ဘုရင်မဲ့ကမ္ဘာ (၂)
Vol. 5 Ch. 72
ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ဟိန်းထွက်လာပြီး မိုးစတင်ရွာသွန်းလေသည်။ အကြွင်းမဲ့ပလ္လင်ထံမှ အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ထိုအလင်းတန်းကို ဗဟိုပြု၍ မိုးတိမ်တိုက်များမှာ ဝဲကတော့သဖွယ် လည်နေကြ၏။ ၎င်းမှာ ပဉ္စမမြောက် ဇာတ်ဝင်ခန်း ‘မဟာတွင်းနက်ကြီး’ ၏ နိမိတ်လက္ခဏာပင် ဖြစ်တော့သည်။
မိုးရေထဲရှိ အလယ်အလတ် ဒိုကဲဘီက ပြောလိုက်သည်။
[...မင်း စောနက ဘာပြောလိုက်တာလဲ]
"ပလ္လင်ကို ငါ လက်မခံဘူး"
[မင်း ဘာလို့ ဒီလိုလုပ်နေရတာလဲ ငါ နားမလည်နိုင်တော့ဘူး။ ဒီအချိန်မှာ ဒင်္ဂါးတွေအများကြီး ထပ်ရတာက မင်းအတွက် အကျိုးရှိမယ်လို့ မထင်ဘူးလား။ မင်း ခုနကတင် ဒင်္ဂါးတွေ အများကြီး သုံးလိုက်တာ မဟုတ်ဘူးလား။ အဲဒီအတွက် ပြန်ပြီး ဆုလာဘ်ရသင့်တာပေါ့။ အကယ်၍ မင်းမှာ အကြွင်းမဲ့ပလ္လင်ရဲ့ စွမ်းအားသာ မရှိရင် ဆိုးလ်ဒေသဟာ ပဉ္စမမြောက် ဇာတ်ဝင်ခန်းကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးနော်]
ဒိုကဲဘီ၏ စကားကို ကြားသောအခါ ဂွမ်ဟွာမွန်တွင် ရှိနေသော လူများမှာ ကျနော့်ကို ဝိုင်း၍ အော်ဟစ်ကြတော့သည်။
"ဘာလဲဟ။ မင်း ဘာတွေ စဉ်းစားနေတာလဲ"
"အရူးလုပ်မနေဘဲ မြန်မြန် ထိုင်လိုက်စမ်း"
"ချီးပဲ...နေရာချင်းသာ လဲပစ်လိုက်ချင်တော့တယ်ကွာ"
ဒိုကဲဘီမှာ အခြေအနေက သူထင်ထားသလို ဖြစ်လာတော့မည်ဟု ယူဆကာ ဆက်ပြောလေသည်။
[အဲဒီပလ္လင်က မင်းအလိုရှိတာ မှန်သမျှကို ပေးနိုင်တယ်။ ပလ္လင်ပေါ်မှာ ထိုင်လိုက်ရုံနဲ့ မင်းရဲ့ ‘ဇာတ်ကြောင်း’ က တည်ဆောက်ပြီးသား ဖြစ်သွားမှာဖြစ်သလို မင်းနဲ့ စာချုပ်ချုပ်ထားတဲ့ ထောက်ပံ့သူကလည်း အဆင့်တက်သွားလိမ့်မယ်။ ဒါက ဘာကို ဆိုလိုတာလဲဆိုတာ မင်း မသိဘူးလား]
တကယ်တော့ ကျနော့်နားထဲတွင် နက္ခတ်များ၏ အော်ဟစ်တောင်းဆိုသံများကို ကြားနေရသည်။
[‘ဥကို ထောင်မတ်အောင် ထားနိုင်သည့် စွန့်စားသူ’ နက္ခတ်သည် သင်၏ ထောက်ပံ့သူ ဖြစ်လိုနေပါသည်။]
[‘စီအေအီအီပီ’ (Seo Ae Il Pil) နက္ခတ်သည် သင့်၏ ထောက်ပံ့သူ ဖြစ်လိုနေပါသည်။]
·····
[ဒင်္ဂါး ၅၀၀ ထောက်ပံ့မှု ရရှိပါသည်။]
အလယ်အလတ် ဒိုကဲဘီက အေးစက်သော အသံဖြင့် ဆက်ပြောသည်။
[ငါ ကြိုပြီး သတိပေးထားမယ်။ ငါက အောက်တန်းစား ဒိုကဲဘီတွေနဲ့ မတူဘူး။ အပေါ်ယံ လှည့်ကွက်လေးတွေနဲ့ ငါ့ကို လှည့်စားလို့ရမယ်လို့ မထင်နဲ့]
