ပလ္လင်၏အရှင်သခင် (၂)
Vol. 5 Ch. 66
Ways of Survival ၏ စာမျက်နှာများမှာ ကျနော့်ခေါင်းထဲတွင် ဖြတ်ခနဲ ပေါ်လာသည်။ အလင်းတန်းတစ်ခု ကျနော့်ဦးနှောက်အတွင်းသို့ စီးဆင်းလာပြီး အလင်းမျှင်တန်းများသည် စာကြောင်းများအဖြစ် စီတန်းလာကြသည်။ ၎င်းတို့မှာ Ways of Survival ထဲမှ စာသားများပင် ဖြစ်သည်။
[ဟမ်...]
ကင်ယူရှင် သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး သူ၏ တည်ရှိမှုမှာ သိသိသာသာ မှိန်ဖျော့သွားသည်။ ထိုမြေခွေးအိုကြီးက အခြေအနေကို လျင်မြန်စွာ ရိပ်မိသွားခြင်း ဖြစ်သည်။
[‘ကြယ်တာရာတို့၏ ပဲ့တင်သံ’ မှတစ်ဆင့် ချိတ်ဆက်ထားသော နက္ခတ်၏ ပဲ့တင်သံ ပျောက်ကွယ်သွားပါသည်။]
နောက်ဆုံး အခိုက်အတန့်တွင် ကင်ယူရှင် ၏ အံ့အားသင့်နေသော အသံကို ကြားလိုက်ရသည်။
[မင်းက ဘာကောင်လဲ...]
ထို့နောက် ကင်ယူရှင် ပျောက်ကွယ်သွားတော့၏။
ကျနော်ကိုယ်တိုင်လည်း အံ့ဩသွားမိသည်။ Fourth Wall ဖြင့် ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဂန်ပြောင်းဝီ နှင့် နက္ခတ်အကြား ချိတ်ဆက်မှုကို ဤမျှလွယ်ကူစွာ ဖြတ်တောက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရုပ်ရှင်ရုံမြေအောက်ခံတပ်တွင်လည်း အလားတူကိစ္စတစ်ခုဖြစ်ခဲ့ဖူးသေးသည်။ ကျနော့်ခေါင်းထဲသို့ ချောင်းကြည့်ရန် ကြိုးစားသည့် အခိုက်အတန့်မှာပင် Fourth Wall က ရုပ်ရှင်ရုံခံတပ်သခင်ကို ဖျက်ဆီးပစ်ခဲ့၏။
နက္ခတ်အပေါ်တွင်လည်း ထိုကဲ့သို့ပင် ဖြစ်လာလိမ့်မည်ဟု ကျနော် မျှော်လင့်ခဲ့သော်လည်း ကင်ယူရှင် က လျင်မြန်စွာ ရိပ်မိပြီး ထွက်ပြေးသွားခဲ့သည်။
[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင်၏ တည်ရှိမှုအပေါ် သံသယရှိနေပါသည်။]
[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် နောင်တွင် သင့်အား အနီးကပ် စောင့်ကြည့်နေပါလိမ့်မည်။]
မည်သို့ပင်ဖြစ်စေ ထိုအဘိုးကြီး၏ စောင့်ကြည့်ခြင်းကို ကျနော်ခံနေရဆဲပင်။
"...အဆင်ပြေရဲ့လား"
"အင်း။ အဆင်ပြေပါတယ်။ ဒါပေမဲ့..."
