← Chapters

ဘုရင်မဲ့ကမ္ဘာ (၁)

Vol. 5 Ch. 71

ဘုရင်မဲ့ကမ္ဘာ (၁)

Vol. 5 Ch. 71

နောက်ဆုံးဘုရင်၏ စမ်းသပ်မှု။ ၎င်းမှာ မိမိ၏ ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခုတည်းဖြင့်သာ ကျော်ဖြတ်ရမည့် အစွန်းရောက်သော စမ်းသပ်မှုတစ်ခု ဖြစ်သည်။

ဂွမ်ဟွာမွန်၏ ကြမ်းပြင်မှာ ပျက်စီးရှုပ်ထွေးနေလေပြီ။ အလယ်ဗဟိုတွင် အကြွင်းမဲ့ပလ္လင် ရှိနေပြီး ဘုရင်များသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြသည်။

အလှဘုရင်မ မင်ဂျီဝန်။ မေတ္တေယျဘုရင် ချာဆန်းဂယောင်။ အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့။

ထောင့်စွန်းတစ်နေရာရှိ သက်ကြီးပိုင်း အမျိုးသား...

ထိုသူမှာ ကြားနေဘုရင် ဖြစ်သည်။ ကြားနေဘုရင်သည် ကျနော့်နှင့် မျက်လုံးချင်းဆုံမိသောအခါ လက်များကို မြှောက်ပြလိုက်သည်။

[ကြားနေဘုရင်သည် ပလ္လင်အတွက် တိုက်ပွဲဝင်ခြင်းမှ နုတ်ထွက်လိုက်ပါသည်။]

သူ၏အမည်နှင့်လိုက်ဖက်ညီစွာပင် ကြားနေဘုရင်သည် ပလ္လင်ကို လောဘမတက်ခဲ့ပေ။ ကျန်ရှိနေသော သုံးဦးသာလျှင် လောဘဇော တက်နေကြ၏။

ထိုသုံးဦးထဲမှ တစ်ဦးမှာ ယူဂျွန်ဟော့ ဖြစ်သောကြောင့် တိုက်ပွဲမှာ တစ်မိနစ်မပြည့်မီအတွင်း ပြီးဆုံးသွားသင့်သည်။ အနည်းဆုံးတော့ မူရင်းဇာတ်လမ်းအတိုင်းဆိုလျှင်ပေါ့။

"သေလိုက်တော့"

မေတ္တေယျဘုရင် ချာဆန်းဂယောင်၏ ခြေကန်ချက်က လေထုကို ခွဲကာထွက်ပေါ်လာသော်လည်း ယူဂျွန်ဟော့၏ ကန်ချက်က ချာဆန်းဂယောင်၏ ဝမ်းဗိုက်ကို အမိအရ ထိမှန်သွားသည်။

"အွပ်"

သို့သော် ချာဆန်းဂယောင်မှာ ထင်ထားသလောက် ထိခိုက်မှု မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အခြေခံစွမ်းရည်အားလုံးမှာ အဆင့် ၁၀ သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်၏။ စွမ်းရည်များမှာလည်း ပိတ်ပင်ထားခြင်း ခံရသဖြင့် ယူဂျွန်ဟော့သည် တိုက်ပွဲကို သူ၏ ခန္ဓာကိုယ်တုန့်ပြန်မှုဖြင့်သာ အနိုင်ယူရမည် ဖြစ်သည်။

သူတို့၏နောက်သို့ မင်ဂျီဝန် လှည့်ကြည့်လိုက်သောအခါ ကျနော့်ကို မြင်သွားလေသည်။ မင်ဂျီဝန်ကို ကျနော် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

"ပြန်ဆုံကြပြန်ပြီနော်"

"...ဟုတ်တယ်။ ဖြစ်နိုင်ရင်တော့ ရှင်နဲ့ မတိုက်ချင်ဘူး"

