← Chapters

ဘုရင်မဲ့ကမ္ဘာ (၆)

Vol. 5 Ch. 76

ဘုရင်မဲ့ကမ္ဘာ (၆)

Vol. 5 Ch. 76

ကျနော် သတိမမူမိခင်မှာပင် ဆောင်းမင်းဝူသည် ကျနော့်ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ အလွန်အမင်း မြန်ဆန်လှသော အရှိန်အဟုန်ပင်။ ဤကဲ့သို့ အရှိန်မျိုးရရန် သူ၏ လျင်မြန်မှုမှာ အနည်းဆုံး အဆင့် ၄၀ ထက်မနည်း ရှိရပေလိမ့်မည်။

"မင်းလား"

အက်ကွဲသံပါသော အသံဖြင့် မေးလိုက်သည်။ ဤကောင်သည် မျိုးစိတ်ပြင်ပ သတ္တဝါအဖြစ်သို့ လုံးဝ ကူးပြောင်းပြီးသွားပြီ ဖြစ်သည်။

[အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါ ဆောင်းမင်းဝူက ‘သားရဲ၏ ခြိမ်းခြောက်မှု အဆင့် ၅’ ကို အသုံးပြုလိုက်ပါသည်။]

[ဇာတ်ကောင် ‘ဟန်ဆိုယောင်း’ က ‘စိတ်အကာအရံ အဆင့် ၃’ ကို အသုံးပြုလိုက်ပါသည်။]

[ဇာတ်ကောင် ‘ဟန်ဆိုယောင်း’ သည် သားရဲ၏ ခြိမ်းခြောက်မှု သက်ရောက်မှု အာနိသင်အချို့ကို လျှော့ချပေးလိုက်ပါသည်။]

ချက်ချင်းဆိုသလိုပင် ဆောင်းမင်းဝူ၏လက်မှာ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ဟန်ဆိုယောင်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

"အွပ်..."

ဟန်ဆိုယောင်း၏ ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေတွင် မရှိဟု ဆိုစေကာမူ ဤမျှ လွယ်လွယ်ကူကူနှင့် အဖမ်းခံလိုက်ရသည်မှာတော့ အလွန်ပင် လွယ်လွန်းလှသည်။

အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါမှာ လက်ရှိအချိန်တွင် ရင်ဆိုင်ရမည့် ရန်သူများထဲ၌ အဆိုးဝါးဆုံးပင် ဖြစ်သည်။

အဆင့် ၅ ရှိသော မီးနဂါးနှင့် ယှဉ်လျှင် အခြေအနေမှာ ကွဲပြားသည်။ ထိုစဉ်က ကျနော့်၏ ရေခဲဝိသေသ လက္ခဏာက မီးဝိသေသ လက္ခဏာကို ဖိနှိပ်နိုင်ခဲ့ပြီး ထိုဧရာမ သတ္တဝါကြီး၏ ထုံထိုင်းသော လှုပ်ရှားမှုများကို အခွင့်ကောင်း ယူနိုင်ခဲ့သည်။

ဒါပေမဲ့ အခုတော့...

ဆောင်းမင်းဝူက ကျနော့်ကို စိုက်ကြည့်လိုက်သည်။

"ငါ့ရဲ့ ဒင်္ဂါးခြံကို မင်း ဖျက်ဆီးလိုက်တာလား"

မေးခွန်းတစ်ခု ဖြစ်သော်လည်း သေချာပေါက် သိနေသည့် လေသံမျိုးပင်။ ဆောင်းမင်းဝူ၏ အဖြူရောင် အစွယ်များကို မြင်လိုက်ရသည့် ခဏမှာပင် ဟန်ဆိုယောင်းက အော်ဟစ်လိုက်သည်။

"ချီးပဲ….. သူ့ကို မြန်မြန် သတ်လိုက်စမ်းပါ"

ကျနော်သည် ယုံကြည်မှုဓားကို အသုံးပြုလိုက်ပြီး ဟန်ဆိုယောင်းကလည်း ကိုယ်ပွားကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆောင်းမင်းဝူ၏ အားပါသော ကန်ချက်တစ်ခု ရောက်ရှိလာသည်။ အခုလေးတင် ဖန်တီးလိုက်သော ကိုယ်ပွား၏ ဦးခေါင်းမှာ ပွင့်ထွက်သွားပြီး ကျနော်မှာလည်း လေထဲသို့ လွင့်စင်သွားတော့သည်။

[အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါ ဆောင်းမင်းဝူက ‘အရှိန်မြှင့်တင်ခြင်း အဆင့် ၅’ကို အသုံးပြုလိုက်ပါသည်။]

ဆောင်းမင်းဝူ၏ လက်သီးချက်များမှာ မမြင်နိုင်လောက်သော အရှိန်ဖြင့် နောက်ကကပ်လျက် လိုက်ပါလာသည်။ ဦးခေါင်း၊ ပုခုံး၊ ဝမ်းဗိုက်နေရာများသို့ ထိုးနှက်ချက်များမှာ မရပ်မနား ကျရောက်လာသည်။ ကျနော့်ထံမှ လေများပင် ပန်းထွက်သွားရသည်။

ဟန်ဆိုယောင်းက အော်ဟစ်လိုက်သည်။

"ကင်ဒေါ့ဂျာ"

...မဟုတ်သေးဘူး၊ သူက မျိုးစိတ်ပြင်ပ သတ္တဝါ ဖြစ်နေရင်တောင် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ။

ထိုးနှက်ချက်တွေကို ရှောင်တိမ်းဖို့ အချိန်မမီတော့ပေ။ အခြေခံ စွမ်းရည်ရမှတ်များကို ကျနော်အလျင်အမြန် မြှင့်တင်လိုက်သည်။

