ဘုရင်တို့၏စစ်ပွဲ (၁)
Vol. 4 Ch. 60
ကျနော့်ရဲ့ အစီအစဉ်က ရှင်းလင်းပေသည်။
ခိုးချထားသော နံပါတ် ၁တမန်တော်ထံတွင် Ways of Survival ၏ အစပိုင်းဖြစ်သော ‘တတိယနှင့် စတုတ္ထမြောက် ပြန်လည်စတင်ခြင်း’ အကြောင်း အချက်အလက်များ ရှိနေပေသည်။ သတင်းဦးသူတို့ ထုံးစံအတိုင်း သူသည် အချက်အလက်များကို လက်ဝါးကြီးအုပ်ထားပြီး ပရောဟိတ်များထံမှ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း မင်းဆိုးမင်းညစ်သည် ပရောဟိတ်များ ရှိနေသည်ကို သိရှိပြီးနောက် ‘ဗျာဒိတ်တော်’ များကို အသုံးချခဲ့သော ဆိုးလ်မြို့၏ ဘုရင်ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
သတင်းအချက်အလက်ကို လက်ဝါးကြီးအုပ်ချင်သူနှင့် ၎င်းကို တူးဖော်ချင်သူတို့နှစ်ဦး ရင်ဆိုင်ရလျှင် မည်သို့ဖြစ်လာမည်ဆိုသည်မှာ အလွန်ပင် သိသာလှသည်။
လီဆောင်းဂုက မေးသည်။
"...ဒါဆို ကျနော်တို့က ဝတ္ထုစာသားကို ဖန်တီးတော့မှာလား"
"ဟုတ်တယ်"
အစီအစဉ်မှာ ရိုးရှင်း၏။ ခိုးချသောစာရေးဆရာ၏ ဝတ္ထုကို စာသားဗားရှင်း (txt) ပြုလုပ်ပြီး ဘူတာတစ်ခုချင်းစီရှိ လူများကြားထဲသို့ ဖြန့်ဝေပစ်မည် ဖြစ်သည်။
– ပရောဟိတ်များ၏ ဗျာဒိတ်တော်အချို့ ပေါက်ကြားသွားပြီ။ ဆိုသော ရလာဒ်မျိုး အကြမ်းဖြင်းရအောင် လုပ်ရပေမည်။
အခြေအနေများက အကွက်ကျကျပင် ရှိနေသည်။ ဟန်ဒုံဂွန်၏ အင်တာနက် ကွန်မန့်များ ထိန်းချုပ်မှုကြောင့် ပရောဟိတ်များအကြောင်းမှာ အွန်လိုင်းတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ သို့သော်လည်း စာသားဗားရှင်း ပေါက်ကြားသွားပြီဟူသော သတင်းသာ ထွက်လာလျှင်မူ ဂယက်မှာ အကြီးအကျယ် ရိုက်ခတ်သွားပေလိမ့်မည်။
အစောပိုင်း စာဖတ်သူအချို့က ဝတ္ထုပါအချက်အလက်များကို အပိုင်စီးရန် ကြိုးစားကြသကဲ့သို့ မင်းဆိုးမင်းညစ်သည်လည်း ၎င်းတို့ကို ရရှိရန် သဘာဝအတိုင်း လှုပ်ရှားလာမည် ဖြစ်သည်။
"ဒါပေမဲ့... ကျနော် ထဲက အကြောင်းအရာတွေကို အကုန်မမှတ်မိတော့ဘူး။ စာသားကို ဘယ်လိုလုပ်ကြမလဲ"
"ခိုးချထားတဲ့ ဝတ္ထုထဲက အကြောင်းအရာတွေကို ငါတို့က ဘာလို့ လိုရမှာလဲ"
"ဗျာ"
"ငါတို့ဆီမှာ မူရင်းရှိတယ်လေ"
"အား... ဟုတ်သားပဲ"
ချီးကျူးသံလေးတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ဂျန်မင်ဆော့၏ မျက်နှာမှာမူ မဲမှောင်နေဆဲပင်။
"အဲ... ပြဿနာတစ်ခုတော့ ရှိသေးတယ်။ Ways of Survival ထဲက ကျနော်တို့သိတဲ့ အချက်အလက်တွေက တော်တော်များများ အသုံးချခံလိုက်ရပြီ..."
