ပလ္လင်၏အရှင်သခင် (၄)
Vol. 5 Ch. 70
မည်သို့ပင်ဖြစ်စေ ဇာတ်လိုက်ဆိုသည်မှာ ဇာတ်လိုက်ပင် ဖြစ်သည်။ ကျနော် သူ့ကို ဂန်ဘတ်ဘူတာသို့ လွှတ်လိုက်သော်လည်း သူသည် အနက်ရောင်အလံတစ်ခုကို ရရှိထားပြီးဖြစ်၏။
အကယ်၍ ကိုယ်စားလှယ်မဟုတ်သူတစ်ဦးက ကိုယ်စားလှယ်တစ်ဦး၏ အလံကို လုယူလိုက်ပါက လျှို့ဝှက်ဇာတ်ဝင်ခန်း ‘တော်လှန်ရေးလမ်းကြောင်း’ ပွင့်လာမည်ဖြစ်သည်။ သူသည် ထိုအချက်ကို သိရှိပြီး ဤနေရာသို့လာရာ လမ်းတွင် ကိုယ်စားလှယ်တစ်ဦးကို သတ်ဖြတ်ကာ ဘုရင်တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ယူဂျွန်ဟော့ ၏ လက်ရှိအသွင်အပြင်ကို ကြည့်ရသည်မှာ လီဂျီဟယ် နှင့် ယောင်ဟီဝန် တို့က သူတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပုံရသည်။
ကျနော်သည် နောက်သို့ အနည်းငယ်ဆုတ်ကာ ဟန်ဆိုယောင်း ကို ကြည့်လိုက်သည်။
"ဟေ့... အဲဒီဓားကို မြန်မြန်ပေးစမ်း"
"မ-မပေးချင်ဘူး"
"နင် ဒီမှာ သေချင်လို့လား"
ယူဂျွန်ဟော့ လှုပ်ရှားလာသည်နှင့်အမျှ ဟန်ဆိုယောင်း ၏ မျက်လုံးများမှာ တုန်လှုပ်သွားသည်။ ကျနော် အော်ပြောလိုက်သည်။
"ဂီယောင်"
လီဂီယောင် ၏ မျက်လုံးများမှာ စောင့်ဆိုင်းနေသည့်အလား ဖြူဖျော့သွားသည်။ တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံနှင့် ထောင်ချောက်ကို တစ်စုံတစ်ရာက ထုရိုက်နေသည့် အသံကို ကျနော် ကြားလိုက်ရသည်။
ခဏအကြာတွင် နံရံတစ်ခုကို ထိုးဖောက်ကာ ဓါးခုတ်ကောင်၏ လက်မောင်းဓားကြီး ပေါ်လာတော့သည်။
[အဆင့် ၆ ပိုးကောင်ဘုရင် တိုက်တန်နော့တဲလွာ ပေါ်ထွက်လာပါသည်။]
လီဂီယောင် ၏ စွမ်းရည်မှာ အကောင်းဆုံးပင် ဖြစ်သည်။ ဧရာမ ပိုးကောင်ဘုရင်၏ ကြီးမားသော စွမ်းအားကြောင့် လိုဏ်ဂူတစ်ခုလုံး လှုပ်ခါသွားသည်။ ယူဂျွန်ဟော့ နောက်သို့ လှည့်ကြည့်နေစဉ် ကျနော်က ဟန်ဆိုယောင်း ကို တိုက်ခိုက်လိုက်သည်။
"အား..."
