← Chapters

ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၂)

Vol. 5 Ch. 78

ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၂)

Vol. 5 Ch. 78

အနီးကပ် ကြည့်လိုက်သောအခါ ထိုအမျိုးသမီးမှာ အတော်လေး အသက်ကြီးပုံရသည်။ ထိုအမျိုးသမီး၏ မျက်နှာပေါ်မှ အရေးအကြောင်းများအရ သူမသည် အသက် ၄၀ ဝန်းကျင် မဟုတ်သော်လည်း အနည်းဆုံး ၃၀ အလယ်ပိုင်း သို့မဟုတ် ၃၀ နောက်ပိုင်းလောက်တော့ ရှိပေလိမ့်မည်။

ဒီမိန်းမက ငါ့ကို သိနေတာလား။ ဘယ်လိုလုပ်ပြီးသိနေတာလဲ။

ကျနော် အနည်းငယ် အံ့အားသင့်သွားသော်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းကာ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။

" တစ်ခုခု မှားနေပြီထင်တယ်။ ငါ့နာမည်က ယူဂျွန်ဟော့ ပါ။ ကင်ဒေါ့ဂျာ ဆိုတာက ငါ အမုန်းဆုံးလူရဲ့ နာမည်ပဲ"

"...ယူဂျွန်ဟော့ ဟုတ်လား"

"ဟုတ်တယ်။ ဒါကြောင့် မင်းတို့ခေါင်းဆောင်ကို အဓိပ္ပာယ်မရှိတာတွေ မပြောဖို့ သွားပြောလိုက်ပါ။ ငါပြောတာ ဘာကိုဆိုလိုမှန်း မင်း သေသေချာချာ မသိရင်တောင် သူ့ကို အဲဒီအတိုင်းသာ သွားပြောပြလိုက်ပါ"

ကျနော် ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဟန်ဆိုယောင်းက ကျနော့်ကို ရယ်ချင်စဖွယ် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ဟန်ဆိုယောင်းသာ ဆိုလျှင် အခုကစပြီး ဘာဆက်လုပ်ရမည်ကို သူမ နားလည်ပေလိမ့်မည်။ ထိုအမျိုးသမီးက စကားဆိုလာသည်။

"ရှင်က ကင်ဒေါ့ဂျာ ဆိုတာ ကျမ သိပြီးသားပါ။ အပိုတွေပြောပြီး လိမ်မနေပါနဲ့တော့"

[ဟန်ဆိုယောင်း ဇာတ်ကောင်က ထိုပြောကြားချက်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါသည်။]

ဟန်ဆိုယောင်းက ကျနော့်ကို ခေါင်းညိမ့်ပြသည်။ ဤအမျိုးသမီးသည် ကျနော် ဘယ်သူလဲဆိုတာကို အသေအချာ သိနေ၍ လာခဲ့ခြင်း ဖြစ်၏။

"ဘုရင်မက ဒီဥက္ကာခဲကို ရှင့်ဆီ အပ်နှံလိုက်ဖို့ ပြောထားတယ်"

မမျှော်လင့်ထားသော ကိစ္စပင်။ ဤအမျိုးသမီးသည် ကျနော့်ကို သိနေရုံသာမက အခုတော့ ဥက္ကာခဲကိုပါ ပေးနေပြန်လေပြီ...

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

"ငါတို့က လေလွင့်သူများ ဘုရင်မ ရဲ့ လူတွေပါ"

"ဟိုဘက်က အရပ်ရှည်ရှည်နဲ့ အမျိုးသမီးက ခင်ဗျားတို့ရဲ့ ဘုရင်မလား"

ထိုအမျိုးသမီးက ခေါင်းညိမ့်ပြသည်။ အဝေးမှ မျက်နှာဖုံးစွပ်ထားသော အရပ်ရှည်ရှည် အမျိုးသမီးကို ကျနော်လှမ်းကြည့်လိုက်သည်။ သေသေချာချာ ကြည့်လိုက်သောအခါ တစ်နေရာရာတွင် မြင်ဖူးသလိုလို ခံစားချက်ကို ရရှိလိုက်။ သို့သော် တစ်ခုခုတော့ ထူးဆန်းနေသည်။

"ဘုရင်မ တဲ့လား... ခင်ဗျားတို့မှာ အလံ မရှိပုံပဲနော်"

"ဘုရင်မက အဲဒီလို အရာတွေအပေါ်မှာ စိတ်မဝင်စားဘူး"

