← Chapters

ပလ္လင်၏အရှင်သခင် (၁)

Vol. 5 Ch. 65

ပလ္လင်၏အရှင်သခင် (၁)

Vol. 5 Ch. 65

ကင်ယူရှင်၏ ‘ဟွာရန်းများကို စုစည်းခြင်း’ အထူးစွမ်းရည်မှာ သမိုင်းတွင် သေဆုံးသွားခဲ့ကြသော လက်ရွေးစင် ဟွာရန်းများဖြစ်သည့် ‘နဂါးပန်းပင်’ တပ်ဖွဲ့ကို ဆင့်ခေါ်သည့် စွမ်းရည်တစ်ခု ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းမှာ လီဂျီဟယ် အသုံးပြုသော ‘တစ္ဆေရေတပ်’ ၏ ကုန်းကြောင်းဗားရှင်းပင် ဖြစ်သည်။

၎င်းစွမ်းရည်သည် ‘သစ္စာရှင်စစ်သူကြီး’ ၏ စွမ်းအားနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း နက္ခတ်တစ်ပါး အသုံးပြုသော ကြီးမြတ်သည့် အထူးစွမ်းရည်တစ်ခု ဖြစ်နေဆဲပင်။

"သွားကြစမ်း"

မြေမြှုပ်ခံထားရသော အရိုးစုများမှာ ပေါ်ထွက်လာပြီး နဂါးပန်းပင် တပ်ဖွဲ့သည် ဘတ်ဂျေ စစ်တပ်နှင့် တိုက်ခိုက်ရန် ထလာကြသည်။ အချို့သော ဟွာရန်းများတွင် မျက်လုံးများ မရှိတော့သလို၊ အချို့မှာလည်း လက် သို့မဟုတ် ခြေထောက်များ မရှိကြတော့ချေ။

ကင်ယူရှင် ဤနေရာတွင် ရှိနေသရွေ့ ထိုအရိုးစုများသည် ဓားများကို ဆက်လက် ကိုင်စွဲထားကြပေလိမ့်မည်။ သူတို့၏ ဝိညာဉ်များမှာ ပွန်းပဲ့နေပြီး သူတို့၏ ဒေါသများ ပျောက်ကွယ်နေကာ နှလုံးသားများပင် မရှိတော့သော်လည်း သူတို့သည် ဆက်လက် တိုက်ခိုက်နေကြလိမ့်မည်။ သူတို့သည် မိမိတို့နိုင်ငံ၏ ကျဆုံးမှုကို ကာကွယ်ရန် တိုက်ပွဲဝင်ခဲ့ကြသော စစ်သည်တော်များ ဖြစ်ကြသည်။ ယခုအခါတွင်မူ သူတို့သည် ကျဆုံးသွားခဲ့ပြီးသော နိုင်ငံအတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်၏။

"မင်းက အခုထိ လူကြောက်ကြီး ဖြစ်နေတုန်းပဲ ကင်ယူရှင်။ အခုတော့ မင်းရဲ့ သေပြီးသား လူတွေကိုတောင် အသုံးချနေတာလား"

"..."

"လာစမ်း။ ငါနဲ့ တစ်ယောက်ချင်း တိုက်ရအောင်"

ဂယဲဘတ် ၏ ရန်စမှုများကြားတွင် ကျနော်ကတော့ ငြိမ်သက်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ကင်ယူရှင် ကိုယ်တိုင်က လှုပ်ရှားလိုစိတ် မရှိသောကြောင့် ဖြစ်၏။ သူသည် ဂယဲဘတ် ကို နဂါးပန်းပင် တပ်ဖွဲ့၏ သာလွန်အင်အားဖြင့်သာ ချေမှုန်းလိုခြင်းပင်။ သူ၏ ဓားမှ ထွက်ပေါ်လာသော မှော်စွမ်းအင်များမှာ လေထုအတွင်း၌ သနားညှာတာမှု ကင်းမဲ့စွာ ပြည့်နှက်နေသည်။

"ကင်ယူရှင်―"

ထိုအော်ဟစ်သံမှာ လေထုထဲ၌ ပြည့်နှက်သွားပြီး ခံစားချက်မဲ့နေသော နဂါးပန်းပင် တပ်ဖွဲ့ဝင်များပင် ခေတ္တမျှ တုံ့ဆိုင်းသွားကြသည်။ ထိုသူက ဂယဲဘတ် ပေတည်း။ ဘတ်ဂျေ၏ နောက်ဆုံးသခင်၊ ဂယဲဘတ်။

