ပလ္လင်၏အရှင်သခင် (၅)
Vol. 5 Ch. 69
ပြတ်တောက်သွားသော သူ၏ဦးခေါင်းကို ကျနော်ကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါကလည်း ကိုယ်ပွား ပဲပေါ့။ ဟန်ဆိုယောင်း ဆိုတာ မင်းရဲ့ နာမည်အစစ်လား"
"ဟုတ်တယ်"
ကျနော် ထင်ထားသည့်အတိုင်း ဟန်ဆိုယောင်း သည် ပထမဆုံးသော တမန်တော်ပင် ဖြစ်သည်။ မင်္ဂလာမရှိသော ထိုခိုးချသူမှာ အမြဲတမ်း လူကြောက်တစ်ယောက်လို ပုန်းကွယ်နေတတ်၏။
"ဒီ-ဒီ-ဒီကောင်က ဘာလဲဟ"
ဘေးပတ်ပတ်လည်မှ လူများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ရှုပ်ထွေးနေသော အသံများနှင့် သစ္စာဖောက်ခံရမှုကြောင့် နာကျင်နေသော အသံများ ထွက်ပေါ်လာသည်။ ယူဆန်းအာ၊ လီဂီယောင်တို့နှင့်အတူ ဘေးဘက်သို့ ကျနော်တစ်လှမ်းဆုတ်လိုက်သည်။ ဟန်ဆိုယောင်း ၏ စကားပြောနေသော ဦးခေါင်းကိုမူ ကျနော့်လက်တစ်ဖက်ဖြင့် ကိုင်ထားဆဲပင်။
"ငါ ထင်တာ မှန်တယ်။ ‘စာသားဝတ္ထု’ ကို ဖြန့်ခဲ့တာ မင်းပဲ မဟုတ်လား"
"ဟုတ်တယ်၊ မင်းရဲ့ ခိုးချထားတဲ့ ဝတ္ထုရဲ့ စာသားဗားရှင်းကို ငါ ဖြန့်ခဲ့တာ"
"...ဗျာဒိတ်တော်က ခိုးချထားတာ မဟုတ်ဘူး"
" ခိုးချတာပဲလေ။ မူရင်းရဲ့ အချက်အလက်တွေကို မင်းကူးပြီး ရေးခဲ့တာပဲ မဟုတ်ဘူးလား"
"ငါ့ရဲ့ လက်ရာကို အဲဒီလို အမှိုက်တွေနဲ့ မနှိုင်းနဲ့"
"ငါပြောတာကို မင်းကနားလည်နေပြီး မူရင်းကို ဖတ်ခဲ့တယ်ဆိုတာကိုလည်း မငြင်းဘူးပဲ"
ဟန်ဆိုယောင်း က ကျနော့်ကို စိုက်ကြည့်လိုက်သည်။
"အားလုံးပဲ၊ သူ့ကို သတ်ကြစမ်း။ မင်းတို့ ဘာလုပ်နေကြတာလဲ"
"ခေါင်း-ခေါင်းပြတ်ကြီးက စကားပြောနေတယ်ဟ"
ဟန်ဆိုယောင်း ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားသည်။ လူများသည် ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် ထိတ်လန့်နေကြသော်လည်း မည်သူမျှ လှုပ်ရှားမည့် အရိပ်အယောင် မရှိကြချေ။ ထို့ပြင် မကြာမီတွင် သူတို့သည် ကျနော်တို့အကြောင်းကို စိတ်ပူနေရန် အချိန်ပင် ရှိတော့မည် မဟုတ်ဟု ပြော၍ ရသည်။ ဟန်ဆိုယောင်း ကို ကျနော် ပြုံးပြလိုက်သည်။
"မင်းပြောတဲ့ ရိုးအီနေတဲ့ ဇာတ်ကွက်က အခုပဲ စတော့မယ်"
ကျနော် စောင့်ဆိုင်းနေစဉ်မှာပင် အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။ အလင်းကွင်းများမှာ ရွေ့လျားသွားပြီး လူအချို့၏ ကိုယ်ခန္ဓာပေါ်တွင် သွေးစင်းကြောင်းများ ရေးဆွဲလိုက်၏။
"ဘာလဲဟ"
ကိုယ်ခန္ဓာ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာသဖြင့် လူတစ်ဦး အော်ဟစ်လိုက်သည်။ နောက်ဘက်မှ လူများမှာလည်း အော်ဟစ်ရင်း လှုပ်ရှားလာကြသည်။
"ချီးပဲ။ ဒီကောင်တွေကတော့ကွာ"
၎င်းမှာ ရှေ့ဘက်မှ ချဉ်းကပ်လာသော ပြင်းထန်သည့် တည်ရှိမှုတစ်ခုထံမှ ထွက်ပေါ်လာသော အနက်ရောင် မှော်စွမ်းအင်ပင် ဖြစ်သည်။
"ဝေါယာဉ်ကို မြှောက်လိုက်ကြ"
အသံတစ်ခုမှာ ကြီးမားသော ဝေါယာဉ် အတွင်းမှ ထွက်ပေါ်လာသည်။ ဝေါယာဉ်အတွင်း၌ တစ်စုံတစ်ဦး၏ အရိပ်ကို တွေ့နေရလေသည်။ တုံ့ပြန်သည့်အနေဖြင့် ကျနော်အော်ပြောလိုက်သည်။
"ယူဆန်းအာ။ ဂီယောင်…. နောက်ဆုတ်ကြ"
ဝေါယာဉ်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဖယ်ကြစမ်း"
ဝေါယာဉ်သည် လူအုပ်စုထံသို့ စတင်ချဉ်းကပ်လာသည်။ အလင်းကွင်း သုံးခုမှာ စစ်မြေပြင်ကို သနားညှာတာမှုကင်းမဲ့စွာ တိုက်ခတ်လိုက်သည်။ လူပေါင်း ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း သေဆုံးသွားကြ၏။
လူများသည် သူတို့၏ ခြေလက်များ ပျောက်ကွယ်သွားပြီး သွေးများ ပန်းထွက်လာသည်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ တိုက်ပွဲဝင်ဖို့ တန်းစီထားမှုများမှာ ချက်ချင်းပင် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
"အားး..."
