်ရှိသောကြောင့် အချိန်မရွေးထိန်းချုပ်၍ ရသော်လည်း ကျနော့်စိတ်ထဲစနိုးစနောင့်ဖြစ်နေဆဲပင်။ လူတိုင်းဆီမှ မည်သည့်စကားသံမှ ထွက်မလာတော့ဘဲ ကျနော့်ကိုသာ စိုက်ကြည့်နေကြ၏။ သက်ပြင်းချကာ ကျနော်ပြောလိုက်သည်။

"…မင်းတို့တွေ မေးစရာရှိရင် တစ်ယောက်ပြီးတစ်ယောက်မေးလို့ရပါတယ်။ ဘာမေးချင်ကြလဲ"

အမှုတစ်ခုကိုကြားနာနေရသည်ဟုပင် ရုတ်တရက် ခံစားလိုက်ရ၏။

"ငါအသစ်ရခဲ့တဲ့ အထူးအခွင့်အရေးတစ်ခုကြောင့် အသက်ပြန်ရှင်ခဲ့တာ။ ဘာထောက်ပံ့သူကြောင့်မှ ပြန်ပြီးအသက်ရှင်ခဲ့တာမဟုတ်ဘူး"

ရှင်းပြရခက်တဲ့အချက်အလက်တွေကို ရှင်းပြမနေတော့ဘဲ သူတို့တွေ သိသင့်သည်ဟု ထင်တာကိုပဲ ကျနော်ပြောပြလိုက်သည်။

"လူကယ်တိုင်း အသက်ပြန်ရှင်ခွင့်ရတယ်ဟုတ်လား။ ဒါကြီးက အခွင့်ထူးခံသလိုကြီး ဖြစ်မနေဘူးလားကွာ"

‌

ယောင်ဟီဝန် က အံ့အားသင့်သည့် အမူအရာဖြင့် ရေရွတ်လိုက်၏။

"လူတစ်ရာကယ်မှ တစ်ခါအသက်ပြန်ရှင်ခွင့်ရတယ်ဆိုပေမဲ့ အခွင့်ထူးခံသလို ဖြစ်နေတာကတော့ မှန်ပါတယ်"

ကျနော်ရိုးသားစွာဝန်ခံလိုက်သည်။ သို့ပေသိ 'လူမသတ်ဘုရင်'၌ သေလောက်သည့် အားနည်းချက်တစ်ခုလည်း ရှိနေလေသည်။

လူမသတ်ဘုရင်ဟူသော ဝိသေသ လက္ခဏာရှိနေသရွေ့ တခြားသူတစ်ယောက်၏ အသက်ကို ကျနော်'တိုက်ရိုက်' သတ်ပစ်၍ မရတော့ပေ။ ထိခိုက်ဒဏ်ရာရအောင်လုပ်ခြင်း၊ နှိပ်စက်ခြင်း သို့မဟုတ် တိုက်ခိုက်လို့ မရအောင်လုပ်ခြင်းလောက်ကတော့ ပြဿနာမရှိသော်လည်း သတ်လို့တော့မရသဖြင့် တစ်ယောက်ယောက်ကိုသတ်လိုက်သည်နှင့် 'လူမသတ်ဘုရင်' ရာထူးကို ဆုံးရှုံးရမည်မှာ ဧကန်ပင်ဖြစ်၏။

ထိုအကြောင်းကိုတော့ ကျနော်မပြောပြခဲ့ပေ။ ထိုအကြောင်းကိုသိသွားလို့လည်း မည်သည့်ကောင်းကျိုးမှ ဖြစ်လာမည်မဟုတ်ဟု ကျနော်ယူဆ၏။

"နောက်ဆို လူတွေကိုကြိုးစားပြီး နင်ဟာ ကယ်ရတော့မှာပေါ့"

"တချို့ကိစ္စတွေမှာတော့ လူတွေကိုသတ်ဖို့လိုတယ်ဟ"

"စိတ်မပူပါနဲ့။ နင့်အတွက် ငါသတ်ပေးပါမယ်"