ဂယဲဘတ် သည် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှုများတွင် ကင်ယူရှင် ကို ကျော်လွန်နေသော နက္ခတ်တစ်ပါး ဖြစ်သည်။ အမှန်တကယ်တွင်မူ ဟွမ်ဆန်ဘောလ် တိုက်ပွဲအတွင်း၌ ဂယဲဘတ် သည် ကင်ယူရှင် နှင့် တစ်ယောက်ချင်း ဘယ်သောအခါမှ တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ အတိအကျ ပြောရလျှင် ကင်ယူရှင် သည် ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုကို ရှောင်လွှဲခဲ့သည်ဟု ဆိုရမည်ပင်။

[ဇာတ်ကောင် ‘ချူဝမ်အင်’ သည် ‘နိုင်ငံအတွက် အသက်စွန့်ရန် အဆင်သင့်ဖြစ်ခြင်း’ အဆင့် ၂ အထူးစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]

သမိုင်းတွင် ဂယဲဘတ် ၏ စစ်တပ်သည် သူတို့ထက် လူအင်အား အဆပေါင်းများစွာ သာလွန်သော ကင်ယူရှင် ၏ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး မဖြစ်နိုင်သော တိုက်ပွဲအချို့တွင် အနိုင်ရရှိခဲ့သည်။ နောက်ဆုံး အောင်နိုင်သူမှာ ကင်ယူရှင် ဖြစ်သည်ဟု ပြော၍ရနိုင်သော်လည်း၊ ဟွမ်ဆန်ဘောလ် ၏ နောက်ဆုံးတိုက်ပွဲအထိ ဂယဲဘတ်မှာ ရှုံးနိမ့်ခဲ့ခြင်း မရှိချေ။

သူသည် မိမိ၏ စစ်သည်တော်များကို မျိုးချစ်စိတ်ဓာတ်ဖြင့် စည်းလုံးစေခဲ့ပြီး သူ၏ အော်ဟစ်သံများမှာ အရူးတစ်ယောက်အလား အားကောင်းလှသည်။ ယခုအချိန်တွင် ကင်ယူရှင် ၏ စွမ်းအားကို ကျနော်ရယူထားသော်လည်း တခြားအခြေအနေများတွင် လိုအပ်ပါက ဂယဲဘတ် ကိုလည်း ကျနော် ဆင့်ခေါ်မိနိုင်ပေသည်။

ဂွမ်ချန်း ၏ ကိုယ်စားလှယ်က "စစ်သူကြီး" ဟု အော်ဟစ်လိုက်သည်။

"မလှုပ်နဲ့"

ကင်ယူရှင် က ကျနော့်ပါးစပ်မှတစ်ဆင့် ပြောလိုက်သည်။ သေဆုံးနေသော နဂါးပန်းပင် တပ်ဖွဲ့ဝင်များကို ကြည့်နေသော်လည်း ကျနော့်မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိချေ။ ကင်ယူရှင် ၏ တည်ငြိမ်လှသော ပုံရိပ်မှာ ကျနော့်ထံသို့ စီးဆင်းလာသည်။

ဂယဲဘတ် က အော်ပြောလိုက်၏။

"မင်းဟာ နက္ခတ်တစ်ပါး ဖြစ်လာတာတောင် မင်းရဲ့ ကြောက်တတ်တဲ့ စိတ်က မပြောင်းသေးဘူးပဲ"

ထိုစကားမှာ မှန်ကန်ပေသည်။ ကင်ယူရှင် သည် လူကြောက်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် သေခြင်းတရားကို ကြောက်ရွံ့ခဲ့ပြီး ရှုံးနိမ့်မှုကိုလည်း ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သန်မာခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်ခံစားချက်များမှာ မလှုပ်မယှက် ရှိနေပြီး သူသည် မဆင်မခြင် ပြုမူခြင်းများ မလုပ်ခဲ့ချေ။ အောင်ပွဲရရှိနိုင်မည့် နည်းလမ်းဖြင့်သာ ရန်သူကို ချေမှုန်းသည်။ ထို့သို့စိတ်ထားရှိခဲ့ခြင်းကြောင့်ပင် သူသည် ယခင်က လေးကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သော်လည်း ဟွမ်ဆန်ဘောလ် ၏ နောက်ဆုံးတိုက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်၏။

"ကျားးးး"

ရာနှင့်ချီသော နဂါးပန်းပင် တပ်ဖွဲ့ဝင်များသည် ဂယဲဘတ် နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြသည်။ သူ၏ ကိုယ်စားလှယ်မှာ အလွန်အမင်း ဒဏ်ရာရရှိထားသဖြင့် ဆက်လက် အသက်ရှင်နိုင်ရန် မဖြစ်နိုင်တော့ချေ။ သူ၏ တစ်ကိုယ်လုံးမှာ သွေးချင်းချင်းနီနေပြီး လက်များ၊ ပေါင်များနှင့် ခါးဘေးတို့တွင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိထား၏။

သို့ပေသိ ဂယဲဘတ် သည် နဂါးပန်းပင် တပ်ဖွဲ့ဝင်များကြားမှ ကျနော့်ထံသို့ ဆက်လက် တိုးဝင်လာနေဆဲပင်။

"ကင်... ယူ... ရှင်..."

