ဘုရင်တို့၏စစ်ပွဲ (၂)
Vol. 4 Ch. 61
ကျနော့် အသိစိတ်သည် တိတ်ဆိတ်စွာပင် နိုးထလာပြီး အာရုံခံစားမှုများမှာလည်း လက်တွေ့ကမ္ဘာဆီသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာသည်။
[သီးသန့်စွမ်းရည်၊ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ အဆုံးသတ်သွားပါပြီ။]
အဆင့် ၃ သည် ထင်ထားသည်ထက် ပို၍ပင်ပန်းလှပြီး ကြာရှည်စွာ အသုံးမပြုနိုင်ပေ။ ထို့အပြင် ကျနော် အားမရဖြစ်မိသည့် အချက်တစ်ခုကိုလည်း ထပ်မံတွေ့ရှိခဲ့ရသည်။
၎င်းမှာ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ ကို အသုံးပြုတိုင်း စွမ်းရည်အသစ်တစ်ခု အမြဲတမ်းရရှိမည်မဟုတ်ခြင်းပင်။ စွမ်းရည်အသစ်တစ်ခုကို ရရှိဖို့ဆိုလျှင် အဓိကဇာတ်ကောင် ၏ ရှုထောင့်ထဲသို့ စီးဝင်နိုင်ဖို့လိုလောက်မည်ထင်သည်။
ကံမကောင်းစွာပင်၊ ထိုသို့စီးဝင်နိုင်ရန် လိုအပ်ချက်များကို ကျနော် မသိရှိသေးပေ။ အကယ်၍ ကျနော် အိပ်ပျော်သွားပြီး အဓိကဇာတ်ကောင်၏ရှုထောင့်ကို သုံးနိုင်တိုင်း ယူဂျွန်ဟော့၏ ကျွမ်းကျင်မှုများကို ရရှိနိုင်မည်ဆိုပါက အလွန်ပင် ကောင်းမွန်ပေလိမ့်မည်။
ကျနော် မျက်လုံးဖွင့်လိုက်သည့်အခါ ယောင်ဟီဝန် က ကျနော့်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နင် အိပ်မက်ယောင်နေပြန်ပြီ"
အိပ်မက်ယောင်တယ်တဲ့လား။ မဖြစ်နိုင်တာ
"ငါ ဘာတွေပြောနေခဲ့လို့လဲ"
"ကြားမိသလောက်တော့... 'အမေ' လို့ ခေါ်နေသံနဲ့ တူတယ်"
"...အမေဟုတ်လား"
ကျနော် ဘာလို့ အမေဆိုသည့်စကားကို ယောင်ခဲ့ရတာလဲ။ ထိုသို့ယောင်ခဲ့ခြင်းမှာ တကယ်လား၊ တကယ်မဟုတ်ဘူးလားဆိုသည်ကတော့ ခွဲခြားရန် ခက်ခဲလှ၏။ ယောင်ဟီဝန်သည် ကျနော့်ကို ထူးဆန်းသော အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေလေသည်။
ကျနော် ခပ်ပေါ့ပေါ့ပင် ပြန်လည်ဖြေကြားလိုက်သည်။
"အင်း... ငါ့ အမေအတွက်တော့ သိပ်ပြီး စိုးရိမ်မနေပါဘူး။ ဒါနဲ့ ဟီဝန်ကို အကူအညီတစ်ခု တောင်းချင်လို့"
"ဘာများလဲ"
"ဟီဝန်၊ ဒီတစ်ခါ ဂွမ်ဟွာမွန်း တိုက်ပွဲမှာ မပါဝင်ပါနဲ့ဦး"
"...ဘာလို့လဲ"
"ဟီဝန် လုပ်ရမယ့် တခြားအလုပ်တစ်ခု ရှိသေးတယ်။ ဒါက ဟီဝန်ကိုပဲ ယုံကြည်ပြီး တာဝန်ပေးနိုင်မယ့် အလုပ်မျိုးမို့လို့ပါ"
ယောင်ဟီဝန်သည် မယုံကြည်နိုင်သည့်ဟန်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"ကြိုးစားကြည့်ပေးပါ့မယ်။ ဘာလုပ်ရမှာလဲ"
ယောင်ဟီဝန်နှင့် စကားပြောပြီးနောက် ကျနော် ပထမဆုံးလုပ်သည့်အရာမှာ ချွန်မူရို တွင် မည်သူကျန်ရစ်ခဲ့မည်၊ ဂွမ်ဟွာမွန်း သို့ မည်သူလိုက်မည်ကို ဆုံးဖြတ်ခြင်းပင် ဖြစ်သည်။
"ယောင်ဟီဝန် မှာ တာဝန်တစ်ခု ရှိတယ်၊ ကျန်တဲ့ ချွန်မူရိုမှာ နေခဲ့ရမယ့်သူတွေကိုလည်း ကျနော် အခု ဆုံးဖြတ်ပေးမယ်"
ကျန်ရှိနေသော အဖွဲ့ဝင်များသည် တံတွေးကို မျိုချလိုက်ကြသည်။ သူတို့ပုံစံမှာ ဘုရင်၏ ရွေးချယ်မှုကို စောင့်ဆိုင်းနေရသည့် မှူးမတ်များကဲ့သို့ပင်။
