အနာဂတ်စစ်ပွဲ (၂)
Vol. 3 Ch. 44
အလံကိုကျနော်ကိုင်လိုက်သည့်အချိန်တွင် အားကောင်းသော စွမ်းအင်တစ်ခု ကျနော့်ထံတွင် ပေါ်လာသည်ကို ခံစားမိလိုက်သည်။ မူရင်းဇာတ်လမ်းအရဆိုလျှင် ဤစွမ်းရည်ကို တတိယအကြိမ်နောက်ပြန်ဆုတ်ထားသည့် ယူဂျွန်ဟော့သာ ရသင့်သည်မှန်သော်လည်း ကိစ္စတော့မရှိလှချေ။
ယူဂွျန်ေဟာ့ဆိုသည့်ေကာင် က အားကောင်းပြီးသားပဲလေ။
['ကင်ဒေါ့ဂျာ'သည် အလံကိုယူလိုက်ပါသည်။]
[နောက်ငါးမိနစ်အတွင်း တခြားလူ၏လုယူခြင်းမခံရပါက ချွန်မူရိုသည် ကင်ဒေါ့ဂျာ၏ ထိန်းချုပ်မှုအောက်တွင် ရောက်သွားမည်ဖြစ်သည်။]
[နောက်ထပ်ငါးမိနစ်အတွင်း အလံလုခံရပါက အချိန်ကို အစကပြန်မှတ်ပါမည်။]
လေထဲ၌ အချိန်ရေတွက်သောဂဏန်းများပေါ်လာ၏။
[၅ : ၀၀]
ဂုံဖီဒူသည် ဖြူဖျော့သောမျက်နှာဖြင့် ကျနော့်ကို လက်ညှိုးထိုး၏။
"အလံလုကြဟေ့။ ငါးမိနစ်အတွင်း အလံကိုရအောင်လုမှ ဖြစ်မှာကွ"
အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် သတိပြန်ဝင်လာကြပြီး ကျနော့်ဆီသို့ ပြေးလာကြ၏။
ဟာဟ….လုချင်ကြတယ်ပေါ့လေ။
လီဟန်းဆောင်သည် ကျနော့်ဘက်သို့လှည့်လာ၏။
"ဒေါ့ဂျာ"
"ဟန်းဆောင်"
ကျနော်တို့တွေ တပြိုင်တည်း အချင်းချင်း ခေါ်မိကြသည်။ ဟယ်ရီကာစ်ဒိုင်းကို လီဟန်းဆောင်ထံ ကျနော်လှမ်းပစ်ပေးလိုက်၏။
"ဒါ-ဒါကဘာလဲ"
"ခင်ဗျားအတွက် ကျနော်ယူလာပေးတာ။ ခင်ဗျားရဲ့ဒိုင်းဟောင်းကြီးကို လွှင့်ပစ်လိုက်တော့"
လီဟန်းဆောင်၏မျက်နှာပေါ်တွင် အပြုံးအကြီးကြီးတစ်ခုပေါ်လာတော့သည်။
[လီဟန်းဆောင်သည် သီးသန့်စွမ်းရည်ဖြစ်သည့် 'ကျယ်ပြန့်သောကာကွယ်ရေး'ကို သုံးလိုက် ပါသည်။]
ဟယ်ရီကာစ်ဒိုင်းကိုဗဟိုပြုပြီး ဖောက်မြင်ရသော အကာအရံတစ်ခုထွက်ပေါ်လာကာ ကျနော်တို့ကိုလွှမ်းခြုံသွားလေသည်။ လီဟန်းဆောင်သုံးလိုက်သော စွမ်းရည်သည် ပစ္စည်းတစ်ခုနှင့်တွဲဖက်အသုံးပြုရာတွင် အမှန်ပင်လိုက်ဖက်လှသော စွမ်းရည်ဖြစ်၏။
"ဟာ….ဘာကြီးလဲဟ"