ဟန်ဆိုယောင်း မှာ ညည်းတွားရင်း ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ကို လွှတ်ချလိုက်သည်။ ထိုဓားကို ကျနော်ကောက်ယူလိုက်သလို ဟန်ဆိုယောင်း ၏ လည်ပင်းတွင် ဆွဲထားသော အလံကိုလည်း လက်ဆောင်အဖြစ် ယူလိုက်သည်။
[သင်သည် ‘ဟုန်းဂစ် တက္ကသိုလ်’ အဖွဲ့၏ အလံကို ရရှိခဲ့ပါသည်။]
[သင်၏ ခရမ်းရောင်အလံသည် အနက်ရောင်အလံ၏ စုဆောင်းထားသော အောင်မြင်မှုများကို စုပ်ယူလိုက်ပါသည်။]
[သင်၏ ခရမ်းရောင်အလံသည် အနက်ရောင်အလံအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။]
[သင်သည် အနက်ရောင်အလံ၏ အထူးအခွင့်အရေးများကို အသုံးပြုနိုင်ပြီဖြစ်သည်။]
[ဂုဏ်ယူပါသည်။ သင်သည် ပထမဆုံးသော ဘုရင်၏ အရည်အချင်းကို ပြည့်မီသွားပါပြီ။]
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၆ ပါး]
ကျနော်သည် မင်းဆိုးမင်းညစ် ရှိရာသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ မင်းဆိုးမင်းညစ် မှာ ကျောက်ပုံများကြားတွင် လဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ်မှာ မုန့်စိမ်းတုံးလို ကြေမွနေသည်။ တကယ့်ကို ကြောက်စရာကောင်းလှသည်။ သူသည် အားလုံးကို သတ်ရန် ကြိုးစားခဲ့သော်လည်း ယခုကဲ့သို့ အချည်းနှီး သေဆုံးသွားရရှာသည်။
ဟန်ဆိုယောင်း က ကျနော့်နောက်မှနေ၍ အော်ဟစ်သည်။
"နင်... သူခိုးကောင်"
ဟန်ဆိုယောင်းကို လျစ်လျူရှုပြီး မင်းဆိုးမင်းညစ် ၏ ပစ္စည်းများကို အလျင်အမြန် ကျနော်သိမ်းယူလိုက်သည်။
[ ‘သုံးကွင်းပတ်လက်စွပ်’ ပစ္စည်းကို ရရှိပါသည်။]
[ ‘နဂါးအိုး’ ပစ္စည်း ကို ရရှိပါသည်။]
ရှင်ပြန်ထမြောက်ခြင်း ‘နဂါးအိုး’။ မင်းဆိုးမင်းညစ် သည် ခုနစ်ယောက်တွဲ ထောင်ချောက်ကို အောင်မြင်ခဲ့သဖြင့် ၎င်းကို ရရှိထားခြင်း ဖြစ်သည်။
"...ကင်ဒေါ့ဂျာ"
ယူဂျွန်ဟော့ သည် ကျနော့်နောက်သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် လိုက်လာနေသည်။ ကျနော့်တွင် လျင်မြန်မှု အဆင့် ၃၀ ရှိသော်လည်း သူသည် မျက်တောင်တစ်ခတ်အတွင်း ကျနော့်ထံသို့ ကပ်လာပေပြီ။ ပတ်ဝန်းကျင်ကို ကျနော်ဝေ့ကြည့်လိုက်ပြီး အနီးဆုံးရှိ ဘုရင်တစ်ပါး၏ နောက်တွင် ပုန်းလိုက်သည်။
"ဘာ-ဘာလဲဟ"
၎င်းမှာ နှောင်းပိုင်းဘတ်ဂျေခေတ်၏ ဘုရင် ဂူဒေးဆောင်း ပင် ဖြစ်သည်။
"အား"
ယူဂျွန်ဟော့ ၏ မညှာမတာ ခုတ်ချက်မှာ ဂူဒေးဆောင်း ၏ ဦးခေါင်းကို ကွဲအက်သွားစေပြီး ယူဂျွန်ဟော့ မှာ သူ၏အလံကို ရရှိသွားသည်။
[ ‘ဟန်နမ်ဂွန် တည်ထောင်သူ’ နက္ခတ် က သင့်ကို စိုက်ကြည့်နေပါသည်။]
ဂယွန်းဟွန်း အတွက် ကျနော် စိတ်မကောင်းဖြစ်မိသော်လည်း မတတ်နိုင်ချေ။ နောက်တစ်ကြိမ်တွင် အစားပြန်ပေးမည်ဟု ကျနော် ကတိပြုလိုက်သည်။
ကျနော် ထွက်ပြေးနေခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
"ဂျွန်ဟော့၊ ခဏလောက် ရပ်ဦး။ စကားပြောရအောင်"
"အဲဒီ မှတ်စုက..."
