← Chapters

အနာဂတ်စစ်ပွဲ (၇)

Vol. 3 Ch. 49

အနာဂတ်စစ်ပွဲ (၇)

Vol. 3 Ch. 49

အင်တာနက်ရနေခြင်းသည် မဖြစ်နိုင်ပေ။

ဇာတ်ဝင်ခန်းစတင်ကတည်းက ဒိုကဲဘီချန်နယ်တွေ အသက်ဝင်လာခဲ့ခြင်းကြောင့် ဆိုးလ်မြို့တစ်ခုလုံးရှိ အင်တာနက်များမှာ ပြတ်တောက်သွားခဲ့၏။

နေဦး။ ဒါက ဒုံမြိုဘူတာပဲလေ။ အင်း….ဟုတ်သားပဲ….ဒါဆိုရင် အင်တာနက် ရှိတာက ဖြစ်နိုင်ပါတယ်

လီဆောင်းဂုသည် စိတ်မသက်မသာဖြစ်နေသော အမူအရာဖြင့် ကျနော့်ကို ကြည့်ကာ ပြော၏။

"အကိုယူဂျွန်ဟော့"

"ဘာလဲ"

"ကျနော်တို့တွေ ရောက်ပြီဗျ။ ကိုယ်စားပြုခေါင်းဆောင်ကြီး အထဲမှာစောင့်နေပါတယ်"

အရွယ်အစားအလယ်အလန့်ခန့်ရှိသော ရွက်ဖျင်တဲကြီးတစ်ခု စင်္ကြံပလက်ဖောင်း အလယ်တွင် ရှိနေသည်ကို မြင်လိုက်ရ၏။ ဤနေရာရှိ ကိုယ်စားပြုခေါင်းဆောင်ဆိုသောကောင်ထံတွင် ပစ္စည်းမျိုးစုံ ရှိနေလေသည်။

"သွားကြရအောင်"

လီဆောင်းဂုသည် ဦးညွတ်ပြီး ကျနော့်ကိုလမ်းပြပေး၏။ တဲထဲတွင်တော့ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နေလေသည်။ တဲသည် အပြင်ပိုင်း စုတ်ပြတ်နေပုံ ပေါက်သော်လည်း အတွင်း၌ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နေခြင်းမှာ မယုံနိုင်စရာပင် ကောင်းလှ၏။

အဆင့်မြင့်ဟိုတယ်တစ်လုံးကနေ ခိုးယူလာဟန်ပေါ်သော အနီရောင်ကော်ဇောနှင့် အိပ်ယာတစ်ခုမှ တဲထဲ၌ ရှိနေလေသည်။ ဆွေးနွေးရန်နေရာလုပ်ထားသည့် စားပွဲဝိုင်းတစ်ခုလည်းရှိနေပြီး စားပွဲပေါက်စလေးတစ်လုံးပေါ်တွင် ကွန်ပျူတာ တစ်လုံးကိုလည်း တင်ထားလေ၏။

စိတ်ဝင်စားစရာအကောင်းဆုံးမြင်ကွင်းမှာ အင်တာနက်ကို မွှေနှောက်ရှာဖွေနေသော ကောင်လေးပင်။ ထိုကောင်လေး၏မျက်နှာပေါက်အရ လီဂီယောင်ထက် အသက်အနည်းငယ်သာ ပိုကြီးပုံပေါ်လေသည်။

မျက်ကွင်းများညိုနေသည့် ထိုကောင်လေးသည် ညအိပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ထိုင်ခုံပေါ်တွင် ထိုင်နေ၏။

ထို့အပြင် လက်ထဲတွင်လည်း အပြာရောင်အလံတစ်ခုကို ကိုင်ထားသည်။ အံ့အားသင့်ဖို့ပင်ကောင်းလှ၏။

ထိုကောင်လေးသည် ဘုရင့်လမ်းကြောင်း၏ လမ်းတဝက်ကိုပင် ရောက်နေသူ ဖြစ်သည်။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းအား အသက်သွင်းလိုက်ပါသည်။]

[ဇာတ်ကောင်၏အကျဉ်းချုပ်]

အမည် : ဟန်ဒုံဂွန်

အသက် : ၁၇ နှစ်

ထောက်ပံ့သူ : ကန့်လန့်ကာနောက်ကွယ်က အရိပ်

သီးသန့်ဝိသေသ လက္ခဏာ: ဂုဏ်သိက္ခာရှိတကိုယ်တော်ရသေ့ (သူရဲကောင်း)

သီးသန့်စွမ်းရည်များ : အဝေးအထိရောက်သောအင်တာနက် အဆင့် ၅၊ စကားလုံးများလှည့်စားခြင်း အဆင့် ၃၊ ကီးဘုတ် တိုက်ခိုက်ရေး အဆင့် ၃၊ အသေးစား စားသုံးသူ အဆင့် ၆၊ အသံလှိုင်းတားဆီးခြင်း အဆင့် ၂….

