← Chapters

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၅)

Vol. 4 Ch. 59

အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တွေ့မြင်ရသောရှုထောင့် (၅)

Vol. 4 Ch. 59

‘စာရေးဆရာ’ဆိုသည်မှာ Ways of Survival ထဲတွင် ‘ကိုယ်စားလှယ်’ စွမ်းရည်ကို ပေးနိုင်သော ရှားပါးသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များထဲမှ တစ်ခုဖြစ်သည်။ သူသည် ထူးဆန်းသော အံ့ဖွယ်တချို့ကို ပြသနိုင်ခဲ့သောကြောင့် စာရေးဆရာဟု ယူဆရန်သာ ရှိတော့လေသည်။

နံပါတ် ၁ တမန်တော်၏ နှုတ်ခမ်းများမှာ အသာအယာ တွန့်ကွေးသွားသည်။

"စာရေးဆရာတဲ့လား။ ‘ဗျာဒိတ်ကျမ်း’ ကို ရေးခဲ့တဲ့ ဖန်ဆင်းရှင်လို့ ဆိုလိုချင်တာလား။ မင်း သိသွားပြီပဲ။ ဟုတ်တယ်... အဲဒီဗျာဒိတ်ကျမ်းကို ငါ ရေးခဲ့တာ"

ဖန်ဆင်းရှင်ဟု ကျနော်ဆိုလိုချင်သည်မဟုတ်သော်လည်း ဤကောင်သည် ရုတ်တရက် ဆိုသလို အဓိပ္ပာယ်မရှိသည်များကို လျှောက်ပြောနေလေပြီ။ သို့သော်လည်း ကျနော့်အတွက်တော့ ဤသည်မှာ ဘယ်လိုမှ မဖြစ်နိုင်သော အမှန်တရားဖြစ်သည်။ ကျနော် ယူဂျွန်ဟော့ဘက်သို့ လှည့်ကြည့်လိုက်သည်။

[သီးသန့်စွမ်းရည် ‘အလုံးစုံသိမြင်သော စာဖတ်သူ၏ ရှုထောင့်’ အား အသက်သွင်းလိုက်ပါပြီ။]

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ သည် လက်ရှိတွင် ‘မုသားထောက်လှမ်းခြင်း’ အဆင့် ၆ ကို အသုံးပြုနေပါသည်။]

ကျနော် ထင်သည့်အတိုင်းပင်။ ယူဂျွန်ဟော့သည် တကယ်ကို စေ့စပ်လွန်းသော မအေဘေးဖြစ်သည်။ ကျနော် နောက်တစ်ခါ ထပ်မေးလိုက်သည်။

"မင်းက ဗျာဒိတ်ကျမ်းကို ရေးခဲ့တာလား"

"ဟုတ်တယ်။ ငါက ဗျာဒိတ်ကျမ်းရဲ့ တစ်ဦးတည်းသော ပိုင်ရှင်လို့ ပြောလည်း ရတယ်"

ယုံကြည်မှုအပြည့်နှင့် ရယ်သံတစ်ခု ထွက်ပေါ်လာလေသည်။

ဟုတ်လား။ ဒါဆို တစ်ခါလောက် စမ်းကြည့်ပေးရသေးတာပေါ့။

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ သည် ‘မုသားထောက်လှမ်းခြင်း’ အဆင့် ၆ ကို အသုံးပြုခဲ့ပါသည်။]

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က ထိုစကားမှာ ‘အမှန်’ ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

...ဘာလဲဟ။ ဒီကောင်က အမှန်အတိုင်း ပြောနေတာလား။

ကျနော် ရုတ်တရက် အံ့အားသင့်သွားပြီး စဉ်းစားရပါ ကြပ်သွားလေသည်။ သို့သော်လည်း ကျနော် ဘယ်လိုပင် စဉ်းစားစဉ်းစား ဤသည်မှာ မဖြစ်နိုင်ပေ။

ကျနော့်၏ စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ရင်း ထပ်မေးလိုက်သည်။

"မင်းပြောနေတဲ့ ‘ဗျာဒိတ်’ ဆိုတာက အတိအကျက ဘာလဲ"

"မင်း သိပြီးသားကို ဘာလို့ မေးနေတာလဲ။ အနာဂတ်နဲ့ ပတ်သက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ ရာဇဝင်ပေါ့ဟ"

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က ထိုစကားမှာ ‘အမှန်’ ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

...ထူးဆန်းတယ်။ ဒီကောင်ပြောတဲ့စကားတွေထဲမှာ အမှန်တရားတချို့ ပါနေတာလား။

"အခု မင်းအလှည့်ပဲ။ ငါနဲ့ တမန်တော်တွေရဲ့ အစီအစဉ်ကို မင်း ဘယ်လိုသိတာလဲ။ မင်းလည်း တမန်တော်တစ်ယောက်လား"

"မင်းကိုယ်တိုင် ဗျာဒိတ်ကျမ်းကို ရေးခဲ့တာဆိုရင် မင်း သိသင့်တာပေါ့"

"အရာရာကို သိမြင်နေတဲ့ ဖန်ဆင်းရှင်ဖြစ်ရတာ တကယ်ကို ပျော်စရာကောင်းလိုက်တာ"