[ဒင်္ဂါး ၁၆၀၀၀ ကို ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အသုံးပြုလိုက်ပါသည်။]

[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၂၄ -> အဆင့် ၅၀]

[ဘီလူးသတ္တဝါကဲ့သို့သော ကြံ့ခိုင်မှုဖြင့် သင်၏ ခန္ဓာကိုယ်ကို ဖြည့်တင်းပေးလိုက်ပါသည်။]

နာကျင်မှုများမှာ အလျင်အမြန် လျော့ပါးသွားပြီး တောင့်ခံနိုင်သည့် အဆင့်သို့ ရောက်ရှိသွားသည်။ သို့သော် အခြေအနေက မပြီးဆုံးသေးပေ။

"ကင်ဒေါ့ဂျာဆိုတဲ့နာမည်ကို ငါ ဘယ်မှာ ကြားဖူးပါလိမ့်"

ဆောင်းမင်းဝူ တိုးတိုးလေး ရေရွတ်နေသည်ကို ကျနော် ကြားလိုက်ရသည်။

ခုခံကာကွယ်နေရင်းမှ သူ၏ မျက်နှာကို ကျနော် မြင်နေရသည်၊ ၎င်းမှာ ပြဿနာပင်။ ဒီကောင်က သန်မာနေတာ မဟုတ်ဘဲ ပြဿနာက ကျနော့်ဆီမှာ ဖြစ်နေခြင်း ဖြစ်သည်။

[‘သားရဲ၏ ခြိမ်းခြောက်မှု’ သက်ရောက်မှုကြောင့် သင်၏ တိုက်ခိုက်လိုစိတ် လျော့နည်းသွားပါသည်။]

[‘သားရဲ၏ ခြိမ်းခြောက်မှု’ က သင်၏ လှုပ်ရှားမှုများကို နှေးကွေးစေပါသည်။]

ဒါက ရယ်စရာကြီးပဲ။ ငါက အဆင့် ၅ မီးနဂါးရဲ့ ခြိမ်းခြောက်မှုကိုတောင် ကျော်ဖြတ်နိုင်ခဲ့တာကို၊ အခုမှ ဒီကောင်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လား။

ဒါက မဖြစ်နိုင်ဘူးလေ။ ငါ့မှာ FOURTH WALL ရှိတာပဲလေ...

[သီးသန့်စွမ်းရည် ‘FOURTH WALL’ သည် တုန်လှုပ်နေပါသည်။]

ဤအခြေအနေမျိုး ယခင်က တစ်ကြိမ် ဖြစ်ဖူးသည်။

ရုပ်ရှင်ရုံခံတပ်ထဲမှာ ယူဂျွန်ဟော့နဲ့ တိုက်ခိုက်တုန်းကနဲ့ ယူဂျွန်ဟော့ရဲ့ ရှုထောင့်အဖြစ် မြင်ခဲ့စဉ်တုန်းကလည်း ဖြစ်ဖူးတယ်။... ဒါပေမဲ့ အခု ယူဂျွန်ဟော့က ဒီမှာ မရှိဘူးလေ။ ဒါဆို ဘာလို့လဲ။

ဆောင်းမင်းဝူက ဟိန်းဟောက်လိုက်ပြီး သူ၏ လက်သည်းများကို မြှောက်လိုက်သည်။

"...တော်တော်လေး ရင်းနှီးနေတယ်။ ငါ မင်းကို သိသလား"

--ဟေ့၊ ကင်ဒေါ့ဂျာ။ ဒါက ဘာလဲ

ရင်းနှီးနေသော အသံတစ်ခုက သူ၏ အသံနှင့် ထပ်တူကျသွားသည်။

[သီးသန့်စွမ်းရည် ‘FOURTH WALL’ သည် တုန်လှုပ်နေပါသည်။]

သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ကျနော်ပြန်ဖြေလိုက်သည်။

"ငါ မသိဘူး"

"တကယ်လား။ ငါကတော့ မှတ်မိနေပြီ ထင်တယ်"

--စာဖတ်တာ ရပ်ပြီး ငါ့အတွက် ပေါင်မုန့်သွားဝယ်ခဲ့စမ်း။ ဟုတ်ပြီလား

[အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါ ဆောင်းမင်းဝူက ‘မှတ်ဉာဏ်မြှင့်တင်ခြင်း အဆင့် ၃’ ကို အသုံးပြုလိုက်ပါသည်။]

"ငါ မင်းကို သိပြီ"

[သီးသန့်စွမ်းရည် ‘FOURTH WALL’ သည် တုန်လှုပ်နေပါသည်။]

...ချီး။ အခုမှပဲ နားလည်တော့တယ်။ FOURTH WALL စွမ်းရည်က ဘာလဲဆိုတာ အခု ငါ သေသေချာချာ သိလိုက်ရပြီ။

ဆောင်းမင်းဝူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ထူးဆန်းတာပဲ။ မင်းလို စာကြမ်းပိုးက ဘယ်လိုလုပ်ပြီး အခုထိ အသက်ရှင်နေတာလဲ။ မင်းက နေ့တိုင်း ဝတ္ထုပဲ ဖတ်နေတဲ့ကောင် မဟုတ်လား"

"..."

