← Chapters

ဂိုဏ်းလုံးကျွတ် တောင်ပေါ်မှဆင်း၍ ကောင်းကင်ကိုယ်စား တရားစီရင်ခြင်း

Vol. 8 Ch. 71

ဂိုဏ်းလုံးကျွတ် တောင်ပေါ်မှဆင်း၍ ကောင်းကင်ကိုယ်စား တရားစီရင်ခြင်း

Vol. 8 Ch. 71

"ဘာ... နတ်ဆိုးဂိုဏ်းက အဲဒီလောက်တောင် အင်အားကြီးတာလား..."

ကျန်းယွီချွန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

စီရင်စုမြို့တော်ဆိုသည်မှာ ပြည်နယ်တစ်ခု၏ အကြီးမားဆုံးသော အာဏာပိုင်အချက်အချာနေရာ ဖြစ်သည်။ မငြိမ်မသက်ဖြစ်နေသော ကာလများတွင် ထိုနေရာသည် ဒေသန္တရဘုရင်တစ်ပါး၏ မြို့တော်ပင် ဖြစ်သည်။တာ့လီမင်းဆက်၏ ပြည်နယ်တစ်ခုချင်းစီရှိ စီရင်စုမြို့တော်များသည် ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့သည် စစ်သားများကို ဆင့်ခေါ်စုဆောင်းနိုင်ပြီး နန်းတော်သို့ အစီရင်ခံရုံသာ လိုအပ်သည်။ ဤသည်မှာ တာ့လီမင်းဆက်၏ နယ်မြေ အလွန်ကျယ်ဝန်းလှသဖြင့် ဧကရာဇ်အနေဖြင့် ပြည်နယ်တစ်ခုချင်းစီကို အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲသောကြောင့် မဟာဘိုးဘေးကြီးလက်ထက်ကတည်းက ချမှတ်ခဲ့သော စည်းမျဉ်းတစ်ခု ဖြစ်သည်။

သိုင်းလောကဂိုဏ်းတစ်ခုက စီရင်စုမြို့တော်တစ်ခုကို သိမ်းပိုက်လိုက်သည်ဆိုသော အကြံအစည်မှာ အလွန်ပင် ယုတ္တိမရှိလှပေ။ စီရင်စုမြို့တော်အတွင်း၌ သိုဝှက်ထားသော အထက်တန်းလွှာစစ်သည် တစ်သိန်းခန့်ကို ရှာဖွေတွေ့ရှိရန်မှာ မခက်ခဲလှချေ။

လျူဖန်ကျိုးက သက်ပြင်းချလိုက်ပြီး…

"ကျူပ်လည်း နားမလည်နိုင်အောင် ဖြစ်နေရတယ်... ကြားတာတော့ နန်းတွင်းတပ်တွေ ပုန်ကန်ရတာက နတ်ဆိုးတစ်ကောင်ရဲ့ မြှောက်ပင့်မှုကြောင့်တဲ့... နတ်ဆိုးဂိုဏ်းထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ နတ်ဆိုးတာအိုဆရာတစ်ပါး ရှိနေတယ်... ကျွန်တော်လည်း အခြေအနေအသေးစိတ်ကို စောင့်နေတုန်းပဲ..."

နတ်ဆိုးတာအိုဆရာ…

ကျန်းယွီချွန်း မျက်မှောင်ကြုတ်လိုက်မိသည်။လီချင်းချိုး၏ လမ်းပြမှုအောက်တွင် မသေမျိုးလမ်းစဉ်ကို စတင်ကျင့်ကြံချိန်မှစ၍ တစ္ဆေများနှင့် နတ်ဘုရားများ ရှိကြောင်းကို ပိုမို ယုံကြည်လာခဲ့သည်။ သူသည် သိုင်းလောကမှ ကျွမ်းကျင်သူများကို မကြောက်သော်လည်း ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုဆရာများနှင့် မှော်ဆရာများကိုမူ ကြောက်ရွံ့မိသည်။

"အစ်ကိုလျူ... ခင်ဗျားမှာ စီရင်စုမြို့တော်အထိ အဆက်အသွယ်တွေ ရှိတာလား..." လီချင်းချိုးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

စီရင်စုမြို့တော်ကို နတ်ဆိုးဂိုဏ်းက ပိတ်ဆို့ထားသည့်တိုင် လျူဖန်ကျိုးက သတင်းများကို စောင့်ဆိုင်းနေနိုင်သေးသည်။ ဤကုန်သည်ကား သာမန်လူ မဟုတ်ချေ။

လျူဖန်ကျိုးက ချွေးများကို သုတ်လိုက်ပြီး …

"ကျုပ်က ကွမ်းကျိုးစီရင်စုမှာ စီးပွားရေးလုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ အဆက်အသွယ်တချို့တော့ ရှိတာပေါ့... စီရင်စုမြို့တော်ထဲက လူတော်တော်များများက ကျုပ်မိတ်ဆွေတွေပါ..."