အထူးစွမ်းရည် : တည်ရှိမှုမဲ့ခြင်း အဆင့် ၂

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၀၊ ခွန်အား အဆင့် ၁၀၊ လျှင်မြန်မှု အဆင့် ၁၉၊ မှော်စွမ်းအင် အဆင့် ၂၆

ခြုံငုံအကဲဖြတ်ချက် : ဤလူသည် ဂုဏ်သိက္ခာရှိ တကိုယ်တော်ရသေ့ အမျိုးအစားတွင် ထိပ်တန်းအဆင့်ရှိသူဖြစ်သည်။ သူ၏အဝေးအထိရောက်သော အင်တာနက်စွမ်းရည်မှာ ဒိုကဲဘီချန်နယ်များမှတဆင့် ကြိုးမဲ့ LAN cableများဖြင့် သတ်မှတ်ထားသော စက်များဆီ ချိတ်ဆက်​ပေးသော စွမ်းရည်ဖြစ်သည်။

ဟန်ဒုံဂွန်သည် လူအများကို လွှမ်းမိုးနိုင်သော စွမ်းရည်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာတော့ အားနည်းပါသည်။ ဟန်ဒုံဂွန်၏ ထောက်ပံ့သူသည် ဟန်ဒုံဂွန်၏ လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး အတော်ကို သဘောမတွေ့ဘဲဖြစ်နေပါသည်။

* လက်ရှိအချိန်တွင် ဟန်ဒုံဂွန်သည် စွမ်းအားကြီးသောစိတ်ညှို့မှုအစွမ်း၏အောက်၌ ကျရောက်နေပါသည်။

ကျနော်ရှင်းရှင်းလင်းလင်းမှတ်မိ၏။ ဒုံမြို၏ဘုရင်ကြီးဖြစ်သည့် ဤကောင်လေးသည် သိပ်မကြာခင်တွင် အရိပ်တွေ၏ရသေ့ဘုရင်ကြီးဖြစ်လာလောက်ပေသည်။ သနားစရာကောင်းသော အဆိုပါဘုရင်လေးမှာ အင်တာနက်မှပြောဆိုမှုများအား ပြန်လည်ဖြေဆိုနေရ၏။

–ဆိုးလ်မြို့ကို တသီးတခြားဖြစ်အောင် ပိတ်ချထားတယ်ဆိုတာ အမှန်ပဲလား

ㅋㅋ ဂန်နမ်က မြေစျေးတွေကျတော့မယ်

~~ သူဌေးတွေငိုနေကြပြီလား

┗ㄴㄴ ဆိုးလ်တစ်မြို့ထဲတင်မကဘူး။ တစ်ကမာ္ဘလုံးက မြို့ကြီးတွေအားလုံးပါ ပါတယ်။ တိုကျို၊ ပေကျင်း အစရှိတဲ့မြို့အားလုံး အမိုးခုံးကြီးအောက်မှာ ပိတ်မိနေကြပြီ

? ဆိုးလ်ကိုပြန်သိမ်းနိုင်မယ့်အစီအစဉ်မရှိဘူးလား။ အခုဖြစ်ရပ်က မနေ့ကမှ စခဲ့တာမလား

–ㅋㅋㅋ ဒါပေမဲ့ အမိုးခုံးအောက်မှာ ပိတ်မိနေတဲ့လူတိုင်း အစွမ်းတွေရသွားကြတယ်လေ

ㅋㅋ ㅋ ရူးချင်စရာကောင်းတဲ့စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်နဲ့တောင် မတူဘူးလား

? မကောင်းဆိုးဝါးတွေပေါ်လာချိန်ကစပြီး စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်သွားခဲ့တာကွ

စာပေါင်းများစွာပေါ်နေသော အင်တာနက်စာမျက်နှာကိုမြင်ရသည်မှာ ထူးဆန်းသလိုပင် ခံစားရ၏။ အင်တာနက်တကယ်ရနေသည်မှာ အမှန်ပင်ဖြစ်လေ၏။ အင်တာနက်ပေါ်တွင် ကျနော်တို့တွေ ကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေးနေကြလေသည်။ အမိုးခုံးအပြင်ဘက်ရှိလူတွေသည် အမှန်တရားကို မသိကြသေးပေ။