[အထူးစွမ်းရည် ‘စစ်ကူတောင်းခံခြင်း’ အသက်ဝင်လာပါသည်။]

တစ္ဆေစစ်သည်များသည် ကင်ယူရှင် ၏ နောက်ကွယ်မှ အရိပ်များအလား ထွက်ပေါ်လာပြီး ဂယဲဘတ် ထံသို့ ခုန်အုပ်လိုက်ကြသည်။ စစ်သည်များ ဝတ်ဆင်ထားသော အဝတ်အစားများအရ သူတို့သည် ရှီလာ စစ်တပ်မှ မဟုတ်လောက်ချေ။ ဖြစ်နိုင်သည်မှာ သူတို့သည် ဂိုဂူလျောကို ဖျက်ဆီးရန် ခေါ်ယူခဲ့သော ထန်မင်းဆက်မှ စစ်တပ်များ ဖြစ်ပေလိမ့်မည်။

ကင်ယူရှင် ဆိုသည့်အတိုင်းပင်။ သူ့အတွက် အရေးကြီးဆုံးအရာမှာ အောင်နိုင်မှုသာ ဖြစ်သည်။ တိုင်းတပါး အင်အားစုများကို အသုံးပြုခြင်းသည် သူ့အတွက် အရေးကြီးသော ကိစ္စမဟုတ်ချေ။ လှံမြောက်မြားစွာမှာ ဂယဲဘတ်၏ ရင်ဘတ်ကို ထိုးဖောက်သွားကြသည်။ ဂယဲဘတ် ၏ ကိုယ်စားလှယ်သည် နာကျင်မှုကို မခံစားနိုင်တော့ဘဲ ဒူးထောက်လဲကျသွားတော့သည်။

"အား"

စွမ်းအားကြီးမားလှသော ဂယဲဘတ် ၏ ကိုယ်စားလှယ်သည် ယခုအခါ တောင့်ခံနိုင်စွမ်းကုန်ဆုံးနေပြီဖြစ်သည်။ ဂယဲဘတ် က ရယ်မောလိုက်သည်။

"...ငါ တကယ်ကို နာကျည်းမိတယ်။ ဒီလို အတုအယောင် ဇာတ်ခုံပေါ်မှာတောင် မင်းကို ငါ မထိနိုင်ဘူးလား။ မင်းနဲ့ တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် ဓားချင်းယှဉ်ချင်ခဲ့တာ"

ဂယဲဘတ် ၏ နီမြန်းနေသော မျက်လုံးများကြောင့် ကျနော် စိတ်ရှုပ်ထွေးသွားရသည်။ ဂွမ်ချန်း သည် အသက်ရှင်နေဆဲ ဖြစ်ပြီး သမိုင်းကြောင်းမှာလည်း ပြောင်းလဲသွားခဲ့လေပြီ။ သို့ပေသိ မပြောင်းလဲဘဲ ကျန်ရစ်နေသည့် အစိတ်အပိုင်းတစ်ခုက ရှိနေသည်။

ကင်ယူရှင် က မေးလိုက်သည်။

"ဂယဲဘတ်။ မင်း ဘာလို့ ဒါမျိုး လုပ်ခဲ့ရတာလဲ"

"..."

"ဒီအခြေအနေမှာ မင်း သေဆုံးသွားမယ်ဆိုရင် ခေတ္တခဏလောက်အထိ တခြားကိုယ်စားလှယ်ကို ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ မင်း ဘာလို့ ရုတ်တရက်ကြီး ဇာတ်ဝင်ခန်းကို စွန့်ခွာခဲ့ရတာလဲ"

ဂယဲဘတ် ၏ မျက်နှာတွင် အဝေးတစ်နေရာကို ငေးမောနေသည့် အမူအရာ ပေါ်လာပြီးနောက် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ကင်ယူရှင် သည် ခေတ္တစောင့်ဆိုင်းပြီးနောက် ဓားကို ဆွဲထုတ်လိုက်သည်။ ကျနော်အားတင်းကာ စကားပြောလိုက်သည်။

"ကျနော့်လက်နဲ့ သူ့ကို သတ်လို့ မရဘူး"

[ဘာလို့လဲ]

"...ကန့်သတ်ချက်တွေ ရှိနေလို့ပါ"