ဒိုင်းဆီသို့ လူတွေပြေးဝင်လာပြီး အကာအရံကို ဖြိုဖျက်ဖို့ကြိုးစားကြသော်လည်း သူတို့၏လက်နက်များမှာ E သို့မဟုတ် Fအဆင့်သာရှိသည့် အားနည်းသော လက်နက်များ ဖြစ်နေခြင်းကြောင့် ထိရောက်မှုလုံးဝမရှိချေ။ ထို့ကြောင့် အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် လူတစ်ယောက်ဆီသို့ လှည့်ကာ အကူအညီတောင်းတော့သည်။
"ဆရာဖီဒူ"
"ရှေ့က ဖယ်ကြစမ်း"
လက်နက်ဇုန်၏အဆင့်မှာ မြင့်တက်သွားခဲ့ပြီးဖြစ်သည့်အပြင် ဂုံဖီဒူ၏ ခြေထောက်နား၌ပင် လက်နက်ဇုန်အသေးစားတစ်ခုက ရှိနေ၏။ လက်နက်ဇုန်၏ ဧရိယာကို သေးလိုက်ခြင်းအားဖြင့် အသက်ပြန်သွင်းရသော အချိန်လည်း တိုသွားခဲ့ပြီ ဖြစ်၏။ ပြောရမည်ဆိုလျှင် ဂုံဖီဒူသည် ဦးနှောက်ကိုသေချာသုံးထားခြင်းပင်။
"ဖီဒူ။ ခင်ဗျားကို ထလာဖို့ ပြောမိလို့လား"
"ဟမ်"
ဂုံဖီဒူသည် မြေပေါ်၌ထပ်မံ၍ ပြားပြားဝပ်သွားခဲ့၏။
[စာချုပ်ပါ သဘောတူညီချက်အတိုင်း ‘အမိန့်ပေးပိုင်ခွင့်’မှာ အသက်ဝင်သွားပါသည်။]
"ကျုပ်ဘက်က ထလို့မပြောမချင်း မြေပေါ်မှာ ဝပ်နေ"
ဂုံဖီဒူကို ကြည့်ပြီး မဟာမိတ်အဖွဲ့သားများ ကြောက်လန့်တကြားဖြင့် အော်ကုန်ကြ၏။
"ဆ-ဆရာဖီဒူ"
"ငါ-ငါ့ကိုဆွဲထူပေးကြစမ်း"
ဂုံဖီဒူကိုဆွဲထူပေးရန် ကြိုးစားကြသော်လည်း ဂုံဖီဒူ၏ခန္ဓာကိုယ်မှာ လေးလံလွန်းသောကြောင့် ဆွဲမထူနိုင်ဖြစ်နေလေ၏။
"ပြီးတော့….အာရုံနောက်ဖို့ကောင်းလွန်းနေတာမလို့ စက်သေနတ်တွေကို ပြန်သိမ်းလိုက်"
[ဂုံဖီဒူသည် 'လက်နက်ဇုန် အဆင့် ၆’ကို ပြန်သိမ်းလိုက်ပါသည်။]
"ခွေး-ခွေးသူတောင်းစား..."
"တိတ်တိတ်နေစမ်း။ မိနစ် ၃၀ကြာတဲ့အထိ ဘာစကားမှမပြောနဲ့"
[စာချုပ်ပါ သဘောတူညီချက်အတိုင်း ‘အမိန့်ပေးပိုင်ခွင့်’မှာ အသက်ဝင်သွားပါသည်။]
"အဘာဘာ….အဘာဘာ…အဘာဘာ"
ကျနော့်ဘက်က စကားအနည်းငယ်ပြောလိုက်ရုံဖြင့် ဂုံဖီဒူတစ်ယောက် ဘာမှ မလုပ်နိုင်တော့သည်ကို မြင်လိုက်ရချိန်တွင် အိမ်ရှင်မဟာမိတ်အဖွဲ့သားများ ကြောက်လန့်တကြားဖြစ်ကုန်ကြ၏။ လီဟန်းဆောင်၊ ယူဆန်းအာနှင့် ယောင်ဟီဝမ်တို့ပင် အံ့ဩနေကြချေပြီ။
ကျနော်ပြုံးပြီးပြောလိုက်၏။
"အခုဆိုရင် အခြေအနေကိုလူတိုင်းနားလည်ကြပြီလို့ထင်တယ်။ ငါပြောချင်တာက..."
