← Chapters

အနာဂတ်စစ်ပွဲ (၄)

Vol. 3 Ch. 46

အနာဂတ်စစ်ပွဲ (၄)

Vol. 3 Ch. 46

"အလံကိုင်ထားတဲ့ကောင်ဆီ သွားကြဟေ့"

ထိုလူ၏ဦးတည်ရာကိုကြည့်ခြင်းအားဖြင့် ထိုလူသည် မြုံဒေါင်အဖွဲ့၏ ကိုယ်စားပြု ခေါင်းဆောင်မှန်းသိသာလှချေသည်။ မြုံဒေါင်အဖွဲ့သည် ဒွန်ဒဲမွန်အဖွဲ့နှင့် ပူးပေါင်းခဲ့ချေပြီ။

[မြုံဒေါင်အဖွဲ့၏ကိုယ်စားပြုခေါင်းဆောင် 'ကင်ဟွန်တေး'သည် 'အလံနီ'၏ ဖြည့်စွက်အာနိသင်ကို သုံးလိုက်ပါသည်။]

ထိုလူ၏အလံအရောင်က ပြောင်းတောင်ပြောင်းနေချေပြီတကား။

ထို့အပြင် ထိုအလံက 'အနီရောင်အလံ'ဖြစ်နေချေသည်။

ပြောရမည်ဆိုလျှင် 'အလံအတွက်ကြိုးစားခြင်း'ဇာတ်ဝင်ခန်းတွင် အလံအရောင်က အရေးကြီး၏။

အလံအရောင်သည် အဖြူမှအနီ၊ အပြာ၊ အညို၊ ခရမ်းနှင့် အမည်းတို့အဖြစ် ပြောင်းသွားနိုင်၏။ ပြောင်းသွားသောအလံအရောင်အလိုက် အလံ၏ အကျိုးသက်ရောက်မှုသည် ပိုပြီးအားကောင်းလာမည်ဖြစ်သည်။

[မြုံဒေါင်အဖွဲ့သည် အနီရောင်အလံ၏ စွမ်းအားမြှင့်တင်ပေးမှုကို ရရှိပါသည်။]

[တိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအစွမ်းများသည် ၅%စီ မြင့်တက်သွားပါပြီ။]

အလံအရောင်က အနီရောင်ဖြစ်နေခြင်းမှာ ဘူတာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဘူတာများကို သိမ်းယူခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သလို တခြားဘူတာ၏ အလံကိုင်ဆောင်သူကို သတ်ပစ်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထိုလူ၏မျက်လုံးများကိုကြည့်ရုံဖြင့်ပင် ထိုလူသည် တိုက်ခိုက်ရေးအစွမ်း အားကောင်းသူဖြစ်ကြောင်းပြောနိုင်၏။

သို့သော်….ထိုလူသည် ချွန်မူရိုကို ပစ်မှတ်မထားခဲ့သင့်ပေ။

['ဂုံဖီဒူ'ဇာတ်ကောင်သည် 'လက်နက်ဇုန် အဆင့် ၆’ကို အသက်သွင်းလိုက်ပါသည်။]

[' ဂုံဖီဒူ 'ဇာတ်ကောင်သည် ‘ပုဂ္ဂလိကပိုင် နယ်မြေ အဆင့် ၆’ကို အသက်သွင်းလိုက်ပါသည်။]

ဂုံဖီဒူ သည် နှောင့်နှေးမှုမရှိဘဲ လှုတ်ရှားလိုက်၏။

"ယင်ကောင်သာသာလေးအကောင်တွေ..."

ဂုံဖီဒူအား အမိန့်ပေးစရာတောင် မလိုခဲ့ပင်။ ဤအတိုင်းသာဆိုလျှင် ချွန်မူရိုကို ကာကွယ်ဖို့ကိစ္စအား ဂုံဖီဒူ၏ လက်ထဲသို့ စိတ်ချလက်ချအပ်၍ ရလောက်၏။

စက်သေနတ်အသေး ၈လက်သည် အလံတိုင်ဆီ‌ပြေးသွားနေသော မြုံ‌ဒေါင်အဖွဲ့ကို တပြိုင်ထဲ ပစ်ခတ်နေပေပြီ။

"ဘာ-ဘာတွေလဲဟ"

"အား”

ဒက် ဒက် ဒက်

အသားစများ လေထဲလွင့်ပျံနေ၏။ ဂုံဖီဒူသည် အမှန်ပင် ကြမ်းလွန်းလှသည်။

"အား....လူစုကြဟေ့"