‌

ယောင်ဟီဝန် က ယုံကြည်မှုရှိတဲ့လေသံဖြင့် ပြောလိုက်လေသည်။

အမှန်တွင်တော့ ‌ယောင်ဟီဝန် ကြောင့်သာ 'လူမသတ်ဘုရင်' ကို ကျနော်လွယ်လွယ်ကူကူ ရွေးချယ်နိုင်ခဲ့ခြင်းပင်။ ထို့ကြောင့်မလို့လည်း 'ဖျက်ဆီးခြင်း၏တရားသူကြီး'ဝိသေသ လက္ခဏာကို ယောင်ဟီဝန် ရအောင် ကျနော် ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။ တစ်ယောက်ထဲ ဤဇာတ်လမ်းကိုဖြတ်ကျော်နေရလျှင် စိတ်ပျက်စရာ ကောင်းလောက်သော်လည်း အလယ်ဇာတ်လမ်းဝင်ခန်းတွေကို ရောက်သည်အထိ 'လူမသတ်ဘုရင်'ရာထူးကို ထိန်းထားဖို့ကတော့ ကြီးမားသောပြဿနာမဟုတ်ဟု ဆိုနိုင်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ အခွင့်ထူးခံ ဝိသေသ လက္ခဏာ တွေ ပိုပိုများလာမည်မှန်သော်လည်း အစောပိုင်းထဲက ဝိသေသ လက္ခဏာကောင်းကို ရထားလျှင် ပိုမိုကောင်းမွန်သော ဝိသေသ လက္ခဏာပေါ်လာချိန်၌ ဝိသေသ လက္ခဏာပြောင်းနိုင်ခွင့်ကို ခက်ခက်ခဲခဲ မလုရလောက်တော့ပေ။

"ဒါပေမဲ့ တကယ်ကိုစိတ်ကူးယဥ်ဝတ္ထုတစ်ပုဒ်လို ဖြစ်နေပြီနော်။ အခုဆိုရင် နင့်မှာ စွမ်းရည်အမျိုးအစားပေါင်းစုံကို ရှိနေပြီဟ"

လီဆောင်းဂု၊ ဂျန်မင်ဆော့ နှင့်လီဟန်းဆောင် တို့သည် ဘေးမှရပ်ကြည့်နေသောကြောင့် ‌ယောင်ဟီဝန်ကို ဘာမှဆက်မပြောဖို့ သတိပေးသည့်အနေဖြင့် သူတို့ကိုကျနော် တမင်တကာစိုက်ကြည့်လိုက်၏။

ယောင်ဟီဝန်တစ်ယောက်ဘာမှဆက်မပြောတော့သည့်အချိန်တွင် လီဆောင်းဂုဆီကနေ စကားသံထွက်လာတော့သည်။

"ခင်ဗျားသေသွားတုန်းက ဘယ်လိုခံစားရလဲ။"

"…ကြောက်စရာကောင်းတာပေါ့"

ဘာလို့ယခုလိုမေးတာလဲဟု မေးကြည့်ချင်သော်လည်း လီဆောင်းဂုက လေးနက်သည့် လေသံဖြင့် ထပ်ပြောလာသည်။

"ရိုးရိုးသားသားပြောရရင် ခင်ဗျားပြန်ရှင်လာတာမြင်တော့ ကျနော်နည်းနည်း ကြောက်သွားတယ်"

"ကြောက်တယ်ဟုတ်လား"

"ဟုတ်တယ်။ တိတိကျကျပြောရရင် ခင်ဗျားတစ်ကိုယ်လုံးပျောက်သွားပြီး ပြန်ဖြစ်လာတာလေ။ သာမန်သဘာဝအတိုင်းဆိုရင် ဒါမျိုးက မဖြစ်နိုင်ဘူး။ ဒီကမ္ဘာရဲ့သဘောတရားက ဘာလဲဆိုတာတော့ မသိပေမဲ့ ခင်ဗျားရဲ့ဖြစ်တည်မှုကို မိတ္တူပွားပစ်သလိုမျိုး လုပ်လိုက်တာဆိုရင် ခင်ဗျားက 'ပြန်ရှင်လာတာ' မဟုတ်ဘဲ 'ပုံတူပွားခံလိုက်ရတာ'ပဲ ဖြစ်ဖို့များတယ်"

ကြောက်စရာကောင်းသောအကြောင်းအရာကို တည်ငြိမ်သည့် လေသံဖြင့် လီဆောင်းဂုက ပြောနေလေ၏။ ဤအချက်မှာ ကျနော်တစ်ခါမှမစဉ်းစားဖူးသောအချက်ပင်။

လီဆောင်းဂု ၏ဝိသေသ လက္ခဏာက 'စိတ်ညှို့သူ' ဆိုတာကို ကျနော်ပြန်သတိရသွား၏။

…ဒီကောင်က စိတ်ဝင်စားစရာပဲ။

‌ယောင်ဟီဝန် က သူ့ကိုဆူတော့သည်။

"နင်...ရုပ်ရှင်တွေ အရမ်းကြည့်ခဲ့တာထင်တယ်"