ဤနေရာသို့ မင်ဂျီဝန်ရောက်နေခြင်းကို ကြည့်ခြင်းအားဖြင့် အခြားသော ဘုရင်၏ အရည်အချင်းများကို မင်ဂျီဝန်ပြည့်မီခဲ့ပုံရသည်။ တကယ့်ကို တော်ပေသည်။ မင်ဂျီဝန်သည် နောက်ဆုံးအထိ အသက်ရှင်နိုင်လိမ့်မည်ဟု ကျနော် တကယ်ကို မထင်ခဲ့မိပေ။

"တကယ်လို့ ရှင်နှုတ်မထွက်ဘူးဆိုရင် ကျမ တိုက်ခိုက်ရတော့မယ်"

"စမ်းကြည့်လိုက်လေ။ လွယ်မယ်လို့ ထင်နေတာလား"

ကျနော်တို့အားလုံးသည် စွမ်းရည်များ သို့မဟုတ် အထူးစွမ်းရည်များ မပါဘဲ အခြေခံစွမ်းရည် အဆင့် ၁၀ ဖြင့်သာ တိုက်ခိုက်ရမည် ဖြစ်သည်။ သိပ်မကြာသေးခင်က မြို့ကို ဖျက်ဆီးပစ်မတတ် တိုက်ခိုက်ခဲ့သော ဘုရင်များနှင့် ယှဉ်လျှင် ယခုအခြေအနေမှာ သနားဖို့ပင် ကောင်းလှ၏။

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ချာဆန်းဂယောင်က အော်ဟစ်လိုက်သည်။

"အဟွတ်။ ဘာ-ဘာလို့လဲ"

ချာဆန်းဂယောင်သည် ယူဂျွန်ဟော့၏ လက်သီးချက်ကြောင့် ကြမ်းပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေသည်။ ထိုအချိန်အထိ တိုက်ပွဲမှာ တန်းတူဖြစ်နေခဲ့သော်လည်း တစ်စုံတစ်ခုမှာ တဖြည်းဖြည်း ပြောင်းလဲလာနေသည်။

စွမ်းရည်များနှင့် အထူးစွမ်းရည်များကို အသုံးမပြုနိုင်သော်လည်း ယူဂျွန်ဟော့၏ တိုက်ခိုက်မှုများမှာ ပိုမိုမြန်ဆန်ပြီး ပိုမိုအားပါလာသည်။ ၎င်းမှာ ယူဂျွန်ဟော့၏ တိုက်ခိုက်ရေးအာရုံကြောင့်သာ မဟုတ်ပေ။

မင်ဂျီဝန်သည် ထိုအချက်ကို သတိထားမိသွားပြီး အံ့သြသွားသည်။

"...ဘယ်လိုလုပ်ပြီး…."

ကျနော် မှတ်မိသလောက်ဆိုလျှင် ယူဂျွန်ဟော့သည် နောက်ဆုံးအဆင့်၏ ဟာကွက်ကို သိရှိထားသည်။ ဖြစ်နိုင်သည်မှာ ယူဂျွန်ဟော့၏ စိတ်ထဲတွင် ယခုကဲ့သို့ သတင်းစကားများ ပေါ်နေလောက်သည်။

[ဒင်္ဂါး ၄၀၀ ကို ခံနိုင်ရည်တွင် အသုံးပြုလိုက်ပါသည်။]

[ဒင်္ဂါး ၄၀၀ ကို လျင်မြန်မှုတွင် အသုံးပြုလိုက်ပါသည်။]

[ဒင်္ဂါး ၄၀၀ ကို ခွန်အားတွင် အသုံးပြုလိုက်ပါသည်။]

ရယ်စရာကောင်းသည်မှာ ဤစစ်မြေပြင်သည် အရာအားလုံးကို ထိန်းချုပ်ထားသော်လည်း အချက်တစ်ချက်ကိုမူ ချန်လှပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ဒင်္ဂါးများကို အသုံးပြုခြင်းပင် ဖြစ်သည်။

‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် ဇာတ်ဝင်ခန်း၏ တရားမျှတမှုအပေါ် သံသယရှိနေသည်။