"မိတ်ဆွေ" ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကျန်းယွီချွန်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

လီချင်းချိုးက ….

"နန်းတွင်းက စီရင်စုမြို့တော်နဲ့ ပတ်သက်ပြီး အစီအစဉ်တစ်ခု ရှိလောက်ပါတယ်... စောင့်ကြည့်ကြတာပေါ့... လောကီအရေးကိစ္စတွေက ကျွန်တော်တို့ ဝင်ပါလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး... အစ်ကိုလျူ... ခင်ဗျားလည်း ခင်ဗျားသမီးလေးဆီ သွားကြည့်လိုက်ပါဦး..."

လျူဖန်ကျိုး ခေါင်းညိတ်လိုက်ပြီးနောက် လီချင်းချိုးလည်း လှည့်ထွက်လာခဲ့သည်။

လျူဖန်ကျိုးကို ကျောခိုင်းလိုက်သည်နှင့် လီချင်းချိုး၏ မျက်နှာထား ရေခဲတမျှ အေးစက်သွားသည်။

ဤကိစ္စက ချင်းရှောင်ဂိုဏ်းနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသလို ထင်ရသော်လည်း လီချင်းချိုး၏ အမြင်တွင်မူ နတ်ဆိုးဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို ဆွဲထည့်ရန် ထောင်ချောက်ဆင်နေခြင်း ဖြစ်သည်။

နတ်ဆိုးဂိုဏ်း၏ အစောင့်အရှောက်နှင့် နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ဖော် ချင်းရှောင်ဂိုဏ်းတွင် သေဆုံးခဲ့ကြသည်။ ၎င်းတို့အားလုံးက နတ်ဆိုးဂိုဏ်း၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြပြီး နှစ်ဖက်အဖွဲ့အစည်းကြားမှ အမုန်းတရားမှာ ဖြေရှင်း၍ မရနိုင်တော့ချေ။

စီရင်စုမြို့တော်ကို နတ်ဆိုးဂိုဏ်း တိုက်ခိုက်ခြင်းမှာ ဧကရာဇ်အတွက် အလုပ်လုပ်ပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့ အင်အားစုစည်းမိသွားသည်နှင့် ချင်းရှောင်ဂိုဏ်းကို သေချာပေါက် လွှတ်ပေးထားမည် မဟုတ်ပေ။

လီချင်းချိုးဘက်က အခြားအင်အားစုများကို မည်သည့်အခါမျှ ရန်စခြင်းမရှိဘဲ ချင်းရှောင်ဂိုဏ်းကို တိုးတက်အောင် လုပ်ဆောင်ခဲ့သော်လည်း လူများက သူတို့ကို အမြဲတစေ လာရောက် ရန်စနေတတ်ကြသည်။

သူ လှုပ်ရှားရန် အလျင်မလိုသေးပေ။ လျူဖန်ကျိုး မည်သည့်သတင်းအချက်အလက်မျိုး ရရှိနိုင်မည်ကို သူ သိချင်သည့်အပြင် နန်းတွင်းက ဤပြဇာတ်ကို မည်သို့ ကပြမည်ကိုလည်း စောင့်ကြည့်လိုသေးသည်။

...

ကုကျိုးစီရင်စု၊ စစ်စခန်းများနှင့် စစ်မြေပြင်တခု၌…

ကွင်းပြင်ကျယ်တစ်ခုတွင် မြင့်မားသော စင်မြင့်တစ်ခုကို တည်ဆောက်ထားပြီးစင်မြင့်ရှေ့တွင် လက်နှင့် ခြေထောက်များကို တုပ်နှောင်ထားသော စစ်သားများ ဒူးထောက်လျှက်ရှိကြသည်။ သူတို့၏ ပတ်ပတ်လည်တွင် နတ်ဆိုးမျက်နှာဖုံးများ တပ်ဆင်ထားသော နတ်ဆိုးဂိုဏ်းသားများ ဝိုင်းရံထားကြကာ စစ်သားအားလုံးက စင်မြင့်ပေါ်မှ လူပုဂ္ဂိုလ်ကို ကြောက်ရွံ့တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

စင်မြင့်ပေါ်တွင် လူတစ်ယောက်တည်းသာ ရပ်နေသည်။ ထိုသူသည် ကောက်ရိုးခမောက်ကို ဆောင်းထားပြီး ဖြူဖွေးသော ဆံပင်များ လွင့်ဝဲနေကာ နတ်ဆိုးမျက်နှာဖုံးကိုလည်း တပ်ဆင်ထားသည်။ သူသည် ခရမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးပတ်တင်းတင်း စည်းကာ ဓားတစ်လက်ကို ဘေးတွင် ချိတ်ဆွဲထားသည်။ လေပြင်းနှင့် သဲမှုန်များ တိုက်ခတ်နေသဖြင့် ထိုသူ၏ ဝတ်ရုံမှာ ပြင်းထန်စွာ လွင့်ပျံနေသော်လည်း ကိုယ်နေဟန်ထားကတော ထိုက်တောင်တန်းကဲ့သို့ တည်ငြိမ်နေသည်။