"ဟားဟား၊ မင်းက အဲဒီလူပဲ။ အားလပ်ချိန်မှာ ဝတ္ထုဖတ်နေတုန်း ငါ့ဆီမှာ အရိုက်ခံရတဲ့ကောင် မဟုတ်လား။ မင်း မမှတ်မိဘူးလား"

ကျနော် မှတ်မိ၏။ သေချာပေါက် မှတ်မိပေသည်။ ထို့နောက်တွင်တော့ ပေါက်ကွဲလာသော ဒေါသများက ကျနော့်ဦးနှောက်ထဲတွင် ပြည့်နှက် သွားတော့သည်။

"မင်းက ဆောင်းမင်းဝူပဲ။ မင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်းဟောင်းရဲ့ မျက်နှာကိုတော့ မင်း မှတ်မိသင့်တာပေါ့။ ဟုတ်တယ်မလား။ ကောင်းတယ်။ မင်း အသက်ရှင်သေးရဲ့လားလို့ ငါ တွေးနေခဲ့တာကွ"

ကျနော် အသက် ၁၇ နှစ်တုန်းကသာ ကျနော့်မှာ အင်အားရှိခဲ့ရင် ကျနော့်ရှေ့က ဒီကောင်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်လို့ အမြဲတွေးခဲ့ဖူးသည်။

ဆောင်းမင်းဝူက ဆက်ပြောနေသည်။

"အဲဒီတုန်းက မင်းဖတ်နေတဲ့ ဝတ္ထုလေ။ အဲဒါကို ဘယ်မှာ ပြန်ကြည့်လို့ရမလဲ"

ထိုစကားကို ကြားလိုက်ရသည့် ခဏမှာပင် မြင်ကွင်းတစ်ခု ကျနော့်ခေါင်းထဲသို့ ရောက်လာသည်။ ထိုင်ခုံမှာ ထိုင်ပြီး ကျနော်ဝတ္ထုဖတ်နေစဉ် သူ ကျနော့်ကို လာရိုက်ခဲ့သည့် မြင်ကွင်းပင်။

...ဖြစ်နိုင်တာက

– ဒီ အိုတာကူးကောင်၊ ဒါကို မင်းဖတ်နေတာလား။ ဒါက ပျော်စရာကောင်းလို့လား။ ရယ်စရာကြီးကွာ။

သေချာတာပေါ့၊ အဲဒီအချိန်က ငါ ဖတ်နေခဲ့တဲ့ ဝတ္ထုက...

ဆောင်းမင်းဝူ၏ လက်သီးက ကျနော့်ဝမ်းဗိုက်ကို ထိမှန်သွားပြီး ကျနော့်ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားသည်။ အဆောက်အအုံ၏ အပြင်ဘက်နံရံနှင့် ကျနော် သွားတိုက်မိသည့် ခဏမှာပင် ဟန်ဆိုယောင်း၏ ကိုယ်ပွားများက ဆောင်းမင်းဝူကို တိုက်ခိုက်ကြတော့သည်။ ပျက်စီးသွားသော နံရံအပိုင်းအစများ ကျနော့်ပေါ်သို့ ပြိုကျလာသည်။

[သီးသန့်စွမ်းရည် ‘FOURTH WALL’ သည် တုန်လှုပ်နေပါသည်။]

FOURTH WALLမှာ အစကတည်းက ကျနော့်မှာ ရှိခဲ့သော သီးသန့်စွမ်းရည် ဖြစ်သည်။ ဤစွမ်းရည်၏ လုပ်ဆောင်ချက် အားလုံးကို ကျနော် မသိသေးသော်လည်း အနည်းဆုံး အချက်တစ်ချက်ကိုတော့ ကျနော် သေချာပေါက် ယုံကြည်လေသည်။

ဤစွမ်းရည်သည် ကျနော့်အား ဤကမ္ဘာကြီးကို ‘ဝတ္ထု’ တစ်ပုဒ်အဖြစ် ရှုမြင်စေခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ထူးဆန်းသလို မကြာခဏ ကျနော်ခံစားရသည်။ လက်တွေ့ဘဝတွင် မဖြစ်နိုင်သော ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက်များကို ကျနော် လုပ်ဆောင်ခဲ့သည်။ ပြောရမည်ဆိုလျှင် ဤကမ္ဘာကြီးကို အပြင်ဘက်မှနေ၍ တည်ငြိမ်စွာ စောင့်ကြည့်နေရသလိုမျိုးပင်။

၎င်းမှာ FOURTH WALL ကြောင့်ပင် ဖြစ်သည်။

"လဖွတ်... ရှင် ဘာလုပ်နေတာလဲ"

ဒေါသထွက်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။ ကျောက်တုံးပုံများကို ကျနော်ဖယ်ရှားလိုက်စဉ် ဒေါသထွက်နေသော ဟန်ဆိုယောင်းက ကျနော့်လမ်းကို ပိတ်ထားသည်။

ဟန်ဆိုယောင်း၏ ကိုယ်ပွား ဒါဇင်ပေါင်းများစွာသည် အဆောက်အအုံ၏ စင်္ကြံလမ်းများတွင် ဆောင်းမင်းဝူနှင့် သမန်းဝံပုလွေများကို ရင်ဆိုင်နေကြရသည်။ ဟန်ဆိုယောင်း၏ နှာခေါင်းမှ သွေးများ စီးကျနေပြီး ဟန်ဆိုယောင်းမှာ အားကုန်သုံး၍ တိုက်ခိုက်နေရသဖြင့် သွေးကြောများပင် ထောင်ထွက်နေသည်။

ဟန်ဆိုယောင်းသည် နည်းပါးလှသော မှော်စွမ်းအင်များကို အစွမ်းကုန် ညှစ်ထုတ်ပြီး ဤအင်အားကို သုံးနေရခြင်းကြောင့် ဖြစ်သည်။

