← Chapters

ပလ္လင်၏အရှင်သခင် (၃)

Vol. 5 Ch. 67

ပလ္လင်၏အရှင်သခင် (၃)

Vol. 5 Ch. 67

ကျနော်တို့ ခံတပ်အတွင်းသို့ ဝင်ကြမည် ဖြစ်သော်လည်း ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို ရယူရန်အတွက်မူ မဟုတ်ချေ။

ယူဆန်းအာနှင့် လီဂီယောင်တို့သည် ကျနော်ဆိုလိုသည်ကို ချက်ချင်းပင် နားလည်သွားကြသည်။

"သူတို့ရဲ့ အလံတွေကို လုယူတော့မလို့လား"

"ဒါဆိုရင် အကိုက သူတို့ကို သတ်တော့မှာပေါ့"

သူတို့နှစ်ဦး၏ အဓိပ္ပာယ်ကောက်ယူပုံမှာ ကွဲပြားနေသည်။

ယူဆန်းအာသည် အံ့အားသင့်သော မျက်လုံးများဖြင့် လီဂီယောင်ကို ငုံ့ကြည့်လိုက်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ လီဂီယောင်က ယူဆန်းအာကို စိတ်ပျက်လက်ပျက်ဖြင့် မော့ကြည့်လိုက်ခြင်းပင်။

"အကို… အဆုံးသတ် သတ်ဖြတ်တာကို ကျနော်လုပ်ပါမယ်"

ဒီကောင်လေး...

ကျနော်က လူတစ်ဦးကို တိုက်ရိုက်သတ်၍ မရကြောင်း သူ သတိပြုမိနေပြီ ဖြစ်သည်။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါသည်။]

[ဤသူအား ‘ဇာတ်ကောင်စာရင်း’ တွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]

[လက်ရှိတွင် ဤသူ၏ အချက်အလက်များကို စုဆောင်းနေပါသည်။]

လီဂီယောင်၏ အချက်အလက်များကို ယခုထိ ရရှိနိုင်ခြင်း မရှိသေးချေ။

ကျနော် ခေါင်းလှည့်ကြည့်လိုက်သောအခါ ယူဆန်းအာ၏ စိုးရိမ်ပူပန်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။ အဆိုပါ မိန်းကလေးသည် လီဂီယောင်နှင့် ကျနော့်ကို တစ်လှည့်စီကြည့်ပြီးနောက် ခေါင်းငုံ့သွားသည်။ ကျနော်က လီဂီယောင်ကို ပြောလိုက်၏။

"မင်း သဘောရှိသလိုသာ လုပ်ပါ"

ယူဆန်းအာ မည်သည်ကို စိုးရိမ်နေသည်အား ကျနော် သိမြင်နိုင်ပေသည်။ လီဂီယောင်သည် အလယ်တန်းကျောင်းသား အရွယ်ပင် မရှိသေးချေ။ သို့သော် ယူဆန်းအာ သတိထားမိသင့်သည်မှာ ကျနော်တို့ ယခင်က ထားရှိခဲ့သော ကိုယ်ကျင့်တရားများသည် ယခုကမ္ဘာတွင် အသုံးမဝင်တော့ခြင်းပင် ဖြစ်၏။

"ဒါက ဂိမ်းတစ်ခု မဟုတ်ဘူးနော်။ သတိထားပါ"

"ဟုတ်ကဲ့၊ စိတ်မပူပါနဲ့"

လီဂီယောင်၏ အသံကို နားထောင်ရင်း ကျနော့်ကျောဘက်ရှိ အလံကို ဖုံးကွယ်လိုက်သည်။ ယခုအချိန်အထိ ထိုအလံသည် အဆင့်နိမ့်ဘုရင်များကို ဆွဲဆောင်ရန် ကောင်းမွန်သော ငါးစာတစ်ခု ဖြစ်ခဲ့၏။

သို့သော်လည်း ယခုအချိန်မှစ၍ ၎င်းမှာ အမဲလိုက်သားရဲများကို ဆွဲဆောင်မည့် ငါးစာသာ ဖြစ်ပေတော့မည်။ ဤစစ်မြေပြင်တွင် ကျနော်သည် ဘုရင်တစ်ပါး ဖြစ်ကြောင်း ကြေညာနေခြင်းမှာ ကောင်းကျိုးတစ်စုံတစ်ရာ မရှိလှပေ။

