ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၁)
Vol. 5 Ch. 77
ဆောင်းမင်းဝူ၏ သွေးများက မြေပြင်ပေါ်သို့ တစ်စက်ချင်း စီးကျနေသည်။
သွေးများ စွန်းထင်းနေသော ကျနော့်လက်သီးမှာ ထုံထိုင်းနေသလို ခံစားရ၏။ ဆောင်းမင်းဝူသည် သွေးများ ထွက်နေသော်လည်း မျက်လုံးဖွင့်ခြင်း သို့မဟုတ် စကားပြောခြင်း မရှိတော့ပေ။ ကြေမွသွားသော အသားမျှင်များမှာလည်း ပြန်လည်ရှင်သန်ရန် အရှိန်ကို လျှော့ချလိုက်ပုံ ရသည်။
ဟန်ဆိုယောင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကြောက်စရာကောင်းလိုက်တဲ့လူ... ရှင့်လက်ဗလာနဲ့တင် သမန်းဝံပုလွေတစ်ကောင်ကို သတ်ပစ်လိုက်တာလား"
အခြားသော သမန်းဝံပုလွေများမှာ ထွက်ပြေးသွားကြပြီဖြစ်သလို ဟန်ဆိုယောင်းကလည်း ကျန်သမန်းဝံပုလွေများကို ရှင်းလင်းပေးထား၏။ ဆောင်းမင်းဝူကို ကျနော်ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သူ မသေသေးဘူး"
ယခုအခါ ဆောင်းမင်းဝူကို ကြည့်နေသော်လည်း Fourth Wall က တုန်လှုပ်ခြင်း မရှိတော့ပေ။ စိတ်ဒဏ်ရာက လုံးဝ ပျောက်ကွယ်သွားပြီလားဆိုသည်ကို ကျနော် မသိသော်လည်း အရင်ကထက် ပို၍ ကြံ့ကြံ့ခံနိုင်သွားပြီ ဖြစ်သည်။
[‘နောက်ကျသော စမ်းသပ်မှုများကို ကျော်လွှားသူ’နက္ခတ်က သင့်အား အားပေးစကား ပေးပို့လိုက်ပါသည်။]
[ ‘နောက်ကျသော စမ်းသပ်မှုများကို ကျော်လွှားသူ’ နက္ခတ် က သူ၏ ကိုယ်ပိုင် အထူးစွမ်းရည်ကို သင့်အား ပေးအပ်လိုပါသည်။]
ငါ့ကို အထူးစွမ်းရည် ပေးမယ်တဲ့လား။ တကယ်ပဲလား။
ဆုကြေး ဇာတ်ဝင်ခန်းဆိုသည်မှာ နက္ခတ်တစ်ပါးတည်း၏ တောင်းဆိုချက် မဟုတ်သောကြောင့် ဆုလာဘ်အနေဖြင့် အထူးစွမ်းရည် ရရှိခြင်းမှာ အံ့သြစရာပင်။
ကျေးဇူးတင်ပါတယ်။
[အထူးစွမ်းရည် ‘မိမိကိုယ်ကိုယ် ဆင်ခြေပေးခြင်း’ (Self-rationalization) ကို ရရှိလိုက်ပါသည်။]
[ ‘နောက်ကျသော စမ်းသပ်မှုများကို ကျော်လွှားသူ’ နက္ခတ်သည် သူ၏ အထူးစွမ်းရည်ကို ဆက်ခံသော သင့်အား ကြည့်ကာ ကျေနပ်စွာ ပြုံးနေပါသည်။]
[သင်သည် မည်သည့် စိတ်ဒဏ်ရာကြောင့်မျှ စိတ်အနှောင့်အယှက် မဖြစ်စေမည့် ခုခံရေး ယန္တရားတစ်ခုကို ယခု ပိုင်ဆိုင်သွားပြီ ဖြစ်သည်။]
အေးပါကွာ။ကျေးဇူးပဲ...