"မှတ်စု ဟုတ်လား"
"ငါ့ညီမ"
စကား နှစ်ခွန်းတည်း ဖြစ်သော်လည်း ကျနော် ချက်ချင်းပင် နားလည်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လီဂျီဟယ် က ကိစ္စရပ်များကို ဘေးကင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်။ ထိုမှတ်စုကို ယူဂျွန်ဟော့ ထံသို့ အချိန်ကိုက် ပေးပို့နိုင်ခဲ့သည်။
"မင်းညီမက ဘာဖြစ်လို့လဲ"
"ငါ့ညီမကို ဘယ်မှာ ဝှက်ထားတာလဲ"
"မင်း ဘာတွေ ပြောနေတာလဲ"
[ဇာတ်ကောင် ယူဂျွန်ဟော့ သည် လက်ရှိအချိန်တွင် ‘မုသားထောက်လှမ်းနိုင်စွမ်း’ အဆင့် ၆ ကို အသုံးပြုနေပါသည်။]
[ဇာတ်ကောင် ယူဂျွန်ဟော့ သည် သင်၏စကားများမှာ မမှန်ကန်ကြောင်း အတည်ပြုလိုက်ပါသည်။]
"အခုချက်ချင်း ငါ့ကို မပြောဘူးဆိုရင် မင်း တကယ်သေရလိမ့်မယ်"
‘မုသားထောက်လှမ်းနိုင်စွမ်း’ စွမ်းရည်မပါဘဲတောင် ကျနော့်ကို တကယ်သတ်ချင်နေမှန်း ကျနော်သိနေပါသည်။ ယူဂျွန်ဟော့ ယခုလို ဖြစ်နေရသော အကြောင်းရင်းက ကျနော့်စီစဉ်မှုကြောင့်ပင်။
သူ့ညီမကို ကယ်တင်ဖို့အတွက် ကျနော် သူ့ကို မြောက်ဘက်ကို လွှတ်လိုက်ပြီး မြောက်ဘက်ဒေသမှာ အချိန်ဖြုန်းပြီး ရှာဖွေနေအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤတတိယအကြိမ် နောက်ပြန်ဆုတ်မှုမှာ ယူဂျွန်ဟော့၏စရိုက်က အရင်ထက်စာရင် အနည်းငယ် ပိုပြီး နူးညံ့နေသေးတာကြောင့်လည်း ကျနော့်အစီအစဉ်က အောင်မြင်ခဲ့တာ ဖြစ်၏။
ကျနော့် လုပ်ရပ်က သူရဲဘောကြောင်သည်ဟု ထင်ရသော်လည်း မတတ်နိုင်ပေ။ မူရင်း တတိယအကြိမ် နောက်ပြန်ဆုတ်မှုထက် အများကြီး ပိုပြီး သန်မာနေတဲ့ ယူဂျွန်ဟော့သာ အရာအားလုံးကို လျစ်လျူရှုပြီး ဘုရင်တွေရဲ့ စစ်ပွဲထဲကို ဝင်ပါလာခဲ့ရင် ဤဇာတ်ဝင်ခန်းမှာ သူ့ရဲ့ အရှိန်အဟုန်အတိုင်းပဲ ပြီးဆုံးသွားမှာပင်။
ထိုသို့သာဆိုလျှင်တော့ ကျနော် လိုချင်တဲ့ အဆုံးသတ်ကို ဘယ်တော့မှ ရတော့မှာ မဟုတ်ဟု ပြော၍ရ၏။
"…ကောင်းပြီလေ။ ဓားကို အရင်ချပြီး စကားပြောကြရအောင်။ ငါက တကယ် ယုတ်မာတဲ့ကောင်ဆိုရင် ဘယ်လိုလုပ်မလဲ"
"မင်းက ငါ့မိသားစုကို ဓားစာခံအဖြစ် ဖမ်းထားတာလား"
"ဒါကတော့ လွန်သွားပြီ။ မင်းက လိုရာဆွဲပြီးပြောနေတာပဲ "
တကယ်တော့ ‘ဓားစာခံ’ ဆိုတဲ့ အယူအဆက သူ့အတွက် အစကတည်းက မရှိပေ။ ယူဂျွန်ဟော့ဆိုသည်မှာ သေလိုက်ပြီး နောက်တစ်ကြိမ် ပြန်စရုံပဲ လုပ်ဖို့လိုသည့်ကောင်ဖြစ်သည်။