အလယ်အလတ် ဒိုကဲဘီက ရယ်မောလိုက်သည်။

[ဟားဟား၊ ဘာကို သံသယရှိတာလဲ။ ဒင်္ဂါးတွေကို အသုံးပြုနိုင်တာက သဘာဝကျတဲ့ အခွင့်အရေးပဲလေ။ ‘ဒင်္ဂါး’ တွေဆိုတာ ကိုယ်စားလှယ်တွေ ခက်ခက်ခဲခဲ ကြိုးစားပြီး ရယူထားတဲ့ အရာတွေပဲ။ သူတို့က ဒင်္ဂါးတွေ စုမိအောင် အစွမ်းကုန် ကြိုးစားခဲ့ကြတာဆိုတော့ ဒါတွေကို သုံးဖို့ အခွင့်အရေး ရှိသင့်တာပေါ့]

ယူဂျွန်ဟော့သည် သူ၏ ဒင်္ဂါးများကို အသုံးပြု၍ အခြေခံစွမ်းရည်များကို မြှင့်တင်နေခြင်း ဖြစ်သည်။

[ဒါနဲ့ဒင်္ဂါးတွေနဲ့ မြှင့်တင်ထားတဲ့ စွမ်းရည်တွေက ဇာတ်ဝင်ခန်း ပြီးသွားရင် ပြန်ပြီး သုညဖြစ်သွားမှာနော်။ ဒါကြောင့် သတိထားကြဦး။ ဒါက ဒင်္ဂါးတွေကို လေထဲ လွှင့်ပစ်လိုက်တာနဲ့ အတူတူပဲ။ ဟားဟားဟား]

အလယ်အလတ် ဒိုကဲဘီ၏ စကားကို ကြားသောအခါ မင်ဂျီဝန်နှင့် ချာဆန်းဂယောင်တို့၏ မျက်နှာများမှာ မှောင်ကျသွားသည်။ ဖြစ်နိုင်သည်မှာ သူတို့တွင် ဒင်္ဂါးများစွာ မကျန်တော့ခြင်း ဖြစ်နိုင်သည်။ သဘာဝကျပေသည်။ ဘုရင်များကြား တိုက်ပွဲဝင်နေရစဉ်အတွင်း ဒင်္ဂါးများကို စုဆောင်းနိုင်ရန်မှာ မလွယ်ကူပေ။

သို့သော် ယူဂျွန်ဟော့မှာမူ ကွဲပြားသည်။ ယူဂျွန်ဟော့သည် အစကတည်းက လျှို့ဝှက်ဇာတ်ဝင်ခန်း အမျိုးမျိုးကို ကျော်ဖြတ်ပြီး ခွန်အားကြီးထွားလာခဲ့သူ ဖြစ်သည့်အပြင် အမြဲတမ်းလည်း လုံလောက်သော ဒင်္ဂါးပမာဏကို အရန်သင့် သိမ်းထားတတ်သည်။

မူရင်း၌ တတိယအကြိမ် နောက်ပြန်ဆုတ်မှုတွင် ယူဂျွန်ဟော့မှာ ယခုအချိန်လောက်၌ ဒင်္ဂါး ၃၀,၀၀၀ ခန့် ရှိလေသည်။ ယခုအခါ မူရင်းဇာတ်လမ်းထက် ဒင်္ဂါးများ ပိုမိုပိုင်ဆိုင်ထားသဖြင့်... ဒင်္ဂါး ၄၀,၀၀၀ ဝန်းကျင်လောက် ရှိနေလောက်မည် မဟုတ်ပေလော။

ရုတ်တရက် တစ်စုံတစ်ယောက် အပြင်းအထန် အရိုက်ခံရသည့် အသံနှင့်အတူ ချာဆန်းဂယောင်၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားသည်။

[မေတ္တေယျဘုရင် ချာဆန်းဂယောင်မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါ။]

ယူဂျွန်ဟော့က အနီးအနားရှိ မင်ဂျီဝန်ကို ကြည့်လိုက်သည်။ မင်ဂျီဝန်သည် အံ့အားသင့်သွားပြီး လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်ပြလိုက်သည်။

"ကျမ နုတ်ထွက်ပါ့မယ်"

[‘အလှဘုရင်မ’ မင်ဂျီဝန်သည် တိုက်ပွဲမှ နုတ်ထွက်သွားပါပြီ။]