...ဒါက ဘယ်လို အဖြေမျိုးလဲ။ ထိုအမျိုးသမီးက ဆက်ပြောသည်။

"မြောက်ဘက်က ကပ်ဘေးကိုတော့ ဘုရင်မကပဲ တာဝန်ယူ ဖြေရှင်းမယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ကျန်တဲ့ ကပ်ဘေး လေးခုကိုတော့ ရှင်ဖြေရှင်းဖို့ပဲ ထားခဲ့မယ်တဲ့"

ကျနော် ဘာမှ မမေးနိုင်ခင်မှာပင် ထိုအမျိုးသမီးသည် ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

ဟန်ဆိုယောင်းက လှမ်းအော်လိုက်သည်။

"ဟေ့… အဲဒါ ဘာကို ဆိုလိုတာလဲ။ မသွားခင် အကျိုးအကြောင်း ရှင်းပြသင့်တာ မဟုတ်ဘူးလား"

အော်ဟစ်နေသော်လည်း ထိုအမျိုးသမီးမှာ နောက်သို့ လှည့်မကြည့်ဘဲ ဆက်လက် ထွက်ခွာသွား၏။ ဟန်ဆိုယောင်းက ကျနော့်ကို ကြည့်ကာ မေးလိုက်သည်။

"ဒါက ဘာလဲ... ရှင် အဲဒီ အမျိုးသမီးကို သိလို့လား"

"ဘယ်လိုလုပ် သိမှာလဲ"

ကျနော် တိတ်တဆိတ်ပဲ ‘ဇာတ်ကောင်စာရင်း’ကို အသက်သွင်းလိုက်သည်။

[ဤပုဂ္ဂိုလ်သည် ‘ဇာတ်ကောင်စာရင်း’ တွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]

[ဇာတ်ကောင်စာရင်း ကို အဆင့်မြှင့်တင်ခြင်းဖြင့် ထိုသူ၏ အချက်အလက်များကို စစ်ဆေးနိုင်ပါသည်၊ အဆင့်မြှင့်တင်လိုပါသလား။]

အဆင့်မြှင့်တင်ရန် အချိန် ပြန်ရောက်လာပုံ ရသည်။ ကျနော် ခေါင်းညိမ့်လိုက်သည်။

[အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ။]

[လူအချို့ကို အဘိဓာန်ထဲသို့ ထည့်သွင်းလိုက်ပါပြီ။]

ထို့နောက် ဇယားတစ်ခု ပေါ်လာ၏။

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည် : ချိုယောင်ရန်

အသက် : ၃၇ နှစ်

ထောက်ပံ့သူ : ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ

ဝိသေသ လက္ခဏာ : ထွက်ပြေးလာသော အကျဉ်းသား (သာမန်)၊

တရားမျှတမှုအရာရှိ (ရှားပါး)

သီးသန့် စွမ်းရည် : အကျဉ်းထောင်မှ ဖောက်ထွက်ခြင်း အဆင့် ၃၊

စိတ်ရှည်မှု အဆင့် ၆၊ စီရင်ချက်ချချိန် အဆင့် ၃၊

သေနတ်ပစ်ခြင်း အဆင့် ၄...

အထူးစွမ်းရည် : ရုပ်ဖျက်မှော်အတတ် အဆင့် ၂

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၃၀၊ ခွန်အား အဆင့် ၃၄၊

လျှင်မြန်မှု အဆင့် ၃၆၊ မှော်စွမ်းအား အဆင့် ၂၈

ခြုံငုံအကဲဖြတ်ချက် : လက်ရှိတွင် ဘက်စုံ အကဲဖြတ်မှုကို

ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

‘ကနဦးလူသစ်များအတွက် အခြေခံပစ္စည်းများ’ ကို လက်ရှိတွင် အသုံးပြုထားပါသည်။

‘တိုးတက်ကြီးထွားမှုအတွက် အထုပ်’ ကို လက်ရှိတွင် အသုံးပြုထားပါသည်။

နေစမ်းပါဦး။ ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာတဲ့လား။

[‘ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ’ နက္ခတ် က သင့်ကို သတိထားသော မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။]

ယောင်ဝူချိ ကို ထောက်ပံ့သူအဖြစ် ရထားသည့် အမျိုးသမီးတစ်ဦး ရှိနေနှင့်ပြီဆိုသည်ကို ကျနော် မတွေးထားမိခဲ့ပေ။

