အနာဂတ်စစ်ပွဲ (၆)
Vol. 3 Ch. 48
ကျနော့်နာမည် ယူဂျွန်ဟော့ဟု ပြန်ဖြေသည်ကို ကြားလိုက်ရချိန်တွင် ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"မဟုတ်မှလွဲရော…"
ထိုလူသည် ကျနော့်မျက်နှာကို သေချာလေ့လာနေ၏။ ထိုလူလေ့လာနေပုံကိုကြည့်ပြီး Ways of Survivalထဲတွင် ယူဂျွန်ဟော့၏ပုံစံကို ဖော်ပြခဲ့သည်အား ပြန်သတိရမိသည်။ မူရင်းဇာတ်လမ်းထဲတွင် ယူဂျွန်ဟော့၏ပုံပန်းသွင်ပြင်ကို အသေးစိတ် မရေးထားသော်လည်း 'ချောသည်'ဟူသော စကားလုံးတော့ ပါခဲ့လေ၏။ စိတ်ကူးယဉ်လို့ ကောင်းအောင် ချောသည်ဟုများ ထည့်ရေးခဲ့သည်လားမပြောတတ်။
"ဘာလဲ"
"အာ…ဘာမှမဟုတ်ပါဘူး"
ထိုလူ၏လေသံမှာ ပိုပြီးယဉ်ကျေးသွားခဲ့၏။ ဘာတွေဖြစ်နေမှန်း ကျနော်မသိသော်လည်း ထိုလူ၏ခေါင်းထဲတွင်တော့ ရှုတ်ထွေးနေလောက်မည်မှာ သေချာပေသည်။
အနည်းဆုံးတော့ အတည်ပြုလို့ရသွားတာတစ်ခု ရှိ၏။ ကျနော့်ရှေ့မှလူသည် Ways of Survivalကိုဖတ်ဖူးခဲ့သည်မှာ အသေအချာပင်။
ထိုလူသည် ဇာတ်ကောင်စာရင်းထဲတွင် ပါမနေသည့်အပြင် ယူဂျွန်ဟော့၏ နာမည်ကို ကြားလိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့ခြင်းကြောင့်လည်း မူရင်းဇာတ်လမ်းကို ဖတ်ဖူးထားလောက်သည်မှာ ပို၍ပင် သေချာသွားခဲ့သည်။
ထိုလူ၏မျက်လုံးများသည် ကျနော့်ဘေးမှ လီဟန်းဆောင်ကို စိုက်ကြည့်လိုက်၏။
လီဟန်းဆောင်၏ ဝိသေသ လက္ခဏာကို လေ့လာနေပုံပင်။ ကြည့်ရသည်မှာ ထိုလူသည် အချက်အလက်များကို နှိုက်ထုတ်ချင်နေပုံရ၏။ လီဟန်းဆောင်ကို လေ့လာခွင့် ထိုလူအားပေးလိုက်ပြီးသည့်နောက်၌ ကျနော်စကားပြောလိုက်သည်။
"အတော်ရိုင်းတဲ့ကောင်ပဲ။ မင်းဘာကြည့်နေတာလဲ"
"…ဗျာ"
ထိုလူသည် ဝိသေသ လက္ခဏာထောက်လှမ်းခြင်း စွမ်းရည်ဖြင့် လီဟန်းဆောင်၏နာမည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျနော်နှင့်ပတ်သတ်သော ဇာတ်ကောင်ဇယားကိုတော့ ကြည့်မရခဲ့သည်မှာ သေချာ၏။ Ways of Survivalဇာတ်လမ်းကို ထိုလူမည်မျှအထိ ဖတ်ထားမှန်း မသိသော်လည်း ယူဂျွန်ဟော့ဟုတ်မဟုတ် ကျနော့်ကို အတည်ပြုလို့ရသည့် အချက်များကတော့ ရှိနေပေသည်။