‘လူမသတ်ဘုရင်’ဘွဲ့ကိုရထားခြင်းကြောင့် ကျနော်ကိုယ်တိုင် တိုက်ရိုက် သတ်ဖြတ်ခြင်းကို ပြုလုပ်၍ မရခြင်းပင်။ လူတစ်ဦးကို ကျနော်သတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျနော့် ပလ္လင်ကို ကျနော် ဆုံးရှုံးရပေလိမ့်မည်။

ကင်ယူရှင် က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြသည်။

[...ဒါကြောင့်ကိုး။ ငါ အကြမ်းဖျင်းတော့ နားလည်သွားပြီ။ စိတ်မပူပါနဲ့။ ကြယ်တာရာတွေက မင်းရဲ့ ကတိကဝတ်ကို ဂုဏ်ပြုပေးပါလိမ့်မယ်။ ဒါပေမဲ့ ဂယဲဘတ် ကို သတ်မှာက ငါ ကင်ယူရှင် ပဲ၊ မင်း မဟုတ်ဘူး]

"ဒါပေမဲ့..."

[...သံယောဇဉ်လေးတစ်ခု ကျန်နေတာကိုဖြတ်စရာ ရှိလို့ပါ၊ နားလည်ပေးစမ်းပါ]

ကင်ယူရှင် က လက်ဟန်ခြေဟန် ပြလိုက်ရာ နဂါးပန်းပင် တပ်ဖွဲ့ဝင်တစ်ဦးက ခေါင်းငြိမ့်ပြသည်။ ကျနော့်ပါးစပ်ကနေ ကင်ယူရှင်၏အသံထွက်ပေါ်လာ လေသည်။

"ဂယဲဘတ်၊ နောက်ဘဝမှ ပြန်ဆုံကြတာပေါ့"

ဂယဲဘတ် ၏ ကိုယ်စားလှယ်သည် ကျနော်တို့အား တိတ်ဆိတ်စွာ မော့ကြည့်နေသည်။ သူသည် တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ပါးစပ်ကို ဖွင့်၍ မရနိုင်တော့ချေ။ နောက်ဆုံး အခိုက်အတန့်တွင် သူ၏ မျက်နှာမှာ ဂယဲဘတ် ထက်စာလျှင် သူ၏ အခန်းကဏ္ဍကို အောင်မြင်စွာ အဆုံးသတ်သွားသော ဇာတ်ပို့သရုပ်ဆောင်တစ်ဦးနှင့် ပို၍ တူနေတော့သည်။

ထို့နောက် ကိုယ်စားလှယ်၏ ဦးခေါင်းမှာ လေထဲသို့ တိတ်ဆိတ်စွာ လွင့်စင်သွားတော့သည်။

[ဇာတ်ခုံအသွင်ပြောင်းခြင်း ပြီးဆုံးသွားပါပြီ။]

[သင်သည် ဟွမ်ဆန်ဘောလ် တိုက်ပွဲကို တွေ့ကြုံခံစားခဲ့ရပါသည်။]

[အတွေ့အကြုံအတွက် ဆုကြေးအဖြစ် ဒင်္ဂါး၁၀၀၀ ရရှိပါသည်။]

ပတ်ဝန်းကျင်ကို ကျနော်ဝေ့ကြည့်လိုက်ရာ ဘတ်ဂျေ စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။

[သတ်ဖြတ်မှုမှာ သင်ကိုယ်တိုင်တိုက်ရိုက်သတ်ခြင်း မဟုတ်သည့် သဘောသဘာဝကြောင့် ‘လူမသတ်ဘုရင်’ ၏ အခွင့်အာဏာကို ဆက်လက်ထိန်းသိမ်းထားပါသည်။]

ကံကောင်းပေလို့ပဲ။

‘လူမသတ်ဘုရင်’ ဆိုသည်မှာ ကျနော့်လက်ဖြင့် တိုက်ရိုက်သတ်မှသာ ဆုံးရှုံးရခြင်း ဖြစ်သည်။ နဂါးပန်းပင် တပ်ဖွဲ့ဝင်တစ်ဦး သတ်လိုက်သော အသက်မှာ ကျနော် သတ်သည်ဟု အသိအမှတ်မပြုနိုင်ချေ။

"ကိုယ်စားပြုခေါင်းဆောင်ကြီး။ အဆင်ပြေရဲ့လား"

ကျနော့်နောက်ကနေ လီဆောင်းဂု၏ အသံကို ကြားလိုက်ရသည်။

ယူဆန်းအာက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး၊ လီဂီယောင်မှာမူ သူ ဘာမှ သိပ်မလုပ်လိုက်ရသဖြင့် စိတ်ပျက်နေသည့် ပုံပေါ်နေလေသည်။ ထိုစဉ် မင်ဂျီဝန်က မေးလာ၏။

"ဒါတွေက ဘာတွေလဲ..."