ကျနော် စိတ်ပြန်ထိန်းနေတုန်းတွင် သူသည် လူယုတ်မာတစ်ယောက်လို အေးအေးလူလူ ရယ်မောနေလေသည်။ ကျနော် ဘယ်လိုပင် ကြည့်ကြည့် သူသည် Ways of Survival ၏ စာရေးဆရာ မဟုတ်လောက်ပေ။ သို့သော်လည်း သူသာ တကယ် Ways of Survival ဝတ္ထုကိုရေးခဲ့ခြင်းဆိုပါက ကျနော့်ထံသို့ စာသားဗားရှင်း ပေးခဲ့သည်ကို မသိစရာ အကြောင်းမရှိပေ။

"ဒါနဲ့ စိတ်ဝင်စားစရာပဲ။ ‘ဆိုဒဲမွန် အကျဉ်းထောင်’ က မိန်းမက နောက်ဆုံးတမန်တော် ဖြစ်လိမ့်မယ်လို့ ငါ ထင်ထားတာ၊ ဒါပေမဲ့ မင်းလို လူတစ်ယောက် ပုန်းကွယ်ပြီး ရှိနေဦးလိမ့်မယ်လို့ မထင်ထားမိဘူး..."

"... ဆိုဒဲမွန် အကျဉ်းထောင်ဟုတ်လား"

"ဟင်... မင်း မသိသေးဘူးလား။ ဒါဆို အပေးအယူ လုပ်ကြရအောင်။ မင်းဘယ်သူလဲဆိုတာကို ပြောပြ။ အဲဒါဆို ငါ မင်းကို သတင်းအချက်အလက်တချို့ ပေးမယ်"

"ကြည့်ကြသေးတာပေါ့။ ငါ လိုချင်တဲ့ သတင်းအချက်အလက်မျိုး မင်းဆီမှာ ရှိမယ်လို့ ငါ မထင်ဘူး"

"ငါ အခု အနိုင်ယူခံလိုက်ရပေမဲ့ ဒါက ငါ့ရဲ့ ကိုယ်ခန္ဓာအစစ် မဟုတ်ဘူး။ မင်း နည်းနည်း ကံကောင်းသွားလို့ပါကွ..."

"အနာဂတ်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ငါသိတယ်"

ကျနော် တမင်ပင် သူ့စကားကို ဖြတ်ပြောလိုက်သည်။ ယခုသည် ယူဂျွန်ဟော့အတွက် စိတ်ဝင်စားစရာကောင်းအောင်လုပ်ပြရမည့်အချိန် ဖြစ်လေသည်။

"ပြီးတော့ ငါက မင်းထက် အများကြီး ပိုသိတယ်"

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က မင်း၏ စကားမှာ ‘အမှန်’ ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

ပထမတမန်တော်၏ မျက်နှာမှာ တောင့်တင်းသွားသည်။

"မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ဟောင်မနေနဲ့။ ငါက မင်းထက် ပိုသိ—"

ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ တစ်ခုခု လက်ခနဲ ဖြစ်သွားသည်။

"နေပါဦး... ဒါဆို မင်းက"

သူ တစ်ခုခုကို သတိပြုမိသွားသည့်အချိန်တွင် ကျနော်လည်း ကိစ္စတစ်ခုကို သတိထားမိလိုက်သည်။

ဒီကောင်က... ‘ဟိုကောင်’ လား။

ယခု ကျနော်သိထားသော အမှန်တရား ၅ ခု ရှိပေသည်။

၁။ သူသည် Ways of Survival ကို ဖတ်ဖူးသည်။

၂။ သူ့၏ အသက်မွေးဝမ်းကျောင်းက ‘စာရေးဆရာ’ ဖြစ်သည်။

၃။ သူသည် Ways of Survival ကို ရေးသော စာရေးဆရာ မဟုတ်ပေ။

၄။ သူသည် အနာဂတ်ကို ဖော်ပြသော ‘စာ’ ကို ရေးခဲ့ဖူးသည်။

၅။ အနာဂတ်၏ တစ်စိတ်တစ်ပိုင်းကိုသာ သူသိထားသည်။

ကျနော်က Ways of Survival ၏ အခန်းပေါင်း ၃,၁၄၉ ခန်းလုံးကို ဖတ်ခဲ့သူဖြစ်၏။ ကျနော်သိသလောက် Ways of Survival သည် လူကြိုက်မများသလို တရားမဝင် စာသားဗားရှင်းလည်း မရှိပေ။ သို့သော်လည်း ကျနော်ထင်သည့်အတိုင်း သူသည် အဲဒီလူဆိုပါက... သူ့တွင် ‘စာသား’ ဗားရှင်းရှိနေခြင်းနှင့် Ways of Survival အကြောင်း အများကြီး သိနေခြင်းမှာ ဖြစ်နိုင်ချေရှိ၏။

"သူများရေးထားတာကို ကူးချပြီး ရှင်သန်ရတာကို မင်းက သဘောကျတာလား"

"ဘာ... ဘာဖြစ်တယ်"

သူ့မျက်လုံးများ တုန်လှုပ်သွားသည်။ သံသယဖြစ်စရာ မလိုတော့ပေ။ နံပါတ် ၁ တမန်တော်သည် ‘သူ’ ပင်ဖြစ်သည်။

"မင်း ဒီလိုမျိုး ရှင်သန်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ‘ဗျာဒိတ်’ ဆိုပဲ... မင်း ဒီလိုပုံစံနဲ့ ရှင်သန်ချင်တာလား။ မင်းကိုယ်မင်း ဗျာဒိတ်ကျမ်းရဲ့ ဖန်ဆင်းရှင်လို့ ပြောနေတာကို တွေးမိရင် ငါဒေါသတောင် ထွက်မိတယ်"

"ဘာ..."