"ကျမ ရှင့်ကို ယုံကြည်ခဲ့တာ၊ ဒါပေမဲ့ အခု ရှင် ဘာလုပ်နေတာလဲ"

ကျနော့်အရိုးများထဲမှ စူးရှသော နာကျင်မှုကို ခံစားရင်း ကျနော် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ၎င်းမှာ အမှန်တကယ် လက်တွေ့ကျသော နာကျင်မှုပင်။ FOURTH WALL က ဤနာကျင်မှုများကို ခုခံပေးသည့် အကာအကွယ် အဖြစ် လုပ်ဆောင်ပေးခဲ့သဖြင့် ဤနာကျင်မှုကို ကျနော် မေ့နေခဲ့ခြင်း ဖြစ်သည်။

[နက္ခတ်အများအပြားသည် မမျှော်လင့်ထားသော အခြေအနေကြောင့် ဇဝေဇဝါ ဖြစ်နေကြပါသည်။]

နာကျင်မှုကို ကျနော်အောင့်အည်းကာ ဖုန်များကို ခါထုတ်ရင်း မတ်တပ်ရပ်လိုက်သည်။

"ဒါက စွမ်းရည်နိုးထစေမယ့် အဖြစ်အပျက်တစ်ခုပဲ"

"...ဘာ"

"အမြဲတမ်း လွယ်လွယ်ကူကူ အနိုင်ရနေရင် ဘာပျော်စရာရှိမှာလဲ။ တစ်ခါတလေကျရင် အခက်အခဲတွေကို ဖြတ်ကျော်ရတာပေါ့"

"အို... အဲဒါကြောင့်ပဲ ရှင် ဒီလောက် အရိုက်ခံနေတာလား"

"ငါ ခဏလောက် စဉ်းစားနေတာပါ"

[နက္ခတ်အများအပြားမှာ စိတ်သက်သာရာ ရသွားကြပါသည်။]

FOURTH WALL ဆိုသည်မှာ လက်တွေ့ဘဝကို ဝတ္ထုတစ်ပုဒ်လို ဖြစ်အောင် လုပ်ပေးသည့် စွမ်းရည် ဖြစ်သည်။ Fourth Wall တုန်လှုပ်နေရခြင်းမှာ သိသာလှသည်။ အကြောင်းမှာ ဆောင်းမင်းဝူကို ‘လက်တွေ့ဘဝ’ အဖြစ် လက်ရှိအချိန်တွင် ကျနော်ရှုမြင်နေသောကြောင့်ပင်။ သူသည် ကျနော့်ကို ရိုက်နှက်ခဲ့ပြီး ကျနော့်၏ ဆယ်ကျော်သက်ဘဝကို အနိဋ္ဌာရုံ ဖြစ်စေခဲ့သည့် လူယုတ်မာပင် ဖြစ်၏။

"...အဲဒီကောင်ကို ရှင် သိတာလား"

ဟန်ဆိုယောင်းမှာ စာရေးဆရာမ ဖြစ်သလို အကင်းပါးသော အမျိုးသမီးလည်း ဖြစ်သည်။ ဟန်ဆိုယောင်းကို ကျနော်စိုက်ကြည့်လိုက်စဉ် တုံ့ဆိုင်းနေသော ဟန်ဆိုယောင်းက အလျင်အမြန် ထပ်ပြောသည်။

"စိတ်မရှိပါနဲ့။ ကျမ မကြားချင်ပေမယ့် သူ ရှင့်ကို ပြောလိုက်တဲ့ စကားတွေက..."

မုသားထောက်လှမ်းခြင်း ရှိသော ဟန်ဆိုယောင်းကို အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"အေး။ သူ့ကို ငါသိတယ်"

"ကျမ အကြမ်းဖျင်းတော့ ခန့်မှန်းလို့ ရပါတယ်..."

"အဲဒီကောင်က ငါ့အတွက်တော့ ထင်ရှားတဲ့ စိတ်ဒဏ်ရာ တစ်ခုပဲ"

"...စိတ်ဒဏ်ရာဆိုတာ ထင်ရှားရုံနဲ့ ရမလား။ စိတ်ဒဏ်ရာဆိုတာ ပြင်းထန်ရမှာလေ"

ဟန်ဆိုယောင်းက သွေးများကို ထွေးထုတ်ရင်း ပြောလိုက်သည်။

"ဒါဆို ဘာက ပြဿနာလဲ။ ဟန်ဆိုယောင်း၊ ငါ့ကို စွမ်းအင်နိုးထလာအောင် နင်ကူညီပေးနိုင်ပါတယ်။ Ways of Survival ထဲက စကားလုံးအချို့ကို ခင်ဗျား ပြောပြလိုက်ရင် ငါ နိုးထလာလောက်တယ်ဟ"

"ရှင်က ကျမကို လီဟန်းဆောင် လို့ ထင်နေတာလား"

နောက်ဆုံးတွင်တော့ ဤပြဿနာကို ကျနော် ကိုယ်တိုင်သာ ဖြေရှင်းရမည် ဖြစ်သည်။ ကျနော့်၏ စိတ်ဒဏ်ရာကို လှုံ့ဆော်ပေးမည့် လူတစ်ဦးနှင့် တွေ့တိုင်း FOURTH WALL သာ တုန်လှုပ်နေမည်ဆိုလျှင် ရှေ့ဆက်ရန် ကျနော် အခက်တွေ့ပေလိမ့်မည်။

အားလုံးထက် အရေးကြီးသည်မှာ ကျနော်သည် ယခုအခါ အသက် ၂၈ နှစ် ရှိပြီ ဖြစ်သည်။ လူမိုက်တစ်ယောက်ကြောင့် တုန်လှုပ်နေမည့် ၁၇ နှစ်အရွယ် ကောင်လေး မဟုတ်တော့ပေ။