"ငါ မင်းတို့ကို ဝတ္ထုပါ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးမယ်။ အစပိုင်းမှာ ရှိနေတဲ့ အချက်အလက်တချို့ ငါသိတယ်။ အချိန်အခါအပေါ် မူတည်ပြီး သင့်တော်တဲ့ ပစ္စည်းတွေအကြောင်း ငါ ပြောပြပေးမယ်"
အဓိကအချက်မှာ ခိုးချသော စာရေးဆရာနှင့် မင်းဆိုးမင်းညစ်တို့၏ အာရုံကို ဖမ်းစားနိုင်ရန်ပင် ဖြစ်သည်။
လီဆောင်းဂုက အားနာသလို ရယ်မောလိုက်သည်။
"ပျော်တော့ ပျော်စရာပဲ။ ကျနော်ကတော့ စာဖတ်သူသက်သက်ပဲဆိုတော့ စာသားဗားရှင်းတစ်ခု ဖန်တီးပေးပါမယ်"
ဤမအေဘေးသည် ခိုးကူးဝတ္ထုကို ဒေါင်းလုဒ်ဆွဲသူများထဲမှ တစ်ဦး ဖြစ်နိုင်သည်ဟု ကျနော် တွေးမိသည်။
ဂျန်မင်ဆော့ကလည်း ပြောသည်။
"ဒါပေမဲ့ ကျနော်တို့ ဒါမျိုးလုပ်ရင် သူ့လိုပဲ ဖြစ်သွားမှာ မဟုတ်ဘူးလား။ အဆုံးမှာတော့ ကျနော်တို့လည်း ဇာတ်လမ်းဖန်တီးဖို့ မူရင်းကို ခိုးချနေတာပဲလေ..."
အဆိုပါစကားမှာ အဓိပ္ပာယ်ရှိလှသဖြင့် ကျနော် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။
"ဒီလို ရှိတယ်လေ။ ခိုးချတယ်ဆိုတာက မင်းကို မူရင်းအကြောင်း မသိစေချင်တာ။ ပုံတူကူးချတယ်ဆိုတာက မူရင်းသိနေတဲ့လူကို ပိုပျော်ဖို့ကောင်းအောင်လုပ်ပေးတာ။ ဂုဏ်ပြုတယ်ဆိုတာကတော့ မူရင်းအကြောင်း လူတွေကို သိစေချင်တာပဲ"
" စိတ်ဝင်စားစရာပဲ"
"အခုကစပြီး ငါတို့ လုပ်မှာက ဂုဏ်ပြုတာမျိုးပေါ့ကွာ"
ဟုတ်ပေသည်။ အကြောင်းကို လူအများအပြား သိသွားရန် ကျနော် မျှော်လင့်၏။ ထိုသို့ဖြစ်မှသာ ခိုးကူးကောင်သည် မြန်မြန်ဆန်ဆန် ပျက်စီးသွားမည် ဖြစ်သည်။
ကျနော် တို့သည် ဂုံဖီဒူထံမှ လက်ပ်တော့တစ်လုံး ငှားယူကာ စာစရိုက်ကြသည်။ ဝတ္ထုရေးသော အတွေ့အကြုံ သိပ်မရှိသဖြင့် ခေါင်းချင်းရိုက်၍ စဉ်းစားကြရ၏။ ဂျန်မင်ဆော့သည် သူ၏ဆံပင်များကို ဆွဲရင်း ပြောလိုက်သည်။
"စာရေးရတာ တကယ်ခက်တာပဲ... စာရေးဆရာတွေ တကယ်တော်တယ်နော်..."
"အကြမ်းဖျင်းပဲ ရေးစမ်းပါ။ သူတို့ကို ဆွဲဆောင်နိုင်မယ့် သတင်းအချက်အလက်ပဲ ငါတို့တွေ ပေးဖို့လိုတာ။ ပြီးတော့ မပြည့်စုံတဲ့ ဗျာဒိတ်က ပရောဟိတ်တွေကို လှည့်စားဖို့ ပိုလွယ်လိမ့်မယ်။ အမှန်နဲ့ အလိမ်ကို ရောပြီး ရေးလိုက်"
ဂျန်မင်ဆော့ ရိုက်နေသည်ကို ကျနော်ကြည့်ရှုကာ သတင်းအချက်အလက်အချို့ ထပ်မံဖြည့်စွက်ပေးလိုက်သည်။
"ဝတ္ထုထဲက လူတွေရဲ့ နာမည်တွေကို ပြောင်းလိုက်ရအောင်။ ငါနည်းနည်း စိုးရိမ်လို့"
လီဟန်းဆောင် နှင့် လီဂျီဟယ်တို့သည် ၎င်းတို့ကိုယ်တိုင် ဇာတ်လမ်းထဲမှ ဇာတ်ကောင်များဖြစ်နေသည်ကို သိရှိသွားပါက တုန်လှုပ်သွားကြမည် ဖြစ်သည်။ ကျနော် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တစ်နေ့တွင် ဤကမ္ဘာကြီးမှာ ‘ဝတ္ထု’ တစ်ပုဒ်ဖြစ်နေသည်ကို ၎င်းတို့ သိရှိသွားကြပေလိမ့်မည်။ သို့သော်လည်း ထိုအရာမှာ ယခုချက်ချင်း ဖြစ်ရန် မလိုအပ်ပေ။
ထိုစဉ် ဂျန်မင်ဆော့က မထင်မှတ်ဘဲ ပြောလာသည်။
"အင်း... အဲဒီအပိုင်းအတွက်တော့ စိုးရိမ်စရာ မလိုဘူးလို့ ကျနော် ထင်တယ်"
"ဟမ်"