မြုံဒေါင်အဖွဲ့မှာ လူစုလိုက်ပြီး ခံစစ်ပိုင်းကို အားကောင်းအောင်လုပ်လိုက်သော်လည်း အဆင့် ၆ လက်နက်ဇုန်၏ ကျည်ဆံများကိုကာကွယ်ရန်တော့ မလုံလောက်ခဲ့ချေ။ အရေးပေါ်ကာကွယ်မှု ဇာတ်ဝင်ခန်းကို ဂုံဖီဒူတစ်‌ယောက်ထဲ ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့်လည်း ဂုံဖီဒူမှ​ြ ဤကဲ့သို့ အစွမ်းပိုထက်လာခဲ့ခြင်းပင်။

ချလွမ် ချလွမ် ချလွမ်

သေနတ်ကျည်ဆံတွေ မည်မျှအထိ ပစ်ခတ်ပြီးနေပြီနည်း။ အဆင့်မြှင့်တင်ထားသော မှော်ကျည်ဆံများသည် မြုံ‌ဒေါင်အဖွဲ့ကို ပေါက်ထွက်သွားအောင် ဆုတ်ဖြဲပစ်နေသဖြင့် မြုံဒေါင်အဖွဲ့သားများ လဲကျကုန်၏။ ဂုံဖီဒူသည် ရန်သူအနေဖြင့်လည်း ကြောက်ဖို့ကောင်းသလို မဟာမိတ်ဖြစ်နေလျှင်လည်း အားကောင်းသော မဟာမိတ်ဖြစ်ပေသည်။

"ဒီ-ဒီလောက်ကြမ်းတဲ့ကောင်ရှိနေမယ်လို့ ငါတို့တွေ သတင်းမရထားဘူးလေကွာ"

"နောက်ပြန်ဆုတ်ကြတော့"

သို့သော် သူတို့အတွက် ပြေးစရာနေရာက မရှိတော့ချေ။

"မင်းတို့တွေ ဘယ်သွားကြမလို့လဲ"

[မကျိုးပဲ့နိုင်သောယုံကြည်ခြင်းဓါး၏ အထူးကဏ္ဍမှာ အသက်ဝင်သွားပါသည်။]

[မကောင်းသောအငွေ့အသက်များသည် 'မီး’အဖြစ်ပြောင်းလဲသွားပါသည်။]

မီးလျှံများဖြင့်ဖန်တီးထားသော အီသာ (မကောင်းသောအငွေ့အသက်)ဓါးသည် မြုံဒေါင်အဖွဲ့ ထွက်ပြေးရာ လမ်းကြောင်း၌ မီးနံရံကြီးတစ်ခုကို ဖန်တီးလိုက်၏။ မြုံဒေါင်အဖွဲ့ကလူတွေ တွေ‌ဝေသွားချိန်မှာပဲ ဂုံဖီဒူသည် စက်သေနတ်ဖြင့်အဆက်မပြတ်ပစ်လေတော့သည်။

ဒက် ဒက် ဒက်

"ဖောက်-ဖောက်ထွက်ကြဟေ့။ မြန်မြန်လုပ်ကြ....အဟု”

မြုံ‌‌ဒေါင်အဖွဲ့ကိုယ်စားပြုခေါင်းဆောင်၏ခေါင်းကို မှော်ကျည်ဆံတစ်ခု ဖောက်ဝင်သွားရာ အလံမှာလည်း လွင့်သွားတော့သည်။ ထိုအလံကိုမြင်လိုက်ရချိန်တွင် ဂုံဖီဒူ၏မျက်လုံးများမှာ တောက်ပသွား၏။

ချီး....ဒီဘဲကတော့ကွာ

"ခင်ဗျားရဲ့ကျောပေါ် ထပ်ပြီးတက်နင်းပေးစေချင်နေတာလား"

အလံဆီပြေးသွားနေသည့် ဂုံဖီဒူမှာ တောင့်တင်းသွား၏။

"ချီးပဲ…"

ရထားလမ်းပေါ်တွင် ကျနေသော မြံဒေါင်အဖွဲ့၏Iအလံကို ကျနော်ချက်ချင်း ကောက်ယူလိုက်သည်။ မျှော်လင့်ချက်မဲ့နေသော မြုံဒေါင်အဖွဲ့သားများ၏အကြည့်တွင် စိတ်ပျက်သော အငွေ့အသက်များ ထွက်ပေါ်လာတော့၏။

[သင်သည် 'မြံဒေါင်အဖွဲ့'၏အလံကို ရရှိသွားပါပြီ။]

[သင်၏အဖြူရောင်အလံသည် အနီရောင်အလံ၏အောင်မြင်မှုအကျိုးကျေးဇူးများကို စုပ်ယူလိုက်ပါပြီ။]