ဒါက ဘာလဲဟ။
ကျနော် မော့ကြည့်လိုက်သောအခါ ကျနော့်ခြေလက်များမှာ မှော်စွမ်းအင်များဖြင့် အနှောင်အဖွဲ့ခံထားရသည်ကို တွေ့လိုက်ရသည်။ ပိုးအိမ်တစ်ခုနှင့်ပင် တူနေတော့သည်။ ယူဆန်းအာ၏ မျက်နှာမှာလည်း လုံးဝ နီမြန်းနေသည်။
"ဟိုလေ... ကျမက ထွက်လည်းမပြေးနိုင်ခဲ့သလို၊ ဒေါ့ဂျာက ကျမကို တိုက်ခိုက်တာကိုလည်း ခွင့်ပြုလို့မဖြစ်လို့ ချုပ်ထားရတာပါ"
မည်သို့ဖြစ်ခဲ့သည်ကို ကျနော် အကြမ်းဖျင်း နားလည်လိုက်သည်။ တိုတောင်းလှသော အချိန်အတွင်း ယူဆန်းအာက ကျနော့်အပေါ် ‘ချည်နှောင်သော ကြိုးမျှင်’ ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယူဆန်းအာမှာ အံ့အားသင့်ပြီး ကြောင်အမ်းနေသည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ စွမ်းရည်တစ်ခုကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။
"ယူဆန်းအာရဲ့ လျှပ်တပြက်တုံ့ပြန်မှုက တကယ့်ကို အံ့ဩစရာပဲ"
"...တောင်းပန်ပါတယ်"
"ဒါက ချီးကျူးတာပါ။ နောက်နောင် ကျနော့်ပုံစံ ထူးဆန်းလာရင် အခုလိုမျိုးပဲ လုပ်ပေးပါ"
"ကျ-ကျမ အခုပဲ ပြန်လွှတ်ပေးပါ့မယ်"
ယူဆန်းအာက ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း ကျနော်ကတော့ အတည်ပြောခြင်း ဖြစ်သည်။ ယူဆန်းအာကို သာမန်ရုံးဝန်ထမ်းတစ်ဦးအဖြစ်သာ ယူဆခဲ့မိခြင်းမှာ ကျနော့်၏ အမှားပင် ဖြစ်လေသည်။
ကျနော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မင်ဂျီဝန်က ကျနော်နှင့် ယူဆန်းအာကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ကဲ... မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။ ကျမက ကူညီဖို့ လာခဲ့တာကို နောက်ဆုံးတော့ ကျမကိုပဲ အကူအညီ ပြန်ပေးလိုက်ရသလို ဖြစ်သွားတယ်"
ကျနော်က ခေါင်းငြိမ့်ပြလိုက်သည်။
"နောက်တစ်ခါ ပြန်ဆုံရင်တော့ ကျနော်တို့က ရန်သူတွေ ဖြစ်သွားလောက်မယ်ထင်တယ်"
"...အခုပဲ ကျမတို့နဲ့ ပူးပေါင်းလိုက်ရင်ကော ဘယ်လိုလဲ။ ဝတ္ထုတွေထဲမှာဆိုရင်တော့ ဒါက ဖြစ်နေကျပဲလေ"
"ဒါက ဝတ္ထု မဟုတ်ဘူး"
"မိတ်ဆွေ။ ယုံကြည်မှုရှိစွာနဲ့ မိတ်ဆွေဖွဲ့စမ်းပါ။ ဒါက ကျမတို့ ဟွာရန်းတွေရဲ့ ဆောင်ပုဒ်ပဲ"
မင်ဂျီဝန်က ပြုံးလျက် ပြောဆိုပြီးနောက် ထွက်ခွာသွားသည်။
မင်ဂျီဝန်က ဘုရင်ကောင်းတစ်ပါး ဖြစ်လာနိုင်ပါမည်လော။ ကျနော် မသိပေ။ အလှအပဘုရင်ကိုယ်တိုင်လည်း သိလိမ့်မည် မဟုတ်ဟု ထင်၏။
"ကျနော်တို့လည်း သွားကြရအောင်။ လီဆောင်းဂု။ လာဦး"