ထိုနည်းလမ်းများထဲက တစ်ခုကတော့ SSအဆင့်စွမ်းရည်ဖြစ်သော သူတော်စင်၏မျက်လုံးဖြစ်ပြီး ထိုစွမ်းရည်သည် အလုံးစုံ ထောက်လှမ်းနိုင်စွမ်းရော၊ ထောက်လှုမ်းမှုကို ကာကွယ်နိုင်စွမ်းပါ ရှိ၏။ ထို့ကြောင့်ပင် ကျနော့်တွင် ထိုစွမ်းရည်ရှိနေလောက်မည်ဟု ထိုလူက ထင်မိသွားခဲ့ခြင်းဖြစ်လောက်ပေမည်။
" Bအဆင့်စွမ်းရည်နဲ့ ငါ့ကို လေ့လာနေတာကို ငါမသိဘူးထင်နေတာလား"
ထိုလူမှာ တွန့်ဆုတ်သွားတော့သည်။ ထို့နောက်တွင်တော့ ကျနော့်ကျောပေါ်ရှိ အနီရောင်အလံကို ထိုလူသည် ကြည့်လိုက်၏။ ကျနော်ထင်ထားသည့်အတိုင်းပင်။ ယူဂျွန်ဟော့နှင့်ပတ်သတ်ပြီး ထိုလူသိထားသည်က အကန့်အသတ်ရှိနေပေ၏။
"ခွေးမသား"
ထိုလူ၏အဖွဲ့ထဲမှလူတစ်ယောက်သည် အခြေအနေကို သဘောမပေါက်ဘဲ လှံဖြင့် ကျနော့်ကိုချိန်ရွယ်လိုက်သည်။ ယောင်ဟီဝမ်နှင့် လီဟန်းဆောင်တို့ ရှေ့တက်ကာ ရင်ဆိုင်တော့မည့်အချိန်တွင် မထင်မှတ်ထားတာတစ်ခုဖြစ်ပျက်သွားတော့သည်။
ဘွန်း
လှံဖြင့်ချိန်ရွယ်ခဲ့သူ၏ ခေါင်းမှာပေါက်သွားခဲ့ပြီး အနီရောင်သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်နေတော့သည်။ ကျနော့်ရှေ့ကလူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ သွေးတွေ၏အလွန်တွင် ကျနော့်ကိုလေ့လာနေခဲ့သည့် စောနကလူသည် မျက်နှာတည်တည်ဖြင့်စိုက်ကြည့်သည်ကို ကျနော်လှမ်းမြင်လိုက်သည်။
အဲ့ဒီမအေဘေးက ဘာတုန်းဟ
ထိုလူသည် လူအုပ်ကိုဖြတ်ကာ ကျနော့်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
"တောင်းပန်ပါတယ်။ ဒီလိုမြင်ကွင်းမျိုးကို မြင်စေမိလို့ စိတ်မကောင်းပါဘူး"
"မင်းက ဘယ်သူလဲ"
ကျနော့်၏ အေးတိအေးစက်လေသံကြောင့် ထိုလူ၏မျက်နှာမှာ အနည်းငယ် ဖရိုဖရဲဖြစ်သွားသည်။ ကျနော်သာ သူ့နေရာမှာဆိုလျှင် နှလုံးပေါက်ထွက်မတတ် လန့်နေမိမှာ သေချာ၏။
"ငါ့ကိုငါ မိတ်ဆက်ပေးပါရစေ။ ငါ့နာမည်က လီဆောင်းဂုပါ။ ငါက ဒုံမြိုဘူတာရဲ့ လက်ထောင်ခေါင်းဆောင်ပါ"
လီဆောင်းဂုသည် ကျနော့်ရှေ့သို့ရောက်လာပြီး ဦးညွတ်လိုက်သဖြင့် ကျနော် သဘောကျမိသွားသည်။ ထို့နောက်တွင်တော့ ပြိုင်သူကင်း ယူဂျွန်ဟော့ပုံစံ ကျနော်ဆက်ပြီး ဟန်ဆောင်လိုက်တော့သည်။
"ဒုံမြိုဘူတာဟုတ်လား။ အင်း။ ဒါဆိုရင် ထွက်သွားတော့"
"…ဟမ်"
"ဒီဘူတာက အခုကစပြီး ငါ့ဘူတာပဲ။ ဒါကြောင့် ထွက်သွားတော့"