[သင်၏အဖြူရောင်အလံသည် အနီရောင်အလံအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ။]

ကျနော့်ခန္ဓာကိုယ်အတွင်း၌ အားကောင်းသောစွမ်းအားတစ်ခုကိုပင် ခံစားမိနေချေပြီ။

[သင်သည် ဘုရင့်လမ်းကြောင်းနှင့် ခြေတစ်လှမ်းပိုနီးသွားပါပြီ။]

အနီရောင်နောက်ပိုင်းအလံများသည် ကိုယ်စားပြုခေါင်းဆောင်၏စွမ်းရည်များကို တိုးစေရုံသာမက အဖွဲ့သားများ၏စွမ်းရည်များကိုပါ တိုးတက်စေလေသည်။

အလံသည် ပျမ်းမျှအဆင့်များကိုရော၊ Sအဆင့်နှင့်အထက် ပစ္စည်းများကိုပါ အစွမ်းတိုးစေနိုင်သည်သာမက အခြေခံတိုက်ခိုက်ရေး စွမ်းအားများအား တိုးတက်စေနိုင်သည့် အနည်းငယ်သောနည်းလမ်းများထဲက တစ်ခုဖြစ်သည်။ ထိုသို့တိုးစေနိုင်ခြင်းကြောင့်လည်း အဖွဲ့များသည် ပစ်မှတ်ဘူတာများကိုသာမက တခြားဘူတာများကိုပါ ပစ်မှတ်ထားကြခြင်းဖြစ်၏။

အခြား 'ဘုရင်လောင်းများ'သည်လည်း သူတို့၏အလံအရောင်ပြောင်းဖို့ဆိုလျှင် ပြင်းထန်သော တိုက်ပွဲထဲ ဝင်ကြမည်သာ ဖြစ်သည်။

ပြောရမည်ဆိုလျှင် ပို၍အစွမ်းထက်လာလေလေ ဤကမ္ဘာ၌ ပို၍နေပျော်လာလေလေ ဖြစ်မည်ပင်။

[မြုံဒေါင်အဖွဲ့၏ကျန်ရစ်သောအဖွဲ့သားများသည် သင်၏ဆုံးဖြတ်ချက်ကို စောင့်နေကြပါသည်။]

ဒဏ်ရာရထားသော မြုံဒေါင်အဖွဲ့သားတွေထဲက တစ်‌ယောက်ကို ကျနော်ဆွဲထူလိုက်ပြီး မေးလိုက်၏။

"ချွန်မူရိုကို မင်းတို့တွေ ဘာလို့ပစ်မှတ်ထားခဲ့ရတာလဲ"

ဂန်အီဟွန်၏စကားများကို ကြားကြားချင်းကတည်းက ကျနော်နားလည်မိထားတာ ရှိသည်။ ချွန်မူရိုနယ်မြေမှာ ပွင့်သွားခဲ့သည်မှန်သော်လည်း ဂန်အီဟွန်တို့တွေသည် ကြိုတင်စောင့်ဆိုင်းနေသကဲ့သို့ ပြေးဝင်လာကြသည်မှာ အဓိပ္ပါယ်မရှိလှချေ။ ကိုယ်စားပြုခေါင်းဆောင်မှာ ကျနော်မှန်း သိသွားချိန်၌ ဂန်အီဟွန်၏ ထူးဆန်းသောအကြည့်နှင့် သူ့အဖွဲ့၏ လေ့လာစူးစမ်းပုံတွေကို ထောက်ရှုစမ်းစစ်ကြည့်မည်ဆိုပါက ဂန်အီဟွန်တို့တွေသည် အစကတည်းက ဤဘူတာအကြောင်းကို သိထားပြီးသာ သေချာလှသည်။ ကျနော်ဆွဲထူလိုက်သော လူ၏လည်ပင်းပေါ်၌ ကျနော့်ဓါးကိုတင်လိုက်၏။

"ပြောစမ်း။ ချွန်မူရိုနဲ့ပတ်သတ်တဲ့သတင်းကို ဘယ်သူက မင်းတို့တွေကို ပေးလိုက်တာလဲ"

သတင်းပေးလိုက်သည့်လူများက ပရောဟိတ်တွေဖြစ်ဖို့များ၏။ မြေအောက်ခံတပ်တွင် ဆုံခဲ့သော လူများကလည်း အခြားလူတွေ သိမထားသည့် 'လျှို့ဝှက်သတင်းအချက်အလက်'အကြောင်းကို ပြောခဲ့သေးသည်။

