← Chapters

ဘုရင်တို့၏စစ်ပွဲ (၅)

Vol. 4 Ch. 64

ဘုရင်တို့၏စစ်ပွဲ (၅)

Vol. 4 Ch. 64

ကျနော့်စကားကြောင့် မင်ဂျီဝန်မှာ အံ့အားသင့်သွားသည်။

"…ဟွမ်ဆန်ဘောလ် တိုက်ပွဲ ဟုတ်လား"

"ဟုတ်တယ်၊ သမိုင်းကြောင်းအရဆိုရင် ဟွမ်ဆန်ဘောလ် တိုက်ပွဲမှာ ရှီလာ က အနိုင်ရခဲ့တာလေ။ ဒါက သမိုင်းပဲ"

ချူဝမ်အင် ၏ ဓါးမှာ ဟွာရန်းအဖွဲ့သား တစ်ဦးကို ဖြတ်ခုတ်လိုက်သည်။ သမိုင်းကြောင်းအတိုင်းသာဆိုလျှင် ရှီလာ က အမှန်တကယ်ပင် အနိုင်ရပေလိမ့်မည်။ သမိုင်းအတိုင်းသာ ဖြစ်ခဲ့လျှင်ပေါ့။ သို့ပေသိ ကျနော် စကားပင် မပြောရသေးမီ ဟွာရန်းတပ်မှူးက ရှေ့သို့ တိုးထွက်လာပြီး အော်ဟစ်လိုက်သည်။

"နောက်မဆုတ်ကြနဲ့။ တိုက်ပွဲမှာ နောက်ဆုတ်တယ်ဆိုတာ မရှိစေရဘူး"

ထိုအချိန်မှာပဲ ဟွာရန်းများသည် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။

"မလုပ်နဲ့"

"အောင်ပွဲခံကြ။ သစ္စာရှိရှိ အမှုထမ်းကြ"

"အမှုထမ်းပါ့မယ်"

ဒီမအေဘေးကတော့ကွာ….

[ရှီလာ၏ ဟွာရန်းများအားလုံးအပေါ် ‘လောကီရေးရာ ပညတ်ငါးပါး’ အဆင့် ၂ ၏ အကျိုးသက်ရောက်မှု သက်ရောက်သွားပါသည်။]

"ဟားဟားဟား၊ မင်းက သူတို့ကို တွန်းပို့နေတာပဲ"

ဂယဲဘတ် ၏ ကိုယ်စားလှယ် ချူဝမ်အင် က အော်ဟစ်လိုက်၏။ ဟွာရန်းတပ်မှူးက လှံတစ်စင်းကို ကိုင်စွဲကာ သူ၏ဆီသို့ ပြေးထွက်သွားသည်။ သူသည် စိတ်ပျက်စရာကောင်းသော သူ၏ ထောက်ပံ့သူနောက်သို့ လိုက်နေခြင်းပင် ဖြစ်သည်။

[ဇာတ်ကောင် ‘ချူဝမ်အင်’ သည် အထူးစွမ်းရည် ‘ဘတ်ဂျေဓါးသိုင်း’ အဆင့် ၃ကို အသုံးပြုလိုက်ပါသည်။]

"အား"

ဟွာရန်းတပ်မှူး၏ ကိုယ်ခန္ဓာမှာ ဓါးကြီးဖြင့် အရိုက်ခံလိုက်ရသဖြင့် လေထဲသို့ လွင့်စင်သွားသည်။ မင်ဂျီဝန်ဘက်သို့ လှည့်ကာ ကျနော်အော်ပြောလိုက်သည်။

"သူတို့ကို စစ်ကြောင်းပြင်ခိုင်းလိုက်"

"စစ်ကြောင်းပြင်ကြ။ မြန်မြန်လုပ်"

[ဇာတ်ကောင် ‘မင်ဂျီဝန်’ သည် ‘စစ်ဘက်ဆိုင်ရာ အမိန့်ပေးမှု’ အဆင့် ၂ ကို အသက်သွင်းလိုက်ပါသည်။]

[စစ်တပ်သည် ဆင်ခြင်တုံတရား ကင်းမဲ့သွားပါပြီ။]

[စွမ်းရည် အသက်ဝင်မှု ပျက်ပြယ်သွားပါသည်]

"စစ်ကြောင်းပြင်ကြလို့ ပြောနေတယ်လေ"

မင်ဂျီဝန်က ထပ်မံအော်ဟစ်သော်လည်း ‘လောကီရေးရာ ပညတ်ငါးပါး’ ၏ စေ့ဆော်မှုကို ခံထားရသော ဟွာရန်းများမှာ မင်ဂျီဝန်၏ အမိန့်ကို နားမထောင်ကြတော့ချေ။ မူလကတည်းက သူတို့သည် ဘုရင်မဂျင်ဆောင်း၏ စွမ်းဆောင်ရည်ထက် မင်ဂျီဝန်၏ အလှအပအပေါ်၌သာ သစ္စာရှိခဲ့ကြသူများသာ။

အသံတစ်ခုကို ကျနော် ကြားလိုက်ရသည်။ လီဂီယောင်သည် ပြတိုက်၏ ဒုတိယထပ် ပြတင်းပေါက်ကို ဖောက်ထွက်ကာ ကျနော့်ဘေးသို့ ခုန်ဆင်းလာသည်။

"အစ်ကို၊ ကျနော် တိုင်တန်နိုကို ခေါ်လိုက်ရမလား"

လီဂီယောင်၏ မျက်လုံးများမှာ ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေသဖြင့် ဝင်းလက်နေလေသည်။