နောက်ဆုံးတွင် ယူဂျွန်ဟော့က ကျနော့်ဘက်သို့ လှည့်လာသည်။ သူ၏ ဒေါသထွက်နေသော မျက်လုံးများမှာ တည်ငြိမ်သွားသည်။ နားလည်ပေး၍တော့ ရသည်။ သူသာ အကြွင်းမဲ့ပလ္လင်ကို ရရှိသွားပါက ဘုရင်အားလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျနော့်ထံမှ သူ၏ညီမကို ပြန်လည်ခေါ်ယူရန်မှာလည်း ပြဿနာမဟုတ်တော့ပေ။

သို့သော် ထိုသို့ ဖြစ်လာပါမည်လော။

"ယူဂျွန်ဟော့"

ကျနော်တို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဓားဖြင့် အပြန်အလှန် ချိန်ရွယ်လိုက်ကြသည်။ မည်သည့်စွမ်းရည်ကိုမျှ ကျနော်အသုံးမပြုနိုင်သဖြင့် ခန္ဓာကိုယ်၏တုန့်ပြန်မှုနှင့် အခြေခံစွမ်းရည်များကိုသာ အားကိုးရမည် ဖြစ်သည်။

ပထမဦးဆုံးအကြိမ်အဖြစ် ယူဂျွန်ဟော့၏ ဓားချက်ကို ကျနော် မြင်တွေ့လိုက်ရသည်။ ၎င်းဓါးချက်မှာ အယောင်ပြချက်တစ်ခုသာ ဖြစ်ရပေမည်။ သူသည် ကျနော်၏ အခြေခံစွမ်းရည်များနှင့် ကျနော့်တွင် ဒင်္ဂါး မည်မျှကျန်ရှိနေသည်ကို ခန့်မှန်းတွက်ချက်နေခြင်း ဖြစ်လေ၏။

သူသည် တကယ်ပင် စေ့စပ်သေချာသော လူစားမျိုး ဖြစ်သည်။ ပြောရမည်ဆိုလျှင် အနည်းဆုံးသော ဒင်္ဂါးပမာဏကိုသာ အသုံးပြုပြီး အနိုင်ယူရန် ကြိုးစားသည့် လှည့်ကွက်တစ်ခုပင်။

သို့သော် သူ၏ မာနကြောင့်ပင် ယခုတစ်ကြိမ်တွင် သူ ရှုံးနိမ့်ရပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဆိုးလ်ရှိ မည်သည့်ဘုရင်မျှ ကျနော့်ထက် ဒင်္ဂါးပိုမိုပိုင်ဆိုင်ထားသူ မရှိသောကြောင့် ဖြစ်၏။

[ပိုင်ဆိုင်သော ဒင်္ဂါးများ : ၈၀,၈၅၀ ဒင်္ဂါး]

ကျနော့်တွင် ဒင်္ဂါး ၈၀,၀၀၀ ရှိလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ ကျနော့်ထံသို့ ပြေးဝင်လာသော ယူဂျွန်ဟော့ကို ကြည့်ပြီး ကျနော် ရယ်မောလိုက်သည်။

"ငါ အသာလေးပဲ ထိုးမှာမို့လို့ ကျေးဇူးပြုပြီး သေတော့ မသွားနဲ့"

ယခုအချိန်သည် ဒင်္ဂါးများကို ရက်ရက်ရောရော သုံးစွဲရမည့် အချိန်ပင်။ ‘ခွန်အား’ ထဲသို့ ဒင်္ဂါးအမြောက်အမြားကို ကျနော်အသုံးပြုလိုက်သည်။

[ဒင်္ဂါး ၄,၀၀၀ ကို ခွန်အားတွင် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၁၀ -> ခွန်အား အဆင့် ၂၀]

[ဒင်္ဂါး ၅,၀၀၀ ကို ခွန်အားတွင် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၂၀ -> ခွန်အား အဆင့် ၃၀]

[ဒင်္ဂါး ၆,၀၀၀ ကို ခွန်အားတွင် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၃၀ -> ခွန်အား အဆင့် ၄၀] . .