မင်ဂျီဝန်မှာ စိတ်ဝိညာဉ် လုံးဝ လွင့်စင်သွားသည့် ပုံစံမျိုး ဖြစ်နေလေသည်။ ကျနော် ပခုံးတွန့်ပြလိုက်ပြီး ပြောလိုက်သည်။

"ဘုရင်တစ်ပါး ဖြစ်ချင်ရင် သမိုင်းကို လေ့လာထားသင့်တယ်"

ကင်ယူရှင် ကို ကျနော်ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ကျနော်က ရှီလာ သို့မဟုတ် ဘတ်ဂျေ ဘက်တော်သားတော့ မဟုတ်ချေ။ ဂယဲဘတ် ကို ကိုင်တွယ်ရန် အသင့်တော်ဆုံး ဖြစ်သဖြင့်သာ ကင်ယူရှင် ကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ရလဒ်မှာ မျှော်လင့်ထားသည်ထက် ပိုကောင်းသွားသဖြင့် ကျနော် ဝမ်းသာမိသည်။ ဂန်ပြောင်းဝီ ၏ စွမ်းဆောင်ရည်ကို သေသေချာချာ စစ်ဆေးနိုင်ခဲ့သည့်အပြင် ဘတ်ဂျေ အဖွဲ့ဝင်များထံမှ ဒင်္ဂါးများနှင့် ပစ္စည်းအချို့ကိုလည်း ရရှိခဲ့လေ၏။

[သင်သည် ဒင်္ဂါး ၅၄၀၀ ရရှိခဲ့ပါသည်။]

[ပိုင်ဆိုင်ထားသော ဒင်္ဂါးစုစုပေါင်း: ၇၄,၉၅၀ ဒင်္ဂါး]

ယခုဆိုလျှင် စတုတ္ထမြောက် ဇာတ်ဝင်ခန်း၏ နောက်ဆုံးအဆင့်ကို ကျနော် မကြောက်တော့ချေ။

"မြောက်ဘက်ကို သွားဖို့ အချိန်တန်ပြီ"

[ဆင့်ခေါ်မှု၏ ကျန်ရှိချိန်မှာ သုံးမိနစ် ဖြစ်ပါသည်။]

ကင်ယူရှင် ၏ နတ်ဘုရား စောင့်ရှောက်မှုမှာ ကျန်ရှိနေသေးသည်။ ဂန်ပြောင်းဝီ ပေါ်တွင် ကျန်ရှိနေသေးသော အချိန်ကို ကျနော် အသုံးချရပေမည်။ ဆင့်ခေါ်ခြင်းကို ခုနစ်ကြိမ်သာ အသုံးပြုနိုင်သဖြင့် အလဟဿ အဖြစ်မခံနိုင်ချေ။

"ထကြစမ်း နဂါးပန်းပင် တို့"

ပျက်စီးနေသော နဂါးပန်းပင် တပ်ဖွဲ့၏ အပိုင်းအစများမှာ ပြန်လည်ထလာကြပြီးနောက် ဓားဖြင့် ကျနော်မြောက်ဘက်သို့ ညွှန်ပြလိုက်သည်။

"ချီတက်ကြ"

မှော်စွမ်းအင် သုံးစွဲမှုမှာ အလွန်ကြီးမားလှသဖြင့် နဂါးပန်းပင် တပ်ဖွဲ့၏ လှုပ်ရှားချိန်မှာ တိုတောင်းလှသည်။ နဂါးပန်းပင် တပ်ဖွဲ့သည် မြောက်ဘက်သို့ စတင်ချီတက်ပြီး လမ်းတွင်ရှိသော အလတ်စားနှင့် အငယ်စား အဖွဲ့များကို ကြုံသလို ချေမှုန်းသွားလေ၏။

အမျိုးသား နန်းတော်ပြတိုက် တွင် စုဝေးနေကြသော အခြားသော ဘုရင်များ၏ အင်အားစုအားလုံးကို သုတ်သင်ပစ်ရန် ဖြစ်နိုင်လောက်ပေသည်။ လမ်းမတစ်လျှောက်တွင် တိုက်ခိုက်နေကြသော အဖွဲ့များထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဒီအရိုးစုတွေက ဘာတွေလဲ။ အားးး"

ကျနော့်ထံသို့ ပြေးဝင်လာသော ကိုယ်စားလှယ်များမှာ နဂါးပန်းပင် တပ်ဖွဲ့၏ နင်းခြေခြင်းကို ခံလိုက်ရတော့သည်။