"တစ်ခုတော့ ထူးဆန်းတယ်။ မင်း သုံးနေတဲ့ သတင်းအချက်အလက်တွေက သိပ်ပြီး အဖိုးမတန်သလိုပဲနော်"

ဖန်ဆင်းရှင်ဆိုသည့်ကောင်၏ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။

"အခုလိုမျိုး ဟန်ဆောင်နေတာကို ရပ်ဖို့ အချိန်မတန်သေးဘူးလား။ ကမ္ဘာကြီးက အခုလိုမျိုးဖြစ်ပျက်သွားတာတောင် မင်းက ဟန်ဆောင်ချင်သေးတာလား"

"ယူဂျွန်ဟော့"

အဲဒီကောင်သည် ယူဂျွန်ဟော့ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

"ယူဂျွန်ဟော့ ငါနဲ့ ပူးပေါင်းပါ"

သူသည် တကယ်ကို နုံအလှသည်။

"ငါ အရင်က ပြောခဲ့သလိုပဲ ဗျာဒိတ်တွေ အားလုံးကို ငါ သိတယ်။ ငါ တစ်ယောက်တည်းပဲ မင်းကို ဒီကမ္ဘာကြီးရဲ့ လမ်းဆုံးအထိ ခေါ်သွားနိုင်တာ"

[သီးသန့်စွမ်းရည် ‘အလုံးစုံသိမြင်သော စာဖတ်သူ၏ ရှုထောင့်’ အဆင့် ၂ ကို အသက်သွင်းလိုက်ပါပြီ။]

[ပင်ပန်းနွမ်းနယ်မှု မြင့်မားနေသောကြောင့် ‘အလုံးစုံသိမြင်သော စာဖတ်သူ၏ ရှုထောင့်’ အဆင့် ၂ ကို အသက်မသွင်းနိုင်ပါ။]

တောက်... အရေးကောင်းပြီဆိုမှ အသက်သွင်းမရဘူးတဲ့လား။

"သေသေချာချာ စဉ်းစားပါ။ ၄၆ ခုမြောက် ဇာတ်ဝင်ခန်းကို မင်း တစ်ယောက်တည်း မကျော်ဖြတ်နိုင်ဘူး။ အန်နာ ခရော့ဖ်နဲ့ ဇလွာတူစထွာကို အနိုင်ယူဖို့ မင်း ငါနဲ့ လက်တွဲမှဖြစ်မယ်"

အယောင်ဆောင်ကောင်စုတ်သည် ကျနော်ပြောသော စကားများကိုပင် လိုက်ပြောနေလေသည်။ ယူဂျွန်ဟော့က ခေါင်းခါလိုက်သည်။

"ဗျာဒိတ်တွေအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး"

"ဒါက ရှေ့ဖြစ်ဟောချက်လိုမျိုးပဲလေ။ ငါ့ရဲ့ ဝိသေသလက္ခဏာကို မမြင်ဘူးလား။ ငါက ‘နောက်ဆုံး’ လို့တောင် ရေးထားတယ်လေ"

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ သည် ‘သူတော်စင်၏ မျက်လုံး’ အဆင့် ၈ ကို အသုံးပြုခဲ့ပါသည်။]

ကျနော်လည်း ကျနော့်၏စွမ်းရည်ကို အသက်သွင်းလိုက်၏။

[ဤလူ၏ အချက်အလက်ကို ‘ဇာတ်ကောင်စာရင်း’ တွင် မဖတ်ရှုနိုင်ပါ။]

[ဤလူကို ‘ဇာတ်ကောင်စာရင်း’ တွင် စာရင်းသွင်းထားခြင်း မရှိပါ။]

ချီး... ကြည့်လို့မရဘူး။

ယူဂျွန်ဟော့သည် သူတော်စင်၏ မျက်လုံးနှင့် တစ်စုံတစ်ခုကို အတည်ပြုပြီး ကျနော့်ကို ကြည့်လိုက်သည်။ ခေါင်းပြတ်ကြီးမှာမူ ဆက်ပြောနေဆဲပင်။

"သူ့ကို သတ်လိုက်။ သူက အန္တရာယ်ရှိတယ်ဆိုတာ မင်း သိသင့်တယ်။ သူက မင်းလို ဟန်ဆောင်ခဲ့ပြီး အနာဂတ်မှာ မင်းကို အကြီးအကျယ် ဒုက္ခပေးလိမ့်မယ်။ သူ့ကို ဒီအတိုင်း လွှတ်ထားရင် သူကြောင့် အကျိုးဆက်တွေ ဖြစ်ပေါ်စေပြီး မင်းရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်"

ကျနော် တကယ် ဒေါသထွက်သွားလေသည်။ ဤမအေဘေးသည် ကျနော်နှင့်အတူ သေချင်နေခြင်းလော။

"...မင်းရော အတူတူပဲ မဟုတ်ဘူးလား"

‘ငါက မတူဘူး။ ယူဂျွန်ဟော့ ငါနဲ့ လက်တွဲပါ။ မင်း လိုချင်တဲ့ ကတိသစ္စာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါ ပေးပါ့မယ်။ ငါ မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး’

အယောင်ဆောင်ကောင်သည် အတင်းပင် ကမ်းလှမ်းနေပေပြီ။ ယူဂျွန်ဟော့သည် အခြေအနေကို စောင့်ကြည့်ပြီး ပြောလိုက်၏။

"သိပြီ။ လက်တွဲမယ်ဆိုတော့..."

