← Chapters

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၄)

Vol. 4 Ch. 58

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၄)

Vol. 4 Ch. 58

[ဘာတွေဖြစ်နေတာလဲ။ အခြေအနေတွေတစ်ခုလုံး လုံးဝကို ပြောင်းပြန်ဖြစ်ကုန်ပြီ။ မင်းမှာ ဘယ်လိုစွမ်းရည်တွေ ရှိနေတာလဲ။ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အချက်အလက်တွေကို ငါက ဘာလိုဝင်ကြည့်လို့ မရရတာလဲ]

ကိုယ့်ရဲ့ ဝိသေသ လက္ခဏာဇယားကိုကြည့်မရသဖြင့် ကျနော်၏ဝိသေသလက္ခဏာက ဘာလဲဆိုသည်ကို ကျနော်ကိုယ်တိုင်ပင် သိချင်လှ၏။

'အခုဘာဆက်ဖြစ်မှာလဲ။ ငါက အပြစ်ပေးခံရမှာလား'

[အပြစ်ပေးခံရမယ်လို့ မင်းကိုဘယ်သူပြောလဲ။ ဟေ့ကောင်...မင်းအတွက် ငါဘယ်လောက်တောင် ကြိုးကြိုးစားစား ခုခံပေးခဲ့လဲဆိုတာကို သိရဲ့လား။ အုပ်ချုပ်ရေးမှူး... ကျေးဇူးပြုပြီး ကျနော်ပြောတာကို နားထောင်ပေးပါ။ ကင်ဒေါ့ဂျာက လူလိမ်လည်းမဟုတ်သလို၊ လူထူးလူဆန်းလည်း မဟုတ်ပါဘူး။ သူက အရမ်းကိုကြိုးစားတဲ့သူတစ်ယောက်ပါဆိုပြီး ပြောခဲ့ရတာကွ]

ဘီဟွန်းသည် သူ့စကားကို ကျနော်လက်ခံအောင် ကြိုးစားပမ်းစားပင် ပြောပြနေလေသည်။

[ကံကောင်းစွာနဲ့ပဲ ငါ့ရဲ့စိတ်ရင်းနဲ့တောင်းပန်ပေးမှုဟာ အရာထင်ခဲ့တယ်။ ဇာတ်ဝင်ခန်းတစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ မင်းက စွမ်းရည်အနည်းငယ်ကိုပဲ အသုံးပြုခဲ့တာ တွေ့ရတယ်လေ။ မင်းရဲ့လုပ်ရပ်က ဇာတ်ဝင်ခန်းရဲ့ဇာတ်အသွားအလာကို ဖျက်ဆီးမိတဲ့အထိလည်း ဖြစ်ခဲ့တာမဟုတ်ဘူး]

ကျနော်ထင်ထားသည့်အတိုင်းပင်။ အလိုအလျောက်အသုံးပြုနိုင်သောစွမ်းရည်တွေကို ကျနော် အကြောင်းမဲ့လေ့လာခဲ့တာ မဟုတ်။ ကောင်းမွန်သော စွမ်းရည်တွေကို ကျနော်များများအသုံးပြုလေလေ၊ စီမံခန့်ခွဲရေးဌာန၏အာရုံစိုက်မှုကို ပို၍ခံရလေလေပင် ဖြစ်ပေလိမ့်မည်။

[ပြီးတော့ တခြားနယ်မြေတွေမှာ အာကျယ် အာကျယ်လုပ်နေတဲ့ ကောင်တွေလည်းရှိနေတာမလို့ စီမံခန့်ခွဲရေးဌာနဟာ အခုအချိန်မှာ အလုပ်ရှုတ်နေတယ်ကွ]

'ဒါဆိုရင် အခြေအနေကောင်းတာပေါ့နော်'

[တကယ်တော့ မင်းနဲ့ပတ်သတ်ပြီး ရစ်ချင်တဲ့ချီးထုတ်ကောင်တွေလည်း ရှိပေမဲ့ အထက်အမိန့်ကျလာခဲ့တာမလို မင်းနဲ့ပတ်သတ်တဲ့ စုံစမ်းမှုကို 'မဟာဒိုကဲဘီ' က ပယ်ချဖို့ ပြောခဲ့တယ်လေ]