"မလိုဘူး၊ ရတယ်"

လီဂီယောင်အနေဖြင့် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ အဆင့် ၆ ရှိသော အင်းဆက်ဘုရင်ကို ခေါ်ယူနိုင်ပါက အထောက်အကူ ဖြစ်မည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း ထိုသို့ပြုလုပ်ပါက သူသည် နှစ်ရက်ခန့် သတိလစ်သွားပေလိမ့်မည်။ အဆင့်မြင့် သတ္တဝါကြီးများကို ထိန်းချုပ်ရန်မှာ ခက်ခဲလှသည့်အပြင် မဟာမိတ်များကိုပါ တိုက်ခိုက်မိသွားနိုင်သေး၏။ မည်သို့ပင်ဖြစ်စေ လီဂီယောင်သည် ကျနော့် ဝှက်ဖဲပင်။ ဘုရင်များ၏ စစ်ပွဲ စတင်သည့်အချိန်အထိ သူ့ကို ချန်ထားရပေမည်။

"အား"

ကျနော်တို့ ရှေ့မှ ဟွာရန်းများမှာ အလဲလဲအပြိုပြို ဖြစ်ကုန်ကြသည်။ အခြားတစ်ဖက်တွင်မူ ဘတ်ဂျေ စစ်တပ်မှ တစ်ဦးမျှပင် အသက်ဆုံးရှုံးခြင်း မရှိသေးချေ။ ကျနော်သည် ကျနော့်ဆီသို့ ပြေးလာသော ယူဆန်းအာဘက်သို့ လက်ကမ်းလိုက်သည်။

"ယူဆန်းအာ။ ရှေးဟောင်းပစ္စည်းပေး"

ယူဆန်းအာက ဂန်ပြောင်းဝီ ကို ကျနော့်ထံသို့ ကမ်းပေးလာသည်။

ဂန်ပြောင်းဝီ။

လူတိုင်းက ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ကိုသာ အာရုံစိုက်နေကြသော်လည်း အမှန်တကယ်တွင်မူ ဂန်ပြောင်းဝီ သည် စတုတ္ထမြောက် ဇာတ်ဝင်ခန်းအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်သည်။ အကယ်၍ ဤပစ္စည်းသာ မရှိပါက ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး သည်လည်း မည်သည့်အဓိပ္ပာယ်မျှ ရှိတော့မည် မဟုတ်ချေ။

"အ"

ဟွာရန်းတပ်မှူးမှာ ချူဝမ်အင် ၏ နောက်ထပ် တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် အထိနာနေပြီ ဖြစ်သည်။ နောက်ထပ် တစ်ချက်မျှ ထပ်မံထိမှန်ပါက သူ သေပါ သေဆုံးသွားနိုင်လောက်၏။

[‘နောက်မဆုတ်သော ဟွာရန်း’ နက္ခတ်သည် အလူးအလဲ ဖြစ်နေပါသည်။]

[‘ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း’ နက္ခတ်သည် ပျော်ရွှင်နေပါသည်]

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် စိတ်ပျက်နေပါသည်။]

ဘတ်ဂျေ စစ်တပ်၏ အရှိန်အဝါမှာ မြင့်တက်လာသော်လည်း ရှီလာ ၏ စိတ်ဓာတ်မှာမူ ပြိုလဲလုနီးပါး ဖြစ်နေသည်။ ချူဝမ်အင် ၏ ကိုယ်ခန္ဓာမှ ဂယဲဘတ် ၏ စိတ်ဝိညာဉ်များ စီးထွက်လာနေသကဲ့သို့ ခံစားရ၏။

"ဒီအမွေခံ ရှီလာ တွေကို အမြစ်ပြတ် ချေမှုန်းကြ"

နက္ခတ်များသည် သူတို့ ရှင်သန်ခဲ့သော သမိုင်းကြောင်းနှင့် တူညီသော အခြေအနေမျိုးသို့ ရောက်ရှိလေလေ၊ ကိုယ်စားလှယ်နှင့် ချိတ်ဆက်မှု ပိုမိုမြင့်မားလာကာ အထူးစွမ်းရည်များ၏ စွမ်းအားမှာလည်း ပိုမိုကြီးမားလာလေလေ ဖြစ်သည်။

ထို့အပြင် ‘ဆက်နွှယ်မှု’ ရှိသော နက္ခတ်များ၏ တွေ့ဆုံမှုကြောင့်... ‘ဇာတ်ခုံ’ တစ်ခု ဖန်တီးရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

"ဟင်… ဘာဖြစ်တာလဲ"

လူများမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးတွင် လျှပ်စစ်စွမ်းအင်များ ပြည့်နှက်သွားပြီး မြင်ကွင်းမှာ ပြောင်းလဲသွားတော့သည်။ ဆိုးလ်မြို့၏ ဂွမ်ဟွာမွန်းသည် ကြမ်းတမ်းခက်ထန်သော တောတောင်လျှိုမြောင်ဒေသအဖြစ်သို့ ကူးပြောင်းသွားလေပြီ။