[ဒင်္ဂါး ၁၁,၀၀၀ ကို ခွန်အားတွင် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၈၀ -> ခွန်အား အဆင့် ၉၀]

[ဒင်္ဂါး ၁၂,၀၀၀ ကို ခွန်အားတွင် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၉၀ -> ခွန်အား အဆင့် ၁၀၀]

[ဒင်္ဂါး ၇၂,၀၀၀ စုစုပေါင်း အသုံးပြုလိုက်ပါသည်။]

[သင့်၏ ‘ခွန်အား’ သည် လူသားတစ်ဦး၏ အကန့်အသတ်ကို ကျော်လွန်သွားပါပြီ။]

[အောင်မြင်မှုအဖြစ် သတ်မှတ်လိုက်ပါပြီ။ သင်သည် ခွန်အားတွင် ဂဏန်းသုံးလုံးအဆင့်သို့ ပထမဦးဆုံး ရောက်ရှိသူ ဖြစ်ပါသည်။]

[ဆုလာဘ်အဖြစ် ဒင်္ဂါး ၃၀,၀၀၀ ရရှိပါသည်။]

လက်သီးထဲရှိ စွမ်းအားကို ကျနော်ချိန်ညှိလိုက်သည်။ ခွန်အား ၁၀၀ ပါဝင်သော ထိုးချက်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ယူဂျွန်ဟော့ကို မတော်တဆ သတ်မိသွားလျှင် ခက်ရပေမည်။

ကျနော့်လက်သီးကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် ကွေးညွတ်သွားသလို ခံစားလိုက်ရသည်။ Ways of Survival အရ အခြေခံစွမ်းရည်များမှာ ဂဏန်းသုံးလုံးအဆင့်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်မှစ၍ ဖျက်ဆီးနိုင်စွမ်းမှာ ကွဲပြားခြားနားသွားတတ်သည်။

ခံစားချက်က မည်သို့နည်း။ တကယ်တော့ လူသတ်သမားတစ်ယောက်လို ခံစားနေရပေသည်။ ကျနော့်လက်သီးက ဝမ်သန်းတစ်ထောင်တန် ချက်လက်မှတ်တစ်ခုကို ကိုင်ထားရသလိုပင်။

ယူဂျွန်ဟော့သည် မျက်လုံးများ ပြူးသွားပြီး ဒင်္ဂါးများကို အလျင်အမြန် အသုံးပြုလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အသံထက်မြန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ယူဂျွန်ဟော့သည် လင်းနို့တုတ်ဖြင့် ရိုက်ခံလိုက်ရသော ဘေ့စ်ဘောဘောလုံးတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ကံမကောင်းစွာဖြင့် ဤကွင်းအတွင်းတွင် Home run ရိုက်ရန်မှာ မဖြစ်နိုင်ပေ။ လွင့်စင်သွားသော ယူဂျွန်ဟော့မှာ အတားအဆီးတစ်ခုနှင့် ဆောင့်မိပြီး ဆန့်ကျင်ဘက်သို့ ပြန်ကန်ထွက်သွားသည်။ ထို့နောက် အခြားအတားအဆီးတစ်ခုနှင့် ထပ်မံဆောင့်မိကာ ပင်ပေါင် ဘောလုံးကဲ့သို့ ငါးကြိမ် ခြောက်ကြိမ်ခန့် ဖြစ်သွားပြီးနောက်တွင်မှ မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

...သူ သေတော့ မသွားပါဘူးနော်။

စိုးရိမ်စိတ်အနည်းငယ်ဖြင့် ယူဂျွန်ဟော့ထံသို့ ကျနော်အပြေးသွားလိုက်သည်။

ချီး... ငါ ဘာလို့ ဒါကို လုပ်မိပါလိမ့်။ ခွန်အားကို အနည်းငယ် လျှော့သုံးခဲ့သင့်တာ။

ယူဂျွန်ဟော့ကို မြေပြင်ပေါ်မှ ဂရုတစိုက် ကျနော် မ ယူလိုက်သည်။ ထိုစဉ်…

အင်း... သူက ဇာတ်လိုက်ပဲလေ။

ယူဂျွန်ဟော့သည် မျက်လုံးများ ပြူးကျယ်လျက် ကျနော့်ကို စိုက်ကြည့်နေသည်။ ခွန်အား ၁၀၀ ပါသော လက်သီးချက်ကို ခံစားလိုက်ရသော်လည်း သူ သတိရနေဆဲ ဖြစ်နေသည်လော။

"...ယူဂျွန်ဟော့"

"..."