လီဆောင်းဂုသည် လီဂီယောင်နှင့်အတူ အဆောက်အအုံ နောက်ကွယ်မှ ထွက်ပေါ်လာသည်။
ဒီကောင် ဘယ်တုန်းကတည်းက အဲ့နေရာမှာ ပုန်းနေတာလဲ။
အပေါင်းအဖော်များကို ခေါ်ဆောင်ကာ မြောက်ဘက်သို့ ကျနော်စတင်ချီတက်ခဲ့သည်။
ကင်ယူရှင် ၏ ‘ဟွာရန်းများကို စုစည်းခြင်း’ သုံးသွားခဲ့သော နေရာမှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။
အဆင့်နိမ့်ဘုရင်များ၏ လက်နက်ကိုင်အင်အားစုများမှာ နေရာအနှံ့ လဲလျောင်းနေကြသည်။ ၎င်းမှာ စစ်မှန်သော နက္ခတ်တစ်ပါး၏ အရှိန်အဝါပင် ဖြစ်သည်။ ကင်ယူရှင် သည် လူကြောက်တစ်ဦး ဖြစ်သော်လည်း အသုံးဝင်သော နက္ခတ်တစ်ပါး ဖြစ်ပေသည်။
အလံသုံးခုကို ကောက်ယူလိုက်ပြီး ကျနော့်အောင်မြင်မှုအဆင့်ကို တိုးပွားလိုက်သည်။
[သင်၏ အညိုရောင်အလံသည် အခြားအညိုရောင်အလံ၏ စုဆောင်းထားသော အောင်မြင်မှုများကို စုပ်ယူလိုက်ပါသည်။]
[သင်၏ အညိုရောင်အလံသည် ခရမ်းရောင်အလံအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။]
[သင်သည် ခရမ်းရောင်အလံ၏ အထူးအခွင့်အရေးများကို အသုံးပြုနိုင်ပါပြီ။]
အမှန်တကယ် အကောင်းဆုံးအရာမှာ တိုက်ပွဲမတိုက်ရဘဲ အင်အားကြီးလာခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ကို ကျနော်ဝေ့ကြည့်လိုက်ရာ အလံအများစုမှာ သိမ်းဆည်းခြင်း ခံထားရပြီးပြီ ဖြစ်၏။
ခရမ်းရောင်အလံမှ စတင်၍ အလံ၏ အောင်မြင်မှုအဆင့်မှာ အလွယ်တကူ တက်လာတော့မည် မဟုတ်ချေ။ တစ်နည်းအားဖြင့်ဆိုရသော် အဆင့်နိမ့်ဘုရင်များကို လိုက်လံဖမ်းဆီးနေခြင်းမှာ ယခုအချိန်မှစ၍ အကျိုးမရှိတော့ပေ။
"ဂျန်မင်ဆော့… ရှိနေလား"
တစ်ခဏအကြာတွင် ဂျန်မင်ဆော့ သည် လေထဲမှ ရုတ်တရက် ပေါ်လာသည်။ ကျနော် ကြိုတင်ပေးထားသော ‘တစ်ကိုယ်တည်းနေသူ၏ ဝတ်ရုံ’မှာ သူ၏ ကိုယ်ခန္ဓာကို ဖုံးအုပ်ထားသည်။ ဂျန်မင်ဆော့ ၏ တာဝန်မှာ အမျိုးသား နန်းတော်ပြတိုက်ကို ကင်းထောက်ရန် ဖြစ်၏။
"အခုထိ ဘယ်နှစ်ယောက် အထဲဝင်သွားပြီလဲ"
"မင်းဆိုးမင်းညစ် နဲ့ စစ်မှန်သောစာဖတ်သူ အပါအဝင် စုစုပေါင်း ဘုရင်ကိုးပါး ဝင်သွားပါပြီ"
ကိုးပါး။ ၎င်းမှာ သင့်တင့်သော အရေအတွက် ဖြစ်သည်။
"အလံအမျိုးအစားတွေကရော"
"ခရမ်းရောင် ခုနစ်ခုနဲ့ အညိုရောင် နှစ်ခုပါ။ အထူးသဖြင့် ခရမ်းရောင် တကယ့်ကို ရင့်နေတဲ့ အလံနှစ်ခု ပါပါတယ်"
"အဲဒါ မင်းဆိုးမင်းညစ်နဲ့ စစ်မှန်သောစာဖတ်သူတို့ရဲ့အလံ ဖြစ်မယ်ထင်တယ်"
"ဟုတ်ပါတယ်"
ဂျန်မင်ဆော့၏ အရည်အချင်းမှာ တော်တော်လေး အသုံးဝင်လှပေသည်။