ကျနော့်စကားမဆုံးခင်မှာဘဲ လူတွေနောက်သို့ဆုတ်သွားသည်အား မြင်လိုက်ရ၏။
လူအရေအတွက် ၂၉ယောက်ကျန်ရာတွင် အယောင် ၂၀က အိမ်ရှင်မဟာမိတ်အဖွဲ့မှ ဖြစ်ပြီး ကျန် ၉ယောက်ကတော့ ကျနော့်အဖွဲ့မှဖြစ်၏။ လူအရေအတွက်က သိပ်မများသော်လည်း အရေအတွက်မများတာကို ပိုသဘောကျမိသည်။ လူအရေအတွက် အရမ်းများနေပါက ထိန်းချုပ်ဖို့ခက်မည်မှာ မလွဲဧကန်ပင်။
"မင်းတို့မှာ အခုရွေးချယ်စရာနှစ်ခုရှိတယ်"
ယခုအချိန်သည် ဘက်ရွေးရမည့်အချိန်တန်ပေပြီ။
"ပထမတစ်ခုက ချွန်မူရိုကနေ ထွက်ပြီး နောက်ဘူတာကိုသွားဖို့ပဲ။ နောက်တစ်ခုကတော့ ငါနဲ့အတူ ဒီမှာနေဖို့ပဲ"
"မင်း-မင်းဘာတွေပြောနေတာလဲ"
"မေးတာကိုသာပြန်ဖြေစမ်းပါ။ ထွက်သွားမလား။ ဆက်နေမလား။ အဓိကဇာတ်ဝင်ခန်း မစခင် မင်းတို့တွေ ဆုံးဖြတ်ချက်ချပေးရမယ်။ မဟုတ်လို့ကတော့ မင်းတို့အတွက် အသက်အန္တရာယ်ရှိလာမှာနော်"
လူတွေ၏အကြည့်မှာ အလွန်လှုတ်ရှားသွား၏။ လူတချို့သည် ကျနော့်ကို ကြည့်နေကြပြီး တချို့ကတော့ ဂုံဖီဒူကိုကြည့်နေကြကာ ကျန်တချို့ကတော့ နောက်ဘူတာဆီ သွားရာ လှိုဏ်ခေါင်းကို ကြည့်နေကြသည်။ ထိုလူတွေဘာတွေတွေးနေသည်အား ကျနော်သိ၏။
"ထွက်သွားမယ့်လူတွေကို ငါတားမှာမဟုတ်ဘူး။ ဒါပေမဲ့ နေခဲ့တဲ့လူတွေကတော့ ငါ့ထိန်းချုပ်မှုအောက်မှာနေရမယ်"
"ထိန်းချုပ်မယ်ဟုတ်လား"
"အိမ်ရှင်မဟာမိတ်အဖွဲ့လိုအမူအကျင့်မျိုးကို ထပ်ပြီးလက်ခံတော့မှာ မဟုတ်ဘူး။ အဖွဲ့သေးသေးလေးတစ်ဖွဲ့ကို အာဏာရှင်ဆန်ဆန်အုပ်ချုပ်မယ့်ကောင်မျိုး မရှိစေရဘူး"
လူတချို့သည် ကျနော့်ဘက်သို့ စတင်ပါလာကြလေသည်။ ထိုလူတွေသည် အိမ်ရှင်မဟာမိတ်အဖွဲ့၏ ဆိုးရွားစွာ ဆက်ဆံမှုကိုခံခဲ့ရသောကြောင့် ကျနော့်ထံတွင် ပူးပေါင်းချင်ကြခြင်းသာ။ မဟာမိတ်အဖွဲ့သားအချို့ကတော့ ကျနော့်ကို အပြစ်တင်သော လေသံဖြင့် အော်ပြောကြသည်။
"ဒါဆိုရင် မင်းက အုပ်ချုပ်ချင်နေတာပေါ့လေ"
"အုပ်ချုပ်ချင်တာကို ငါမငြင်းဘူး။ ဒါပေမဲ့ ငါကတော့ အသက်ရှင်ဖို့အတွက် အခွန်ကောက်တာတွေ၊ ငွေယူတာတွေ လုပ်မှာမဟုတ်ဘူး"