"ဂျွန်ဟော့"

"..."

သူ၏ မျက်လုံးများမှာ လှုပ်ရှားခြင်း မရှိပေ။ ဒီကောင်... မျက်လုံးဖွင့်လျက်သားနဲ့ မူးမေ့သွားတာလား။ ကျနော် သူ့ကို အဲဒီလောက်တောင် ပြင်းပြင်းထန်ထန် ထိုးမိသွားတာလား။ မဟုတ်ဘူး၊ နောင်အနာဂတ်မှာလည်း ယူဂျွန်ဟော့ကို ကျနော် ဆက်ပြီး ထိုးနှက်နေရဦးမှာပဲလေ။

"ကဲ... မင်း အရင်အတိုင်းပဲ ဆက်လုပ်နေရင်တော့ ဒုက္ခရောက်လိမ့်မယ်။ မင်း ငါ့ကိုတွေ့တိုင်း သတ်မယ်လို့ ဘယ်လိုများ ပြောနိုင်ရတာလဲ"

သူ၏ ဖူးရောင်နေသော မျက်နှာကို ကျနော် ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။ တစ်နည်းနည်းဖြင့်ဆိုရသော် ကျနော် သူ့ကို ရိုက်လိုက်တိုင်း သူ၏မျက်လုံးများ လှုပ်ရှားသွားသလို ခံစားရသဖြင့် ကျနော် စိတ်လှုပ်ရှားမိသည်။

မည်သို့ပင်ဖြစ်စေ သူ အသက်ရှူနေသေးသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများ ကျိုးသွားပြီး သွေးများ ထွက်နေသော်လည်း သူအသက်ရှင်နေသေး၏။

ယူဂျွန်ဟော့သည် ‘ပြန်လည်ကုသခြင်း’ စွမ်းရည်ကို အသုံးမပြုနိုင်သော အခြေအနေမျိုး ဖြစ်နေသဖြင့် သူ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။ လုပ်စရာရှိသည်များကို ကျနော်အမြန်ဆုံး လုပ်ဆောင်ရပေမည်။

[အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါ။]

[ဂုဏ်ယူပါသည်။ သင်သည် အကြွင်းမဲ့ပလ္လင်၏ စမ်းသပ်မှုအားလုံးကို အောင်မြင်သွားပါပြီ။]

လေထဲရှိ အတားအဆီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

[ဒင်္ဂါးများဖြင့် ဖြည့်စွက်ထားသော ယာယီအခြေခံစွမ်းရည်များကို ပြန်လည် သုညဖြစ်အောင် လုပ်လိုက်ပါသည်။]

[ဘုရင်များအပေါ် ကန့်သတ်ထားသော စည်းမျဉ်းများအားလုံး ပျောက်ကွယ်သွားပါပြီ။]

[‘ရွှေခေါင်းကွင်း၏ အကျဉ်းသား’ နက္ခတ်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ၏ ဆံပင်များမှာ ထောင်ထနေပါသည်။]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် သင့်လုပ်ရပ်များကို လက်ခုပ်တီး ချီးကျူးနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင်၏ စောင့်ဆိုင်းနိုင်မှုကို ချီးကျူးနေပါသည်။]

[ဒင်္ဂါး ၄,၅၀၀ ထောက်ပံ့မှု ရရှိပါသည်။]

သမိုင်းအဆင့်အတန်းရှိ နက္ခတ်များ၏ သတင်းစကားများကိုလည်း ကျနော် ကြားလိုက်ရသည်။

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် နောင်တရနေပါသည်။]

[‘မျက်လုံးတစ်ဖက်တည်းနှင့် မေတ္တေယျ’ နက္ခတ်သည် သူ၏ မျက်လုံးအုပ် အကာကို လွှင့်ပစ်လိုက်ပါသည်။]

