ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၄)
Vol. 5 Ch. 80
အသက်ကို ပြင်းပြင်းရှူရင်း ကျနော်မေးလိုက်သည်။
"ဘာလဲ။ ပြီးသွားပြီလား"
"မဟုတ်ပါဘူး၊ အဲဒါက..."
"...ဒါဆို ငါ ဘာတွေ မှားနေလို့လဲ"
"အတိအကျ ပြောရရင်တော့..."
"စကားကို ဆွဲမနေဘဲ မြန်မြန်ပြောစမ်းပါ"
"အကုန်လုံး မှားနေတာပါ"
သူ့စကားက အလွန်ပင် ရိုးသားလွန်းလှသဖြင့် နျူကလီးယားလက်သီးဖြင့် အထိုးခံလိုက်ရသကဲ့သို့ ကျနော်ထိုင်ကျသွားတော့သည်။ အသက်ကို စည်းချက်မမှန်စွာ ရှူရှိုက်ရင်း ကောင်းကင်ယံကို ကျနော်မော့ကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို ကောင်းကင်တွင် လွင့်မျောနေသော မဟာတွင်းနက်ကြီး မှာ ပိုမို ကြီးမားလာသယောင် ရှိနေသည်။ ကျနော့်ကို လှောင်ပြောင်နေသည့်အလားပင်။
လိုင်ခါယွန်သည် ကျနော့်ကို ကြည့်ပြီး အပြတ်ပြောရန် ပြင်ဆင်လိုက်သည်။
"ကာကွယ်စောင့်ရှောက်သူကြီး... ခင်ဗျားမှာ လေ၏လမ်းစဉ် နဲ့ ကိုက်ညီတဲ့ အရည်အချင်း လုံးဝမရှိဘူး။ မဟုတ်ဘူး၊ အမှန်အတိုင်း ပြောရရင် ခင်ဗျားမှာ ဘယ်လို စွမ်းရည်မျိုးအတွက်မဆို အရည်အချင်း မရှိတာပါ"
ဤကမ္ဘာကြီးမှာ ကျနော့်ကြောင့် ပျက်စီးသွားရပေတော့မည်လော။
……………………………………………………………………………………………………
ဤသို့ဖြင့် နောက်ထပ် နာရီအနည်းငယ် ကုန်ဆုံးသွားပြီး ရက်အနည်းငယ်အထိ ကြာမြင့်လာခဲ့သည်။ ပဉ္စမမြောက် ဇာတ်ဝင်ခန်း စတင်ရန် ရှစ်ရက်သာ လိုတော့သည်။
ကျနော် လက်မလျှော့ဘဲ လေ၏လမ်းစဉ် ကို ဆက်လက် သင်ယူနေခဲ့သည်။
သေချာတာပေါ့၊ ဘယ်လိုမှမအောင်မြင်ပဲ ဖြစ်နေတာလေ။
" ကာကွယ်စောင့်ရှောက်သူကြီး၊ လက်လျှော့လိုက်တာ ပိုကောင်းပါလိမ့်မယ်..."