[ကဲ့ရဲ့ရှုတ်ချမှုကို နှစ်သက်သော နက္ခတ်တစ်ပါးက သူ၏ ဘွဲ့အမည်ကို ထုတ်ဖော်လိုက်ပါသည်။]

[‘နောက်ကျသော စမ်းသပ်မှုများကို ကျော်လွှားသူ’ နက္ခတ်သည် သင့်အား အားပေးနေပါသည်။]

[အချို့သော နက္ခတ်များက ထောက်ခံနေကြပါသည်။]

[ဆုကြေး ဇာတ်ဝင်ခန်း တစ်ခု ပေါ်ပေါက်လာပါသည်။]

[ဆုကြေး ဇာတ်ဝင်ခန်း - စိတ်ဒဏ်ရာကို ကျော်လွှားခြင်း

အမျိုးအစား : ဇာတ်ဝင်ခန်းအသေး

ခက်ခဲမှု : C

ပြီးမြောက်ရန်လိုအပ်ချက် : ‘နောက်ကျသော စမ်းသပ်မှုများကို

ကျော်လွှားသူ’ ကဲ့သို့သော နက္ခတ်အချို့က

သင့်အတွက် ဆုကြေး ဇာတ်ဝင်ခန်းတစ်ခုကို

ဖန်တီးပေးထားပါသည်။ သတ်မှတ်ထားသော

အချိန်အတွင်း သင်၏ စိတ်ဒဏ်ရာကို

ကျော်လွှားပြီး အတိတ်က ခြောက်လှန့်နေသော

ပုံရိပ်ယောင်များကို ဖယ်ရှားပစ်ပါ။

အချိန်သတ်မှတ်ချက် : ၁ နာရီ

ဆုလာဘ် : ???

ကျရှုံးပါက : ‘နောက်ကျသော စမ်းသပ်မှုများကို

ကျော်လွှားသူ’ ၏ အထင်အမြင်သေးခြင်းကို

ခံရမည်။]

‘နောက်ကျသော စမ်းသပ်မှုများကို ကျော်လွှားသူ’ ဆိုသည်မှာ Ways of Survival ထဲတွင် ကျနော်တွေ့ဖူးသည့် နက္ခတ်တစ်ပါး ဖြစ်သည်။

ကျနော်သိသလောက်ဆိုလျှင် ဤကောင်သည် အခြားကမ္ဘာတစ်ခုမှ နက္ခတ်တစ်ပါး ဖြစ်၏...

ကောင်းပြီလေ။

ပဉ္စမမြောက် ဇာတ်ဝင်ခန်းမှာဆိုလျှင် ဤကဲ့သို့သော နက္ခတ်မျိုးတွေ ပိုပြီး ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ ဤအခြေအနေမှာ ‘ရေငတ်တုန်း ရေတွင်းထဲကျသကဲ့သို့’ အခွင့်ကောင်းတစ်ခုပင်။ ကျနော်သည် ဆန်းမြုံဒန်၏ ကောက်ရိုးဝတ်ရုံကို ဟန်ဆိုယောင်းထံသို့ ပစ်ပေးလိုက်သည်။

"နင့်ရဲ့ နှာခေါင်းသွေးတွေကို သုတ်ပြီး အနောက်မှာပဲ နေနေတော့"

"ဘာ"

"ဒါဆို ရပြီ"

ဟန်ဆိုယောင်း၏ ကိုယ်ပွားများကို ကျော်ဖြတ်ကာ သမန်းဝံပုလွေအုပ်စုထံသို့ ကျနော် ခုန်ဝင်လိုက်သည်။

[ဒင်္ဂါး ၆,၀၀၀ ကို လျင်မြန်မှုအတွက် အသုံးပြုလိုက်ပါသည်။]

[လျင်မြန်မှု အဆင့် ၃၀ -> အဆင့် ၄၀]

[အံ့သြဖွယ်ကောင်းသော လေအဟုန်က သင်၏ ခန္ဓာကိုယ်အတွင်း ကိန်းအောင်းသွားပါသည်။]

[ဒင်္ဂါး ၁၅,၅၀၀ ကို ခွန်အားအတွက် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၂၅ -> အဆင့် ၅၀]

[သင်၏ ကြွက်သားများမှာ မိစ္ဆာများကဲ့သို့ လှုပ်ရှားနေပါသည်။]

စောစောစီးစီးကတည်းက ကျနော် ယခုလို လုပ်ခဲ့သင့်၏။ မကြာသေးခင်က ‘ဖြစ်နိုင်ခြေ မုန်တိုင်း’ ရိုက်ခတ်ခံထားရသဖြင့် ကျနော် အလွန်အမင်း သတိထားနေမိခြင်း ဖြစ်သည်။

[မကျိုးပဲ့နိုင်သော ယုံကြည်မှုဓါး၏ အထူးရွေးချယ်ခွင့်ကို အသက်သွင်းလိုက်ပါသည်။]

[အီသာ ဂုဏ်သတ္တိကို ‘မြင့်မြတ်ခြင်း’ အဖြစ်သို့ ပြောင်းလဲလိုက်ပါသည်။]

ဤတိုက်ပွဲတွင် ကျနော်ရှုံးနိမ့်စရာ အကြောင်းမရှိပေ။ FOURTH WALL တုန်လှုပ်မှုကြောင့် ကျနော် ခဏတာ ဝေခွဲမရ ဖြစ်သွားခဲ့ခြင်းသာ။ သေချာစဉ်းစားကြည့်လျှင် ကျနော့်မှာ ဤကောင်တွေကို နှိမ်နင်းနိုင်မည့် နည်းလမ်းများ ရှိနေသည်။ အမှန်တကယ်တော့ နည်းလမ်းတွေ အများကြီး ရှိနေခြင်းပင်။