မထင်မှတ်ထားသောစကားကြောင့် ကျနော်အံ့အားသင့်သွား၏။

မဟာဒိုကဲဘီ က ဝင်စွက်ဖက်ခဲ့တာတဲ့လား။

[ဟူး...အလယ်အလတ်အဆင့်ရှိတဲ့ ဒိုကဲဘီပြောတာကိုသာ နားထောင်ကွာ။ ငါက ဒီမှာရှိနေသင့်တာ မဟုတ်ဘူး။ ငါ့ကို စောင့်ကြည့်နေတဲ့သူတွေ ရုတ်တရက်ကြီး ပိုများလာတယ်ကွ။ မင်းလည်းပိုပြီးသတိထားသင့်တယ်။ ဒီနေရာက အလယ်အလတ်အဆင့်ရှိတဲ့ဒိုကဲဘီရဲ့နယ်မြေဖြစ်တဲ့အပြင် အဲ့ဒီဒိုကဲဘီက မင်းအပေါ် မကျေနပ်ချက်တွေ ရှိနေတယ်]

'မကျေနပ်ချက်ဟုတ်လား'

[မင်းမသိဘူးလား။ ဖြစ်နိုင်စွမ်းအစည်းအဝေးဆိုတာက အခွန်စစ်ဆေးမှုတစ်ခုလိုပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ်… ခဏတော့ မင်း ဒုက္ခခံရလိမ့်မယ်]

ဘီဟွန်းပျောက်ကွယ်သွား၏။ ထိုနောက်တွင်တော့ လေထဲ၌ ကြီးမားသောမီးပွားတစ်ခုဖြစ်ပေါ်လာပြီး အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီသည် အနောက်တိုင်းဝတ်စုံဝတ်ကာ ပေါ်လာတော့သည်။ သူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အသံသြသြကြီးဖြင့် ပြောလိုက်၏။

[…အားလုံးကို တောင်းပန်ပါတယ်။ ပွတ်တိုက်မှုတွေ အနည်းငယ်ရှိခဲ့လို့ ဆုကြေးရှင်းတမ်းကိစ္စ နောက်ကျနေရတာပါ။ နောက်ကျပေမဲ့ အခုပဲ ဆုချပေးပါတော့မယ်]

[ဝှက်ထားသော ဇာတ်ဝင်ခန်းကို ရှင်းလင်းလိုက်သည့်အတွက် ဒင်္ဂါး ၃,၀၀၀ ရရှိပါသည်။]

[အဆင့်အတန်း ၅ရှိသော မီးနဂါး ကို သတ်ဖြတ်လိုက်သည့်အတွက် ဆုကြေးအဖြစ် ဒင်္ဂါး ၁၅,၀၀၀ ရရှိပါသည်။]

[ကပ်ဘေးတစ်ခုကို တားဆီးနိုင်ခဲ့သောကြောင့် သင်သည် 'အီမြွန်တာ ကာကွယ်ရေး ရတနာ’ကို ရရှိပါသည်။]

[အနာဂတ်တွင် သင်သည် အီမြွန်တာလူမျိုးတို့၏မျက်နှာသာပေးမှုကို ရရှိပါလိမ့်မည်။]

ဆုကြေးရှင်းတမ်းကိုပုံမှန်အတိုင်းရရှိသည်က ကံကောင်းသည်ဟု ပြော၍ရသည်။ ထိုအပြင် အီမြွန်တာကာကွယ်ရေးသင်္ကေတကိုပါ ရလိုက်သေး၏။ ထိုသင်္ကေတကို ရရှိထားပြီဖြစ်သဖြင့် ရောက်လာတော့မည့် ပဥ္စမမြောက်ဇာတ်ဝင်ခန်းကို ရင်ဆိုင်ရာတွင် အရမ်းကြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်တော့မည်မဟုတ်ချေ။

ကျနော်ရသည့် ဆုတွေလောက်တော့ မများသော်လည်း တခြားအဖွဲသားတွေပါ ဆုတွေရခဲ့သဖြင့် အဖွဲသားတွေ ပျော်နေကြပုံမှာ ရယ်စရာတော့ကောင်းလှသည်။