အကြွင်းမဲ့ပလ္လင်ကို ကျနော်ကြည့်လိုက်သည်။ ဒိုကဲဘီ ပြောသည့်အတိုင်း ပဉ္စမမြောက် ဇာတ်ဝင်ခန်းကို အကြွင်းမဲ့ပလ္လင် မပါဘဲ ကျော်ဖြတ်ရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။
သို့သော် ဒိုကဲဘီ ထိမ်ချန်ထားသော အချက်ကို ကျနော် သိ၏။ အကယ်၍ ကျနော်သာ ဤ ‘အကြွင်းမဲ့ပလ္လင်’ ကို တစ်ကြိမ် အသုံးပြုလိုက်ပါက ဇာတ်ဝင်ခန်းများ၏ အဆုံးသတ်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။ မူရင်းဇာတ်လမ်းထဲတွင် ယူဂျွန်ဟော့သည် တစ်ဆယ့်လေးကြိမ်မြောက် နောက်ပြန်ဆုတ်မှုသို့ ရောက်မှသာ ဤအချက်ကို သတိထားမိခဲ့ခြင်း ဖြစ်သည်။
‘အကြွင်းမဲ့ပလ္လင်’ ဆိုသည်မှာ ထိုကဲ့သို့သော ပစ္စည်းမျိုးပင်။
"မင်း ဘာလို့ ဘုရင်မလုပ်ချင်ရတာလဲ"
လူအုပ်ကြားထဲမှ ဒေါသထွက်နေသော လူတစ်ယောက် ထွက်လာသည်။ ထိုအမျိုးသားမှာ အသက်ပြင်းပြင်းရှူကာ ကျနော်က သူ့ကို စော်ကားလိုက်သည့်အလား ကျနော့်ကို တံတွေးနှင့် ထွေးလိုက်သည်။
ထိုအမျိုးသားဘက်သို့ ကျနော်လှည့်ကြည့်လိုက်သည်။
"အဲဒါ ငါ မေးချင်တဲ့ စကားပဲ။ မင်းတို့က ငါ့ကို ဘာလို့ ဘုရင် ဖြစ်စေချင်ရတာလဲ"
"ဘာဖြစ်တယ်"
"ငါ ဘုရင်ဖြစ်သွားပြီး မင်တို့ကို သတ်ပစ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ"
ထိုအမျိုးသားမှာ ဆွံ့အသွားတော့သည်။ ပတ်ဝန်းကျင်ရှိ လူများကို ကျနော် ဆက်ပြီး ကြည့်လိုက်သည်။
"မင်းတို့ အားလုံးက အတူတူပဲ။ မေ့သွားကြပြီလား။ ငါတို့က မူလကတည်းက ဘုရင်စနစ်နဲ့ နေလာခဲ့ကြတာ မဟုတ်ဘူး။ ဘာလို့ ဘုရင်ရဲ့ လက်အောက်ခံတွေလို ပြုမူနေကြတာလဲ"
ကျနော် ဘာလို့ ဘုရင်မဖြစ်ချင်တာလဲ။ အဖြေက ရိုးရှင်းပါသည်။
"ငါက မင်းတို့လို ရုပ်ဆိုးတဲ့ လူသားတွေရဲ့ ဘုရင် မဖြစ်ချင်ဘူး"
ကောင်းကင်ကို မော့ကြည့်ရင်း ကျနော်ပြောလိုက်သည်။
"ပြီးတော့ ခင်ဗျားတို့လို ရုပ်ဆိုးတဲ့ နက္ခတ်တွေကိုလည်း ကျနော့်ရဲ့ ထောက်ပံ့သူအဖြစ် မလိုချင်ဘူး"
ထို့နောက် ပလ္လင်ကို ကျနော်ကြည့်လိုက်သည်။
"ဒါကြောင့် ဒီအကြွင်းမဲ့ပလ္လင်ပေါ်မှာ ငါဘယ်တော့မှ ထိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့…"
ကျနော် ဓားကို ဆွဲထုတ်လိုက်သည်။
"တခြားလူတွေကိုလည်း ဒီပလ္လင်ပေါ်မှာ ထိုင်ခွင့် မပေးနိုင်ဘူး"
တစ်စုံတစ်ယောက်က ထိုင်လိုက်ပြီဆိုလျှင် အခြားလူများမှာ ထိုင်၍မရတော့ဟု အဓိပ္ပာယ်ရသည်။ အလယ်အလတ် ဒိုကဲဘီ၏ အေးစက်သော မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားသည်။
[မင်း သတိထားသင့်တယ်နော်။ ငါက အဲဒီလောက် သည်းခံတတ်တဲ့သူ မဟုတ်ဘူး...]