「 ဇာတ်ခုံအသွင်ပြောင်းခြင်း 」

၎င်းမှာ သမိုင်းကြောင်းအရ ဆက်စပ်မှုရှိသော ကိုယ်စားလှယ်များအကြား ချိတ်ဆက်မှု မြင့်မားလာသည့်အခါ ဖြစ်ပေါ်တတ်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဟင်းလင်းပြင် အသွင်ပြောင်းလဲခြင်းသည် နက္ခတ်များ တိုက်ပွဲဝင်ခဲ့သည့် အာကာသနှင့် အချိန်ကာလကို ဆင့်ခေါ်လိုက်ခြင်းပင်။ အမှန်တကယ်တော့ တကယ့်နေရာတစ်ခုလုံး ပြောင်းလဲသွားခြင်းမျိုး မဟုတ်ဘဲ အတုအယောင် လက်တွေ့ဘဝနှင့် ပို၍ ဆင်တူလှသည်။ တစ်ခုရှိသည်က ဤဇာတ်ခုံကို ဆင့်ခေါ်လိုက်သူများအတွက်မူ အတုအယောင်လက်တွေ့ဘဝဖြစ်နေခြင်း မဟုတ်ခြင်းပင်။

"ဟားဟားဟား... ငါ မင်းကို လွမ်းနေတာ ဟွမ်ဆန်ဘောလ်"

ချူဝမ်အင် သည် သူ၏ ထောက်ပံ့သူနှင့် အတော်အတန် မြင့်မားသော ချိတ်ဆက်မှု အဆင့်ကို ရရှိသွားပြီးနောက် အော်ဟစ်လိုက်၏။ ယခုအခါ သူသည် မိမိကိုယ်ကိုယ် ဂယဲဘတ် ဟု လုံးဝ ယုံကြည်သွားပုံရသည်။

ဂယဲဘတ် သည် အလောတကြီး ဖြစ်နေခဲ့သည်။ အကယ်၍ နက္ခတ်တစ်ပါးသည် အစောပိုင်း ဇာတ်ဝင်ခန်းများတွင် ဤကဲ့သို့ ပြုမူခဲ့ပါက စီမံခန့်ခွဲရေးဌာနထံမှ အရေးယူမှုကို ခံရဖွယ် ရှိသည်။ သို့ပေသိ ဂယဲဘတ် သည် အဆင့်နိမ့် နက္ခတ်များထက်စာလျှင် ထိခိုက်မှုခံရနိုင်ခြေ နည်းပါးပေသည်။

"အ…အား"

ကြောက်လန့်တကြား ဖြစ်နေသော ဟွာရန်းများသည် နောက်သို့ စတင်ဆုတ်ခွာကြတော့သည်။

လီဆောင်းဂုက ရေရွတ်လိုက်သည်။

"သူက ဘုရင်ခုနစ်ပါးထဲက တစ်ပါးတောင် မဟုတ်ဘဲနဲ့ ဒီလောက် စွမ်းအားကြီးနေတာ... ဒါက ဖြစ်နိုင်လို့လား"

"ဂယဲဘတ် က ဒီဇာတ်ခုံရဲ့ ဇာတ်လိုက်ဖြစ်နေလို့ ဖြစ်နိုင်တာပေါ့"

ချူဝမ်အင် သည် အရူးအမူး ဖြစ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ပြေးလွှားနေသည်။ ဇာတ်ခုံအသွင်ပြောင်းခြင်း ဖြစ်ပေါ်လာပြီး ထောက်ပံ့သူနှင့် ချိတ်ဆက်မှု မြင့်တက်လာသည်နှင့်အမျှ ကိုယ်စားလှယ်၏ ခွန်အားမှာလည်း အဆမတန် တိုးပွားလာပေတော့မည်။

တုန်လှုပ်နေသော မင်ဂျီဝန်ကို ကျနော် ကြည့်လိုက်ပြီး စကားစလိုက်သည်။

"ငါ့မှာ နည်းလမ်းနှစ်ခု ရှိတယ်။ တစ်ခုကတော့ ဂွမ်ချန်း ရဲ့ ကိုယ်စားလှယ်ကို အသေခံခိုင်းလိုက်ဖို့ပဲ"

"အဲဒါ... ဘာကို ဆိုလိုတာလဲ"

ဟွမ်ဆန်ဘောလ် တိုက်ပွဲသည် ဂွမ်ချန်း ၏ စတေးမှုကြောင့် ရှီလာ တို့ အနိုင်ရရှိခဲ့သော စစ်မြေပြင် ဖြစ်ခဲ့သည်။ အကယ်၍ သူသာ သေဆုံးသွားပါက တိုက်ပွဲ၏ တစ်ဝက်မှာ ပြီးမြောက်သွားပေလိမ့်မည်။

"ဇာတ်ခုံအသွင်ပြောင်းခြင်း စတင်လိုက်တာနဲ့ ဒါက သမိုင်းဝင် စစ်မြေပြင် ဖြစ်သွားပြီ။ အကယ်၍ ဂွမ်ချန်း ရဲ့ ကိုယ်စားလှယ် သေဆုံးသွားရင် ရှီလာ စစ်တပ်ရဲ့ စိတ်ဓာတ်ဟာ သူတို့ရဲ့ ဒေါသကြောင့် မြင့်တက်လာလိမ့်မယ်။ ဒါက သမိုင်းမှာ မှတ်တမ်းတင်ထားပြီးသားပဲလေ"

မင်ဂျီဝန်၏ အဖြေကို ကျနော်စောင့်မနေတော့ပေ။

"ဒုတိယ နည်းလမ်းကတော့ သမိုင်းကို ပြောင်းလဲပစ်ဖို့ပဲ"

လက်ထဲရှိ ဂန်ပြောင်းဝီ ကို ကျနော်ငုံ့ကြည့်လိုက်၏။ ဂန်ပြောင်းဝီ ဆိုသည်မှာ ၁၇ ရာစု ဂျိုဆွန်းခေတ်က ထုတ်လုပ်ခဲ့သော နက္ခတ္တဗေဒဆိုင်ရာ လေ့လာရေးကိရိယာတစ်ခု ဖြစ်သည်။

မင်ဂျီဝန်က မသက်မသာ ခံစားရပုံဖြင့် မေးလာသည်။

"အကယ်၍ ရှုံးနိမ့်သွားရင် ဘာဖြစ်မလဲ"

"နင့်ရဲ့ နိုင်ငံ ပျက်စီးသွားလိမ့်မယ်"

"ဒါဆိုရင်တော့ ပထမ နည်းလမ်းကိုပဲ ရွေးရမှာပေါ့..."