Ways of Survivalဇာတ်လမ်းတွင် ကျနော်ရှာကြည့်သော်လည်း ပရောဟိတ်ဟုခေါ်သော အဖွဲ့ကိုလုံးဝ ရှာမတွေ့ချေ။ ထိုသို့ဆိုလျှင် ပရောဟိတ်တွေဆိုသည်မှာ မည်သူတွေဖြစ်မည်နည်း။

ဖြစ်နိုင်ချေကတော့ နှစ်ခုရှိလေသည်။

ပထမတစ်ခုမှာ.... ဘာမှန်းမသိသော ပြောင်းလဲမှုတစ်ခုကြောင့် အန်နာ ခရော့ဖ်အပြင် ပရောဟိတ်တစ်ပါး ထပ်မံပေါ်လာခြင်းဖြစ်ပြီး….

ဒုတိယတစ်ခုကတော့....ကျနော့်အပြင် နောက်ထပ် 'စာဖတ်သူ'တစ်ယောက်ရှိနေခြင်းပင်။

အမှန်အတိုင်းပြောရလျှင် ဒုတိယအချက်က ပိုဖြစ်နိုင်သည်ဟု ကျနော်ယူဆမိ၏။ ပရောဟိတ်ဆိုသော ဝိသေသ လက္ခဏာမှာ လွယ်လွယ်မရနိုင်ပေ။

ဂုံဖီဒူကိုကြည့်ပြီး ကျနော်ပြောလိုက်သည်။

"ဒါနဲ့....ခင်ဗျားဘာလို့ ရက်ရက်စက်စက်လှုတ်ရှားခဲ့ရတာလဲ"

"သောင်းကျန်းနေတဲ့ကောင်တွေကို ငါက ဘာလို့ညှာပေးရမှာလဲကွ"

ဂုံဖီဒူ၏ပုံစံမှာ စိတ်ရှုတ်နေပုံပေါက်လေသည်။

ကံဆိုးစွာဖြင့်ပင် မြုံဒေါင်အဖွဲ့ကလူများမှာ ကျည်ဆံစာ အများအပြားမိထားခြင်းကြောင့် ကျနော်မေးသည်ကို မဖြေနိုင်ကြတော့ချေ။ ကျနော်မေးခွန်းမေးလိုက်သည်နှင့် မြုံဒေါင်အဖွဲ့သားများသည် သွေးအန်ကာ သေသွားကြသည်က များ၏။

နောက်ဆုံးတွင်တော့ ကျနော်မေးစရာလူက တစ်‌ယောက်ထဲသာ ကျန်တော့လေသည်။ လီဟန်းဆောင် စောင့်ကြပ်ပေးထားသည့် ဂန်အီဟွန်အား ကျနော်ငုံ့ကြည့်လိုက်၏။ ဂန်အီဟွန်မှာ ကြိုးမျှင်များဖြင့် တုတ်နှောင်ခံထားရခြင်းကြောင့် နေရထိုင်ရ မသက်မသာဖြစ်နေရှာသည်။

ယူဆန်းအာက မေးလိုက်၏။

"အစကတည်းက အားလုံးကို ကြိုတင်စီစဉ်ထားတာလား"

"အောင်မြင်နိုင်ချေများတယ်လို့တွေးမိခဲ့လို့လေ။ ဒီဘူတာပွင့်သွားတာနဲ့ အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်မယ်လို့ ကနဦး ကတိခံထားခဲ့ကြတာပါ"

"ကျမတို့ကိုတိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့အကြောင်းကို ဘာမှမဟုတ်သလိုပုံစံမျိုးနဲ့ ပြောပြနေတာလား"

ယူဆန်းအာ၏မျက်နှာအမူအရာမှာ မဲမှောင်သွားသည်။

"စိတ်မကောင်းဖြစ်သွားတာလား။ မဟာမိတ်ဆိုတာမျိုးက ရှိမနေဘူးဟ"

"…နည်းနည်းပဲ စိတ်မကောင်းဖြစ်သွားရုံပါ"

"လူတွေကိုအရမ်းမယုံနဲ့။ နောက်ဆိုရင် အခြေအနေတွေက ထင်ထားသလို လွယ်ကူမှာမဟုတ်ဘူးနော်”

"သိပါတယ်။ ဒါပေမဲ့...ဖြစ်နိုင်မယ်ဆိုရင် ကျမ ယုံကြည်ချင်တယ်။ လူတစ်ယောက်ကို ကျမ ယုံကြည်ခဲ့တာမလို့ ဒီအထိ အသက်ရှင်လျက် ကျမ ရောက်လာနိုင်ခဲ့တာပဲလေ"