ကျနော် စကားဆက်ပြောလိုက်၏။
"ဒီတစ်ခါတော့ ငါက ယူဆန်းအာ၊ ဂီယောင်တို့နဲ့ပဲ သွားမယ်။ မင်းတို့နှစ်ယောက်က အပြင်မှာ စောင့်နေပါ။ ဝတ်ရုံကို သုံးပြီး ပုန်းနေကြ"
"...အဆင်ပြေပါ့မလား"
"ပြေပါတယ်။ အခုအချိန်မှာ ငါ့အတွက် လူသုံးယောက်ပဲ လိုအပ်တယ်"
"ခေါ်လိုက်တာနဲ့ ကျနော်တို့ ဝင်လာပါ့မယ်"
ထိုသို့ တွေးပေးသည်ကို ကျေးဇူးတင်သော်လည်း ၎င်းမှာ အနှောင့်အယှက်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ဆိုးလ်နန်းတော်ပြတိုက်မှာ မြေအောက်ခံတပ်တစ်ခု ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်၏။
[လျှို့ဝှက်ဇာတ်ဝင်ခန်းသစ်တစ်ခု ရောက်ရှိလာပါသည်။]
[လျှို့ဝှက်ဇာတ်ဝင်ခန်း - ရှေးဟောင်းပစ္စည်းများ၏ စမ်းသပ်မှု]
အမျိုးအစား : လျှို့ဝှက်
အခက်အခဲ : F ~ A+
အောင်မြင်ရန် အခြေအနေ : သင့်တော်သော လူအင်အားဖြင့်
မှန်ကန်သော ‘ရှေးဟောင်းပစ္စည်း
မြေအောက်ခံတပ်’ ကို ကျော်ဖြတ်ရန်။
အချိန်ကန့်သတ်ချက် : မရှိ
ဆုကြေး : ဒင်္ဂါး ၅၀၀ မှ ၅၀၀၀
ကျရှုံး : သေဆုံးခြင်း
ကျနော်တို့ ပြတိုက်အတွင်းသို့ ဝင်လိုက်သောအခါ ဖြူဖွေးသော စကျင်ကျောက်များဖြင့် ပြုလုပ်ထားသော ဧည့်ခန်းမဆောင်ကြီး ပေါ်လာသည်။ ဧည့်ခန်းမဆောင်အတွင်း၌ အခြားမည်သူ့ကိုမျှ မတွေ့ရချေ။
ယူဆန်းအာက တိုးညှင်းသော အသံဖြင့် ပြော၏။
"အခုတော့ ယဉ်ကျေးမှုတွေကို ကြောက်နေမိပြီ။ ဟိုတခါကလည်း ရုပ်ရှင်ရုံ၊ အခုလည်း ဒီပြတိုက်..."
"အကို၊ ကျနော်တို့ ဒဏ္ဍာရီလာဓားကို သွားယူကြမှာလား"
"မဟုတ်ဘူး၊ အခုချက်ချင်းတော့ မဟုတ်သေးဘူး"
အမှန်စင်စစ် ဤခံတပ်အတွင်း၌ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို ကျနော် ရှာတွေ့နိုင်သည်။ ထို့ကြောင့်ပင် ကျနော်က သတင်းအချက်အလက်များကို ပျံ့နှံ့အောင် လုပ်ခဲ့ခြင်း ဖြစ်၏။
[သင် ဝင်ရောက်လိုသော ခံတပ်အမျိုးအစားကို ရွေးချယ်ပါ]
တစ်ကိုယ်တော် ခံတပ် - နာဂတ်
သုံးယောက်တွဲ ခံတပ် - အပ်စိုက်ကြေးနီရုပ်
ငါးယောက်တွဲ ခံတပ် - ဒုန်ဂွီဘိုဂမ်
ခုနစ်ယောက်တွဲ ခံတပ် - နဂါးအိုး
သို့ပေသိ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ရှိသော ခံတပ်ကို သာမန်နည်းလမ်းဖြင့် ဝင်၍ မရနိုင်ချေ။ ထိုခံတပ်မှာ အခြားခံတပ်တစ်ခုကို ကျော်ဖြတ်ပြီးမှ ဆုအဖြစ် ရရှိသည့် ‘ဆန်ဖြုံထုံးဘို’ဒင်္ဂါးကို အသုံးပြုမှသာ ဝင်ရောက်နိုင်သောကြောင့် ဖြစ်၏။