ဒိုကဲဘီကို စိုက်ကြည့်ရင်း ကျနော်စကားကို ဆက်ပြောလိုက်သည်။
"ဒိုကဲဘီတွေရဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ ခင်ဗျားတို့ ဘယ်လောက်အထိ အကူအညီမဲ့စွာ ပါဝင်နေကြဦးမှာလဲ။ အကြွင်းမဲ့ပလ္လင်ပေါ်မှာ ထိုင်လိုက်တာက ဘာကို ဆိုလိုတယ်ဆိုတာ ဘယ်သူသိလဲ"
တစ်ချိန်က ‘နာခံတတ်ခဲ့သော’ လူများသည် ထိုနာခံမှုမှ ရုန်းထွက်ရန်အတွက် မည်မျှအထိ ပေးဆပ်ရမည်ကို ကျနော် သိသည်။
"ကိုရီးယား ကျွန်းဆွယ်ရဲ့ နက္ခတ်တို့။ ခင်ဗျားတို့အတွက်လည်း အတူတူပဲ။ နက္ခတ်တိုင်းက အတူတူမဟုတ်ဘူးဆိုတာ ကျနော် သိတယ်။ တချို့နက္ခတ်တွေက အဆင့်နိမ့်ကြပြီး တချို့ကတော့ အဆင့်မြင့်ကြတယ်"
နက္ခတ်များကြားတွင် မမြင်နိုင်သော အဆင့်အတန်းများ ရှိကြလေသည်။
နက္ခတ်အချို့က ကိုယ်စားလှယ်များကို စောင့်ကြည့်နေသကဲ့သို့ပင် အခြားသော နက္ခတ်များကလည်း ထိုနက္ခတ်များကို ပြန်လည် စောင့်ကြည့်နေကြခြင်း ဖြစ်၏။ အတိအကျ ပြောရလျှင် အဆင့်နိမ့်သော နက္ခတ်များမှာ စောင့်ကြည့်ခံနေရသူများ ဖြစ်ကြသည်။
"ဒီလောက်ဆိုရင် မလုံလောက်သေးဘူးလား။ စိတ်မချမ်းမြေ့စရာကောင်းတဲ့ ဧည့်သည်တွေအတွက် ဒီမြေကို ခင်ဗျားတို့ ကစားကွင်းအဖြစ် ဘယ်လောက်အထိ ဆက်လုပ်နေကြဦးမှာလဲ"
[‘မျက်လုံးတစ်ဖက်တည်းနှင့် မေတ္တေယျ’ နက္ခတ်သည် အာရုံစိုက်နေပါသည်။]
"နက္ခတ်တစ်ခု ဖြစ်လာဖို့အတွက် သမိုင်းကြောင်းတွေကို တည်ဆောက်ရတယ်၊ ပြီးတော့ ဇာတ်ကြောင်းအဆင့်အတန်းရှိတဲ့ နက္ခတ်တွေ ဖြစ်လာဖို့ ဇာတ်ကြောင်းတွေကို ထပ်ပြီး တည်ဆောက်ရတယ်... အဲဒီနောက်မှာရော ဘာရှိဦးမှာလဲ။ ကောင်းကင် ပိုမြင့်လေ ကြယ်က ပိုလင်းလေပဲလား။ ခင်ဗျားတို့ ကိုယ်ကျိုးအတွက် ဒီမြေရဲ့ မျိုးဆက်တွေကို ဘယ်လောက်အထိ ဆက်ပြီး အသုံးချနေဦးမှာလဲ"
[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် တိတ်ဆိတ်သွားပါသည်။]
ဤအခိုက်အတန့်တွင် အလယ်အလတ် ဒိုကဲဘီက လှုပ်ရှားလာသည်။
[ငါ ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး]
တစ်ချိန်တည်းမှာပင် စနစ်သတင်းစကားတစ်ခု ရောက်ရှိလာသည်။
[နောက်ဆက်တွဲ ဇာတ်ဝင်ခန်းအသစ်တစ်ခု ရောက်ရှိလာပါသည်။]
[နောက်ဆက်တွဲ ဇာတ်ဝင်ခန်း – အတင်းအဓမ္မ ဆက်ခံစေခြင်း။]
အမျိုးအစား : နောက်ဆက်တွဲ
ခက်ခဲမှု : B
ပြီးမြောက်ရန်အခြေအနေ : ပလ္လင်ပေါ်တွင် မထိုင်လိုသော ကိုယ်စားလှယ်
ကင်ဒေါ့ဂျာကို နှိမ်နင်းပြီး သူ့ကို ပလ္လင်ပေါ်သို့
တင်ပေးရမည်။
အချိန်ကန့်သတ်ချက် : မိနစ် ၃၀
ဆုလာဘ် : ဒင်္ဂါး ၆,၀၀၀
ရှုံးနိမ့်မှု : -
ဟုတ်ပေသည်၊ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကျနော် ထင်ထားပြီးသားပင်။ ကျနော့်စကားများကြောင့် တုန်လှုပ်သွားခဲ့ကြသော လူများသည် ယခုအခါ ကျနော့်ထံသို့ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။
နောက်ဆုံးတော့လည်း ဒိုကဲဘီ ပြောသည့်အတိုင်းပင်။ ဒီမှာရှိနေတဲ့ လူတွေရော၊ ကျနော်ပါ အတူတူပဲဖြစ်၏။ ကျနော် မည်သို့ပဲပြောပြော သူတို့ကတော့ ဒင်္ဂါးအနည်းငယ်အတွက် သူတို့ ရဲ့ သိက္ခာကို ရောင်းချကြဦးမည်ပင်။
လူတိုင်းကတော့ သိက္ခာကိုရောင်းတာမျိုး လုပ်မည်မဟုတ်သည်က အမှန်ပင်ဖြစ်၏။
"ငါ့ကိုပဲ အရင်ကျော်ဖြတ်ကြည့်ကြစမ်း"
အမျိုးသမီးတစ်ယောက် ကျနော့်ရှေ့တွင် ပေါ်လာသည်။ ထိုအမျိုးသမီး၏ ဟိန်းဟောက်သံကြောင့် လူများမှာ တွန့်ဆုတ်သွားကြသည်။ ထိုအမျိုးသမီးမှာ ယောင်ဟီဝန်ပင် ဖြစ်တော့သည်။