ဒါနဲ့… အတော်ကိုကပ်စေးနည်းတဲ့ကောင်တွေပါကွာ။ ကပ်ဘေးတစ်ခုကို ငါဟာ ရင်ဆိုင်ခဲ့ရတာတောင် ဒီလောက်လေးပဲ ဆုချတာတဲ့လား။

ထို့နောက်တွင်တော့ အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီဆီကနေ စကားသံ ထွက်လာတော့သည်။

[ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာပေါ်ခဲ့တဲ့ဇာတ်ဝင်ခန်းမှာ မင်းတို့တွေ အရမ်းကို ကြိုးစားခဲ့ကြပါပေတယ်]

ဤဒိုကဲဘီ၏စကားသံ၌ ရွဲ့စောင်းပြီးပြောသောလေသံ သိသိသာသာကို ပါနေလေသည်။

[စီမံခန့်ခွဲရေးဌာနနဲ့ဆွေးနွေးခဲ့တဲ့အရ ဒေသခံကိုယ်စားလှယ်တွေရဲ့ ပျမ်းမျှ စွမ်းရည်တွေက ဇာတ်ဝင်ခန်းရဲ့ခက်ခဲမှုနဲ့ ကိုက်ညီမှုမရှိကြောင်း အစီရင်ခံ ထားခဲ့ကြတာကို သိခဲ့ရတယ်ကွ။ ဒါကြောင့် ငါ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီး ငါ့နယ်မြေထဲမှာ ခက်ခဲတဲ့အဆင့်ကို ငါ့စိတ်ကြိုက်ပြောင်းလဲထားတယ်]

…ဘာလဲဟ။ စိတ်ကြိုက်ပြောင်းလဲတာတဲ့လား။

[စတုတ္ထမြောက်ဇာတ်ဝင်ခန်းရဲ့အချိန်ကန့်သတ်ချက်ကို သိသိသာသာ လျှော့ပစ်လိုက်ပြီ။]

အလယ်အလတ်အဆင့်ရှိသော ဒိုကဲဘီသည် ကျနော့်ကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်၏။

…ချီး။ ဘီဟွန်းသတိထားခိုင်းတာ ဒီကောင်များလား။

[စတုတ္ထမြောက်ဇာတ်ဝင်ခန်းပြီးဆုံးဖို့ အချိန် ၄၈နာရီပဲ ကျန်တော့တယ်]

[နောက်ထပ် ၄၈နာရီအတွင်း ပစ်မှတ်ကိုမသိမ်းရသေးတဲ့ အဖွဲ့ကိုယ်စားပြု ခေါင်းဆောင်အားလုံးရော၊ အဖွဲ့သားတွေပါ သေရလိမ့်မယ်]

ငါသဘောပေါက်ပြီ။ ဒါက ဒီကောင့်ရဲ့အကြံအစည်ပေါ့လေ။

မြေပြင်ပေါ်တွင်ကျနေသည့်ပစ္စည်းများကို ကုန်းကောက်နေသော ဂျန်မင်ဆော့သည် ကျနော့်ကို စိုက်ကြည့်လိုက်၏။ လူတိုင်း မက်ဆေ့ချ်အသံကို ကြားလိုက်ကြတာ ဖြစ်လောက်လေသည်။

"ချန်စင်ဘူတာကို အခုဘယ်သူပိုင်နေတာလဲ"

"မင်း-မင်းဆိုးမင်းညစ်ဘုရင်ပါ"

ဆိုးလ်မြို့၏ဘုရင်ခုနစ်ပါးထဲကတစ်ပါးမှာ မင်းဆိုးမင်းညစ်ဘုရင်ဖြစ်လေသည်။ သက်ပြင်းချကာ ကျနော်ပြောလိုက်၏။

"ဒါဆိုရင်လည်း ချွန်မူရိုဆီ ပြန်ကြတာပေါ့"

မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ ယူဂျွန်ဟော့၏အခြေအနေ မည်သို့ရှိနေသည်ကို ကျနော်မသိသေးပေ။

စတုတ္ထမြောက်ဇာတ်ဝင်ခန်းကို အဆုံးသတ်ကြတာပေါ့လေ။

အန်းဂုဘူတာကနေ ချွန်မူရိုဆီသို့သွားသည့်အကွာအဝေးက ကျနော်ထင်ထားသည် ထက်ပင် ပိုဝေးလေ၏။ ခရီးတစ်လျှောက်တွင်ကျနော်တို့တွေ စကားအနည်းငယ် ပြောခဲ့ကြ၏။

ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့သည် ရှေ့ကနေ ဦးဆောင်ကြပြီး ကျနော်ကတော့ လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့နှင့်အတူ နောက်ကနေ လိုက်လာခဲ့၏။

မီးနဂါးအလောင်းတစ်ခုလုံးကို ကျနော်မသယ်နိုင်ခဲ့သောကြောင့် အလောင်းတစ်ဝက်ကို ဖလှယ်ရေးစနစ်ပေါ် ကျနော်တင်လိုက်သည်။ ကျန်သည့်တစ်ဝက်ကိုပါ ဖလှယ်ရေးစနစ်ပေါ်တင်ခဲ့သော်လည်း မဖြစ်နိုင်သည့်စျေးကိုမြင့်ပြီး တောင်းလိုက်၏။ ကျန်တစ်ဝက်ကို ရောင်းချဖို့ဆန္ဒမရှိသော်လည်း သိုလှောင်သိမ်းဆောင်းသည့်အနေဖြင့် ဖလှယ်ရေးစနစ်ကိုသုံးလိုက်ခြင်းဖြစ်ပေသည်။

ဘီဟွန်းက မကျေမနပ်ရေရွတ်သော်လည်း ကျနော်လျစ်လျူရှုထားလိုက်၏။ ဂျန်မင်ဆော့သည် ကျနော့်ကိုလှမ်းပြောသည်။

"ဒါနဲ့ ခေါင်းဆောင်ကြီး"

'ခေါင်းဆောင်ကြီး'ဟု အခေါ်ခံရတိုင်း ကုမ္ပဏီအကြီးကြီးတစ်ခု၏ ဥက္ကဌကဲ့သို့ ခံစားမိနေသဖြင့် စိတ်ထဲတမျိုးကြီးဖြစ်ဖြစ်သွားသည်။

"ခင်ဗျားနာမည်က ကင်ဒေါ့ဂျာမလား"

"အေး"

"အဲ…အဲ့ဒါက တကယ်ကို ခင်ဗျားနာမည်အရင်းလား"

"ငါ့နာမည်က ပုံမှန်မဟုတ်ဘဲ ဖြစ်နေလို့လား"

"…အင်း။ အမှန်အတိုင်းပြောရရင် ခင်ဗျားကကျနော်တို့ထက်တောင် ပရောဟိတ်တစ်ယောက်နဲ့ ပိုတူနေတယ်လေ"

သူ့လေသံက တော်တော်လေးကိုတည်ငြိမ်နေလေသည်။

"ဟူး…ငါသာ ဝတ္ထုကို ဆက်ပြီးဖတ်ခဲ့မိရင် သိပ်ကောင်းမှာပဲ"

ထိုနောင်တသည် နှောင်းမှရသော နောင်တသာ ဖြစ်သည်။ ထိုအချိန်တွင် ကျနော့်စိတ်ထဲ၌ သံသယစိတ်တစ်ခုပေါ်လာ၏။

ကျနော်မေးချင်ခဲ့တာတစ်ခုရှိခဲ့သော်လည်း ကျနော်မေ့သွားခဲ့ခြင်းသာ။

"ဂျန်မင်ဆော့။ ငါတစ်ခုလောက်မေးစရာရှိတယ်"

"ဟုတ်ကဲ့"

"ပရောဟိတ်တွေက ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်စုဝေးမိကြတာလဲ"

ထိုအချက်က ကျနော့်စိတ်ထဲ အမြဲထူးဆန်းနေခဲ့သည့် အချက်ဖြစ်၏။ ပထမဆုံး ဇာတ်ဝင်ခန်းစခဲ့သည့်အချိန်က တစ်လကျော်ပင် မရှိသေးချေ။ သို့ပေသိ ဤလူတွေကတော့ အဖွဲ့တစ်ခုအနေဖြင့် လှုတ်ရှားမှုပင် လုပ်နေကြလေပြီ။