"...ငါ ဘာလို့ သင်လို့ မရတာလဲ"
ဟန်ဆိုယောင်းက ကျနော့်ဘေးတွင် တခိခိရယ်မောရင်း ပြောလာသည်။
"ဘာလို့လဲ ဟုတ်လား။ နင့်မှာ ပါရမီ မရှိလို့ပေါ့"
"အဲဒါ မဖြစ်နိုင်ဘူး"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ နင်က အဓိကဇာတ်ကောင် မှ မဟုတ်တာ။ နောက်ပိုင်းမှာ နင် အလုပ်တွေ ကောင်းကောင်း လုပ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ယူဂျွန်ဟော့ ဖြစ်သွားပြီလို့ ထင်နေတာလား"
ကျနော့်ရင်ဘတ်မှာ အထိုးခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။ ကျနော် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့ခေါင်းထဲမှာ အကုန်လုံးကို နားလည်နေတာပဲလေ"
"အာ၊ ဟုတ်ပါပြီ။ လူတိုင်းကလည်း သူတို့ကိုယ်သူတို့ ဆိုးလ်အမျိုးသားတက္ကသိုလ် တက်နိုင်တယ်လို့ ထင်နေကြတာပဲ"
"ငါ အမှန်အတိုင်း ပြောနေတာ"
လေ၏လမ်းစဉ် နှင့် ပတ်သက်သော သိမြင်နားလည်မှု အများစုကို ကျနော် မှတ်မိနေသည်။ လွန်ခဲ့သော တစ်နာရီခန့်က ကျနော် အလွန်ပင် စိတ်ပျက်ခဲ့သဖြင့် ရှင်သန်ကျန်ရစ်သူများထံမှ အပိုဘတ္ထရီတစ်ခုကို တောင်းယူကာ စာသားများကို တစ်ခေါက် ပြန်ဖတ်ခဲ့သည်။
"ညာဘက်လက်တွင် လေပြင်းရှိပြီး ဘယ်ဘက်လက်တွင် မုန်တိုင်းရှိသည်။ မျဉ်းဖြောင့်နှင့် မျဉ်းကွေးတို့ ဆုံစည်းသောအခါ လေ၏လမ်းစဉ် ပွင့်လာလိမ့်မည်"
"ဘု-ဘုရားရေ... ခင်ဗျား ဒါကို တကယ်ကြီး နားလည်နေတာပဲ"
လိုင်ခါယွန်သည် ကျနော့်စကားကို နားထောင်ရင်း အံ့သြချီးကျူးမိသွားသည်။
အမှန်စင်စစ်၊ ကျနော် အခုလေးတင် ရေရွတ်လိုက်သော စကားလုံးများမှာ Ways of Survival ထဲမှ ယူဂျွန်ဟော့ ၏ သိမြင်နားလည်မှုပင် ဖြစ်သည်။ Ways of Survival ထဲတွင် ယူဂျွန်ဟော့သည် တရုတ်စာလုံးတစ်လုံး ပါဝင်သော ‘စကားစု’ တစ်ခုတည်းဖြင့် ထိုးထွင်းသိမြင်မှုကို ရရှိခဲ့သည်။ သူသည် လေ၏လမ်းစဉ် ကို ၅ မိနစ်အတွင်း သင်ယူနိုင်ခဲ့သည်။
သို့သော် လက်တွေ့တွင်တော့ ထိုမျှ မရိုးရှင်းဘဲ နှစ်ရက်တိုင်တိုင် ကျနော်အချိန်ဖြုန်းခဲ့ပြီးပြီ ဖြစ်၏။
"ငါ ဘယ်လိုလုပ်ရမလဲ"
ကျနော် ငြီးတွားလိုက်သည်။
"ဟင်။ ခင်ဗျား အခုပဲ ပြောလိုက်တာလေ... အဲဒါထက် ပိုမှန်ကန်တဲ့ ဖော်ပြချက်မျိုး မရှိတော့ဘူး"
"မဟုတ်ဘူး၊ အဲဒါက တင်စားချက်ပဲလေ"
"ခင်ဗျားရဲ့ စကားလုံးတွေက တင်စားချက် မဟုတ်ပါဘူး"