"ကမ္ဘာကြီးက ဘယ်လိုပဲဖြစ်နေပါစေ၊ မမေ့သင့်တဲ့ အရာတစ်ခုတော့ ရှိတယ်"
ယူဆန်းအာသည်လည်း ရုတ်တရက် ချဉ်းကပ်လာသည်။ လီဂီယောင်သည်လည်း စောင့်ဆိုင်းနေသည့်အလား ကျနော့်နောက်တွင် တူတစ်လက်နှင့် ရပ်နေလေသည်။ ဂျွန်မင်ဆော့နှင့် လီဆောင်းဂုတို့လည်း ရှေ့သို့ ထွက်လာကြ၏။
"...တစ်ခါတလေကျရင်တော့ ကိုယ်စားလှယ်ကြီးက ယူဂျွန်ဟော့ထက်တောင် ပိုပြီး ဇာတ်လိုက်နဲ့ တူနေတတ်တယ်"
"ယူဂျွန်ဟော့တောင် ဒီလောက်အထိတော့ အရူးထတာ မဟုတ်ဘူး"
အံ့သြစရာကောင်းသော လူအချို့လည်း ရှိနေပါသေးသည်။
"ဒီတစ်ကြိမ်ပဲ ကျမ ရှင့်ကို ကူညီမယ်"
"မင်းရဲ့ စကားတွေက နားထောင်လို့ ကောင်းပါတယ်"
၎င်းတို့မှာ အလှဘုရင်မ မင်ဂျီဝန်းနှင့် မေတ္တေယျဘုရင် ချာဆန်းဂယောင်တို့ ဖြစ်ကြသည်။ ကျနော့်၏ မည်သည့်စကားက သူတို့၏ စိတ်နှလုံးကို လှုပ်နှိုးသွားစေသည်ကို ကျနော် မသိပေ။ သို့ပေသိ တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကတော့ ထင်ရှားသည်။ သို့သော်လည်း ၎င်းမှာ လူနည်းစုမျှသာ ရှိသေးသည်။
[မင်းတို့တွေ ကောင်းကောင်း အသုံးတော်ခံပြနေကြတာပဲ... အားလုံး ဘာလုပ်နေကြတာလဲ။ သူ့ကို အခုချက်ချင်း ဆွဲချလိုက်ကြစမ်း]
လူများသည် ပလ္လင်ဆီသို့ အပြေးအလွှား လာနေကြသည်။ ယောင်ဟီဝန်သည် ကျနော့်ပတ်ဝန်းကျင်ရှိ လူများကို တွန်းဖယ်ရင်း မေးလိုက်သည်။
"ဒေါ့ဂျာ၊ နင့်မှာ အစီအစဉ် ရှိလား"
"ရှိတယ်"
"ငါတို့ ဘာလုပ်ရမလဲ"
"ငါ့အတွက် အချိန်နည်းနည်း ဆွဲပေးပါ။ ဒီပလ္လင်ကို ငါဖျက်ဆီးရမယ်"
ဇာတ်ဝင်ခန်းအသစ်၏ အချိန်အတိုင်းအတာမှာ ဤပလ္လင်အတွင်းတွင် ကိန်းအောင်းနေသည်။ ဓားတစ်လက်ကို ကျနော်ဆွဲထုတ်လိုက်သောအခါ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓား"
S+ အဆင့်ရှိသော ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓားမှာ အချို့သော အခြေအနေများ ပြည့်စုံပါက ကြယ်စင်အမွေအနှစ်ပစ္စည်းအဖြစ် ပြောင်းလဲနိုင်သော ပစ္စည်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓားမှာ နက္ခတ်တစ်ခု၏ ဝိညာဉ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းဖြစ်သောကြောင့် ဖြစ်သည်။
[ဂန်ပြောင်းဝီ၏ အထူးလုပ်ဆောင်ချက် ‘ကြယ်စင်များ၏ ပဲ့တင်သံ’ ကို အသုံးပြုလိုက်ပါသည်။]
[‘ကြယ်စင်များ၏ ပဲ့တင်သံ’ သည် နက္ခတ်တစ်ပါး၏ အကူအညီကို တောင်းခံလို့ရအောင် လုပ်ပေးစေနိုင်ပါသည်။]
"ကျနော် နက္ခတ်တစ်ပါးကို ခေါ်ယူမယ်"
[ကြီးမြတ်သော နက္ခတ်များသည် ကြယ်စင်များကြားမှ စီးဆင်းလာသော သင့်အသံကို ကြားနေရပါပြီ။]
ဂါထာမန္တန်တစ်ခုကို အလွတ်ရွတ်ဆိုနေသည့်အလား နက္ခတ်များကို ကျနော် ခေါ်ယူလိုက်သည်။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ ပထမဆုံးကြယ်ကို ကျနော် အလိုရှိတယ်"
လောဘကြီးသော ဝံပုလွေကြယ် (Dubhe)။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ ဒုတိယမြောက်ကြယ်ကို ကျနော် အလိုရှိတယ်"
မဟာတံခါးကြယ် (Merak)။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ တတိယမြောက်ကြယ်ကို ကျနော် အလိုရှိတယ်"
ကောင်းချီးမင်္ဂလာကြယ် (Phecda)။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ စတုတ္ထမြောက်ကြယ်ကို ကျနော် အလိုရှိတယ်"
စာပေပညာရှင်ကြယ် (Megrez)။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ ပဉ္စမမြောက်ကြယ်ကို ကျနော် အလိုရှိတယ်"