ကျနော် ခဏတာ ကြောင်ပြီး ငေးကြည့်နေမိသည်။
[ ‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သူ၏ ဗိုက်ကို နှိပ်ကာ တဟားဟား ရယ်မောနေပါသည်။]
မိမိကိုယ်ကိုယ် ဆင်ခြေပေးခြင်း ဟုတ်လား။ ဒါက ဘာကို ဆိုလိုတာလဲ။ ငါ့ကို နောက်နေတာလား။
ဟန်ဆိုယောင်းက မေးလိုက်သည်။
"ဟေ့…. ရှင် သူ့ကို သတ်မလို့လား"
"ဟမ်"
"ကျမ ပြောနေတာက သူ့ကိုလေ"
လက်ထဲမှ ဆောင်းမင်းဝူကို ကျနော်ငုံ့ကြည့်လိုက်သည်။ ကျနော် သူ့ကို သတ်သင့်သလော။ သူသည် မျိုးစိတ်ပြင်ပ သတ္တဝါ ဖြစ်သောကြောင့် သတ်မည်ဆိုပါက စိတ်ထဲ ဝန်လေးစရာ မရှိပေ။
[ဆောင်းမင်းဝူ၏ နောက်ကွယ်မှ ထောက်ပံ့သူက သင့်အား စိုက်ကြည့်နေပါသည်။]
ဘီဟွန်း၏ ရုပ်သံလိုင်းမှ နက္ခတ်များကတော့ ကျနော် သူ့ကို သတ်လိုက်လျှင် သဘောကျကြပေလိမ့်မည်။
[နက္ခတ်အများအပြားသည် သင်၏ လက်စားချေမှုကို လိုလားနေကြပါသည်။]
ဆောင်းမင်းဝူကို ခဏမျှ ကျနော်ကြည့်နေပြီးနောက် သူ့ကို ပြန်ချထားလိုက်သည်။
"သွားကြစို့"
"ဘာလဲ။ တကယ်မသတ်ဘူးလား"
"အေး"
[အချို့သော နက္ခတ်များက သင်၏ ဟန်ဆောင်မှုအပေါ် စိတ်ပျက်နေကြပါသည်။]
[နက္ခတ်အများအပြားက သင်၏ ဆုံးဖြတ်ချက်ကို သံသယဝင်နေကြပါသည်။]
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်က သင်၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပါသည်။]
"ရှင် တကယ်ပဲ သူ့ကို မသတ်ဘူးလား။ ဒီကောင့်ဆီမှာ ဒင်္ဂါးတွေ ရှိနေမှာ မဟုတ်ဘူးလား"
"အေး"
"ဒါဆို ကျမ သူ့ကို သတ်လို့ရမလား"
"သတ်လေ။ ဒါပေမဲ့ နင် နောင်တရလိမ့်မယ်"
"နောင်တဟုတ်လား"
ကျနော် ပုခုံးတွန့်ပြလိုက်ပြီး ဟန်ဆိုယောင်းရှိရာဘက်သို့ လျှောက်လာခဲ့သည်။
အတိအကျ ပြောရလျှင် သမန်းဝံပုလွေအုပ်စု ထွက်ပြေးသွားသော ဘက်သို့ ဖြစ်သည်။ သူတို့၏ အခြေစိုက်စခန်းမှာ ဤလမ်း၏ အဆုံးတွင် ရှိပေလိမ့်မည်။ ကျနော့်ခန့်မှန်းချက် မှန်ပါက သူတို့ကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲပေးခဲ့သည်မှာ ဥက္ကာခဲပင် ဖြစ်သည်။ ကပ်ဘေး ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ရန် ဥက္ကာခဲများကို စုဆောင်းရဦးမည်ပင်။
ဟန်ဆိုယောင်းသည် ကျနော့်နောက်မှနေ၍ သံသယရှိသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
ရုတ်တရက် ခြေသံများမှာ တိတ်ဆိတ်သွားပြီး အခြားတစ်ဖက်သို့ ဦးတည်သွားသည်။ ဆောင်းမင်းဝူ ရှိရာဘက်သို့ ဦးတည်လိုက်ခြင်းပင်။
ဟန်ဆိုယောင်း၏ ကိုယ်ပွား...
ဟုတ်ပေသည်။ ဟန်ဆိုယောင်း ဤသို့ လုပ်လိမ့်မည်ဟု ကျနော် တွေးထားပြီးသားပင်။ ဟန်ဆိုယောင်း လုပ်ချင်တာကို ကျနော် ခွင့်ပြုထားလိုက်သည်။ အပြန်အလှန်အနေဖြင့် ဟန်ဆိုယောင်းသည် ကျနော့်၏ ဟန်ဆောင်မှုကို လျစ်လျူရှုပေးပေလိမ့်မည်။
ခဏအကြာတွင်...