"ဒါဆို မင်း ဘာလို့ အခုလို လုပ်တာလဲ"
"ဘာဖြစ်လို့လို့ မင်းထင်လဲ"
ကျနော် အချိန်ဆွဲနေမှန်း ယူဂျွန်ဟော့ သတိထားမိသွားပြီး သူ့ရဲ့ မျက်နှာပေးက အေးစက်သွားသည်။
"အဲဒီအချိန်ကတည်းက မင်းကို သတ်ခဲ့သင့်တာ… အခုတော့ သေလိုက်တော့"
ယူဂျွန်ဟော့ ဓားကို မြှောက်လိုက်တဲ့ အခိုက်အတန့်မှာပဲ လေထုထဲကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
[ဒီမှာရှိတဲ့သူတွေ အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဘာလို့ အခုထိ တိုက်နေကြတာလဲ။ ကဲ… ကြည့်ရအောင်၊ မင်းတို့တွေ အရည်အချင်း ပြည့်မီသွားကြပြီပဲ။]
အလယ်အလတ် ဒိုကဲဘီက ထိုအချိန်တွင် ပေါ်လာသည်။ ယူဂျွန်ဟော့လည်း လေထဲမှာ ပျံဝဲနေတဲ့ အရေအတွက်ပြစာသားကို ကြည့်လိုက်၏။
[ကျန်ရှိနေသော ဘုရင်အရေအတွက် : ၅ ပါး]
[‘နောက်ဆုံးဘုရင်၏ အရည်အချင်းစစ်ဆေးမှု’ စတင်ပါပြီ။]
ကျနော်နှင့် ယူဂျွန်ဟော့ အပါအဝင် ကျန်ရှိနေသော ဘုရင်များ၏ ခန္ဓာကိုယ်များသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်။
"ကင်ဒေါ့..."
ယူဂျွန်ဟော့က ကျနော့်ထံသို့ လက်လှမ်းလိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် ကျ ဤဇာတ်ဝင်ခန်း၏ နောက်ဆုံးအဆင့်သို့ ကျနော်ရောက်ရှိလာခဲ့ပေပြီ။
[အရည်အချင်းပြည့်မီသော ဘုရင်များကို နောက်ဆုံးစစ်ဆေးမည့်နေရာသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။]
ပတ်ဝန်းကျင် ရှုခင်းများ စတင်ပြောင်းလဲလာသည်။ ကျနော့်ခန္ဓာကိုယ်မှာ တစ်နေရာရာသို့ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် "ဒုန်း" ခနဲ အသံနှင့်အတူ ကျနော့်ဦးခေါင်းမှာ တစ်ခုခုနှင့် ဆောင့်မိသွား၏။ ခဏအကြာတွင် ကျနော် သတိပြန်ဝင်လာသည်။
[သင်သည် ‘နောက်ဆုံးဘုရင်၏ အရည်အချင်းစစ်ဆေးမှု’ တွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသေးပါ။]
...ဘာလဲဟ။
ပတ်ဝန်းကျင်ကို ကျနော်ဝေ့ကြည့်လိုက်သောအခါ ဂွမ်ဟွာမွန်း၏ အလယ်ဗဟိုတွင် ကျနော်ရပ်နေမိသည်ကို တွေ့လိုက်ရ၏။ ကျနော်သည် စာသင်ကျောင်းဝင်းခန့်ရှိသော အတားအဆီးတစ်ခုနှင့် ဆောင့်မိခဲ့ခြင်း ဖြစ်သည်။ ထိုအတားအဆီး၏ အလယ်ဗဟိုတွင် ဤဇာတ်ဝင်ခန်း၏ နောက်ဆုံးဆုလာဘ်ဖြစ်သော ‘အကြွင်းမဲ့ပလ္လင်’ ရှိနေလေသည်။
ကျနော် ဘာကြောင့် ဝင်၍မရသနည်း။