သူသည် လက်ကို နောက်ပစ်လျက် အောက်ဘက်ရှိ ရာပေါင်းများစွာသော စစ်သားများကို ငုံ့ကြည့်နေပြီး မျက်နှာဖုံးအောက်မှ မျက်လုံးများမှာ အလွန်အေးစက်နေသည်။

နေဝင်ချိန် နီးကပ်လာပြီဖြစ်ရာ နေလုံးကြီးမှာ မိုးကုပ်စက်ဝိုင်းတွင် တွဲလွဲခိုနေပြီး စစ်သားရာပေါင်းများစွာ အပေါ် နေရောင်ခြည်ကျဆင်း၍ အရိပ်မည်းကြီးများကို ရှည်လျားစွာ ဖြစ်ပေါ်နေသည်။

ထိုစဉ် နတ်ဆိုးဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦး အဝေးမှ ပြေးလာပြီး ခြေတစ်လှမ်းလျှင် မီတာများစွာ ရောက်ရှိသော ကိုယ်ဖော့ပညာကို အသုံးပြုကာ စင်မြင့်ထံသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သူက ဦးညွှတ်၍ လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြု၍….

"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... ဝေတောက်ကျန့်က ပြောပါတယ်... မသေမျိုးလမ်းစဉ် ရှာဖွေတာက သူ့ရဲ့ စိတ်နဲ့ ဝိညာဉ်ကိုအင်အား ကုန်ခမ်းစေလို့ သူ အရမ်းပင်ပန်းနေပါပြီတဲ့... ဒီညကိစ္စမှာ သူ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်..."

မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော ဆံပင်ဖြူနှင့် လူမှာ သိုင်းလောကသားများက နတ်ဆိုးဧကရာဇ်ဟု ခေါ်ဆိုကြသည့် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်မှလွဲ၍ အခြားသူ မဟုတ်ပေ။

လက်အောက်ငယ်သား၏ စကားကို ကြားသောအခါ မျက်နှာဖုံးအနောက်တွင် ကွယ်ဝှက်ထားသော နတ်ဆိုးဧကရာဇ်၏ မျက်လုံးများမှာ အေးစက်မြဲ အေးစက်နေသည်။

"ငါ သိပြီ..."

သူ၏ အသံမှာ အက်ကွဲနေသဖြင့် အသက်အရွယ်ကို ခန့်မှန်းရန် ခက်ခဲလှသည်။

ထိုသိုင်းပညာရှင်လည်း ချက်ချင်း ပြန်လည် ဆုတ်ခွာသွားသည်။

နတ်ဆိုးဧကရာဇ်က ညာလက်ကို မြှောက်လိုက်ရာ စစ်သားရာပေါင်းများစွာကို စောင့်ကြပ်နေသော နတ်ဆိုးဂိုဏ်းသားများက ဓားများကို တပြိုင်နက် ဆွဲထုတ်လိုက်ကြသည်။ လက်နက် ဆွဲထုတ်လိုက်သံများ ရောယှက်ထွက်ပေါ်လာပြီး လူတိုင်း၏ ကျောရိုးထဲထိ စိမ့်တက်သွားစေသည်။

စစ်သားရာပေါင်းများစွာမှာ ချက်ချင်းပင် ထိတ်လန့်တကြား ဖြစ်ကုန်ကြပြီး အချို့က အသက်ချမ်းသာပေးရန် အော်ဟစ်တောင်းပန်ကြသလို အချို့ကမူ ဒေါသတကြီး ကျိန်ဆဲကြလေသည်။

"ငါ့ကို လွှတ်ပေးပါ... ငါ မှားသွားပါတယ်... နောက်မပြေးတော့ပါဘူး... တကယ် နောက်မပြေးတော့ပါဘူး..."

"နတ်ဆိုးဧကရာဇ်... မင်း အသေဆိုးနဲ့ သေရမှာ... နန်းတွင်းက မင်းကို ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး..."

"မင်း လူတွေ အများကြီး သတ်ခဲ့ပြီးပြီ... ဝဋ်လည်မှာ မကြောက်ဘူးလား..."

"ငါ မင်းကို ငရဲပြည်မှာ စောင့်နေမယ်... မင်း ဘယ်တော့မှ ငြိမ်းချမ်းမှု မရစေရဘူးလို့ ထာဝရ ကျိန်စာတိုက်နေမှာ..."

"နတ်ဆိုးဂိုဏ်း... မင်းတို့ရဲ့ ကံကြမ္မာက ငါတို့ထက် ပိုဆိုးလိမ့်မယ်..."