ဘုရင်လောင်းလေး၏လက်ချောင်းများမှာ စတင်လှုတ်ရှားသွားတော့၏။

–ပရောဟိတ်တွေအကြောင်းကို ကြားပြီးပြီလား။ အဲ့ဒီပရောဟိတ်တွေဆိုတာက ဘယ်လိုလူတွေလဲတော့မသိပေမဲ့ လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး သိထားတဲ့လူတွေလို့ ပြောတယ်ကွ ㅎ ㅎ

['ဟန်ဒုံဂွန်'ဇာတ်ကောင်သည် စကားလုံးများလှည့်စားခြင်းကို အသက်သွင်းလိုက် ပါသည်။]

ဟန်ဒုံဂွန်၏စာပေါ်လာသည်နှင့် ဒါဇင်နှင့်ချီသော စာများမှာ ဟန်ဒုံဂွန်၏စာအောက်တွင် ပေါ်လာလေသည်။

? ဘယ်လိုမှမဖြစ်နိုင်ဘူး

? မဖြစ်နိုင်ဘူးလို့ အစက ငါလည်း ထင်ခဲ့သေးတယ်။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ။ သိပ်မကြာသေးခင်က ရှေးဖြစ်ဟောတစ်ခုကိုကြားခဲ့ပြီးတော့ အဲ့ဒီရှေးဖြစ်ဟောအတိုင်း အတိအကျဖြစ်လာခဲ့တယ်လေ။ ငါကျိန်ပြီးပြောရဲတယ်

? တကယ်ကြီးလား။ အဲ့ဒီပရောဟိတ်တွေက ဘယ်မှာရှိတာလဲ။ သူတို့ရဲ့လိပ်စာကို လင်းစမ်းပါ

ကြီးမားသောစွမ်းအားနှင့် ဟန်ဒုံဂွန်၏စာမှာ အင်တာနက်တခွင် စတင်ပျံ့နှံ့သွားတော့သည်။ အံ့အားသင့်စရာပင်။ ဤနည်းဖြင့် စွမ်းရည်ကို သုံးလို့ရမည်မှန်း ကျနော်ထင်မထားခဲ့ချေ။

"ကိုယ်စားပြုခေါင်းဆောင်ကြီး ဟန်ဒုံဂွန်"

လီဆောင်းဂုက လှမ်းခေါ်လိုက်ရာ ဟန်ဒုံဂွန်မှာ ခေါင်းထောင်ကာ လှမ်းကြည့်လေသည်။

"ဧည့်သည်တစ်ယောက်ရောက်လာပါတယ်။ နှုတ်ဆက်လိုက်ပါဦး"

မျက်တွင်းကျနေသာမျက်လုံးများဖြင့် ဟန်ဒုံဂွန်သည် ကျနော့်ကိုစိုက်ကြည့်လိုက်သည်။

"မ…မ….မ….မင်္ဂ…လာပါ"

ဟန်ဒုံဂွန်၏အခြေအနေမှာ ပုံမှန်ဟုတ်မနေချေ။

Ways of Survivalဇာတ်လမ်းထဲတွင် ‘ဆိုးလ်၏သတ္တမမြောက်ဘုရင်ကြီး’ဟု အခေါ်ခံခဲ့ရသော ဤကောင်လေး၏ပုံစံမှာ လုံးဝပင်ပန်းနေပုံပေါက်၏။ မူရင်းဇာတ်လမ်းထဲတွင် ဟန်ဒုံဂွန်သည် သူ၏ပင်ကိုစရိုက်အရ လူတွေကို ရှောင်လေ့ရှိသော်လည်း ယခုလောက်မဆိုးရွားချေ။

ဟန်ဒုံဂွန်သည် ယိုင်တီးယိုင်တိုင်ဖြင့် ထရပ်ပြီး စားပွဲဝိုင်းရှိ ထိုင်ခုံတစ်လုံးတွင် ထိုင်ကာ လက်သည်းကိုကိုက်နေလေသည်။

လီဆောင်းဂုသည် ကျေနပ်သွားဟန်ဖြင့် ပြုံးလိုက်၏။

"ကဲ…အကိုယူဂျွန်ဟော့။ ကိုယ်စားပြုခေါင်းဆောင်နဲ့စကားပြောလိုက်ပါဦး"