"သုံးယောက်တွဲ ခံတပ်ဖြစ်တဲ့ အပ်စိုက်ကြေးနီရုပ် ကို ရွေးမယ်"
[သင်သည် သုံးယောက်တွဲ ခံတပ်အတွင်းသို့ ဝင်ရောက်လိုက်ပါပြီ။]
လီဂီယောင်မှာ အနည်းငယ် စိတ်ပျက်သွားသည့်ပုံ ရသည်။ သူသည် ကြီးကျယ်သော ရှေးဟောင်းပစ္စည်းတစ်ခု ရလိမ့်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်၏။
"ဂီယောင်။ ရှေးဟောင်းပစ္စည်းဆိုတာ အပြင်ပန်းသဏ္ဌာန်နဲ့ မဆိုင်ဘူး"
"...ဟင်"
"အပြင်ပန်းကြည့်ရင် အထင်ကြီးစရာကောင်းပေမဲ့ အနှစ်သာရမရှိတဲ့အရာတွေ အများကြီးရှိတယ်"
ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား မှာလည်း ထိုသို့သောအရာမျိုးပင်။ ထို့အပြင် ဤခံတပ်အတွင်းရှိ ကောင်းမွန်သော အရာများကို သာမန်ခံတပ်များဆီကနေလည်း ရရှိနိုင်လေသည်။
ဥပမာအားဖြင့် အပ်စိုက်ကြေးနီရုပ် ခံတပ်အတွင်းမှ ရရှိနိုင်သည့် အထူးစွမ်းရည်ကဲ့သို့ ဖြစ်၏။
ခံတပ်အတွင်းသို့ ကျနော်တို့ဝင်လိုက်သည်နှင့် ယူဆန်းအာမှာ အံ့အားသင့်သွားသည်။
"...ကျမတို့အပြင် တခြားသူတွေလည်း ရှိနေတယ်"
ခံတပ်အတွင်းမှ ပြတ်တောင်းပြတ်တောင်း အော်ဟစ်သံများကို ကြားနေရလေ၏။
"အား… အနားမကပ်နဲ့"
လူသားပုံသဏ္ဌာန်ရှိပြီး အရောင်မှိုင်းမှိုင်းရှိသော မကောင်းဆိုးဝါးတစ်ကောင်ကို မြင်နေရပေပြီ။ သုံးယောက်တွဲ ခံတပ်အတွင်း၌ ထိုကဲ့သို့မကောင်းဆိုးဝါး ကြေးနီရုပ်များဖြင့် ပြည့်နှက်နေ၏။
ထိုမကောင်းဆိုးဝါးမှာ အဆင့်အတန်း ၇ ရှိသော မျိုးစိတ်ဖြစ်သည့် ‘အပ်စိုက်ကြေးနီရုပ်’ ဖြစ်ပေသည်။
အတိုင်းအတာတစ်ခုအထိ အချိန်ကြာသွားပါက သူတို့ကို တိုက်ခိုက်ရမည့် နည်းလမ်းကို မသိလျှင် ဤကောင်များသည် မိမိဘာသာ ပွားများလာကြလိမ့်မည်။ အပ်စိုက်ကြေးနီရုပ် များသည် ခိုင်မာသော ကိုယ်ခန္ဓာရှိခြင်း၊ အတွင်းကလီစာများ မရှိခြင်းနှင့် အာရုံကြောစနစ်များ မရှိခြင်းတို့ကြောင့် နာကျင်မှုကို မခံစားရချေ။
"အားးး… ကယ်ကြပါဦး"
ကိုယ်စားလှယ်အချို့၏ ဓားများမှာ ကြေးနီရုပ်များကို ခုတ်ပိုင်းနေသော်လည်း များစွာ ထိခိုက်မှု မရှိချေ။ ထို့အပြင် ကြေးနီရုပ်များက ကိုယ်စားလှယ်များ၏ ကိုယ်ခန္ဓာကို အောက်သို့ ဆွဲချနေကြလေ၏။
အသက် ၅၀ ကျော် အရွယ်ရှိသော အမျိုးသားတစ်ဦး၏ ကိုယ်ခန္ဓာမှာ ကြေးနီရုပ်များ၏ လက်ထဲတွင် အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံလိုက်ရသည်။
"...ဒေါ့ဂျာ။ ဒီကောင်တွေကို ကျမတို့ ဘယ်လိုကိုင်တွယ်ရမလဲ။ သူတို့က ဘာဒဏ်ရာမှ မရကြဘူး"