"ပထမဆုံးအနေနဲ့၊ ဂုံဖီဒူ နဲ့ လီဟန်းဆောင် တို့ ဒီမှာ နေခဲ့ရမယ်"
"ဟက်... ငါက မင်းရဲ့ ကျွန်ပဲဥစ္စာ"
ဂုံဖီဒူက ကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ ပြဿနာမှာ လီဟန်းဆောင် ဖြစ်သည်။ ဖြူဖျော့နေသော သူ၏မျက်နှာမှာ ရာထူးတိုးခြင်းမှ လွဲချော်သွားသည့် လူတစ်ယောက်ကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
"ဟန်းဆောင် နေခဲ့ရမယ်။ ဂုံဖီဒူ နဲ့အတူ ဒီနေရာကို ကာကွယ်ပေးမယ့်သူ တစ်ယောက် ကျနော် လိုအပ်တယ်။ ဟန်းဆောင် က ချွန်မူရိုကို ကာကွယ်ရင်း ယူဆန်းအာ လိုပဲ လူတွေကို ဦးဆောင်ပေးနိုင်တယ် မဟုတ်လား"
"...ဟုတ်ကဲ့။ နားလည်ပါပြီ"
သူ့မျက်နှာမှာ အနည်းငယ် ဝမ်းနည်းနေပုံရသော်လည်း ရွေးချယ်စရာ မရှိပေ။ ‘သံမဏိဓါးသမား’ ကို ချန်ထားရသည့် အကြောင်းရင်းတစ်ခု ရှိသည်။
"ဟန်းဆောင် ဆီမှာ ကောင်းမွန်တဲ့ စွမ်းရည်တွေ ရှိပြီးသားပါ။ ဒါပေမဲ့ ပြဿနာက စွမ်းရည် အဆင့်တွေက အရမ်းနိမ့်နေသေးတာပဲ။ ကျနော်တို့ မရှိတဲ့အချိန်မှာ ‘မဟာတောင်ဖြိုတွန်းအား’ရဲ့ ကျွမ်းကျင်မှုအဆင့်ကို မြှင့်ထားပါ။ ဒီဇာတ်ဝင်ခန်း ပြီးသွားရင် ဟန်းဆောင် ရဲ့ အကူအညီက မဖြစ်မနေ လိုအပ်လာလိမ့်မယ်"
လီဟန်းဆောင် ၏ မျက်နှာမှာ အနည်းငယ် ပြန်လည်တောက်ပလာသည်။
"ဟုတ်ကဲ့။ ကျုပ်တာဝန်ထားလိုက်ပါ"
စစ်သားဆိုသည်မှာ အမိန့်နာခံရချိန်နှင့် ပုံမှန်လုပ်ဆောင်ရမည့် တာဝန်ချိန်တွင် အစွမ်းအထက်ဆုံး ဖြစ်သည်။
ထို့နောက်တွင်တော့ ကျနော်တို့သည် ဂွမ်ဟွာမွန်း သို့ ခရီးစတင်ခဲ့ကြသည်။ ထိန်းချုပ်ရန် မလွယ်ကူသော လီဂျီဟယ် နှင့် ယူဂျွန်ဟော့ တို့ကို ဖယ်ထားလျှင် အဓိက အဖွဲ့ဝင်များမှာ ယူဆန်းအာ၊ လီဂီယောင် နှင့် လီဆောင်းဂု တို့ ဖြစ်ကြ၏။
ကျနော်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ချွန်မူရို အဖွဲ့ဝင်များက လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။
"ဒုတိယခေါင်းဆောင်ကြီး။ ဘေးကင်းဘေးကင်းနဲ့ ပြန်လာခဲ့ပါ"
"နေကောင်းကျန်းမာပါစေ"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယူဆန်းအာ ၏ လူကြိုက်များမှုမှာ မိုးထိအောင် မြင့်တက်နေခဲ့သည်။ ယူဆန်းအာသည် လူများကို အချိန်တိုအတွင်းသာ ဦးဆောင်ခဲ့ရသော်လည်း လူတိုင်းက ယူဆန်းအာအတွက် စိုးရိမ်နေကြသည်။ သို့သော်လည်း ယူဆန်းအာကိုယ်တိုင်ကမူ စိတ်မသက်မသာ ဖြစ်နေပုံရသည်။
"ဒေါ့ဂျာ၊ ကျမက ဒေါ့ဂျာအတွက် အကူအညီ ဖြစ်ပါ့မလားဟင်"
ယူဆန်းအာ၏ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုများ ပြန်လည်ပေါ်လာပြန်ပေပြီ။ ယခုတစ်ခါတော့ ယူဆန်းအာ စိတ်ထိခိုက်သွားလျှင်ပင် ကျနော် ပြောရပေလိမ့်မည်။
"ယူဆန်းအာ၊ ဒီလိုမျိုး ဆက်ပြီး တွေးနေမယ်ဆိုရင်တော့ ယူဆန်းအာ က အနှောင့်အယှက် တစ်ခု ဖြစ်လာလိမ့်မယ်"
"ဟုတ်ကဲ့..."