"မင်းရဲ့အဖွဲ့မှာ ငါတို့နေရင် ငါတို့တွေ ဘေးကင်းမှာလား"
လူတစ်ယောက်က ထမေး၏။ အတိတ်မှအတွေ့အကြုံများကြောင့် ထိုကဲ့သို့ ပူပန်ကြခြင်းမှာ ဓမ္မတာပင်။
"ပြင်ပရန်စွယ်တွေကနေ ဘေးကင်းစေရမယ်လို့ ငါအာမခံတယ်။ ဒါပေမဲ့ အဖွဲ့တွင်း တစ်ယောက်နဲ့တစ်ယောက် ငြိကြရင်တော့ ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းကြရမယ်"
"အဲ-အဲ့ဒါက..."
"မင်းတို့ကို ဆုံးဖြတ်ဖို့အချိန် တစ်မိနစ်ပေးမယ်"
စောင့်နေဖို့ပင်မလိုချေ။ ကျနော့်ရှေ့ရှိလူတွေမှာ ဆုံးဖြတ်ချက်ပင် ချပြီးနေကြပြီဖြစ်၏။ မဟာမိတ်အဖွဲ့သားတစ်ချို့ပင် ကျနော့်ဆီလာပြီး ဦးညွတ်ကြ၏။ ထိုအဖွဲ့သားတွေသည် အသက်ပိုငယ်ပြီး စိတ်ဓါတ်ပြတ်သားကြပုံလည်း ပေါ်သည်။
"ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ်။ တောင်းပန်စရာလည်း မလိုပါဘူး"
[အဖွဲ့အတွင်းရှိ တချို့အသင်းသားများသည် သင့်ကိုယုံကြည်နေကြပါပြီ။]
သို့သော်တချို့ကတော့ ချွန်မူရိုကနေ ထွက်သွားဖို့ဆုံးဖြတ်လိုက်ကြပြီး ဂုံဖီဒူကို ဆွဲထူဖို့ ကြိုးစားနေကြ၏။
"နေဦး။ ဂုံဖီဒူကို ထားခဲ့။ သူက ငါ့အပိုင်ပဲ"
"ဘာဖြစ်တယ်"
"မင်းတို့တွေဆုံးဖြတ်ပြီးပြီဆိုရင်လည်း မြန်မြန်ထွက်သွားတော့လေ"
ထိုမဟာမိတ်အဖွဲ့သားငါးယောက်မှာ မျက်မှောင်ကြုတ်ကာ ထွက်သွားကြတော့၏။
"ကန်။ ငါတို့နဲ့မလိုက်ခဲ့ချင်ဘူးလား။ ဒီကောင်နဲ့နေခဲ့တာထက်စာရင် ငါတို့နဲ့အတူ လိုက်ခဲ့တာက အများကြီးပိုကောင်းပါတယ်ကွ"
"အားလုံးပဲသွားကြရအောင်။ မင်းတို့ကောင်တွေ တကယ်ကြီး ဒီကောင့်ကို အလုပ်အကျွေးပြုကြမလို့လား"
သို့သော် မည်သူမှ ထွက်သွားသည့်ငါးယောက်နောက် လိုက်မသွားကြချေ။
ထွက်သွားဖို့ဆုံးဖြတ်ခဲ့သည့် ထိုငါးယောက်သည် ကျိန်ဆဲလိုက်ကြပြီး မြုံဒေါင်ဘူတာသို့ သွားရာ လှိုဏ်းခေါင်းဆီသို့ ဦးတည်လိုက်ကြ၏။ သူတို့တွေ အခြေချဖို့ နေရာတစ်ခုကို ရှာပြီး “အိမ်ရှင်”အသစ်တွေဖြစ်အောင် လုပ်ချင်နေကြခြင်းဖြစ်၏။ သို့သော် သူတို့၏ အစီအစဉ်က ကျရှုံးမည်ပင်။ စတုတ္ထမြောက်ဇာတ်ဝင်ခန်း၌ ထိုကဲ့သို့နေရာရှာကြသည့် လူများမှာ လွယ်ကူသောပစ်မှတ်များ ဖြစ်လာကြမည်ဖြစ်၏။