ယူဆန်းအာသည် ကျနော့်ကိုကြည့်လိုက်၏။

"ဟေ့....နင်တို့နှစ်ယောက်ဘယ်လောက်ကြာအောင် စကားများနေဦးမှာလဲ။ သတင်းအချက်အလက်တွေ မြန်မြန်ရအောင် လုပ်တော့ဟ"

ကျနော်တို့စကားပြောနေသည်ကို ယောင်ဟီဝမ်က စကားဝင်ဖြတ်ပြောသည်။ ယခုအချိန်သည် ဘဝနှင့် ပတ်သတ်သော ဒဿနများကို ပြောသင့်သည့် အချိန်မဟုတ်သည်ကတော့ အမှန်ပင်ဖြစ်၏။ ဂန်အီဟွန်၏ ပါးစပ်ကို ပိတ်ထားသည့် ကြိုးမျှင်များကို ကျနော်ဖယ်ရှားပစ်လိုက်သည်။ ဂန်အီဟွန်သည် စိတ်တည်ငြိမ်မှုရရှိစေရန် ကြိုးစားနေလေ၏။

"…မင်းတို့တွေ ငါ့ကိုအခုဘာလုပ်မှာလဲ"

"မင်းဘက်က ဘာတွေပြောပြနိုင်မလဲအပေါ်မူတည်ပြီးပဲ ဆုံးဖြတ်မယ်"

"မင်းတို့အတွက် အသုံးဝင်မဝင်အပေါ်မူတည်ပြီးပဲ ဆုံးဖြတ်မယ်ပေါ့လေ"

ဂန်အီဟွန်သည် ယခုလိုအခြေအနေတွင်ပင် ပြန်ခံပြောနေရာ ထင်ထားသကဲ့သို့ ပေါ့ပေါ့သေးသေးကောင်မဟုတ်လောက်ချေ။ ထိုသို့ဆိုလျှင် ခပ်ကြမ်းကြမ်းကိုင်တွယ်မှ ဖြစ်တော့မည်ပင်။ ယောင်ဟီဝမ်က ဝင်ပြောသည်။

"ဘာပဲဖြစ်ဖြစ် ဒီကောင့်ကို 'လူဆိုး'လို့ နက္ခတ်တွေက မြင်ထားတာလေ။ နှိပ်စက်ပြီးပဲ စစ်မေးကြမလား"

"ဘာလို့နှိပ်စက်နေမှာလဲ။ မေးတာကိုမဖြေရင် သတ်ပစ်လိုက်ရုံပဲပေါ့ဟ"

"ဟမ်"

ဓါးကို တွန့်ဆုတ်မှုမရှိဘဲ ကျနော်ဆွဲထုတ်လိုက်၏။ ဂန်အီဟွန်သည် တုန်လှုတ်သွားပြီး ကျနော့်ကို မော့ကြည့်လေသည်။

" တစ်ကနေ သုံးအထိ အခု ငါရေမယ်။ သုံးအထိရေပြီးလို့မှ မင်းဘာမှမပြောပြဘူးဆိုရင် မင်းသေရမယ်။ ဘာမှညှိုနှိုင်းနေမှာမဟုတ်ဘူး"

အသန့်စင်ဆုံးဓါးစွမ်းအင်ကို ကျနော် အသက်သွင်းလိုက်ပြီး ဓါးကိုမြေထဲ စိုက်လိုက်၏။

"တစ်”

ချွတ် ချွတ်

အသန့်စင်ဆုံးဓါးစွမ်းအင်၏ စွမ်းအားကြောင့် မြေကြီးမှာ တချွတ်ချွတ်ဖြင့် မြည်နေပြီး ဓါးမှာလည်း ဂန်အီဟွန်ဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျားလာတော့သည်။ ကြမ်းပြင်မှ အစအနများပင် ဂန်အီဟွန်၏မျက်နှာကို လာစင်နေချေပြီ။

"နှစ်"

ဓါး၏အပူငွေ့မှာ ဂန်အီဟွန်၏မျက်နှာကို လာရိုက်ခတ်နေပြီး ဓါးမှာလည်း ဂန်အီဟွန်၏ နှာခေါင်းနားအထိ ရောက်လာ၏။ သိပ်မကြာခင်အချိန်တွင် အီသာ(မကောင်းသောအငွေ့အသက်)ဓါးမှာ ဂန်အီဟွန်၏ မျက်လုံးတွေကို လှီးဖြတ်မိသွားချေတော့မည်။

"သုံး…"

"ဒုံမြိုဘူတာပါ"