"ချီး…. ဒါက ဘာကြီးလဲကွာ"
ဟန်ဆိုယောင်းသည် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်ကာ တုန်လှုပ်သွားသည်။ ဟန်ဆိုယောင်း၏ ခေါင်းထဲတွင် ပေါ်လာမည့် မက်ဆေ့ခ်ျများကို ကျနော် သိနေသည်။ ဖြစ်နိုင်သည်မှာ ဤကဲ့သို့သော မက်ဆေ့ခ်ျများ ဖြစ်ပေလိမ့်မည် -
[အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါ ‘ဆောင်းမင်းဝူ’ အသတ်ခံလိုက်ရသဖြင့် မိစ္ဆာဘုရင် ‘အန်ဒရပ်စ်’သည် လူသတ်သမား၏ တည်ရှိမှုကို သတိပြုမိသွားပါသည်။]
[မိစ္ဆာဘုရင် ‘အန်ဒရပ်စ်’ သည် နောက်ဆုံးထိုးနှက်ချက်ပေးပြီး သတ်ဖြတ်ခဲ့သူကို မှတ်သားထားပါလိမ့်မည်။]
[မိစ္ဆာဘုရင် ‘အန်ဒရပ်စ်’ သည် နောက်ဆုံးထိုးနှက်ချက်ပေးပြီး သတ်ဖြတ်ခဲ့သူကို လိုက်လံရှာဖွေပါလိမ့်မည်။]
[နောက်ဆုံးထိုးနှက်ချက်ပေးသူ - ဟန်ဆိုယောင်း]
ဟန်ဆိုယောင်း၏ မျက်နှာဖြူလျော့သွားကာ ကျနော့်ကို ကြည့်လိုက်သဖြင့် ကျနော် ရယ်မောလိုက်သည်။
" နောင်တရလိမ့်မယ်လို့ ငါ ပြောသားပဲ"
ဆောင်းမင်းဝူသည် ၇၂ ပါးမြောက် မိစ္ဆာဘုရင် အန်ဒရပ်စ်၏ အစေခံ အဖွဲ့ဝင်တစ်ဦး ဖြစ်၏။
………………………………………………………………………………………………………….
၇၂ ပါးမြောက် မိစ္ဆာဘုရင်။
ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် နက္ခတ်များကသာ သန်မာကြသည်မဟုတ်ပေ။
ကောင်းကင်ဘုံ၏ စာရင်းသွင်းသူများအဖြစ် နေထိုင်ရန် ငြင်းပယ်ပြီး ဂြိုဟ်အနှံ့ လှည့်လည်သွားလာနေကြသော သန်မာသည့် ပုဂ္ဂိုလ်အချို့ ရှိကြသည်။ ထိုသို့သော အင်အားကြီးသူများထဲမှ တစ်မျိုးမှာ ‘မိစ္ဆာဘုရင်များ’ ဖြစ်ကြသည်။
"ရှင်က တကယ့်ကို လူယုတ်မာပဲ"
နက္ခတ်များက ကိုယ်စားလှယ်များကို ရွေးချယ်သကဲ့သို့ မိစ္ဆာဘုရင်များသည်လည်း သူတို့၏ ကိုယ်ပိုင် ‘အစေခံများ’ ကို ရှာဖွေကြသည်။ ဖောက်ပြန်ပျက်စီးသွားသော ကိုယ်စားလှယ်များသည် မိစ္ဆာဘုရင်တစ်ပါး၏ အစေခံအဖြစ် ဝင်ရောက်ရန် ရွေးချယ်နိုင်ကြသည်။
သမန်းဝံပုလွေမှာ သူ၏ သင်္ကေတများထဲမှ တစ်ခုဖြစ်ပြီး ၇၂ ပါးမြောက် မိစ္ဆာဘုရင် အန်ဒရပ်စ်၏ ဇာတ်နိမ့်အစေခံအဆင့်အဖြစ် တည်ရှိသည်။
ဆောင်းမင်းဝူတွင် ခန္ဓာကိုယ် ပြန်လည်ရှင်သန်ခြင်း စွမ်းရည်ရှိနေသည်မှာ အန်ဒရပ်စ်၏ ကောင်းချီးကြောင့်ပင် ဖြစ်သည်။
ဟန်ဆိုယောင်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ဘ-ဘယ်လိုလုပ်... ကျမ ဘယ်လိုလုပ်ရမလဲ..."