ဟန်ဒုံဂွန်ကိုကြည့်ပြီး ကျနော်ရယ်လိုက်သည်။

"စကားပြောရမယ်ဟုတ်လား။ ဘာကိုပြောရမှာလဲ"

"ဟမ်"

"ငါ့ကိုလာနောက်နေတာလား"

ဟန်ဒုံဂွန်၏မျက်လုံးများမှာ အသက်မဲ့နေသကဲ့သို့ပင် ဖြစ်နေလေသည်။

"…ဒီကောင်က ကိုယ်စားပြုခေါင်းဆောင်တဲ့လား"

ဟန်ဒုံဂွန်သည် ဤဘူတာ၏ ကိုယ်စားပြုခေါင်းဆောင်ဆိုသည်မှာ သိသာလှသည်။ အမည်ခံခေါင်းဆောင်ဆိုလျှင်ပေါ့။

သို့ပေသိ….ကိုယ်စားပြုဆိုသည့်စကားလုံးသည် 'လက်တွေ့မြင်နေရသည့်'အခြေအနေနှင့် မအပ်စပ်လှပေ။

"မင်းက ငါ့ကိုဘယ်လောက်ကြာတဲ့အထိ ဟာသတွေလုပ်နေဦးမှာလဲ။ အရုပ်တစ်ရုပ်နဲ့ ငါ့ကိုစကားပြောစေချင်တာလား"

ကျနော်လှည့်ကြည့်လိုက်ရာ လီဆောင်းဂု၏လက်များတုန်ရီနေသည်ကို မြင်လိုက်ရ၏။ သူတော်စင်၏မျက်လုံးဖြင့် ပကတိအခြေအနေကို မရိပ်မိလောက်ဟု လီဆောင်းဂု ထင်ခဲ့ပုံပေါ်သည်။ လီဆောင်းဂုသည် ဖုန်းကိုဖွင့်ကာ တစ်စုံတစ်ခုကို စစ်ဆေးလိုက်ပြီး သက်ပြင်းချလိုက်၏။

"…အကိုယူဂျွန်ဟော့။ ကျနော်တမင်လုပ်တာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျနော့်ကို ခွင့်လွှတ်ပေးပါ"

"မင်းကမှ ဒီဘူတာရဲ့တကယ့်အာဏာပိုင်မလား"

"ဟုတ်ပါတယ်"

"အဲ့ဒီအကြောင်းကို လူဘယ်လောက်သိထားလဲ"

"ထိပ်ပိုင်းစီမံခန့်ခွဲရေးသမားအချို့ပဲ သိထားတာပါ"

အားကောင်းသောစွမ်းရည်တစ်ခုရှိသည့် လူတစ်ယောက်ကို ရုပ်သေးရုပ်သဖွယ်ထားကာ ဤဘူတာအား ထိန်းချုပ်နေခြင်းသာ ဖြစ်၏။ ထိုကဲ့သို့ထိန်းချုပ်မှုမျိုးမှာ Ways of Survivalဇာတ်လမ်းထဲတွင် မကြာခဏဆိုသလိုပါခဲ့သော်လည်း လက်တွေ့တွင် မြင်လိုက်ရသည့်အခါမှာတော့ ထူးဆန်းသည်ဟု ခံစားနေရလေသည်။

"မင်းက တကယ့်အာဏာပိုင်ဆိုရင် ဘာလို့ငါ့ကိုဒီခေါ်လာခဲ့ရတာလဲ"

"တခြားလူတွေသတိထားမိမှာမျိုး မဖြစ်စေချင်လို့ပါ။ အကိုယူဂျွန်ဟော့ သတိထားမိလားတော့မသိဘူး။ အသံလှိုင်းတားဆီးခြင်းစွမ်းရည်နဲ့ ဒီတဲကိုလည်း ကာထားပါတယ်"

ထိုသို့ကာထားမည်မှန်း ကျနော်တွေးထားပြီးသားပင်။ အသံလှိုင်းတားဆီးခြင်းစွမ်းရည်မှာ ဟန်ဒုံဂွန်၏ စွမ်းရည်တွေထဲမှ တစ်ခုဖြစ်၏။

"အတော်ကိုအရေးကြီးတဲ့ကိစ္စပြောချင်လို့ ကာထားတာထင်တယ်"

"မှန်ပါတယ်။ အကို ယူဂျွန်ဟော့။ အကို့အတွက်ရော၊ ကျနော်တို့အားလုံးအတွက်ပါ အရေးကြီးပါတယ်"

"မင်းတို့အားလုံးအတွက်လည်း အရေးကြီးတယ်ဟုတ်လား"