"ယူဆန်းအာ က တော်ပြီးသားပါ။ အကြောင်းပြချက် မရှိဘဲ ကျနော် ခေါ်လာပါ့မလားဗျာ"
"ဒေါ့ဂျာကို ကျမ ယုံပါတယ်။ ဒါပေမဲ့ ဟီဝန် တို့ ဟန်းဆောင် တို့လောက်တော့ ကျမက အသုံးမကျဘူး ထင်မိလို့ပါ"
"သူတို့နှစ်ယောက် မလုပ်နိုင်တဲ့အရာကို ယူဆန်းအာ လုပ်နိုင်တယ်။ ဒီအစီအစဉ်မှာ ယူဆန်းအာကို မဖြစ်မနေ လိုအပ်တယ်"
ကျနော် ထပ်ခါတလဲလဲ အလေးပေး ပြောဆိုလိုက်မှသာ ယူဆန်းအာ ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။ ယူဆန်းအာသည် ထူးခြားသော အရည်အချင်းရှိသူ တစ်ဦးဖြစ်သည်။ ယူဆန်းအာအတွက် လိုအပ်သည်မှာ ယုံကြည်မှုသာ ဖြစ်သည်။
"အရင်က ကိုရီးယားသမိုင်းကို လေ့လာခဲ့ဖူးတယ် မဟုတ်လား"
"အာ... ဟုတ်ကဲ့"
အတိတ်က အကြောင်းအရာများ ထွက်ပေါ်လာသည့်အခါ ယူဆန်းအာ ၏ မျက်နှာမှာ သိသိသာသာ ပြန်လည်တောက်ပလာသည်။ သို့သော်လည်း ခဏမျှသာဖြစ်ပြီး ယူဆန်းအာ၏မျက်နှာက ချက်ချင်းပင် ပြန်လည် ညိုးငယ်သွားသည်။
"...အခုတော့ အဲဒါတွေက အသုံးမဝင်တော့ပါဘူး"
"အသုံးမဝင်တာ မဟုတ်ဘူး။ ဒါကြောင့်ပဲ ယူဆန်းအာ ကို ကျနော် ခေါ်လာတာ"
မူလက ဤတာဝန်ကို ယူဆန်းအာအား ပေးရန် ကျနော် စိတ်ကူးမရှိခဲ့ပေ။ ကျနော်သာ ဂန်နမ်ဂူ ဘက်သို့ သွားခဲ့လျှင် သင့်တော်သော လူတစ်ယောက် ရှိသည်။ သို့သော်လည်း သူ့ကို လိုက်ရှာရန် ကျနော့်တွင် အချိန်မရှိသဖြင့် ယူဆန်းအာ တစ်ယောက်တည်းဖြင့်ပင် လုံလောက်ရပေလိမ့်မည်။
ကျနော် သိထားသော ယူဆန်းအာသည် ကိုရီးယားသမိုင်းတွင် ပထမအဆင့် ရရှိရန်အတွက် တစ်နိုင်ငံလုံး၏ သမိုင်းကြောင်း တစ်ခုလုံးကို အလွတ်ကျက်ထားနိုင်သည်အထိ တော်သောသူ ဖြစ်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ယူဂျုံး ဆန်းမြုံဒန် ရဲ့ ရုပ်တုကို မှတ်မိသေးလား"
"ဟုတ်ကဲ့၊ မှတ်မိပါတယ်"
"ဂွမ်ဟွာမွန်း ကို သွားတဲ့လမ်းမှာ အဲဒီလိုမျိုး အရာတွေ အများကြီးရှိလိမ့်မယ်။ အမျိုးသားပြတိုက်ရှိမယ်၊ ရုပ်တုတွေလည်း အများကြီးရှိမယ်"
ကျနော် ဆိုလိုတာကို နားလည်သွားသည်နှင့် ယူဆန်းအာ က အော်ဟစ်လိုက်တော့သည်။
"အာ…. သိပြီ။ နက္ခတ်တွေရဲ့ စွမ်းအားတွေက သူတို့ရဲ့ အမွေအနှစ်တွေ ဒါမှမဟုတ် အမှတ်တရပစ္စည်းတွေထဲမှာ ကျန်ရစ်နေနိုင်တာပဲ"
"ဟုတ်တယ်၊ ယူဆန်းအာ ရဲ့ တာဝန်က အဲဒီလို အမှတ်တရပစ္စည်းတွေ ဒါမှမဟုတ် ကြယ်အမွေအနှစ်တွေကို ရှာဖွေဖို့ပဲ"
"နားလည်ပါပြီ။ ကျမ အကောင်းဆုံး ကြိုးစားပါ့မယ်"
"နာမည်ကြီးတဲ့သူတွေ ရှိသလို၊ လူသိနည်းတဲ့သူတွေလည်း ရှိလိမ့်မယ်။ လူသိနည်းလေ ပိုကောင်းလေပဲ"
အဆင့်တူညီလျှင်တောင် နက္ခတ်တစ်ပါး၏ အစွမ်းက သူတို့ရဲ့ ကျော်ကြားမှုပေါ်မှာ မူတည်ပြီး ကွာခြားတတ်သည်။ ယူဂျုံး ဆန်းမြုံဒန် ချန်ထားရစ်ခဲ့သော ပစ္စည်းတွေက အဆင့် B ဖြစ်ပြီး၊ သစ္စာရှင်စစ်သူကြီး ချန်ထားခဲ့သော ဓါးကတော့ အဆင့် S အထိ ရှိနိုင်တာမျိုးပင်။