"တကယ်တော့ ဒါက ဝတ္ထုတစ်ပုဒ်ပဲလို့ လူတချို့ကို စမ်းပြောကြည့်ဖူးတယ်။ ဒါပေမဲ့ သူတို့က လုံးဝ နားမလည်ကြဘူး။ NPC တွေလိုပဲ... ကျနော် ဘယ်လောက်ပဲ အတည်ပြောပြော သူတို့က နောက်ပြောင်နေတယ်လို့ပဲ ထင်နေကြတာ"
၎င်းမှာ မထင်မှတ်ထားသော သတင်းအချက်အလက်တစ်ခု ဖြစ်ပေသည်။
ဂျန်မင်ဆော့နှင့် အခြားတမန်တော်များသည် ဇာတ်ကောင်များကို ‘ဇာတ်ပို့များ’ ဟု အကြိမ်ကြိမ် ပြောဆိုဖူးကြသည်။ ထိုစဉ်က ဇာတ်ကောင်များ၏ တုံ့ပြန်မှုကို ပြန်လည်စဉ်းစားကြည့်လျှင် တစ်ခုခုထူးဆန်းနေသည်မှာ အမှန်ပင်ဖြစ်သည်။
ဂျန်မင်ဆော့က စကားဆက်ပြော၏။
"ဒါကြောင့်ပဲ နံပါတ် ၁ တမန်တော်က ပရောဟိတ်တွေကို လွယ်လွယ်နဲ့ ရှာတွေ့နိုင်ခဲ့တာလေ။ ‘ဇာတ်ကောင်တွေ’ က ‘ဒါက ဝတ္ထုတစ်ပုဒ်’ ဆိုတဲ့ စကားကို အရမ်း မနှစ်မြို့ကြဘူး။ ဒါမှမဟုတ် နားမယောင်ကြဘူး။ ဒါကြောင့်လည်း တမန်တော်တွေက ‘ဗျာဒိတ်’ ဆိုတဲ့ စကားလုံးကို သုံးခဲ့ကြတာ ဖြစ်မှာပါ"
ကျနော် ထိုစကားကို ကြားလိုက်ရသည့်အခါ ရုတ်တရက် စိတ်ထဲမသက်မသာ ဖြစ်သွားမိသည်။
"...ဇာတ်ကောင်တွေနဲ့ ငါတို့ကြားမှာ ဘာကွာခြားချက် ရှိလဲ"
"ဟင်။ အင်း... ကျနော်တို့က လက်တွေ့အရှိတရားက လူတွေလေ။ ပြီးတော့ ဇာတ်ကောင်တွေက ဝတ္ထုထဲက လူတွေ မဟုတ်လား။ အဲဒါက ကွာခြားချက် မဟုတ်ဘူးလား"
"ဒါဆို... ဒီကမ္ဘာကြီးက လက်တွေ့နဲ့ ဝတ္ထုဆိုပြီး ဘယ်အချိန်မှာ ကွဲထွက်သွားတာလဲ"
"ဟူး... အင်း... ပထမဆုံး ဇာတ်ဝင်ခန်း စကတည်းကလား"
ကျနော့်၏ မေးခွန်းမှာ ဂျန်မင်ဆော့၏ အဖြေနှင့် ပြေလည်မသွားခဲ့ပါ။
အစတုန်းက ဂျန်မင်ဆော့နှင့် လီဆောင်းဂုတို့၏ သတင်းအချက်အလက်ကို ကျနော် မမြင်နိုင်ခဲ့သောကြောင့် ၎င်းတို့မှာ ကျနော့်ကဲ့သို့ပင် ဝတ္ထုပြင်ပမှ လူများဖြစ်ကြောင်း သိသာလှသည်။
သို့သော်လည်း မကြာမီအချိန်တွင် ‘Update’ ဖြစ်သွားကာ ဇာတ်ကောင်စာရင်းတွင် သူတို့နှစ်ယောက်၏ အချက်အလက်များကို ကျနော် ကြည့်ရှုနိုင်ခဲ့သည်။
သို့ဆိုလျှင် ယခုအချိန်၌ သူတို့နှစ်ယောက်သည် ‘စစ်မှန်သောလူသားများ’ လော သို့မဟုတ် ‘ဇာတ်ကောင်များ’ လော။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် ဇာတ်ကောင် ဖြစ်သွားကြသည်လော။ ယူဆန်းအာနှင့် လီဂီယောင် ကို ခဏလောက် ကျနော် ကြည့်လိုက်မိသည်။
[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]
[ဤလူကို ‘ဇာတ်ကောင်စာရင်း’ တွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]
[လက်ရှိတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်အကြောင်း သတင်းအချက်အလက် စုဆောင်းနေပါသည်။]
ကံကောင်းစွာပင် ကျနော်သည် သူတို့ နှစ်ဦးလုံး၏ အချက်အလက်ကို မမြင်ရသေးပေ။
ယူဆန်းအာက ရုတ်တရက် ကျနော့်ကို ပြန်လည်ကြည့်ရှုကာ ပြုံးပြသည်။ လီဂီယောင်ကလည်း ကျနော့်ကို ကြည့်လာသည်။
"ဘာဖြစ်လို့လဲ။ အစ်ကို"
"ဘာမှမဟုတ်ပါဘူး"
ဘာကြောင့်မှန်း မသိသော်လည်း ကျနော် ထူးထူးခြားခြား စိတ်သက်သာရာ ရသွားမိလေတော့သည်။
…………………………………………………………………………………………..