အောက်ဘက်မှ စစ်သားရာပေါင်းများစွာ၏ ဆူညံသံများကို ရင်ဆိုင်ရင်း နတ်ဆိုးဧကရာဇ်က မြှောက်ထားသော လက်ကို ပြန်ချလိုက်ရာ နတ်ဆိုးဂိုဏ်းသားများက ချက်ချင်းပင် ဝင်ရောက်စီးနင်းပြီး စစ်သားများကို စတင် သတ်ဖြတ်ကြတော့သည်။

လက်နက်များက အသားများကို လှီးဖြတ်သံနှင့် အရိုးများကို ခြစ်မိသံများ ဆက်တိုက် ထွက်ပေါ်နေပြီး နတ်ဆိုးဧကရာဇ်ကမူ ရှေ့မှောက်တွင် ဖြစ်ပျက်နေသမျှကို အေးစက်စွာ ကြည့်ရှုနေသည်။

စစ်သားအားလုံး သွေးအိုင်ထဲတွင် လဲကျသွားပြီးနောက် နတ်ဆိုးဂိုဏ်းသားများက အလောင်းများကို ရှင်းလင်းလိုက်ကြသည်။ ပိန်လှီသော နတ်ဆိုးသိုင်းပညာရှင်တစ်ဦးက စင်မြင့်သို့ ရောက်လာပြီး အမိန့်ကို စောင့်ဆိုင်းနေသည်။

"သတင်းဖြန့်လိုက်... နတ်ဆိုးဂိုဏ်းက ကုကျိုးစီရင်စု သိုင်းလောကတစ်ခုလုံးကို ဖိတ်ခေါ်တယ်လို့... အစီအစဉ်ကြီးတွေကို ဆွေးနွေးဖို့ စုဝေးကြမယ်... နောက်နှစ်လနေလို့မှ မလာရောက်တဲ့ ဘယ်ဂိုဏ်းကိုမဆို အကြီးအသေးမရွေး နတ်ဆိုးဂိုဏ်းနဲ့ စီရင်စုမြို့တော် တပ်မတော်က လိုက်လံ ရှင်းလင်းလိမ့်မယ်..."

နတ်ဆိုးဧကရာဇ်၏ အမိန့်ကို ကြားသည်နှင့် စင်မြင့်အောက်မှ နတ်ဆိုးဂိုဏ်းသားက ချက်ချင်း နာခံပြီး ထွက်ခွာသွားသည်။

စင်မြင့်အောက်ရှိ အလောင်းများကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်၏ မျက်လုံးများတွင် ရွံရှာသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။သူက နေဝင်ရီတရော ကောင်းကင်ယံကို မော့ကြည့်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"ကောင်းကင်ဆိုတာ မရှိဘူးနဲ့ တူပါတယ်..."

...

လျူဖန်ကျိုး တောင်ပေါ်ရောက်ပြီး ခုနစ်ရက်အကြာတွင် နတ်ဆိုးဂိုဏ်းက စီရင်စုမြို့တော်ကို သိမ်းပိုက်လိုက်သည့်သတင်းမှာ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ကုကျိုးစီရင်စုရှိ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေကြပြီး သိုင်းလောကမှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။ နတ်ဆိုးဂိုဏ်း၏ ခြိမ်းခြောက်မှုက သိုင်းလောကရှိ ဂိုဏ်းအဖွဲ့အစည်းအားလုံး၏ ခေါင်းပေါ်တွင် ဓားတစ်လက် မိုးထားသကဲ့သို့ ဖြစ်နေသည်။

ချင်းရှောင်ဂိုဏ်းသားများသည်လည်း နတ်ဆိုးဂိုဏ်း၏ လုပ်ရပ်များကြောင့် တုန်လှုပ်သွားကြသည်။ သူတို့က သက်ဆိုင်ရာ ဆရာသခင်များကို မေးမြန်းကြသော်လည်း လက်ရှိအတိုင်း နေထိုင်ပြီး ညွှန်ကြားချက်ကို ဆက်လက် စောင့်ဆိုင်းရန်သာ အဖြေရကြသည်။

ဤအခြေအနေသည် ကုကျိုးစီရင်စုတစ်ခုလုံးကို ရိုက်ခတ်နေပြီး သိုင်းလောက၏ ကပ်ဘေးသည် ဒေါသ၊ ကြောက်ရွံ့မှုနှင့် ကုကျိုးစီရင်စုမှ ထွက်ပြေးလိုစိတ်များကို ဖြစ်ပေါ်စေသည်။

ချင်းရှောင်ဂိုဏ်း၌ မည်သူမျှ ထွက်ပြေးခြင်းမရှိသော်လည်း ဤကိစ္စကို သီးသန့် ဆွေးနွေးနေကြဆဲ ဖြစ်သည်။