"ဒါက အရေးကြီးတဲ့ကိစ္စပဲလေ။ ခင်ဗျားရဲ့သေဆုံးမှုနဲ့ အသက်ပြန်ရှင်လာမှုကြားမှာ ဆက်စပ်မှုမရှိဘူးဆိုရင် သေခါနီး ‌ခေါင်းဆောင်ကြီး ဒေါ့ဂျာနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ ခေါင်းဆောင်ကြီး ဒေါ့ဂျာတို့က တူညီတဲ့လူတစ်ယောက်ထဲဖြစ်တယ်လို့ အာမခံချက်ရှိတော့တာမဟုတ်ဘူး"

လီဆောင်းဂု၏ စကားတွေကြောင့် မှတ်ဉာဏ်တွေအများကြီး ကျနော့်စိတ်ထဲမှာ ဖြတ်ပြေးသွား၏။

"မင်းမှာ ထူးဆန်းတဲ့အတွေးတွေရှိတာပဲ။ ဒါပေမဲ့… စိတ်မပူနဲ့။ ငါသေပြီးနောက်မှာတောင် သတိရှိနေပါသေးတယ်။ တိတိကျကျပြောရရင် အမှန်တကယ်သေဆုံးခဲ့တာမဟုတ်ဘူး"

"ဝိညာဉ်အခြေအနေဖြစ်သွားတာကို ကြုံခဲ့ရတာလား"

"ဝိညာဉ်လို့ခေါ်လို့ရမလားတော့ မသိပေမဲ့…"

ကျနော်ပြောနေရင်းနဲ့ နည်းနည်းတော့ စိတ်ထဲမသက်မသာခံစားမိသည်။ Ways of Survival ဟာ စာရေးဆရာတစ်ယောက်ဖန်တီးထားတဲ့ကမ္ဘာတစ်ခုပင်။

ဤကမ္ဘာက အမှန်တရားတစ်ခုဖြစ်လာခဲ့ပြီဖြစ်၏။ ဝိညာဉ်ဆိုတာကို သက်သေပြလို့မရတဲ့ကမ္ဘာကနေ ယခုဆိုလျှင် ဝိညာဉ်ကို အတည်ယူထားတဲ့ကမ္ဘာတစ်ခုဖြစ်လာခဲ့ခြင်းပင်။

ယခုလိုကမ္ဘာမျိုးမှာ 'ငါ့' ရဲ့ဖြစ်တည်မှုကဘာလဲ။ ငါ၊ ငါ့ဝိညာဉ်ဆိုတာ အစကတည်းက တည်ရှိနေခဲ့တာလား။ ဒါမှမဟုတ် ငါက စာရေးဆရာဖန်တီးခဲ့တဲ့ ဇာတ်လမ်းတစ်စိတ်တစ်ပိုင်းလား။

ကျနော်ခေါင်းခါမိလိုက်သည်။ ယခုအချိန်သည် ထိုအကြောင်းအရာများကို တွေးနေရမည့်အချိန်မဟုတ်ပေ။

"ကဲ... အသုံးမဝင်တဲ့မေးခွန်းတွေကို မေးလို့ပြီးပြီလား။"

"အာ...နောက်ထပ်မေးခွန်းတစ်ခုလောက် မေးလို့ရမလား"

"ဘာမေးမှာလဲ"

"ဘာလို့ ကျနော်နဲ့ မင်ဆော့ ကိုစကားပြောတဲ့နေရာမှာ ရုတ်တရက်ကြီး အရင်လို လေသံမမာတော့တာလဲ"

"ယူဂျွန်ဟော့ လို ငါသရုပ်ဆောင်နေတာက ပြီးသွားပြီလေ"

လီဆောင်းဂုဟာ ထိုအခါမှ သတိထားမိသွားပြီး အံ့အားသင့်သည့်အမူအရာပေါ်လာတော့သည်။

"အဲ... တွေးကြည့်လိုက်တော့လည်း…"

သူ့စကားကိုကျနော်နားထောင်စရာမလိုတော့ပေ။ ကျနော့်ဘက်က သရုပ်ဆောင်နေတာ ပြီးသွားသော်လည်း သူတို့ဘက်ကတော့ ဆက်ဆံပုံကို ချက်ချင်းကြီးပြောင်းလဲသွားမည်ဟု ကျနော်မယူဆ။ လီဆောင်းဂု ဆီကို ကျနော်လက်လှမ်းလိုက်သည်။