ထို့ပြင် ထိုအမျိုးသမီးတွင် ‘တရားသူကြီး’ ထက် မသာသော်လည်း အတော်အတန် ကောင်းမွန်သည့် ‘တရားမျှတမှုအရာရှိ’ ဆိုသည့် လက္ခဏာ လည်း ရှိနေသေးသည်။

လက်အောက်ငယ်သားက ဤမျှအထိ တော်နေလျှင် ဘုရင်မကရော ဘယ်လိုမျိုး ဖြစ်နေမည်နည်း။ အရပ်ရှည်ရှည် အမျိုးသမီးကို ကျနော် ချက်ချင်း လှမ်းကြည့်လိုက်သည်။

[ဤပုဂ္ဂိုလ်၏ အချက်အလက်ကို ‘ဇာတ်ကောင်စာရင်း’ တွင် မဖတ်နိုင်ပါ။]

[ဤပုဂ္ဂိုလ်သည် ‘ဇာတ်ကောင်စာရင်း’ တွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]

မျက်နှာဖုံးစွပ်ထားသော ထိုအမျိုးသမီး၏ အကြည့်နှင့် ဆုံလိုက်ရသည့် ခဏမှာပင် ကျနော့်ဦးခေါင်းထဲ၌ စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ထိုအမျိုးသမီးထံမှ အကြည့်ကို ကျနော်အလိုအလျောက် လွှဲလိုက်မိသည်။ ကျနော့်နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့သည်။ Fourth Wall သည်လည်း ဗီဇအရ တုန်လှုပ်သွားခဲ့သည်။

ထိုအမျိုးသမီးသည် ဆောင်းမင်းဝူ ထက်ပင် ပိုမိုကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။ ကျနော့်ထံတွင် မိမိကိုယ်ကိုယ် ဆင်ခြေပေးခြင်း စွမ်းရည်ရှိနေသော်လည်း ထိုအထူးစွမ်းရည်၏ စွမ်းဆောင်ရည်ကို သေချာမသိသေးသဖြင့် စွန့်စားမှု မလုပ်လိုပေ။

ဟန်ဆိုယောင်းက ကျနော့်ကို စိုးရိမ်တကြီး မေးလာသည်။

"ဟေ့... ဘာဖြစ်လို့လဲ"

"...ဘာမှမဟုတ်ဘူး"

Fourth Wall သည် ကျနော်၏ လက်တွေ့ဘဝတွင် အရေးကြီးသော သက်ရောက်မှုရှိခဲ့သူများနှင့် တွေ့သည့်အခါ တုံ့ပြန်တတ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ထိုအမျိုးသမီးမှာ ကျနော် သိနေသည့် တစ်စုံတစ်ယောက် ဖြစ်သည်။ သို့သော် ဤကမ္ဘာပေါ်တွင် ဆောင်းမင်းဝူ ထက်ပင် ပိုမိုကြီးမားသော စိတ်ဒဏ်ရာကို ပေးနိုင်သူမှာ တစ်ယောက်တည်းသာ ရှိ၏။

ငါသဘောပေါက်ပြီ... မျှော်လင့်ထားသည့်အတိုင်း သူ အသက်ရှင်နေခဲ့တာပဲ။ ဒါပေမဲ့ ဆိုးလ်မှာ ရှိနေလိမ့်မည်ဟုတော့ ငါမထင်ထားခဲ့မိဘူး။

သူ့အနေဖြင့် ဘာကြောင့် အင်အားကြီး တပ်ဖွဲ့တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်းနှင့် သူတို့ ဘာကြောင့် အကျဉ်းသား ဝတ်စုံများ ဝတ်ထားရသလဲဆိုသည်ကို အဖြေပေးနေသည်။ ထိုသူသာဆိုလျှင် ဒါက ဖြစ်နိုင်ချေရှိသည်။

လေလွင့်သူများ သည် မကြာမီမှာပင် စတင် လှုပ်ရှားလာကြသည်။

သူတို့သည် အစီအရီ တန်းစီလိုက်ကြပြီး လာခဲ့သည့် လမ်းအတိုင်း ပြန်လည် ထွက်ခွာသွားကြသည်။ ၎င်းမှာ တုံ့ဆိုင်းမှုမရှိသော ချီတက်မှုပင် ဖြစ်သည်။ ထိုအုပ်စုထံမှ သစ္စာစောင့်သိမှုကို ခံစားနေရ၏။