တိုက်ခိုက်နေသူမှာ ကျနော်ကိုယ်တိုင် မဟုတ်သဖြင့် သတ်ဖြတ်ခြင်းအတွက် မည်သည့်ပြစ်ဒဏ်မျှ ကျနော် မရရှိခဲ့ချေ။ မှန်ပေသည်၊ တကယ်ကို ကောင်းမွန်လှသော ခံစားချက်ဖြစ်လေ၏။

ကင်ယူရှင်၏ မြင့်မြတ်သောအသံမှာ ကျနော့်ခေါင်းထဲ၌ ပဲ့တင်ထပ်လာသည်။

[မင်းက ထူးဆန်းတဲ့ကောင်ပဲ။ ငါ့ရဲ့ စစ်မှန်တဲ့အသံကို ကြားနေရတာတောင် မင်းရဲ့စိတ်က ပကတိအတိုင်း ရှိနေဆဲပါလား...]

"ကျနော့်ရဲ့ စိတ်ဓာတ်က ကြံ့ခိုင်လို့ပါ"

ကျနော်ကိုယ်တိုင်လည်း ထိုစကားကြောင့် အနည်းငယ် အံ့ဩသွားမိသည်။ နက္ခတ်များသည် အကြောင်းရင်းရှိ၍သာ ဆက်သွယ်ရန်အတွက် 'သွယ်ဝိုက်သော မက်ဆေ့ဂျ်' များကို အသုံးပြုကြခြင်း ဖြစ်သည်။ ကင်ယူရှင် သည် အဆင့်နိမ့် နက္ခတ်တစ်ပါးမျှသာ ဖြစ်သော်လည်း လူအများစုမှာ သူ၏ မြင့်မြတ်သောအသံကို ကြားရရုံမျှဖြင့် ဘောင်းဘီထဲ သေးထွက်ကုန်ကြမည်မှာ သေချာသည်။ တချို့ဆိုလျှင် သတိပါလစ်သွားလောက်ပေမည်။ အမှန်တကယ်တန်းတော့ ကျနော်လည်း ထိုကိစ္စအတွက် အနည်းငယ် စိုးရိမ်ခဲ့သေး၏။

[မှတ်ထားပါ၊ မင်း ငါ့ကို အကြွေးအကြီးကြီး တင်သွားပြီ။ မင်းကို ကူညီဖို့အတွက် ငါ့ဘက်က မလိုအပ်ဘဲနဲ့ အကြောင်းပြချက် ခိုင်လုံမှုတွေကို အများကြီး အသုံးချခဲ့ရတယ်]

သူ၏ လေသံမှာ တစ်စုံတစ်ခုကို ကြံစည်နေသယောင် ရှိနေလေသည်။ အလျင်အမြန်ပဲ ကျနော် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ။ စစ်သူကြီးရဲ့ အကူအညီကို ကျနော် မေ့မှာ မဟုတ်ပါဘူး"

[စကားစဖြတ်ချင်နေတာလား။ မိတ်ဆွေလေး။ တခြားလူကို သွားပြောဖို့ အလျှင်လိုနေတာဆိုရင်လည်း မင်းမှာ ဒီအကြောင်းတွေ လက်ဆင့်ကမ်းပြောပြဖို့ ဘယ်သူမှ ရှိလောက်မှာ မဟုတ်ဘူးလေ...]

"...တစ်နေ့နေ့တော့ ရှိလာမှာပါ။ ကျနော့်မှာ ကလေးရလာခဲ့ရင် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ကျနော့်ကလေးတွေသိသွားအောင် သေချာပေါက် ပြောပြမှာပါ"

[ဒါနဲ့…မင်းမှာ ထောက်ပံ့သူ မရှိသေးတဲ့ ပုံပဲ]

ကျနော် ကျောချမ်းသလို ခံစားလိုက်ရသည်။

ချီးပဲ။ ဒီမြေခွေးအိုကြီးက စကားကို ဆက်ပြောနေတုန်းပဲဟ။

[ငါ မင်းကို သဘောကျတယ်။ မင်းသာ စိတ်မရှိဘူးဆိုရင် ဒီကမ္ဘာမှာ ငါက မင်းရဲ့ ထောက်ပံ့သူ ဖြစ်ပေးချင်တယ်]

သူ၏ စကားလုံးများမှာ နားဝင်ချိုသော်လည်း ၎င်းမှာ သူ၏ ကျွန်ဖြစ်ခိုင်းခြင်းထက် မပိုပါချေ။

"အဲဒါကတော့ ပြဿနာရှိလိမ့်မယ်"