ကျန်းယွီချွန်းက သတင်းအချက်အလက် ရယူရန် တပည့်များကို တောင်အောက်သို့ စေလွှတ်ထားသလို လျူဖန်ကျိုး၏ သတင်းများလည်း တောင်ပေါ်သို့ ဆက်တိုက် ရောက်ရှိနေသည်။ နတ်ဆိုးဂိုဏ်းက ခြိမ်းခြောက်စာ ထုတ်ပြန်လိုက်ပြီး ကုကျိုးစီရင်စုရှိ ဂိုဏ်းအဖွဲ့အစည်းအားလုံး စီရင်စုမြို့တော်သို့ လာရောက်ရန် တိုက်တွန်းထားသည်။ ဤကိစ္စကြောင့် ကုကျိုးစီရင်စု သိုင်းလောကမှာ မှောင်မိုက်သော အရိပ်ကြီးတစ်ခု လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။

ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ ချင်းရှောင်တောင်ကို နတ်ဆိုးဂိုဏ်းက လာရောက် ကျူးကျော်ခြင်း မရှိသော်လည်း ဂိုဏ်းသားများမှာ ဖိစီးသော လေထုအခြေအနေကို ရှင်းလင်းစွာ ခံစားနေကြရပြီး မည်သူမျှ တောင်ပေါ်တွင် လျှောက်သွားခြင်း မရှိကြတော့ပေ။

ဧည့်သည်ဆောင်တစ်ခု အတွင်း၌….

စုရှီးလင်က စောင်းတီးနေသော ကျူးယန် ထံသို့ ရောက်လာပြီး အံကြိတ်ကာ ….

"သတင်းတွေ အကုန်လုံးက အမှန်တွေပဲ... နေ့တိုင်း စီရင်စုမြို့တော် အပြင်ဘက်ကို အလောင်းတွေ အများကြီး လာစွန့်ပစ်နေကြတယ်... အရိုးတွေဆိုတာ တောင်လိုပုံနေပြီး ကြည့်ရတာ အရမ်းဆိုးဝါးတယ်... နတ်ဆိုးဂိုဏ်းက သားရဲတွေက ရက်စက်လွန်းတယ်... သူတို့က လူမဟုတ်ဘဲ လူရေခွံခြုံထားတဲ့ မိစ္ဆာတွေလို့တောင် ကျွန်မ သံသယဝင်မိတယ်..."

ကျူးယန်က လက်ကို ရပ်တန့်လိုက်ပြီး စုရှီးလင်းကို ကြည့်ကာ မေးလိုက်သည်။

"နန်းတွင်းကရော... ဘာသတင်းမှ မရဘူးလား..."

"ဘာသတင်းမှ မရှိဘူး... ကုကျိုးစီရင်စုက စွန့်ပစ်ခံလိုက်ရသလိုပဲ..."

စုရှီးလင်၏ မျက်နှာထား တည်ကြည်လေးနက်နေသည်။ သူမ၏ဘဝ သက်တမ်းတစ်လျှောက်တွင် ဤမျှ ဆိုးဝါးသော ကပ်ဘေးမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ သူမ၏ အရိုးထဲထိ စိမ့်အောင် အေးခဲစေသော အရာမှာ နတ်ဆိုးဂိုဏ်းကို ရှင်းလင်းရန် နန်းတွင်းတပ်များ ရောက်မလာခြင်းပင် ဖြစ်သည်။ တောင်အောက်မှ လေထုမှာ ကြောက်ရွံ့မှုများဖြင့် ထူပိတ်နေပြီး ရွာထဲမှ ကလေးများကိုပင် မိဘများက အိမ်ထဲတွင်သာ ပိတ်ထားကြသည်။

ကျူးယန်၏ မျက်လုံးများ အေးစက်သွားပြီး ထူးဆန်းသော လေံသံဖြင့် …

"လောကမှာ အင်အားအကြီးဆုံး အာဏာက နန်းတွင်းအာဏာပဲ... ကောင်းကင်ကသာ ပြည်သူတွေကို ဂရုမစိုက်ရင် ပြည်သူတွေ ဘယ်တော့မှ ငြိမ်းချမ်းရမှာ မဟုတ်ဘူး..."

စုရှီးလင်က ..

"သခင်မလေး... ကျွန်မတို့ ထွက်သွားကြမလား... ကုကျိုးစီရင်စုက သန့်ရှင်းတဲ့နယ်မြေ မဟုတ်တော့ဘူး... ဒီကပ်ဘေးကနေ လွတ်မြောက်ခဲ့ရင်တောင် မူလချီ ပြန်လည်ပြည့်ဝဖို့ နှစ်ပေါင်းများစွာ ကြာဦးမှာ..."

ကျူးယန်က ခေါင်းအနည်းငယ် ခါလိုက်ပြီး…

"ငါ မသွားဘူး... တောင်ပေါ်မှာပဲ နေပြီး ဒီကန္တာရဆန်နေတဲ့ လောကကြီးကို စောင့်ကြည့်မယ်..."