လီဆောင်းဂုမှာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
"ဗျာ…"
"မင်းက ငါပြောတာကို နားမထောင်ဘူးလား"
ဒုံမြိုအလံကိုလွှင့်ထားသည့် အလံတိုင်ကို ကျနော်ငုံ့ကြည့်လိုက်သည်။ လီဆောင်းဂုသည် ချက်ချင်းဆိုသလို ကျနော်ဆိုလိုသည်ကို သဘောပေါက်သွား၏။
"ဒါ-ဒါက မဖြစ်နိုင်ဘူးလေ။ သိမ်းထားပြီးတဲ့ဘူတာတစ်ခုကို လက်လွှဲယူလို့ ရတာမဟုတ်ဘူး"
"ငါ့ကို အရူးလို့ထင်နေတာလား။ မင်းက လက်ထောက်ခေါင်းဆောင်မဟုတ်ဘူးလား"
"ဟုတ်ကဲ့"
"မင်းမှာ လက်ထောက်ခေါင်းဆောင်အာဏာရှိနေမှတော့ ဘူတာကို လက်လွှဲပေးလို့ရတာပဲ။ ဒါကို မင်းမသိဘူးလား"
"…"
"ငါ…သုံးအထိရေပြီးလို့မှ မပေးဘူးဆိုရင် မင်းရဲ့လည်ကိုဖြတ်ပစ်မယ်။ တစ်"
လီဆောင်းဂု၏မျက်နှာမှာ တောင့်တင်းသွားတော့သည်။ လီဆောင်းဂု၏လူတွေသည် ကျနော့်ကို ဖြည်းဖြည်းချင်းဝိုင်းထားခြင်းကြောင့် အခြေအနေမှာ တင်းမာလာ၏။ ရူးမိုက်သည့်အပြုအမူကို ရုတ်တရက်ကြီး ကျနော်ထလုပ်နေခြင်းကြောင့် ယောင်ဟီဝမ်နှင့် လီဟန်းဆောင်တို့မှာ စိတ်လှုတ်ရှားကုန်ကြသည်။ ကျနော်ဆက်ပြီး စကားကိုဆိုသည်။
"ငါနောက်နေတယ်လို့ထင်နေတာလား။ နှစ်"
လီဆောင်းဂုမှာ ဝတ္ထုကို လွန်ခဲ့သော ၁၀နှစ်က ဖတ်ခဲ့ခြင်းဖြစ်သဖြင့် မှတ်မိရန်အခက်တွေ့နေခြင်းဖြစ်လောက်ပေမည်။ လီဆောင်းဂုသည် ယူဂျွန်ဟော့မှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို မေ့နေပုံပင်။ ထိုသို့ဆိုလျှင် လီဆောင်းဂုပြန်ပြီးမှတ်မိသွားအောင် ကျနော်လုပ်ပေးရပေမည်။
[သီးသန့်စွမ်းရည်'အသန့်စင်ဆုံးဓါးစွမ်းအင် အဆင့် ၂'ကို အသက်သွင်းလိုက်ပါသည်။]
[ယုံကြည်မှုဓါးမှာ အသက်ဝင်သွားပါသည်။]
ဂျွီ
အဖြူရောင်ဓါးသွားထက်ပင် လီဆောင်းဂု၏မျက်နှာ ဖြူဖျော့သွားသည်အား ကျနော်မြင်လိုက်ရ၏။
ကျနော့်ဘက်က လောင်းကြေးထပ်ပြီး ကစားလိုက်ခြင်းပင်။
ယူဂျွန်ဟော့မှာ မည်သို့သော ကောင်စားမျိုးဖြစ်ကြောင်းကို လီဆောင်းဂု မှတ်မိသွားဖို့သာ လို၏။
ယူဂျွန်ဟော့သည် အစောပိုင်းကာလတွင် ရက်ရက်စက်စက်လှုတ်ရှားတတ်မှန်းကိုသာ လီဆောင်းဂုသိသွားမည်ဆိုပါက ကျနော်လောင်းကြေးထပ်သည့်အတိုင်း လိုက်၍ ကစားဝံ့မည်မဟုတ်လောက်ချေ။