ထိတ်လန့်သွားသော အဖွဲ့သားများမှာ နောက်ဆုတ်သွားကြသည်။ ဆူညံနေသော တိတ်ဆိတ်မှုအတွင်းတွင် လူတိုင်းမှာ ကြွက်သေတစ်ကောင်လို ပါးစပ်ပိတ်သွားကြသည်။
မင်းဆိုးမင်းညစ် သည် ဝေါယာဉ်အတွင်းမှ လမ်းလျှောက်ထွက်လာသည်။
" အရင်ခေတ်က ဘုရင်တွေက တကယ်ကို မတော်ကြဘူးပဲ.."
သူသည် စုစည်းထားသော မှော်စွမ်းအားကို ထုတ်လွှတ်သည့် ပစ္စည်းတစ်ခုဖြစ်သော ‘သုံးကွင်းပတ်လက်စွပ်’ကို လက်တွင် ကိုင်ထားသည်။ ၎င်းမှာ ဆိုးလ်မြောက်ပိုင်းတွင် ရရှိနိုင်သော လျှို့ဝှက်ပစ္စည်းတစ်ခု ဖြစ်သော်လည်း၊ မူရင်းဇာတ်လမ်းရှိ မင်းဆိုးမင်းညစ် ပိုင်ဆိုင်ထားသောအရာ မဟုတ်ပါချေ။
သူ့ထံတွင် ပရောဟိတ် အချို့ ရှိနေသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။
[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါသည်။]
[ဇာတ်ကောင်အကျဉ်းချုပ်]
အမည် : ဂျောင်ယောင်ဟို
အသက် : ၃၃ နှစ်
ထောက်ပံ့သူ : မဟာဘုရင် ဟွန်းချွန်း ဟုန်ဒို ဂယောင်မွန် ဝီမူ
ဝိသေသ လက္ခဏာ : ဆပ်ကပ်အဖွဲ့ဝင် (ရှားပါး)၊
မင်းဆိုးမင်းညစ် (သူရဲကောင်း)
သီးသန့်စွမ်းရည်များ : ချုပ်ကိုင်ခြင်း နည်းစနစ် အဆင့် ၅၊
ကောင်းကင်ခြေလှမ်း အဆင့် ၃၊
လက်နက်လေ့ကျင့်မှု အဆင့် ၅
အထူးစွမ်းရည် : ဝေါယာဉ်တင့်ကား အဆင့် ၅၊ ချိုယောင်မူ အဆင့် ၅၊
အာဏာရှင်စနစ် အဆင့် ၄
အခြေခံစွမ်းရည်များ : ခံနိုင်ရည် အဆင့် ၃၀၊ ခွန်အား အဆင့် ၂၈၊
လျင်မြန်မှု အဆင့် ၂၈၊ မှော်စွမ်းအား အဆင့် ၃၄ (+၂)
ခြုံငုံသုံးသပ်ချက် : ကိုရီးယားကျွန်းဆွယ်၏ အဆိုးဝါးဆုံး
အာဏာရှင်သည် မကျေမနပ်ဖြစ်နေသော
နိုင်ငံသားများနှင့် တွေ့ဆုံခဲ့သည်။ လူမှုစနစ်အပေါ်
မကျေနပ်သော သာမန်နိုင်ငံသားများသည်
သူပေးအပ်သော အခွင့်အရေးများကို
လျစ်လျူရှုကြမည် မဟုတ်ပါချေ။
လက်ရှိအချိန်တွင် ‘စတင်သူများအတွက် အထုပ်’ကို အသုံးပြုထားပါသည်။
လက်ရှိအချိန်တွင် ‘ကြီးထွားမှုအတွက် အထုပ်’ကို အသုံးပြုထားပါသည်။
လက်ရှိတွင် ‘ဇာတ်ဝင်ခန်းသစ်များအတွက် အထုပ်’ကို အသုံးပြုထားပါသည်။
ဝိသေသလက္ခဏာ ဇယားကို ကြည့်ခြင်းအားဖြင့် အခြေအနေကို နားလည်နိုင်ပေသည်။ သူသည် အထုပ် သုံးခုလုံးကို အသုံးပြုထားသောကြောင့် ဤမျှအထိ သန်မာနေခြင်း ဖြစ်သည်။ ထို့ပြင် သူ၏နောက်ကွယ်တွင် ကြိုးတန်းပေါ်၌ အန္တရာယ်ရှိစွာ လမ်းလျှောက်ရသည်ကို နှစ်သက်သော နက္ခတ်တစ်ပါးလည်း ရှိနေလေသည်။