"စိတ်မပူပါနဲ့။ ငါသိတဲ့ လူတချို့လည်း နင့်လိုပဲ မိစ္ဆာဘုရင်ရဲ့ ကျိန်စာတိုက်တာ ခံခဲ့ရဖူးတယ်၊ ဒါပေမဲ့ သူတို့ ချက်ချင်းကြီးတော့ သေမသွားပါဘူး"
"ဒါကို ဘာလို့ အခုမှ ပြောတာလဲ"
စဉ်းစားကြည့်လျှင် မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်၏ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရသော ဟန်မြုံအို... သူ ဘာဖြစ်သွားပြီလဲဆိုတာ ကျနော် မသိပေ။
သူ အသက်ရှင်သေးရဲ့လား။
"ဒါက ကောင်းတဲ့အချက်လို့ ကျနော် ထင်ပါတယ်။ အန်ဒရပ်စ်က အဆင့်မြင့်တဲ့ မိစ္ဆာဘုရင် မဟုတ်ဘူး။ ခင်ဗျားက မိစ္ဆာဘုရင်တစ်ပါးနဲ့ ရန်သူဖြစ်နေရင် အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်တွေရဲ့ မျက်နှာသာပေးမှုကို ရလိမ့်မယ်၊ ပြီးတော့ ထောက်ပံ့ငွေတွေလည်း ပိုရလာလိမ့်မယ်။ ဒါက ကောင်းတဲ့အချက်ပဲလေ"
"နတ်ခေါင်ချုပ်တွေက ဂရုစိုက်ပါ့မလား။ နောက်ပြီး ကျမက ထောက်ပံ့သူတွေ၊ နတ်သမီးတွေနဲ့လည်း အဆင်မပြေဘူး!"
ဘာလို့လဲ။ ဒီဟာမရဲ့ ထောက်ပံ့သူကလည်း မိစ္ဆာဘုရင်တစ်ပါး ဖြစ်နေလို့လား။
ကျနော် ထိုသို့ တွေးနေစဉ်မှာပင် ရုတ်တရက် စကားစကို ရပ်လိုက်သည်။
…ထိုအမျိုးသမီး အခုလေးတင် ဘာပြောလိုက်တာလဲ။
"နင်က ထောက်ပံ့သူတွေ၊ နတ်သမီးတွေနဲ့ အဆင်မပြေဘူး ဟုတ်လား"
ဟန်ဆိုယောင်းသည် ကျနော့်အကြည့်ကို သတိပြုမိသွားပြီး ဆဲဆိုလိုက်သည်။
"လဖွတ်… ငါ့ရဲ့ ပါးစပ်ကတော့..."
"နင့်မှာ ထောက်ပံ့သူ မရှိဘူးလား"
မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။ ကျနော့်မှာလည်း ထောက်ပံ့သူ မရှိချေ။ အမှန်တကယ်တော့ ပထမဆုံး ဇာတ်ဝင်ခန်းတွင် ရှင်သန်သူ အများအပြားမှာ ထောက်ပံ့သူ မရရှိကြ။ အတိအကျ ပြောရလျှင် သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ဟန်ဆိုယောင်းကဲ့သို့ သန်မာသောသူ တစ်ယောက်တွင် ထောက်ပံ့သူ မရှိခြင်းမှာ မမျှော်လင့်ထားသော ကိစ္စပင်။
"ကျမ မရွေးခဲ့တာပါ။ အစကတည်းက ရွေးလိုက်ဖို့ဆိုတာ မထူးဆန်းဘူးလား။ ကျမက တစ်ကြိမ်ပဲ ရွေးလို့ရတာလေ"
"အင်း… အဲ့ဒါကတော့ ဟုတ်ပါတယ်"
ထောက်ပံ့သူ ရွေးချယ်ခြင်းကို နောက်ဆုတ်ထားနိုင်လျှင် နောက်ဆုတ်ထားခြင်းက ပိုကောင်းသည်။
ကောင်းမွန်သော နက္ခတ်များစွာ ရှိပြီး ဇာတ်ဝင်ခန်းတစ်ခုတွင် ထိုသူက မည်သို့ ပြုမူဆောင်ရွက်သည်အပေါ် မူတည်၍ ‘အနိမ့်စားမှသည် အဆင့်မြင့်သူ’ အထိ တန်ဖိုးတက်လာနိုင်သောကြောင့် ဖြစ်၏။
ထောက်ပံ့သူ ရွေးချယ်ခြင်းသည် ပထမဆုံး ဇာတ်ဝင်ခန်းအပြီးတွင် တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ‘ကပ်ဘေး ဇာတ်ဝင်ခန်းများ’ မစတင်မီတွင်လည်း ပုံမှန် ပြုလုပ်လေ့ရှိသည်။