သမန်းဝံပုလွေများသည် ကျနော့်ဓားချက်အောက်တွင် လဲပြိုကုန်ကြသည်။

သမန်းဝံပုလွေများသည် ဆိုးယုတ်သောဂုဏ်သတ္တိ ရှိသဖြင့် မြင့်မြတ်ခြင်း ဂုဏ်သတ္တိရှေ့တွင် အားနည်းလှသည်။ ထို့ပြင် သူတို့ကို သတ်ဖြတ်ခြင်းအတွက် ‘မသတ်ရ’ ပြစ်ဒဏ်ကိုလည်း စိုးရိမ်စရာ မလိုပေ။ ကျနော် ပြောခဲ့သလိုပင် သူတို့သည် လူသားမဟုတ်သော မျိုးစိတ်ပြင်ပ သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် ကျနော့်၏ လူမျိုးနွယ်စုဝင်များ မဟုတ်ကြတော့ပေ။

သမန်းဝံပုလွေများကြားတွင် ဆောင်းမင်းဝူ၏ မျက်နှာကို ကျနော် ရှာတွေ့လိုက်သည်။ သူ၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း ပြူးကျယ်လာပြီး ကျနော့်နောက်ဘက်မှ ဟန်ဆိုယောင်း၏ အသံကို ကြားလိုက်ရသည်။

"ဟေ့… အဆင်ပြေရဲ့လား"

ကျနော် ပြန်မဖြေခဲ့ပေ။ အမှန်တကယ်တော့ ဤအခြေအနေမှာ အရင်ကနှင့် ထပ်တူနီးပါးပင်။

[သီးသန့်စွမ်းရည် ‘FOURTH WALL’ သည် တုန်လှုပ်နေပါသည်။]

သို့သော် ရလဒ်ကတော့ အရင်နှင့် ကွဲပြားသွားလိမ့်မည်။

"အဆင်ပြေပါတယ်။ ငါ့ရဲ့ နိုးထမှု ဖြစ်စဉ် ပြီးသွားပြီ"

ဆောင်းမင်းဝူထံသို့ ကျနော်တိုက်ရိုက် ပြေးဝင်လိုက်သည်။

ဂါး

အတွေးအချို့ ကျနော့်ခေါင်းထဲ ဖြတ်ပြေးသွားသည်။ အကယ်၍ ကျနော် ဂန်ပြောင်းဝီ ကို သုံးပြီး ‘ကြယ်တာရာများ၏ မုဆိုး’ ကို ခေါ်ယူလိုက်လျှင် ဤပွဲမှာ လွယ်လွယ်ကူကူ ပြီးဆုံးသွားမည် ဖြစ်သည်။ သို့သော် ထိုသို့ တိုက်ခိုက်ခြင်းဖြင့် ကျနော့်၏ စိတ်ဒဏ်ရာကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

ဤတစ်ကြိမ်တွင်တော့ ကျနော့်၏ ကိုယ်ပိုင် စွမ်းဆောင်ရည်ဖြင့်သာ တိုက်ခိုက်ရပေမည်။

[အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါ ဆောင်းမင်းဝူက ‘အရှိန်မြှင့်တင်ခြင်း အဆင့် ၅’ ကို အသုံးပြုလိုက်ပါသည်။]

အရှိန်မြှင့်တင်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ပြီးနောက် ဆောင်းမင်းဝူ၏ ခန္ဓာကိုယ်မှာ အရှိန်ပြင်းစွာ လှုပ်ရှားလာသည်။ သူသည် လျင်မြန်မှု အဆင့် ၄၀ ရှိပြီးသား ဖြစ်သည့်အပြင် အရှိန်မြှင့်တင်ခြင်း အဆင့် ၅ ၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ အရှိန်မှာ ပိုမို မြန်ဆန်လာသည်။

ကျနော့်မှာ ခြေလှမ်းကျွမ်းကျင်မှု မရှိသဖြင့် ဖြတ်လမ်းနည်းကိုသာ သုံးလိုက်ရ၏။

[ဒင်္ဂါး ၇,၀၀၀ ကို လျင်မြန်မှုအတွက် အသုံးပြုလိုက်ပါသည်။]

[လျင်မြန်မှု အဆင့် ၄၀ -> အဆင့် ၅၀]

[အံ့သြဖွယ်ကောင်းသော မုန်တိုင်းတစ်ခုက သင်၏ ခန္ဓာကိုယ်အတွင်း ကိန်းအောင်းသွားပါသည်။]

ကျနော့်မှာ စွမ်းရည်မရှိလျှင် အခြေခံစွမ်းရည်တွေကို သုံးရုံပင်။ ပျံသန်းလာသော လက်သည်းချက်များကို ခပ်ပေါ့ပေါ့လေး ရှောင်တိမ်းလိုက်ပြီး ဓားကို ကျနော်မြှောက်လိုက်သည်။

"အားးးးး"

သူ၏ လက်မောင်းတစ်ဖက် လေထဲသို့ လွင့်စင်သွားပြီး နောက်ထပ် လက်မောင်းတစ်ဖက်ကိုလည်း ကျနော်ဖြတ်တောက်လိုက်သည်။ ဇဝေဇဝါ ဖြစ်သွားသော ဆောင်းမင်းဝူသည် ဟန်ချက်ပျက်သွားသည်။ ထိုအခွင့်အရေးကို ကျနော်လက်လွတ်မခံဘဲ သူ၏ ခြေထောက်များကိုပါ ဖြတ်တောက်လိုက်၏။