ငါးမိနစ်ပြည့်သွားချိန်၌ စနစ်မက်ဆေ့ချ်များ ပေါ်လာတော့သည်။
[ဇာတ်ဝင်ခန်းအသေး ပြီးဆုံးပါပြီ။]
[သင်သည် ဒင်္ဂါး ၁၀၀၀ ရရှိပါသည်။]
[အလံဖြူ၏ထိန်းချုပ်ပိုင်ခွင့်ကို ချွန်မူရို၏ ကိုယ်စားပြုခေါင်းဆောင်က ရရှိပါမည်။]
[လက်ရှိအဖွဲ့၏လူအရေအတွက် : ၂၄ ယောက်]
[သင်၏ဂုဏ်သတင်းကျော်ဇောမှုသည် ဘုရစ်တစ်ပါးဟုခေါ်ရလောက်သည်အထိ အားမကောင်းပါ။]
အလံဖြူလေးတစ်ခုဖြင့် ဘုရင်ဘွဲ့ရဖို့က မလွယ်လှချေ။ အလံ၏အရောင်ကို ကျနော်ပြောင်းဖို့လိုပေသည်။
[သင်သည် အလံဖြူနှင့်အတူ ချွန်မူရိုအဖွဲ့ကို ထိန်းချုပ်ခွင့်ရရှိပါသည်။]
[သင့်ကိုမနာခံသည့် အဖွဲ့သားအား သင်သည် အပြစ်ပေးလို့ရပါသည်။]
[လူငါးယောက်ထွက်သွားခဲ့ပါသည်။]
ထွက်သွားသည့် ငါးယောက်ကို ကျနော့်ဘက်က အပြစ်ပေး၍ရသော်လည်း အပြစ်မပေးဖို့သာ ကျနော်ရွေးချယ်လိုက်၏။ အကြောက်တရားဖြင့် လူတွေကို ထိန်းချုပ်နိုင်သော်လည်း ထိုကဲ့သို့ထိန်းချုပ်နည်းက ကျနော့်အကြိုက်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်"
လူတိုင်း၏မျက်လုံးတွေကို ကျနော်လိုက်ကြည့်လိုက်သည်။
ယူဆန်းအာနှင့် ယောင်ဟီဝမ်တို့ ကျနော့်ကို ခေါင်းညိတ်ပြနေချိန်တွင် လီဟန်းဆောင်ကတော့ လေးစားသည့်အကြည့်ဖြင့် ကျနော့်ကိုကြည့်နေ၏။ တခြားလူတွေဆီက အကြည့်တွေမှာလည်း လီဟန်းဆောင်၏အကြည့်နှင့် အတူတူပင်။ အဖွဲ့မှာ စနစ်တကျမဖြစ်သေးသော်လည်း ယခုမှအစပဲ ရှိသေးသည်။
သိပ်မကြာခင်တွင် မက်ဆေ့ချ်တစ်ခုပေါ်လာ၏။
[သင်သည် ကိုယ်စားပြုခေါင်းဆောင်အဖြစ် အရွေးခံလိုက်ရပါပြီ။ ကစားပွဲကို စလိုက်ကြရအောင်။]
အဓိက ဇာတ်ဝင်ခန်း #၄ – အလံအတွက် ကြိုးစားခြင်း။
ခက်ခဲမှု - C
အချိန်ကန့်သတ်ချက် - ၁၂ ရက်
ဆုလာဘ် - ဒင်္ဂါး ၂၀၀၀
ကျရှုံးမှု - ???