ထို့အပြင် တမာန်တော်တွေက ပိုတောင်ဆိုး၏။ အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့်အရဆိုလျှင် တမာန်တော်တွေ၌ ဘူတာတွေကို သိမ်းပိုက်မှသာ ရနိုင်သည့် အတော်လေးကိုအဆင့်အတန်းမြင့်မားသော လက်နက်ကိုင် တပ်ဖွဲ့တွေပင် ရှိနေလေသည်။

ထိုဖြစ်စဉ်က ကျနော့်နားလည်နိုင်စွမ်းဖြင့်ပင် နားမလည်နိုင်သည့် ဖြစ်စဉ်ပင်။

"ကျနော်တို့ကို အတူတကွစုဝေးပေးခဲ့တဲ့လူတစ်ယောက်ရှိခဲ့လို့ပါ"

"အတူတကွစုဝေးပေးခဲ့တာဟုတ်လား"

"ဟုတ်ကဲ့။ ပထမဆုံးဇာတ်ဝင်ခန်းပြီးပြီးချင်းမှာပဲ အဲ့ဒီလူဟာ ကျနော်ရှိနေခဲ့တဲ့ ဘူတာကို ရောက်လာခဲ့တာပါ"

စိတ်ဝင်စားစရာပဲ။ ဖြစ်လည်းမဖြစ်နိုင်ဘူးလေ။ ပထမဆုံးဇာတ်ဝင်ခန်းအပြီးမှာတုန်းက ဘူတာတစ်ခုနဲ့တစ်ခုသွားမရအောင် လုပ်ထားတဲ့ အကာအရံတွေရှိနေခဲ့တာ မဟုတ်ဘူးလား။

"အဲ့ဒီလူဟာ သူ့ကိုသူ တမာန်တော်တစ်ယောက်အနေနဲ့မိတ်ဆက်ခဲ့ပြီး သူဟာ ကြီးမြတ်တဲ့ဗျာဒိတ်ကျမ်းကို ဖတ်ဖူးတယ်လို့ ပြောခဲ့တာပါ။ ပရောဟိတ်တွေကို သူ့နောက်လိုက်ဖို့ပါ စည်းရုံးခဲ့တာလေ။ ထူးဆန်းတာက အဲ့လိုစည်းရုံးခဲ့တာဟာ မတူညီတဲ့ဘူတာတွေမှာ တပြိုင်ထဲဖြစ်ပျက်ခဲ့တာဗျ။ လူတစ်ယောက်ထဲ လုပ်ခဲ့တာလို့တောင် ယုံရခက်ပါတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီတမာန်တော်ကြောင့်သာ ကျနော်တို့တွေ စုဝေးမိခဲ့ကြတာပါ။ သူဟာ အဖွဲ့ထဲကို ကျနော်တို့ကို ဆွဲသွင်းခဲ့တာလေ"

"ပြီးတော့ အဲ့ဒီတမာန်တော်ကို ပထမဆုံးတမာန်တော်လို့ ကျနော်တို့တွေ ခေါ်ခဲ့ကြပါတယ်"

"သူက ပရောဟိတ်တွေရဲ့ဘုရင်လား။ လက်လျှော့သူလို့အခေါ်ခံရတာကို မကြိုက်တဲ့လူများလား"

"အဲ…ခေါင်းဆောင်ကြီးသိထားပြီးပြီပဲ။ ဟုတ်ပါတယ်။ အဲ့ဒီလူဟာ သူ့ကို နောက်ထပ်တခြားနာမည်နဲ့ပဲ ခေါ်စေချင်တာပါ"

တခြားနာမည်တဲ့လား။

'စာဖတ်သူအစစ်'ဆိုတဲ့ နာမည်နဲ့ခေါ်စေချင်တာလေ"

…ဘာဖြစ်တယ်

"အဲ့ဒီနာမည်နဲ့ဘာလို့အခေါ်ခံချင်တာလဲဆိုတဲ့အကြောင်းတွေတော့ ပြောနေကြတာ ရှိပါတယ်။ ဘာကြောင့်အခေါ်ခံချင်တာလဲတော့ ကျနော်တို့တွေ ကောက်ချက်မဆွဲနိုင်ဘူးဗျ။ သူဟာ ဗျာဒိတ်ကျမ်းကို အကုန်ဖတ်ဖူးတယ်ဆိုပေမဲ့… "