သူ၏ တစ်ကိုယ်လုံးတွင် စွမ်းအင်အရှိန်အဝါများ ဖုံးလွှမ်းသွားသည်။ မင်းဆိုးမင်းညစ် သည် သူ၏ ထောက်ပံ့သူနှင့် ချိတ်ဆက်မှုကို အစွမ်းကုန် မြှင့်တင်နေခြင်း ဖြစ်သည်။ ဘီဟွန်း အပါအဝင် ဒိုကဲဘီ အချို့သည် လေထုထဲမှနေ၍ သူ့ကို စိုက်ကြည့်နေကြသည်။ အကယ်၍ သူသာ ‘ဖြစ်နိုင်ခြေ’ စည်းကမ်းကို ချိုးဖောက်ပါက သူတို့သည် အချိန်မရွေး ‘ဖြစ်နိုင်ခြေ တောင်းဆိုမှု’ တစ်ခု ပြုလုပ်ရန် အသင့်ပြင်ထားကြလေ၏။
"ငါဟာ အာဏာရှင်တစ်ယောက် ဖြစ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အခုတော့ ငါဟာ အာဏာရှင် မဟုတ်တော့ဘူး"
မင်းဆိုးမင်းညစ် ၊ မဟာဘုရင် ဟွန်းချွန်း ဟုန်ဒို ဂယောင်မွန် ဝီမူ။
"သမိုင်းဆိုတာ ကြောက်စရာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ကစပြီး ဒီမြေအတွက် သမိုင်းသစ်တစ်ခုကို ငါ ကိုယ်တိုင် ရေးထိုးတော့မှာမလို့ပဲ"
သမိုင်းတွင် ‘ဘုရင်’ တစ်ပါးအဖြစ် မှတ်တမ်းတင်ခြင်း မခံရသော ကိုရီးယားကျွန်းဆွယ်၏ ထိပ်တန်း အာဏာရှင်။
"ငါဟာ လီယွန်း အဖြစ် မွေးဖွားလာတဲ့ ယွန်းဆန်ဂွန် ပဲ"
ထောက်ပံ့သူနှင့် ချိတ်ဆက်မှု အမြင့်ဆုံးသို့ ရောက်ရှိသွားသည်နှင့်အမျှ မင်းဆိုးမင်းညစ် ထံမှ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များ ထွက်ပေါ်လာသည်။ မှော်စွမ်းအားဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်ရှိ အဖွဲ့သားများမှာ ပေါက်ကွဲထွက်ကုန်ကြသည်။ အဆင့် ၃၀ ရှိသော မှော်စွမ်းအင်များကို ‘သုံးကွင်းပတ်လက်စွပ်’ အတွင်းသို့ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန် အန္တရာယ်များလှ၏။
"နောက်မဆုတ်နဲ့"
"အားလုံးပဲ တိုက်ကြစမ်း"
သို့သော်လည်း မင်းဆိုးမင်းညစ် ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှာလည်း မယုံကြည်နိုင်လောက်အောင်ပင် တောင့်ခံထားကြသည်။ အခြားသော ဘုရင်များအပြင် မေတ္တေယျဘုရင် နှင့် မြေနဂါးဘုရင် တို့လည်း ရှိနေကြ၏။ ဘုရင်များ စုစည်းမိသွားသည်နှင့်အမျှ အားနည်းချက်များမှာ တဖြည်းဖြည်း လျော့နည်းသွားကြလေသည်။ အခြားသော ဘုရင်များသည်လည်း သူတို့၏ ထောက်ပံ့သူများနှင့် ချိတ်ဆက်မှုကို အစွမ်းကုန် မြှင့်တင်လိုက်ကြသည်။ ကိုယ်စားလှယ်များသာမက နက္ခတ်များ ကိုယ်တိုင်လည်း အသည်းအသန် ဖြစ်နေကြ၏။
ဟန်ဆိုယောင်း ၏ ဦးခေါင်းကို ငုံ့ကြည့်ကာ ကျနော် မေးလိုက်သည်။
"မင်းကော မတိုက်တော့ဘူးလား"
ကျနော့်စကားကြောင့် ဟန်ဆိုယောင်း က ရယ်မောလိုက်သည်။
"ရယ်နေတာလား။ မင်းမှာ အေးအေးဆေးဆေး နေနိုင်သေးတဲ့ အခြေအနေ ရှိနေသေးတာပေါ့လေ"ဟုကျနော် ပြောလိုက်သည်။