ကျနော်ပြုံးလိုက်၏။

နှိပ်စက်ရမယ်ဟုတ်လား။ ဘာမှနှိပ်စက်ဖို့မလိုဘူး

ဂန်အီဟွန်သည် အသက်ကိုပင့်သက်ရှိုက်လိုက်ပြီး ရှင်းပြလေသည်။

"ဒုံမြိုဘူတာက လူတစ်ယောက်ဟာ ချွန်မူရိုနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ငါတို့ကို ပေးခဲ့တာပါ"

ဒုံမြိုတွင် မည်သူရှိနေလောက်မည်နည်း။

"မင်းတို့ကိုအချက်အလက်ပေးခဲ့တဲ့လူက ဘယ်သူလဲ"

"သူ့ကိုသူတော့ ပရောဟိတ်တစ်ယောက်လို့ ခေါ်တာပဲ"

ထိုစဉ် ဂန်အီဟွန်၏အခြေအနေမှာ ထူးဆန်းလာလေ၏။ ဂန်အီဟွန်မှာ မျက်ဖြူလန်သွားပြီး လျှာမှာလည်း လူသေကဲ့သို့ အပြင်သို့ထွက်လာသည်။ ကျနော့်စိတ်ထဲ မကောင်းသောခံစားချက်တစ်ခုကို ရနေပေပြီ။

တိုက်တွန်းချက်စွမ်းရည်ကိုများသုံးထားတာလား။

"ယူဆန်းအာ။ ဒီကောင့်ရဲ့ပါးစပ်ကို ကြိုးမျှင်တစ်ခုနဲ့ဆို့ထားလိုက်တော့"

ကံကောင်းစွာဖြင့်ပင် ဂန်အီဟွန်၏ ပါးစပ်ပိတ်မသွားခင် ယူဆန်းအာ၏ကြိုးမျှင်က ဆို့ထားလိုက်နိုင်၏။ ဂန်အီဟွန် ယခုကဲ့သို့ဖြစ်သွားခြင်းမှာ သတင်းပေါက်မကြားအောင် တိုက်တွန်းချက်စွမ်းရည်ကို သုံးထားခြင်းပင်။ နောက်ကွယ်ကလူသည် ထင်ထားသည်ထက်ပင် အသေးစိတ်ပြင်ဆင်ထားပုံပေါ်၏။

မည်သို့ပင်ဆိုစေကာမူ ဤပြဿနာကိုဖြေရှင်းဖို့က ကျနော့်အတွက်တော့ လွယ်လှပေသည်။

တိုက်တွန်းချက်စွမ်းရည်မှာ မျက်နှာချင်းဆိုင်သာ သုံး၍ရသော စွမ်းရည်တစ်ခုဖြစ်၏။

ဂန်အီဟွန်ကိုငုံ့ကြည့်ပြီး ကျနော်ရေရွတ်လိုက်သည်။

"မင်းက ကံကောင်းတဲ့အကောင်ပဲ"

ပရောဟိတ်တွေထဲကတစ်ယောက်သာ ဤနေရာတွင်ရှိနေပါက ကျနော်သေချာပေါက် ရှာနိုင်သည်။

ပိုက်စိတ်တိုက်လိုက်မရှာခင် ရုပ်ရှင်ရုံခေါင်မိုးပေါ်သို့ ကျနော်သွားလိုက်၏။

"သူနိုးမလာသေးဘူးလား"

ကျနော်ရောက်လာမည်ဟု ထင်မထားခြင်းကြောင်းလားတော့ မပြောတတ် လီဂျီဟယ်မှာ လန့်သွားပုံပေါ်၏။ ယူဂျွန်ဟော့မှာ သတိလစ်နေဆဲဖြစ်ပြီး လီဂျီဟယ်၏ ပေါင်ပေါ်တွင် လဲလျောင်းနေလေသည်။

မအေဘေး။ ဒီကောင်က အဓိကဇာတ်ကောင်ဖြစ်နေတာတောင် ဘာအခက်အခဲမှလည်း မကြုံရဘူး။

ယူဂျွန်ဟော့ကိုကြည့်ပြီး ကျနော့်ကိုကျနော် စာဖတ်သူဖြစ်နေမိခြင်းအား စိတ်ပျက်မိလေ၏။

"အောက်မှာ အခြေအနေဘယ်လိုရှိလဲ"

"ဘာမှစိတ်မပူဘဲ နားသာနားနေစမ်းပါ"

"ဆရာ…ဘာမှတော့မဖြစ်ဘူးမလား"