"ဂွမ်ဟွာမွန်းကို သွားတဲ့လမ်းမှာ ပစ္စည်းတွေကို တတ်နိုင်သမျှ အများကြီး စုဆောင်းရမယ်။ ကျနော်တို့ဘက်မှာ လူအင်အားက တခြားအဖွဲ့တွေထက် နည်းနေတယ်လေ"
မင်းဆိုးမင်းညစ်ဆိုလျှင် ကိုယ်စားလှယ် ရာနဲ့ချီပြီး ခေါ်လာနိုင်လောက်သည်။ ခိုးချသော စာရေးဆရာမှာလည်း သူ့အင်အားနဲ့သူ ရှိပေလိမ့်မည်။ ယောင်ဒေါင်းဖို၊ ယောင်ဆန် နဲ့ ဆောင်းဒေါင်း-ဂူ က လာမယ့် ဘုရင်တွေကိုလည်း သတိထားရပေမည်။
စတုတ္ထမြောက် ဇာတ်ဝင်ခန်း၏ နောက်ဆုံးပိုင်းက နက္ခတ်တွေအတွက်တော့ ကိုယ်စားပြုစစ်ပွဲလိုမျိုးပင်။ ဤဇာတ်ဝင်ခန်း၏ အဆုံးသတ်တွင် နက္ခတ်တွေ အလွန်အမင်း မက်မောကြတဲ့ ပွဲတော်တစ်ခုက ပုန်းကွယ်နေလေသည်။ အရင်ကနှင့်မတူသည်က ကိုယ်စားလှယ်တွေသည် သူတို့၏ နက္ခတ်တွေနဲ့ ချိတ်ဆက်မှု ပိုမြင့်မားလာပြီး အန္တရာယ်ကလည်း လိုက်တိုးလာမည်ပင်။
နက္ခတ်တော်တော်များများသည် သူတို့၏ သမိုင်းကြောင်းတွေပေါ်မှာ မူတည်နေသောကြောင့် သမိုင်းကို ကျွမ်းကျင်သည့် ယူဆန်းအာသည် ယခုဇာတ်ဝင်ခန်းမှာ နည်းလမ်းအသွယ်သွယ်နဲ့ အသုံးဝင်ပေလိမ့်မည်။
ယူဆန်းအာ က ရုတ်တရက် လက်ခုပ်တီးလိုက်သည်။
"အာ… အဲဒါနဲ့ ပတ်သက်လို့ နေရာတစ်ခုကို သတိရသွားပြီ"
"ဟင်"
"ကျမ မှတ်မိတာ မှန်မမှန်တော့ မသေချာဘူး... ဒါပေမဲ့ ဒီနားမှာ ဂွမ်ဆင်းမြို နတ်ကွန်း ရှိလိမ့်မယ်ထင်တယ်"
"ဂွမ်ဆင်းမြိုဟုတ်လား"
"ဟုတ်ကဲ့။ ကျမတို့အခုသွားနေတဲ့ လမ်းကြောင်းပေါ်မှာပဲ ရှိနေတာပါ။ အဲဒီမှာ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအား ရှိနေနိုင်တယ်။ သူက ကိုရီးယားလူမျိုးတော့ မဟုတ်ဘူး..."
ကိုရီးယားလူမျိုး မဟုတ်ဘူးတဲ့လား။
ကျနော်က Ways of Survival ကို အဆုံးထိ ဖတ်ခဲ့တဲ့သူဖြစ်သော်လည်း ဂွမ်ဆင်းမြို အကြောင်းတော့ တစ်ခါမှ မကြားဖူးပေ။ မည်သို့ပင်ဆိုစေကာမူ ယူဆန်းအာ ပြောသည့်အတိုင်း သွားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
ခဏအကြာ လမ်းလျှောက်ပြီးနောက် လီဆောင်းဂု၏အသံ ပထမဆုံးထွက်ပေါ်လာသည်။
"ဟေး၊ ဟိုမှာမလား"
အမှန်ပင် အနားမှာ နတ်ကွန်းအဟောင်းတစ်ခု ရှိနေလေသည်။
ဂွမ်ဆင်းမြို နတ်ကွန်းက မြို့လယ်ခေါင် ဒီလိုနေရာမျိုးမှာ ရှိနေတာလား။
နတ်ကွန်းရှိကျောက်စာကို ဖတ်ကြည့်ပြီး ပိုလို့တောင် အံ့သြသွားရသည်။
ဟင်၊ ဒီလူလား
ဒါက မမျှော်လင့်ထားတဲ့ ပုဂ္ဂိုလ်ပဲ။ ဤနတ်ကွန်းသည် တရုတ်ပြည်၏ အကောင်းဆုံး စစ်နတ်ဘုရားတွေထဲက တစ်ဦးအတွက် ရည်စူးထားတဲ့ နတ်ကွန်းဖြစ်နေလေသည်။
ယူဆန်းအာ က စိတ်လှုတ်ရှားစွာဖြင့် မေးလာသည်။
"အခု ဘာလုပ်ကြမလဲ"
ပတ်ဝန်းကျင်ကို ကျနော်ကြည့်လိုက်သည်။ ရုပ်တုတစ်ခုမှ မတွေ့ရပေ။
"ဆုတောင်းကြတာပေါ့"
ဤနေရာသည် ဆန်းမြုံဒန် တုန်းကနဲ့ မတူပေ။ ရုပ်တုကို ဖျက်ဆီးတိုင်း ဆုလာဘ်ကောင်းကောင်း ရမှာမဟုတ်လောက်ဟု ကျနော်ယူဆသည်။ နတ်ကွန်းက ရေကိုယူပြီး ကျနော်တို့ တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းလိုက်ကြသည်။ အချိန်အတန်ကြာတော့ စနစ်မက်ဆေ့ချ်တစ်ခု ကြားလိုက်ရသည်။