အကယ်၍ ယူဂျွန်ဟော့အကြောင်း လီဆောင်းဂု သိမနေပါကလည်း အရေးမကြီးပေ။ လောင်းကြေးထပ်ထားသည်မှာ ရှုံးတော့မည်ဟု ကျနော်ယူဆမိသည်နှင့် တခါထဲထွက်ပြေးမည်ဖြစ်၏။ ယခုဆိုလျှင် ကျနော့်တွင် ထွက်ပြေးနိုင်သော ခွန်အား လုံလုံလောက်လောက်ရှိနေချေပြီ။
ရုတ်တရက်ဆိုသလို လီဆောင်းဂုသည် ထအော်လိုက်၏။
"ခ-ခဏလေးပါ။ ငါ-ငါပေးပါမယ်"
လီဆောင်းဂုသည် Ways of Survivalကို ဖတ်ထားခဲ့သော်လည်း သေချာမဖတ်ခဲ့သည့်ပုံပင်။
"ပေးဖို့မလိုတော့ဘူး"
"…ဗျာ"
"မင်းပြန်ဖြေတာ အရမ်းနောက်ကျသွားပြီ"
"ဟမ်"
"ဒီဘူတာကိုပေးရုံနဲ့မလုံလောက်ဘူး။ ဒွန်ဒဲမွန်ကိုပါ ပေးရမယ်"
ကျနော့်ဘေးတွင်ရှိသော ယောင်ဟီဝမ်၏အမူအရာမှာ ကို့ယို့ကားယား ဖြစ်သွားပုံ ပေါ်လေသည်။ ယောင်ဟီဝမ်သည် အလိုက်သင့် သရုပ်ဆောင်ပေးဖို့ အသင့်ဖြစ်နေသယောင် ရှိခဲ့သော်လည်း တကယ်တန်းတွင် အလိုက်သင့် သရုပ်မဆောင် ပေးနိုင်ခဲ့ချေ။
ကျနော်ကတော့ သရုပ်ဆောင်ဖို့လိုပေသည်။ ယခုဆိုလျှင် ကျနော်သည် ယူဂျွန်ဟော့ ဖြစ်နေပြီပင်။ ကျနော်သည် ယူဂျွန်ဟော့ဖြစ်ကြောင်း လီဆောင်းဂုယုံအောင်လုပ်ဖို့အတွက် အဓိပ္ပါယ်မရှိသည့် တောင်းဆိုမှုများကို လုပ်ဖို့လိုပေ၏။
လီဆောင်းဂုကို ဓါးဖြင့်ချိန်လိုက်ပြီး ကျနော် ရာဇသံပေးလိုက်၏။
"ငါပြောသလိုမလုပ်ဘူးဆိုရင် ဘာမှထပ်ပြီး ညှိနှိုင်းနေမှာမဟုတ်ဘူး"
"ဒါ-ဒါပေမဲ့…. "
"သုံးအထိ ငါထပ်ပြီးရေမယ်။ တစ်"
လီဆောင်းဂု၏မျက်နှာအမူအရာမှာ အမှန်ပင် ပြောင်းသွားချေပြီ။ ကျနော်သည် ယူဂျွန်ဟော့ဖြစ်ကြောင်းကို သူစပြီးယုံလာခြင်းပင်။ ဝတ္ထုတစ်ပုဒ်၏ ဇာတ်လိုက်သည် ယခုဆိုလျှင် သူ့ရှေ့၌ ရပ်နေပေပြီ။
ယခုလိုအခြေအနေကို သူမည်ကဲ့သို့ဆုံးဖြတ်မည်နည်း။ ဤနေရာ၌ သူ၏အပြုအမူပေါ် မူတည်ပြီး ဒီလူတွေနှင့် ကျနော်၏ဆက်ဆံရေးမှာ အနာဂတ်တွင် မည်ကဲ့သို့ ရှိနေလောက်မည်ကို ဆုံးဖြတ်နိုင်လောက်သည်။
"ဒွန်-ဒွန်ဒဲမွန်ယဉ်ကျေးမှုပန်းခြံဘူတာကို ပေးလို့ရပါတယ်။ ဒါပေမဲ့… "
"ဘာဒါပေမဲ့လဲ"
"နှစ်ဘူတာလုံးကို ပေးပိုင်ခွင့် အာဏာ ကျနော့်မှာမရှိလို့ပါ။ ဖြစ်နိုင်မယ်ဆိုရင် ကျနော်တို့ရဲ့ ကိုယ်စားပြုခေါင်းဆောင်နဲ့လိုက်တွေ့ပေးလို့ရမလား"
လီဆောင်းဂု၏ တုံ့ပြန်ပုံမှာ ကောင်းလှပေသည်။ ကျနော်လိုချင်သည့် သားကောင်အဆင့် မီပေ၏။
လီဆောင်းဂုသည် စကားကိုဆက်ပြီးပြောသည်။