ဆောင်းမင်းဝူသည် တစ်ခဏအတွင်း ခြေလက်များ အဖြတ်ခံလိုက်ရသဖြင့် ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံနှင့်အတူ သူ၏ ဖြတ်တောက်ခံထားရသော ခြေလက်များမှာ ပြန်လည် ပေါက်လာကြသည်။

၎င်းမှာ သမန်းဝံပုလွေတစ်ကောင်၏ ‘ခန္ဓာကိုယ် ပြန်လည်ရှင်သန်ခြင်း’ အခွင့်ထူးပင်။ သို့သော် ပုံမှန်အားဖြင့် ထိုအရှိန်မှာ ဤမျှ မမြန်ဆန်ပေ...

ဒီမအေဘေးက တစ်စုံတစ်ယောက်ရဲ့ ‘စောင့်ရှောက်မှု’ကို ရထားတာလား။

ဟုတ်ပြီလေ... ဒါဆိုရင် ပိုကောင်းတာပေါ့။

[ ‘နောက်ကျသော စမ်းသပ်မှုများကို ကျော်လွှားသူ’ နက္ခတ် သည် သင်၏ လုပ်ဆောင်ချက်များကို အာရုံစိုက်နေပါသည်။]

ဆုကြေး ဇာတ်ဝင်ခန်း၏ ရည်မှန်းချက်မှာ စိတ်ဒဏ်ရာကို ကျော်လွှားရန် ဖြစ်သည်။ လွယ်လွယ်ကူကူ သတ်ပစ်လိုက်ရုံဖြင့် ထိုနက္ခတ်သည် ကျေနပ်လိမ့်မည် မဟုတ်ပေ။ ဓား၏ စွမ်းအင်ကို ကျနော်ပိတ်လိုက်ပြီး ဓါးအစား ကျနော့်၏ လက်သီးများကိုသာ အသုံးပြုလိုက်တော့သည်။

[ဒင်္ဂါး ၈,၀၀၀ ကို ခွန်အား အတွက် အသုံးပြုလိုက်ပါသည်။]

[ခွန်အား အဆင့် ၅၀ -> အဆင့် ၆၀]

[သင်၏ အစွမ်းသတ္တိမှာ ဘီလူးများ၏ အာရုံစိုက်မှုကို စတင်ရရှိနေပြီ ဖြစ်သည်။]

[သင်၏ စုစုပေါင်း စွမ်းရည်ရမှတ်များမှာ ဤဇာတ်ဝင်ခန်း၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပါသည်။]

ဆောင်းမင်းဝူ၏ လည်ပင်းကို ကျနော်ဆုပ်ကိုင်လိုက်သည်။

[သီးသန့်စွမ်းရည် ‘FOURTH WALL’ သည် တုန်လှုပ်နေပါသည်။]

ဤကောင့်မျက်နှာကို ကြည့်မိတိုင်း ကျနော့်စိတ်အတွင်းက ‘အသက် ၁၇ နှစ်အရွယ် ကင်ဒေါ့ဂျာ’ မှာ နောက်သို့ ဆုတ်သွားသလို ခံစားရသည်။

သနားစရာကောင်းလိုက်တာ။ အခုကစပြီး ‘၁၇နှစ်သား ကင်ဒေါ့ဂျာ’ အတွက် ကျနော် ကူပြီး လက်စားချေ ပေးမယ်။

"မင်းဝူ၊ စောစောက ငါ မင်းကို သေသေချာချာ နှုတ်မဆက်ရသေးဘူးနော်"

"ဘာ..."

"တွေ့ရတာ ဝမ်းသာပါတယ်"

သူ၏ ဝမ်းဗိုက်ကို ကျနော်ထိုးနှက်လိုက်သည်။

"အွပ်"

"ဒါနဲ့ ပြောဖို့ မေ့နေလို့၊ အဲဒီတုန်းက ငါ တော်တော်လေး နာကျင်ခဲ့ရတာ"

အသက် ၁၇ နှစ်အရွယ် ကင်ဒေါ့ဂျာက ကျနော့်ရဲ့ မှတ်ဉာဏ်ထဲကနေ စောင့်ကြည့်နေသည်။

စိတ်ကြိုက်သာ ကြည့်နေစမ်းပါ။

"မင်းမှာ ကိုယ်ချင်းစာတရား ရှိရင် အရင်ဆုံး တောင်းပန်သင့်တာ မဟုတ်ဘူးလား"

သူ့ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဆက်တိုက် ကျနော်ထိုးနှက်တော့သည်။ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် မျက်နှာ။

"ဝတ္ထုဖတ်တာက ဘာဖြစ်နေလို့လဲ…. ဟမ်…ငါက မင်းကို ထိခိုက်အောင် လုပ်လို့လား"

အသက် ၁၇ နှစ်အရွယ် ကင်ဒေါ့ဂျာကို ကိုယ်စားပြုပြီး ကျနော် သူ့ကို တစ်ချက်ပြီးတစ်ချက် ထပ်ခါတလဲလဲ ထိုးနှက်နေမိသည်။

"မအေဘေး။ ငါက အဲဒီစာအုပ်တွေဝယ်ဖို့ ပိုက်ဆံတောင် သုံးခဲ့ရတာကွ"