စင်ကြယ်သန့်ရှင်းသောကြယ် (Alioth)။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ ဆဋ္ဌမမြောက်ကြယ်ကို ကျနော် အလိုရှိတယ်"
စစ်ရေးလှည့်ပြောင်းခြင်းကြယ် (Mizar)။
[ကြယ်စင်လမ်းညွှန်မှု စတင်ပါပြီ။]
[နက္ခတ် ခြောက်ပါးက သင့်ကို ကြည့်ရှုနေပါသည်။]
ထောင်ပေါင်းများစွာသော နက္ခတ်များ ပျောက်ကွယ်သွားပြီး ကျနော့်စိတ်ထဲတွင် လူကြပ်ညပ်နေသော မြေအောက်ရထားတစ်ခုလို လေးလံထိုင်းမှိုင်းလာသည်။ ကျနော့်နှာခေါင်းနှင့် နားများမှ သွေးများ စီးကျလာပြီး ခေါင်းထဲတွင် မူးဝေလာသည်။ တစ်စုံတစ်ခုကို တွေးတောရန်ပင် ခက်ခဲလှ၏။ နက္ခတ် ခြောက်ပါးနှင့် တစ်ပြိုင်နက်တည်း ဆက်သွယ်လိုက်သည့် အခိုက်အတန့်မှာပင် ကျနော့်ဦးနှောက်မှာ အလုပ်ဝန်ပိသွားရတော့သည်။ မဟာဝက်ဝံကြယ်စင်စုမှ ကြယ်များက စတင်စကားပြောလာကြသည်။ (ခုနစ်စင်ကြယ်သည် မဟာဝက်ဝံကြယ်စင်စု၏ အစိတ်အပိုင်းဖြစ်သည်။)
[မင်း ဘာတွေ ကြံစည်နေတာလဲ]
[ငါတို့အားလုံးကို မင်းကခေါ်ယူလိုက်တာပဲ]
[မင်းရဲ့ စိတ်ဝိညာဉ်ကတော့ လုံးဝ ပျက်စီးသွားလိမ့်မယ်]
[ငါတို့ကို ဘာလို့ ခေါ်တာလဲ]
[ဘာလို့ လွယ်ကူတဲ့ လမ်းကို မရွေးတာလဲ]
[ဒီလို ဆူးခင်းတဲ့လမ်းကို ရွေးမလို့လား]
သို့သော် ကျနော် မရပ်တန့်ခဲ့ပေ။ ဟုတ်ပေသည်၊ ‘ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓား’ ကို အသုံးပြုရန်အတွက် နောက်ထပ် နက္ခတ်တစ်ခုကို ထပ်မံခေါ်ယူရန် လိုအပ်သေးသည်။ သို့သော် မိုးကောင်းကင်အဝိုင်းပြား ပေါ်တွင် အသုံးပြုနိုင်သည့် နက္ခတ် မကျန်တော့ပေ။
[ဂန်ပြောင်းဝီကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် ကုန်ဆုံးသွားပါပြီ။]
သာမန်ညောင်ညတွေ၏ဧကရာဇ်ထံမှ ရရှိခဲ့သော နဂါးအိုးကို ကျနော် ထုတ်ယူလိုက်ပြီး အထဲတွင် တစ်စုံတစ်ခုကို အရည်ဖျော်လိုက်သည်။
လူ၇ ယောက်ဝင်ရသော မြေအောက်ခံတပ်ထဲမှ အရည်ဖျော်အိုးထဲသို့ ပစ္စည်းနှစ်ခုကို ကျနော်ထည့်လိုက်သည်။
"နောက်ထပ် နက္ခတ်တစ်ခုကို ခေါ်ယူဖို့အတွက် S အဆင့်ရှိတဲ့ သုံးကွင်းပတ်လက်စွပ်နဲ့ S အဆင့်ရှိတဲ့ ဂန်ပြောင်းဝီကို ယဇ်ပူဇော်မယ်"
[နဂါးအိုး၏ ‘အရည်ဖျော်ခြင်း’ စွမ်းအားက အစွမ်းပြလာပါသည်။]
[S အဆင့်ရှိသော သုံးကွင်းပတ်လက်စွပ်မှာ ယဇ်ပူဇော်မှုအဖြစ် ပျောက်ကွယ်သွားပါပြီ။]
[S အဆင့်ရှိသော ဂန်ပြောင်းဝီကို နောက်ထပ်တစ်ကြိမ် အသုံးပြုနိုင်ပါပြီ။]
ဂန်ပြောင်းဝီကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုကာ နောက်ဆုံးနက္ခတ်ကို ကျနော် ခေါ်ယူလိုက်သည်။
"ခုနစ်စင်ကြယ်ခုနစ်လုံးရဲ့ သတ္တမမြောက်ကြယ်ကို ကျနော် အလိုရှိတယ်"
စစ်ရှုံးကြယ် (Alkaid)။
ကြယ်ခုနစ်လုံးသည် လေထုထဲတွင် ပြည့်နှက်သွားသည်။ ခုနစ်စင်ကြယ်ခုနစ်လုံးကို ဖွဲ့စည်းထားသော ကြယ်များအားလုံး စုစည်းမိသွားကြပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကြယ်ခုနစ်လုံးက ကျနော့်ကို စကားပြောလာသည်။
[ငါတို့ဆီကနေ မင်းက ဘာကို အလိုရှိတာလဲ]
"နက္ခတ်တွေရဲ့ နိမိတ်တွေကို ဖြတ်တောက်ပစ်ချင်တယ်။ ခင်ဗျားတို့ရဲ့ ဓားကို ကျနော့်ကို ခဏလောက် ငှားပေးပါ"
[...ဒါက ဘာကို ဆိုလိုတယ်ဆိုတာ မင်း သိရဲ့လား]
"ကျနော် သိပါတယ်"
ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ကျနော် ကောင်းကောင်းသိနေပါလျက်နှင့် ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စတုတ္ထမြောက် ဇာတ်ဝင်ခန်း၏ နောက်ဆုံးဆုလာဘ်မှာ အကြွင်းမဲ့ပလ္လင် ဖြစ်သည်။ ထိုပလ္လင်သည် ‘လောက၏ နတ်ဘုရား’ ထံမှ စွမ်းအားကို ငှားရမ်းအသုံးပြုထားသော ပစ္စည်းတစ်ခု ဖြစ်လေသည်။
အကယ်၍ ကျနော်သာ ထိုပလ္လင်ကို ရရှိခဲ့လျှင် အလွန် အဆင်ပြေပါလိမ့်မည်။ ယူဂျွန်ဟော့အပေါ် ကန့်သတ်ချက်များ ထားရှိနိုင်မည်ဖြစ်သလို ကျနော့်ကို ခြိမ်းခြောက်နေသော ရန်သူများမှာလည်း ပျောက်ကွယ်သွားလိမ့်မည်ဖြစ်၏။
သို့သော် ဆိုးလ်မြို့မှာမူ ဧကန်အမှန် ပျက်စီးသွားပေလိမ့်မည်။ မည်သည့် ကယ်တင်ခြင်း သို့မဟုတ် အံ့ဖွယ်အမှုမျှ မရှိဘဲ လုံးဝဥဿုံ ပျက်စီးခြင်းသို့ ရောက်ရပေလိမ့်မည်။
၎င်းမှာ ပလ္လင်၏ စွမ်းအားကို ငှားရမ်းခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးပင် ဖြစ်သည်။ ကျနော် အလိုရှိသော အဆုံးသတ်ကို ရရှိရန်အတွက် မည်သူမျှ ဤပလ္လင်ပေါ်တွင် ထိုင်၍မဖြစ်ပေ။
[ကောင်းကင်ဘုံရှိ နက္ခတ်များတောင်မှ ပလ္လင်ကို တည်ထောင်သူကို ကြောက်ရွံ့ကြတယ်]
[ဒါပေမဲ့ လူသားဖြစ်တဲ့ မင်းက ဒီအရာရဲ့ ပိုင်ရှင်ကို စိန်ခေါ်ချင်တာလား]
"ခင်ဗျားတို့ရဲ့ အကူအညီနဲ့ဆိုရင် ကျနော် လုပ်နိုင်ပါတယ်။ ကျနော်က ပိုင်ရှင်နဲ့ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ပိုင်ရှင်နဲ့ ဒီပစ္စည်းကြားက ဆက်သွယ်မှုကိုပဲ ဖြတ်တောက်ပစ်ချင်တာပါ"
[မင်း ဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး]
[မင်း သေသွားလိမ့်မယ်]
"ဒါဟာ ကျနော် ဆုံးဖြတ်ထားတဲ့ အရာပါ။ ဒါဆို အခုပဲ စတော့မယ်"
ကြယ်ခုနစ်လုံးမှာ တိတ်ဆိတ်သွားသည်။ အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ခုနစ်စင်ကြယ်ခုနစ်လုံးသည် တောက်ပစွာ လင်းလက်လာပြီး ၎င်းတို့၏ နိမိတ်လက္ခဏာများကို ဓားပေါ်တွင် ထွင်းထုလိုက်ကြသည်။
[မင်းရဲ့ ဆန္ဒကို ငါတို့ လေးစားပါ့မယ်]
[မင်း ဒီမှာတင် သေသွားခဲ့ရင်တောင်]
[ငါတို့ မင်းကို မှတ်မိနေပါ့မယ်]
စူးရှတောက်ပသော အလင်းတန်းတစ်ခုသည် ‘ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓား’ ကို ရစ်ပတ်သွားပြီး တောက်ပသော မီးလျှံများဖြင့် စတင်လောင်ကျွမ်းလာသည်။
[S+ အဆင့်ရှိသော ‘ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓား’ သည် ကြယ်စင်အမွေအနှစ် ‘ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓား’ အဖြစ်သို့ တိုးတက်ပြောင်းလဲသွားပါပြီ]
ကြယ်စင်အမွေအနှစ် ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓားမှာ မူလကတည်းက အခမ်းအနားသုံး ဓားတစ်လက် ဖြစ်သည်။ ၎င်းမှာ မိစ္ဆာစွမ်းအင်များကို ဖြတ်တောက်ရန်နှင့် ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် အသုံးပြုသည့် ဓားဖြစ်သည်။
ကျနော်သည် ထိုဓားကို အကြွင်းမဲ့ပလ္လင်ဆီသို့ လွှဲယမ်းလိုက်သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ မီးလျှံများမှာ ဝုန်းခနဲ ထတောက်သွားသည်။
ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓားသည် နက္ခတ်တစ်ခုနှင့် ကြယ်စင်အမွေအနှစ်ပစ္စည်းတစ်ခုကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်နိုင်သော အနည်းငယ်မျှသော ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ဟင်းလင်းပြင်ထဲတွင် ဆုတ်ဖြဲခံလိုက်ရသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