"အကိုယူဂျွန်ဟော့ရဲ့ဂုဏ်သတင်းကို လူသိများပါတယ်။ ကျနော်တို့ရဲ့ကိုယ်စားပြု ခေါင်းဆောင်ဟာ အကိုယူဂျွန်ဟော့ကို တွေ့ချင်နေတာပါ။ ကျေးဇူးပြုပြီး ကျနော်တို့ အဖွဲ့နဲ့ စကားပြောခွင့်ပေးပါ။ အကိုယူဂျွန်ဟော့”
"မင်းတို့တွေက ငါ့ကိုသိနေတာလား"
"အကိုယူဂျွန်ဟော့ကို ကျနော်တို့တွေက ဘယ်လိုလုပ်မသိဘဲ နေမှာလဲဗျာ"
ထိုစကားကိုပြောပြီးပြီးချင်း လီဆောင်းဂုသည် သူ့ပါးစပ်ကိုချက်ချင်းပိတ်လိုက်၏။ ထူးဆန်းသော စကားကိုပြောမိသည်ဟု လီဆောင်းဂုထင်သွားခဲ့ခြင်းပင်။ ယူဂျွန်ဟော့သည် အစောပိုင်းကာလတွင် နာမည်ကြီးနေစရာအကြောင်းမရှိခဲ့ခြင်းကြောင့် ဖြစ်၏။
"ဘာ-ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို စကားပြောခွင့်ပေးရင် အရမ်းဂုဏ်ယူမိမှာ အမှန်ပါပဲ"
လီဆောင်းဂုကိုစိုက်ကြည့်ပြီး ကျနော်ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ။ ငါ့ကိုလမ်းပြပေးစမ်း"
လီဆောင်းဂု၏မျက်နှာမှာ တောက်ပသွားပြီး အကျိုးမရှိသော စကားများကို ပြောလိုက်၏။
"စိတ်မပူပါနဲ့။ ဘုရင့်ဂုဏ်သိက္ခာကိုတိုင်တည်ပြီး ကျိန်ဆိုဝံ့ပါတယ်။ အကိုယူဂျွန်ဟော့ကို ထိခိုက်အောင် ကျနော်မလုပ်ပါဘူးဗျာ"
[ဒုံမြိုဘူတာ၏ လက်ထောက်ခေါင်းဆောင် လီဆောင်းဂုသည် ဘုရင့်ဂုဏ်သိက္ခာကို တိုင်တည်ကာ ကျိန်ဆိုခဲ့ပါသည်။]
[ကျိန်ဆိုထားခြင်းကို လီဆောင်းဂုဘက်မှ ဖောက်ဖျက်ပါက သင်သည် သူ့ကို အပြစ်ပေးလို့ရပါသည်။]
အတော်ကိုမိုက်တဲ့လူပဲ။ ဒါပေမဲ့ ငါ့ကိုယူဂျွန်ဟော့လို့တကယ်ကြီးတွေးထားတာဆိုတော့ ဒီကောင်လုပ်ခဲ့တာ မှားတော့မမှားပါဘူးလေ။ ဒီကောင်က ငါထင်ထားတာထက်တောင် ယူဂျွန်ဟော့ကိုကောင်းကောင်းကြီးနားလည်ထားတာများလား။ ဒီကောင်တော့ ကျိန်ဆိုမိတဲ့အတွက် ပြန်ပေးဆပ်ရတော့မယ်။
"ဟ…ငါ့ကိုထိခိုက်အောင်လုပ်မယ်ဟုတ်လား။ မင်းတို့ကောင်တွေကလား"
"ဟာ…အကိုယူဂျွန်ဟော့ကို ကျနော်တို့ထဲက ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူးဗျာ။ ဟဲဟဲ….ကဲပါလေ…ဒီဘက်ကိုလိုက်ခဲ့ပေးပါ"
"ခဏနေဦး"
"ဟုတ်ကဲ့"
အလံတိုင်ကို ကျနော်လက်ညှိုးထိုးပြလိုက်လေသည်။
"အဲ့ဒါကို ငါ့ပေးစမ်း"
"…"
[သင်သည် ဒွန်ဒဲမွန်ယဉ်ကျေးမှုပန်းခြံဘူတာကို လက်ခံရရှိပါသည်။]