ဇာတ်ဝင်ခန်းတွေ ရှေ့ဆက်သွားလေလေ အဆိုပါလူ၏သရုပ်မှန်မှာ ပို၍သံသယဖြစ်စရာ ကောင်းလာလေလေပင်။

အဆိုပါလူအခွင့်ကောင်းယူခဲ့သော အချက်အလက်များကို တွေးကြည့်လိုက်ချိန်မှာတော့ အဆိုပါလူမှာ 'စာဖတ်သူ'တစ်ယောက်နှင့် တူမနေတော့ပေ။ ချွန်မူရိုနားကိုရောက်လာချိန်အထိ ကျနော်အတွေးတွေ များနေခဲ့၏။ ချွန်မူရို၏လေကို ရှူမိလိုက်သည်နှင့် မွေးရပ်မြေကိုပြန်ရောက်သွားသလိုပင် ခံစားမိလိုက်သည်။

ဘူတာထဲသို့မဝင်ဖို့ ကျနော့်အဖွဲ့သားများကိုတားလိုက်၏။

"ခဏနေကြဦး"

ယခုမှစဉ်းစားမိသည်။ ကျနော်သည် ဖင်တုံးလုံးဖြစ်နေဆဲပင်။

ငါ့ကိုဘာလို့ဘယ်သူမှ သတိမပေးရတာလဲကွာ။

လီဆောင်းဂုကို ကျနော်လှမ်းပြောလိုက်၏။

"လီဆောင်းဂု။ မင်းရဲ့ဘောင်းဘီကိုချွတ်လိုက်"

ကျနော်ရှေ့ကနေ ဦးဆောင်ပြီး ချွန်မူရိုဘူတာထဲဝင်လိုက်ချိန်တွင် လီဆောင်းဂုကတော့ အတွင်းခံဘောင်းဘီလေးဖြင့် ကျနော့်နောက်ကနေ ကပ်ပါလာ၏။

ယူဆန်းအာတစ်ယောက် ကျနော့်ကိုကြိုဆိုနေသည်အား အဝေးကနေပင် လှမ်းမြင်နေရ၏။ ယူဆန်းအာ၏စိုစွတ်နေသောမျက်လုံးများကို ကျနော်တွေ့လိုက်သဖြင့် ချွန်မူရို၌ မည်မျှခက်ခဲကြမ်းတမ်းသော အခြေအနေကိုကြုံတွေ့ခဲ့ရမှန်း ကျနော် သဘောပေါက်သွားတော့သည်။

ကျနော့်ဆီသို့ တစ်စုံတစ်ခုပြေးဝင်လာသဖြင့် ကြည့်လိုက်ရာ ကျနော့်ညာဘက်ကခြေထောက်ကို ဖက်ထားသည့် လီဂီယောင်ကိုတွေ့လိုက်ရ၏။

"နေကောင်းရဲ့လား"

ဖုန်တွေပေနေသည့် လီဂီယောင်သည် ခေါင်းညိတ်ပြလေသည်။

လီဂျီဟယ်မှာ ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး သတိလစ်နေဆဲပင်။ ဂုံဖီဒူကတော့ ကျနော့်ကို မြင်သည်နှင့် နှာခေါင်းရှုံ့ကာ ခေါင်းပြန်လှည့်သွား၏။

['ခံစစ်သခင်'နက္ခတ်သည် သင် နောက်ကျမှ ပြန်ရောက်လာခြင်းကို ပြစ်တင်ရှုံ့ချနေပါသည်။]

ခံတပ်သခင်၏ကိုယ်စားလှယ်မှာ သေလုနီးပါးအခြေအနေနှင့် ကြုံခဲ့ရသောကြောင့် ကျနော့်ကို ပြစ်တင်ရှုံ့ချနေခြင်းအား နားလည်ပေးလို့ရပေသည်။

"ယူဆန်းအာ"

ချွန်မူရို၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မသိသော လီဟန်းဆောင်နှင့် ယောင်ဟီဝန်တို့သည် ထိတ်လန့်တကြားဖြစ်နေသည့်လူတွေဆီသို့ ပြေးသွားကြ၏။