မကြာမီတွင် ကျနော် တို့သည် ဝတ္ထုကို အကြမ်းဖျင်း အပြီးသတ်လိုက်ကြသည်။ အရေးအသားမှာမူ Textpia တွင် အပတ်စဉ်တင်ပါက နာမည်ပျက်သွားနိုင်သည်အထိ ဆိုးရွားလှသည်။ သို့သော်လည်း ယခုအချိန်တွင်မူ ၎င်းမှာ အရေးမကြီးတော့ပေ။
"ဗျာဒိတ်ကျမ်း ပေါက်ကြားသွားပြီဆိုတဲ့ သတင်းကို အရင်ဆုံး ဖြန့်လိုက်ရအောင်"
လီဆောင်းဂုက မေးသည်။
"သတင်းဖြန့်ဖို့ အချိန်လောက်ပါ့မလား"
"ဒုံဂွန်က သတင်းဖြန့်ဖို့ကိစ္စကို တာဝန်ယူပေးလိမ့်မယ်။ ‘အရိပ်တွေ၏ရသေ့ဘုရင်ကြီး’ ရဲ့ စွမ်းရည်ကို အသုံးချရင် အချိန်တိုအတွင်းမှာ ပျံ့သွားလောက်မှာပါ"
"အို... ဒုံဂွန်... သိပြီ။ ဒါပေမဲ့ ဘူတာအားလုံးက အင်တာနက် သုံးလို့ရတာမှ မဟုတ်တာ"
"ဒါဆိုရင် လူလွှတ်ရမှာပေါ့ကွာ"
ကျနော် အနောက်သို့ လှည့်ကြည့်လိုက်ရာ ဂန်အီဟွန် က စောင့်ဆိုင်းနေသကဲ့သို့ ခေါင်းညိတ်ပြသည်။
လီဆောင်းဂုက ကျနော်ပြောသည်ကို ထောက်ခံလိုက်၏။
"အား ဟုတ်သားပဲ။ အီဟွန်ဆိုရင်တော့ ဖြစ်နိုင်တာပဲလေ... ကျနော် မေ့နေတာ"
"ဂန်အီဟွန်၊ အဆင်သင့်ပဲလား"
ဒွန်ဒဲမွန် မှ ဒုတိယခေါင်းဆောင် ဂန်အီဟွန်။ ဤလူကို တမင်တကာ ကယ်တင်ထားရသည်မှာ တန်သွားပြီဖြစ်သည်။
ဂန်အီဟွန်က စိတ်လှုတ်ရှားစွာဖြင့် ပြောသည်။
"ကျနော့်ကိုသာ လွှဲထားလိုက်ပါ။ သူတို့ကို ဖမ်းစားနိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ကောလာဟလ ဖြန့်ရုံပဲ မဟုတ်လား"
[ဇာတ်ကောင် ‘ဂန်အီဟွန်’ သည် သင်၏ ဆန္ဒအတိုင်း လိုက်နာပါလိမ့်မည်။]
[ဤလူအပေါ် သင်၏ နားလည်မှုမှာ မြင့်တက်လာသည်။]
ဂန်အီဟွန်။ နောက်ဆုံးတွင်တော့ ‘အတင်းအဖျင်းဆရာကြီး’ ဟူသော ဝိသေသလက္ခဏာကို အသုံးပြုရမည့်အချိန် ရောက်လာပြီပင်။ ဇာတ်ဝင်ခန်း အဆုံးသတ်ရန် ၄၄ နာရီသာ ကျန်တော့သည်။
နောက်နေ့တွင် ဟိုကစားပွဲစတင်လောက်မည်ဟု ထင်၏။
………………………………………………………………………………………..