ယူဆန်းအာ နှင့် လီဂီယောင် တို့သည် သူတို့၏ လက်နက်များ သို့မဟုတ် စွမ်းရည်များကို အနားသို့ တိုးလာသော ကြေးနီရုပ်များထံ ချိန်ရွယ်လိုက်သော်လည်း မည်သည့်ထူးခြားမှုမျှ မရှိသလောက်ပင် ဖြစ်နေလေသည်။
တစ်ခါတစ်ရံတွင် လီဂီယောင်၏ တူဖြင့် တိုက်ခိုက်မှုမှာ ထိခိုက်မှုရှိသော်လည်း သူကိုယ်တိုင် ဘာလုပ်လိုက်သည်ကို မသိရှိချေ။
"သူတို့ရဲ့ ကိုယ်ခန္ဓာကို ကြည့်လိုက်"
‘ရှေးဟောင်းပစ္စည်းများ၏ စမ်းသပ်မှု’ တွင် ပေါ်လာသော သတ္တဝါများသည် ဆိုးလ်နန်းတော်ပြတိုက်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းပစ္စည်းများကို အခြေခံထားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် တစ်ကိုယ်တော် ခံတပ်အတွင်းရှိ သတ္တဝါမှာ ခရုခွံဖြင့် ပြုလုပ်ထားသော တူရိယာတစ်ခု ဖြစ်ပြီး၊ ဒုန်ဂွီဘိုဂမ် ငါးယောက်တွဲ ခံတပ်မှာမူ...
မည်သည့်အရာကိုမျှ ရှင်းပြနေရန် မလိုတော့ပေ။ သုံးယောက်တွဲ ခံတပ်အတွင်းရှိ အပ်စိုက်ကြေးနီရုပ် များမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
ယူဆန်းအာက ကြေးနီရုပ်တစ်ရုပ်ကို အနီးကပ် စိုက်ကြည့်လိုက်ပြီး စကားဆိုသည်။
"ကိုယ်ခန္ဓာပေါ်မှာ တစ်စုံတစ်ခု ထွင်းထုထားတာလား"
"ဟုတ်တယ်"
အမှန်စင်စစ် အပ်စိုက်ကြေးနီရုပ် ဆိုသည်မှာ ရှေ့၊ နောက်၊ လက်၊ ခြေထောက်နှင့် ဦးခေါင်းတို့ အပါအဝင် လူ့ကိုယ်ခန္ဓာပေါ်ရှိ အပ်စိုက်မှတ် ၃၅၄ နေရာကို ပြသထားသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သည်။
၎င်းမှာ ဂျိုဆွန်းခေတ်တွင် အပ်စိုက်ပညာကို လေ့လာရန် အသုံးပြုခဲ့သော အရာတစ်ခု ပင်။
[‘ယုံကြည်မှုဓား’ အသက်ဝင်လာပါသည်။]
ကြေးနီရုပ်ပေါ်ရှိ အပ်စိုက်မှတ်တစ်ခုကို ကျနော်ထိုးစိုက်လိုက်သည်။ ထို့နောက် ဓါးသွားကို လှည့်လိုက်ရာ ကိုယ်ခန္ဓာမှာ အမှုန့်များအဖြစ် လွင့်စင်သွားတော့သည်။ ၎င်းမှာ အဆင့်အတန်း ၇ ရှိသော မျိုးပွားသတ္တဝါတစ်ကောင်အတွက် အနှစ်သာရမရှိသော အဆုံးသတ်ပင်။
[သင်သည် ပထမဆုံး အပ်စိုက်ကြေးနီရုပ် ကို အမဲလိုက်သတ်ဖြတ်နိုင်ခဲ့ပါသည်။]
"သေသေချာချာ ကြည့်မယ်ဆိုရင် အပ်စိုက်မှတ် တစ်ခုချင်းစီရဲ့ အရောင်က အနည်းငယ်စီ ကွဲပြားနေတာကို တွေ့ရလိမ့်မယ်။ အချို့က သွေးမရှိတဲ့နေရာတွေ ဖြစ်ပြီး၊ အချို့ကတော့ သေကွင်းသေကွက်တွေပဲ။ အချို့သော အမှတ်တွေကတော့... အပ်စိုက်မှတ်တစ်ခုကို ထိမှန်တိုင်းမှာ မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတတ်တယ်"
"အာ..."