အလယ်အလတ် ဒိုကဲဘီ၏ အသံကို ကြားလိုက်ရသည်။

[ဟားဟား။ အားလုံးပဲ တော်တော်လေး လုပ်နိုင်ကြပါပေတယ်။ လူတွေအများကြီးက လျှို့ဝှက်ဇာတ်ဝင်ခန်းကို လုပ်နေကြတော့ ‘လျှို့ဝှက်’ ဆိုတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ]

[တစ်စုံတစ်ယောက်က ပထမဆုံး အရည်အချင်းပြည့်မီဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးသွားပြီပဲ။ ထပ်ပြီးပြောရရင် ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်]

ဘုရင်တစ်ပါးက အနက်ရောင်အလံကို ရရှိသွားပြီ ဖြစ်သည်။ ၎င်းမှာ ဘုရင်ခုနစ်ပါးထဲမှ တစ်ပါး ဖြစ်နိုင်ခြေ များသည်။

[ခဏနေရင် ဒုတိယ အရည်အချင်းပြည့်မီမှုအတွက် လိုအပ်ချက်တွေကို ထုတ်ပြန်ပေးမယ်]

အဖွဲ့ဝင်များကို လှည့်ကြည့်ကာ ကျနော်ပြောလိုက်သည်။

"မြန်မြန်လုပ်ကြရအောင်။ ဒိုကဲဘီ ပြောတဲ့ ‘ခဏနေ’ ဆိုတာက သိပ်မကြာလောက်ဘူး"

ဧည့်ခန်းမဆောင်ရှိ ဆန်ဖြုံထုံးဘို ဒင်္ဂါးများကို တစ်ပြားချင်းစီ ကျနော် စုစည်းလိုက်သည်။

[သင်သည် ဆန်ဖြုံထုံးဘို ၁၀ ဒင်္ဂါးကို အသုံးပြု၍ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လိုက်ပါပြီ။]

[သင်သည် လျှို့ဝှက်ဇာတ်လမ်းဖြစ်သော ‘ခုနစ်စင်ကြယ်’ အတွင်းသို့ ဝင်ရောက်လိုပါသလား]

လက်ရှိတွင် ကျနော့်ထံ၌ ခရမ်းရောင်အလံ ရှိနေသည်။ ခရမ်းရောင်အလံချင်း တူညီသော ဘုရင်များသည် ခုနစ်စင်ကြယ် ထံသို့ စုပြုံလာကြပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရသော် ကျနော့်၏ သားကောင်များအားလုံးမှာ တစ်နေရာတည်းတွင် စုဝေးနေကြခြင်း ဖြစ်၏။

[သင်သည် ခုနစ်စင်ကြယ် ဇာတ်လမ်းအတွင်းသို့ ဝင်ရောက်လိုက်ပါပြီ။]

ကျနော့်အမြင်အာရုံများ ဝေဝါးသွားပြီးနောက် ဧည့်ခန်းမဆောင်မှာ ချက်ချင်း ပြောင်းလဲသွားသည်။ ဖြူဖွေးသော စကျင်ကျောက်ခန်းမဆောင်သည် ကျယ်ဝန်းသော စောင့်ဆိုင်းခန်းတစ်ခုအဖြစ်သို့ ကူးပြောင်းသွားတော့သည်။

စောင့်ဆိုင်းခန်း၏ အဆုံးတွင် တံခါးခုနစ်ပေါက် ရှိနေသည်။

"အ..."

ယူဆန်းအာက တိုးညှင်းစွာ ညည်းတွားလိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ယူဆန်းအာ၏ ခြေရင်းတွင် အလောင်းများ ရှိနေသည်။ ၎င်းတို့မှာ အချင်းချင်း တိုက်ခိုက်ခဲ့ကြသော အဖွဲ့ဝင်များ၏ အလောင်းများ ဖြစ်ကြသည်။ လီဂီယောင်က ထိုအလောင်းများကို ခံစားချက်မဲ့သော မျက်နှာဖြင့် ငုံ့ကြည့်နေသည်။