– ဒုံဂွန်၊ ကျေးဇူးနော်
– ကျနော် အကြွေးပြန်ဆပ်တာပဲလေ၊ ကျေးဇူးတင်ဖို့မလိုပါဘူး
[ဇာတ်ကောင် ‘ဟန်ဒုံဂွန်’ က သင့်ကို အနည်းငယ် ယုံကြည်လာပါသည်။]
ပြီးခဲ့သည့် တစ်ခေါက်ကတည်းက ‘အရိပ်တွေ၏ရသေ့ဘုရင်ကြီး’ ဟန်ဒုံဂွန်သည် ကျနော့်အပေါ် အနည်းငယ်ယုံကြည်ပေးခဲ့သည်။ ဒုံဂွန်ကို ပရောဟိတ်များထံမှ ကယ်တင်ခဲ့ခြင်းမှာ မျှော်လင့်ထားသည်ထက် ပိုမိုအကျိုးသက်ရောက်သွားပုံရ၏။
– ခင်ဗျားဆီက ထူးဆန်းတဲ့ ရင်းနှီးမှုကို ခံစားရတယ်
– ရင်းနှီးမှု ဟုတ်လား
– ခင်ဗျားဟာ အရင်တုန်းက အထီးကျန်ခဲ့ဖူးတာလား
– အင်း... မဟုတ်ပါဘူး။ နည်းနည်းတော့ ကြောက်တတ်ခဲ့တာပေါ့
– သိပြီ။ ခင်ဗျားဆီကနေ မသိနိုင်တဲ့ တံတိုင်းတစ်ခုကို ခံစားရတယ်။ ကျနော် သေချာတော့ မရှင်းပြတတ်ဘူး၊ ဒါပေမဲ့ အဲဒီခံစားချက်ကို သဘောကျတယ်
– ပုံမှန်ဆိုရင် တံတိုင်းတစ်ခုကို ခံစားရတာက မကောင်းဘူး မဟုတ်လား
– ကျနော်ကတော့ တံတိုင်းရှိတဲ့လူတွေကိုပဲ ယုံကြည်တယ်။ တစ်စုံတစ်ယောက်ကို နားလည်ဖို့ဆိုရင် အဲဒီတံတိုင်းကို အရင်ဆုံး ရင်ဆိုင်ရမယ်လို့ ထင်တယ်လေ
အသက် ၁၇ နှစ်မျှသာ ရှိသေးသော ကောင်လေးသည် ပညာရှိတစ်ဦးကဲ့သို့ ပြောဆိုနေခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူပြောသည်မှာ မှန်ကန်လိမ့်မည်ဟု ကျနော် သေချာပေါက် ယုံကြည်သည်။ အချို့သော တံတိုင်းများသည် ဘယ်လောက်ပင် ကြိုးစားပါစေ ဖြတ်ကျော်၍ မရနိုင်ပေ။
– ဘာပဲဖြစ်ဖြစ် ကောလာဟလကတော့ ပျံ့နေပြီ။ ဒါပေမဲ့ ဗျာဒိတ်တွေကို ဘယ်လိုမျိုး ချပြမှာလဲ။ အင်တာနက်ပေါ်မှာပဲ ထပ်တင်မှာလား
– မဟုတ်ဘူး၊ အင်တာနက်ပေါ်မှာ တင်ရင် မလိုလားအပ်တဲ့ လူတွေ ဖတ်သွားလိမ့်မယ်။ ရောင်းစားကြမယ်လေ
– ရောင်းမယ် ဟုတ်လား။ ဘယ်လိုမျိုးလဲ။
ဟန်ဒုံဂွန်ကို ကျနော် ရှင်းပြလိုက်သည်။
………………………………………………………………………………………..
ဇာတ်ဝင်ခန်း အဆုံးသတ်ရန် ၄၀ နာရီသာ ကျန်တော့သည်။
ချွန်မူရို အဖွဲ့ဝင်များကို နောက်ဆုံးတွင် ကျနော်ခေါ်ယူလိုက်သည်။
"ဒီခရီးက လွယ်မှာမဟုတ်ဘူး။ နောက် နာရီ၄၀အတွင်း ချန်စင် ဘူတာကို မသိမ်းပိုက်နိုင်ရင် ငါတို့အဖွဲ့က အကုန်သေလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့ လက်ရှိအင်အားက မလုံလောက်ဘူး"
"အင်း... ဘယ်တုန်းကများ လွယ်ခဲ့လို့လဲ။ ငါတို့ရဲ့ပြိုင်ဘက်က ဘယ်သူလဲ"
ယောင်ဟီဝန် ၏ မေးခွန်းကို ကျနော် ပြန်ဖြေလိုက်သည်။
"ငါတို့ရဲ့ပြိုင်ဖက်ကို မင်းဆိုးမင်းညစ်လို့ ခေါ်ကြတယ်။ သူက ဆိုးလ်မြို့ရဲ့ ထိပ်တန်းဘုရင် ခုနစ်ပါးထဲက တစ်ယောက်ပဲ။ ပြီးတော့ အကြီးမားဆုံး နယ်မြေကို ပိုင်ဆိုင်တဲ့ ဘုရင်လည်း ဖြစ်တယ်"
လီဟန်းဆောင်ကလည်း မေးသည်။
"သူက ဘယ်လိုလူမျိုးလဲ"
"ဒိုဘုံ-ဂူကနေ စတင်ပြီး ကိုယ့်နိုင်ငံကိုယ် တည်ထောင်ထားတဲ့သူပဲ။ လှပတဲ့ ဒါမှမဟုတ် ချောမောတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်းဟာ မောင်းမမိဿံတွေ ဖြစ်လာပြီး ရုပ်ဆိုးတဲ့သူတွေကတော့ အသတ်ခံရမယ် ဒါမှမဟုတ် ကျွန်တွေ ဖြစ်လာရမယ်လို့ သူက ပြောထားတယ်"