အရေးကြီးဆုံးအရာမှာ စွမ်းအင်စီးဆင်းမှုကို မဖြတ်တောက်ဘဲ အပ်စိုက်မှတ်ကို ရှာဖွေနိုင်ရန် ဖြစ်သည်။
အကြိမ်အနည်းငယ် ကျနော်လက်တွေ့ပြသလိုက်ရာ လီဂီယောင် နှင့် ယူဆန်းအာ တို့မှာ လျင်မြန်စွာပင် တတ်မြောက်သွားကြ၏။
လီဂီယောင်သည် ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ ကို အသုံးပြု၍ ပိုးကောင်ငယ်များဖြင့် အပ်စိုက်အမှတ်များကို တိုက်ခိုက်ပြီး၊ ယူဆန်းအာကမူ ‘ချည်နှောင်သော ကြိုးမျှင်’ ကို အသုံးချလိုက်သည်။
သူတို့နှစ်ယောက်၏အခြေအနေ တိုးတက်လာမှုမှာ တကယ့်ကို ထူးကဲလှပေသည်။
[သင်၏အဖွဲ့သည် အပ်စိုက်ကြေးနီရုပ် ၁၀၀ ကို အမဲလိုက်နိုင်သည့် ပထမဆုံးအဖွဲ့ ဖြစ်လာပါသည်။]
[သင်သည် သုံးယောက်တွဲ ခံတပ်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။]
[အခြေခံဆုကြေးအဖြစ် ဆန်ဖြုံထုံးဘို ၄ ဒင်္ဂါး ရရှိပါသည်။]
[အထူးစွမ်းရည် ‘အချက်အခြာနေရာကို ထိမှန်ခြင်း’ ကို ရရှိသွားပါပြီ။]
ကျနော် မျှော်လင့်ထားသော စွမ်းရည်ကို ရရှိခဲ့ပြီ ဖြစ်၏။
အချက်အခြာနေရာကို ထိမှန်ခြင်းဆိုသည်မှာ ရန်သူကို နှိမ်နင်းရန်အတွက် အချက်အခြာကျသော အမှတ်များကို အသုံးပြုသည့် ထူးခြားသော နည်းစနစ်တစ်ခု ဖြစ်သည်။ ဤအစွမ်းမှာ ကျနော့်အတွက် ‘လူမသတ်ဘုရင်’ အဖြစ် ဆက်လက်တည်ရှိရန် မရှိမဖြစ်လိုအပ်သော စွမ်းရည်တစ်ခု ဖြစ်၏။
ယူဆန်းအာက ဆန်ဖြုံထုံးဘို ဒင်္ဂါးများကို စပ်စုလိုသောမျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။
"ဒါတွေနဲ့ တစ်ခုခု ဝယ်လို့ရလား"
"ဒင်္ဂါးတွေနဲ့ဖြစ်ဖြစ်၊ ခံတပ်ဝင်ခွင့်လက်မှတ်နဲ့ဖြစ်ဖြစ် လဲလို့ရတယ်"
"ဒါဆိုရင်..."
"ဟုတ်တယ်၊ ကျနော်တို့ ဒါကို ခံတပ်ဝင်ခွင့်လက်မှတ်အတွက်ပဲ သုံးမယ်။ မင်းတို့ဆီက သုံးဒင်္ဂါးစီ ပေးပါ။ ကျနော့်ဆီမှာ လေးဒင်္ဂါးရှိတော့ စုစုပေါင်း ၁၀ ဒင်္ဂါး ရလိမ့်မယ်"
"၁၀ ဒင်္ဂါးလား။ ခဏလေးနေပါဦး၊ ဒေါ့ဂျာ..."
"ကျနော်တို့ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို ရနိုင်တဲ့ လျှို့ဝှက်ခံတပ်ထဲကို ဝင်ကြမယ်"
ယူဆန်းအာက အံ့အားသင့်စွာဖြင့် မေးလာသည်။
"ဒါပေမဲ့ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို ယူမှာမဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"
"ကျနော်တို့က ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓားကိုယူဖို့ လျှို့ဝှက်ခံတပ်ထဲ ဝင်တာ မဟုတ်ဘူး"
ကျနော်တို့က ဘုရင်တွေကို ‘အမဲလိုက်’ ကြမှာပဲ ဖြစ်တော့သည်။