အလောင်းများစွာ ရှိနေသဖြင့် ဖြောင့်ဖြောင့်တန်းတန်း လမ်းလျှောက်ရန်ပင် ခက်ခဲလှသည်။ ရာနှင့်ချီသော အလောင်းများသည် သင်္ချိုင်းတစ်ခုအလား နေရာအနှံ့ ပျံ့ကျဲနေသည်။ သွေးများမှာလည်း ချောင်းစီးနေပြီ ဖြစ်၏။

အနည်းငယ် ထူးဆန်းသလို ကျနော်ခံစားလိုက်ရသည်။ အကယ်၍ ကျနော်သာ ကော်ပီကူးသည့်စာရေးဆရာ၏ စာအုပ်ကို မဖြန့်ဝေခဲ့ပါက သူတို့ သေဆုံးချင်မှ သေဆုံးကြပေလိမ့်မည်။ သို့ဆိုလျှင် သူတို့သည် ကျနော့်ကြောင့် သေဆုံးခဲ့ကြခြင်း မဟုတ်ပေလော။

"ဟေ့… ဟိုမှာ လူတွေ ရှိနေတယ်"

စောင့်ဆိုင်းခန်း၏ အလယ်တွင် လူအလောင်းများကို လောင်စာအဖြစ် အသုံးပြုထားသော ကြီးမားသော မီးပုံကြီးတစ်ခု ရှိနေသည်။

အသက်ရှင်ကျန်ရစ်သူ အချို့၏ မျက်နှာများကို ကျနော် တွေ့လိုက်ရသည်။ သူတို့သည် မဟာမိတ်များ​လော သို့မဟုတ် တိုက်ပွဲခေတ္တရပ်ထားသူများလော ကျနော် မသိသော်လည်း သူတို့တွေဘက်ကတော့ တိုက်ခိုက်ခြင်း မရှိကြချေ။

ထိုလူအုပ်စုကို ကြည့်ကာ အဖွဲ့ဝင်များကို ကျနော်ပြောလိုက်သည်။

"သတိထားကြ"

လူတစ်စု မတ်တတ်ရပ်လာသည်။ သူတို့၏ မျက်လုံးများထဲတွင် လောဘဇောများကို မြင်တွေ့နိုင်ပေသည်။

"မင်းတို့က လူသစ်တွေပဲ။ မင်းတို့ရဲ့ ဘုရင်က ဘယ်သူလဲ"

လူအချို့က ကျနော်တို့အဖွဲ့၏ နောက်ကွယ်သို့ တိတ်တဆိတ် ရွှေ့လျားသွားကြပြီး ကျန်လူများကမူ ကျနော်တို့၏ အာရုံကို ဆွဲဆောင်ထားကြသည်။ ဝိုင်းရံပိတ်ဆို့မှုမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာလေပြီ။

"မင်းလား။ ဒါမှမဟုတ် မင်းဘေးက အမျိုးသမီးလား။ ဒီကလေးတော့ မဖြစ်နိုင်ဘူး"

[နက္ခတ်အများစုမှာ ထိုနှောင့်ယှက်သူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြပါသည်။]

[နက္ခတ်အချို့က သင့်အား ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်စေလိုကြပါသည်။]

ကျနော်ကလည်း ထိုသို့ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။

"ဟေ့… ဘာလို့ ပြန်မဖြေတာလဲ... အား"

‘ယုံကြည်မှု’ဓါး၏ ဖြူဖွေးသော အလင်းတန်းမှာ လေထုအတွင်း ပြည့်နှက်သွားသည်။ တားဆီး၍မရသော ဓားချက်မှာ လူတစ်ဦး၏ ခြေလက်များကို ဖြတ်တောက်လိုက်သည်။ ကြောင်အမ်းသွားသော လူတစ်ဦးက အော်ဟစ်လိုက်သည်။

"ချီးပဲ… သူ့ကို သတ်ကြစမ်း"

လူအုပ်ကြီးမှာ စောင့်ဆိုင်းနေခဲ့ကြသည့်အလား သူတို့၏ လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြသည်။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

"ဘ-ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ"