ယူဂျွန်ဟော့က ကျနော့်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ သူ့စိတ်ထဲကို ကျနော် မမြင်ရတော့သဖြင့် ရူးမတတ်ပင် ဖြစ်နေမိ၏။ ယူဂျွန်ဟော့သည် သူ၏ဓါးကို ကျနော့်ဘက်သို့ ဖြည်းဖြည်းချင်း ချိန်လိုက်သည်။ နံပါတ် ၁ တမန်တော်သည် အားတက်သွားပြီး အော်ပြောတော့၏။

"သတ်လိုက်။ အခုချက်ချင်း သတ်ပစ်"

"တစ်ယောက်က ပရောဟိတ်၊ တစ်ယောက်က ဗျာဒိတ်ပေးတဲ့သူ..."

"သတ်လိုက်"

ယူဂျွန်ဟော့က နံပါတ် ၁ တမန်တော်၏ ခေါင်းကို ခြေထောက်ဖြင့် နင်းလိုက်၏။

"အား... ဘာလဲဟ"

"မင်း တကယ်ပဲ အနာဂတ်ကို သိတယ်ဆိုရင် ငါ တစ်ခုလောက် မေးကြည့်မယ်"

"ဘာမေးမှာလဲ"

ဓါးဦးက ကျနော့်လည်ပင်းဆီ ရောက်လာသည်။ ယူဂျွန်ဟော့ထံမှ ကျနော် ခံစားဖူးသော ‘ဓါးတစ်ချက်’ သည် ယခုဆိုလျှင် ကျနော့်ဆီသို့ ဦးတည်နေလေပြီ။ ကျနော့်လည်ပင်းက စူးခနဲ ဖြစ်သွားပြီး သွေးများ နွေးခနဲ စီးကျလာသည်ကို ခံစားလိုက်ရသည်။

"ဟေ့။ နင်ဘာလုပ်တာလဲ"

လန့်သွားသော ယောင်ဟီဝန်က ကျနော်တို့ဘက်သို့ ပြေးလာသည်။ ကျနော် လက်မြှောက်ပြပြီး ပြေးလာသောလူများကို တားလိုက်သည်။ ကျနော် စိတ်လှုပ်ရှားနေမိသော်လည်း ဤနေရာ၌ ယူဂျွန်ဟော့၏စိတ်ကို သွားပြီး ဆွပေးခြင်းမှာ ကောင်းသည်ဟု မယူဆပေ။

ယူဂျွန်ဟော့က နံပါတ် ၁ တမန်တော်ကို မေးလိုက်သည်။

"ငါ မင်းကို မေးမယ်။ ငါ ဒီကောင်ကို အခု သတ်မှာလား မသတ်ဘူးလား"

"ဘာ"

"မင်း တကယ်ပဲ အနာဂတ်နဲ့ပတ်သတ်တဲ့ ဗျာဒိတ်ကို သိတယ်ဆိုရင် ငါ့ရဲ့ ရွေးချယ်မှုကို မင်း သိမှာပေါ့"

...ဒီကောင်စုတ်မှာ အကျင့်ဆိုးတစ်ခု ရှိသည်။ သူ ဒါမျိုး ထပ်လုပ်ပြန်ပေပြီ။

နံပါတ် ၁ တမန်တော်၏ မျက်နှာမှာ ဝေခွဲမရဖြစ်နေသည်။ ‘စုံဂဏန်း တံတား’ တုန်းက ကျနော်လည်း ဤသို့ပင် ဖြစ်ခဲ့ပေမည်။ သို့သော်လည်း အံ့သြစရာကောင်းသည်မှာ အဖြေက မြန်မြန်ထွက်လာခြင်းပင်။

"ဒါပေါ့... မင်း သူ့ကို သတ်မှာပေါ့။ မင်း သတ်ကို သတ်ရမယ်"

အယောင်ဆောင်ကောင်သည် ခိုင်မာသော ယုံကြည်ချက်များ ပြည့်နှက်နေသည့် မျက်နှာပေးဖြင့် ပြောလိုက်၏။ ယူဂျွန်ဟော့သည် ဤသို့ပင် လုပ်လိမ့်မည်ဟု မာနတခွဲသားနှင့် အသေအချာ ပြောနေလေသည်။

"မြန်မြန်... သတ်လိုက်။ ပြီးတော့..."