[ဤနတ်ကွန်းသည် အချိန်အတော်ကြာ စွန့်ပစ်ခြင်း ခံထားရသည်။]
[နဂါးအဲမောင်းလက်နက်ကို မြတ်နိုးသော နက္ခတ်တစ်ပါးသည် ကျေနပ်နေပါသည်။]
[နဂါးအဲမောင်းလက်နက်ကို မြတ်နိုးသော နက္ခတ်သည် သူ၏ အမည်နာမကို ထုတ်ဖော်ပြသလိုက်ပါသည်။]
['လှပသော မုတ်ဆိတ်တော်ပိုင်ရှင်၊ မှူးမတ်ကြီး ကျွမ်းမို'နက္ခတ် က သင့်အား ကောင်းချီးပေးလိုက်သည်။]
လှပသော မုတ်ဆိတ်တော်ပိုင်ရှင်၊ မှူးမတ်ကြီး ကျွမ်းမိုသည် တရုတ်လူမျိုးဖြစ်သော်လည်း ကိုရီးယားမှာ လူတိုင်းနီးပါး သိသော ပုဂ္ဂိုလ်ကျော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤနက္ခတ်က 'သုံးပြည်ထောင်ရာဇဝင်' ထဲက ကွမ်းရီ ဖြစ်နေလို့ပင်။
[နက္ခတ်၏ ကောင်းချီးကြောင့် နောက် ၂၄ နာရီအတွင်း သင်၏ ခွန်အားနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုတို့သည် ၅ ဆင့်စီ တိုးနေပါလိမ့်မည်။]
လီဆောင်းဂု မျက်နှာက ပန်းတစ်ပွင့်လို ဝေဆာသွားသည်။
"မိုက်တယ်... ကိုယ်စာပြုခေါင်းဆောင်ကြီး၊ ဒါက တကယ်ကို ပွပေါက်တိုးတာပဲနော်"
"စစချင်း လာဘ်ပွင့်သွားတာတော့ မိုက်တယ်"
ဆိုးလ်မြို့ထဲတွင် အဘယ်ကြောင့် ကွမ်းရီအတွက် နတ်ကွန်းရှိနေမှန်း ကျနော် မသိသော်လည်း ဂျပန်တွင် သစ္စာရှင်စစ်သူကြီးအတွက် နတ်ကွန်းရှိနေသည်နှင့် ယှဉ်လိုက်လျှင်တော့ ယခုလို နတ်ကွန်းရှိနေသည်က မဆန်းတော့ပေ။ ကွမ်းရီက သစ္စာရှင်စစ်သူကြီးလိုပဲ ကမ္ဘာကျော်ခြင်းကြောင့်သာ။
"ဒီကနေ ပစ္စည်းတစ်ခုခုရဖို့တော့ ခက်မယ်ထင်တယ်"
"နဂါးအဲမောင်းလက်နက်လိုမျိုး တစ်ခုခုရရင် ကောင်းမှာပဲ..."
ကွမ်းရီသည် တရုတ်ပြည်၏ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ဖြစ်၏။ ရုပ်တုရှိနေလျှင်တောင် ကိုရီးယားမှာ ကွမ်းရီနှင့်ပတ်သတ်ပြီး ကောင်းမွန်သောပစ္စည်း ထွက်လာဖို့က မလွယ်လှပေ။ တရုတ်ပြည်က ကိုယ်စားလှယ်တစ်ယောက်က ရသွားဖို့ကသာ ပိုများပေလိမ့်မည်။ ကွမ်းရီသည် မဟာတန်ခိုးရှင်တွေ၊ ကောင်းကင်နတ်ဘုရားတွေ၊ ယူရီအယ်တို့နှင့်တော့ မယှဉ်နိုင်သော်လည်း တရုတ်နက္ခတ်တွေထဲမှာတော့ အစွမ်းအထက်ဆုံးထဲမှာ ပါလေ၏။
လီဂီယောင် က ကျနော့်အင်္ကျီစကို ဆွဲလိုက်သည်။
"အစ်ကို"
ပိုးဟပ်ရဲ့ အာရုံခံအင်တင်နာတွေက အသည်းအသန် လှုပ်ရှားနေသည်။ မကောင်းတဲ့ အငွေ့အသက်ကို ကျနော် ခံစားလိုက်ရပြီး အဝေးကနေ လျှောက်လာတဲ့ အဖွဲ့တစ်ဖွဲ့ကို လှမ်းမြင်လိုက်ရသည်။ ထိုအဖွဲ့တွင် လူ ၅၀ ခန့် ရှိလေသည်။
တည်ငြိမ်စွာလေ့လာစူးစမ်းနိုင်စွမ်းကို ကျနော်သုံးပြီး ကြည့်လိုက်ရာ သူတို့ရဲ့ ပျမ်းမျှ ကိုယ်ခန္ဓာကြံ့ခိုင်မှုက အဆင့် ၄၀ ဝန်းကျင်မှာ ရှိနေ၏။ တမန်တော်တွေနှင့် မယှဉ်နိုင်လောက်သော်လည်း ထိုလူတွေသည် ထိပ်သီးလက်ရွေးစင်တွေဟု ခေါ်လို့ရနိုင်လောက်ပေသည်။
ထိပ်သီး ၅၀ နဲ့ စစ်ဘုရင်တစ်ယောက်။ လီဆောင်းဂု က ရေရွတ်လိုက်သည်။
"အဲ့ဒီဝတ်စုံတွေကို... တစ်နေရာရာမှာ..."