စင်္ကြံပလက်ဖောင်းတဝိုက်က လူတွေမှာ သွေးများထွက်နေကြသည်။ ပြောရလျှင်တော့ ယူဆန်းအာကိုယ်တိုင်ပင် ပုခုံးပေါ်၌ အဝတ်စတစ်ခုကို ခပ်ထူထူ စည်းထားလေ၏။

ရထားသံလမ်းတချို့တွင်လည်း သွေးများပေနေသဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေခံပေးနေသည်။ဂျန်မင်ဆော့သည် ထစ်အစွာဖြင့် ပြောလိုက်၏။

"တ-တမာန်တော်တွေပါလား"

နံပါတ် ၂၊ ၃၊ ၄ နှင့် ၇တိ့၏ခေါင်းများကို ရထားလမ်းတွေပေါ်တွင် ဘေးချင်ယှဉ်ကာ စီတန်းထားသည်။ ထိုလူတို့သည် သူတို့ကိုသူတို့ သေသည်ကိုပင် မသိလိုက်ကြရပုံရ၏။ ဤသို့ဖြစ်နေအောင် ကျွမ်းကျွမ်းကျင်ကျင်ဖြင့်လုပ်နိုင်သည့်လူကိုတော့ ကျနော်သိပေသည်။

လီဂီယောင်ကို ကျနော်မေးလိုက်၏။

"ယူဂျွန်ဟော့ဘယ်မှာလဲ"

ကျနော်စကားပြောနေစဉ်မှာပဲ ဟေးယောင်ဥမင်လှိုဏ်ခေါင်းဘက်ကနေ မကောင်းသည့် အငွေ့အသက်တစ်ခုကို ရလိုက်လေသည်။ ဝေးသော်လည် ကျနော်သိ၏။ ကျနော်တို့၏ မောက်မာပြီး ဂုဏ်သိက္ခာရှိသော သူရဲကောင်းကြီးသည် မိုးအောက်မြေပြင် တကိုယ်တော်ကျမ်းကို ကျင့်ကြံနေလေသည်။.

"ယူဂျွန်ဟော့"

ယူဂျွန်ဟော့သည် မျက်နှာအမူအရာမပြောင်းဘဲ ကျနော့်ကိုကြည့်နေ၏။ ရုပ်ရှင်ရုံခံတပ်မှာ ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး သူ့ဘက်က တစ်ခုခုပြောလာလိမ့်မည်ဟု ကျနော် ထင်ခဲ့သော်လည်း ကျနော်ထင်သလိုမဟုတ်ခဲ့ချေ။

ဘာတွေလဲဟ။

ယူဂျွန်ဟော့သည် ခေါင်းပြတ်တစ်လုံးကို လက်တွင်ကိုင်ထားလေသည်။

အော်သံတစ်သံထွက်လာချိန်တွင် ယူဂျွန်ဟော့သည် အဆိုပါခေါင်းပြတ်ကြီးအား ကျနော်တို့ဘက်သို့ ပစ်လိုက်၏။

အရုပ်တစ်ရုပ်ကဲ့သို့လိမ့်လာသော ခေါင်းပြတ်ကြီးကို ‘၁’ဟု ရေးထားသည့် ဝတ်ရုံတစ်ခုနှင့် ဖုံးအုပ်ထားသည်။ ထိုခေါင်းပြတ်မှာ ပထမဆုံးတမာန်တော်ပင် ဖြစ်လေသည်။

ယူဂျွန်ဟော့သည် တကယ်ကိုအံ့မခန်းပင်။ သူသည် ပထမဆုံးတမာန်တော်နောက်ကို အဆုံးထိလိုက်ခဲ့ပြီး သတ်ပစ်ခဲ့ခြင်းဖြစ်၏။

ကျနော်စိတ်လည်းအေးသွားသလို စိုးရိမ်စိတ်လည်းဖြစ်မိလေသည်။ ကျနော့်တွင် မေးစရာမေးခွန်းများရှိနေသေးသော်လည်း တမာန်တော်က သေသွားခဲ့ပြီဖြစ်၏။ ထိုအချိန်တွင် အဓိပ္ပါယ်မရှိလှသောကိစ္စတစ်ခု ဖြစ်ပျက်လာတော့သည်။