ဓါးက လှုပ်ရှားသွားသည်။ သို့သော်လည်း နောက်ဆက်တွဲ ထွက်ပေါ်လာသည်မှာ အသားကို လှီးဖြတ်လိုက်သည့် အသံ မဟုတ်ပေ။

ခွပ်

နံပါတ် ၁ တမန်တော်၏ ခေါင်းမှာ နင်းခြေခံလိုက်ရပြီး ပွင့်ထွက်သွားလေသည်။ ကိုယ်ပွားဖြစ်သည့်အတွက် သူ သေသွားမည် မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတော့ အကြီးအကျယ် ရသွားလောက်ပေမည်။

ယူဂျွန်ဟော့၏ ဓါးမှာ ကျနော့်ထံမှ ချက်ချင်း ဖယ်ခွာသွားသည်။

"စကားများတဲ့ မအေဘေးပဲ"

ကျနော် အတန်ကြာ မှင်တက်သွားသည်။ ယူဂျွန်ဟော့သည် ကျနော့်ကို အသက်ချမ်းသာပေးရန် ရွေးချယ်ခဲ့ခြင်းလော။ ကျနော့်၏စိတ်ထဲ နည်းနည်း တုန်လှုပ်သွားသည်။ သေတော့ မသေချာပေ... ယူဂျွန်ဟော့သည် ကျနော့်ကို ခဏမျှ စိုက်ကြည့်ပြီး ထွက်သွား၏။

"ဟေ့… မင်း ဘယ်ကို သွားမလို့လဲ"

ခွေးသူတောင်းစားသည် သူကိုယ်သူ တကယ် လန်းသည်ဟု ထင်နေလောက်ပေမည်။ အမှန်အတိုင်းပြောရလျှင် ယူဂျွန်ဟော့သည် နည်းနည်းတော့ လန်းပေသည်။

"ခဏ စောင့်ဦး။ မင်းက လီဂျီဟယ်နဲ့ ထွက်သွားတော့မလို့လား"

"အနာဂတ်က ပြောင်းလဲသွားပြီဆိုတော့ အစီအစဉ်လည်း ပြောင်းသွားပြီ"

"ငါနဲ့ အတူတူ ဘာလို့ လက်မတွဲတာလဲ။ ငါ မင်းကို ကူညီနိုင်တယ်"

ယူဂျွန်ဟော့က ကျနော့်ဘက်သို့ လှည့်လာသည်။ သူ့မျက်လုံးများကို ကြည့်ပြီး ကျနော် အလိုအလျောက် အနောက်သို့ ဆုတ်မိသွားသည်။

"အကြွေး ကျေသွားပြီ။ မင်းရဲ့ အလံကို မလုယူခြင်းအားဖြင့် မင်းကိုနောက်ဆုံး ကျေးဇူးဆပ်လိုက်ပြီ"

ခွေးသူတောင်းစားကတော့ကွာ။

သို့သော်လည်း ကျနော် ဤအတိုင်း လက်မလျှော့နိုင်ပေ။

"ဘာပဲဖြစ်ဖြစ် ငါ မင်းကို အဖွဲ့ထဲကနေ မထုတ်သရွေ့ မင်း ဒီဘူတာကနေ ထွက်လို့မရဘူး။ မင်းက ပြစ်ဒဏ်ကို ခံချင်တာလား"

ယူဂျွန်ဟော့သည် သူ၏ဓါးရိုးဆီသို့ လက်ကို ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ ကျနော် အမြန်ပင် ထပ်ပြောလိုက်သည်။

"မင်းရဲ့ အစီအစဉ်က ဘာလဲဆိုတာ ငါသိတယ်။ မင်း ‘ချန်ဂု’ ဘက်ကို သွားမလို့ မလား။ ‘ဘုရင့်လမ်းကြောင်း’ ကို လျှောက်လှမ်းရင်း အနက်ရောင်အလံကို အပြီးသတ်ဖို့က မင်းရဲ့ ရည်မှန်းချက်ပဲ။ ငါ မင်းကို ကူညီမယ်"

"ငါကတော့ အခုချက်ချင်း မင်းရဲ့ အလံကိုပဲ ယူလိုက်ချင်တယ်"

"ဒါဆိုရင် စမ်းကြည့်လေ။ မင်းရဲ့ ဓါးက ပိုမြန်မလား ငါ့ရဲ့ လျှာက ပိုမြန်မလား"

လောင်းကြေးထပ်ကြည့်လိုက်ခြင်းပင် ဖြစ်၏။ ပြစ်ဒဏ်၏ အာနိသင် မပေါ်ခင်မှာ ယူဂျွန်ဟော့သည် ကျနော့်လည်ပင်းကို ထိုးစိုက်နိုင်လေသည်။

"မင်း ချန်ဂုဘက်ကို သွားဖို့ မလိုပါဘူး။ မြောက်ဘက်ကို သွားပါ။ ‘မင်းဆိုးမင်းညစ်’ရဲ့ နယ်မြေက မင်းရဲ့ နယ်မြေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလံကို ဖန်တီးဖို့ ကူညီပေးလိမ့်မယ်။ အလံလည်း ရ၊ ရန်သူကိုလည်း နှိမ်နင်းပြီးသားဖြစ်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား"

"ငါ့ဘာသာ ငါ လုပ်နိုင်တယ်"