ယခုအချိန်၌ ကျနော့်ထက် လျင်မြန်မှုအဆင့် မြင့်မားသူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ထိုသူတို့ထံတွင် အဆင့်မြင့် စွမ်းရည်များ မရှိကြသဖြင့် လက်ရှိတွင် ဘုရင်ခုနစ်ပါးမှလွဲ၍ ကျနော့်၏ လှုပ်ရှားမှုများကို မည်သူမျှ လိုက်မမှီနိုင်ကြချေ။

‘ယုံကြည်မှုဓားသွား’ သည် စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ဝေ့ယမ်းသွားပြီး လူငါးဦး၊ ခြောက်ဦးခန့်ကို တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလိုက်သည်။

နောက်ဆက်တွဲ တိုက်ကွက်အနေဖြင့် လက်နက်ကိုင်ထားသော လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ပြီး၊အခြားတစ်ဦး၏ လက်ကောက်ဝတ်ကို ကျနော်ထိုးစိုက်လိုက်သည်။

"အား"

ပြတ်ထွက်သွားသော ခြေလက်များမှာ လေထဲတွင် လက်တွေ့မဆန်စွာ လွင့်စင်သွားကြသည်။ နာကျင်စွာ အော်ဟစ်နေသော အမျိုးသားတစ်ဦး၏ နောက်သို့ ကျနော်လျှောက်သွားပြီး စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။

[သီးသန့်စွမ်းရည် ‘အချက်အခြာနေရာကို ထိမှန်ခြင်း’ အဆင့် ၁ အသက်ဝင်လာပါသည်။]

ထိုလူ၏ ခြေလက်များကို ကျနော်ဖြတ်တောက်ခဲ့သော်လည်း ရက်စက်စွာ ပြုမူဖို့တော့ မလိုအပ်ချေ။

ထိုလူ၏ ရင်ခွင်ထဲတွင် ပြာနက်ရောင် ဓါးမြှောင်ငယ်တစ်ခု ဝှက်ထားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ငါးယောက်တွဲ ခံတပ်ဖြစ်သော ‘ဒုန်ဂွီဘိုဂမ်’ ၏ အဆုံးသတ်တွင် ရရှိနိုင်သည့် အဆိပ်လူးဓါးမြှောင်ဓား ဖြစ်သည်။ အကယ်၍ ကျနော့်၏ တုံ့ပြန်မှုသာ အနည်းငယ် နောက်ကျသွားခဲ့ပါလျှင် လဲကျနေသူများမှာ ကျနော်တို့ ဖြစ်သွားနိုင်ပေသည်။

လူများ လဲကျသွားသည်နှင့် တစ်ပြိုင်နက် ကျနော်က လီဂီယောင်ကို လှမ်းခေါ်လိုက်သည်။

"တောင်းဆိုပါတယ်"

လီဂီယောင်က ခေါင်းငြိမ့်ပြသည်။ လီဂီယောင်သည် ထိုလူများ၏ အသက်ရှူသံများကို တစ်ဦးချင်းစီ အဆုံးသတ်ပေးလိုက်သည်။ သူသည် အရေးမပါသော ပိုးကောင်များကို သတ်နေသကဲ့သို့ သူ၏လက်ကို လှုပ်ရှားနေခြင်း ဖြစ်သည်။ ကျနော်ကိုယ်တိုင်လည်း အနည်းငယ် အံ့ဩသွားမိသည်။

ထိုစဉ် ယူဆန်းအာက ရှေ့သို့ ထွက်လာသည်။

"ကျမပဲ လုပ်ပါ့မယ်။ ဂီယောင်..."

"...လုပ်နိုင်လို့လား"

"ဘာပဲဖြစ်ဖြစ် ကျမပဲ လုပ်ပါ့မယ်"

ယူဆန်းအာ၏ လေသံမှာ ထူးထူးခြားခြား ခေါင်းမာနေသည်။ ယူဆန်းအာသည် လီဂီယောင်ကို ခက်ထန်စွာ ကြည့်လိုက်သည်။ ယူဆန်းအာသည် ဓားကို ကိုင်စွဲကာ ကျနော့်ကို ကျောခိုင်းလိုက်သည်။ ဖြစ်နိုင်သည်မှာ ယူဆန်းအာသည် ကျနော့်ကို စက်ဆုပ်ရွံရှာနေခြင်းလည်း ဖြစ်နိုင်သည်။