လီဆောင်းဂုသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စကားကိုဆက်ပြော၏။

"ကျနော်က ပရောဟိတ်ပါ။ အတိအကျပြောရရင်တော့ ကျနော်က ပရောဟိတ်တွေထဲက တစ်ယောက်ပါ"

ကျနော်သိချင်နေသော အချက်အလက်မှာ လီဆောင်းဂု၏ ပါးစပ်ကနေ နောက်ဆုံးတွင် ထွက်ကျလာပြီပင်။ လီဆောင်းဂုဆက်ပြောမည့်စကားကို တိတ်တဆိတ်ပဲ ကျနော်စောင့်ကာ နားထောင်လိုက်သည်။

"အကိုယူဂျွန်ဟော့။ ကျနော်တို့တွေ အခုအရမ်းပျော်နေတာကို အကိုသိလောက်မယ် မထင်ဘူး။ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေရော၊ ကျနော်ရောဟာ အကိုယူဂျွန်ဟော့အတွက် မဟာအောင်ပွဲနေ့ရက်ဖြစ်တဲ့ ဒီနေ့ကို စောင့်မျှော်နေခဲ့တာပါ"

ငါနားကြားများမှားတာလား။ ဒီကောင် ထူးဆန်းတဲ့စကားတွေ ပြောနေတာပဲ

"အကိုယူဂျွန်ဟော့ရဲ့အထူးအစွမ်းအကြောင်းကို ကျနော်တို့သိထားပါတယ်။ သေတာနဲ့ အတိတ်ကို ပြန်သွားလို့ရတဲ့အစွမ်းကိုပြောတာပါ။ ဒီကမာ္ဘမှာ အကိုယူဂျွန်ဟော့တစ်ယောက်ပဲ အဲ့ဒီအထူးအစွမ်းကို ရထားတာဗျ"

ကျနော်အနည်းငယ်စိတ်လှုတ်ရှားသွားသော်လည်း နက္ခတ်တွေ မကြားအောင် စစ်ချမှု ရှိနေမည်ကိုတွေးမိသောကြောင့် ဆက်ပြီးသာ နားထောင်နေလိုက်၏။

"အကိုယူဂျွန်ဟော့ဟာ အကြိမ်ရေအနည်းငယ်လောက် နောက်ပြန်ဆုတ်ပြီး လောက်ပြီလို့လည်း ထင်ပါတယ်။အကိုဟာ ဆိုးရွားတဲ့ရန်သူတွေကို တိုက်ခိုက်ပြီး လူတွေကိုကယ်တင်ပေးဖို့အတွက် ဒီကမာ္ဘမှာ ရုန်းကန်ပေးနေမှန်း သိပါတယ်။ အကိုရဲ့တကိုယ်ထဲ ရုန်းကန်ပြီး အထီးကျန်လှတဲ့ဖြတ်သန်းမှုတွေကို…ကျနော့်တို့ရဲ့ ရင်ထဲအသဲထဲကနေကို လေးစားနေတာပါ"

ဒီမအေဘေးက ဘယ်လိုမြှောက်ပင့်ပြီး ပြောရမလဲကောင်းကောင်းသိနေတာပဲ။ ဒီမအေဘေးရဲ့စကားတွေကိုကြားလိုက်ရရင် ယူဂျွန်ဟော့တောင်မှ ဟက်ထိပြီး မျက်ရည်ဝဲသွား နိုင်တယ်။ ယူဂျွန်ဟော့ဆိုတဲ့ကောင် စိတ်ဓါတ်ကျတဲ့အချိန်နဲ့ ကြုံမှပဲ ဒီမအေဘေးပြောတဲ့စကားအတိုင်း ပြောပေးဦးမယ်။

" နောက်ပြန်ဆုတ်ခဲ့မှုတွေကနေ အကိုယူဂျွန်ဟော့ သဘောပေါက်ထားလောက်ပြီ ထင်ပါတယ်။ အကို့ဆီမှာ ထူးချွန်တဲ့အံ့ဖွယ်အစွမ်းတစ်ခုရှိနေရင်တောင် အကိုတစ်ယောက်ထဲ ရောက်လာတော့မယ့် ကပ်ဆိုးတွေကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးဗျ"

လီဆောင်းဂုပြောသည်က အမှန်ပင်။

"အကိုယူဂျွန်ဟော့။ ဒီတခါတော့ လုံးဝကိုမတူစေရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေ ရှိနေပြီလေ။ ကျနော်တို့ပရောဟိတ်တွေဟာ အထူးကောင်းချီးပေးမှု တစ်ခုကို ရရှိထားပြီး အကို့ကိုကူညီပေးဖို့အတွက် ရှိနေတာပါ"