"စတုတ္ထမြောက် ဇာတ်ဝင်ခန်း အဆုံးသတ်ဖို့ ၄၈ နာရီပဲ ကျန်တော့တယ်။ အဲဒီအချိန်အတွင်းမှာ မင်း ဘူတာ ၂၀ ကို သိမ်းပိုက်ပြီး အနက်ရောင်အလံကို အပြီးသတ်နိုင်ပါ့မလား"

ယူဂျွန်ဟော့၏ လက်များ တုံ့ဆိုင်းသွားသည်။ ကျနော်အကွက်ထဲ မိသွားလေပြီ။

"ပြီးတော့... မင်းမှာ မြောက်ဘက်ကို သွားရမယ့် အကြောင်းပြချက် ရှိတယ် မဟုတ်လား။ မင်းရဲ့ မိသားစုဝင်ကို ဒီအချိန်မှာ ပစ်ထားခဲ့မှာတော့ မဟုတ်ပါဘူးနော်"

"...မင်း"

"စိတ်အေးအေးထားပါ။ ငါက စေတနာနဲ့ ပြောနေတာ။ ငါ တကယ် ကူညီမှာပါ"

ယူဂျွန်ဟော့၏ ဒေါသထွက်နေသော မျက်လုံးများက ကျနော့်ကို ခဏမျှ စိုက်ကြည့်နေသည်။ ပတ်ဝန်းကျင်မှာ တင်းမာနေသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များမှာ မကြာခင်မှာ ပျောက်ကွယ်သွားသည်။

"ကမ္ဘာပေါ်မှာ အလကားရတာ ဘာမှမရှိဘူး။ မင်းလိုချင်တာက ဘာလဲ"

မျှော်လင့်ထားသည့်အတိုင်းပင် ‘နောက်ပြန်ဆုတ်သူ’သည် ကျနော့်ဘက်က လိုချင်တာရှိနေမှန်းကို မြန်မြန်ပင် သတိထားမိသွား၏။ ကျနော် ပြုံးပြီး ပြောလိုက်သည်။

"ရိုးရှင်းပါတယ်။ ငါ့ကို တစ်ခုပဲ ပြောပြပါ။ ငါလိုချင်တာက အဖြေတစ်ခုပါ"

"ဘာလဲ"

"မင်း အခုလေးတင် နင်းခြေလိုက်တဲ့ ကောင်ရဲ့ ဝိသေသလက္ခဏာက ဘာလဲ။ တစ်ခုကတော့ ‘နောက်ဆုံးလက်လျှော့သူ’ ဖြစ်လိမ့်မယ်။ နောက်တစ်ခုက ဘာလဲ"

ခဏအကြာတွင် ယူဂျွန်ဟော့သည် ကျနော့်ကိုပြောပြလိုက်လေတော့၏။

…………………………………………

၁၀ မိနစ် အကြာတွင် ဂျန်မင်ဆော့နှင့် လီဆောင်းဂုကို ကျနော်ခေါ်လိုက်သည်။ သူတို့နှစ်ယောက်နှင့်ပတ်သတ်ပြီး လုပ်စရာကိစ္စရှိသဖြင့် ကျနော်ခေါ်လိုက်ခြင်း ဖြစ်သော်လည်း ကျနော် ဘာမှမပြောရသေးခင်မှာပင် ဂျန်မင်ဆော့က ကျနော့်ကို အရင်မေး၏။

"စောနက ဘယ်သူလဲ"

ကျနော် ခဏလောက် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

"မင်းတို့ ‘SSSSS-အဆင့် အနန္တ နောက်ပြန်ဆုတ်သူ’ ဆိုတဲ့ ဝတ္ထုကို သိလား"

"အာ ကျနော် ဖတ်ဖူးတယ်"

လီဆောင်းဂုက လက်မြှောက်ပြကာ ဖြေသည်။

"Textpia မှာ နံပါတ်တစ် ပလက်တီနမ် ဝတ္ထု မဟုတ်လား။ တကယ်ကို ဖတ်လို့ကောင်းခဲ့တာပါ..."

"အာ ဟုတ်သားပဲ။ မေ့နေတာ အခုမှ မှတ်မိတော့တယ်။ အဲ့ဒီဝတ္ထုက ဘယ်လို အဆုံးသတ်သွားတာလဲ"

နှစ်ယောက်သားက မှတ်ဉာဏ်များ ပေါ်လာသည့်အတိုင်း အကျယ်ကြီး ပြောကြတော့သည်။ ထင်ထားသည့်အတိုင်းပင်။ Ways of Survival ကို ဖတ်ခဲ့ဖူးသော ဤနှစ်ကောင်သည် ကျန်အင်တာနက်ဝတ္ထုများကိုလည်း စိတ်ဝင်စားတာ အမှန်ပင်ဖြစ်၏။

"အဲ့ဒီဝတ္ထုထဲမှာပါတာတွေကတော့ မျိုးစုံပဲ။ ဖတ်ရတာတော့ ဖတ်ပျော်ပါတယ်"

တကယ်တော့ ကျနော်လည်း အဲဒီဝတ္ထုကို ဖတ်ဖူး၏။ ကျနော်က Ways of Survival ကို ဖတ်ရင်း ‘ဒီနေ့ရဲ့ အကောင်းဆုံးစာရင်း’ ထဲမှာ ပါနေသောကြောင့် မတော်တဆ နှိပ်မိသွားခြင်းဖြစ်သည်။ ထိုစဉ်က အဆိုပါဝတ္ထု၏ ဇာတ်လမ်းဆင်ပုံနှင့် အပြင်အဆင်များကို ကြည့်ပြီး ကျနော် အံ့သြသွားခဲ့သည်။