တစ်စုံတစ်ခုကို သတိထားမိသွားသည့်အလား အကြွင်းမဲ့ပလ္လင်၏ အပေါ်တွင် နိမိတ်မကောင်းသော အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ကျနော် နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံလွှဲယမ်းလိုက်သောအခါ ယင်လေးပါး မိစ္ဆာခေါင်းဖြတ်ဓားမှာ စတင်ပျက်စီးလာတော့သည်။ ယခုဆိုလျှင် ခုနစ်စင်ကြယ်ခုနစ်လုံးကိုပဲ ယုံကြည်ရတော့မည်ဖြစ်၏။ ယူဆန်းအာက အော်ဟစ်လိုက်သည်။
"ဒေါ့ဂျာ။ မြန်မြန်လုပ်ပါ"
ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ဓားကို ကျနော်လွှဲယမ်းလိုက်သည်။ ပျက်စီးနေသော ဓားသွားကို ဂရုမစိုက်ဘဲ ပလ္လင်ကိုသာ ဆက်တိုက် ရိုက်နှက်နေခဲ့သည်။ မီးပွင့်များ လက်ခနဲဖြစ်သွားပြီး ဓားသွားမှာ ကျိုးပဲ့သွားတော့သည်။ ထို့နောက် နောက်ဆုံးတွင်တော့…..
[ကြယ်စင်အမွေအနှစ် ‘အကြွင်းမဲ့ပလ္လင်’ နှင့် ချိတ်ဆက်ထားသော နက္ခတ်မှာ ပျောက်ကွယ်သွားပါပြီ။]
[‘အမည်မသိ နတ်ဘုရား’ သည် ဤကမ္ဘာ၏ ပြောင်းလဲမှုကို သတိပြုမိသွားပါပြီ။]
အကြွင်းမဲ့ပလ္လင်သည် သာမန်ကုလားထိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏ အလင်းရောင်များလည်း ပျောက်ဆုံးသွားသည်။ အလယ်အလတ် ဒိုကဲဘီ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
[မင်းတို့လို အောက်တန်းစားတွေက ဘယ်သူ့ကို ရင်ဆိုင်နေရတယ်ဆိုတာကိုတောင် သဘောမပေါက်ကြဘူးပဲ...]
[နောက်ဆက်တွဲ ဇာတ်ဝင်ခန်း ပြီးဆုံးသွားပါပြီ။]
လူများမှာ လှုပ်ရှားမှု ရပ်တန့်သွားကြ၏။ ဇာတ်ဝင်ခန်း ပြီးဆုံးသွားပြီဖြစ်၍ သူတို့တတွေ ဆက်လက်တိုက်ခိုက်ရန် မလိုတော့ပေ။ ခုနစ်စင်ကြယ်ခုနစ်လုံးက ကျနော့်ကို ပြောလိုက်သည်။
[ကိုယ်စားလှယ်ကြီး။ ဖြစ်နိုင်ခြေတွေ လွှမ်းမိုးလာတော့မှာမို့လို့ အဆင်သင့်ပြင်ထားပါ]
ထိုအသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျနော့်ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသည်။ ကျနော့်၏ တည်ရှိမှုတစ်ခုလုံးကို တစ်စုံတစ်ခုက ဆွဲနုတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ကျနော့်ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်တော့မည့်အလား ပြင်းထန်လှသော စွမ်းအားတစ်ခုက ကျနော့်ကို ဝန်းရံထားသည်။ အသိစိတ်ကို မပျောက်သွားစေရန် အစွမ်းကုန် ကျနော် ကြိုးစားထိန်းချုပ်လိုက်သည်။
အဆင်ပြေသွားမှာပါ။
‘ဖြစ်နိုင်ခြေ’ သည် ‘အခြေအနေမှန်’ ဖြစ်လာလိမ့်မည်။ အရာအားလုံး အခြေအနေမှန် ဖြစ်လာစေရန် ကျနော် အစွမ်းကုန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ကျနော် ဤအရာကို ကျော်ဖြတ်နိုင်ပါလိမ့်မည်။
သတိကို ကျနော် မနည်း ထိန်းထားရ၏။ ထိုစဉ် အဝေးက ညကောင်းကင်ယံရှိ ကြယ်တစ်ပွင့်မှာ ငြိမ်သက်စွာ လင်းလက်လာသည်။
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
ထိုအကြည့်မှာ တည်ငြိမ်ပြီး အထီးကျန်ဆန်သော်လည်း နူးညံ့သော အကြည့်တစ်ချက် ဖြစ်ပေသည်။
[‘တရားမျှတသော ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
နှစ်ပွင့်။
[‘ဟွမ်ဆန်ဗြော၏ နောက်ဆုံးသူရဲကောင်း’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
သုံးပွင့်။
[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
·····
နက္ခတ်များထံမှ သတင်းစကားများကို မြင်သောအခါ အလယ်အလတ် ဒိုကဲဘီက အော်ဟစ်လိုက်သည်။
[ဘာလို့လဲ...]