ထိုလူတွေ၏ဝတ်စုံတွေက ပြတိုက်ထဲက ဝတ်စုံတွေကိုပင် ကျနော်ပြေးမြင်မိလေသည်။ အဖွဲ့ဝင်တွေကို ကြည့်လိုက်တော့ အကုန်လုံးက ချောမောတဲ့ အမျိုးသားတွေချည်းပင်။
လီဆောင်းဂု က ထပ်ပြောပြန်သည်။
"အဲ့ဒီအဖွဲ့ရဲ့ ပထမတန်းမှာ ရှိတာက ဟွမ်ဆောင်းမင်း မလား။ ဖျော်ဖြေသူတစ်ယောက်နဲ့တောင် တူတယ်နော်"
ဘယ်လိုပင်ကြည့်ကြည့် ရာဇဝင်ကား ရိုက်ကွင်းလို့ ထင်ရသော်လည်း သူတို့ဆီက ထွက်ပေါ်နေတာက သတ်ဖြတ်လိုသော အငွေ့အသက်တွေပင်။ လူတစ်ယောက် ရှေ့ထွက်လာပြီး ကျနော့်ဘက်ကို လှံဖြင့် ချိန်လိုက်သည်။
"ဘုရင်ကြီးကြွချီလာတာကို ပိတ်ဆို့နေတာ ဘယ်ကောင်တွေလဲ"
"မင်းတို့က ဘယ်သူတွေလဲ"
ကျနော် ခန့်မှန်းမိသော်လည်း မေးလိုက်သည်။ ဒီလူနှင့် နောက်ပိုင်းမှ တွေ့မည်ဟု ကျနော် ထင်ထားသော်လည်း ထင်ထားတာထက် စောပြီး တွေ့နေရပေပြီ။
အမျိုးသားအုပ်စုကြားထဲကနေ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာလေသည်။
"အဲဒီ အညိုရောင်အလံက... ရှင်ကလည်း ဘုရင်တစ်ယောက်လား"
"...ဟုတ်တယ်ဆိုရင်ရော ဘာလုပ်ချင်လဲ"
"ဂျွန်-ဂူမှာ ဘုရင်ရှိလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို အံ့အားသင့်စရာပဲ"
အဆိုပါမိန်းမ၏ အသံသည် နွေဦးလေညင်းတွင် လွင့်ပါလာသော ပန်းပွင့်လေးများကဲ့သို့ပင်။ အသံမှာ ဇာတ်စင်ထက်တွင် သုံးနှုန်းသည့် အသံနေအထားမျိုး ဖြစ်နေလေသည်။
ကျနော် ပြန်ပြီးဖြေလိုက်သည်။
"အခုအချိန်မှာ ဘုရင်ဆိုတာ ဒီကမ္ဘာမှာ အတွေ့ရများတဲ့ အရာတစ်ခု ဖြစ်နေပြီလေ"
"ဘုရင်ဆိုတာ အတွေ့ရများချင် များလိမ့်မယ်၊ ဒါပေမဲ့ ဘယ်သူမဆို ဘုရင်ဖြစ်လာနိုင်တာတော့ မဟုတ်ဘူး။ အားလုံးပဲ... လမ်းဖယ်ပေးကြစမ်း"
အခြွေအရံများမှာ တစ်ညီတစ်ညွတ်တည်း လမ်းဖယ်ပေးလိုက်ကြပြီး အလယ်တည့်တည့်မှ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ အဆိုပါအမျိုးသမီးသည် ဆံပင်ကို အဆင့်အတန်းမြင့်မားစွာ ထုံးဖွဲ့ထားပြီး သမိုင်းဇာတ်လမ်းတစ်ခု၏ မင်းသမီးအဖြစ် အလွယ်တကူ သတ်မှတ်နိုင်လောက်သည့် ရင်သပ်ရှုမောဖွယ် အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
"ခ...ခင်ဗျားက မင်ဂျီဝန် မလား"
လီဆောင်းဂုသည် စကားကို ထစ်အစွာဖြင့် ပြောလိုက်၏။ ထိုအမျိုးသမီးက ရယ်မောလိုက်သည်။
"ရှင်က ကျမကို သိလို့လား"
"ကျနော်က ခင်ဗျားရဲ့ ပရိသတ်တစ်ယောက်ပါ"
လီဆောင်းဂုမှာ မိန်းမောသွားသလိုမျိုး ရှေ့သို့ တိုးသွားသည်။
ဒီအရူးကတော့ကွာ။ စိတ်ညှို့သူက အရင်ဆုံး ညှို့ယူခြင်း ခံနေရတာတဲ့လား
[သီးသန့်စွမ်းရည် ‘မိစ္ဆာသုတ်သင်ခြင်း’ အဆင့် ၂ ကို အသက်သွင်းလိုက်ပါပြီ။]
လီဆောင်းဂု၏ မျက်လုံးများကို ကြည့်လိုက်သည့် ခဏမှာပင် အဆိုပါစွမ်းရည်ကို ကျနော် အသုံးပြုလိုက်၏။
"တောင်း…တောင်းပန်ပါတယ်"
မင်ဂျီဝန်၏ မျက်လုံးများမှာ မှေးကျဉ်းသွားသည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ လီဆောင်းဂုသည် မင်ဂျီဝန် ဆိုသည့်နာမည်ကို အပြင်လောကမှာ တကယ်ရှိခဲ့သည့် လူတစ်ယောက်လို မှတ်မိနေခြင်းပင်။
...ဆိုးလ်မြို့၏ ဘုရင်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ‘အလှဘုရင်မ’ က တကယ့်လူသားတစ်ယောက်တဲ့လား
အနည်းငယ် ထူးဆန်းသလို ကျနော် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် Ways of Survival ထဲမှ အလှဘုရင်မ၏ နာမည်အစစ်မှာလည်း 'မင်ဂျီဝန်' ဖြစ်နေသောကြောင့် ဖြစ်၏။
ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား။ ငါအတည်ပြုကြည့်ရမယ်။
[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ ကို အသက်သွင်းလိုက်ပါပြီ။]
ကံကောင်းထောက်မစွာပင် သီးသန့်စွမ်းရည်မှာ အဆင်ပြေပြေ အသက်ဝင်သွား၏။
[ဇာတ်ကောင် အနှစ်ချုပ်]
အမည် : မင်ဂျီဝန်
အသက် : ၂၆ နှစ်
ထောက်ပံ့သူ : ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး သီးသန့်ဝိသေသလက္ခဏာ : သရုပ်ဆောင် (ရှားပါး)၊ အလှဘုရင်မ (သူရဲကောင်း) သီးသန့်စွမ်းရည် : လက်နက်လေ့ကျင့်ရေး အဆင့် ၅၊
စစ်အင်အား ကွပ်ကဲမှု အဆင့် ၂၊ ကာမမှုမိစ္ဆာ အဆင့် ၄၊
အသားအရေ ပြုပြင်ခြင်း အဆင့် ၁၊
မျက်နှာတစ်ထောင်သခင် အဆင့် ၃၊
သရုပ်ဆောင်ခြင်း အဆင့် ၂...