[ဘာလို့လဲ။ ငါ့ရဲ့ စွမ်းအားက မလုံလောက်လို့လား။ ငါ့ရဲ့ အထူးစွမ်းရည် တစ်ခုတည်းနဲ့တင် မင်းဟာ ဒီခေတ်မှာ အသန်မာဆုံး ဖြစ်လာနိုင်တယ်နော်]

'ဟွာရန်းများကို စုစည်းခြင်း' အထူးစွမ်းရည်မှာ ကောင်းမွန်လှသည် မှန်သော်လည်း ယင်းစွမ်းရည်ကို သုံးဖို့ဆိုလှျင် ကင်ယူရှင်၏ သမိုင်းဝင် စွမ်းဆောင်ချက်များနှင့် ချိတ်ဆက်လိုပေသည်။

ဒီခေတ်မှာ အသန်မာဆုံး ဟုတ်လား။

ကျနော့်ကို သူလိမ်ညာနေခြင်းပင်။ ဇာတ်ပို့အဆင့်တောင် မရှိသော သူတစ်ဦးထံမှ ထိုစကားမျိုး ကြားရသည်မှာ ရယ်စရာကောင်းလှ၏။ အကယ်၍ ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ သာ ကြားသွားပါက ကင်ယူရှင်၏ ဦးခေါင်းကို အသေအလဲ ညှစ်ပစ်ပေလိမ့်မည်။

"အခုက သုံးပြည်ထောင်ခေတ် မဟုတ်တော့ဘူး။ စစ်သူကြီးက အိုနေပြီမို့လို့ နားသင့်ပါပြီ"

ကျနော်တို့ အတူတူ ပျော်ခဲ့ရတာမှန်ပေမဲ့ နောက်ထပ်တော့ မဆုံပါရစေနဲ့။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ‘ဟောင်းမူ ဘုရင်ကြီး’ ကို လှောင်ရယ်နေပါသည်။]

[ဒင်္ဂါး ၃၀၀ ထောက်ပံ့ခံရပါသည်။]

ကင်ယူရှင် သည် သူ၏ မာန်မာနကို ထိပါးခံလိုက်ရသဖြင့် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ လက်လျှော့သွားလိမ့်မည်ဟု ကျနော် ထင်ခဲ့သော်လည်း ရုတ်တရက် ကျနော့်ခေါင်းထဲသို့ ပြင်းထန်သော နာကျင်မှုတစ်ခု တိုးဝင်လာသည်။

[ငါ့ရဲ့ နတ်ဘုရားစောင့်ရှောက်မှုက ကျန်နေသေးတာကို မင်းမေ့နေတာလား]

လက်ရှိတွင် ကင်ယူရှင် နှင့် ကျနော်သည် ဂန်ပြောင်းဝီ မှတစ်ဆင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ကျနော့်ကိုယ်ခန္ဓာရှိ ကြွက်သားများမှာ ထူးဆန်းသော ပုံစံဖြင့် တဆတ်ဆတ် တုန်ခါလာသည်။ မည်သို့ပင်ဖြစ်စေ သူသည် ကိုရီးယား၏ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော…

သူသည် ကိုရီးယား၏ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့်လည်း ဤကဲ့သို့ ပြုမူနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ချီးပဲလေ။

[ပြန်ပြီး စဉ်းစားကြည့်တာက ပိုကောင်းလိမ့်မယ် ထင်တယ်နော်]

ယူဆန်းအာက ကျနော့်ကို စိုးရိမ်တကြီး ကြည့်လာသည်။ "ဒေါ့ဂျာ"

"ယူဆန်းအာ။ ကျနော့်နဲ့ဝေးဝေးမှာနေ။ အဝေးကို မြန်မြန်သွားတော့"

တုန်ယင်နေသော ကျနော့်ညာလက်မှာ ကျနော့်စကားကို နားမထောင်ဘဲ ‘မကျိုးပဲ့နိုင်သောယုံကြည်မှု’ဓါးကို မြှောက်လိုက်ပြီး ယူဆန်းအာထံသို့ စတင်ချိန်ရွယ်လိုက်တော့သည်။ ကင်ယူရှင် သည် ကျနော့်ကိုယ်ခန္ဓာကို စတင်ထိန်းချုပ်လာလေပြီ။

[မင်းရဲ့ လုပ်ရပ်တွေအပေါ် ကန့်သတ်ချက်ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီကန့်သတ်ချက်က ဘာများလဲလို့ ငါ သိချင်မိသား။ အခု ဒီအမျိုးသမီးကို ငါ သတ်လိုက်ရင် ဘာဖြစ်သွားမလဲ]

"ကင်ယူရှင်၊ ခင်ဗျားပြောသလို သတ်လိုက်ရင်လည်း ခင်ဗျားရဲ့ ဆန္ဒပဲ။ ကျနော့်ရဲ့ ကံတရား မဟုတ်ဘူး"