ပြီးမြောက်ရန်လိုအပ်ချက်ကို ကျနော်နှိပ်လိုက်ရာ မက်ဆေ့ချ်အများအပြား ကျနော့်ရှေ့တွင် ပေါ်လာတော့သည်။
[ပြီးမြောက်ရန်လိုအပ်ချက်]
၁။ ဘူတာတိုင်းတွင် အလံနှင့်အလံတိုင်ကိုယ်စီရှိကြသည်။ ဘူတာ၏ ခေါင်းဆောင်သာ အလံကို ပိုင်ဆိုင်ခွင့်ရှိသည်။
၂။ တခြားဘူတာတွေ၏ အဖွဲ့တွေရန်ကနေ သင်သည် အလံကို ကာကွယ်ရန်လိုသည်။ တခြားဘူတာက အဖွဲ့က သင်၏အလံကို သိမ်းယူသွားမည်ဆိုပါက သင်၏ဘူတာကို ထိုအဖွဲ့က ရရှိသွားမည်ဖြစ်သည်။
၃။ သင်၏အလံကို တခြားဘူတာရှိအလံတိုင်တွင် သွား၍ လွှင့်တင်လို့ရသည်။ ဘူတာ၏ခေါင်းဆောင်ဖြစ်သူသေဆုံးပါက အလံကိုကိုင်ဆောင်ထားသူသည် ခေါင်းဆောင်အသစ်ဖြစ်လာမည်ဖြစ်သည်။ အလံကိုဆုံးရှုံးသည့်အဖွဲ့၏အနာဂတ်သည် အလံကိုလုယူသွားသည့်အဖွဲ့၏ ဆုံးဖြတ်ချက်ပေါ်တွင်မူတည်သည်။
၄။ ပေးထားသောအချိန်အတွင်း ‘သင်၏ပစ်မှတ်ဖြစ်သောဘူတာ’၏ အလံတိုင်ကို သင်သည် သိမ်းယူရမည်။ သိမ်းယူဖို့ကျရှုံးပါက သင်၏အဖွဲ့သားအားလုံး သေရမည်ဖြစ်သည်။
၅။ သင်၏ပစ်မှတ်သည် ချန်စင်ဘူတာဖြစ်သည်။
ယောင်ဟီဝမ်သည် တစ်ခဏခန့်စဉ်းစားပြီး မေး၏။
"ဒါဆိုရင် ငါတို့ရဲ့အလံကိုတခြားဘူတာက အလံတိုင်မှာ လွှင့်တင်ဖို့ကြိုးစားနေတုန်းမှာ ငါတို့ရဲ့အလံနဲ့အလံတိုင်ကို ကာကွယ်ရမှာပေါ့နော်"
"ကျုပ်လည်း အဲ့လိုပဲ နားလည်မိတာပဲ။ အလံကို ချန်စင်ဘူတာဆီ ယူသွားဖို့လိုတယ်"
လီဟန်းဆောင်ကလည်း ဝင်ပြော၏။
"ဟုတ်တယ်။ လူတိုင်းနားလည်ကြသားပဲ" ဟု ကျနော်ပြောလိုက်သည်။
ကျနော့်စကားကိုယောင်ဟီဝမ်က သံသယဝင်သည့်အကြည့်ဖြင့် ကြည့်နေလေသည်။ ကျနော်သိထားရဲ့သားနဲ့ဟန်ဆောင်နေမှန်း ယောင်ဟီဝမ်က သိနေခြင်းဖြစ်၏။ အနာဂတ်ကို ကျနော်သိနေမှန်း ယောင်ဟီဝမ်သိနေပြီမလို့ ကျနော့်ကို မျက်စိဒေါက်ထောက် ကြည့်နေလေပြီ။ ယောင်ဟီဝမ်ကို မျက်မှောင်ကြုတ်ပြီး ကျနော်ကြည့်လိုက်၏။
ယောင်ဟီဝမ်၏ပုခုံးကို ယူဆန်းအာက ထိလိုက်ပြီး ပြောသည်။
"ကျမတို့တွေ တခြားလူတွေနဲ့ထပ်ပြီးတိုက်ခိုက်ရဦးမှာလား"
လီဟန်းဆောင်မှာ တစ်ခဏခန့်စဉ်းစားပြီး ပြန်ပြောသည်။