လီဆောင်းဂုသည် အားမပါစွာ ပြုံးလိုက်သည်။

"အကိုသိချင်နေလောက်မယ်ထင်တယ်။ အရင်အခေါက်တွေတုန်းက ပေါ်မလာခဲ့တဲ့ ဒီကောင်တွေဟာ အခုဘာလို့ပေါ်လာရတာလဲဆိုတာကိုပေါ့။ စိတ်ရှုတ်ထွေးစရာ ကောင်းတာမှန်ပေမဲ့ ကျနော်တို့ကို အကိုယုံလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက အခုလိုဖြစ်ပျက်လာမှာနဲ့ပတ်သတ်တဲ့ဗျာဒိတ်တစ်ခုကို ကျနော်တို့တွေ ရထားတာပါ"

"…ဗျာဒိတ်ဟုတ်လား"

"ဟုတ်ပါတယ်။ ကျနော်တို့ကမာ္ဘမှာ ပရောဟိတ်တွေကြားထဲ တိတ်တဆိတ်နဲ့ မျှဝေပေးထားတဲ့ လျှို့ဝှက်'ဗျာဒိတ်'တစ်ခုရှိတယ်ဗျ။ အဲ့ဒီဗျာဒိတ်ထဲမှာ ယူဂျွန်ဟော့ဆိုတဲ့ သက်ရှိဒဏ္ဍာရီတစ်ပါးအကြောင်းပါ ပါတယ်။ အဲ့ဒီဗျာဒိတ်မှာ အတိတ်ကိုရော၊ အနာဂတ်ကိုပါ မှတ်တမ်းတင်ထားပါတယ်”

နေဦး။ တကယ်ကြီးဗျာဒိတ်ရှိနေတာလား။

"ကျနော်ပြောတာကို အကိုမယုံသေးဘူးမလား။ အကိုယူဂျွန်ဟော့ဟာ လီဟန်းဆောင်ကို လုပ်ဖော်ကိုင်ဖက်အဖြစ် စည်းရုံးမယ်ဆိုတာကို ကျနော်တို့တွေ သိထားပြီးသားပါ။ အကိုနဲ့အတူပါမလာကြပေမဲ့ အကို့အနားမှာ ထင်ယောင်ထင်မှားမိစာ္ဆ ကင်နမ်ဝန်နဲ့ ပင်လယ်စစ်သူကြီးမ လီဂျီဟယ်တို့လည်း ရှိနေလောက်ပြီထင်တယ်။ ဒါပေမဲ့ ဒီလူတွေနဲ့မလုံလောက်သေးဘူးဗျ။ ဗျာဒိတ်အရဆိုရင် အနည်းဆုံး… "

စိတ်လှုတ်ရှားမှုကိုဖုံးကွယ်လိုက်ပြီး ကျနော်မေးလိုက်၏။

"အဲ့ဒီဗျာဒိတ်က ဘယ်မှာလဲ"

"ကံဆိုးစွာနဲ့ပဲ ဗျာဒိတ်ဟာ ပျက်ဆီးသွားပြီး မူရင်းဗျာဒိတ်ကို ကျနော်တို့တွေ ရှာမရဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျနော်တို့တစ်ယောက်ချင်းစီဟာ ဗျာဒိတ်ရဲ့ အစိတ်အပိုင်းတစ်ချို့ကို မှတ်မိတယ်လေ။ အဲ့ဒီအစိတ်အပိုင်းတွေကနေတဆင့် အကိုနဲ့အတူ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကျနော်တို့ပြင်ထားပါတယ်"

…အိုးဟို

"အရင်အခေါက်တွေတုန်းကအတိုင်း အကိုထပ်ပြီးရှင်သန်မယ်ဆိုရင် ထပ်ပြီး သေရလိမ့်မယ်ဗျ။ ဒါပေမဲ့ အကိုယူဂျွန်ဟော့….ကျနော်တို့နဲ့အတူရှိနေမယ်ဆိုရင်တော့ အခြေအနေက ကွဲပြားသွားမှာပါ"

လီဆောင်းဂုသည် စကားကိုဝေ့လည်ကြောင်ပတ် ပြောနေလေသည်။ မျက်လုံးကိုဖြည်းဖြည်းချင်း ကျနော်ပိတ်လိုက်ပြီး ပြောလိုက်၏။