ခေါင်းဆောင်ဖြစ်သူသည် အုပ်စု၏ ရှေ့ဆုံးမှ လှုပ်ရှားသွားသည်။

မင်းဆိုးမင်းညစ် နှင့် ဆင်တူသော သရဖူတစ်ခု၊ အလှဘုရင်မ နှင့် ကွဲပြားခြားနားသော အမျိုးသမီး။

သူတို့ ချန်ရစ်ခဲ့သော ပျက်စီးခြင်း အကြွင်းအကျန်များကို ကျနော် ကြည့်လိုက်သည်။ ထိုနေရာတွင် ပျက်စီးသွားသော ဒင်္ဂါးခြံများ နှင့် သူတို့တွေ ချန်ထားခဲ့သော အသက်ရှင်ကျန်ရစ်သူများ ရှိနေသည်။ သူတို့သည် အသက်ရှင်ကျန်ရစ်သူများ၏ ဘေးတွင် စောင်များနှင့် လိုအပ်သော ပစ္စည်းများကို ထားပေးခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူများသည် ထွက်ခွာသွားသော လေလွင့်သူများကို အံ့သြကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

ကျနော် မေ့နေခဲ့သည်။

လူတစ်ယောက် ဘုရင်ဖြစ်ရန်အတွက် အလံရှိဖို့ သို့မဟုတ် ပလ္လင်ပေါ်တွင် ထိုင်နေဖို့ မလိုပေ။ ဤဘုရင်မဲ့ကမ္ဘာတွင် ဘုရင်တစ်ပါး ရှိနေသေးသည်။

……………………………………………………………………………………………………….

ခဏအကြာတွင် သူတို့ ချန်ထားခဲ့သော အဝါရောင် ဥက္ကာခဲကို ကျနော် စစ်ဆေးလိုက်သည်။

အဝါရောင် ဥက္ကာခဲ။

လမင်းကျောက်တုံး ဟုလည်း ခေါ်သော ထိုဥက္ကာခဲသည် ပုံမှန်အားဖြင့် အခြားသော ဒိုင်မေးရှင်းများတွင် ဝဲပျံနေတတ်သည့် ကြယ်တာရာ အပိုင်းအစတစ်ခု ဖြစ်သည်။

၎င်းမှာ ဝတ္ထုထဲတွင် ကျနော် ဖတ်ခဲ့ရသည့်အတိုင်း အစစ်အမှန်ပင်။

ဥက္ကာခဲကို ထိလိုက်ရုံဖြင့် ခံစားလိုက်ရသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် မှော်စွမ်းအင်များ၊ မကြည်လင်သော အတွင်းပိုင်းမှ ထွက်ပေါ်နေသည့် မှိန်ဖျော့ဖျော့ အလင်းတန်းများနှင့် မျက်နှာပြင်တစ်ခုလုံးရှိ အဖြူရောင် အစင်းကြောင်းများကြောင့် ဤအဝါရောင် ဥက္ကာခဲသည် ကပ်ဘေးကို တန်ပြန်နိုင်မည့် စွမ်းအားများထဲမှ တစ်ခုကို သေချာပေါက် ပိုင်ဆိုင်ထားသည်။

ထိုစဉ် စနစ် မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာ၏။

[‘လမင်းကျောက်တုံး’ က သင့်အား အဆင့်မြင့် ခွန်အားတစ်ခု ပေးအပ်လိုပါသည်။]

ဥက္ကာခဲ၏ ကမ်းလှမ်းမှုကို ကျနော်ငြင်းပယ်လိုက်သဖြင့် စွမ်းအားများမှာ ဥက္ကာခဲအတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။

လမင်းကျောက်တုံးသည် အခြေခံအားဖြင့် ညဥ့်ဦးယံ၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး မျိုးစိတ်ပြင်ပ သတ္တဝါများသည် ဤစွမ်းအားကို လက်ခံရရှိကြမည် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ညဥ့်ဦးယံ၏ စွမ်းအားကို ရရှိခဲ့သော လူသားစားသူများသည် မျိုးစိတ်ပြင်ပ သတ္တဝါများဖြစ်သည့် သမန်းဝံပုလွေများ အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

[‘လမင်းကျောက်တုံး’ က ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်ကို ထုတ်လွှတ်နေပါသည်။]