တကယ့်ကို ဘုရင်မဂျင်ဆောင်း ပီသလှချေသည်။ ဂျင်ဆောင်းကို အရည်အချင်းမရှိသော အုပ်ချုပ်သူအဖြစ် သတ်မှတ်ခဲ့ကြခြင်းမှာ အကြောင်းရင်း ရှိပေသည်။

"နင့်ကို ရွေးချယ်ခွင့် ပေးဖို့ ငါ ဆိုလိုတာ မဟုတ်ဘူး။ ဒုတိယနည်းလမ်းအတိုင်းပဲ ငါလုပ်မှာ"

"ဒါဆိုရင် ဘာလို့ လာပြောပြနေသေးရတာလဲ"

"ငါ နင့်ကို အခွင့်အရေး တစ်ခု ပေးလိုက်တာလေ။ အခုအချိန်မှာ ရှီလာ အတွက် လိုအပ်နေတာက နင့်လိုလူမျိုး မဟုတ်ဘူး"

ဂန်ပြောင်းဝီ တွင် ပါဝင်သော အဝိုင်းပြားနှစ်ခုကို လှည့်ပတ်ကာ ကျနော်ကိုင်တွယ်လိုက်သည်။ ထိုအဝိုင်းပြားနှစ်ခုကို ‘မိုးကောင်ကင် အဝိုင်းပြား’ နှင့် ‘မြေပြင်အဝိုင်းပြား’ ဟု အသီးသီး ခေါ်ဆိုကြသည်။ အပေါ်ဘက်တွင် ရှိသည်မှာ မြေပြင်အဝိုင်းပြား ဖြစ်ပြီး အောက်ဘက်တွင် ရှိသည်မှာ မိုးကောင်ကင် အဝိုင်းပြား ဖြစ်သည်။ Ways of Survival ထဲတွင် ဂန်ပြောင်းဝီ နှင့် ပတ်သက်၍ ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရှိသည်။

「 ဂန်ပြောင်းဝီ သည် ကောင်းကင်ယံရှိ နက္ခတ်များကို ရှာဖွေနိုင်သော ပစ္စည်းတစ်ခု ဖြစ်သည်။ 」

မြေပြင်အဝိုင်းပြားကို ဖြည်းဖြည်းချင်း ကျနော်လှည့်လိုက်သောအခါ မိုးကောင်ကင် အဝိုင်းပြားပေါ်တွင် ထွင်းထုထားသော နက္ခတ်များသည် တောက်ပစွာ လင်းလက်လာကြသည်။

[ဂန်ပြောင်းဝီ ၏ အထူးလုပ်ဆောင်ချက် ‘ကြယ်တာရာတို့၏ ပဲ့တင်သံ’ အသက်ဝင်လာပါသည်။]

[‘ကြယ်တာရာတို့၏ ပဲ့တင်သံ’ သည် သင့်အား နက္ခတ်တစ်ပါးထံမှ အကူအညီ တောင်းခံနိုင်စေရန် ခွင့်ပြုပေးပါသည်။]

[နက္ခတ်သည် သင်၏ တောင်းဆိုချက်ကို ငြင်းပယ်နိုင်ပြီး နက္ခတ်က တောင်းဆိုချက်ကို တုံ့ပြန်သည့်အခါ ဂန်ပြောင်းဝီ ကို အသုံးပြုနိုင်သည့် အကြိမ်ရေ လျော့နည်းသွားမည် ဖြစ်သည်။]

မိုးကောင်ကင် အဝိုင်းပြားပေါ်တွင် နက္ခတ် ခုနစ်ပါး ကျန်ရှိနေသေးသည်။ တစ်နည်းအားဖြင့်ဆိုသော် နောက်နောင်တွင် ကျနော် ခုနစ်ကြိမ် ထပ်မံ အသုံးပြုနိုင်သေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤရှေးဟောင်းပစ္စည်းပေါ်တွင် နက္ခတ်များစွာ ကျန်ရှိနေသေးပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သို့ပေသိ ကျနော်မည်သို့မျှ မတတ်နိုင်ပါချေ။

လီဆောင်းဂုက တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် မေးလာသည်။

"အဲဒီပစ္စည်းနဲ့ နက္ခတ်တစ်ပါးဆီက အကူအညီ ယူတော့မလို့လား"

"နက္ခတ်တိုင်းကိုတော့ ခေါ်လို့မရဘူး၊ ဒါပေမဲ့ ထူးချွန်တဲ့ ပုဂ္ဂိုလ်တချို့တော့ ရှိပါတယ်"

ကျနော့်အဖြေကြောင့် လီဆောင်းဂုမှာ အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်သွားသည်။

သူသည် ဤပစ္စည်း၏ စစ်မှန်သော တန်ဖိုးကို အချိန်နှောင်းမှ သိရှိသွားခြင်းပင်။

"ဟုတ်ပြီ"