"ဪ"

လီဆောင်းဂုသည် ပြောနေသောစကားကိုချက်ချင်းရပ်လိုက်လေသည်။ သူ့ကိုကြည့်ရသည်မှာ စိတ်လှုတ်ရှားနေပုံပင်။

ယူဂျွန်ဟော့ထံတွင် မုသားထောက်လှမ်းနိုင်စွမ်းရှိသည်မဟုတ်ပါတကား။

ကျနော့်ထံတွင်တော့ မုသားထောက်လှမ်းနိုင်စွမ်းစွမ်းရည်မရှိချေ။ ရှိခဲ့လျှင်တောင်မှ လီဆောင်းဂုပြောသည့်စကားများကို မုသားထောက်လှမ်းနိုင်စွမ်းဖြင့် စိစစ်လို့ရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် မုသားထောက်လှမ်းနိုင်စွမ်းသည် ဤကဲ့သို့ အမှန်တရားနှင့် ရောထွေးနေသည့်စကားကို စစ်မထုတ်နိုင်ခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့်မလို့လည်း ကျနော်ပို၍သတိကြီးကြီးထားမိနေခြင်းဖြစ်လေသည်။

"…အံ့အားသင့်စရာပဲ"

အံ့အားသင့်မိတာတော့အမှန်ပင်။ အံ့အားသင့်သည်ဆိုခြင်းထက် တုန်လှုတ်မိသည်ဟု ပြောခြင်းက ပိုမှန်မည်ထင်၏။ အတော်ကိုကောင်းမွန်သည့် ဇာတ်လမ်းဆင်ပြမှုပင်။ အချိန်တိုအတွင်း မရရအောင်ဇာတ်လမ်းဆင်ပြခဲ့သည်ဟုပြောလျှင် ပိုမှန်ပေမည်။

လူတွေ၏ ဖန်တီးနိုင်စွမ်းသည် အမှန်ပင်ကြီးကျယ်လှ၏။

"မင်းနာမည်က ဆောင်းဂုနော်"

"ဟုတ်ပါတယ်။ အကိုယူဂျွန်ဟော့"

Ways of Survivalစာအုပ်ကို ကျနော်ပင် ချရေးပြလို့ရ၏။

တောက်လျောက်သေနေတဲ့ သူရဲကောင်းကြီးကို ကူညီပေးဖို့အတွက် စာဖတ်သူတွေဟာ ဗျာဒိတ်တစ်ခုကိုရခဲ့တာဆိုပဲ။

ဇာတ်လမ်းဆင်ပြသွားပုံက Ways of Survivalအစစ်ထက်ပင် ပို၍စိတ်လှုတ်ရှားဖို့ ကောင်းနေပေ၏။

"ဝေ့လည်ကြောင်ပတ်ပြောမနေတော့နဲ့။ လိုရင်းကိုပဲ ပြောစမ်း"

ဇာတ်လမ်းဆင်ပြပုံကို နားထောင်ပြီးပြီမလို့ စကားပြောဖို့အချိန်တန်ပေပြီ။

"မင်းတို့တွေက အနာဂတ်ရဲ့ဗျာဒိတ်ကိုရထားတယ်ပေါ့လေ။ ဒါဆိုရင် မင်းတို့တွေ ဘာဆက်လုပ်မှာလဲ"

လီဆောင်းဂုသည် ချက်ချင်းပြန်ဖြေ၏။

"အကိုယူဂျွန်ဟော့နဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်။ မဟာမိတ်လို့နာမည်ခံထားပေမဲ့ တကယ်တန်းတော့ အကို့ရဲ့လက်အောက်ခံအဖြစ်နေမှာပါ"

လီဆောင်းဂုသည် အတော်ကိုရယ်ရသောလူဖြစ်၏။

အဆုံးသတ်ကျတော့ လက်အောက်ခံအဖြစ်နေချင်တာက ဒီကောင့်ရဲ့ ရည်ရွယ်ချက်တဲ့လား။ အဓိက ဇာတ်ကောင်ကို ဘောမချင်နေတာပဲ။

"ဪ။ မဟာမိတ်ပေါ့လေ။ မင်းက မဟာမိတ်ဖွဲ့ချင်တာလား"

"ဟုတ်ပါတယ်"

"ကမ်းလှမ်းမှုကတော့ စိတ်ဝင်စားစရာပဲ"

"ဒါဆိုရင် …"