ကျနော့်ကို ရူးသွပ်သွားစေရန် လုံလောက်လှသည်။ ယခုတစ်ကြိမ်တွင် Ways of Survival ထဲမှ စာရေးသူ၏ ဖော်ပြချက်များဖြင့် ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ ထိုရှင်းပြချက်များမှာ ကျနော့်အတွက်တော့ ဆူညံသံများကဲ့သို့သာ ဖြစ်နေပြီး Fourth Wall သည်လည်း ယခုအချိန်တွင် အသုံးမဝင်သောကြောင့် ဖြစ်၏။ Fourth Wall သည် ကျနော့်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် တည်ငြိမ်မှုကို ပေးသော်လည်း ပါရမီကိုတော့ မပေးနိုင်ပေ။
ကျနော် အနည်းငယ် စိတ်တိုလာရင်း လိုင်ခါယွန်ကို ပြောလိုက်သည်။
"ဒါဆို မင်း ဒါကို စမ်းကြည့်စမ်း။ လေတစ်ခုက နောက်ထပ်လေတစ်ခုနဲ့ ဆုံစည်းပြီး ယင် (Yin) နဲ့ ယန် (Yang) ဖြစ်လာမယ်။ နောက်တစ်ကြိမ်မှာတော့ လေတစ်ခုက နောက်ထပ်လေတစ်ခုနဲ့ ထပ်ဆုံပြီး အဖိုနဲ့အမ နိယာမတွေ ဖြစ်လာလိမ့်မယ်"
ယင် နှင့် ယန် ဆိုသည်မှာ ကမ္ဘာမြေမှ အယူအဆတစ်ခု ဖြစ်သော်လည်း လိုင်ခါယွန်က ချက်ချင်းပင် နားလည်သွားခဲ့သည်။
"ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက် နက်နဲတဲ့ ထိုးထွင်းသိမြင်မှုကို ရရှိခဲ့တာလဲ"
"စကားနဲ့ပဲ ပြောမနေနဲ့၊ မင်းရဲ့ ခန္ဓာကိုယ်ကနေ တိုက်ရိုက် သရုပ်ဖော်ကြည့်စမ်း"
"ဒီလိုမျိုးပေါ့"
လိုင်ခါယွန်သည် အာရုံစိုက်လိုက်ရာ သူ၏ပတ်ဝန်းကျင်တွင် မတူညီသော လားရာများမှ လေများ စတင် ဖြစ်ပေါ်လာသည်။ လေနှစ်ခုမှာ ဝဲပျံတွန်းကန်သွားပြီး လေထဲတွင် ပူပြင်းသော စွမ်းအင်နှင့် အေးစက်သော စွမ်းအင်တို့ကို ပေါင်းထည့်လိုက်သည်။
...အမှန်အတိုင်း ပြောရရင်၊ ဒါက တကယ်ကို အဓိပ္ပာယ်မရှိဘူးလို့ ကျနော် ထင်မိ၏။
သူက ကြားရုံတင်ရှိသေးတယ်၊ နည်းစနစ်ကို ချက်ချင်း လုပ်ဆောင်နိုင်တာလား။ ဒါဆို ငါကကျတော့ ဘာလို့ အဲဒီလို မလုပ်နိုင်ရတာလဲ။
ကျနော့်၏ မာန်မာနမှာ ဆွပေးခံလိုက်ရသလို ဖြစ်သွားတော့သည်။
"ဒါဆို ဒါကိုပါ စမ်းကြည့်လိုက်။ 'လေးဖက်သော လေတို့ ဆုံစည်းပြီး ခံစစ်တစ်ခု ဖြစ်တည်စေသည်။ ထို့နောက် နောက်ထပ် လေးဖက်သော လေတို့ ထပ်မံပေါင်းစည်းကာ ပညာရပ်ရှစ်ကွက် (ပကွ) ဖြစ်လာစေသည်။ ထို့ကြောင့် လေသည် နေရာတိုင်းတွင် ရှိသော်လည်း မည်သည့်နေရာတွင်မှ တည်ရှိမနေပေ'။ ဒါကိုရော မင်း လုပ်နိုင်မလား"