ယူဆန်းအာ၏ စိတ်ကို ကျနော် မဖတ်နိုင်ခြင်းမှာ ကံကောင်းခြင်းတစ်ခုလည်း ဖြစ်ပေလိမ့်မည်။

ယူဆန်းအာသည် လီဂီယောင်ထက်ပင် ပိုမိုထိရောက်စွာ လှုပ်ရှားပြီး ကျန်ရှိနေသော လူများ၏ အသက်ကို နုတ်ယူလိုက်သည်။ အားလုံးကို လက်စသတ်ပြီးသွားသောအခါ ယူဆန်းအာ၏ လက်ဖျားများမှာ တုန်ယင်နေသည်။

"ကျမတို့တွေ ဒီလိုပုံစံအတိုင်း ဆက်သွားကြမှာလား"

"အင်း။ ဆက်သွားရဖို့ များတယ်"

"နောက်နောင်ကျရင် ဂီယောင် အစား ကျမပဲ လုပ်ပါ့မယ်"

"ယူဆန်းအာ လုပ်နိုင်ပါ့မလား"

"ပြဿနာမရှိပါဘူး။ ကြက်ဥတစ်လုံး ခွဲရသလိုပါပဲလေ"

ယူဆန်းအာသည် တည်ငြိမ်ဟန်ဆောင်ရင်း ဥပမာတစ်ခုကို အသုံးပြုလိုက်သည်။

"ကျနော်က ပိုပြီး ကောင်းကောင်းလုပ်နိုင်ပါတယ်"

လီဂီယောင်က တိုးညှင်းစွာ ညည်းညူလိုက်ရာ ယူဆန်းအာက ကောင်လေး၏ ခေါင်းပေါ်သို့ လက်တင်လိုက်သည်။

နောင်တွင် အလှည့်အပြောင်းများစွာ ရှိလာပေလိမ့်မည်။ တစ်ခါတစ်ရံတွင် ကျနော်တို့မှာ ပြိုလဲလုနီးပါး ဖြစ်နိုင်သလို၊ လက်လျှော့ချင်စိတ်များလည်း ပေါ်လာနိုင်ပေသည်။ သို့သော်လည်း ကျနော်တို့ ကျော်ဖြတ်ရမည်သာ။

ကျနော်တို့ မကြာမီ တွေ့ဆုံရတော့မည့် ဘုရင်ခုနစ်ပါးမှ အများစုမှာ ကျနော်တို့ထက် မြင့်မားသော အခြေခံစွမ်းရည်များ ရှိကြမည်ဖြစ်ပြီး ထူးခြားသော အထူးစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားကြပေလိမ့်မည်။ ရန်သူ၏ တိုက်ခိုက်မှုကို မခံရဘဲနှင့် အနိုင်မရနိုင်သော အခြေအနေမျိုး သေချာပေါက် ရှိလာပေလိမ့်မည်။

ကျနော်တို့သည် သေဆုံးသွားသူများ၏ ကျန်ရစ်ခဲ့သော ပစ္စည်းများကို တိတ်ဆိတ်စွာ ကောက်ယူလိုက်ကြသည်။

[သင်သည် ဒင်္ဂါး၂၃၀၀ ရရှိခဲ့ပါသည်။]

[‘ဒုန်ဂွီဘိုဂမ် ပစ္စည်း - ရောဂါအထွေထွေ (ခန္ဓာကိုယ် အထက်ပိုင်း)’ ကို ရရှိပါသည်။]

မျှော်လင့်ထားသည့်အတိုင်းပင် သူတို့သည် ငါးယောက်တွဲ ခံတပ်ကို ကျော်ဖြတ်ခဲ့သူများ ဖြစ်ကြ၏။ ငါးယောက်တွဲ ခံတပ်မှ စုစုပေါင်း စာအုပ် ရှစ်အုပ် ရရှိနိုင်ပြီး တစ်အုပ်ချင်းစီတွင် မတူညီသော အသုံးဝင်ပုံများ ရှိကြလေသည်။ ငါးယောက်တွဲ ခံတပ်ကို ကျော်ဖြတ်ခဲ့သူ အနည်းငယ် ရှိနေမည်မှာ သေချာသဖြင့် ကျန်ရှိသော အစိတ်အပိုင်းများကို ရှာဖွေရန်မှာ အတော်အတင့်တော့ လွယ်ကူပေလိမ့်မည်။