စုရှီးလင် ဘာမှမပြောတော့ဘဲ စိတ်မကောင်း ဖြစ်နေမိသည်။ ထိုကောလာဟလများကို တွေးလိုက်တိုင်း သူမ၏ ရင်ထဲတွင် ဒေါသများ တောက်လောင်လာရသည်။

အခြား ဧည့်သည်ဆောင်တစ်ခုတွင် ကျောက်လင်းလုံကလည်း သူမ ကြားသိရသမျှကို လီရန်အား ပြောပြနေသည်။

ယခင်က ဆုံးရှုံးမှုကို ကြုံတွေ့ပြီးနောက် လီရန်မှာ စိတ်လိုက်မာန်ပါ မလုပ်တော့ချေ။ တောင်အောက်မှ အခြေအနေများကို ကြားသိရပြီးနောက် သူ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

"အိမ်က စာလာတယ်... ဒီကိစ္စမှာ ဝင်မပါဖို့ အကြံပေးထားတယ်..."

ကျောက်လင်းလုံက လီရန်ကို လေးလေးနက်နက် ပြောလိုက်သည်။

လင်းချွမ်လီမိသားစုသည် နေရာအနှံ့တွင် ဩဇာအာဏာ ကြီးမားပြီး ကုကျိုးစီရင်စု၏ ခရိုင်တိုင်းတွင် သူလျှိုများ ရှိသဖြင့် သတင်းစကား ပေးပို့ရန်မှာ လွယ်ကူလှသည်။

လီရန်က ပြန်မဖြေပေ။ သူ့လက်ထဲမှ လှံရှည်ကိုသာ ကြည့်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်က….

"ငါ ဘယ်သူ့အတွက် တိုက်ခိုက်နေတာလဲ..."

ကျောက်လင်းလုံ သက်ပြင်းချလိုက်ပြီးနောက် ထရပ်ကာ ထွက်ခွာသွားသည်။

သတင်းများက နေ့စဉ် တောင်ပေါ်သို့ ရောက်ရှိနေပြီး သူမသည်လည်း ကုကျိုးစီရင်စု၏ အခြေအနေအတွက် အလွန် စိတ်ပူပန်နေမိသည်။

ရက်အနည်းငယ် ထပ်ကုန်ဆုံးသွားပြီးနောက် နေ့လယ်ခင်း တစ်ခု၌…

လင်းရှောင်ခြံဝင်းအတွင်း လီချင်းချိုးက စားပွဲဝိုင်းတွင် ဂျူနီယာညီလေး၊ ညီမလေးများနှင့်အတူ ထိုင်ကာ အစားအသောက် လာပို့မည်ကို စောင့်ဆိုင်းရင်း ဝိညာဉ်ရေးရာ အတွေ့အကြုံများကို ဆွေးနွေးနေကြသည်။

ထိုစဉ် ချင်ယဲ့ ခြံဝင်းထဲသို့ ဝင်လာပြီး စားပွဲရှည်ဆီသို့ လျှောက်လာပြီး လီချင်းချိုးကို ကြည့်လိုက်၍….

"ဆရာ….တောင်အောက်က သတင်းရောက်လာပါတယ်... ကောင်းကင်ဓားဂိုဏ်းက နေရာအနှံ့က တပည့်တွေကို စုစည်းပြီး စီရင်စုမြို့တော်ကို သွားရောက် တိုက်ခိုက်ခဲ့ပါတယ်... နေ့ဝက်လောက် တိုက်ပွဲဖြစ်ပြီးနောက်မှာ တပ်ဖွဲ့တစ်ခုလုံး မျိုးဖြုတ်သုတ်သင် ခံလိုက်ရပါတယ်..."

ထိုစကားကို ကြားသောအခါ လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။

ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ကျန်းကျောက်ရှားနှင့် လီစစ်ဖုန်းကို အဆိပ်ခတ်ခဲ့သဖြင့် ချင်းရှောင်ဂိုဏ်း၏ အမျက်ဒေါသကို ဆွပေးသလို ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ကျန်းကျောက်ရှားက လက်စားချေရန် သွားရောက်ခဲ့ပြီး ကောင်းကင်ဓားဂိုဏ်းကို ဖိအားပေးခဲ့သည်။ ဂိုဏ်းချုပ်နေရာ အပြောင်းအလဲဖြစ်ခဲ့ပြီး ရန်ငြိုးအမျိုးမျိုးကြောင့် သူတို့တွေ ကောင်းကင်ဓားဂိုဏ်းကို အထင်သေးခဲ့ကြသည်။ မထင်မှတ်ထားသည်မှာ ကောင်းကင်ဓားဂိုဏ်းက ယခုအခါ နတ်ဆိုးဂိုဏ်းကို ဆန့်ကျင်ရန် ပထမဆုံး မတ်တပ်ရပ်လာသည့် သိုင်းလောကဂိုဏ်း ဖြစ်နေခြင်းပင်။

လောကီကမ္ဘာတွင် နေထိုင်သော ကောင်းကင်ဓားဂိုဏ်းသည် တောင်ပေါ်ရှိ ဂိုဏ်းများထက် သာမန်ပြည်သူများကို ပိုမို ဂရုစိုက်ကောင်း ဂရုစိုက်ပေလိမ့်မည်။

"ကောင်းပြီ... ထိုင်ပြီး ပြောပါ..."

လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး မျက်နှာအမူအရာ တည်ငြိမ်နေကာ သတင်းကြောင့် ထိခိုက်မှု မရှိသည့်ပုံ ပေါ်နေသည်။

ကျန်သူများက ချင်ယဲ့ကို အခြားသတင်းများ ရှိသေးလားဟု ဝိုင်းဝန်းမေးမြန်းကြသည်။ ချင်ယဲ့ကလည်း တောင်အောက်တွင် ကြားခဲ့ရသမျှကို ပြန်လည်ပြောပြပြီး နတ်ဆိုးဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် စီရင်စုမြို့တော် အပြင်ဘက်မှ ကြောက်မက်ဖွယ် မြင်ကွင်းများကို ဖော်ပြလေသည်။

အလောင်းများက လယ်ကွင်းများအနှံ့ ပြန့်ကျဲနေပြီး အရိုးဖြူများက တောအုပ်သဖွယ် ဖြစ်နေ၏။

နေ့စဉ် အရပ်သားများ၏ အလောင်းများကို မြို့ပြင်သို့ စွန့်ပစ်နေကြသည်။ စီရင်စုမြို့တော်၌ ကြီးမားသော အာဃာတတရား၏ သင်္ကေတသဖွယ် မိုးတိမ်မည်းများ ဖုံးလွှမ်းနေသည်ဟု ဆိုကြသည်။

"ဘယ်လောက်ကြာသွားပြီလဲ... နန်းတွင်းက အခုထိ တပ်မလွှတ်သေးဘူး... ဒါက တကယ်ပဲ အဲဒီ ခွေးဧကရာဇ်ရဲ့ လက်ချက်လား..."

လီစစ်ဖုန်းက မချိတင်ကဲရေရွတ်ရင်း အံကြိတ်လိုက်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်ဟု မသတ်မှတ်သော်လည်း ဤအရာများကို ကြားရသောအခါ ဒေါသ မထွက်ဘဲ မနေနိုင်ချေ။

မည်သူကမျှ သူ့ကို ပြန်မဖြေနိုင်ဘဲ ဝင်ရောက် ကျိန်ဆဲရုံသာ တတ်နိုင်ကြသည်။ သို့သော် ဤနေရာမှနေ၍ ဧကရာဇ်နှင့် နတ်ဆိုးဂိုဏ်းကို ကျိန်ဆဲနေခြင်းက အဓိပ္ပာယ်မရှိပေ။

လီချင်းချိုးကတော့ နှုတ်ဆိတ်နေပြီး အစားအသောက်များ ရောက်လာသောအခါ တိတ်ဆိတ်စွာပင် စားသောက်လိုက်သည်။

ကောင်းကင်ဓားဂိုဏ်း၏ သူရဲကောင်းဆန်သော လုပ်ရပ်များ ချင်းရှောင်ဂိုဏ်းအတွင်း ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းသားအများစုမှာ ငယ်ရွယ်ပြီး တက်ကြွသူများ ဖြစ်ကြသည်။ သူတို့အားလုံး ကောင်းကင်ဓားဂိုဏ်း၏ လုပ်ရပ်ကို လေးစားကြပြီး တောင်အောက်သို့ ဆင်းကာ တိုက်ပွဲဝင်လိုစိတ်များ ဖြစ်ပေါ်နေကြသည်။ လူအများအပြားက ဂိုဏ်းချုပ်၏ သဘောထားကို သိလို၍ ကျန်းယွီချွန်းထံ သွားရောက် မေးမြန်းကြသော်လည်း အားလုံးကို နှစ်သိမ့်၍ ပြန်လွှတ်လိုက်ကြသည်။

ပုံမှန်အားဖြင့် စိတ်မြန်ပြီး သူရဲကောင်းဆန်သော ယန်ကျွယ်တိန်သည်ပင် ထူးထူးခြားခြား လီချင်းချိုးကို လာမရှာဘဲ တောအုပ်ထဲတွင် သီးသန့်ခွဲထွက်၍ သိုင်းကျင့်ကြံနေခဲ့သည်။

ငါးရက်ကြာပြီးနောက်…

သူခိုးဘုရင် ချန်ချန်းဟိုင် ချင်းရှောင်ဂိုဏ်းသို့ ပြန်ရောက်လာပြီး လီချင်းချိုးကို တစ်ယောက်တည်း တွေ့ဆုံခဲ့သည်။ ထိုနှစ်ယောက် စကားစမြည် ပြောဆိုပြီးနောက် ထိုနေ့တွင်ပင် ချင်းရှောင်ဂိုဏ်း၏ ခေါင်းလောင်းသံ မြည်ဟည်းလာခဲ့သည်။