[‘ဟန်နမ်ဂွန် တည်ထောင်သူ’ နက္ခတ်သည် သင့်အပေါ် ရန်ငြိုးဖွဲ့နေပါသည်။]

သဘာဝကျစွာပင် မင်းဆက်သုံးခု၏ ဘုရင်နက္ခတ်များသည် ကျနော့်ကို အပြစ်တင်နေကြသည်။ ကျနော့်ကြောင့် သူတို့သည် ‘ဇာတ်ကြောင်း’ အဆင့်အတန်းသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရခြင်းကြောင့် အပြစ်တင်နေကြခြင်း ဖြစ်၏။

[...အင်း၊ မျှော်လင့်မထားတဲ့ အနိုင်ရသူတစ်ယောက် ပေါ်ထွက်လာတာပဲ]

အလယ်အလတ် ဒိုကဲဘီမှာ အနည်းငယ် မကျေမနပ်ဖြစ်နေပုံ ရသည်။ သူသည် ကျနော် အနိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ကျနော် အနိုင်ရခဲ့ပြီ ဖြစ်သည်။

[ကဲ... ကောင်းပြီလေ။ ဒါက ရလဒ်ပဲ။ အခု ဆိုးလ်မှာရှိတဲ့ ကိုယ်စားလှယ်အားလုံးကို အသိပေးလိုက်ပါတယ်။ အခုလေးတင် အကြွင်းမဲ့ပလ္လင်ရဲ့ အရှင်သခင်အသစ် တစ်ယောက် ပေါ်ထွက်လာပါပြီ]

စနစ်သတင်းစကားများကို လွှတ်တင်တော့မည့် အလယ်အလတ် ဒိုကဲဘီကို ကျနော် တားလိုက်သည်။

"ခဏလောက် စောင့်ပါဦး"

[...ဘာလိုချင်လို့လဲ]

ဒိုကဲဘီ၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။

"မင်းက သိပ်လောနေတာပဲ။ ငါက ပလ္လင်ပေါ်မှာ မထိုင်ရသေးဘူးလေ။ ငါ့ကို အရင်ဆုံး မေးသင့်တယ်မထင်ဘူးလား"

[မင်း အခုပဲ ပလ္လင်ပေါ်တက်တော့မှာပဲဟာကို… အဲဒါက အရေးကြီးလို့လား]

အကြွင်းမဲ့ပလ္လင်ဆီသို့ ကျနော်ချဉ်းကပ်သွားလိုက်သည်။ ဤအခိုက်အတန့်တွင် ဆိုးလ်နယ်မြေကို စောင့်ကြည့်နေသော နက္ခတ်အားလုံး၏ အာရုံမှာ ကျနော့်ထံသို့ စုပြုံရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

လေထဲတွင် ပျံဝဲနေသော အကြွင်းမဲ့ပလ္လင်သည် ကျနော့်ထံသို့ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ ၎င်းမှာ ကျနော့်ကို အကြာကြီး စောင့်ဆိုင်းနေခဲ့သည့်အလား ရွှေရောင်အဆင်းဖြင့် ဝင့်ကြွားနေလေသည်။

အလယ်အလတ် ဒိုကဲဘီကို ကျနော်မေးလိုက်၏။

"ဒီပလ္လင်ကိုသုံးပြီး ငါဘာလုပ်လို့ရလဲ"

[လူသားတွေအပေါ် ဘာမဆို လုပ်လို့ရတယ်]

စကားမှာ တိုတောင်းသော်လည်း ကြောက်စရာကောင်းလှသည်။

[အကြွင်းမဲ့ပလ္လင်ဆိုတာ ပစ္စည်းရဲ့ နာမည်သက်သက်ပဲ။ ပလ္လင်ပေါ်မှာ မင်းဟာ ထိုင်လိုက်ပြီဆိုတာနဲ့ အရာရာကို လုပ်ဆောင်နိုင်တဲ့ စွမ်းအားရှင် ဖြစ်လာလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ မင်းကို ယှဉ်နိုင်မှာ မဟုတ်သလို လူတိုင်းကလည်း မင်းရှေ့မှာ ဒူးထောက်ကြလိမ့်မယ်]