ကံမကောင်းသည်မှာ ကျနော် ခုနက သတ်လိုက်သော အဖွဲ့ထဲတွင် ‘ဘုရင်’ တစ်ဦးမျှ မပါဝင်ချေ။

ဖြောင်း ဖြောင်း ဖြောင်း

ထိုစဉ် လက်ခုပ်တီးသံကို ကြားလိုက်ရသည်။

မီးပုံကြီးဘေးမှ စောင့်ကြည့်နေသော အမျိုးသားတစ်ဦးသည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် ကျနော့်ထံသို့ ချဉ်းကပ်လာသည်။ အခြားအဖွဲ့တစ်ခုလုံး သုတ်သင်ခံလိုက်ရသော်လည်း သူ၏ထံတွင် ထိတ်လန့်သည့် အရိပ်အယောင်မျှ မရှိချေ။

ကျနော်သည် ကျနော့်၏ ပစ္စည်းကို မြှောက်ကာ ပေါ့ပေါ့ပါးပါးပင် သတိပေးလိုက်သည်။

"ဘာအလိုရှိလို့လဲ"

ထိုအမျိုးသားသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး တိုက်ခိုက်လိုစိတ် မရှိကြောင်း ပြသသည့်အနေဖြင့် လက်နှစ်ဖက်လုံးကို မြှောက်ပြလိုက်သည်။

"အူး... စိတ်လျှော့ပါဦး။ ငါက တိုက်ခိုက်ချင်တာ မဟုတ်ပါဘူး"

ကျနော် ထိုအမျိုးသားကို အနီးကပ် ကြည့်လိုက်သည်။ သူ၏ကျောတွင် ကြီးမားသော လှံတစ်ချောင်း ရှိနေလေသည်။ အဝတ်အစားများကြားမှ တောင့်တင်းသော ရင်ဘတ်ကြွက်သားများ ပေါ်လွင်နေပြီး သူ၏ ဆံပင်ရှည်များကိုလည်း နောက်သို့ စည်းနှောင်ထားသည်။

"မင်းရဲ့ စွမ်းရည်တွေက တကယ့်ကို ကောင်းတာပဲ။ မင်းမှာ 'အလိုအလျောက် တုံ့ပြန်သော စွမ်းရည်'ရှိတဲ့ပုံမပေါ်ပေမဲ့ ချောင်ဂျောင်းအဖွဲ့ကို အပြတ်အသတ် ရှင်းပစ်လိုက်နိုင်တယ်... အဲဒီကောင်တွေက သူတို့ရဲ့ ဘုရင်ကို ဆုံးရှုံးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ပဲ"

မှန်ပေသည်။ ထို့ကြောင့်ပင် သူတို့က မဆင်မခြင် ရှေ့ထွက်ခဲ့ကြခြင်း ဖြစ်၏။

"ဒါပေမဲ့ မင်းက နည်းနည်းတော့ နောက်ကျသွားပြီ။ အဓိကဘုရင်တွေ အားလုံးက ခံတပ်ထဲကို ဝင်သွားကြပြီကွ။ အခုဆို သူတို့တွေ တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေကြလိမ့်မယ်။ အေး... အောင်နိုင်သူကတော့ ဘယ်သူဖြစ်မလဲ ဆုံးဖြတ်ပြီးသား ဖြစ်နေလောက်ပေမဲ့... ဒီနေရာကို နောက်ဆုံး ဖြတ်သွားတဲ့ ဘုရင်မှာ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ အငွေ့အသက်ရှိတယ်"

"ဘယ်ဘုရင်မလို့လဲ"

"မင်းဆိုးမင်းညစ် ကို သိလား"

ထိုအမျိုးသားက ဆက်ပြောသည်။

"သူက လက်ရှိ ဆိုးလ်မြောက်ပိုင်းမှာ စွမ်းအားအရှိဆုံး ဘုရင်ပဲ။ ဒါက သိပြီးသားသူတွေကြားထဲက ဇာတ်လမ်းပေါ့။ ‘အကြွင်းမဲ့ပလ္လင်’ ရဲ့ အရှင်သခင်ကတော့ သေချာပေါက် မင်းဆိုးမင်းညစ် ပဲ ဖြစ်လိမ့်မယ်"