"ဒီကောင်ဘာမှမဖြစ်ပါဘူးဟ။ စိတ်ဒဏ်ရာနည်းနည်းလောက်တော့ ကျန်ချင်ကျန်မှာပေါ့"

"စိတ်ဒဏ်ရာဟုတ်လား"

"ဒီကောင့်ရဲ့စိတ်အခြေအနေက ကလေးတစ်ယောက်လို ထိခိုက်ကျိုးပဲ့လွယ်တယ်လေ။ အိပ်ပြီးသွားရင်တော့ စိတ်အခြေအနေက အများကြီးပိုကောင်းသွားလောက်မှာပါ"

"ရှင့်လေသံကိုနားထောင်ရတာ ဆရာနဲ့ပတ်သတ်ပြီး အများကြီးသိနေတဲ့ပုံပဲနော်"

"ဒီကမာ္ဘပေါ်မှာ ဒီကောင့်အကြောင်းကို အသိဆုံးလူက ငါပဲ"

ခြောက်တီးခြောက်ကပ်လေသံဖြင့် ကျနော်ပြန်ပြောပြီး စာရွက်ထုတ်ကာ ဘောပင်တစ်ချောင်းဖြင့် စာတချို့ကိုချရေးပြီး လီဂျီဟယ်ကိုပေးလိုက်သည်။

"ဘာရေးထားလဲမဖတ်နဲ့။ ယူဂျွန်ဟော့နိုးလာချိန်ကျရင်သာ ဒီစာကိုပေးပေးပါ။ ငါပြောတာကိုနားလည်ရဲ့လား"

"နားလည်ပါတယ်"

နားလည်ပါသည်ဟုပြောသော်လည်း လီဂျီဟယ်ကတော့ ကျနော်ပေးထားခဲ့သော စာကို သေချာပေါက်ဖတ်ကြည့်မည်ပင်။ သို့ပေသိ ရေးထားသောစာမှာ ယူဂျွန်ဟော့သာ နားလည်နိုင်သော အကြောင်းအရာများဖြစ်နေခြင်းကြောင့် ဖတ်ကြည့်လို့လည်း လီဂျီဟယ် ဘာမှနားလည်လောက်မည်မဟုတ်ချေ။

ဒါနဲ့ စာပေါ်က အကြောင်းအရာတွေဟာ နက္ခတ်တွေအမြင်မှာ ဘာလို့ ဒီလို■■■ တွေ ဖြစ်နေရတာလဲ။

['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်သည် ■ကို မုန်းတီးနေပါသည်။]

လီဂျီဟယ်သည် ကျနော့်ကိုလှမ်းပြော၏။

"ဒါနဲ့ ကျမ တစ်ခုလောက်မေးလို့ရမလား"

"ဘာမေးမှာလဲ"

"အစောပိုင်းတုန်းက ဆရာနဲ့အတူရှိချိန်တုန်းက ဦးလေးကြီးကလေ…."

လီဂျီဟယ် မည်သည့်စကားပြောမည်ကို ကျနော်သိ၏။

လခွီးပဲ။ ယောင်ဟီဝမ်အပြင် လီဂျီဟယ်ပါ ကြားသွားခဲ့တာလား။ ငါအတော်ကို တုံးတာပဲ။ နက္ခတ်တွေကြားမှာပဲ ငါဟာ စိုးရိမ်ခဲ့ပြီး လူတွေကြားမှာကို သတိမမူခဲ့မိဘူး။ ယူဂျွန်ဟော့ကတော့ ငါတုံးတာကိုသိသွားရင် ရယ်မှာသေချာတယ်။ ဘယ်လိုဆင်ခြေပေးရင်ကောင်းမလဲ။

"ဘယ်လိုပြောရမလဲ။ ရှင်တို့နှစ်ယောက်"

"ဘာဖြစ်လဲ"

မသိချင်ယောင်ဆောင်ဖို့သာ ကျနော်ဆုံးဖြတ်လိုက်၏။

လီဂျီဟယ်၏မျက်နှာမှာ ပို၍တည်သွားချေသည်။

"ကျမဆိုလိုချင်တာက ဦးလေးကြီးပြောခဲ့တဲ့စကားတွေက… "

"ငါ့စကားတွေက ဘာဖြစ်လဲ"

"သတိပြန်ဝင်စမ်း။ မအေဘေးကောင်။ စိတ်ဓါတ်ကျမနေစမ်းနဲ့"

လီဂျီဟယ်သည် ကျနော့်လေသံအတိုင်း တုပကာ အော်ပြောပြ၏။ အခြားလူ၏ ပါးစပ်ကနေ ကျနော့်လေသံအတိုင်းထွက်လာသည်ကို နားထောင်လိုက်ရချိန်တွင် ကျနော်ရှက်သွားမိလေသည်။