ဒိုကဲဘီ၏ ရှင်းပြချက်ကို ကြားပြီးနောက် လူများမှာ ကျနော့်ကို မနာလိုစွာ ကြည့်နေကြတော့သည်။

ကျနော့်ကို မနာလိုဖြစ်ကြသည်မှာ သဘာဝကျပေသည်။ လူတိုင်းမှာ ဤအကြောင်းပြချက်ကြောင့်ပင် ဤနေရာသို့ အပြေးလာခဲ့ကြခြင်း မဟုတ်ပေလော။

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် သွားရည်ကျနေပါသည်။]

နက္ခတ်တွေတောင်မှ...

ဒါဟာ တကယ့်ကို သနားစရာကောင်းသလို ထူးလည်းထူးဆန်းလှသည်။ ထိုပစ္စည်း၏ မူလအစစ်အမှန်ကို သိနေပါလျက်နှင့် သူတို့မှာ မနာလိုဖြစ်နေကြ၏။ ထိုနက္ခတ်များကို ကျနော်တကယ်ပင် မနှစ်မြို့ချေ။

"ဒါပဲလား"

[...ဟင်]

"အဲဒါက ရယ်စရာကောင်းလောက်အောင် ကောင်းလွန်းနေတာပဲ။ ထိန်းချုပ်ထားတဲ့ နယ်မြေပေါ်မှာ အကြွင်းမဲ့ အာဏာကို ငါ ခံစားရမှာပေါ့နော်"

[ဒုက္ခခံခဲ့ရတဲ့အတွက် ပြန်ရတဲ့ ဆုလာဘ်ပဲလေ၊ မဟုတ်ဘူးလား။ ဒီပလ္လင်ကြောင့် မင်းဟာ ဘယ်နှစ်ခါလောက် သေလုနီးပါး ဖြစ်ခဲ့ရလဲ]

"ဪ၊ ဒါဆို ဒီပလ္လင်က ပကတိ စည်းမျဉ်းတွေရဲ့ အကန့်အသတ်ကိုတောင် ကျော်လွန်ပြီး လုပ်ဆောင်နိုင်တာလား"

[ဘာဖြစ်တယ်]

"မင်းက လိမ်တဲ့နေရာမှာ သိပ်တော်တာပဲ။ မင်းက ဒိုကဲဘီပဲ မဟုတ်လား။ မင်း အခုလို လိမ်လည်နေတာကို စီမံခန့်ခွဲရေးအဖွဲ့က တစ်ခုခု မပြောဘူးလား"

အလယ်အလတ် ဒိုကဲဘီ၏ မျက်နှာမှာ တင်းမာသွားသည်။ အခြားတစ်ဖက်တွင်မူ ဘီဟွန်းသည် ဖြူဖျော့နေသော မျက်နှာဖြင့် ကျနော့်ကို ကြည့်နေလေသည်။

[ငါ ဒီစကားတွေကို နားထောင်ရတာ ငြီးငွေ့နေပြီ။ ဇာတ်ဝင်ခန်းကို အဆုံးသတ်ရမယ်။ အခု ပလ္လင်ပေါ်မှာ ထိုင်လိုက်တော့။ နောက်တစ်ခါ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မင်းဆက်ပြီး ပြောနေဦးမယ်ဆိုရင် အကြွင်းမဲ့ပလ္လင်ကို ငါဖျက်ဆီးပစ်မယ်]

"...ဪ၊ မင်းက အဲဒီလို လုပ်လို့ရတာလား။ ဒါဆိုလည်း လုပ်လိုက်လေ"

[ဟင်]

ဒိုကဲဘီနှင့် စိုက်ကြည့်နေကြသော လူများကို ကြည့်လိုက်ပြီးမှ စကားကို ကျနော် ဆက်ပြောလိုက်သည်။

" ဒီအကြွင်းမဲ့ပလ္လင်ပေါ်မှာ ငါဘယ်တော့မှ ထိုင်မှာ မဟုတ်ဘူး"

ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုကြီးမှာ ဂွမ်ဟွာမွန်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

All Chapters