"ချန်စင်ဘူတာက အလံတိုင်ကို ကျုပ်တို့တွေသိမ်းနိုင်မယ်ဆိုရင် သူတို့ကို ဘယ်လိုလုပ်မလဲ ဆုံးဖြတ်နိုင်သွားမှာပဲလေ။ ဘယ်သူမှမသေရဖို့တော့ ဆုတောင်းပါတယ်"
"ဒါဆိုရင် ချန်စင်အဖွဲ့က အလံတိုင်ကိုသိမ်းယူပြီး ချန်စင်အဖွဲ့သားတွေကို ကျမတို့အဖွဲ့ထဲ လက်ခံပေးလိုက်မယ်ဆိုရင် ဘယ်သူ့ကိုမှသတ်ဖို့မလိုတော့ဘူးပေါ့နော်"
"အေး။ ဘယ်သူ့ကိုမှမသေစေဘဲ ဒီဇာတ်ဝင်ခန်းကိုကျော်ဖြတ်လို့ ရနိုင်လောက်တယ်"
လီဟန်းဆောင်မှာ ပြုံးပြီးပြန်ဖြေသော်လည်း ကျနော့်စိတ်ထဲတွင် မသက်မသာဖြစ်မိ၏။
ယူဆန်းအာနှင့်လီဟန်းဆောင်တို့သည် ဤကမာ္ဘကို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်နေကြ၏။
မည်သူမှမသေသည့် ဇာတ်ဝင်ခန်းဟူ၍ တစ်ခန်းမှမရှိချေ။ စတုတ္ထမြောက် ဇာတ်ဝင်ခန်းတွင် အရှေ့ဇာတ်ဝင်ခန်းများထက် သေမည့်လူပင် ပိုများမည်ဖြစ်၏။
ကျနော်တွေးနေသည်ကိုသိနေသည့်အလား ယောင်ဟီဝမ်သည် စကားလမ်းကြောင်း ပြောင်းလိုက်၏။
"ချန်စင်ဘူတာက ဘယ်ရထားလိုင်းလဲ။ ဘယ်ရထားလိုင်းလဲကို အရင်ဆုံး သိထားဖို့ လိုမယ်ထင်တယ်နော်"
မြေပုံကိုကြည့်ပြီး လီဟန်းဆောင်က ပြန်ဖြေသည်။
"ရထားလိုင်းနံပါတ် ၆ပါ။ ကျုပ်တို့တွေ ဒီလှိုဏ်ခေါင်းအတိုင်းသွားမယ်ဆိုရင် ချန်စင်ဘူတာကိုရောက်သွားလိမ့်မယ်"
"ဒါဆိုရင် လူစုခွဲကြရအောင်။ ကင်းထောက်အဖွဲ့နဲ့ အလံတိုင်ကိုစောင့်ရှောက်တဲ့ အဖွဲ့ဆိုပြီး ခွဲလိုက်မယ်လေ"
ကျနော်မည်သည့်စကားမှဝင်ပြောစရာမလိုအောင် အကြံဉာဏ်တွေ ပေးနေကြသည်မလို့ ရင်ထဲနွေးထွေးသွားမိ၏။
[ဇာတ်ဝင်ခန်းအသက်ဝင်လာခြင်းကြောင့် ချွန်မူရိုကို ပိတ်ဆို့ထားသည်အား ပယ်ဖျက် လိုက်ပါပြီ။]
[တခြားဘူတာတွေဆီသို့ ယခုသွားလို့ရပါပြီ။]
တခြားလူတွေဆွေနွေးနေချိန်၌ ဂုံဖီဒူအနားသို့ ကျနော်သွားလိုက်၏။
"ဂုံဖီဒူ။ ခင်ဗျား အခုစကားပြောလို့ရပါပြီ"
အမိန့်ပေးခြင်းကို ပိတ်လိုက်ပြီဖြစ်သော်လည်း ဂုံဖီဒူမှာ ပါးစပ်ကို အလွယ်တကူ ဖွင့်၍ မရသေးချေ။
“ခင်ဗျားဟာ ကျုပ်ကိုမကျေနပ်မှန်းသိတယ်။ ဒါပေမဲ့ မကျေနပ်လည်း ခင်ဗျားဘက်က အသားကျအောင်လုပ်ဖို့လိုတယ်နော်။ ခင်ဗျားရဲ့အိမ်ရှင်ဖြစ်ခဲ့တဲ့နေ့ရက်တွေဟာ ပြီးဆုံးသွားပြီလေ”
"….."