"ပထမဆုံးပြောချင်တာက ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့စိတ်ကို မင်းဟာ မေ့ဖျောက်ပစ်လိုက်ပြီလား"

"…"

တစ်ခုခုတော့ ထူးဆန်းနေချေပြီ။ ဒီကလေးမ ကြားခဲ့သော ကျနော့်စကားသံမှာ ကျနော်တကယ်ပြောခဲ့သည်နှင့် အနည်းငယ်ကွာခြားနေ၏။

"မင်း​ကြောင့် ငါဒီကိုလာခဲ့တာကွ။ မင်းဘာလို့တစ်ယောက်ထဲ ဖြစ်နေရတာလဲ။ ငါတို့တွေက အတူတူကြိုးစားရမှာလေကွာ"

"ခဏလေး။ နေပါဦး"

"မင်းအနားမှာ ငါအမြဲရှိနေတာပါ။ မျှော်လင့်ချက်မဲ့မသွားနဲ့။ ကလေးအတွက် စဉ်းစားစမ်းပါ"

"အဲ့ဒါက မဟုတ်သေး …"

"မင်းတစ်ယောက်ထဲလှုတ်ရှားမယ်ဆိုရင်လည်း ငါကဘာလို့ဒီကိုလိုက်လာမိခဲ့တာလဲကွာ"

လီဂျီဟယ်ကို တစ်ခဏခန့် ကျနော်စိုက်ကြည့်မိသည်။

မဟုတ်သေးပါဘူး။ ဒီကလေးမက ငါ့စကားတွေကို အခုပြောပြတဲ့အတိုင်းပဲ ကြားခဲ့တာလား

"အဲ-အဲ့လိုမျိုးစကားတွေပြောခဲ့တာလေ။ ဦးလေးကြီး….ရှင်နဲ့ဆရာဟာ…. "

ကျနော်သက်ပြင်းချလိုက်၏။

"နင်ထင်ချင်သလိုသာ ထင်တော့"

"ဟုတ်ပါပြီ။ စိတ်မပူပါနဲ့။ ဒီရည်းစားစာကို ဆရာ့လက်ထဲ ကျမ သေချာထည့်ပေးပါမယ်"

ကျနော် ကျောချမ်းသွားပြီး နောက်ပြန်လှည့်ကြည့်မိ၏။ ကျနော့်နောက်ဘက်ရှိ လီဂျီဟယ်သည် အဓိပ္ပါယ်မရှိသောစကားများကို ဆက်၍ပြောနေပြန်သည်။

"ခဏနေဦး။ ရှင်က ဘယ်လိုကလေးမွေးပေးခဲ့တာလဲဟင်"

"ယူဂျွန်ဟော့ကိုသာ မေးလိုက်တော့ဟေ့"

ဟုတ်တယ်။ ယူဂျွန်ဟော့…မင်းပဲ ကျန်တာကို ဖြေရှင်းလိုက်တော့။

ထို့နောက်တွင်တော့ ကျနော့်ခေါင်းထဲ၌ မက်ဆေ့ချ်များ ပေါ်လာတော့သည်။

[စကားလုံးစစ်ချခဲ့သောနောက်ကွယ်က အမှန်တရားကြောင့် နက္ခတ်အချို့မှာ အလွန်ပင်စိတ်လှုတ်ရှားသွားပါသည်။]

['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်သည် သင်၏အကြိုက်ကို ဆလံသနေပါသည်။]

['မိစာ္ဆကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်သည် သင်၏သံယောဇဉ်ကို သဘောကျနေပါသည်။]

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် အဓိပ္ပါယ်မရှိလိုက်တာဟု တွေးနေပါသည်။]

…လဖွတ်။ တခြားငတုံးတွေလည်းရှိနေတာလားဟ။ ဘာပဲဖြစ်ဖြစ် ယူဂျွန်ဟော့အတွက် မှာစရာရှိတာ မှာထားခဲ့ပြီးပြီ

ရုပ်ရှင်ရုံထဲကနေ အလျင်အမြန်ပဲ ကျနော်ထွက်သွားလိုက်လေသည်။ ယူဂျွန်ဟော့၏ လက်ရှိအခြေအနေသည် အိပ်ပျော်နေသောရွှေမင်းသမီးလေးကဲ့သို့ဖြစ်နေသောကြောင့် အကျိုးအမြတ်များကို ရသလောက် ကျနော်ယူရတော့မည်မှာ မလွဲဧကန်ပင်ဖြစ်တော့၏။

All Chapters