"မင်းက... အရာအားလုံးက မင်းစီစဉ်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား။ ယွန်းဆန်ဂွန် နဲ့ တခြားဘုရင်တွေ တိုက်ခိုက်နေကြပြီ။ သူတို့ အင်အားကုန်သွားတဲ့အခါ မင်းက ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို အသာလေး ဝင်ယူတော့မှာ မဟုတ်လား"
အဆိုပါစကားမှာ လက်တွေ့အခြေအနေမှန်နှင့် တော်တော်လေးကို နီးစပ်သော စကားဖြစ်၏။
"ဒါပေမဲ့ အဲဒါက ဖြစ်လာမှာ မဟုတ်ဘူး။ မင်း စာသားတွေ ဖြန့်ခဲ့တဲ့ လုပ်ရပ်က တော်တော်လေး ကောင်းမွန်ခဲ့ပေမဲ့၊ ငါက ဒီနေ့အတွက် မင်းထက် အများကြီး ပိုကြာအောင် ပြင်ဆင်လာခဲ့တာ"
"ဘာတွေ လျှောက်ပြောနေတာလဲ"
"နောက်ဆုံးမှာတော့ ဇာတ်ကွက်ဟောင်းတွေကပဲ အနိုင်ရလိမ့်မယ်"
လေထုထဲတွင် အလယ်အလတ် ဒိုကဲဘီ၏ အသံ ထွက်ပေါ်လာသည်။
[ဟားဟား…. အားလုံးက တော်တော်လေး တိုက်နိုင်ကြတာပဲ။ ကြီးမြတ်တဲ့ နက္ခတ်တို့ရေ၊ ခင်ဗျားတို့ အသည်းအသန် ဖြစ်နေကြပြီလား။ ကျနော် မြင်ပါတယ်။ ကိုယ်စားလှယ်တွေနဲ့ နက္ခတ်တွေ အစွမ်းကုန် ကြိုးစားသင့်တာပေါ့။ အားလုံးပဲ နောက်ထပ် ဇာတ်ကြောင်းအဆင့်အတန်း တစ်ခုကို တက်လှမ်းချင်ကြတယ် မလား]
ဒိုကဲဘီ၏ အသံကြောင့် စစ်မြေပြင်မှာ တိတ်ဆိတ်သွားသည်။
[ဒါကြောင့် ကျနော် သတင်းကောင်း ယူလာပေးပါတယ်။ အခုကစပြီး ဒုတိယ အရည်အချင်းစစ်ဆေးမှု စတင်ပါပြီ။]
[ဘုရင်၏ အရည်အချင်း]
၁။ 「 ပလ္လင်၏ အရှင်သခင်သည် မည်သူ့ထက်မဆို ပို၍ သတ္တိရှိရမည်။ 」
– အကြွင်းမဲ့ပလ္လင်သည် ‘အားနည်းသော ဘုရင်’ ကို ဘယ်သောအခါမျှ အလိုမရှိချေ။ ပလ္လင်ကို စိန်ခေါ်ရန်အတွက် သင်သည် အနည်းဆုံး အနက်ရောင်အလံ တစ်ခုကို ပိုင်ဆိုင်ထားရမည်။
၂။ 「 ပလ္လင်ကို လိုချင်သောသူသည် ၎င်းကို တောင့်တရမည်။ 」
– ပလ္လင်ကို စိန်ခေါ်နိုင်မည့် ‘ဘုရင်’ အရေအတွက်ကို သတ်မှတ်ထားသည်။ စိန်ခေါ်ခွင့် ရရှိရန်အတွက် သင့်ပတ်ဝန်းကျင်ရှိ အခြားသော ဘုရင်များကို ဖယ်ရှားရမည်။
အလယ်အလတ် ဒိုကဲဘီက ရယ်မောလိုက်သည်။
[အကြွင်းမဲ့ပလ္လင်ရဲ့ နောက်ဆုံး အရည်အချင်းစစ်ဆေးမှုကို ဘုရင် ငါးပါး သာ စိန်ခေါ်နိုင်မှာ ဖြစ်တယ်ဆိုတာကို သတိပြုပေးပါ။ ကျန်ရှိနေတဲ့ အရေအတွက်ကတော့... ကြည့်ရအောင်]
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၁၄ ပါး]
လူများမှာ တိုးတိုးလေး ရေရွတ်လိုက်ကြသည်။
"ဆ-ဆယ့်လေးပါး ဟုတ်လား"
"အပြင်မှာ ဘုရင်တွေ ရှိနေသေးတာလား"
[မင်းတို့ သိထားဖို့ကတော့ လောလောဆယ် ဒီလျှို့ဝှက်ထောင်ချောက်ထဲမှာ ဘုရင် ၁၂ ပါး ရှိနေပါတယ်]