ဤစကားစုမှာ ယူဂျွန်ဟော့ ကိုးကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း တွင် ရရှိခဲ့သော သိမြင်နားလည်မှု ဖြစ်သည်။ ယခုတစ်ကြိမ်တွင် လိုင်ခါယွန်က ဇဝေဇဝါ မျက်နှာပေး ဖြစ်သွားသည်။ ကျနော်ကတော့ အနိုင်ရရှိသူ တစ်ယောက်လို လေသံဖြင့် ပြောလိုက်သည်။
"မင်း မလုပ်နိုင်ဘူးလား။ ငါ ခံစားနေရတာက အဲဒီလိုမျိုးပဲ"
"အဲ... မဟုတ်ပါဘူး၊ ကာကွယ်စောင့်ရှောက်သူကြီး။ ကျနော် တကယ်ပဲ ကျေးဇူးတင်ပါတယ်"
...ဘာလဲဟ။
[ပဉ္စမအဆင့် အခြားကမ္ဘာသုံး မျိုးစိတ် ‘အီမြွန်တာ၏ မင်းသား လိုင်ခါယွန်’ သည် ကြီးမြတ်သော သိမြင်နားလည်မှုကို ရရှိသွားပါသည်။]
လိုင်ခါယွန်သည် ရုတ်တရက် လှည့်ထွက်သွားပြီး လေ့ကျင့်မှု စတင်တော့သည်။
[သင်သည် အီမြွန်တာ၏ မင်းသား လိုင်ခါယွန် ၏ ဆင့်ကဲတိုးတက်မှုအပေါ် ကြီးမားသော သက်ရောက်မှု ပေးနိုင်ခဲ့ပါသည်။]
[အီမြွန်တာ၏ လိုင်ခါယွန် သည် သင့်အပေါ် ကြီးမားသော ကျေးဇူးတင်မှုကို ခံစားနေရပါသည်။]
[ပျက်စီးသွားသော ကမ္ဘာ ‘ခရိုနော့စ်’ မှ အချို့သော နက္ခတ်များ က သင့်ကို ကျေးဇူးတင်ရှိနေပါသည်။]
[ဒင်္ဂါး ၂,၀၀၀ ကို ထောက်ပံ့မှုအဖြစ် ရရှိပါသည်။]
ဘာတွေ ဖြစ်နေသလဲဆိုတာကို ကျနော် နောက်ဆုံးတော့ သဘောပေါက်သွားသည်။ ချီးထုတ် ဝံပုလွေသည် ကျနော် ပြောလိုက်သည်များကို ကြားပြီး သိမြင်နားလည်မှု ရသွားခြင်း ဖြစ်သည်။
ဟန်ဆိုယောင်းကတော့ ဗိုက်ကို နှိပ်ပြီး အားရပါးရ ရယ်မောနေတော့သည်။
စိတ်ပျက်မှုကို ကျနော်ခံစားလိုက်ရသည်။ Ways of Survival အကြောင်းကို ကျနော်သိကောင်းသိနိုင်မည် ဖြစ်သော်လည်း ကျနော့်ကိုယ်ကျနော်တော့ ဘာမှ မသိခဲ့ပေ။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်၏ စိတ်ရှည်မှုကို ချီးကျူးနေပါသည်။]
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ် က သင့်၏ အားနည်းမှုအပေါ် စိတ်ပျက်နေပါသည်။]
လေထဲတွင် ပေါ်လာသော စနစ်မက်ဆေ့ခ်ျများကို ကြည့်ရင်း ထောက်ပံ့သူတစ်ဦးနှင့် စာချုပ်ချုပ်ရန် ကျနော် စဉ်းစားမိသွားသည်။
သို့ပေသိ ဘီဟွန်း နှင့် ချုပ်ဆိုထားသော စာချုပ်ကြောင့် ထောက်ပံ့သူနှင့် စာချုပ်ချုပ်ဖို့မှာ မဖြစ်နိုင်ပေ။
[ဒါနဲ့များ မင်းက ဘာလို့ ပလ္လင်ကို ဖျက်ဆီးခဲ့တာလဲ။ ငမိုက်သားရဲ့]
ကျနော် မော့ကြည့်လိုက်ရာ လေထဲတွင် လွင့်မျောနေသော ဖောက်ထွင်းမြင်ရသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ဒိုကဲဘီ ဆက်သွယ်ရေးကို ကျနော်ဖွင့်လိုက်၏။