အထူးစွမ်းရည် : နတ်သက်ကြွေသော ဆွဲဆောင်မှု အဆင့် ၄၊
တစ်ပင်တိုင် ဇာတ်လိုက်မင်းသမီး အဆင့် ၃
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၈၊ ခွန်အား အဆင့် ၁၈၊
လျှင်မြန်မှု အဆင့် ၂၁၊ မှော်စွမ်းအင် အဆင့် ၂၃
ခြုံငုံအကဲဖြတ်ချက် : အလွန်ကောင်းမွန်သော ထောက်ပံ့သူတစ်ဦး
နောက်ခံရှိသည့် ကိုယ်စားလှယ်ဖြစ်သည်။
ဤအမျိုးသမီး၏ ထူးကဲသောအလှတရားသည်
ထောက်ပံ့သူ၏ အကူအညီဖြင့် ပိုမိုတောက်ပလာ
လိမ့်မည်။ ဤအမျိုးသမီး၏ အလှတရား
မပျောက်ကွယ်သရွေ့ ဤအမျိုးသမီး၏စစ်တပ်သည်
ဤအမျိုးသမီးအပေါ် သစ္စာရှိနေပါလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင်။ မင်ဂျီဝန်သည် မူရင်း Ways of Survival ထဲမှ အလှဘုရင်မ ဖြစ်နေလေသည်။
ဇာတ်ကောင်စာရင်းကို ကြည့်ရသလောက် မင်ဂျီဝန်သည် တကယ့်လူသားတစ်ယောက် ဟုတ်ပုံမရပေ။
... ဒါဆို လီဆောင်းဂုက သူမကို ဘယ်လိုသိနေတာလဲ။ လီဆောင်းဂုရဲ့ ဇာတ်ကောင်စာရင်းထဲက အချက်အလက်တွေနဲ့များ ပတ်သက်မှုရှိနေတာများလား
ကျနော် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
"မင်ဂျီဝန်၊ တွေ့ရတာ ဝမ်းသာပါတယ်"
"...ရှင်ကလည်း ကျမရဲ့ ပရိသတ်ပဲလား"
ပရိသတ်တဲ့လား...
မင်ဂျီဝန်ထံတွင် ထူးကဲသောအလှတရား ရှိသည်မှာ မှန်သော်လည်း ကျနော့် အကြိုက်တော့တော့ မဟုတ်ပေ။ အရှိကို အရှိအတိုင်း ကြည့်မည်ဆိုလျှင် ယူဆန်းအာသည်လည်း မင်ဂျီဝန်ကဲ့သို့ပင် လှပသူဖြစ်၏။ လီဆောင်းဂု မိန်းမောသွားရခြင်းမှာ ဤအမျိုးသမီး ပိုင်ဆိုင်ထားသည့် သီးသန့်စွမ်းရည်ကြောင့်သာ ဖြစ်ပေသည်။
ကျနော်သည် ရာဇဝင်ကားဇာတ်လမ်းထဲမှ စကားလုံးမျိုးဖြင့် တမင်ပင် ပြောလိုက်၏။
"ငါက နင့်ရဲ့ပရိတ်သတ် မဟုတ်ဘူး။ ဒါနဲ့ ဆောင်းဒေါင်း-ဂူ ရဲ့ ဘုရင်ကိုရော နင်သိလား"
မင်ဂျီဝန်၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။
"ရှင်က..."
ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး။
Ways of Survival တစ်ခုလုံးတွင် ထိုကဲ့သို့ ထူးခြားသော ဝိသေသများရှိသည့် နက္ခတ်မှာ တစ်ပါးတည်းသာ ရှိသည်။
"နင်နဲ့ နင့်ရဲ့ ထောက်ပံ့သူကြားမှာ ချိတ်ဆက်မှု အတော်လေး မြင့်မားနေပုံရတယ်။ နင့်ရဲ့ ထောက်ပံ့သူကို ဒီစကားလေးပြောပေးပါ။ 'ရှီလာ'ပြည် ရဲ့ နောက်ဆုံးဘုရင်မနဲ့ တွေ့ရတာ ဂုဏ်ယူမိပါတယ်လို့ ပြောပေးပါ"
ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး။
၎င်းမှာ ရှီလာပြည်၏ နောက်ဆုံးဘုရင်မ ဖြစ်သော 'ဘုရင်မ ဂျင်ဆောင်း'ကို ရည်ညွှန်းသည့် ဘွဲ့အမည် ဖြစ်သည်။
[‘မင်ဂျီဝန်’ ၏ ထောက်ပံ့သူသည် အကြီးအကျယ် တုန်လှုပ်သွားပါသည်။]
"မစိုးရိမ်ပါနဲ့။ နင်က ရှီလာရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့ လာတာမလား"
တစ်ခါတစ်ရံတွင် ထောက်ပံ့သူနှင့် ကိုယ်စားလှယ်ကြားရှိ ဆက်ဆံရေးမှာ ပြောင်းပြန် ဖြစ်သွားတတ်သည်။ ထောက်ပံ့သူက သူတို့၏ မပြည့်ဝခဲ့သော ဆန္ဒများကို ကိုယ်စားလှယ်အပေါ် အတင်းအကျပ် ပုံဖော်ခိုင်းတတ်ကြ၏။
ထိုသို့ပြုမူခြင်းမှာ ဝါရင့်နက္ခတ်များ မကြာခဏ မှားတတ်သော အမှားတစ်ခုလည်း ဖြစ်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်များကြောင့် ပျက်စီးသွားနိုင်သည့် အခြေအနေမျိုးလည်း ရှိတတ်၏။
မင်ဂျီဝန်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
"ရှင်က..."