ကျနော် အနည်းငယ် အံ့ဩသွားသည်။
ဒီထောင်ချောက်ထဲမှာ ဘုရင်တွေ ဒီလောက်တောင် များနေတာလား။ ကောင်းပြီလေ။ ‘လျှို့ဝှက်’ ဘုရင်အဖြစ် ငါ တစ်ယောက်ထဲ ရှိနေမယ်လို့ ငါက တွေးထားတာမှမဟုတ်ပဲ။
"ဘယ်သူလဲ။ ပုန်းနေတဲ့ ဘုရင်က ဘယ်သူလဲ"
မင်းဆိုးမင်းညစ် သည် ရှုပ်ထွေးနေသော လူများကို ကြည့်ကာ ရယ်မောလိုက်သည်။
"ဟားဟားဟား… မင်းတို့တွေ တစ်ယောက်ကိုတစ်ယောက် နောက်ကျောဓားနဲ့ ထိုးနေကြတာ မြင်ရတာ တကယ့်ကို ရယ်ရတယ်"
"အခုက ငါတို့အချင်းချင်း တိုက်နေရမယ့် အချိန်မဟုတ်ဘူး။ မင်းဆိုးမင်းညစ်ကိုပဲ အာရုံစိုက်ရမယ်"
ဘုရင်များသည် သူတို့၏ ဆင်ခြင်တုံတရားကို အနိုင်နိုင် ပြန်လည် ထိန်းချုပ်နေကြစဉ်မှာပင်...
"ဒီမှာဟေ့… ဒီကောင်က ဘုရင်ပဲ"
ဟန်ဆိုယောင်း ၏ ဦးခေါင်းက လူအားလုံးကို အော်ပြောလိုက်သည်။
"ကျနော် မြင်လိုက်တယ်။ သူ့မှာ အလံ ရှိနေတယ်"
"ဘာ..."
ဒါကတော့ တကယ့်ကို...
ဟန်ဆိုယောင်း ၏ ဦးခေါင်းကို အမြန်ပင် ကျနော်တက်နင်းလိုက်သည်။ လူတိုင်း၏ အာရုံမှာ ကျနော့်ထံသို့ စုပြုံရောက်ရှိလာသည်။ ၎င်းမှာ ‘ကျန်ရှိနေသော ဘုရင်များ’ ထဲမှ တစ်ပါး၏ သေဆုံးခြင်းကို ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်ပင် ဖြစ်သည်။
"သူ့ကို သတ်လိုက်ရင်..."
ဒါက သိပ်ပြီး အပေါစားဆန်လွန်းသည်ဟု ကျနော် ခံစားလိုက်ရသည်။ ထိုခိုးချသူ၏ ဇာတ်ကွက်မှာ တိမ်လွန်းလှသည်။
ခဏလေး... ဖြစ်နိုင်တာက….
...တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီလိုလား။
ဘုရင်များ၏ နောက်ကွယ်တွင် တိတ်တဆိတ် လှုပ်ရှားနေသော လူများကို ကျနော် အာရုံစိုက်ကြည့်လိုက်သည်။ သူတို့သည် ဘုရင်များ တန်ဖိုးထားရသော သစ္စာရှိ နောက်လိုက်များ ဖြစ်ကြသည်။
"အဟွတ်..."
ပါးလွှာသော ဓားတစ်လက်မှာ ဘုရင်တစ်ပါး၏ ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။
[ကျန်ရှိနေသော ဘုရင်အရေအတွက် လျော့နည်းသွားပါသည်။]
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၁၂ ပါး]
မြော်မြင်တတ်သော ဘုရင် နှင့် တိုက်ခိုက်ရေး ဘုရင် တို့မှာ အင်အားကုန်ခမ်းနေကြပြီ ဖြစ်သလို၊ မေတ္တေယျဘုရင် နှင့် မြေနဂါးဘုရင် တို့မှာလည်း အလစ်အငိုက် တိုက်ခိုက်ခံရမှုကြောင့် အကြီးအကျယ် ထိခိုက်သွားကြသည်။ မင်းဆိုးမင်းညစ် ပင်လျှင် ဘေးဘက်နှင့် ပေါင်တို့တွင် နောက်ဘက်မှ လူသုံးဦး၏ ဓားဖြင့် အထိုးခံလိုက်ရသည်။
"ယုတ်မာတဲ့ ကောင်တွေကတော့ကွာ..."