ပဉ္စမမြောက် ဇာတ်ဝင်ခန်းသည် ‘ကပ်ဘေး ဇာတ်ဝင်ခန်း’ တစ်ခု ဖြစ်သောကြောင့် ဟန်ဆိုယောင်းသည် မကြာမီ လာတော့မည့် ဒုတိယအကြိမ် ထောက်ပံ့သူ ရွေးချယ်ခြင်းတွင် ပါဝင်နိုင်ပေလိမ့်မည်။
ကျနော် လက်ကို မြှောက်လိုက်ပြီး မေးလိုက်သည်။
"ဘယ်သူ့ကို ရွေးမလို့လဲ။ စဉ်းစားထားတဲ့ နက္ခတ် ရှိလား"
ကျနော့်စကားကြောင့် ဟန်ဆိုယောင်းက ယုံကြည်မှုရှိသော အမူအရာကို ဖော်ပြလိုက်သည်။
"ရှင် သိလိုက်ရင် အံ့သြသွားမှာ သေချာတယ်။ သူတို့က ကျမကို စိတ်ဝင်စားနေကြပြီ"
"ဘယ်သူလဲ"
ကောင်းကင်တစ်မျှ မဟာပညာရှိ များလား။
" မဟူရာမီးလျှံ အသူတစ်ရာနဂါး အကြောင်း ကြားဖူးလား"
...မဟူရာမီးလျှံနဂါးတဲ့လား။
[ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်သည် သင်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေပါသည်။]
ကျနော် ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"အာ...အင်း။ သူက ကောင်းတဲ့ ထောက်ပံ့သူတစ်ဦးပါ"
မဟူရာမီးလျှံ အသူတစ်ရာနဂါးသည် မူရင်းဝတ္ထုထဲတွင် ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်၏ ထောက်ပံ့သူ ဖြစ်ခဲ့သည်။ ထိုမိစ္ဆာသည် သံမဏိဓားနှင့်အတူ အကောင်းဆုံး တိုက်ခိုက်ရေးသမားများထဲမှ တစ်ဦး ဖြစ်သောကြောင့် ၎င်းမှာ မဆိုးလှသော ရွေးချယ်မှုပင် ဖြစ်သည်။
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က သင့်အား ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေပါသည်။]
ဤကောင်သည် ကျနော့်ကို စိတ်မဝင်စားတော့ပေ။
ကျနော့်၏ အေးတိအေးစက် လေသံကြောင့် ဟန်ဆိုယောင်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
"ဘာလဲ... အဲဒီ မကျေမနပ် ဖြစ်နေတဲ့ မျက်နှာပေးက ဘာလဲ။ ရှင့်ရဲ့ ထောက်ပံ့သူက ဘယ်သူမို့လို့လဲ"
"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး။ ငါက အားကျနေရုံတင်ပါ"
"တကယ်လား"
"တကယ်ပေါ့"
[ ‘ဟန်ဆိုယောင်း’ ဇာတ်ကောင်က ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၁’ ကို အသုံးပြုလိုက်ပါသည်။]
[ဟန်ဆိုယောင်း ဇာတ်ကောင်သည် ထိုပြောကြားချက်မှာ မှားယွင်းနေကြောင်း အတည်ပြုလိုက်ပါသည်။]
"ဟုတ်လို့လား"
မဟူရာမီးလျှံ အသူတစ်ရာနဂါးကို ကျနော်စိတ်မဝင်စားပါ။ ဟန်ဆိုယောင်းအတွက် ထောက်ပံ့သူတစ်ဦး ရရှိသွားစေရန်သာ ကျနော် အလိုရှိသည်။ ဟန်ဆိုယောင်းနှင့် ဤလူမိုက်ကြီးမှာ အတော်လေး လိုက်ဖက်လှသည်။
[မိန်းမများစွာ ထားခြင်းကို နှစ်သက်သော နက္ခတ်တစ်ပါးက သင်နှင့် ဟန်ဆိုယောင်းကို အားပေးနေပါသည်။]
[ဒင်္ဂါး ၅၀၀ ထောက်ပံ့လိုက်ပါသည်။]
ကျနော့်ဆီ ရောက်လာသည့် မက်ဆေ့ခ်ျကို ကြားလိုက်ရသည့်အလား ဟန်ဆိုယောင်း၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။
"ဘာဖြစ်ပြန်တာလဲဟ"