အနန္တ နောက်ပြန်ဆုတ်သူ စိတ်ဝေဒနာရှင်

သာလွန်ထူးကဲသော ဖြစ်တည်မှုများဆီမှ ထောက်ပံ့မှု

ရုပ်သံထုတ်လွှင့်မှု စနစ်

အဓိပ္ပာယ်မရှိသော မစ်ရှင်များနှင့် ရှင်သန်ခြင်းဂိမ်း

တကယ်တန်းတော့ ဇာတ်လမ်းတင်ဆက်ပုံက ပုံမှန်ဇာတ်လမ်း အသွားအလာမျိုးသာ ဖြစ်သည်။ ပြဿနာက ထိုဇာတ်လမ်းတင်ဆက်ပုံ၏ အသေးစိတ်အချက်အလက်များသည် တခြားလူ၏ ဇာတ်လမ်းတင်ဆက်ပုံကို ကူးယူထားသလိုဖြစ်နေခဲ့ခြင်းပင်။ အဆိုပါဝတ္ထုကို ကျနော် ဖတ်ပြီးသည်နှင့် မှတ်ချက်တစ်ခု ပေးခဲ့သေး၏။

ဒါက Ways of Survival ကို ကူးချထားတာ မဟုတ်ဘူးလား

ကျနော် မှတ်မိသေးသည်။ ကူးချမှုနှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာရမည့်အစား ကျနော်က ခပ်ညံ့ညံ့ဝတ္ထုလေးတစ်ခုနှင့် သွားနှိုင်းယှဉ်၍ဟုဆိုကာ အဆဲခံခဲ့ရခြင်းပင်။ ၏ စာဖတ်သူများထံမှ ကြောက်စရာကောင်းသော မက်ဆေ့ချ်များ ကျနော် ရခဲ့ဖူးသည်။

ကိုယ့်ဝတ္ထုကိုသာ ကိုယ်သွားဖတ်။ စောက်ပြဿနာလာမရှာနဲ့

ကျနော် အရမ်းဒေါသထွက်ပြီး Ways of Survival ၏ စာရေးဆရာဆီတောင် စာပို့ခဲ့သေးသည်။ ထိုစဉ်က စာရေးဆရာက တစ်ခုခု ပြန်ပြောခဲ့သည်။ ဝေဖန်ဖို့အတွက် ဝင်ရောက် ကြည့်ရှုသူအရေအတွက် များလာသောကြောင့် စာရေးဆရာ၏ စိတ်အခြေအနေက ကောင်းနေခဲ့လေသည်။ ကျနော်ကတော့ စာရေးဆရာကို သနားလွန်းသဖြင့် မျက်ရည်တောင် ဝဲမိခဲ့၏။

လီဆောင်းဂုက မေးသည်။

"ဒါပေမဲ့ ဘာလို့ ဒီဝတ္ထုအကြောင်း ပြောနေတာလဲ"

"နံပါတ် ၁ တမန်တော်က ရဲ့ စာရေးဆရာပဲ"

"ဟင်…. မဖြစ်နိုင်တာ"

အဲဒီစာရေးဆရာက Ways of Survival အကြောင်း သိပေလိမ့်မည်။ ယခု ကမ္ဘာကြီးက ဝတ္ထုအဖြစ် ပြောင်းလဲသွားသောအခါ အဲဒီဝတ္ထုကို ကူးချခဲ့သော စာရေးဆရာက ဤကမ္ဘာကြီး၏ဖန်ဆင်းရှင်ဟု ကြွေးကြော်နိုင်လာခြင်းပင်။ ထို့အပြင် သူက ‘ဗျာဒိတ်’ ဆိုသည့် အဓိပ္ပာယ်မရှိသော အပြင်အဆင်ကိုလည်း ထည့်လိုက်သေးသည်။

ရှင်းပြချက်အချို့ ပေးပြီးနောက်မှာတော့ ဂျန်မင်ဆော့က နားလည်သွားပြီး ထူးဆန်းသော မျက်နှာပေးနှင့် ပြောသည်။

"အဲ့ဒါက ကူးချထားတဲ့ ဝတ္ထုပေါ့လေ"

"ဟုတ်တယ်"

"စဉ်းစားကြည့်တော့ ဝတ္ထုက ဆင်တူသလိုပဲ... အကြာကြီးရှိပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး... ဘာလို့ အဲဒီဝတ္ထုက ကျနော့်ခေါင်းထဲ အရင်မပေါ်လာတာလဲ။ အဲဒါက အများကြီး ပိုနာမည်ကြီးတာလေ"

"ဒါက ဝိသေသလက္ခဏာ ကြောင့် ဖြစ်မှာပါ။ ငါတို့ ဖတ်ခဲ့တဲ့ အစိတ်အပိုင်းပဲ ပေါ်လာတာလေ။ ‘SS’ ပါတဲ့ ဝတ္ထုတွေက အများကြီးရှိတော့ ပိုပြီး စိတ်ရှုပ်စရာ ကောင်းနေတာပေါ့ကွာ"