သို့သော် ဤဥက္ကာခဲ၏ အစစ်အမှန် အသုံးဝင်မှုမှာ မျိုးစိတ်ပြင်ပ သတ္တဝါများအဖြစ် ပြောင်းလဲရန်သက်သက် မဟုတ်ပေ။ သမန်းဝံပုလွေ ရာဂဏန်းခန့် ရှိနေရုံဖြင့် အနာဂတ် ကပ်ဘေးများကို မတားဆီးနိုင်ပေ။

ထောင်ဂဏန်းလောက်ဆိုလျှင်တော့ အထောက်အကူ ဖြစ်နိုင်သော်လည်း ထောင်ဂဏန်းရှိသော မျိုးစိတ်ပြင်ပ သတ္တဝါ အမြောက်အမြားနှင့် မိစ္ဆာဘုရင်များ၏ စွမ်းအားကြောင့် နောက်ထပ် ကပ်ဘေးတစ်ခု ကျရောက်လာပေလိမ့်မည်။

"ငါက စေတနာ့ဝန်ထမ်း ဖြစ်နေသလိုခံစားနေရတယ်... ဟေ့….ရှင် တစ်ခုခု ရှာတွေ့ပြီလား"

ကျနော် ဥက္ကာခဲကို စစ်ဆေးနေစဉ်မှာပင် ဟန်ဆိုယောင်းက အနီးအနားတွင် လဲလျောင်းနေသော အသက်ရှင်ကျန်ရစ်သူများကို ပြုစုပေးနေသည်။ ထိုအပြုအမူကို မမျှော်လင့်ထားမိသော်လည်း ဟန်ဆိုယောင်းသည် ဒင်္ဂါးများကို ရည်ရွယ်နေခြင်း ဖြစ်ပေလိမ့်မည်။

[အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်များ သည် ဟန်ဆိုယောင်း၏ ကောင်းမှုကုသိုလ်များအပေါ် စိတ်လှုပ်ရှားနေကြပါသည်။]

မိစ္ဆာဘုရင်၏ အစေခံများ ပြည့်နှက်နေသည့် နေရာမျိုးတွင် ထောက်ပံ့မှုများမှာ ပုံမှန်ထက် ပိုမိုကြီးမားနေပေလိမ့်မည်။

အမှန်ပင်၊ လူသားတစ်ယောက်၏ စိတ်မှာ ဆန်းကြယ်လှပေသည်။

အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်များထဲတွင် မဟူရာမီးလျှံ အသူတစ်ရာနဂါး လည်း ရှိနေနိုင်သည်။ ဒုတိယအကြိမ် ထောက်ပံ့သူ ရွေးချယ်ခြင်း မှာလည်း မကြာမီ လာတော့မည်ဖြစ်ရာ ဟန်ဆိုယောင်းသည် သူ့ကို စောင့်ကြည့်နေပေလိမ့်မည်။ ကျနော် ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။

"ကိုယ်ပွား တွေက အသုံးဝင်သားပဲ"

ကိုယ်ပွား ဒါဇင်ပေါင်းများစွာသည် ပတ်ဝန်းကျင်ကို အလျင်အမြန် ရှင်းလင်းနေကြသည်။ မျိုးစိတ်ပြင်ပ သတ္တဝါများ၏ အလောင်းများကို မီးရှို့နေကြသလို၊ ကြောက်မက်ဖွယ်ကောင်းသော လှောင်အိမ်များနှင့် လူသား သားသတ်ဆိုင်များကိုလည်း ဖျက်ဆီးပစ်နေကြသည်။

နင်က နှာခေါင်းသွေးထွက်ခံပြီး ဒင်္ဂါးတွေ ရှာနေတာပဲ...

ဟန်ဆိုယောင်းက သွေးများကို သုတ်လိုက်ရင်း မေးလိုက်သည်။

"ရှင်ဘယ်တော့ ပြောပြမှာလဲ"

"ဘာကိုလဲ"

"အခုဖြစ်ပျက်သွားတာကို ကျမ ပြောနေတာ "

ဟန်ဆိုယောင်း၏ မေးခွန်းမှာ ဥက္ကာခဲအကြောင်း မဟုတ်သည်ကို ကျနော် သတိပြုမိလိုက်သည်။

"နင် အဲဒီကိစ္စကို စိုးရိမ်နေတုန်းပဲလား"

"ကျမ ဘယ်လိုလုပ်ပြီး ဂရုမစိုက်ဘဲ နေနိုင်မှာလဲ"