'အခု စကားပြောလို့ ရပြီလား။ အလယ်အလတ်အဆင့် ဒိုကဲဘီ ကော ဘယ်လိုလဲ'
[သူ ခဏလောက်တော့ လာနိုင်မှာ မဟုတ်ဘူး။ သူ အတော်လေး ဆုံးမခံနေရတာ။ ပဉ္စမမြောက် ဇာတ်ဝင်ခန်း မစခင်အထိတော့ သူ လာမှာ မဟုတ်ဘူး။ အာ…. ငါ့ရဲ့ ချန်နယ်ကလည်း နောက်တစ်ကြိမ် အဆင့်တက်သွားပြန်ပြီ။ နောက်လဆိုရင်တော့ ငါလည်း အလယ်အလတ်အဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်တာပဲ။ ဒါတွေ အားလုံးက မင်းကြောင့်ပါ]
'ကောင်းတာပေါ့'
[မင်းက ဘာလို့ ပျော်မနေတာလဲ။ ငါ အခြေအနေကောင်းတာက မင်းအတွက်လည်း ကောင်းတာပဲလေ]
'မင်း အလယ်အလတ်အဆင့် ရောက်သွားရင် အလုပ်များတော့မှာကိုး'
ဘီဟွန်းက ကျနော့်စကားကြောင့် ရယ်မောလိုက်သည်။
[ကောင်လေး၊ စိတ်မပူပါနဲ့။ တခြား ကိုယ်စားလှယ် တွေအကြောင်းတော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းကိုတော့ ငါ စောင့်ရှောက်မှာပါ။ ဒီရက်ပိုင်း ကြယ်တာရာ စီမံခန့်ခွဲရေးဌာန မှာ အလယ်အလတ်အဆင့် ဒိုကဲဘီ တွေ အများကြီး ရှိနေပေမဲ့... တစ်ချို့ကောင်တွေက သူတို့ရဲ့ ဖြစ်နိုင်စွမ်း တွေကို အလွန်အကျွံ အလွဲသုံးစားလုပ်နေလို့ ဆူညံနေတာ]
ဘယ်သူလဲဆိုတာကို သူပြောစရာမလိုဘဲ ကျနော် သိသည်။
[အို၊ သေချာတာပေါ့၊ အဲဒါ မင်းတော့ မဟုတ်ဘူး]
၎င်းမှာ သေချာပေါက် ယူဂျွန်ဟော့ ပင် ဖြစ်သည်။
အမှန်စင်စစ် ယူဂျွန်ဟော့၏ တိုးတက်နှုန်းမှာ မည်သည့် ဖြစ်နိုင်စွမ်း ဖြင့်မဆို မဖြစ်နိုင်ပေ။ သူသည် လှည့်စားထားသကဲ့သို့တိုးတက်လာနေခြင်း ဖြစ်သည်။
[ပုံမှန်မဟုတ်ဘဲ မြန်မြန်ဆန်ဆန် တိုးတက်နေတဲ့ ကောင်တစ်ယောက် ရှိနေတယ်၊ ဌာနကတောင် သူ့ကို မထိရဲဘူး... ငါထင်တာတော့ သူ့ရဲ့ ထောက်ပံ့သူ က တကယ့်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်]
ယူဂျွန်ဟော့၏ ‘ဖြစ်နိုင်စွမ်း’ ကိစ္စမှာ နောင်တွင် ပြဿနာ ရှိလာမည် မဟုတ်ပေ။
အဆုံးသတ်မှာတော့ ထို ‘ဖြစ်နိုင်စွမ်း’ ကို တာဝန်ယူနိုင်သော နက္ခတ် တစ်ပါး ရှိနေလျှင် ၎င်းမှာ ပြဿနာ မဟုတ်တော့ပေ။ ယူဂျွန်ဟော့၏ ထောက်ပံ့သူအတွက်တော့ ထိုသို့လုပ်ဆောင်ရန် ဖြစ်နိုင်ပေသည်။
[ဒါနဲ့၊ မင်း ဘာလို့ တိုးတက်မှုအတွက် အထုပ် ကို မဝယ်တာလဲ။ မင်း အခု ဝယ်မယ်ဆိုရင် ငါ ဈေးသက်သက်သာသာနဲ့ ရောင်းပေးမယ်။ မင်း အခု အဲဒီစွမ်းရည်ကို သင်ယူလို့ မရလို့ ဒုက္ခရောက်နေတာ မဟုတ်လား။ ဒီအထုပ်က...]