ကံမကောင်းစွာဖြင့် ထိုနက္ခတ်၏ ဆန္ဒမှာ ပြည့်ဝလာမည် မဟုတ်ပေ။ ဟန်ဆိုယောင်းနှင့် ကျနော်သည် နောက်ထပ် ၁၀ ရက်ခန့်သာ အတူရှိကြမည် ဖြစ်၏။
ပူးပေါင်းဆောင်ရွက်ရသည့် အချိန်တစ်ခု ရှိနေသော်လည်း ဟန်ဆိုယောင်းသည် ခြိမ်းခြောက်မှုရှိသော ရန်သူဖြစ်သည်ဆိုသည့် အချက်ကတော့ ပြောင်းလဲသွားမည် မဟုတ်ချေ။
"ငါတို့ ရောက်ပြီ ထင်တယ်"
ခဏအကြာတွင် သမန်းဝံပုလွေများ၏ အခြေစိုက်စခန်း ဖြစ်နိုင်သည့် နေရာသို့ ကျနော်တို့ ရောက်ရှိခဲ့သည်။
အဆိုပါနေရာမှာ ရုပ်သံလိုင်းတစ်ခု၏ အနီးတွင် ဖြစ်သည်။ အဆောက်အအုံများ ကြားထဲမှ သွေးညှီနံ့များ ထွက်ပေါ်နေသည်။ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသကဲ့သို့ အဝေးမှ သမန်းဝံပုလွေများနှင့် လူများ၏ အော်ဟစ်သံများကို ကျနော် ကြားလိုက်ရသည်။
ဟန်ဆိုယောင်းက ပြောလိုက်သည်။
"ကျမတို့ နည်းနည်း နောက်ကျသွားပုံပဲ။ ကျမတို့ထက် အရင်ရောက်နေတဲ့ ဧည့်သည် ရှိနေတာလား"
ကင်းစောင့်အဖြစ် လှည့်လည်နေသည့် သမန်းဝံပုလွေ တစ်ကောင်မှ ကျနော် မတွေ့မိပေ။ အထဲသို့ အနည်းငယ် ထပ်ဝင်လိုက်သောအခါ ယွန်းဆန်ဟို ၏ နေရာထက်ပင် ပိုကြီးသော ဒင်္ဂါးခြံ တစ်ခုကို မြင်လိုက်ရသည်။
ဒင်္ဂါးခြံများ ဆိုသည်မှာ ပျက်စီးသွားသော ကမ္ဘာကြီး၏ သီးသန့်ပိုင်ဆိုင်မှုများပင် ဖြစ်သည်။ ဤကဲ့သို့ မြင်ကွင်းမျိုးကို အမြဲတမ်း တွေ့ကြုံနေရသဖြင့် ကျနော် စိတ်ကုန်လှပြီ ဖြစ်သည်။
သံတိုင်များ နောက်ကွယ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိတော့သဖြင့် ဒင်္ဂါး ရိတ်သိမ်းမှုမှာ ပြီးဆုံးသွားပုံ ရသည်။
ဟန်ဆိုယောင်းသည် ရှေ့မှ သွားနေရင်း ရုတ်တရက် နှာခေါင်းကို ပိတ်လိုက်သည်။
"ရွံစရာကြီး၊ ဒါက ဘာလဲ"
ကျနော်တို့သည် အကျဉ်းချထားသော နေရာမှတစ်ဆင့် သမန်းဝံပုလွေများ နေထိုင်ရာသို့ ဦးတည်သွားစဉ် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက စောင့်ကြိုနေသည်။ ထိုမြင်ကွင်းမှာ လူ၏ ပေါင်သား အပိုင်းအစများကို သားရေကွင်းများဖြင့် ချိတ်ဆွဲထားသော မြင်ကွင်းဖြစ်သည်။ အသားအရောင်းဆိုင်မှ ဝက်သားများကဲ့သို့ပင် ဖြစ်နေပြီး အသုံးပြုမည့် ရည်ရွယ်ချက်မှာ သိသာလှသည်။
[သီးသန့်စွမ်းရည် ‘Fourth Wall’ က သင်၏ စိတ်ခံစားမှုဆိုင်ရာ ဒဏ်ရာများကို ခုခံပေးလိုက်ပါသည်။]
စာသားများထဲတွင် ဤမြင်ကွင်းများကို ကျနော် ဖတ်ဖူးသော်လည်း အမှန်တကယ် မြင်တွေ့ရခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ လူသားတစ်ဦးမှ မျိုးစိတ်ပြင်ပ သတ္တဝါအဖြစ်သို့ ပြောင်းလဲရန် ပုံသေနည်းလမ်းတစ်ခု ရှိသည်။
လူသားချင်း ပြန်လည် စားသုံးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့၏ လူမျိုးနွယ်စုဝင်များကို စားသုံးခြင်းပင်။
ဟန်ဆိုယောင်းက ဆဲဆိုလိုက်သည်။
"ဒီ အယုတ်တမာကောင်တွေကတော့ကွာ..."