ဟန်ဆိုယောင်း မသိသော ‘စာဖတ်သူ’ အမျိုးအစား နှစ်မျိုး ရှိနေလေသည်။ ထို့အပြင် ထိုနှစ်ဦးကြားတွင် ဆက်နွှယ်မှုတစ်ခု ရှိနေပုံရသည်။ ‘လက်လျှော့သူ’ ဖြစ်သော ဟန်ဆိုယောင်း အနေဖြင့် အာရုံစိုက်မိနေခြင်းမှာ သဘာဝကျ၏။

"ငါလည်း မပြောတတ်ဘူး"

"...ရှင်လည်း မသိဘူးလား"

"ငါက အဲဒီအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အမျိုးသမီးကိုပဲ သိတာပါ"

"လေလွင့်သူများ ဘုရင်မကို ပြောတာလား"

ကျနော် ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒီဘုရင်မက လက်လျှော့သွားတဲ့လူ မဟုတ်ဘူး။ အတိအကျ ပြောရရင် အဲ့ဒီဘုရင်မက မူရင်းဝတ္ထုကို တစ်ခါမှ မဖတ်ဖူးဘူး"

"ဟမ်…. ဒါဆို သူက ဇာတ်လမ်းရဲ့ အကြောင်းအရာတွေကို ဘယ်လိုလုပ် သိနေတာလဲ"

"ငါနဲ့ တိုက်ရိုက် စကားပြောခဲ့ဖူးလို့ပါ"

ဟန်ဆိုယောင်းမှာ ဦးခေါင်းနောက်ဘက်ကို တူနှင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

"ရှင်က သူများတွေကို ဇာတ်လမ်းအကြောင်း ပြောပြခဲ့တာလား။ ဘာလို့လဲ"

"ငါ အဲ့ဒီအမျိုးသမီးနဲ့ တွေ့တဲ့အခါ ပြောပြဖို့ တစ်ခုခု လိုအပ်ခဲ့လို့လေ"

ကျနော် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါ့မှာ သူ့ကို ပြောပြစရာ တခြား ဘာမှ မရှိခဲ့လို့ပဲ"

ကျနော့်၏ မှောင်မိုက်နေသော စိတ်ခံစားမှုကို ဟန်ဆိုယောင်း သိရှိသွား၍ ဖြစ်နိုင်သည်။ ဟန်ဆိုယောင်းသည် ကျနော့်ကို ဆက်လက် စစ်မေးရန် တုံ့ဆိုင်းသွားလေတော့သည်။ ဟန်ဆိုယောင်းထံတွင် ကျနော့်ကို မေးချင်သည်များစွာ ရှိနေပေလိမ့်မည်။ ထိုအမျိုးသမီးက ဘယ်သူလဲ၊ ကျနော်နှင့် သူမက ဘာပတ်သက်တာလဲ စသဖြင့်ပေါ့။

ဟန်ဆိုယောင်းသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ပြောလာသည်။

"ရှင်နဲ့ အဲဒီအမျိုးသမီး ဘာပတ်သက်လဲဆိုတာ ကျမ မသိပေမဲ့ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်တာ အဆင်ပြေပါ့မလား။ ကျမတို့အပြင် အနာဂတ်ကို သိတဲ့လူတွေ နောက်ထပ် ရှိနေဦးမယ်ဆိုရင်..."

ဟန်ဆိုယောင်း၏ စိုးရိမ်မှုကို ကျနော် နားလည်ပေသည်၊ သို့သော် အဆင်ပြေပါလိမ့်မည်။ အနည်းဆုံးတော့ ထိုအမျိုးသမီးမှာ စည်းကမ်းရှိသူတစ်ဦးဖြစ်ပြီး အနာဂတ် အချက်အလက်များကို ပေါ့ပေါ့ဆဆ အသုံးချမည့်သူ မဟုတ်ပေ။

လမင်းကျောက်တုံးကို ခေါက်လိုက်ပြီး ကျနော်စကားပြောလိုက်၏။

"အဲဒါထက် ပိုအရေးကြီးတာ ရှိတယ်။ အခုကစပြီး ငါတို့ ဒါကို နှိုးကြမယ်"

"ဟမ်…. ဒါကြီးကိုလား"

ဟန်ဆိုယောင်းက ကျနော့်ကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။

"နင်က ကပ်ဘေးကို နှိုးချင်တာလား"

"ဘာလို့ ဒီလောက်တောင် လန့်သွားတာလဲ။ နင်လည်း အရင်က လုပ်ခဲ့တာပဲလေ။ မဟုတ်ဘူးလား"

ဟန်ဆိုယောင်းသည် ပရောဟိတ်များ၏ ညကို လှုံ့ဆော်ခဲ့ပြီး သာမန်နဂါး အစ်ဂနီကို နှိုးခဲ့ဖူးသည်။

"ဟေ့…. ကျမက ကပ်ဘေးအသေးစားလေးကိုပဲ ရွေးခဲ့တာလေ။ ဒါကြီးကကျတော့..."