လီဆောင်းဂုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"ရှန်ယု ဒါမှမဟုတ် လွီပု တို့ကို ခေါ်လိုက်ရင်ကော ဘယ်လိုလဲ။ သူတို့ကိုသာ ခေါ်နိုင်ရင် ဂယဲဘတ် ကို အလွယ်တကူ ရင်ဆိုင်နိုင်မှာပဲ"

"ဆင့်ခေါ်ဖို့က နက္ခတ်ရဲ့ ဘွဲ့အမည်ကို သိထားဖို့ လိုတယ်"

Ways of Survival ကမ္ဘာတွင် ဘွဲ့အမည်ဆိုသည်မှာ နက္ခတ်များ၏ အာကာသနှင့် အချိန်ကာလဆိုင်ရာ တည်နေရာပြ အညွှန်းကိန်းများကဲ့သို့ပင် ဖြစ်သည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်းရှိ X နှင့် Y ဝင်ရိုး တည်နေရာစနစ်နှင့် ဆင်တူလှပေသည်။

"အာ... ဒါဆိုရင်တော့..."

လီဆောင်းဂုမှာ စိတ်ပျက်သွားသော မျက်နှာထား ဖြစ်သွားသည်။ လွီပု နှင့် ရှန်ယု တို့၏ ဘွဲ့အမည်များကို ကျနော် မသိဟု သူက ထင်မှတ်သွားခြင်း ဖြစ်သည်။ သို့ပေသိ သူ၏ အထင်မှာ မှားနေရုံသာ ဖြစ်ပေလိမ့်မည်။ ဤကမ္ဘာပေါ်တွင် နက္ခတ်များ၏ ဘွဲ့အမည်များကို ကျနော့်လောက် သိသူ တစ်ဦးမျှ မရှိနိုင်ပါချေ။

"နက္ခတ်တစ်ပါးကို ဆင့်ခေါ်မယ်"

[ကြီးမြတ်သော နက္ခတ်များသည် ကြယ်တာရာများကြားမှ စီးဆင်းလာသော သင့်အသံကို ကြားသိနေကြပါသည်။]

အမှန်စင်စစ် ကျနော် ဆင့်ခေါ်မည့် နက္ခတ်မှာ လွီပု သို့မဟုတ် ရှန်ယု မဟုတ်ပေ။ သူတို့အနေဖြင့် ဤတောင်းဆိုချက်ကို တုံ့ပြန်မည်ဟု အာမခံချက် မရှိသည့်အပြင် ဤစစ်မြေပြင်နှင့် ပိုမိုကိုက်ညီမည့်သူ တစ်ဦး ရှိနေသေးသည်။ ကောင်းကင်ယံရှိ ကြယ်တာရာများကို ကျနော် စိုက်ကြည့်လိုက်သည်။ မြောက်မြားစွာသော ကြယ်များနှင့် မျက်နှာချင်းဆိုင်လျက် ကျနော် စကားပြောလိုက်၏။

"ဟွာရန်းတို့၏ ခေါင်းဆောင် ‘ဟောင်းမူ ဘုရင်ကြီး’ ကို ဆင့်ခေါ်လိုပါတယ်"

[ကြယ်တာရာ လမ်းညွှန်မှု စတင်ပါပြီ။]

ကောင်းကင်ယံ၏ အစိတ်အပိုင်းတစ်ခုမှာ မှောင်မိုက်သွားပြီး အရိပ်တစ်ခု မြေပြင်ပေါ်သို့ ကျရောက်လာသည်။ ရှီလာ နှင့် ဘတ်ဂျေ တို့၏ တိုက်ပွဲမှာလည်း ရုတ်ခြည်း ရပ်တန့်သွားတော့သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ"

ချူဝမ်အင် သည် တစ်စုံတစ်ခုကို သံသယဝင်သွားပြီး ကျနော့်ထံသို့ ပြေးဝင်လာသည်။

"ကိုယ်စားပြုခေါင်းဆောင်ကြီး၊ သူတို့ကို ကျနော်တို့ တားထားပါ့မယ်"

လီဆောင်းဂုက ဓါးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ စိတ်ညို့သူလီဆောင်းဂုသည် မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို ကျနော် မသိသော်လည်း ကျနော့်အတွက် အချိန်အနည်းငယ်တော့ ရရှိနိုင်လောက်ပေသည်။ ခေတ္တကြာသော် ကောင်းကင်ယံရှိ ကြယ်တစ်ပွင့်မှာ တောက်ပစွာ လင်းလက်လာသည်။ နောက်ဆုံးတွင် သူ ပေါ်ထွက်လာပေပြီ။

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင့်အား ကြည့်ရှုနေပါသည်။]

"စစ်သူကြီး"

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင့်စကားကို နားထောင်နေပါသည်။]

"ဒီမှာ အရှင်နက္ခတ်ရဲ့ အကူအညီ လိုအပ်နေတဲ့သူတွေ ရှိပါတယ်။ အရှင်နက္ခတ်ရဲ့ လူတွေ သေဆုံးနေကြလို့ ကျနော် ဆင့်ခေါ်ရခြင်း ဖြစ်ပါတယ်"

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင်၏ စကားကို တိတ်ဆိတ်စွာဖြင့် နားထောင်နေပါသည်။]

ဟောင်းမူ ဘုရင်ကြီး။ သူသည် တော်ဝင်မျိုးနွယ် မဟုတ်သော်လည်း ရှီလာ ၏ ဘုရင်ဘွဲ့အမည်ကို ကွယ်လွန်ပြီးမှ ချီးမြှင့်ခြင်း ခံခဲ့ရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် ကျနော်တောင်းဆိုချက်ကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဟွမ်ဆန်ဘောလ် သည် သူ၏ စစ်မြေပြင် ဖြစ်ခဲ့သောကြောင့်ပင်။ သို့ပေသိ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် ခေတ်သစ်လူသားတို့၏ သမိုင်းကြောင်းတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပါ။]