ယခုအချိန်တွင် Ways of Survival ၏ ဇာတ်လမ်းသွားအရ ဆောင်းဒေါင်း-ဂူ၊ ယောင်ဆန်-ဂူ နှင့် ယောင်ဒေါင်းဖို-ဂူ တို့မှာ အပြင်းအထန် တိုက်ခိုက်နေကြလောက်သည်။ ကိုရီးယားကျွန်းဆွယ်၏ ရှေးဟောင်းခေတ်ကာလများကဲ့သို့ပင် ဖြစ်နေသည်ဟု ပြော၍ရ၏။ ထိုစဉ် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[ဆုလာဘ် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပေါ်လာပါပြီ။]
ဟင်… ဆုလာဘ်လား
[ဆုလာဘ် ဇာတ်ဝင်ခန်း – သုံးပြည်ထောင် စုစည်းခြင်း]
အမျိုးအစား : ဆုလာဘ်
ခက်ခဲမှု : ???
ပြီးမြောက်ရန် အခြေအနေ : ရှီလာပြည်မှ ကြီးကျယ်သော ပုဂ္ဂိုလ်များသည် ရှီလာ၏
ကိုယ်စားလှယ် ‘မင်ဂျီဝန်’ အား နယ်မြေသုံးခု၏
ဘုရင်ဖြစ်လာစေလိုသည်။ ကိုယ်စားလှယ်
‘မင်ဂျီဝန်’အား ကူညီပြီး 'နောက်ပိုင်း ဘတ်ဂျေ' နှင့်
'ထေးဘုံ' နောက်ခံရှိသော ဘုရင်များကို သတ်ဖြတ်ပါ။
အကယ်၍ ဤဇာတ်ဝင်ခန်း အောင်မြင်ပါက သင်သည်
နက္ခတ် ‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော
အမျိုးသမီး’ ၏ မျက်နှာသာပေးမှုကို ရရှိပါလိမ့်မည်။
အချိန်သတ်မှတ်ချက် : ၃၈ နာရီ
ဆုလာဘ် : ၂,၀၀၀ ဒင်္ဂါး
ကျရှုံးမှု : ―
ဇာတ်ဝင်ခန်းဇယားကို ကျနော်ကြောင်ကြည့်နေစဉ်မှာပင် မင်ဂျီဝန်က ကျနော့်ကို ညို့ယူဖမ်းစားလိုသော အပြုံးတစ်ခုပြုံးပြလိုက်သည်။
"ကျမရဲ့ ထောက်ပံ့သူက ရှင့်ရဲ့ သစ္စာရှိမှုကို မြင်ချင်နေတယ်။ လက်ခံမှာမလား။ ကျမ အကြာကြီး မပြောချင်ဘူး။ ကျမရဲ့ လက်အောက်ခံ ဖြစ်လာစမ်းပါ"
ဒင်္ဂါး ၂,၀၀၀လေး ပေးပြီး မင်ဂျီဝန်က တကယ့်ကို အမိန့်ပေးသံနှင့် ပြောနေပေသည်။ ကျနော် မရယ်ဘဲ မနေနိုင်တော့ချေ။ ဤထောက်ပံ့သူသည် ကျနော့်ကို တကယ့်ကို လူဆင်းရဲတစ်ယောက်လို မြင်နေခြင်း ဖြစ်၏။
[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’ နက္ခတ်သည် ‘မင်ဂျီဝန်’ ၏ ထောက်ပံ့သူကို သဘောမကျဖြစ်နေပါသည်။]
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် ထိုနက္ခတ်ကို ရယ်မောနေပါသည်။]
[ဒင်္ဂါး၂,၀၀၀ ထောက်ပံ့မှုကို ရရှိခဲ့ပါသည်။]
[လဲလှယ်ရေးဌာနတွင်
၅ အုပ် ရောင်းချပြီးပါပြီ။]
[၅,၀၀၀ ဒင်္ဂါး ရရှိခဲ့ပါသည်။]
ယခု ကျနော် ကြားနေရသော မက်ဆေ့ချ်များကိုသာ ဤအမျိုးသမီး ကြားလိုက်ရပါက မည်သို့သော မျက်နှာပေးမျိုး ရှိမည်နည်းဟု ကျနော် သိချင်မိတော့သည်။
ဒင်္ဂါး၂,၀၀၀ လေးအတွက်နဲ့ ငါ့ကိုဘာတွေလုပ်ခိုင်းနေတာလဲဟ