"ခင်ဗျားမှာ နယ်မြေရချင်စိတ်ဘာလို့ကြီးနေမှန်း ကျုပ်သိတယ်။ ဒါပေမဲ့ ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင် ခင်ဗျားရဲ့အလိုဆန္ဒကို ပြောင်းလဲဖို့လိုတယ်ဗျ။ ခင်ဗျားမှာ တာဝန်တစ်ခုရှိနေပြီလေ"
ဂုံဖီဒူ၏အကြည့်တွင် တုန်လှုတ်သောအရိပ်အယောင်များ ပြည့်သွားသည်။ စကားကို ကျနော်ဆက်ပြော၏။
"ဒီနေရာကိုကာကွယ်ဖို့ ခင်ဗျားတာဝန်ယူရမယ်"
ဂုံဖီဒူ၏တာဝန်မှာ အရေးကြီးကြောင်း ဂုံဖီဒူကိုယ်တိုင်နားလည်ဖို့လိုသည်။ သူသာ ဒီမှာ နေနေပေးနေသရွေ့ ယူဂျွန်ဟော့လောက် အဆင့်ရှိသည့်ကောင် မလာသရွေ့ ချွန်မူရိုမှာ ကြီးမားသောဘေးအန္တရာယ်တွေကနေ ဘေးကင်းနေမည် ဖြစ်၏။
"ငါက မင်းစကားကို ဘာဖြစ်လို့နားထောင်ပေးရမှာလဲ"
"ဒီတခါတော့ ခင်ဗျားကို ကျုပ်ဖိအားပေးမှာမဟုတ်ဘူး။ ကျုပ်တောင်းဆိုတာကို လုပ်ပေးမယ်ဆိုရင် ဆုတစ်ခုရမယ်"
“…..”
"သေချာစဉ်းစားစမ်းပါ။ ခင်ဗျားရဲ့မိသားစုအကြောင်းကို စဉ်းစားပါ"
စကားကိုထပ်ဖြည့်၍ပြောလိုက်ရာ ဂုံဖီဒူမှာ အံ့အားသင့်သွားတော့သည်။
“မင်း ဘယ်လိုဖြစ်ပြီး…”
ထိုအချိန်၌ လှိုဏ်ခေါင်းဆီကနေ ဆူညံသောအသံထွက်ပေါ်လာတော့သည်။
ဘွန်း
ရထားလိုင်း နံပါတ် ၄ရှိ ရထားသံလမ်းပေါ်တွင် ဆူညံသောဟွန်းသံနှင့် တောက်ပသော ရှေ့မီးသီးရောင်များ ပေါ်လာ၏။ ထွက်ပေါ်လာသော အသံမှာ ဆိုင်ကယ်တစ်စီး၏ အင်ဂျင်နှင့် အိတ်ဇောဆီမှ အသံတို့ဖြစ်လေသည်။ ချွန်မူရိုဆီသို့ တစ်စုံတစ်ခုလာနေချေပြီ။