ကြယ်တစ်ပွင့် တိုးလာတိုင်း ကျနော့်၏ နာကျင်မှုမှာ အနည်းငယ်စီ လျော့ပါးသွားသည်။ နက္ခတ်များသည် ကျနော် ခံစားရမည့် ‘ဖြစ်နိုင်ခြေ’ များကို ခွဲဝေယူနေကြသည်ဆိုတာကို ကျနော် သိလိုက်ရသည်။ ‘အခြေအနေမမှန်သော ဇာတ်လမ်း’ တစ်ခုသည် ကြယ်များစွာ၏ သဘောတူညီမှုနှင့်အတူ ‘အခြေအနေမှန်သော ဇာတ်လမ်း’ ဖြစ်လာခဲ့သည်။ မြောက်မြားစွာသော ကြယ်များသည် ကျနော့်ကို ၎င်းတို့၏ အလင်းတန်းများဖြင့် ရစ်ပတ်ထားကြသည်။ ခုနစ်စင်ကြယ်ခုနစ်လုံးကလည်း ကျနော့်ကို သူတို့၏ ခွန်အားများ ငှားရမ်းပေးခဲ့သည်။
[ဒါက မင်းပြသချင်တဲ့ ဇာတ်လမ်းလား]
ကျနော် ပြန်ဖြေချင်သော်လည်း အင်အား မရှိတော့ပေ။
[ငါတို့ မင်းကို စောင့်ကြည့်နေပါ့မယ်၊ ဘုရင်မဲ့ကမ္ဘာရဲ့ ဘုရင်ကြီး]
ရှုပ်ထွေးနေသော ဆိုးလ်မြို့၏ ညကောင်းကင်ယံ။ ကျနော့်ထံသို့ အလင်းတန်းများ ပေးပို့နေသော ကြယ်များကို ကျနော် မော့ကြည့်လိုက်သည်။
[‘ဟောင်းမူဘုရင်ကြီး’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
[‘မျက်လုံးတစ်ဖက်တည်းနှင့် မေတ္တေယျ’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
·····
ဆိုးလ်မြို့ရှိ သမိုင်းအဆင့်အတန်းရှိ နက္ခတ်အားလုံးမှာ ကျနော့်ထံသို့ လင်းလက်နေကြသည်။ ကြယ်များစွာ ရှိနေသော်လည်း မှောင်မိုက်နေသော ညကောင်းကင်ယံကို လွှမ်းမိုးနိုင်ရန်တော့ မလုံလောက်သေးပေ။
တွင်းနက်ကြီးထဲတွင် ပြည့်နှက်နေသော မငြိမ်မသက်ဖြစ်နေသည့် တိမ်တိုက်များကို ကျနော်မော့ကြည့်လိုက်သည်။
[စတုတ္ထမြောက် ဇာတ်ဝင်ခန်းကို အတင်းအဓမ္မ အဆုံးသတ်လိုက်ပါသည်။]
[စီစဉ်မထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ဇာတ်ဝင်ခန်းကို ပြန်လည်အခြေချရန် အချိန်ယူရပါမည်။]
နှာခေါင်းမှ စီးကျနေသော သွေးများကို ကျနော် သုတ်လိုက်သောအခါ အလယ်အလတ် ဒိုကဲဘီက ချဉ်းကပ်လာသည်။
[မင်းက အဆိုးဆုံး ရွေးချယ်မှုကို လုပ်လိုက်တာပဲ။ ဒီနေ့ မင်းလုပ်ခဲ့တဲ့ အရာအတွက် တစ်သက်လုံး နောင်တရစေရမယ်။ အဲဒါကို ငါ သေချာပေါက် လုပ်ပြမယ်]
ကျနော့် အမြင်အာရုံများ ဝေဝါးလာချိန်တွင် ကျနော် ရယ်မောလိုက်သည်။ ဒိုကဲဘီ၏ ထိုစကားများမှာ ဤပွဲတွင် ကျနော် နိုင်သွားပြီဆိုသည့် အဓိပ္ပာယ်ပင် မဟုတ်ပေလော။
[သင်သည် မတည်ရှိဖူးသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပါသည်။]
[သင်၏ ဇာတ်ကြောင်းအသစ်တစ်ခု ဖန်တီးလိုက်ပါပြီ။]
[‘ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်’ ဟူသော ဇာတ်ကြောင်း မွေးဖွားလာပါပြီ။]
[သင်သည် အထူးစွမ်းရည် တစ်ခု ရရှိနိုင်မည့် အလားအလာကို ရရှိခဲ့ပါသည်။]
ကျနော့်မှာ နောက်ထပ် ‘နောက်ပြန်ဆုတ်မှု’ ဆိုတာ မရှိပေ။ ဤကမ္ဘာမြေပေါ်တွင်သာ ဤဇာတ်လမ်း၏ အဆုံးသတ်သို့ ရောက်အောင် ကျနော် သွားမည်ဖြစ်သည်။