[ဟားဟားဟား။ ဒါကတော့လေ။ မင်းက အကြီးကြီးတွေကိုပဲ ကြည့်နေပြီး အရေးကြီးတဲ့ အချက်လေးတစ်ခုကို လွတ်သွားတာကိုး]
ရယ်မောသံကြားရာကို ကျနော် မော့ကြည့်လိုက်သောအခါ လှောင်ပြောင်နေသော အလယ်အလတ် ဒိုကဲဘီ၏ မျက်နှာကို မြင်လိုက်ရသည်။ သူ ကျနော့်ကို လှည့်စားနေခြင်းလားဟု တွေးလိုက်မိသော်လည်း မမျှော်လင့်ထားသော သတင်းစကားတစ်ခု ပေါ်လာသည်။
[စတုတ္ထမြောက် ဇာတ်ဝင်ခန်း၏ ‘ပစ်မှတ်ဘူတာ’ ကို သိမ်းပိုက်ရန် သင်သည် ပျက်ကွက်ခဲ့သည်။]
[‘နောက်ဆုံးဘုရင်၏ အရည်အချင်းစစ်ဆေးမှု’ တွင် ပါဝင်ရန်အတွက် သင်သည် ပထမဦးစွာ ပစ်မှတ်ဘူတာကို သိမ်းပိုက်ထားရမည် ဖြစ်သည်။]
[သင့်အဖွဲ့၏ ပစ်မှတ်ဘူတာမှာ ချန်စင်ဘူတာ ဖြစ်သည်။]
ဟာကွာ
ဘုရင်များအကြောင်းကိုသာ တွေးနေမိ၍ ကျနော်မေ့သွားခြင်းဖြစ်သည်။ ထိုဘူတာကို ကျနော် မသိမ်းပိုက်ရသေးပေ။
[ရှေ့ကအဆင့်ကို ကောင်းကောင်း မကျော်ဖြတ်ဘဲနှင့် နောက်ဆုံးအဆင့်ကို လုပ်လို့မရဘူး။ မင်းကို ဒီအတိုင်း လွှတ်ပေးမယ်ထင်နေတာလား]
အတားအဆီးအတွင်းတွင် တိုက်ပွဲများ စတင်နေပြီ ဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ကျနော် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပါလိမ့်မည်။ နောက်မကျခင် ချန်စင်ဘူတာဆီသို့ အပြေးသွားသင့်သည်ဟု ကျနော် တွေးလိုက်မိသည်။
သို့ပေသိ...
ချီးပဲ။
ချန်စင်ဘူတာဘက်သို့ ပြေးသွားလျှင် ဇာတ်ဝင်ခန်းများ အားလုံးက ပြီးဆုံးသွားတော့မည် မဟုတ်ပေလော။
"ဒေါ့ဂျာ"
ယူဆန်းအာသည် သတိလစ်နေသော လီဂီယောင်ကို ပွေ့ချီရင်း ကျနော့်ဘက်သို့ အပြေးလာနေသည်။ သို့သော် သူတို့နှင့်အတူ အခြားလူများလည်း ပါလာသေးသည်။
ဟင်။
"ဟီဝန်"
ယောင်ဟီဝန်သည် ကျနော် မသိသော မိန်းကလေးတစ်ယောက်၏ လက်ကို ဆွဲပြီး ဤဘက်သို့ ပြေးလာ၏။
"ကျမ အစ်ကိုက ဒီမှာ တကယ်ရှိတာလား"
ထိုမိန်းကလေးက မေးလိုက်၏။
"အေးပါဆို။ ငါ ဘယ်နှစ်ခါ ပြောရဦးမလဲ"
"ဒါပေမဲ့ ကျမ ဗိုက်ဆာတယ်။"
ယောင်ဟီဝန်သည် ယခုအချိန်တွင် ဤနေရာ၌ ရှိနေရမည် မဟုတ်ပေ။ ဂန်ဘတ်မှ မိန်းကလေးတစ်ယောက်ကို ကယ်တင်ပြီးနောက် ယောင်ဟီဝန်သည် ချန်စင်ဘူတာတွင် စောင့်နေရမည် ဖြစ်သည်။ ၎င်းမှာ ဤဇာတ်ဝင်ခန်း၌ ယောင်ဟီဝန် လုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။
"ဟီဝန်။ ဘာကြောင့် ဒီကို ရောက်နေတာလဲ။ ချန်စင်ဘူတာမှာ စောင့်နေဖို့ ပြောထားတယ်လေ..."