'ငါ မဝယ်ဘူး။ ဘာပဲဖြစ်ဖြစ် တိုးတက်ဖို့အတွက် အထုပ် က သင်ယူပြီးသား စွမ်းရည်တွေအတွက်ပဲ သုံးလို့ရတာ မဟုတ်လား။ မင်းက ပိုက်ဆံစားဖို့ပဲ ပေါ်လာတာလား'
တိုးတက်ဖို့အတွက် အထုပ် ကို အလွဲသုံးစားလုပ်လျှင် ပြစ်ဒဏ် ရှိလေသည်။ ထို့ကြောင့်ပင် အစွမ်းထက်သော ယူဂျွန်ဟော့ တောင်မှ ၎င်းကို အသုံးမပြုခဲ့ခြင်း ဖြစ်၏။
[ချီး… မင်းက သိနေတာလား...]
ဘီဟွန်းက မကျေမနပ် မျက်နှာပေးဖြင့် တတွတ်တွတ် ရေရွတ်လိုက်သည်။
'ဒါပေမဲ့ တစ်ခုခု ဝယ်ဖို့တော့ အချိန်တန်ပြီ'
[လက်ဝယ်ရှိသော ဒင်္ဂါး : ၆၂,၃၇၂ ဒင်္ဂါး]
မီးနဂါး အစိတ်အပိုင်းများကို ရောင်းချခဲ့ရသဖြင့် ကျနော့် စွမ်းရည်များကို မြှင့်တင်ပြီးသည့်တိုင် ဒင်္ဂါး အများအပြား ကျန်ရှိနေသေးသည်။
အကယ်၍ ကျနော့်တွင် နောက်ထပ် ဒင်္ဂါး ၄၀,၀၀၀ ခန့်သာ ရှိမည်ဆိုလျှင် ကောင်းကင်နဂါးခြေလှမ်း ကို ဝယ်ယူခဲ့မည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တော့ မတတ်နိုင်သေးပေ။
ဘီဟွန်း၏ မျက်နှာမှာ ဝင်းပသွားသည်။
[အို၊ တကယ်လား။ မင်း ဘာဝယ်ချင်လို့လဲ]
'ဒင်္ဂါးနဲ့ဝယ်ရတဲ့ ပစ္စည်းအသစ်တွေ မကြာခင် ရတော့မယ် မဟုတ်လား'
[...မင်း ဘယ်လို သိနေတာလဲ။ ငါတို့ဆီမှာ သူလျှို လွှတ်ထားတာလား]
'ဇာတ်ဝင်ခန်းသစ် မကြာခင် ပွင့်တော့မှာဆိုတော့ ဒါက သဘာဝပဲလေ။ အဲဒီအချိန်ကျရင် ငါ့ကို ပြောပါ။ ငါ ဝယ်မယ်'
[ဝိုး... မင်းက...]
ဒိုကဲဘီ ဆက်သွယ်ရေးကို ကျနော်ပိတ်လိုက်၏။ ပြောစရာမရှိဘဲနှင့် သူ့ကို စကားပြောမနေချင်တော့ပေ။ ကျနော် ပြန်လှည့်ကြည့်လိုက်ရာ လိုင်ခါယွန်သည် အခုထိ သိမြင်နားလည်မှုများ ရရှိနေဆဲပင်။ ဟန်ဆိုယောင်းက ကျနော့်နားကို ချဉ်းကပ်လာပြီး မေးထိုးကာ ပြောလိုက်သည်။
"ဟေ့၊ အခု ရှင် ဘာလုပ်ဖို့ စဉ်းစားထားလဲ"
"...ငါလည်း မသိသေးဘူး။ စဉ်းစားတုန်းပဲ"
"ဒါဆို ကျမကိုပဲ လေ၏လမ်းစဉ် သင်ခိုင်းလိုက်လေ"
"ဘာ..."