[လက်ရှိပိုင်ဆိုင်မှု : ချွန်မူရို (ပင်မစခန်း)
မြုံဒေါင်၊ ဒွန်ဒဲမွန်ယဉ်ကျေးမှုပန်းခြံ]
[အနီရောင်အလံ၏အာနိသင်မှာ တိုးတက်လာပါသည်။]
ကျနော့်မျက်စိရှေ့တွင်ပင် အလံမှာ ပြောင်းလဲလာတော့၏။
စစချင်း အတော်ကိုအဆင်ချောနေသည်ဟုပင် ပြော၍ရ၏။
နေပါဦး။ အရမ်းကိုလွယ်လွန်းမနေဘူးလား။
"ကဲ..သွားကြရအောင်"
လီဆောင်းဂုကိုကြည့်ပြီး ထူးဆန်းသည့်ခံစားချက် ကျနော့်စိတ်ထဲ ပေါ်လာသည်။
ယူဂျွန်ဟော့အနေဖြင့် ဆက်နေ၍ဖြစ်ပါမည်လော။
လီဆောင်းဂု၏လမ်းညွှန်မှုဖြင့် ဒုံမြိုဘူတာဆီသို့ကျနော်တို့သွားလိုက်ကြသည်။
ဒုံမြိုအဖွဲ့သားများသည် ကျနော်ဘယ်သူလဲကိုမသိကြသော်လည်း လီဆောင်းဂု၏ ဝိသေသ လက္ခဏာအစွမ်းကို ယုံမှားသံသယမဖြစ်ကြချေ။
အဖွဲ့၏အနောက်ကနေ ကျနော်လိုက်သွားလိုက်သည်။ လီဟန်းဆောင်သည် တစ်ခဏခန့် တွန့်ဆုတ်သွားပြီးနောက် ကျနော့်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟိုလေ…ဒေါ့… အဟု…"
ယောင်ဟီဝမ်သည် ချက်ချင်းသတိထားမိသွားပြီး လီဟန်းဆောင်၏ ဗိုက်ကို ထိုးထည့်လိုက်သည်။
လီဟန်းဆောင်၏ အဆုတ်ထဲကနေ လေသံထွက်လာပြီး လီဟန်းဆောင်မှာ ညီးညူလိုက်တော့သည်။
ယောင်ဟီဝမ်သည် တကယ်ကိုအားကိုးရပေသည်။ ယောင်ဟီဝမ်သည် အခြေအနေကို အတိအကျ လိုက်မမီဘဲ ဖြစ်နေသော်လည်း မည်ကဲ့သို့မီးစင်ကြည့်ကရမည်ကိုတော့ သိသူဖြစ်၏။
ကျနော်သည် ပါးစပ်ကိုလှုတ်ရုံ တိုးတိုးလေးပြောလိုက်သည်။
'မပြောလည်းဘဲ ဘာလုပ်ရမလဲသိကြတယ်မလား'
'အင်း။ အကြမ်းဖြင်းတော့ သိပါတယ်'
ယောင်ဟီဝမ်ကိုရော၊ လီဟန်းဆောင် ချီထားသည့် ဂန်အီဟွန်ကိုပါ ကျနော်ကြည့်လိုက်သည်။ ယခုအချိန်တွင် အရေးကြီးဆုံးလူက ဂန်အီဟွန်ပင်။
'ဂန်အီဟွန်ကို သေချာထိန်းထားပေးပါ။ နားလည်ကြရဲ့လား'
ယောင်ဟီဝမ်သည် ခေါင်းကိုညိတ်လိုက်ပြီး ထူးဆန်းသောအပြုအမူကို လုပ်လိုက်၏။ ယောင်ဟီဝမ်သည် ကျနော့်ရှေ့တွင် ဒူးထောက်ကာ အော်ပြောလိုက်လေသည်။
"မှန်လှပါ။ ဂျွန်ဟော့။ အမိန့်တော်မြတ်အတိုင်းပါ"
ဤမြင်ကွင်းကိုမြင်သူတိုင်း ဘုရင်ခေတ်က အရိုအသေပေးပုံကို ပြေးမြင်ကြမိမှာ သေချာပေသည်။ ရယ်စရာကောင်းသည်က အံ့အားသင့်နေသော လီဟန်းဆောင်လည်း ယောင်ဟီဝမ်၏ အပြုအမူအတိုင်း လိုက်လုပ်ခြင်းပင်။