ဒါဟာ ဘယ်သူ့လက်ချက်လဲဆိုတာ ကျနော် သဘောပေါက်လိုက်သည်။ သူတို့၏ ဘုရင်များကို သစ္စာဖောက်ခဲ့သော လူသားများသည် ဦးခေါင်းဖြတ်ခံရသောအခါတွင် သွေးများ ထွက်မလာကြချေ။ ကျဆုံးသွားသော ဘုရင်များ၏ ကျောက်မျက်ရတနာများကို တစ်စုံတစ်ယောက်က အလျင်အမြန်ပင် လုယူသွားသည်။
"ကျောက်မျက်… ငါ့ရဲ့ ကျောက်မျက်ပါသွားပြီ"
ကြယ်ကျောက်မျက်များသည် ပုန်းကွယ်နေသော ‘ကိုယ်ပွားများ’ ၏ လက်ထဲမှတစ်ဆင့် ကူးပြောင်းသွားပြီး လူတစ်ဦး၏ လက်ထဲတွင် စုစည်းသွားတော့သည်။
"နောက်ဆုံးမှာတော့ ဇာတ်ကွက်ဟောင်းတွေကပဲ အနိုင်ရလိမ့်မယ်လို့ ငါ ပြောသားပဲ"
လှပသော မိန်းကလေးတစ်ဦးသည် လေထဲတွင် ပျံဝဲလှုပ်ရှားလာပြီး နံရံကွက်တစ်ခုပေါ်သို့ ဆင်းသက်ကာ ရယ်မောလိုက်သည်။ ထိုမိန်းကလေးသည် ခိုးချစာရေးဆရာ၏ ပင်ကိုယ်ခန္ဓာ အစစ်အမှန် မဟုတ်ပေလော။
...အမျိုးသမီးတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျနော် မမျှော်လင့်ထားခဲ့ချေ။
အဆိုပါအမျိုးသမီး၏ လက်ထဲတွင် စုစည်းထားသော ကျောက်မျက် ခုနစ်လုံးမှာ အလင်းများ ထွက်ပေါ်လာသည်။
[အတုအယောင်ဘုရင် ဟန်ဆိုယောင်း သည် ကြယ်ကျောက်မျက် ခုနစ်လုံးလုံးကို စုစည်းမိသွားပါသည်။]
[ပစ္စည်းအသစ်တစ်ခုကို ဆင့်ခေါ်ရန်အတွက် ကြယ်ကျောက်မျက် ခုနစ်လုံးကို ယဇ်ပူဇော်လိုက်ပါသည်။]
[အတုအယောင်ဘုရင် ဟန်ဆိုယောင်း သည် ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို ဆင့်ခေါ်နေပါသည်။]
နောက်ဆုံးတွင် ခိုးချသောစာရေးဆရာသည် ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ၏ အရှင်သခင် ဖြစ်လာခဲ့၏။ သူသည် ‘အတုအယောင်ဘုရင်’ပင် ဖြစ်လေသည်။ အဆိုပါ ဘုရင်ဘွဲ့မှာ ခိုးချသောစာရေးဆရာနှင့် အံ့သြစရာ ကောင်းလောက်အောင် လိုက်ဖက်သော ဝိသေသလက္ခဏာတစ်ခုပင် ဖြစ်၏။
"ဒေါ့ဂျာ။ ကျမတို့ ဘာလုပ်ကြမလဲ"
"ကျနော်တို့ အဆင်ပြေပါသေးတယ်"
ကျနော့်၏ ပေါ့ပေါ့ပါးပါး စကားကြောင့် ယူဆန်းအာက ထူးဆန်းသော မျက်နှာပေးမျိုး လုပ်လိုက်သည်။
"ဒီလောက်အထိ တည်ငြိမ်နေလို့ ဖြစ်ပါ့မလား။ အဲဒါက တကယ့်ကို အစွမ်းထက်တဲ့ ပစ္စည်းကြီးလေ"
မှန်ပေသည်။ S+ အဆင့်ရှိသော ပစ္စည်းမှာ ကြီးကျယ်လှသည်။ သို့သော် ယွန်းဆန်ဂွန် ၏ ‘သုံးကွင်းပတ်’ မှာလည်း S- အဆင့်ရှိသော ပစ္စည်းတစ်ခု ဖြစ်သည်။ စွမ်းဆောင်ရည်မှာ အနည်းငယ် ကွာခြားနိုင်သော်လည်း ထိုမျှအထိတော့ မဆိုးလှပါချေ။
"ဟားဟားဟား။ သေကြစမ်း…. အားလုံး သေကြစမ်း"
စူးရှသော မှော်စွမ်းအင်များမှာ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား မှ ထွက်ပေါ်လာပြီး စစ်မြေပြင်ကို တိုက်စားသွားသည်။ သို့သော်လည်း လူများမှာ လွယ်လွယ်နှင့် သေဆုံးမသွားကြချေ။ လူများသည် သူတို့ ပေါက်ကွဲထွက်တော့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အတုအယောင်ဘုရင်၏ မှော်စွမ်းအားကို ပြန်လည် တုံ့ပြန်နိုင်ခဲ့ကြသည်။
အတုအယောင်ဘုရင်သည် ကိုယ်ပွားများကို အများအပြား အသုံးပြုထားသောကြောင့် မှော်စွမ်းအားမှာ အားနည်းနေခြင်း ဖြစ်သလို၊ အဓိက ဘုရင်သုံးပါးမှာလည်း အသက်ရှင်နေဆဲ ဖြစ်သောကြောင့်ပင်။
ဇဝေဇဝါ ဖြစ်သွားသော ဟန်ဆိုယောင်း က အော်ဟစ်လိုက်သည်။
"ဘာ-ဘာလဲဟ။ ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ"