မင်းဆိုးမင်းညစ် ကိုယ်တိုင်ကို မြင်တွေ့ခဲ့ရလျှင် မည်သူမဆို ထိုသို့ ထင်မြင်မိပေလိမ့်မည်။ မင်းဆိုးမင်းညစ် ၏ တိုက်ခိုက်ရေးအင်အားမှာ ဘုရင်ခုနစ်ပါးထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်မှာ သေချာ၏။

သို့သော်လည်း သူ့ကို အကြွင်းမဲ့ပလ္လင်၏ အရှင်သခင်ဟု ခေါ်ဆိုခြင်းမှာ ရယ်စရာကောင်းလှသည်။ မင်းဆိုးမင်းညစ် သည် သန်မာသော်လည်း ဘုရင်ခုနစ်ပါးထဲတွင် အသန်မာဆုံးတော့ မဟုတ်ပါချေ။

ကျနော့်၏ စိတ်ကို ဖတ်မိသည့်အလား ထိုအမျိုးသားက ပြောလိုက်သည်။

"ဒါပေမဲ့ ငါကတော့ အဲဒီလို မထင်ဘူး။ မင်းဆိုးမင်းညစ် ဟာ အကြွင်းမဲ့ပလ္လင်ရဲ့ အရှင်သခင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"

"...ဘာလို့ အဲဒီလို ထင်တာလဲ"

"ငါ ကိုယ်တိုင် မြင်ခဲ့လို့ပဲ။ သူက စွမ်းအားကြီးပေမဲ့ လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူ မသိဘူး။ ဘုရင်ဆိုတာ လူတွေရဲ့ နှလုံးသားကို သိရမယ်လေ"

လူတွေရဲ့ နှလုံးသား ဟုတ်လား။

"ငါ့ရဲ့ ဘုရင်ကတော့ အဲဒီလို လုပ်နိုင်စွမ်းရှိတယ်။ အဲဒါကြောင့်လည်း ကိုယ်စားလှယ် အများကြီးက သူ့နောက်ကို လိုက်ကြတာပေါ့။ ငါ့ရဲ့ ဘုရင်ဟာ အကြွင်းမဲ့ပလ္လင်ရဲ့ သခင် ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ထိုအမျိုးသား၏ အကြည့်နောက်သို့ ကျနော် လိုက်ကြည့်လိုက်သည်။ ခုနစ်စင်ကြယ် ဇာတ်လမ်းတွင် ဝင်ပေါက်ခုနစ်ခု ရှိသည်။ ဖြစ်နိုင်သည်မှာ သူ၏ဘုရင်သည် ထိုလမ်းကြောင်းများထဲမှ တစ်ခုအတွင်းသို့ ဝင်ရောက်လှုပ်ရှားနေခြင်း ဖြစ်ပေလိမ့်မည်။

"မင်းရဲ့ ဆိုလိုရင်းက ဘာလဲ။ ငါတို့ကို မင်းတို့နဲ့ ပူးပေါင်းစေချင်တာလား"

"ဟားဟား၊ ပူးပေါင်းရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ မင်းက ဒီအတိုင်းကြီး ငါ့နောက် လိုက်လာမှာ မဟုတ်ဘူးမလား။ ငါက ကမ်းလှမ်းချက်တစ်ခုပဲ လုပ်ချင်တာပါ။ မင်းတို့ စိတ်မရှိဘူးဆိုရင် ငါတို့နဲ့ မဟာမိတ် ဖွဲ့လိုက်ပါလား"

ဤအမျိုးသားသည် အဘယ်ကြောင့် စောင့်ဆိုင်းခန်းအတွင်း၌ ရှိနေသေးသည်ကို ကျနော် သဘောပေါက်လိုက်သည်။ ဒီလူက ငါးစာ ဖြစ်ပေသည်။

"ဘာလို့ ငါတို့က မဟာမိတ်လုပ်ရမှာလဲ"

"မင်းဆိုးမင်းညစ် က တကယ့်ကို သန်မာတယ်။ ငါက င့ါဘုရင်ကို ယုံကြည်ပေမဲ့ သူတစ်ယောက်တည်းနဲ့တော့ မင်းဆိုးမင်းညစ် ကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး"