မျိုးစိတ်ပြင်ပ သတ္တဝါ အများစုမှာ တိုက်ဆိုင်မှုကြောင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ‘အစားအစာ ရှာဖွေခြင်း’ နောက်ဆက်တွဲ ဇာတ်ဝင်ခန်းကို မအောင်မြင်နိုင်သူများသည် များသောအားဖြင့် ဤလမ်းကို လျှောက်လှမ်းကြ၏။ လူတစ်ယောက်ကို စားပြီးသည်နှင့် သူတို့တွေ မရပ်တန့်နိုင်တော့ပေ။ မျိုးစိတ် ပြောင်းလဲသွားသူများသည် လူသားများကို သတ်ဖြတ်ရန် မည်သည့် အပြစ်ရှိစိတ်ကိုမျှ ခံစားရတော့မည် မဟုတ်ဟု ပြော၍ရသည်။
ကျနော် ပြောလိုက်သည်။
"ဒါကို မြင်တော့ နင်က စိတ်အနှောင့်အယှက် ဖြစ်ပုံရသားပဲ"
"သေချာတာပေါ့။ ဒါကို မြင်ပြီး ဘယ်သူက စိတ်မကောင်းမဖြစ်ဘဲ နေမှာလဲ"
"အခြား ပရောဟိတ်တွေ ပြောတာတော့ နင်က နင့်ရဲ့ အချက်အလက်တွေကို သုံးပြီး ကမ္ဘာကြီးကို ထိန်းချုပ်ချင်နေတာ ဆို"
"ဘယ်သူက ပြောတာလဲ"
ဟန်ဆိုယောင်းက လှောင်ပြုံးပြုံးကာ ဆက်ပြောသည်။
"ဒါက ရှင်က ကျမကို ခိုးချတဲ့သူလို့ ခေါ်သလိုမျိုး ရယ်စရာကောင်းတဲ့စကားပဲ"
"..."
"ကမ္ဘာကြီးကို စိုးမိုးဖို့လား။ အဲဒါကလည်း ကောင်းတာပဲ။ ဒါပေမဲ့ ကျမရဲ့ ပထမဆုံး ပန်းတိုင်က ပျက်စီးခြင်းကို တားဆီးဖို့ပဲ။ ဒါကြောင့်ပဲ ကျမက တမန်တော်တွေကို စုဆောင်းခဲ့တာပေါ့"
"အဲဒီ တမန်တော်တွေက အကုန် အမှိုက်တွေချည်းပဲ"
"သူတို့က မူလကတည်းက အမှိုက်တွေ ဖြစ်နေတာလေ။ အဲဒါ ကျမ အပြစ်လား"
ဒိုင်း။ ဒိုင်း။ ဒိုင်း။ ဒိုင်း
ကျနော်တို့တွေ အလိုအလျောက် အသက်ရှူအောင့်ထားလိုက်ကြသည်။ ကျနော်တို့ ရှေ့တည့်တည့်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အသားများ ပေါက်ကွဲသွားသည့် အသံကို ကျနော် ကြားလိုက်ရသည်။
ချီးပဲ
ဘယ်လိုပဲ စဉ်းစားစဉ်းစား ၎င်းမှာ သေနတ်ပစ်သံပင် ဖြစ်နေလေသည်။
စစ်တပ်က လူအကုန်လုံး သုတ်သင်ခံလိုက်ရပြီ မဟုတ်ဘူးလား။
သေနတ်သံများ ထွက်ပေါ်လာသည့် အဆောက်အအုံဆီသို့ ကျနော်တို့ ပြေးသွားခဲ့သည်။ စစ်တပ်က မပျက်စီးသေးဘူးဆိုရင်တောင် သေနတ်များဖြင့် သမန်းဝံပုလွေကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ကျနော့်ရှေ့မှ မြင်ကွင်းက ကျနော့်အထင်ကို ပြောင်းလဲပေးလိုက်သည်။
သမန်းဝံပုလွေ အလောင်းများမှာ ကျနော့်ရှေ့တွင် တောင်ပုံရာပုံ ဖြစ်နေ၏။ အလောင်းအားလုံးတွင် ကျည်ဆန်ဒဏ်ရာများ ရှိနေသည်။ ဟန်ဆိုယောင်းနှင့် ကျနော် တစ်ချိန်တည်းမှာပင် ပြောလိုက်ကြသည်။
"ဝိသေသ လက္ခဏာပါတဲ့ ကျည်ဆန်တွေပဲ"
"မြင့်မြတ်ခြင်း ဝိသေသ လက္ခဏာ ပါတဲ့ ကျည်ဆန်လား"