"မင်းပဲ။ မင်းက ငါ့အစီအစဉ်ကိုဖျက်ဆီးလိုက်တာ။ ဟုတ်တယ်မလား"

ခေါင်းပြတ်ကြီးသည် ရုတ်တရက်ဆိုသလို ကျနော့်ကို စကားလှမ်းပြော၏။

"အား….ဘာတွေလဲ"

ဂျန်မင်ဆော့သည် ကြောက်လန့်တကြားအော်လိုက်ပြီး လဲကျသွားသည်။

ခေါင်းပြတ်ကြီး ကျနော့်ကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။

ဒါက မဖြစ်နိုင်ဘူးလေ။

ခေါင်းပြတ်သွားလျှင် သုံးလို့ရသည့်စွမ်းရည်များမှာ Ways of Survivalထဲတွင်တောင် အလွန်ကိုရှားပါးလှသောစွမ်းရည်များဖြစ်၏။ သေဆုံးမှုနှောင့်နှေးခြင်း စွမ်းရည်ကို သုံးမည်ဆိုပါက ခေါင်းပြတ်နေချိန်တွင် စကားပြောသည်က ဖြစ်နိုင်သော်လည်း ထိုစွမ်းရည်နှင့်ပင် ခေါင်းပြတ်နေသည့်အခြေအနေတွင် ကြာကြာနေနိုင်မည် မဟုတ်ချေ။

ထို့အပြင် ဖြတ်ခံထားရသည့်လည်ပင်းတွင်လည်း မည်သည့်သွေးမှထွက်မနေပေ။

ခဏလေး…ကြည့်ရတာ….

လီဆောင်းဂုနှင့် ဂျန်မင်ဆော့တို့ဆီကနေ ရထားသော အချက်အလက်များ ကျနော့်ခေါင်းထဲ စတင်ပေါ်လာတော့သည်။

ပရောဟိတ်တွေအားလုံးရှေ့ပေါ်လာပြီး ကိုယ့်ကိုကိုယ် 'စာဖတ်သူအစစ်'ဟု ပြောခဲ့သူ။ ဇာတ်ဝင်ခန်းစတင်ချိန်မှာပဲ ဆိုးလ်မြို့တခွင်မှာ ပေါ်လာခဲ့ပြီး လူတွေကို စုဆောင်းတာပင် လုပ်ခဲ့သူ။ ထို့အပြင် အကာအရံကိုဖြတ်ကျော်နိုင်ပြီး ခေါင်းဖြတ်ခံရရင်တောင် မသေနိုင်သလို သွေးလည်းမထွက်သူ….

"ကိုယ်စားလှယ်စွမ်းရည် …"

လုံးဝကိုသေချာတယ်။ ငါ့ရှေ့မှာရှိနေတဲ့လူဟာ အတုအယောင်ပဲ။

ခေါင်းပြတ်ကြီးသည် ဆက်လက်ပြီးစကားပြောလေသည်။

"ဝိုး။ တကယ်ကိုလေးစားပါတယ်ကွာ။ ယူဂျွန်ဟော့အယောင်ဆောင်ပြီး တမာန်တော်တွေကိုရော၊ နဂါးကိုပါ အနိုင်ယူခဲ့တယ်။ မင်းရဲ့သရုပ်မှန်က ဘာလဲ"

ငါ့ရဲ့သရုပ်မှန်ကို ဒီကောင် သိမထားဘူးပဲ။

"မင်းက ဘာကောင်လဲ"

ကျနော်သိထားသလောက်ဆိုလျှင် Ways of Survivalဇာတ်လမ်းထဲ၌ ‘ကိုယ်စားလှယ်’စွမ်းရည်ကို သုံးနိုင်သူ အနည်းငယ်သာ ရှိလေသည်။ စိတ်ဖိစီးမှု အလွန်အကျွံဖြစ်စေနိုင်သော ဉာဏ်ရည်ကွန့်မြူးသည့် အလုပ်များကို လုပ်ခဲ့သူများသာ ကိုယ်စားလှယ်စွမ်းရည်ကို ရရှိတတ်ကြ၏။

ခေါင်းပြတ်ကြီးကို သေချာကြည့်လိုက်ပြီး ကျနော်မေးလိုက်သည်။

"မင်းက စာရေးဆရာတစ်ယောက်လား"

All Chapters