"အ-အမိန့်တော်မြတ်အတိုင်းပါ"
အဖွဲ့၏ခေါင်းဆောင်ဖြစ်သော လီဆောင်းဂုသည် ယောင်ဟီဝမ်နှင့် လီဟန်းဆောင်တို့၏ အသံတွေကိုကြားပြီး အံ့အားသင့်သွားသည်။ အခြေအနေက ရှက်စရာကောင်းသည် မှန်သော်လည်း ရလာဒ်ကတော့ ကောင်းမွန်လှ၏။ လီဆောင်းဂု၏စိတ်ကို ဖတ်စရာမလိုအောင်ပင် စိတ်ထဲဘာတွေးနေသည်ကိုကျနော်တွေးကြည့်လို့ရသည်။
「ဒီလူက ယူဂျွန်ဟော့ဆိုတာ သေချာပါတယ် 」
လီဆောင်းဂုသည် ကျနော်နှင့်အကြည့်ချင်းဆုံသွားပြီး ခေါင်းကို အရှေ့သို့ အမြန်ပြန်လှည့်လိုက်သည်။ အဓိကဇာတ်လိုက်နေရာဟန်ဆောင်ရသည်က အလွန်ပင် ကောင်းလှပေသည်။
သိပ်မကြာခင်မှာပဲ ဒုံမြိုဘူတာကို ကျနော်တို့ရောက်ရှိသွားတော့သည်။
စင်္ကြံပလက်ဖောင်းပေါ်တွင် လူအုပ်ကြီးရှိနေလေ၏။ လီဆောင်းဂုအဖွဲ့မှ လူများကဲ့သို့ပင် ထိုလူတွေထဲက တချို့မှာ လက်နက်များ ကိုင်ဆောင်ထားသော်လည်း အများစုကတော့ လက်နက်များ မရှိကြချေ။
ထိုလူတွေသည် အဖွဲ့မရှိသော လေလွင့်လူများ ဖြစ်လောက်ပေသည်။
"မြန်မြန်သွားစမ်း"
"ဟုတ်-ဟုတ်ကဲ့"
အဆိုပါလေလွင့်လူများထဲတွင် ဒုံမြိုအဖွဲ့၏ စောင့်ကြည့်မှုအောက်၌ မြေကြွက်များကို သုတ်သင်နေကြသည့်သူများလည်းရှိသလို လက်နက်တွေကို ဖန်တီးဖို့အတွက် မကောင်းဆိုးဝါးတွေ၏ အလောင်းကို တစစီဖြုတ်နေသော လူများလည်းရှိကြသည်။
ထိုလူများကို 'ကျွန်များ'ဟု ဆိုက ဆိုနိုင်၏။ ဤကဲ့သို့မြင်ကွင်းမျိုးသည် ပဒေသရာဇ်ခေတ်တွင် မြင်တွေ့ရလေ့ရှိသော မြင်ကွင်းမျိုးဖြစ်လေသည်။
ယောင်ဟီဝမ်သည် မျက်မှောင်ကြုတ်ကာ ပြော၏။
"တကယ့်တိုင်းပြည်အစစ်လိုမျိုး ပြုမူနေကြတာပါလား"
ယောင်ဟီဝမ်ကို ကျနော်ပြောလိုက်သည်။
"ကြည့်ပြီးစိတ်တိုမနေနဲ့။ ဒီမှာပဲနေပြီးအခြေအနေကို စောင့်ကြည့်ထားပေးပါ"
"မှန်လှပါ…"
ယောင်ဟီဝမ်ကိုလျစ်လျူရှုလိုက်ပြီး ပတ်ဝန်းကျင်ကို ကျနော်လေ့လာလိုက်သည်။ မမျှော်လင့်ထားသော ပြောင်းလဲမှုတွေရှိလာနိုင်သည့်အတွက် လိုလိုပိုပို လေ့လာလိုက်ခြင်း ဖြစ်သည်။
ဒုံမြိုသည် မူရင်းဇာတ်လမ်းထဲတွင် အရေးပါသော နေရာဖြစ်၏။ သို့သော် ပရောဟိတ်တွေ ပေါ်လာခဲ့သည်မလို့ ဇာတ်ကြောင်းက ပြောင်းသွားခဲ့ပုံပေါ်၏။
လီဆောင်းဂု၏နောက်စေ့ကို ကျနော်ကြည့်လိုက်သည်။