"ဒါက ကပ်ဘေး မဟုတ်ပါဘူး"

"...ဒါဆို ဒါက ဘာလဲ"

"နင်က နင်ခိုးချထားတဲ့ ဝတ္ထုအပေါ်မှာ ပေါ့ပေါ့လေးပဲ ဖတ်ထားပုံရတယ်နော်။ နင် မမှတ်မိဘူးလား။ ဇာတ်ဝင်ခန်း စတဲ့အခါ ဒီနေရာမှာ ဘာပေါ်လာမလဲဆိုတာ နင် တကယ်ပဲ မသိဘူးလား"

ဟန်ဆိုယောင်းသည် ကျနော့်ကို စိုက်ကြည့်ပြီးနောက် ဖုန်းကို ထုတ်ကာ သူကိုယ်တိုင် ရေးထားသော ဝတ္ထုကို ဖတ်လိုက်သည်။

"အာ... ဒါက၊ ဖြစ်နိုင်တာက..."

"သတိရသွားပြီလား။ နင် အကောင်းဆုံး ခိုးချထားတာပဲလေ"

"ပါးစပ်ပိတ်ထားစမ်းပါ။ ဒါပေမဲ့ ပင်မ ဇာတ်ဝင်ခန်းက မပွင့်သေးဘူးလေ။ ဒီလိုလုပ်တာ အဆင်ပြေပါ့မလား။ နောက်ပြီး ဖြစ်နိုင်စွမ်း တောင်းဆိုချက်တစ်ခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

"ဖြစ်လာမှာ မဟုတ်ပါဘူး"

"အလယ်အလတ် ဒိုကဲဘီ က နင့်ကို မုန်းနေတာလေ..."

"ဒါဆိုရင် ငါပဲ သူ့ကို ရှင်းလိုက်မယ်"

အခုချိန်ဆိုလျှင် သူသည် စီမံခန့်ခွဲရေးဌာန၏ အပြစ်ပေးမှုကို ခံနေရသဖြင့် အလုပ်ရှုပ်နေပေလိမ့်မည်။

"ငါတို့ မှော်စွမ်းအင်တွေ စသွင်းကြမယ်။ ငါ တွက်ချက်ထားတာအရ ဆိုရင်တော့ ၁၀ နာရီအတွင်းမှာ ပေါက်ဖွားလာလိမ့်မယ်။ ငါက ၄ နာရီ တာဝန်ယူမယ်၊ နင်က ၆ နာရီ တာဝန်ယူရမယ်"

"ကျမက ဘာလို့ မှော်စွမ်းအင် ၆ နာရီတောင် သွင်းရမှာလဲ"

"နင့်ရဲ့ မှော်စွမ်းအား အဆင့်က ပိုမြင့်နေလို့လေ"

ထိုအချိန်တွင် ကိုယ်ပွား အရေအတွက်မှာ သိသိသာသာ လျော့နည်းသွား၏။ ကျနော် တစ်ခုခုကို သတိပြုမိလိုက်သည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ နင့်ရဲ့ မှော်စွမ်းအား အဆင့်က ဘယ်လောက်လဲ"

"ကျမက ဘာလို့ ပြောပြရမှာလဲ"

"ဒါက ဇာတ်ဝင်ခန်းကို အောင်မြင်ဖို့ လိုအပ်တဲ့ အချက်အလက်မို့လို့ပေါ့"

[ယာယီကတိကဝတ် ၏ ပြဋ္ဌာန်းချက်များမှာ အာဏာသက်ရောက်လာပါသည်။]

ဟန်ဆိုယောင်း၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။

"...အဆင့် ၅၅"

ကျနော် တကယ်ပဲ အံ့သြသွားမိသည်။ ဟန်ဆိုယောင်းသည် ကိုယ်ပွား ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်နိုင်သောကြောင့် အဆင့် ၄၀ ကျော်လောက်ပဲ ထင်ထားခဲ့သော်လည်း အဆင့် ၅၅ ဆိုသည်ကတော့ ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်သို့ ချဉ်းကပ်နေပြီ ဖြစ်သည်။