"မင်းရဲ့ဖုန်းကိုပေး"

"ဗျာ"

"ဖုန်းလိုချင်တယ်"

လီဆောင်းဂု က သူ့ဖုန်းကိုထုတ်ပေး၏။ ဖုန်းက အမျိုးအစားကောင်းဖုန်းပင်။ ကျနော်သုံးခဲ့သည့်ဖုန်းထက် ပိုပြီးကောင်းသော အမျိုးအစားဖြစ်၏။

"ဒီဖုန်းကို ယူလို့ရမလား"

"…ယူဂျွန်ဟော့လိုသရုပ်ဆောင်နေတာက ပြီးသွားပြီမဟုတ်ဘူးလား "

"ဒါက ငါ့ရဲ့နဂိုရှိတဲ့အမူအကျင့်ပဲ "

လီဆောင်းဂု မှာမျက်ရည်ကျတော့မလိုဖြစ်သွား၏။

"လူတိုင်းနားလိုက်ကြဦး။ ငါကြည့်စရာလေးတစ်ခုရှိသေးတယ်။ နောက်၁၀ မိနစ် နေရင်တော့ ဒီကနေ ထွက်ကြတာပေါ့။ ပစ္စည်းတွေလည်းစုချင်စုထားလို့ရပါပြီ"

အဖွဲ့သားတွေဟာ ဟိုတစ်စဒီတစ်စ ပျံ့ကျဲနေသည့်ပစ္စည်းတွေကိုစုနေကြပြီး ကျနော်ကတော့ ဖုန်းကိုအသုံးပြုကာ အင်တာနက်ထဲဝင်လိုက်သည်။ မစိုးရိမ်သလိုဟန်ဆောင်နေသော်လည်း တကယ်တန်းတော့ ကျနော်နည်းနည်း စိတ်လှုပ်ရှားနေခဲ့၏။

[ဝှက်ထားသော ဇာတ်ဝင်ခန်း၏ဆုကြေးများကို ရှင်းပေးဖို့ နောက်ကျပါမည်။]

[ 'ဖြစ်နိုင်စွမ်း' တောင်းဆိုမှုကို စီမံခန့်ခွဲရေးဌာန၌ လက်ရှိအချိန်တွင် ဆောင်ရွက်နေပါသည်။]

ဤမက်ဆေ့ချ်တွေကြောင့်ပင်။ ဖြစ်နိုင်စွမ်း ဆုံးဖြတ်ချက်သည် ဝှက်ထားသော ဇာတ်ဝင်ခန်းကနေရမည့် ဒင်္ဂါးရှင်းတမ်းနောက်ကျနေရသည့် အကြောင်းအရင်း ဖြစ်၏။ Ways of Survival က သက်ဆိုင်သောအပိုင်းတွေကိုစစ်ချင်သော်လည်း ကျနော့်ဖုန်းမှာ မီးလောင်သွားခဲ့ပြီ ဖြစ်လေသည်။

ထိုအမှားသည် ဂရုတစိုက်လှုတ်ရှားတတ်သည့် ကျနော်မပီသစွာ လုပ်ခဲ့မိသော အမှားပင်။ ထိုအမှားသည် အလွန်ဆိုးလှ၏။ စာရေးဆရာပေးပို့ခဲ့သည့် စာအဖျက်ခံလိုက်ရလျှင် ဒုက္ခပဲဟု ကျနော်တွေးပူမိနေ၏။

[ဖုန်းအသစ်နဲ့ Sync လုပ်လို့ရပါသည်။]

[Sync လုပ်ဖို့ဆက်လုပ်မှာလား။]

…ဒါက ဘာလဲဟ။

OK ကိုနှိပ်လိုက်တော့ ဖိုင်ဒေါင်းလုတ်ဆွဲတာ ဆက်လက်ဆောင်ရွက်ပြီး background screen မှာ ဖိုင်အသစ်တစ်ခုပေါ်လာလေသည်။

[ပျက်စီးနေသော ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်နည်း နည်းလမ်း သုံးသွယ်.TXT]

ဟုတ်ပြီ။ ရှိနေသေးတယ်။ ဒိုကဲဘီတွေ နက္ခတ်တွေ ဖတ်လို့မရသည့်ဖိုင်ဟာ လွယ်လွယ်လေး ပျောက်သွားလောက်မှာ မဟုတ်ဘူးလေ။