သူ၏ သစ္စာရှိမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် သူသည် အခြေအနေမှန်ကို အလွန်နားလည်သော သူတစ်ဦး ဖြစ်သည်။ သို့ပေသိ သူသည် ‘စစ်မှန်သော’ သစ္စာရှိသူတစ်ဦး ဖြစ်ပေသည်။

"စဉ်းစားကြည့်စမ်းပါကွာ။ မင်းဆိုးမင်းညစ်ကို ဒဏ္ဍာရီလာဓား မကိုင်နိုင်အောင် ငါတို့ မတားဆီးနိုင်ရင် ဘာဖြစ်မလဲ။ သူက အကြွင်းမဲ့ပလ္လင်ကို ရသွားပြီး ဆိုးလ်က ဘုရင်အားလုံးကို ထိန်းချုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် ဒါကို တားဆီးသင့်တယ်လို့ မထင်ဘူးလား"

ကျနော် မှိန်ဖျော့ဖျော့ မှတ်မိလိုက်သည်။

တတိယအကြိမ် နောက်ပြန်ဆုတ်မှုတွင် မဖြစ်ခဲ့သော်လည်း Ways of Survival ထဲတွင် ‘မင်းဆိုးမင်းညစ် ဆန့်ကျင်ရေး မဟာမိတ်’ အဖွဲ့ကို အကြိမ်ကြိမ် ဖွဲ့စည်းခဲ့ဖူးသည်။

အနာဂတ်မှာ နောက်တစ်ကြိမ်ပြောင်းလဲသွားခဲ့ပြန်ပြီ ဖြစ်၏။

"မင်း ပြောတာ ယုတ္တိရှိပါတယ်"

"အဲဒါကြောင့်ပဲ ငါက ဒီအကြံပြုချက်ကို ပေးတာ။ ငါတို့ အဖွဲ့ဟာ မကြာခင်မှာ မင်းဆိုးမင်းညစ် ကို တော်လှန်တိုက်ခိုက်တော့မှာလေ။ တခြား ဘုရင်အချို့နဲ့လည်း ငါတို့ စကားပြောထားပြီးပြီ။ မင်းက ဘယ်အဖွဲ့ကလဲဆိုတာ ငါ မသိပေမဲ့ ငါတို့နဲ့ ပူးပေါင်းလို့ မင်းမှာ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။ မင်းက ငါတို့နဲ့အတူ အဆင်သင့် ပါဝင်လိုက်ရုံပါပဲ"

သူပြောသည့်အတိုင်း အတိအကျပင် ဖြစ်သည်။ ပြဿနာမှာ ထိုပါဝင်မှုအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ သူထင်ထားသည်ထက် ပိုကြီးနေခြင်းပင်...

ကျနော် တိတ်ဆိတ်နေသည်ကို ထိုအမျိုးသားက သဘောတူသည်ဟု မှတ်ယူလိုက်သည်။

"တကယ်လို့ မင်း တကယ်ကို စိတ်ဝင်စားတယ်ဆိုရင် ငါတို့ ဘုရင်နဲ့ တွေ့ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။ သူ စောင့်ဆိုင်းခန်းကို ပြန်လာဖို့ အချိန်လည်း တန်နေပြီ... အိုး၊ ဟိုမှာ သူ လာနေပြီကွ"

အမှန်တကယ်ပင် တံခါးခုနစ်ပေါက်ထဲမှ တစ်ခု ပွင့်လာပြီး ခုနစ်စင်ကြယ် အတွင်းသို့ ဝင်သွားသော အဖွဲ့ ပြန်လည် ရောက်ရှိလာသည်။

"အရှင်မင်းကြီး..."

တံခါးဝတွင် ရပ်နေသော လူများမှာ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။ ထို့နောက် လူအုပ်၏ အလယ်မှ အမျိုးသားတစ်ဦးသည် ဤဘက်သို့ ချဉ်းကပ်လာလေသည်။

သူသည် မုတ်ဆိတ်ရိတ်ထားသော သန့်ရှင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ လက်ထဲတွင် အညိုရောင် တုတ်တစ်ချောင်း ရှိနေသည်။

ခဏလေး။ ဒီလူက... သူလား။

All Chapters