"မဟုတ်ဘူးလေ။ ငါက ဘယ်လောက်တောင် စောင့်နေရမှာလဲ။ ပြီးတော့ ဒီကလေးမလေးက မနက်ကတည်းက ဗိုက်ဆာနေတာ။ နင်က နင့်ညီမလေးအတွက် စိတ်မပူဘူးလား"
ယောင်ဟီဝန်၏ စကားကြောင့် ထိုမိန်းကလေးက ကျနော့်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"အဲဒီလူက ကျမ အစ်ကို မဟုတ်ဘူး။"
"ဟမ်"
"သူက ကျမအစ်ကိုထက် ပိုရုပ်ဆိုးတယ်"
ဒီကလေးမလေးကတော့ကွာ။
ယောင်ဟီဝန်က ကျနော့်ကိုတစ်လှည့်၊ ထိုမိန်းကလေးကိုတစ်လှည့် ကြည့်ရင်း အံ့သြသွားသည်။
"ဟမ်။ ဒါက ဒေါ့ဂျာရဲ့ ညီမ မဟုတ်ဘူးလား။ နင့်ညီမ မလို့ သူ့ကို ကယ်ခိုင်းတာလို့ ငါက ထင်နေတာ"
"မဟုတ်ပါဘူး"
"ဒါဆို သူကဘယ်သူလဲ"
ယောင်ဟီဝန် မသိခြင်းမှာ သဘာဝကျပေသည်။ ဤမိန်းကလေးမှာ ထိုစိတ်ဝေဒနာရှင်၏ ညီမ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ ထိုမိန်းကလေး၏ ဝမ်းဗိုက်ထဲမှ တဂွီဂွီမြည်သံကို ကျနော် ကြားလိုက်ရသည်။ ထိုအသံကို နားထောင်ရင်း ကျနော်ရယ်မိလိုက်၏။
...ကျနော့်၏ ပြီးပြည့်စုံသော အစီအစဉ်မှာ ဤနေရာ၌ ပြိုလဲသွားတော့မည်လော။
"ဒေါ့ဂျာ။ ဘယ်ကို သွားမလို့လဲ"
" ချန်စင်ဘူတာကို သိမ်းပိုက်ဖို့ သွားမလို့။"
နောက်ကျနေပြီ ဆိုသော်လည်း ကျနော် ကြိုးစားကြည့်ရမည်။ နေရာကူးပြောင်းစာလိပ်တစ်ခုခု ရှိလျှင် ကောင်းမည်ဟုပင် တွေးမိ၏။ သို့သော် အလယ်အလတ် ဒိုကဲဘီက ကျနော့်ကို ‘ဒိုကဲဘီ အိတ်’ ဖွင့်ခွင့်ပေးမည် မဟုတ်ပေ။
ယောင်ဟီဝန်က ကျနော့်ကို ကြည့်ပြီး ပြောလိုက်သည်။
"အဲဒီကို ဘာလို့ သွားမှာလဲ"
"ဟမ်"
"ကလေးမလေး၊ အဲဒါကို ထုတ်လိုက်စမ်း။ ငါ နင့်ကို ပေးထားတဲ့ဟာလေ"
"ဟုတ်ကဲ့"
ယူဂျွန်ဟော့၏ ညီမဖြစ်သူ ယူမီယာသည် သူမ၏လက်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ခဏအကြာတွင် သူမ၏ပါးစပ်မှာ ပုံမှန်ထက် ပို၍ ကြီးမားလာပြီး ထူးဆန်းသော အရွယ်အစားရှိသည့် ကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ယူမီယာ၏ သီးသန့်စွမ်းရည်ဖြစ်သော ‘ပစ္စည်းသိုလှောင်ခန်း’ ပင် ဖြစ်သည်။ ထိုကျောက်တုံးကြီးဆီသို့ ကျနော် ချဉ်းကပ်သွားလိုက်သည်။
"ဒါက ဘာကြီးလဲ"
"နင် မသိဘူးလား"
ကျောက်တုံး၏ ကြမ်းတမ်းသော မျက်နှာပြင်ကို ကျနော်စစ်ဆေးကြည့်လိုက်သောအခါ တစ်စုံတစ်ခု ထည့်သွင်းနိုင်သည့် မြောင်းငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။
...ဒါမျိုးတော့ ကျနော် လုံးဝ မတွေးမိခဲ့ပေ။ ဤနည်းလမ်းမျိုးမှာ တကယ်ပဲ ဖြစ်နိုင်သည်လော။ Ways of Survival ထဲမှာတောင် မည်သူမျှ ဤသို့ မစမ်းသပ်ဖူးပါချေ။