ယောင်ဟီဝန်က မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒီလိုဆိုရင် ဒေါ့ဂျာသာ အဖမ်းခံရရင် ကျွန်ဖြစ်မှာပဲ"
"...အင်း... ဟီဝန် အတွက်ကတော့ အန္တရာယ်ရှိမယ်လို့ ထင်တယ်"
"မောင်းမဖြစ်ရမှာကတော့ ခက်တယ်... သူ့ကို အခုပဲ သွားသတ်လိုက်ရင် မရဘူးလား"
"ခက်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ထောက်ပံ့သူက တော်တော်အင်အားကြီးလို့ပဲ။ အခုတော့ ရွေးရမယ့်လမ်းနှစ်လမ်း ရှိတယ်။ သူ့ရဲ့အလံကို လုယူတာ ဒါမှမဟုတ် သူ့ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဒိုဘုံ ဘူတာကို သိမ်းပိုက်တာ အဲ့နှစ်လမ်းထဲက တစ်လမ်းကို ရွေးရမယ်"
ဘယ်အရာမျှ မလွယ်ကူသောကြောင့် အကုန်လုံး၏မျက်နှာထားများ တင်းမာသွားကြသည်။ လိုရင်းကိုသာ ပြောရန် ကျနော်ဆုံးဖြတ်လိုက်သည်။
"ငါတို့ ဂွမ်ဟွာမွန်းကို သွားကြမယ်"
"ဟင်။ သူတို့ကို မတိုက်ခိုက်နဲ့လို့ နင်ပြောခဲ့တာ မဟုတ်ဘူးလား"
"သူတို့က ငါတို့ဆီကို လာလိမ့်မယ်"
"ဘာလို့လဲ"
"ငါ သတင်းအချက်အလက် နည်းနည်း ပေါက်ကြားအောင် လုပ်ထားတယ်။ လှုပ်ရှားမယ့်အချိန်ကို ထည့်တွက်ရမှာဆိုတော့ အခုပဲ ထွက်ကြမယ်။ အားလုံး အဆင်သင့်ပြင်ထား... ဟင်"
"...ဘာဖြစ်လို့လဲ"
ယူဆန်းအာ၏ အမေးကို အပြုံးဖြင့် ကျနော် ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ကျနော် မျှော်လင့်ထားတာထက် ပိုမြန်နေလို့ပါ"
ဟန်ဒုံဂွန်၏ မက်ဆေ့ချ်သည် ကျနော့်၏ ဖုန်းထဲတွင် ပေါ်လာသည်။
– ကျနော် အလဲအလှယ်လုပ်တဲ့ နေရာမှာ တင်လိုက်ပြီ။ ဒါပေမဲ့ အဆင်ပြေပါ့မလား
– အင်း၊ အဆင်ပြေပါတယ်။ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ
ထို့နောက် စနစ် မက်ဆေ့ချ်များမှာ ကျနော့်နားထဲသို့ တစ်ခုပြီးတစ်ခု ဝင်လာတော့သည်။
[လဲလှယ်ရောင်းချရာရှိ ပစ္စည်းများ ရောင်းထွက်သွားပါပြီ။]
[လဲလှယ်ရောင်းချရာရှိ ပစ္စည်းများ ရောင်းထွက်သွားပါပြီ။]
ထိုစဉ်တွင် အသံတစ်ခုကို လေထဲမှ ကြားလိုက်ရတော့သည်။
[...မင်းက လူလိမ်လား]
‘နက္ခတ်တွေ ကြားမှာ ဘယ်လိုတုံ့ပြန်မှုတွေ ရှိနေလဲ’
[သူတို့တွေ တကယ်ကို စိတ်လှုပ်ရှားနေကြတယ်။ စိစစ်ကန့်သတ်ချက်တွေက စပြီး ပျက်ပြယ်ကုန်ပြီ။ သူတို့ရဲ့ ကိုယ်စားလှယ်တွေအတွက် လက်ဆောင်အနေနဲ့ ပေးတဲ့သူတွေတောင် ရှိတယ်။ ဒါပေမဲ့ မင်း ဒါမျိုးလုပ်ရင် မင်းဆီကို အာရုံစိုက်မှုတွေ ပြန်ရောက်လာလိမ့်မယ်။ အဆင်ပြေပါ့မလား။ ပြီးတော့ မင်းသိထားတဲ့ သတင်းအချက်အလက်တွေကို အကုန်ထုတ်ပေးလိုက်ရင် မင်းအတွက် နစ်နာမှာ မဟုတ်ဘူးလား]
‘မနစ်နာပါဘူး’
ကျနော် ထံတွင် သတင်းအချက်အလက်များ ကျန်ရှိပါသေးသည်။ ကျနော် ထုတ်ပေးလိုက်သော သတင်းအချက်အလက်များသည် ကျနော် လိုအပ်သည်များ မဟုတ်ဘဲ တစ်စုံတစ်ဦးကို ဒုက္ခပေးမည့် အချက်အလက်များသာ ဖြစ်၏။
‘ငါ့ကို ဒင်္ဂါးတွေပဲ ပေးပါ’
[ရော့]
[ ဝတ္ထု ၁၆ အုပ်ကို ရောင်းချပြီးပါပြီ]
[သင်သည် ဒင်္ဂါး ၁၆,၀၀၀ ရရှိပါသည်။]