"အဲ့လိုလား။ ဘာပဲဖြစ်ဖြစ် နံပါတ် ၁ တမန်တော်က သူများစာကို ကူးချသူပေါ့။ ဒါဆိုရင် သူ့မှာ စာသားဗားရှင်း ရှိမှာပေါ့နော်"

ကျနော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဖြစ်နိုင်တာက သူ့မှာ သူကိုယ်တိုင် ကူးချထားတဲ့ လက်ရာရဲ့ မိတ္တူ ရှိနေလောက်တယ်။ သူဟာ မူရင်းဇာတ်လမ်းကို ကူးထားတာမလို့ ဒီကမ္ဘာရဲ့ အနာဂတ်ကို အတိုင်းအတာတစ်ခုအထိတော့ သိနေမှာပဲ"

ပြောင်းလဲသွားသော ဤကမ္ဘာတွင် ကူးချသူတစ်ယောက်က အောင်မြင်နေသည်ဆိုသည်မှာ တွေးမိလျှင် တကယ်ကို စိတ်နာဖို့ကောင်းသည်။ ယခုက တရားမျှတမှုကို အကောင်အထည်ဖော်ရမည့် အချိန်ပင်။

"ဒါဆိုရင် သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။ သူက မူရင်းကို အဆုံးအထိ ကူးထားတာဆိုရင်..."

"အဆုံးအထိ မဟုတ်ဘူး။ သူက အစောပိုင်း အစိတ်အပိုင်းတွေကိုပဲ ကူးခဲ့တာ။ နောက်ပိုင်းရောက်လာရင် ကူးချမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှာကို စိုးရိမ်လို့ စောစောစီးစီး သူရပ်လိုက်မှာပဲ။ နောက်ထပ် အချိန်နည်းနည်း ထပ်ကြာသွားရင် သူသိထားတဲ့ သတင်းအချက်အလက်တွေလည်း လျော့နည်းသွားလိမ့်မယ်"

"ဒီအကြောင်းကို ကျနော်တို့ ခေါင်းဆောင်ကြီးက ဘယ်လိုသိတာလဲ"

"ငါက ဒီအတိုင်းပဲ သိထားတာပါ"

အခန်းပေါင်း ၁၀၀ ကျော်ကနေစပြီး Ways of Survival ၏ တစ်ဦးတည်းသော စာဖတ်သူက ကျနော်ပဲ ကျန်တော့မည်ပင်။

"တစ်ခုလောက်မေးပါရစေ။ ခေါင်းဆောင်ကြီးက မူရင်းလက်ရာကို ဘယ်လောက်အထိ ဖတ်ခဲ့တာလဲ..."

"အဲဒါ မပြောခင် မင်းတို့ လုပ်စရာတစ်ခု ရှိတယ်။ အတိအကျ ပြောရရင် ငါတို့ အတူတူ လုပ်ရမယ်"

သူတို့၏မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။

"မင်းတို့ အရင်က ငါ့ကို ပြောခဲ့တယ်မလား။ ပရောဟိတ်တွေက ‘မင်းဆိုးမင်းညစ်’ ရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်ဆိုတာလေ"

"အာ... ဟုတ်ကဲ့ ကျနော်တို့ သိသလောက်တော့ သူ့ဆီမှာ အသုံးချခံနေရတဲ့ လူနည်းနည်းလောက် ကျန်ဦးမယ်ထင်တယ်"

"တကယ်လား။ ဒါဆိုရင် ပိုကောင်းတာပေါ့"

"ဗျာ"

ဇာတ်ဝင်ခန်း အဆုံးသတ်ဖို့ ကျန်သည့်အချိန်က ၄၈ နာရီ။ မင်းဆိုးမင်းညစ်ကို အမဲလိုက်ချင်သည်ဆိုပါက ကျနော်တစ်ယောက်တည်း လုပ်ဖို့မှာ ခက်ခဲပေလိမ့်မည်။

"ဒီကောင်တွေရဲ့ သတင်းအချက်အလက်တွေကို ရှုပ်ထွေးအောင် ငါလုပ်ပစ်မယ်"

မင်းဆိုးမင်းညစ်က ပရောဟိတ်များကို အသုံးချနေသည်ဆိုပါက အဆိုပါအချက်ကို ကျနော်ပြန်ပြီး အခွင့်ကောင်း ယူနိုင်ပေသည်။

"ဗျာဒိတ်တွေရဲ့ အစိတ်အပိုင်းတချို့ကို ထုတ်ဖော်ပြရမယ်"

"ဟင်။ ဘယ်လိုမျိုးလဲ..."

ကျနော် ဘာပြောနေသလဲဆိုသည်ကို သူတို့ နားမလည်သေးသဖြင့် ကျနော်ကပင် ကြင်နာစွာ ရှင်းပြလိုက်သည်။

"အခုကစပြီး ငါတို့ ရဲ့ စာသားကို ဖန်တီးပြီးတော့ နေရာအနှံ့ကို ဖြန့်ဝေကြရမယ်"

ရန်သူများ အများကြီး ရှိနေလျှင် အကောင်းဆုံး အဖြေမှာ ၎င်းတို့အချင်းချင်း ပြန်တိုက်ခိုက်အောင် လုပ်ဖို့ပင်။

All Chapters