ယောင်ဟီဝန်က တုန့်ဆိုင်းမနေဘဲ ပြောလိုက်သည်။
"ဘူတာကို သိမ်းပိုက်ဖို့အတွက် အလံတိုင် လိုတာ မဟုတ်ဘူးလား"
ဤကဲ့သို့ စိတ်ကူးကို မည်သို့သော အသိဉာဏ်ကင်းမဲ့သည့် လူသားမျိုးက တွေးလိုက်တာပါလိမ့်။ ယောင်ဟီဝန်သည် ချန်စင်ဘူတာ၏ အလံစိုက်ထူသည့်နေရာ ပါဝင်သော ကြမ်းပြင်တစ်ခုလုံးကို ဖြတ်တောက်ယူလာခဲ့ခြင်း ဖြစ်သည်။
[‘ဥကို ထောင်မတ်အောင် ထားနိုင်သည့် စွန့်စားသူ’ နက္ခတ် သည် ယောင်ဟီဝန်၏ ဉာဏ်ကို ချီးကျူးနေပါသည်။]
ကျနော် တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း ပြန်လည် ပါးစပ်ပိတ်ထားလိုက်မိသည်။
"ဘာလို့လဲ၊ တစ်ခုခု မှားနေလို့လား"
"...ဟင့်အင်း"
"ဒါဆို ဘာလုပ်နေတာလဲ။ အလံကို မြန်မြန် စိုက်လိုက်တော့လေ။"
ကျနော် ခေါင်းငြိမ့်ပြလိုက်ပြီး အလံကို ထုတ်ယူလိုက်သည်။
[သင်သည် ချန်စင်ဘူတာကို သိမ်းပိုက်လိုက်ပါပြီ။]
[‘အလံအတွက် ရုန်းကန်မှု’ ၏ ဆုလာဘ်အဖြစ် သင်သည် ဒင်္ဂါး၂,၀၀၀ ရရှိပါသည်။]
ကျနော် တကယ်ပဲ လုပ်နိုင်ခဲ့ပြီဖြစ်သည်။
[သင့်အဖွဲ့သည် ပစ်မှတ်ဘူတာကို သိမ်းပိုက်လိုက်ပါပြီ။]
[သင့်ခန္ဓာကိုယ်ကို ‘နောက်ဆုံးဘုရင်၏ အရည်အချင်းစစ်ဆေးမှု’ စစ်မြေပြင်သို့ ရွှေ့ပြောင်းပေးပါမည်။]
ကျနော့်၏ အသိစိတ်မှာ ထပ်မံ ဝေဝါးသွားသည်။ ဘုရင်၏ အရည်အချင်းအသစ် ထပ်တိုးလာသည်နှင့်အမျှ သတင်းစကားတစ်ခု ပေါ်လာသည်။
[ဘုရင်၏ အရည်အချင်း]
၁။ 「 ပလ္လင်၏ အရှင်သခင်သည် မည်သူ့ထက်မဆို ပို၍ သတ္တိရှိရမည်။ 」
– အကြွင်းမဲ့ပလ္လင်သည် ‘အားနည်းသော ဘုရင်’ ကို ဘယ်သောအခါမျှ အလိုမရှိချေ။ ပလ္လင်ကို စိန်ခေါ်ရန်အတွက် သင်သည် အနည်းဆုံး အနက်ရောင်အလံ တစ်ခုကို ပိုင်ဆိုင်ထားရမည်။
၂။ 「 ပလ္လင်ကို လိုချင်သောသူသည် ၎င်းကို တောင့်တရမည်။ 」
– ပလ္လင်ကို စိန်ခေါ်နိုင်မည့် ‘ဘုရင်’ အရေအတွက်ကို သတ်မှတ်ထားသည်။ စိန်ခေါ်ခွင့် ရရှိရန်အတွက် သင့်ပတ်ဝန်းကျင်ရှိ အခြားသော ဘုရင်များကို ဖယ်ရှားရမည်။
၃။ 「 စစ်မှန်သော ဘုရင်သည် မည်သူ့အကူအညီမှမပါဘဲ တစ်ဦးတည်း ရပ်တည်ရမည်။ 」
– ပလ္လင်ကို စိန်ခေါ်မည့် ဘုရင်သည် သူ၏ အစွမ်းမှာ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်မှသာ ထွက်ပေါ်လာကြောင်း သက်သေပြနိုင်ရမည်။
[‘ပင်လယ် စစ်နတ်ဘုရား’ နက္ခတ် သည် အခြေအနေကို တည်ငြိမ်စွာ စောင့်ကြည့်နေပါသည်။]
[ ‘တရားမျှတသော ထိပ်ပြောင်စစ်သူကြီး’ နက္ခတ် သည် သမိုင်းအဆင့်အတန်းရှိသော နက္ခတ်များကို အားပေးနေပါသည်။]