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ပါတော့မည်။]

...ဘာလဲဟ။

ထိုနက္ခတ်၏ အရှိန်အဝါများ မှေးမှိန်ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင် ယူဆန်းအာက ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။

"စစ်သူကြီး၊ ကျမ စကားကို နားထောင်ပေးပါဦး"

ပါးနပ်လှသော ယူဆန်းအာသည် ဟောင်းမူ ဘုရင်ကြီး က မည်သူဖြစ်ကြောင်း ရိပ်မိသွားပုံရသည်။

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် ပြန်လည် ကြည့်ရှုလာပါသည်။]

"စစ်သူကြီးရဲ့ အကြောင်းကို ကျမ ကောင်းကောင်း သိပါတယ်! ဟွမ်ဆန်ဘောလ် တိုက်ပွဲ၊ ပြုံးယမ်း ဝန်းရံပိတ်ဆို့မှု... အဲဒီအကြောင်းတွေကို မှတ်တမ်းတွေထဲမှာ ကျမ အကုန်ဖတ်ဖူးပါတယ်"

ယူဆန်းအာသည် စကားမပြောမီ အသက်ကို ဝဝရှူလိုက်သည်။

"အတိတ်နဲ့ သမိုင်းကို စစ်သူကြီး တန်ဖိုးထားချင်တာကို ကျမ နားလည်ပါတယ်။ ဒါပေမဲ့ စစ်သူကြီး…တချို့သော သမိုင်းတွေက မှတ်တမ်းတင်ပြီးရုံနဲ့တင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး"

ယူဆန်းအာ၏ အသံမှာ ကြည်လင်ပြတ်သားလှသည်။

"စစ်သူကြီး နောင်တမရဘူးလား။ ငယ်ရွယ်တဲ့ ဟွာရန်းတွေ စတေးခံခဲ့ရပြီး ရေတွက်လို့မရတဲ့ လူပေါင်းများစွာ မြေမြှုပ်ခံခဲ့ရတဲ့ အဲဒီစစ်မြေပြင်ကိုလေ... စစ်သူကြီး တကယ်ပဲ မေ့သွားပြီလား"

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် ကိုယ်စားလှယ် ယူဆန်းအာ ၏ စကားကို နားထောင်နေပါသည်။]

"သမိုင်းကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ စစ်မြေပြင်က စစ်သည်တွေလည်း နှစ်သိမ့်မှု ရမှာမဟုတ်သလို ငယ်ရွယ်တဲ့ ဟွာရန်းတွေရဲ့ အသက်တွေလည်း ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်သူကြီး… ဒီနေရာက သမိုင်းကတော့ မပြီးဆုံးသေးဘူးရှင့်။ အကယ်၍ စစ်သူကြီးသာ ဒီကို ကြွလာမယ်ဆိုရင် အနည်းဆုံးတော့ ဒီနေရာရဲ့ သမိုင်းကို စစ်သူကြီး ပြောင်းလဲပေးနိုင်ပါတယ်"

ယူဆန်းအာသည် မည်မျှ စကားပြောကောင်းသူ ဖြစ်ကြောင်း ကျနော် ခေတ္တမေ့လျော့နေခဲ့မိသည်။ ယူဆန်းအာသည် မီနိုဆော့ဖ် တွင် အလုပ်လုပ်စဉ်ကတည်းက ရှင်းလင်းတင်ပြခြင်း လောက၏ ဘုရင်မ ဖြစ်ခဲ့သည် မဟုတ်ပင်။

"စစ်သူကြီးရဲ့ ဟွမ်ဆန်ဘောလ် တိုက်ပွဲကတော့ ပြီးဆုံးသွားပါပြီ... ဒါပေမဲ့ ကျမတို့ကတော့ ဟွမ်ဆန်ဘောလ် မှာ ရှိနေဆဲပါပဲ"

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် တိတ်ဆိတ်စွာ မျက်စိမှိတ်လိုက်ပါသည်။]

ဘဝတွင် ထိုကဲ့သို့သော အခိုက်အတန့်မျိုး ရှိတတ်သည်။ မည်သူမျှ ဘာမှမပြောသော်လည်း နောက်ထပ် ဘာဖြစ်လာမည်ကို ကျနော် သိရှိနေသည်။

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင်၏ တောင်းဆိုချက်ကို တုံ့ပြန်လိုက်ပါပြီ။]

ဂန်ပြောင်းဝီ ပေါ်ရှိ နက္ခတ်များအနက် တစ်ပါးမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံရှိ ကြယ်တာရာထံမှ အလင်းတန်းတစ်ခု ကျနော့်ဆီသို့ ကျရောက်လာသည်။ ကျနော်က စိုးရိမ်နေသော ယူဆန်းအာကို ကြည့်ကာ ပြုံးပြလိုက်သည်။

"တော်လိုက်တာ ယူဆန်းအာ"

[သင်သည် ‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်၏ စောင့်ရှောက်မှုကို ယာယီ ရရှိသွားပါသည်။]