"အဲ့ကောင်မကို သတ်ကြ။ အဲ့ကောင်မကို သတ်ပြီး အဲဒီဓားကို လုယူကြစမ်း"
"အား။ နောက်ဆုတ်… နောက်ဆုတ်ကြစမ်း"
အခြေအနေမှာ ဤသို့ ဖြစ်သွားခဲ့သည်။ ဟန်ဆိုယောင်း သည် ကျနော့်အဖွဲ့ရှိရာ နေရာအထိ နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။ ဟန်ဆိုယောင်းကို ကျနော်ပြောလိုက်သည်။
"ဇာတ်ကွက်ဟောင်းကြီးက ပျက်သွားပြီပေါ့။ ပုံမှန်ဆိုရင်လည်း ဒီလိုပဲ ဖြစ်တတ်တာပါပဲ"
"ပါးစပ်ပိတ်ထား"
"နင့်ကို ကူညီပေးစေချင်လား"
"မလိုဘူး"
ဟန်ဆိုယောင်း က အော်ဟစ်ပြီး ဓားကို တစ်ဖန် ပြန်လည် ဝေ့ယမ်းလိုက်သည်။ သို့သော် ဟန်ဆိုယောင်းမှာ ပြန်လည် အသာစီးရမည့်ပုံ မပေါ်ချေ။ ဤနုံအသော မိန်းကလေးကို ကျနော် တစ်ခုခု ပြောပြချင်မိသည်။ လက်နက်တစ်ခုက အစွမ်းထက်လို့ နာမည်ကြီးတာ မဟုတ်ဘဲ မူရင်းပိုင်ရှင်က သန်မာလို့သာ နာမည်ကြီးခြင်း ဖြစ်၏။
"ငါ မင်းကို သတ်ပစ်မယ်"
မင်းဆိုးမင်းညစ် သည် သူ၏ ယုံကြည်မှုကို ပြန်လည် ရရှိလာပြီး စတင် တိုက်ခိုက်လာသလို၊ အခြားသော ဘုရင်များကလည်း တိုက်ပွဲဝင်လာကြသည်။
မကြာမီ တိုက်ပွဲမှာ မည်သူက မည်သူ့မဟာမိတ်မှန်း မသိရသော ရုန်းရင်းဆန်ခတ် တိုက်ပွဲတစ်ခု ဖြစ်လာတော့သည်။
ဒါနဲ့... သူ ပြန်လာရမယ့် အချိန်တောင် ရောက်နေပြီပဲ...
သူ လမ်းမှားနေတုန်းလား။ ဆိုးလ်မြောက်ပိုင်းဒေသက ဝေးပေမဲ့ သူ ပြန်လာဖို့အတွက်တော့ အချိန်က လုံလောက်နေပြီလေ။
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၁၁ ပါး]
လေထဲရှိ စာသားမှာ ပြောင်းလဲသွားသည်။
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၁၀ ပါး]
အင်း... တကယ့်ကိုပဲ။
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၉ ပါး]
သူ ရောက်လာပြီ။
"ဘာ-ဘာလဲဟ"
"ဘာလို့ ဘုရင်အရေအတွက်က ရုတ်တရက်ကြီး လျော့သွားရတာလဲ"
ပတ်ဝန်းကျင်ရှိ ဘုရင်များမှာ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြသည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ဘုရင်အရေအတွက်မှာ စတင်လျော့နည်းလာတော့သည်။
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၈ ပါး]
ဘုရင်အရေအတွက်မှာ ဂဏန်းတစ်လုံးတည်းအထိ လျော့ကျသွားသည်နှင့်အမျှ သူတို့၏ ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကြတော့၏။
"တစ်ယောက်ယောက် ရှိနေတယ်။ တစ်စုံတစ်ယောက်က ဘုရင်တွေကို လိုက်သတ်နေပြီ"
အခြားတစ်ဖက်တွင်မူ ထိုအခြေအနေကို ဝမ်းမြောက်နေသူတစ်ဦး ရှိသည်။ ၎င်းမှာ မင်းဆိုးမင်းညစ် ပင် ဖြစ်သည်။
"ဟားဟားဟား။ ဘယ်သူ ဂရုစိုက်မှာလဲ။ မင်းတို့အားလုံးလည်း သေရမှာပဲလေ"
မင်းဆိုးမင်းညစ် သည် ‘သုံးကွင်းပတ်’ ကို ထပ်မံ အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် အမိုးမှာ ပြိုကျလာပြီး မင်းဆိုးမင်းညစ် လဲကျသွားတော့သည်။
အားးး
ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင် မုန်တိုင်းတစ်ခု တိုက်ခိုက်လိုက်သဖြင့် မင်းဆိုးမင်းညစ် မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သက်ရှိမှန်သမျှကို အမှုန်အမွှားများအဖြစ် တစစီ ဖြိုခွဲပစ်နိုင်သော ဧရာမ မှော်စွမ်းအင် မုန်တိုင်းမှာ မင်းဆိုးမင်းညစ် ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။
"အူး... အားးး... ဝါးးး"
ထို့နောက်တွင်တော့...