ယခုဆိုလျှင် ကျနော့်တွင် မေးခွန်းနှစ်ခုရှိနေချေပြီ။ ပထမတစ်ခုမှာ လီဆောင်းဂုထံတွင် ကိုယ်ပိုင် မူရင်းဇာတ်လမ်း textဗားရှင်းရှိနေသည်လော။
ဒုတိယတစ်ခုကတော့ ပရောဟိတ်ဆိုသည့်လူများမှာ အရေအတွက်မည်မျှရှိသနည်း။
ထို့အပြင် တတိယမေးခွန်းလည်း ကျနော့်တွင် ရှိသည်ဟု ပြောလို့ရ၏။ ထိုပရောဟိတ်များထံတွင် ကျနော့်မှာလို 'စွမ်းရည်များ'ရှိနေမည်လော။ သို့သော် ရှိကြမည့်ပုံမပေါ်ချေ။ ကျနော့်မှာရှိသောစွမ်းရည်များ လီဆောင်းဂုထံတွင် ရှိနေမည်ဆိုပါက ဝိသေသ လက္ခဏာထောက်လှမ်းခြင်းစွမ်းရည်ထက် ဇာတ်ကောင်စာရင်းကိုသာ လီဆောင်းဂုသည် သုံးခဲ့လောက်၏။
ထို့အပြင် ဇာတ်ကောင်စာရင်းကို ကျနော်သုံးခဲ့ချိန်တွင်လည်း လီဆောင်းဂုထံ၌ Fourth Wallစွမ်းရည် ရှိနေပုံမပေါ်ခဲ့ချေ။ တနည်းအားဖြင့်ပြောရလျှင် လီဆောင်းဂုသည် လီဂီယောင်ကဲ့သို့သာ အထူးစွမ်းရည်တစ်ခုကိုရထားခြင်းဖြစ်လောက်၏။
အင်း….မူရင်းဇာတ်လမ်းရဲ့အခန်း ၃၀၀၀ ကျော်လုံးကို ငါဖတ်ထားခဲ့တာလေ။ ဒီကောင်တွေက အခန်းနည်းနည်းလောက်ဖတ်ဖူးပြီး ငါနဲ့စွမ်းရည်တူတူ ရှိနေရင် ဘယ်တရားမလဲ။
ထို့ကြောင့်မလို့လည်း ပရောဟိတ်တွေထံတွင် ကျနော့်ဆီမှာကဲ့သို့ textဗားရှင်း ရှိနေမည်ဟု ကျနော် မထင်ခြင်းဖြစ်သည်။
ဒါနဲ့ …ဒီကောင်ဘာကို သည်းကြီးမည်းကြီး ကြည့်နေတာလဲ။
လီဆောင်းဂုသည် သူ၏ဖုန်းကို ငုံ့ကြည့်နေလေ၏။
[ဒင်္ဂါး ၅၀၀၀ကို လျှင်မြန်မှုတွင် ရင်းနှီးမြုတ်နှံလိုက်ပါသည်။]
[လျှင်မြန်မှု အဆင့် ၂၀ -> လျှင်မြန်မှု အဆင့် ၃၀]
[သင့်ခန္ဓာကိုယ်တွင် အံ့အားသင့်ဖွယ်ကောင်းသော လျှင်မြန်မှုရှိနေပါပြီ။]
သရဲတစ်ကောင်ကဲ့သို့ လီဆောင်းဂုအနားကို လျှင်မြန်စွာဖြင့် ကျနော်ကပ်သွားလိုက်သည်။
"မင်းဘာတွေသည်းကြီးမည်းကြီးကြည့်နေတာလဲ"
"ဟ-ဟမ်။ ဘာမှမကြည့်ပါဘူး"
လီဆောင်းဂုသည် ဖုန်းကိုအလျှင်အမြန်ဝှက်လိုက်လေသည်။ ဖြတ်ခနဲဆိုသော်လည်း ဖုန်းမျက်နှာပြင်ကို ကျနော်မြင်လိုက်ရ၏။ လီဆောင်းဂု၏ဖုန်းမျက်နှာပြင်ပေါ်တွင် နောက်ခံအဝါရောင်ပေါ်တွင် ပေါ်နေသော မက်ဆေ့ချ်များရှိနေလေသည်။
စိတ်ထဲမသက်မသာဖြစ်သွားမိသည်။ ကျနော့်အကြည့်မမှားဘူးဆိုလျှင် ဖုန်းမျက်နှာပြင်ပေါ်၌ chat roomတစ်ခုကိုမြင်လိုက်ရခြင်းဖြစ်ပေမည်။
…ဒီမှာ အင်တာနက်ရနေတာလားဟ။