ကျနော့်ကိုယ်ခန္ဓာအတွင်းရှိ ကြွက်သားများမှာ အံ့အားသင့်ဖွယ်ကောင်းစွာ တဆတ်ဆတ် တုန်ခါနေသည်။ နှလုံးခုန်သံများမှာလည်း မြန်ဆန်လာပြီး ကျနော့်ခေါင်းထဲတွင် အလင်းနှင့် အမှောင်များစွာ ဖြတ်သန်းသွားတော့သည်။ ကျနော့်အတွင်းစိတ်ထဲတွင် တစ်စုံတစ်ခုကို စတင်တည်ဆောက်နေလေပြီ။

[ဒါက အတိတ်က အဘိုးကြီးတစ်ယောက်ရဲ့ လွမ်းဆွတ်မှု သက်သက်ပါပဲ]

ထိုအသံမှာ နက္ခတ်၏ စစ်မှန်သော အသံ ပင် ဖြစ်သည်။ ထိုအသံကို နားထောင်နေရရုံမျှဖြင့် ကျနော့်တည်ရှိမှုမှာ အန္တရာယ်ရှိနေသကဲ့သို့ ခံစားရသည်။

[ခဏလောက် မင်းရဲ့ အသံကို ငှားသုံးပါရစေ]

မျက်လုံးများကို ဖွင့်လိုက်ရင်း ကျနော်ခေါင်းငြိမ့်ပြလိုက်သည်။ ဟွမ်ဆန်ဘောလ် စစ်မြေပြင်ရှိ လူတိုင်းသည် ကျနော့်အား စိုက်ကြည့်နေကြတော့သည်။

ဂယဲဘတ် ၏ ကိုယ်စားလှယ် ချူဝမ်အင် သည် အလွန်အမင်း အံ့အားသင့်သွားသည်။

"အဲဒီလူက..."

နက္ခတ်သည် တိုက်ရိုက်ဆင်းသက်လာခြင်း မဟုတ်သော်လည်း နက္ခတ်တစ်ပါး၏ စိတ်ဝိညာဉ်ကို အတိုင်းသား ခံစားနေရသည်။ ‘နက္ခတ်’ ဟု ခေါ်ဆိုအပ်သော တည်ရှိမှုများ၏ ဖိအားပင် ဖြစ်ပေလိမ့်မည်။

"မတွေ့ရတာ ကြာပြီပဲ၊ ဂယဲဘတ်"

ကျနော့်အသံထဲတွင် ထူးဆန်းသော နက်ရှိုင်းမှုများ ပါဝင်နေသည်။ အဝေးတစ်နေရာတွင်မူ ဂွမ်ချန်း ၏ ကိုယ်စားလှယ်မှာ ယိုင်တိုင်တိုင် ဖြစ်နေလေသည်။

"ဟွာရန်း ဂွမ်ချန်း၊ ငါ့ကို အရိုအသေပေးဖို့ မလိုဘူး"

"စ-စစ်သူကြီး..."

ဟောင်းမူ ဘုရင်ကြီး သည် ကျနော်မှတစ်ဆင့် ကမ္ဘာကြီးကို ကြည့်ရှုနေလေသည်။ သူသည် ဂွမ်ချန်း၊ ဂယဲဘတ် နှင့် ပျက်စီးနေသော ဆိုးလ်မြို့တို့ကို ကြည့်လိုက်သည်။ ကျနော်သည်လည်း ဟောင်းမူ ဘုရင်ကြီး မှတစ်ဆင့် ကမ္ဘာကြီးကို မြင်တွေ့နေရ၏။ နေရောင်ခြည်သည် ဟွမ်ဆန်၏ မြေပြန့်လွင်ပြင်များကို လွှမ်းခြုံထားလေသည်။

"ရယ်စရာကောင်းလိုက်တာ။ ဘာလို့ မင်းတို့အားလုံးက ဒီနေရာမှာ ပြန်ပြီး ဆုံနေကြတာလဲ"

ချူဝမ်အင် သည် ထိုစကားများကို ကြားသောအခါ အရူးအမူး လှောင်ရယ်လိုက်သည်။ သူ၏ရယ်သံမှာ နက်နဲလှသော နာကျည်းမှုများ ပြည့်နှက်နေသည့် ရယ်သံပင် ဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူသည် အမှန်တကယ်ပင် ဂယဲဘတ် ဖြစ်နေပေပြီ။

"မသိဘူးလား။ ဒီလွင်ပြင်မှာ မင်းနဲ့ ပြန်တွေ့ဖို့ပဲလေ"

[ဇာတ်ကောင် ‘ချူဝမ်အင်’ သည် ‘ဘတ်ဂျေဓါးသိုင်း’ အဆင့် ၄ အထူးစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]

ချူဝမ်အင် ၏ ဓါးမှာ စွမ်းအားများ ပြည့်နှက်သွားကာ လှုပ်ရှားလာသည်။ မူလကဆိုလျှင် ၎င်းဓါးချက်မှာ ကျနော် ရှောင်တိမ်းနိုင်ရန် သို့မဟုတ် တားဆီးရန် မဖြစ်နိုင်သော တိုက်ကွက်မျိုး ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ကျနော်သည် ထိုတိုက်ကွက်ကို အခက်အခဲမရှိဘဲ ရှောင်တိမ်းလိုက်နိုင်သည်။

"ဂယဲဘတ်၊ မင်းဘာလို့ မင်းရဲ့ ကိုယ်စားလှယ်အပေါ် ဒီလိုတွေ လုပ်နေရတာလဲ။ အကြောင်းပြချက် ခိုင်လုံမှု ရဲ့ ကန့်သတ်ချက်တွေကို မေ့သွားပြီလား။ မင်းက မင်းရဲ့ ကိုယ်စားလှယ်ကို ဖျက်ဆီးပစ်မိလိမ့်မယ်"