[ဟဲဟဲ…မပြောတတ်ဘူးလေ။ ဓားနဲ့ ထိုးလိုက်တဲ့ အခိုက်အတန့်မှာတင် ငါက ချိတ်ဆက်မှုကို ဖြတ်လိုက်ရင်ကော။ အဲဒါဆို မင်းရဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်မခံရပေဘူးလား။ ပြီးတော့ ဒီအမျိုးသမီးက မင်းအတွက် တကယ့်ကို အဖိုးတန်ပုံ ရတယ်နော်]

"...ရပ်လိုက်"

[ကတိပေးစမ်း။ နောက်တစ်ကြိမ် ထောက်ပံ့သူ ရွေးချယ်မှုမှာ ကင်ယူရှင် ကို ရွေးချယ်ပါ့မယ်လို့ ကတိပေး]

ဤမြေခွေးအိုကြီးရဲ့ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ စတုတ္ထမြောက် ဇာတ်ဝင်ခန်း ပြီးဆုံးသည်နှင့် ဒုတိယအကြိမ် ထောက်ပံ့သူ ရွေးချယ်မှု စတင်ပေလိမ့်မည်။ ကင်ယူရှင် သည် ဤကတိကို အခွင့်ကောင်းယူ၍ ကျနော့်ကို သူ၏ ကိုယ်စားလှယ်အဖြစ် ရယူလိုခြင်းပင်။

အကယ်၍ ကျနော်သာ Ways of Survival ကို မဖတ်ခဲ့ဖူးပါက ၎င်းမှာ မဆိုးလှသော ရွေးချယ်မှုတစ်ခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ကင်ယူရှင် သည် အတော်အတန် တင့်တယ်သော နက္ခတ်တစ်ပါး ဖြစ်ပြီး ‘ဟွာရန်းများကို စုစည်းခြင်း’ တစ်ခုတည်းနှင့်တင် အလယ်ပိုင်း ဇာတ်ဝင်ခန်း အချို့ကို အလွယ်တကူ ကျော်ဖြတ်နိုင်ပေ၏။

သို့သော်လည်း ကျနော်သာ ထောက်ပံ့သူ တစ်ဦးဦးကို ရွေးချယ်မည်ဆိုလျှင် အစကတည်းက ‘ကောင်းကင်နှင့်တစ်မျှ မဟာပညာရှိ’ ကို ရွေးချယ်ခဲ့မည်ပင်။ ယခုမှ အဘယ်ကြောင့် ကင်ယူရှင် ကို ရွေးရမည်နည်း။

"ကျနော် ငြင်းတယ်"

ထို့အပြင် ကျနော့်တွင် ထောက်ပံ့သူ မရွေးချယ်ရန် ဘီဟွန်း နှင့် ချုပ်ဆိုထားသော စာချုပ်လည်း ရှိနေသေးသည်။ ကင်ယူရှင်၏ လေသံမှာ မာကျောသွားလေတော့သည်။

[မင်းက ခေါင်းမာတဲ့ လူငယ်တစ်ယောက်ပဲ။ ဒါပေမဲ့ ဒါက မှားယွင်းတဲ့ ရွေးချယ်မှုကွ။ မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့]

ကျနော့်လက်ထဲက ဓားသွားမှာ ယူဆန်းအာထံသို့ စတင်ရွေ့လျားသွားသည်။

"ယူဆန်းအာ၊ မြန်မြန်ပြေးတော့"

ပါးနပ်လှသော ယူဆန်းအာက အဘယ်ကြောင့် မလှုပ်ရှားရသနည်း။ ကျနော့် ဆန္ဒကို ဆန့်ကျင်ပြီး လှုပ်ရှားနေတဲ့ ညာလက်ကို ကြည့်ရင်း နောက်ဆုံးမှာ ကျနော် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

ချီးပဲ။ ငါက သူ့ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ရိုသေခဲ့တာကို၊ သူကတော့ ငါ့ကို ဒါမျိုး လုပ်ခိုင်းတယ်...

ကျနော် အသက်ကို ဝဝရှူလိုက်သည်။ ဤကိုယ်ခန္ဓာသည် ကျနော့်ကိုယ်ခန္ဓာ ဖြစ်သည်။ ကျနော်သည် ဤခန္ဓာကိုယ်ကို ဤလူ သို့မဟုတ် မည်သည့်နက္ခတ်ကိုမျှ အပ်နှင်းမည် မဟုတ်ချေ။

[အထူးစွမ်းရည် ‘Fourth Wall’ အသက်ဝင်လာပါသည်]

All Chapters