"ဒါမှမဟုတ် တခြား ရှင်သန်ကျန်ရစ်သူတွေကိုပဲ သင်ခိုင်းလိုက်ပါလား"
ကျနော်တို့ ပတ်ဝန်းကျင်ရှိ လူများကို ကျနော်လှည့်ကြည့်လိုက်သည်။
ဒင်္ဂါးခြံ များ ပြိုလဲသွားပြီးနောက် နှစ်ရက်ခန့် ကြာသွားခဲ့ပြီ ဖြစ်လေသည်။ ကယ်တင်ခံလိုက်ရသော ရှင်သန်ကျန်ရစ်သူများသည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်နေကြပြီး ဒဏ်ရာရရှိသူများကိုလည်း ပြုစုစောင့်ရှောက်ပေးနေကြသည်။ ထိုနေရာ၏အငွေ့အသက်မှာ ယွန်းဆန်ဟို ၏ ဒင်္ဂါးခြံထဲမှ ရှင်သန်ကျန်ရစ်သူများနှင့် လုံးဝ ကွဲပြားနေသည်။ ဖြစ်နိုင်သည်မှာ ဟန်ဆိုယောင်း၏ ကြောင်သူတော်ဆန်သော ကောင်းမှုကုသိုလ်များက သူတို့ကို ပြောင်းလဲပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ကြောင်သူတော်လုပ်ခြင်းကလည်း တကယ်တော့ ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်နေသည်ပင်။
ဟန်ဆိုယောင်းက စကား ထပ်ပြောလာသည်။
"လေ၏လမ်းစဉ် ကို သင်ယူရုံပဲ မဟုတ်လား။ ဘယ်သူသင်သင် ဘာကွာလို့လဲ"
"...ဟုတ်တယ်၊ ဘယ်သူမဆို သင်လို့ရပါတယ်"
"ဒါဆို ရှင်က ဘာလို့ ရှင်ကိုယ်တိုင် သင်မှရမယ်လို့ ဇွတ်လုပ်နေရတာလဲ။ နက္ခတ်တွေရဲ့ အာရုံစိုက်မှုကို ရှင်တစ်ယောက်ထဲ ယူချင်လို့လား"
ဟန်ဆိုယောင်း ပြောတာကလည်း မမှားသလို၊ အကုန်လုံး မှန်နေတာတော့လည်း မဟုတ်ပေ။
"ကာကွယ်ရေးရတနာ ရှိတဲ့သူမှသာ လေ၏လမ်းစဉ် ကို သင်ယူနိုင်တာ"
"ဒါဆို ကျမကို ပေးလိုက်လေ"
"အဲဒါက လွှဲပြောင်းပေးလို့ မရဘူး"
[ဟန်ဆိုယောင်း ဇာတ်ကောင် သည် ထိုစကားမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]
ဒီမိန်းမကတော့ တကယ်ပဲ...
"နင်က ယူဂျွန်ဟော့ ထက်တောင် ပိုပြီး သံသယများတဲ့ ပထမဆုံးသော လူပဲ"
"ရှင်ပဲ စကားစတာလေ။ ဒီစွမ်းရည်က မူလကတော့ ယူဂျွန်ဟော့ သင်ရမှာ မဟုတ်လား"
"ဟုတ်တယ်"
"ဒါဆို ဘာလို့ ရှင်က ဒီလောက်အထိ ဒုက္ခခံနေရတာလဲ။ ယူဂျွန်ဟော့ ဆီပဲ လွှဲပေးလိုက်လို့ ရတာပဲ။ အခုလည်း မနောက်ကျသေးဘူး၊ ကျမတို့ ယူဂျွန်ဟော့ ကို သွားရှာရအောင်။ သူက ကောင်းကောင်း တိုးတက်လာနေတာပဲလေ။ အဲဒီကောင်ဆိုရင် တစ်မျိုးမဟုတ်တစ်မျိုးနဲ့ အဆင်ပြေအောင် လုပ်နိုင်မှာပါ"
"ယူဂျွန်ဟော့ က တခြားသူပြောတာကို နားထောင်တဲ့ကောင် မဟုတ်ဘူး"
"ကျမ သူ့ကို ဖြားယောင်းကြည့်မယ်လေ"
ဟန်ဆိုယောင်းကို စိုက်ကြည့်လိုက်ပြီးမှ ကျနော်အကြည့်လွှဲလိုက်သည်။
"ယူဂျွန်ဟော့ က ကလေးခန္ဓာကိုယ်ကို စိတ်မဝင်စားဘူး"
"ရှင်က ကျမကို အခု အထင်သေးလိုက်တာလား"
"ပြီးတော့ ယူဂျွန်ဟော့ ကို ရှာဖို့ကလည်း ပြဿနာ ရှိသေးတယ်"
ယူဂျွန်ဟော့ ပင်လျှင် ကာကွယ်ရေးရတနာ မရှိဘဲ လေ၏လမ်းစဉ် ကို သင်ယူနိုင်မည် မဟုတ်ချေ။
ထိုရတနာကို ကျနော့်ဆီကနေ ယူရမည်ဟု ဆိုလိုခြင်း ဖြစ်သော်လည်း ကျနော် မသေမချင်းတော့ ပိုင်ဆိုင်ခွင့်က လွတ်မည် မဟုတ်။
တစ်နည်းအားဖြင့်ဆိုရသော် ယူဂျွန်ဟော့ က ကျနော့်ကို သတ်ရမည် ဖြစ်သည်။ ထို့အပြင် ရတနာကို သူရသွားခဲ့ရင်တောင်...