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၇ ပါး]
သူတို့ရှေ့တွင် လူတစ်ဦး၏ အေးစက်သော အသွင်အပြင်သာ ကျန်ရှိတော့သည်။ ထိုထူးခြားဆန်းပြားသော မြင်ကွင်းနှင့် နီးကပ်စွာရှိနေသူများမှာ တုန်ယင်ကာ မြေပြင်ပေါ်သို့ ပုံလဲကျသွားကြ၏။
"ဘာ-ဘာလဲဟ။ ဒါက ဘာကြီးလဲ"
အမျိုးသားတစ်ဦးသည် မင်းဆိုးမင်းညစ် ကို ပိုးကောင်တစ်ကောင်ကဲ့သို့ တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုများ ငြိမ်သက်သွားပြီးနောက် သူ၏ အသွင်အပြင်မှာ တဖြည်းဖြည်း ပေါ်လွင်လာသည်။ အသက်ရှင်ကျန်ရစ်သော ဘုရင်များနှင့် သေလုဆဲဆဲ ဘုရင်များအားလုံးသည် သူ့ကို ငေးမောကြည့်နေကြသည်။
ဟန်ဆိုယောင်း ၏ ခြေထောက်များမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး နောက်သို့ ဆုတ်လိုက်သည်။
"မဖြစ်နိုင်တာ... ဒါက မဖြစ်နိုင်ဘူးလေ"
ဟန်ဆိုယောင်း၏ ကိုယ်ပွား ပြောခဲ့သော စကားများကို ရုတ်တရက် သတိရလိုက်မိသည်။ ဆိုးလ်ရှိ ဘုရင်ခုနစ်ပါးထဲတွင် အသန်မာဆုံးမှာ မင်းဆိုးမင်းညစ် ဖြစ်သည်ဟု ကျနော် ယခင်က ထင်မှတ်ခဲ့သော်လည်း ထိုစကားမှာ မမှန်ကန်ပါချေ။
ယခုအချိန်အထိ ကျနော်သည် ပရောဟိတ်များကြောင့် ဘုရင်ဖြစ်မလာခဲ့သော ဟန်ဒေါင်ဟွန်း အပါအဝင် ဘုရင်ခုနစ်ပါးထဲမှ ငါးဦးနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
အရိပ်များ၏ တစ်ဦးတည်းသော ဘုရင် - ဟန်ဒုံဂွန်
အလှဘုရင်မ - မင်ဂျီဝန်
မေတ္တေယျဘုရင် - ချာဆန်းဂယောင်
မြေနဂါးဘုရင် - ဂူဒေးဆောင်း
မင်းဆိုးမင်းညစ် - ဂျောင်ယောင်ဟို
ယခုထိ ပေါ်မလာသေးသော ‘ကြားနေဘုရင်’ မှလွဲလျှင် လူတစ်ဦး ကျန်ရှိနေသေးသည်။
ဒါဆို ကျန်နေတဲ့ တစ်ယောက်က ဘယ်သူလဲ။ အဖြေကတော့ ရှင်းပါတယ်။
တကယ်တော့ ကျနော်ဟာ သူ့ကို တခြားဘုရင်တွေထက် အရင်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်သည်။
ဒေါသတကြီး အော်ဟစ်သံတစ်သံမှာ စစ်မြေပြင်တစ်ခုလုံး ဟိန်းထွက်သွားသည်။
"ကင်ဒေါ့ဂျာ..."
ကျနော်က ပြုံးလျက် သူ့ကို လက်လှမ်းပြလိုက်သည်။ ကျနော့်ထံသို့ ဦးတည်လာနေသော ထိုသူ၏ နောက်ကွယ်တွင် ကြီးမားသော အနက်ရောင်အလံတစ်ခု လွင့်ပျံနေသည်။
"မင်း ရောက်လာပြီပဲ..."
ဆိုး
လ်၏ ဘုရင်ခုနစ်ပါးထဲတွင် အသန်မာဆုံးမှာ သဘာဝကျစွာပင် ‘အမြင့်မြတ်ဆုံးဘုရင်’ (Supreme King) ယူဂျွန်ဟော့ ပင် ဖြစ်ပေတော့သည်။