သတင်းအချက်အလက်များကို ကျနော်အလကား ထုတ်ပေးခဲ့ခြင်း မဟုတ်ပေ။ သတင်းအချက်အလက် လိုအပ်သူတိုင်းတွင် ထောက်ပံ့သူရှိနေမည် ဖြစ်သဖြင့် အင်တာနက်တွင် အလကားတင်ခြင်းထက် ‘လဲလှယ်ရေးဌာန’ တွင် ရောင်းချခြင်းက ပိုမိုကောင်းမွန်ပေသည်။
ဗျာဒိတ်ကျမ်းကို အလကားသာ ထုတ်ပေးလိုက်ပါက ပိုမိုသံသယဖြစ်ဖွယ် ကောင်းနေပေလိမ့်မည်။ သို့သော်လည်း ကျနော် ရောင်းချလိုက်လျှင်မူကား အခြေအနေကား တမျိုးတဖုံဖြစ်သွားပေလိမ့်မည်။
သူတို့တွေ သေချာပေါက် ဝယ်ယူကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ သတင်းအချက်အလက်မှာ ‘တန်ဖိုး’ ရှိသည်ဟု သူတို့တွေ အထင်မှားသွားကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ သတင်းအချက်အလက် တစ်ခု၏ အရည်အသွေးမှာ တစ်ခါတရံတွင် အကြောင်းအရာထက် တန်ဖိုးပေါ်၌သာ မူတည်နေတတ်၏။
မည်သို့ပင်ဆိုစေ ဒင်္ဂါး၁၆,၀၀၀ကိုပင် ကျနော်ရရှိခဲ့ပြီဖြစ်သည်။ ဆိုရမည်ဆိုပါက အမြတ်ထွက်ခဲ့ခြင်းပင်။
ကျန်လူများကို ကျနော်ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ ခဏလောက် အိပ်လိုက်ဦးမယ်"
"..နင်ကတော့ တကယ်ကို အေးအေးလူလူပဲနော်"
"ငါလည်း အိပ်ဖို့ လိုတယ်လေ"
ကျနော် လှဲအိပ်လိုက်သည်။ ယူဆန်းအာက ကျနော့်ကို စောင်ပါးလေးတစ်ထည် လွှမ်းခြုံပေးသည်။ ယောင်ဟီဝန်မှာမူ ယခုအထိ အံ့သြနေဆဲပင်။
ထို့နောက် ကျနော် အိပ်ပျော်သွားသည်။ အတန်ကြာသောအခါ ဝေဝါးနေသော ကျနော့်၏ အသိစိတ်ထဲတွင် စနစ်မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရသည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့ စာဖတ်သူ၏ ရှုထောင့်’ အဆင့် ၃ အသက်ဝင်လာပါပြီ။]
ယခုအထိ ကျနော် သိရှိထားသည်မှာ ‘အနှိုင်းမဲ့ စာဖတ်သူ၏ ရှုထောင့်’ တွင် အဆင့် ၃ ဆင့် ရှိသည်ဟူ၍ ဖြစ်သည်။
အဆင့် ၁ မှာ ဇာတ်ကောင်တို့၏ ရိုးရှင်းသော လုပ်ဆောင်ချက်များနှင့် စိတ်ခံစားချက်များကို ဖတ်ရှုနိုင်ခြင်း ဖြစ်သည်။ အဆင့် ၂ မှာ ဇာတ်ကောင်တို့၏ စိတ်အတွင်းပိုင်းအထိ မြင်နိုင်ခြင်း ဖြစ်သည်။ အဆင့် ၃ မှာမူ ဇာတ်ကောင်တို့ ရှိနေသော ပတ်ဝန်းကျင်ကို မြင်ရခြင်း သို့မဟုတ် ဇာတ်ကောင်ထဲသို့ တိုက်ရိုက် စီးဝင်သွားခြင်း ဖြစ်သည်။
ယခုအထိ အဆင့် ၃ ကို နှစ်ကြိမ်သာ ရောက်ဖူးသေးသည်။ တစ်ကြိမ်မှာ အိပ်မက်ထဲတွင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာမူ ကျနော် သေဆုံးသွားချိန်တွင် ဖြစ်သည်။ အိပ်မက်ထဲတွင် ယူဂျွန်ဟော့တစ်ယောက် ဂူမိုဘူတာ မှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်။ ကျနော် သေဆုံးနေစဉ်တွင်မူ ချွန်မူရို ၏ မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
ဤဖြစ်ရပ်နှစ်ခု၌ ဆင်တူချက် ရှိသည်။ ကျနော့်၏ အသိစိတ်မှာ ဝေဝါးကာ မတည်မငြိမ် ဖြစ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အဆင့် ၃ ဖြစ်ရန် တစ်ခုတည်းသော အခြေအနေ မဟုတ်ပေ။
အရေးကြီးသော အချက်တစ်ချက် ရှိပါသေးသည်။ ၎င်းမှာ...