"ငါ သူ့ကို နောက်ဆုံးတွေ့ချိန်တုန်းက တော်တော်လေး ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့တာ နင်လည်း သိတာပဲ။ ငါတို့သာ တွေ့လိုက်ရင် သူ ငါ့ကို သေချာပေါက် သတ်ဖို့ ကြိုးစားမှာပဲ"
ခွန်အား ၁၀၀ ပြည့်တဲ့ ကျနော့်လက်သီးကြောင့် ယူဂျွန်ဟော့ လွင့်ထွက်သွားခဲ့တာ ဖြစ်သည်။ ထိုစဉ်က ကျနော့်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေတဲ့ သူ့မျက်လုံးတွေကို အခုထိ ထင်ထင်ရှားရှား မှတ်မိနေသေး၏။
"...အင်းလေ၊ သူ ငါ့ခေါင်းကို ဖြတ်တုန်းကလည်း တကယ်ကို ပြတ်သားခဲ့တာပဲ"
ချွန်မူရို ဘူတာ မှ အမှတ်တရများ ပြန်ပေါ်လာသဖြင့် ဟန်ဆိုယောင်းက သူမ၏ လည်ပင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ပြီးတော့ အခု သူ ဘယ်မှာလဲဆိုတာကို ရှာဖို့ကလည်း..."
ထိုအချိန်တွင် အဝေးတစ်နေရာမှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရသည်။
"ဒီမှာ လူတစ်ယောက် ဒဏ်ရာရထားတယ်။ ကူညီကြပါဦး။ ဒီလူရဲ့အခြေအနေက တော်တော် ဆိုးနေလို့ပါ"
တစ်စုံတစ်ယောက်က အနီးအနားတွင် ဒဏ်ရာရနေသူတစ်ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က သင်တို့၏ ခင်မင်ရင်းနှီးမှုကို မျှော်လင့်နေပါသည်။]
[အချို့သော နက္ခတ်များက ဒဏ်ရာရသူကို သင်က ကုသပေးရန် မျှော်လင့်နေကြပါသည်။]
ယူရီအယ် အပါအဝင် နက္ခတ်များ၏ မက်ဆေ့ခ်ျများ ရောက်ရှိလာသည်။
ဘာတွေ ဖြစ်နေတာလဲ။
ဟန်ဆိုယောင်းကို ခေါ်ပြီး ထိုနေရာသို့ ကျနော်ဦးတည်သွားလိုက်သည်။
ခေတ္တမျှ ကြာပြီးနောက် ပြဿနာ၏ အကြောင်းအရင်းကို ကျနော် ရှာတွေ့သွားပြီး လေထဲတွင် လွင့်မျောနေသော ဘီဟွန်း ကို စိုက်ကြည့်လိုက်သည်။
ဘီဟွန်းက ကျနော့်ကို ကြည့်ပြီး ခပ်ဟဟ ရယ်လိုက်၏။
[ငါလည်း ဒီအကြောင်းကို မသိခဲ့ပါဘူးကွာ]
သွေးအိုင်ထဲတွင် လဲလျောင်းနေသော ယူဂျွန်ဟော့ သည် ထိုနေရာ၌ ကျနော့်ကို စောင့်ကြိုနေလေသည်။