[ ‘ရွှေခေါင်းကွင်း၏ အကျဉ်းသား’နက္ခတ် သည် ရယ်မောနေပါသည်။]
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ် သည် သမိုင်းအဆင့်အတန်းရှိသော နက္ခတ်များကို လှောင်ပြောင်နေပါသည်။]
နက္ခတ်များသည် အခြားသော အချိန်များနှင့်မတူဘဲ ကွဲပြားသော တုံ့ပြန်မှုများကို လုပ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် နက္ခတ်များ၏ အဆင့်အတန်းမှာ ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ သမိုင်းအဆင့်အတန်းနှင့် ဇာတ်ကြောင်းအဆင့်အတန်း ကြားရှိ ကွာဟချက်မှာ ကလေးတစ်ဦးနှင့် လူကြီးတစ်ဦးကြားရှိ ကွဲပြားမှုကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့်ပင် ထုတ်လွှင့်မှုကို ကြည့်နေကြသော နက္ခတ်များ၏ တုံ့ပြန်မှုမှာ ကွဲပြားနေခြင်း ဖြစ်သည်။ လူကြီးတစ်ဦးသည် ကလေးတစ်ဦး၏ တူတူပုန်းတမ်းကစားနည်းကို အာရုံမစိုက်သကဲ့သို့ပင်၊ ဤဇာတ်ဝင်ခန်းမှာ ဇာတ်ကြောင်းအဆင့်အတန်းအထက်ရှိ နက္ခတ်များအတွက်မူ အဓိပ္ပာယ် မရှိလှပါချေ။ သို့သော် သမိုင်းအဆင့်အတန်းရှိသော နက္ခတ်များအတွက်မူ ထိုသို့မဟုတ်ဟု ပြော၍ရသည်။
ဤဇာတ်ဝင်ခန်းတွင် အောင်ပွဲရရှိသော သမိုင်းအဆင့်အတန်းရှိ နက္ခတ်သည် အကြွင်းမဲ့ပလ္လင်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ‘ဇာတ်ကြောင်း’ ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် ‘ဘုရင်၏ အရည်အချင်း’ ဇာတ်ဝင်ခန်း စတင်သည်နှင့်အမျှ သမိုင်းအဆင့်အတန်းရှိ နက္ခတ်များသည် စိတ်မရှည် ဖြစ်နေကြခြင်းပင်။
မျက်လုံးများကို ကျနော်ဖွင့်လိုက်သောအခါ ဘုရင်များ၏ စစ်မြေပြင် စတင်နေလေပြီ။
[ယခုအချိန်မှစ၍ ဘုရင်အားလုံးသည် ၎င်းတို့၏ ထောက်ပံ့သူများထံမှ အကူအညီကို ရရှိနိုင်မည် မဟုတ်တော့ပါ။]
[ယခုအချိန်မှစ၍ ပစ္စည်းအားလုံး၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုစွမ်းအားကို ကန့်သတ်ထားမည် ဖြစ်သည်။]
[ယခုအချိန်မှစ၍ စွမ်းရည်အားလုံး၊ အထူးစွမ်းရည်များနှင့် အထူးပစ္စည်းများ၏ လုပ်ဆောင်ချက်များကို ပိတ်ပင်ထားမည် ဖြစ်သည်။]
[ယခုအချိန်မှစ၍ ဘုရင်အားလုံး၏ စုစုပေါင်း အခြေခံစွမ်းရည်များသည် ၁၀/၁၀/၁၀/၁၀/၁၀ သို့ ပြောင်းလဲသွားပါမည်။]
[နောက်ဆုံးဘုရင်၏ အရည်အချင်းစစ်ဆေးမှုသည် လူတစ်ဦးတည်းသာ ကျန်ရှိတော့သည်အထိ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။]