ပစ္စည်းတွေစုနေသော လီဆောင်းဂု နှင့် ဂျန်မင်ဆော့ ကို ကျနော်ကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို ကျနော်တွေးမိလိုက်သည်။

သူတို့တွေရော ဒီစာကိုဖတ်နိုင်မလား။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ဖို့တော့လိုတယ်။

ထို့နောက်တွင်တော့ Ways of Survival ကိုကျနော်ဖွင့်ပြီး ဖတ်လိုက်တော့သည်။

[သီးသန့် ဝိသေသ လက္ခဏာ၏အာနိသင်ကြောင့် သင်၏စာဖတ်သည့်အမြန်နှုန်း တိုးလာပါသည်။]

ယူဂျွန်ဟော့၏ ၆ ကြိမ်မြောက် နောက်ပြန်ဆုတ်မှုတွင် ဖြစ်ပွားခဲ့သော 'ဖြစ်နိုင်စွမ်း' တောင်းဆိုမှုကို ကျနော်ရှာတွေ့သွား၏။

「ဆိုးလ်မြို့ စီမံခန့်ခွဲရေးဌာန၏ အလတ်အလတ်အဆင့်ရှိသော ဒိုကဲဘီဖြစ်သည့် 'ဘာရမ်'သည် သူ့ရှေ့မှာရှိတဲ့ ဇာတ်ဝင်ခန်း ကိုဖတ်ပြီး မျက်မှောင်ကြုတ်လိုက်၏။」

စာရွက်၏ထိပ်ဆုံးမှာတော့ 'နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့' ဆိုသော နာမည်ရှိနေ လေသည်။

'နောက်ပြန်ဆုတ်သူတဲ့လား… လခွမ်း။ ဒိုကဲဘီတွေနဲ့ နက္ခတ်တွေက မြန်မြန်သတိထားမိ….'

ဒိုကဲဘီတွေကို ဘာရမ်ကြည့်လိုက်၏။ အကြီးတန်းဒိုကဲဘီတွေရော၊ မဟာဒိုကဲဘီတွေကိုပါ မတွေ့ရချေ။

ထိုသို့ဖြစ်နေခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ပင်။ ဖြစ်နိုင်စွမ်းကိုတောင်းဆိုခဲ့သည်မှာ နယ်မြေအသေးစားအဆင့်ကဖြစ်၏။ နယ်မြေအသေးစားအဆင့်ဆိုလျှင် နယ်မြေအသေးစား အဆင့်တွင်သာ ဖြေရှင်းရမည်ဟူသော စည်းမျဉ်းကလည်း ရှိနေပေသည်။ စိုးရိမ်သည့်အကြည့်ဖြင့် ကြည့်နေကြသော ဒိုကဲဘီတွေကို ဘာရမ်မေးလိုက်၏။

"စီမံခန့်ခွဲရေးဌာနကိုတောင်းဆိုတာက ဘယ်သူလဲ "

"ဂျပန်က အာအိုနိပါ"

"ကိုယ့်နယ်မြေအတွက် ကိုယ်မစိုးရိမ်ဘဲ နိုင်ငံခြားမှာဖြစ်ပျက်နေတာကို သူက ဘာလို့စိုးရိမ်နေရတာလဲ။ အဲ့ကောင်က အလုပ်မရှိဘူးလား"

"အခုတလော အဆင့်နိမ့် ဒိုကဲဘီတွေကြားမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ အများကြီးဖြစ်ပွားနေလို့ပါ"

ဘာရမ်သည် မျက်မှောင်ကြုတ်လိုက်၏။

အစီရင်ခံစာအရဆိုလျှင် 'ယူဂျွန်ဟော့' အတွက် ဖြစ်နိုင်စွမ်း တောင်းဆိုမှုကိုလုပ်သင့်တာ မှန်၏။ ထို့အပြင် အစကတည်းက အလိုအလျောက်စစ်ထုတ်ထားသော အရေးကြီးအချက်အလက်တွေ အများကြီးလည်း ရှိသေးသည်။

'သူတော်စင်၏မျက်လုံး'စွမ်းရည်ဆိုသည်မှာ အချို့ပစ္စည်းတွေကို စနစ်က စစ်ဆေးလို့မရဟူသော သဘောတရားနှင့်အတူတူပင်။ အချက်အလက်စစ်တမ်းကောက်ယူဖို့ဆိုလျှင် အဆင့်ပိုမြင့်သော အုပ်ချုပ်ရေး အဖွဲ့အစည်း၏ အကူအညီကို လိုအပ်ပေသည်။