သူပြောသည့်အတိုင်းပင် ဖြစ်သည်။ ဂယဲဘတ် သည် အကျိုးအကြောင်းမရှိဘဲ လွန်လွန်ကဲကဲ ပြုမူနေခြင်းပင်။ ကျနော်သည်လည်း Ways of Survival ကို ဖတ်ရှုခဲ့သူတစ်ဦးအနေဖြင့် ဤအချက်ကို သိချင်နေမိသည်။

"ကင်ယုရှင်... မင်း ဒီကမ္ဘာကြီးအကြောင်း ဘာမှမကြားမိသေးဘူး ထင်တယ်"

"ဘာကို ဆိုလိုတာလဲ"

"အရေးမကြီးပါဘူး။ မင်းနဲ့ ဆုံလိုက်ရတဲ့ အချိန်မှာတင် ငါ့ရဲ့ ဆန္ဒက ပြည့်ဝသွားပြီ။ အခု သေရမယ်ဆိုရင်တောင် ငါ နောင်တမရှိဘူး"

ဂယဲဘတ် ၏ ကိုယ်စားလှယ်က အော်ပြောလိုက်သည်။

"ငါက ဘုယော ရဲ့ အမွေအနှစ် ဘတ်ဂျေကို ဆက်ခံတဲ့သူ၊ ဟွမ်ဆန်ဘောလ် ရဲ့ ဂယဲဘတ် ပဲ။ ငါ့ရဲ့ တစ်သက်တာ နောင်တကို ဒီမှာပဲ အဆုံးသတ်မယ်"

ဟောင်းမူ ဘုရင်ကြီး သည် ဂယဲဘတ် ၏ ကိုယ်စားလှယ်ကို စိတ်မကောင်းသည့်အကြည့်ဖြင့် ကြည့်ရှုရင်း ကျနော်မှတစ်ဆင့် စကားပြောလိုက်သည်။

"ငါက ဟွာရန်းတို့ရဲ့ ၁၅ ယောက်မြောက် ခေါင်းဆောင်၊ ကင်ယုရှင် ပဲ"

ဟောင်းမူ ဘုရင်ကြီး၊ ဟွာရန်းတို့၏ ခေါင်းဆောင် ကင်ယုရှင်။

"ကံမကောင်းတဲ့ နက္ခတ်ရဲ့ ဝိညာဉ်ကို ငါ နှစ်သိမ့်ပေးမယ်။ ပြီးတော့ ခေတ်သစ်လူသားတွေရဲ့ သမိုင်းကိုလည်း ငါ တည့်မတ်ပေးမယ်"

ဟွမ်ဆန်ဘောလ် တိုက်ပွဲကို အောင်မြင်အောင် ဦးဆောင်ခဲ့သော အမျိုးသားကြီးသည် ကျနော့်ထံသို့ သူ၏ဆန္ဒကို ပေးပို့လိုက်သည်။ ကျနော်သည် ကျနော့်၏ ညာလက်ကို လှုပ်ရှားလိုက်သည်။ ဓါးရိုးမှ ပြာလဲ့သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

「 ဟွာရန်းခေါင်းဆောင်၏ ဓါးသည် ယခုအခါ စစ်မြေပြင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ 」

[ကြယ်တာရာ အမွေအနှစ် ‘နဂါးပြာဓါး’ ၏ စွမ်းအားကို ‘ယုံကြည်မှု’ဓါး အတွင်း၌ ယာယီ သိုလှောင်လိုက်ပါသည်။]

နဂါးပြာဓါး၏ ဓါးသွားသည် ဟွမ်ဆန်၏ ကောင်းကင်ယံသို့ မြင့်မားစွာ မြင့်တက်သွားသည်။ ဟွမ်ဆန် တစ်ခုလုံး အော်ဟစ်နေသယောင် ရှိနေလေသည်။ ကြီးမားလှသော မှော်စွမ်းအင်များ ထွက်ပေါ်လာပြီး ကျနော့်ကို ဗဟိုပြု၍ မြေပြင်ပေါ်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

「 နဂါးပန်းပင် တပ်ဖွဲ့ဝင်တို့၊ ယခုချက်ချင်း ဤနေရာသို့ လာကြလော့ 」

[အထူးစွမ်းရည် ‘ဟွာရန်းများကို စုစည်းခြင်း’ အသက်ဝင်လာပါသည်။]

အက်ကြောင်းအတွင်း၌ တစ်စုံတစ်ခု ဖြစ်ပေါ်နေလေသည်။ ထာဝရသမိုင်းတွင် မြေမြှုပ်ခံခဲ့ရသော၊ မေ့လျော့ခြင်း ခံထားရသော တစ္ဆေများပေါ်ထွက်လာချေပြီ။ သူတို့တွင် မည်သည့် အမည်နာမမျှ မကျန်ရှိတော့သော်လည်း သူတို့သည် တစ်ချိန်က ဤမြေပေါ်တွင် ရှင်သန်ခဲ့ပြီး ဂုဏ်သိက္ခာအတွက်သာ တိုက်ပွဲဝင်ခဲ့ကြသော ဟွာရန်းများ ဖြစ်ကြသည်။

ဝူးးးးးးးး

နဂါးပန်းပင် တပ်ဖွဲ့၊ ကင်ယုရှင်၏ လက်ရွေးစင် တပ်ဖွဲ့ဝင်များသည် သမိုင်းစာမျက်နှာများအတွင်းမှ ထွက်ပေါ်လာကြလေပြီ။

All Chapters