ဟန်ဆိုယောင်း၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု နှင့် ခွန်အား မှာ နှိုင်းယှဉ်လျှင် နိမ့်ကျနေသဖြင့် ဟန်ဆိုယောင်းသည် ဒင်္ဂါးအားလုံးကို မှော်စွမ်းအား ထဲသို့သာ ပုံအောထည့်ထားခြင်း ဖြစ်ပေလိမ့်မည်။

"အစီအစဉ်ကို ပြန်ပြောင်းလိုက်မယ်။ ငါက ၂ နာရီပဲ ယူမယ်၊ နင်က ၈ နာရီ တာဝန်ယူ"

"ဟေ့…. အဲဒါ မတရားဘူးလေ။ နောက်ပြီး အခု ကျမမှာ မှော်စွမ်းအားတွေ ကုန်နေပြီ"

ဒိုကဲဘီ အိတ် ထဲမှ အလယ်အလတ် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသော ဆေးရည် အချို့ကို ကျနော်ဝယ်ယူလိုက်သည်။

"ဒါဆို ဒါကို သောက်လိုက်"

"ဒါက ဘာလဲ"

"ဒင်္ဂါးနဲ့ ဝယ်ရတဲ့ ပစ္စည်းလေ"

"...ရှင့်ရဲ့ ထောက်ပံ့သူက တော်တော် အင်အားကြီးတာလား။ ဒီလိုပစ္စည်းမျိုးကို ကျမကို ဒီအတိုင်း ပေးလိုက်တာလား"

"ငါကိုယ်တိုင်က အင်အားကြီးတာပါ"

ဟန်ဆိုယောင်းက ကျနော့်ကို တစ်ချက် စောင်းကြည့်လိုက်သည်။

"ရှင် ဒီထဲမှာ ထူးဆန်းတာတွေ ဘာမှ ထည့်မထားဘူး မဟုတ်လား"

"ဒါဆို ငါပဲ အရင် စလိုက်တော့မယ်"

လမင်းကျောက်တုံးကို ကျနော် ထိလိုက်ပြီး မှော်စွမ်းအင်များကို စတင် ထည့်သွင်းလိုက်သည်။ ၁၀ နာရီ ကြာပြီးနောက်တွင် ဥက္ကာခဲအတွင်းရှိ ကောင်မှာ နိုးထလာပေလိမ့်မည်။

…………………………………………………………………………………………………………

ကျနော် ဘယ်လောက်တောင် အိပ်ပျော်သွားခဲ့သလဲ မသိပေ။ တစ်စုံတစ်ယောက်၏ အော်ဟစ်သံကြောင့် ကျနော် မျက်လုံးပွင့်လာခဲ့သည်။

"ဟေ့၊ မြန်မြန် ထစမ်း။ အဲဒီကောင် လှုပ်ရှားလာပြီ!"

ဟန်ဆိုယောင်းသည် စိုးရိမ်တကြီး မျက်နှာပေးဖြင့် အော်ဟစ်ကာ ဥက္ကာခဲကို ထိကိုင်ထားသည်။

ဥက္ကာခဲမှာ အက်ကွဲကြောင်းများ စတင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

၎င်းမှာ မီးနဂါးသည် ဥက္ကာခဲအတွင်းမှ ထွက်ပေါ်လာစဉ်က ဖြစ်စဉ်နှင့် ဆင်တူသည်။ ရန်လိုသော တုံ့ပြန်မှုမျိုး မဟုတ်သော်လည်း ကျနော့်ဘက်က စကားတစ်ခွန်း မှားလိုက်ရုံဖြင့်... ကျနော်တို့ နှစ်ယောက်လုံး ဤနေရာမှာတင် သေသွားနိုင်၏။

တောက်ပသော အလင်းတန်းတစ်ခုသည် လမင်းကျောက်တုံးအတွင်းမှ ထွက်ပေါ်လာပြီး ညဥ့်ဦးယံ၏ မှောင်မိုက်မှုကို ဖယ်ခွာပစ်လိုက်သည်။

၎င်းမှာ ကြည့်ရုံမျှဖြင့် ပြင်းထန်သော ဖိအားကို ပေးစွမ်းနိုင်သည့် အစွမ်းထက်သော တည်ရှိမှုတစ်ခု၏ နိုးထလာခြင်းပင် ဖြစ်တော့သည်။

All Chapters