စားပွဲကိုကျနော်ခေါက်လိုက်၏။

"ဒါပေမဲ့ အဆင့်ကျော်နေတယ်ကွ"

"ဟမ်"

"ငါမသိတဲ့ကောင်တွေနဲ့ ငါက ဘယ်လိုမဟာမိတ်ဖွဲ့ရမှာလဲ။ ငါနဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် မင်းအရင်ဆုံး မိတ်ဆက်ပြဖို့လိုတယ်မဟုတ်ဘူးလား"

"ကျ-ကျနော်ကို ကျနော် မိတ်ဆက်ပြရမှာလား။ ကျနော်မိတ်ဆက်ပြီးပြီပဲလေ"

ထိုင်ခုံကနေ ကျနော်ထရပ်လိုက်ပြီး အိပ်ယာပေါ်တွင် ထိုင်လိုက်၏။ ထို့နောက် ခြေထောက်ကိုချိတ်လိုက်ကာ ရာဇသံပေးလိုက်သည်။

"ဒူးထောက်စမ်း"

"ဗျာ"

"ဒူးထောက်"

လီဆောင်းဂုသည် တစ်ခဏခန့်ရှက်သွားပြီးနောက် စိတ်ခံစားချက်ကိုထိန်းကာ ထိုင်ခုံကနေ ထလိုက်၏။ လီဆောင်းဂု၏ဒူး ဖြည်းဖြည်းချင်း ကြမ်းပြင်ကို ထိသွားသည်နှင့် ကျနော် စကားပြောလိုက်သည်။

"မင်းရဲ့ဝိသေသ လက္ခဏာကို ငါ့ကိုပြောပြစမ်း"

ဘုရင်လောင်းအပေါ်၌ အားကောင်းသော စိတ်ညှို့ထားမှုရှိနေသည်ကိုမြင်ကတည်းက လီဆောင်းဂု၏ ဝိသေသ လက္ခဏာကို ကျနော်ခန့်မှန်းထားပြီးဖြစ်သော်လည်း သေချာအောင်တော့ အတည်ပြုလိုသေးသည်။

လီဆောင်းဂုသည် စိတ်ရှုတ်ထွေးသည့်အကြည့်ဖြင့် ကျနော့်ကိုကြည့်လိုက်၏။ လီဆောင်းဂု၏စိတ်ထဲတွင် အပြင်းအထန်စဉ်းစားနေပုံပင်။ ဤကဲ့သို့ သူတွေးနေလောက်၏။

「 ယူဂျွန်ဟော့ဟာ သူတောင်စင်မျက်လုံးနဲ့ငါ့ရဲ့အချက်အလက်ကို မြင်နိုင်တာပဲလေ」

「ငါ့ရဲ့ဝိသေသ လက္ခဏာက ဘာလဲသိထားပြီးသားကို ဘာကြောင့်များ သူက မေးနေရတာလဲ」

လီဆောင်းဂုသည် တစ်ခဏခန့်တွန့်ဆုတ်နေပြီးမှ မေးသည်ကို ပြန်ဖြေသည်။

"ကျနော့်ရဲ့ဝိသေသ လက္ခဏာက…စိတ်ညှို့သူပါ"

ကျနော်ထင်ထားသည့်အတိုင်း စိတ်ညှို့သူဖြစ်နေခြင်းပင်။

"ဪ"

ကျနော်ခေါင်းညိတ်ပြလိုက်သဖြင့် လီဆောင်းဂု၏မျက်နှာမှာ အနည်းငယ်ဝင်းပသွား၏။ ကျနော်စစ်ဆေးနေခြင်းကို အောင်မြင်သွားပြီဟု လီဆောင်းဂုတစ်ယောက် တွေးလိုက်ပုံပင်။

"ဒါပဲလား"

"…ဗျာ"

လီဆောင်းဂု၏အကြည့်မှာ တုန်လှုတ်သွားတော့သည်။

"…နောက်-နောက်တခုကျန်ပါသေးတယ်"

ကျနော်ခေါင်းညိတ်ပြလိုက်၏။

"ငါ့ကိုပြောပြစမ်း"

"န-နဝမမြောက်…

"နဝမမြောက်ဘာဖြစ်လဲ"

လီဆောင်းဂုသည် ရှက်နေသည့်ဟန်ဖြင့် ခေါင်းကို ငုံ့လိုက်လေသည်။

"နဝမမြောက်…လက်လျှော့သူပါ"

ဪ။ ဒီကောင်က နဝမမြောက်….ဟမ်။ နေဦး…ဒါဆိုရင် ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ။

All Chapters