「 ‘ခေါင်းဆောင်ကြီး။ ကြည့်နေလား။ ချီး... ဒါက တကယ်ကြီးလား’
ဂန်အီဟွန်က လေထဲကို ကြည့်ရင်း သူ့ဘာသာ ရေရွတ်နေသည်။
‘ကျနော် မင်းဆိုးမင်းညစ်ဆီကို သတင်းဖြန့်လိုက်ပြီ။ အဲဒီကောင်တွေ မကြာခင် လှုပ်ရှားတော့မယ်။ ဒါနဲ့ အစ်ကို ကျနော့်စကားကို ကြားနေရတယ် မဟုတ်လား’ 」
ဇာတ်ကောင်နှင့် ကျနော်သည် တစ်ချိန်တည်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တွေးတောနေရန် လိုအပ်ခြင်း ဖြစ်သည်။
ခဏအကြာတွင် ကျနော့် မြင်ကွင်းမှာ ဂန်အီဟွန်ဆီသို့ ကူးပြောင်းသွားတော့သည်။
「 ထိုလူက ပြုံးလိုက်သောအခါ သူ၏ သွားဖြူဖြူများကို မြင်လိုက်ရသည်။ ခမ်းနားသော သရဖူနှင့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အမျိုးသမီးများ ဝိုင်းရံထားသော ပလ္လင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"ဗျာဒိတ်တော် အသစ်လား"
"သေချာပါတယ်။ ကျနော် ဒင်္ဂါးတွေသုံးပြီး သတင်းကို ဝယ်ထားတာပါ"
"ဘယ်သူက သတင်းဖြန့်တာလဲ"
"ပရောဟိတ်တွေထဲက တစ်ယောက် ဖြစ်လိမ့်မယ်"
"ယုံကြည်ရရဲ့လား"
"ဗျာဒိတ်တော်ထဲက အချက်အလက်တချို့ကို ကျနော် စစ်ကြည့်ပြီးပြီ၊ အကုန်လုံးက အမှန်တွေပဲ"
ထိုလူက သွားများ ပေါ်လာသည်အထိ ရယ်မောလိုက်သည်။
"ဂွမ်ဟွာမွန်းကို သွားကြမယ်။ တခြားလူတွေ အရင် မရောက်ခင်မှာပေါ့" 」
မင်းဆိုးမင်းညစ်မှာ နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ပေပြီ။ နောက်ထပ်ပြဿနာတစ်ခုသာ ကျန်တော့၏။
ကျနော် ဂျန်မင်ဆော့အကြောင်း တွေးတောလိုက်သည်။
「 ‘ခေါင်းဆောင်ကြီး။ ကျနော် ရောက်နေပြီ’ 」
အချိန်ကိုက်ပင် ဖြစ်သည်။ ဂျန်မင်ဆော့သည် ဆယ်ဂျုံတက္ကသိုလ်တွင် ရောက်ရှိနေပြီး ဂွမ်ဟွာမွန်းသို့ ကြိုတင် ဦးတည်နေခြင်း ဖြစ်သည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
「 ‘သူက ဦးထုပ်ချွန်ကို ဆောင်းထားတာဆိုတော့ လုံးဝကို သေချာတယ်။ သူပဲ’ 」
အဆိုပါ အဆောက်အဦး၏ အောက်ခြေတွင် လူများ ရှိနေကြသည်။ ကျနော် ထင်သည့်အတိုင်းပင် ခိုးချသော စာရေးဆရာမှာ အမြန်ဆုံး ဖြစ်သည်။ ဂွမ်ဟွာမွန်းတွင် တတိယမြောက် နောက်ပြန်ဆုတ်ခြင်းအတွက် အသုံးဝင်ဆုံး အချက်အလက်များထဲမှ တစ်ခု ရှိနေသည်။ ခိုးချသူမှာ ဤနေရာမှာကို ရှိကိုရှိနေမည်မှာ ဧကန်မုချပင်ဖြစ်တော့သည်။
「 ‘ပြဿနာက လူတွေ အများကြီး လာနေတာပဲ. ယောင်ဒေါင်းဖို၊ ယောင်ဆန်၊ ဆောင်းဒေါင်း-ဂူအစရှိတဲ့နေရာတွေက ဘုရင်တွေလည်း လှုပ်ရှားနေကြပြီ... ဒါက အရမ်းကြီးသွားပြီ မဟုတ်ဘူးလား’ 」
မဟုတ်ပေ၊ ကျနော် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခြင်းသာဖြစ်သည်။ ပုန်းအောင်းနေသူများမှာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြပေပြီ။ တစ်ဦးချင်းစီ လိုက်လံရှာဖွေစရာ မလိုတော့သဖြင့် ပို၍ပင် ကောင်းသွားသေး၏။
နောက်ဆုံးတွင် စတုတ္ထမြောက် ဇာတ်ဝင်ခန်းမှာ အဆုံးသတ်တော့မည်ပင်။ ဘုရင်တို့၏ တကယ့်စစ်ပွဲမှာ စတင်ပေတော့မည်။