အဝေးတစ်နေရာတွင် သေနတ်များဖြင့် ချိန်ရွယ်နေသော လူအချို့ကို ကျနော် မြင်လိုက်ရသည်။ သူတို့သည် ခေတ်မီ ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားကြပြီး ထူးဆန်းသည်မှာ သူတို့အားလုံးသည် အကျဉ်းသား ဝတ်စုံများကို ဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။
ဟန်ဆိုယောင်းက ကျနော့်ကော်လံကို စိုးရိမ်တကြီး ဆွဲလိုက်သည်။
"ဟေ့... ဆိုဒဲမွန် အကျဉ်းထောင်မှာ ရှင့်လိုမျိုး လူတစ်ယောက် ရှိနေတယ်လို့ ကျမ ပြောခဲ့တာ မှတ်မိလား"
"မှတ်မိတယ်"
"သူတို့က အဲ့ဒီအမျိုးသမီးရဲ့ တပ်ဖွဲ့ဝင်တွေပဲ"
ဟန်ဆိုယောင်းသည် မျက်နှာဖုံး စွပ်ထားသော အမျိုးသမီးတစ်ဦးကို ညွှန်ပြနေခြင်း ဖြစ်သည်။ အဆိုပါအမျိုးသမီး၏ မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော်လည်း အောက်သို့ ကျနေသော ဆံပင်ရှည်များကို မမြင်ရပါက ကျား၊ မ ခွဲခြားရန်ပင် ခက်ခဲပေလိမ့်မည်။
"သူက ခေါင်းဆောင်ပဲ။ သူက စာဖတ်သူ တစ်ယောက်ဆိုတာ သိသာပေမဲ့ သူ့အကြောင်း ဘာအချက်အလက်မှ ကျမမှာ မရှိဘူး"
နားလည်ပြီ။ သူတို့က ဆိုဒဲမွန် အကျဉ်းထောင်က လာတာပဲ... ဒါဆို ပလ္လင်လုပွဲတုန်းက ဘာလို့ ဒီအင်အားစုကို မမြင်ခဲ့ရတာလဲ။
ဟန်ဆိုယောင်းက သမန်းဝံပုလွေ အလောင်းပုံကြီးကို ကြည့်ရင်း ပြောသည်။
"သူတို့ကလည်း လေလွင့်သူများ ပဲ။ တော်တော်လေး အစွမ်းထက်တဲ့ လေလွင့်သူတွေ... ကျမသိသလောက်တော့ အစွမ်းအထက်ဆုံး လေလွင့်သူတွေပဲ"
သေနတ်ကိုင်ထားသော အမျိုးသမီးတစ်ဦးသည် ကျနော်တို့ဘက်သို့ တည့်တည့် လျှောက်လာသည်။ ထိုအမျိုးသမီးသည် ဟန်ဆိုယောင်း ညွှန်ပြခဲ့သော ခေါင်းဆောင်တော့ မဟုတ်ပေ။
မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို ကျနော် ထုတ်လိုက်ပြီး ဟန်ဆိုယောင်းကလည်း ကိုယ်ပွား စွမ်းရည်ကို ပြင်ဆင်လိုက်သည်။ ကျနော်တို့ဆီ ချဉ်းကပ်လာသော ထိုအမျိုးသမီး၏ သေနတ်မှာ လှုပ်ရှားသွားသည်။
ထိုအမျိုးသမီးသည် အနောက်သို့ အနည်းငယ် ယိုင်လိုက်ပြီး သေနတ်ပြောင်းကို သမန်းဝံပုလွေ အလောင်းပုံများထဲမှ တစ်ခုဆီသို့ ချိန်ရွယ်လိုက်သည်။
ဒက် ဒက် ဒက် ဒက် ဒက်
ကျည်ဆန်များကြောင့် အလောင်းပုံကြီးမှာ ပြိုကျသွားသည်။ ထိုအခါ အလောင်းများအောက်တွင် ဝှက်ထားသော အရာတစ်ခု ပေါ်လာတော့သည်။
"ဒါက…"
အလျားနှင့် အနံ ၂ မီတာခန့်ရှိသော တောက်ပနေသည့် ကျောက်တုံးကြီးတစ်ခုပင်။ ၎င်းမှာ ‘ကပ်ဘေး’ ကို တားဆီးရန် ကျနော်လိုအပ်နေသော ဥက္ကာခဲများထဲမှ တစ်ခု ဖြစ်သည်။
အဝါရောင် ဥက္ကာခဲက ဤနေရာမှာ ရှိနေခြင်း ဖြစ်သည်။ ဤဥက္ကာခဲသည် သမန်းဝံပုလွေများ၏ ခွန်အား အရင်းအမြစ်လည်း ဖြစ်၏။
ထိုအမျိုးသမီးသည် ဥက္ကာခဲကို စိုက်ကြည့်ပြီးနောက် ကျနော့်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။
"ရှင်က ကင်ဒေါ့ဂျာ လား"