သူ၏ သွားများ ကျိုးပဲ့သွားပြီး၊ ရင်ဘတ်ကြွက်သားများ ပျက်စီးကာ အရိုးများမှာလည်း ကြေမွကုန်သည်။ အနီးနားရှိ သမန်းဝံပုလွေများသည် ဤတိုက်ခိုက်မှုကို ကြည့်ကာ ဟိန်းဟောက်နေကြသော်လည်း အနားသို့ မချဉ်းကပ်ရဲကြပေ။ ကျနော် မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုထားသော်လည်း ‘သားရဲ၏ ခြိမ်းခြောက်မှု’ ထက် ပိုမိုပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေမိသည်။

စစ်မှန်သော ကြောက်ရွံ့မှုဆိုသည်မှာ အခြားသော အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသည့် အင်အားထံမှ လာခြင်းဖြစ်သည်။ ၁၀ မိနစ်ခန့် ကြာပြီးနောက်တွင် ဆောင်းမင်းဝူသည် စတင် အသနားခံတော့သည်။

ဂါး

"တောင်-တောင်းပန်ပါတယ်၊ ငါ တောင်းပန်ပါတယ်..."

"တကယ်လား။ မင်းက တောင်းပန်နေတာလား"

"ဟုတ်တယ်။ တကယ်ကို တောင်းပန်ပါတယ်။ အဲဒီတုန်းက... ငါက ငယ်သေးလို့ပါ..."

သေချာတာပေါ့။ ကျနော် သိတာပေါ့။ သူ ရင့်ကျက်မှု မရှိသေးတဲ့ အချိန်တုန်းက ထိုမျှလောက်သော မနာလိုစိတ် ရှိခဲ့တာကို နားလည်ပေးလို့ ရသည်။ သို့ပေသိ...

"မင်း တစ်ခုခု မှားနေပြီထင်တယ်... ငါက မင်းဆီက တောင်းပန်စကား ကြားချင်လို့ လုပ်နေတာ မဟုတ်ဘူး"

ဤအရာသည် နားလည်ပေးလို့ သို့မဟုတ် ခွင့်လွှတ်ပေးလို့ ရသည့် အရာမဟုတ်ပေ။

"ပထမဆုံးအနေနဲ့၊ မင်း တောင်းပန်ရမယ့်လူက ငါ မဟုတ်ဘူး"

"အဲဒါ ဘာကို..."

"အရင်ဆုံး၊ ငါ့ရဲ့ စိတ်ဒဏ်ရာတွေ အကုန် ပျောက်သွားတဲ့အထိ မင်းကို ငါ ထိုးနှက်နေဦးမှာပဲ"

လဲပြိုနေသော ဆောင်းမင်းဝူကို ကြည့်ရင်း ကျနော့်၏ ဆယ်ကျော်သက်ဘဝ နေ့ရက်များကို ပြန်စဉ်းစားမိသည်။ ကျနော်သည် ခိုကိုးရာမဲ့ဖြစ်ခဲ့ပြီး အားနည်းခဲ့ကာ ဝတ္ထုများကိုသာ သိခဲ့သည်။

အမှန်တော့ ဟန်ဆိုယောင်း ပြောတာ မှန်သည်။ ဤကမ္ဘာတွင် ထင်ရှားလှသော စိတ်ဒဏ်ရာဟူ၍ မရှိပေ။

စိတ်ဒဏ်ရာအားလုံးသည် သက်ဆိုင်သူအတွက်တော့ ပြင်းထန်လှသည်ဖြစ်ရာ၊ ဤသို့ လုပ်ဆောင်ရုံဖြင့် ကျနော့်၏ စိတ်ဒဏ်ရာများ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ဟု ကျနော် မထင်ချေ။

အသက် ၁၇ နှစ်အရွယ် ကင်ဒေါ့ဂျာအဖြစ် ထိုအချိန်က အနိဋ္ဌာရုံတွေကို ပြန်လည် မြင်ယောင်ရင်း အိပ်မက်ဆိုးတွေ မကြာခဏ မက်နေဦးမည်ဖြစ်သည်။

ဒါတောင်မှ၊ ဤအရာက အနည်းငယ်တော့ စိတ်သက်သာရာ ရစေနိုင်၏။ အရင်တုန်းက Ways of Survival ကို ဖတ်ခဲ့ရသလိုမျိုးပေါ့။

အသက် ၂၈ နှစ်အရွယ် ကင်ဒေါ့ဂျာသည် အသက် ၁၇ နှစ်အရွယ် ကင်ဒေါ့ဂျာကို အိပ်မက်ဆိုးထဲကနေ ခဏလောက် ဖြစ်ဖြစ် လွတ်မြောက်အောင် ကူညီပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မည်။

"ဂါး… အဟွတ်။ ရပ်-ရပ်ပါတော့... တော်ပါတော့..."

ထိုနေ့ရက်များတုန်းက ကျနော့်အတွက် ‘ယူဂျွန်ဟော့’ ဖြစ်ခဲ့သလိုမျိုးပေါ့။

"အွပ်..."

ကျနော် သူ့ကို ဘယ်လောက်တောင် ကြာကြာ ထိုးနှက်နေမိသည်မသိ။ နောက်ဆုံးတွင် ဆောင်းမင်းဝူ၏ မျက်နှာကို ကြည့်သော်လည်း ဘာမှ မခံစားရတော့သည့် အချိန်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

[သီးသန့်စွမ်းရည် ‘FOURTH WALL’ ၏ တုန်လှုပ်မှုမှာ ငြိမ်သက်သွားပါသည်။]

[သင်သည် ဆုကြေး ဇာတ်ဝင်ခန်း အောင်မြင်ရန် စည်းကမ်းချက်များနှင့် ကိုက်ညီသွားပါသည်။]

All Chapters