ဘာရမ်သည် သက်ပြင်းချပြီး အစီရင်ခံစာကိုပိတ်လိုက်၏။

"ကိစ္စမရှိဘူး။ ဒီကောင်က ငါ့အထက်လူကြီးတွေဆီက ခွင့်ပြုချက်ကိုရထားတဲ့သူပါ။ သူ့ကို ဒီအတိုင်းသာ ထားလိုက်"

"အဆင်ပြေပါ့မလား။ နောက်ဆက်တွဲ…"

"သူ့မှာ ငါတို့မဆန့်ကျင်နိုင်တဲ့ ထောက်ပံ့သူတစ်ယောက်ရှိနေတယ်"

"နက္ခတ်တစ်ပါးလောက်ကို ငါတို့တွေက ကြောက်နေရမှာလား။ နက္ခတ်မဟာမိတ်သာ…."

ဘာရမ် ရယ်လိုက်၏။

"မင်းက ငါ့ကိုလက်ချာလာရိုက်နေတာလား။ သူ့ရဲ့ ထောက်ပံ့သူက ဘယ်သူလဲဆိုတာကို မင်းသိလို့လား"

"လက်-လက်ချာမရိုက်ပါဘူး"

"မကြာခင် ပဉ္စမမြောက်ဇာတ်ဝင်ခန်းပေါ်လာတော့မှာမို့လို့ ဂရုစိုက်ပါ။ ဇာတ်ဝင်ခန်းက ရှေ့ရောက်လာတာနဲ့အမျှ ဖြစ်နိုင်စွမ်းတွေ တဖြည်းဖြည်းလျော့သွားလိမ့်မယ်"

ပတ်ဝန်းကျင်ရှိအငွေ့အသက်မှာ ရုတ်တရက် အေးစက်သွားပြီး အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီကို ဘာရမ် စကားပြောလိုက်၏။

"ဒီရက်ပိုင်း မင်းမှာအလုပ်မရှိဘူးလား"

"အဲ…"

"အမေရိကန်နဲ့အိန္ဒိယမှာ ဘာလို့ရောင်းအားက ဒီလိုဖြစ်နေရတာလဲ။ အမေရိကန်မှာ ပရောဟိတ်ရှိပြီး အိန္ဒိယမှာ နက္ခတ်မဟာမိတ် ရှိနေတာ မဟုတ်ဘူးလား။ ပိုက်ဆံရှိတဲ့သူတွေအများကြီးရှိနေတာတောင် ဘာလို့ရောင်းအားက ဒီလိုဖြစ်နေရတာလဲ။ မင်းတို့တွေ ကောင်းကောင်းမထုတ်လုပ်ဘူးလား "

"အဲ-အဲ့ဒါကလေ… "

"ချီးပဲ။ ဆင်ခြေတွေလာမပေးနဲ့။ ဒင်္ဂါးပစ္စည်းတွေကို မြန်မြန်သွားရောင်းတော့"

ကျနော်ရယ်လိုက်မိသည်။ ဒိုကဲဘီတွေ၏ အလုပ်လုပ်ပုံကိုကြည့်ရင်း Mino Soft ကို ပြန်သတိရမိသွားလေသည်။ စီမံခန့်ခွဲရေးဌာနဆိုသည်မှာ ဟာသမဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကျနော့်အခြေအနေမှာ Ways of Survival က ယူဂျွန်ဟော့ နှင့် ဆင်တူသောအခြေအနေမျိုးကို ရောက်နေပေပြီ။ တစ်နေ့နေ့တော့ ဒီလိုဖြစ်လာမယ်လို့ ကျနော်တွေးထားခဲ့သော်လည်း…သတိထားမိခြင်းမခံရသည်က သာ၍ ကောင်းလှပေသည်။

ငါ့ကိုထိခိုက်အောင် ဆုံးဖြတ်လိုက်ကြရင် ဘယ်လိုလုပ်မလဲ။

ထိုစဉ် တုန်ယင်နေသောအသံတစ်ခု လေထဲကနေ ထွက်ပေါ်လာတော့သည်။

[မင်းကြောင့် စီမံခန့်ခွဲရေးဌာနက ငါ့ကို ဘယ်နှခါတောင် ဆင့်ခေါ်မှာလဲကွာ]

ဘီဟွန်း…

ဒိုကဲဘီဆက်သွယ်ရေးကို ကျနော်ဖွင့်လိုက်၏။

"အခြေအနေဘယ်လိုလဲ"

All Chapters