ဤသည်မှာ ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ကို အတုယူ၍ လီချင်းချိုး ဖန်တီးထားခြင်း ဖြစ်သည်။ တောင်ထိပ်မှ တောင်ခြေအထိ လမ်းတစ်လျှောက်တွင် ခေါင်းလောင်း ၁၂ လုံး ရှိသည်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက တောင်ခြေမှ တောင်ထိပ်သို့ ခေါင်းလောင်းသံများ ဆင့်ကဲ မြည်ဟည်းသွားမည် ဖြစ်သည်။ သို့သော် ယခုအကြိမ်တွင် ခေါင်းလောင်းသံများက တောင်ထိပ်မှ စတင် မြည်ဟည်းနေခြင်း ဖြစ်သည်။ ဤသည်မှာ ဘာကို ဆိုလိုကြောင်း ဂိုဏ်းသားအားလုံး နားလည်လိုက်ကြသည်။

ရွှမ်းရှင်းခန်းမတွင် စုဝေးကြတော့မည်….

ချင်းရှောင်တောင်ပေါ်ရှိ ဂိုဏ်းသားအားလုံး ရွှမ်းရှင်းခန်းမသို့ စတင် ထွက်ခွာလာကြသည်။ စောစီးစွာ ရောက်ရှိနေသော ဂိုဏ်းသားများက ခန်းမအတွင်း၌ အချင်းချင်း ဆွေးနွေးနေကြပြီး အခုလိုဆင့်ခေါ်ခြင်းက စီရင်စုမြို့တော်အကြောင်း ဆွေးနွေးလိုသည်ကို သိရှိသကဲ့သို့ ဂိုဏ်းချုပ်၏ သဘောထားကိုလည်း သိချင်နေကြသည်။

"ဘယ်မင်းဆက်မှာမှ ဒီလို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်မျိုး မဖြစ်ဖူးဘူး... ဘယ်လိုလုပ် သာယာဝပြောတဲ့ခေတ်လို့ ပြောနိုင်မှာလဲ... ဒါက ကပ်ဘေးကာလထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်..."

"နတ်ဆိုးဂိုဏ်းက တခြားမြို့တွေက ကလေးတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ ငါ ကြားတယ်... ဒီနတ်ဆိုးဂိုဏ်းမှာ လူဘယ်နှယောက်တောင် ရှိနေတာလဲ... စီရင်စုမြို့တော်ကိုလည်း စောင့်ကြပ်နေသလို အပြင်ကိုလည်း လူလွှတ်နိုင်တယ်ဆိုတော့... ဒါက တကယ်ပဲ နန်းတွင်းက ရှင်းလင်းလိုက်ပြီဆိုတဲ့သတင်းက ဟုတ်ရော ဟုတ်ရဲ့လား..."

"ငါ့အမြင်တော့ နတ်ဆိုးဂိုဏ်းက နန်းတွင်းရဲ့ လက်ပါးစေ ဖြစ်လောက်တယ်... မဟုတ်ရင် ဘာလို့ နန်းတွင်းက အခုထိ တပ်မလွှတ်ရတာလဲ..."

"လျှောက်မပြောစမ်းပါနဲ့... တာ့လီမင်းဆက်က နယ်မြေကျယ်ဝန်းတော့ စစ်ကူရောက်ဖို့ ကြန့်ကြာတာ နားလည်ပေးလို့ ရပါတယ်... အဓိက ပြဿနာက စီရင်စုမြို့တော် ကျသွားတာ လွယ်လွန်းနေတယ်... အတွင်းထဲမှာ နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုတွေ ရှိနေပြီး အတွင်းအပြင် ညှပ်တိုက်လိုက်တာ ဖြစ်မယ်..."

"ဒါဆို ဘာလို့ အနီးအနား စီရင်စုက တပ်မလွှတ်တာလဲ..."

ဂိုဏ်းသားများ၏ ဆွေးနွေးငြင်းခုံမှုများ ပိုမို ပြင်းထန်လာသည်။ သူတို့တွင်လည်း တောင်အောက်၌ နေအိမ်များ ရှိကြပြီး မိသားစုဝင်များ နတ်ဆိုးဂိုဏ်း၏ နှိပ်စက်မှုကို ခံရမည် စိုးရိမ်သဖြင့် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်နေကြသည်။

နာရီဝက်ကြာပြီးနောက် လီချင်းချိုး၊ ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် အခြား အဆင့်မြင့် ပုဂ္ဂိုလ်များ ခန်းမထဲသို့ ဝင်ရောက်လာကြသဖြင့် ဂိုဏ်းသားများက လျင်မြန်စွာ တန်းစီလိုက်ပြီး အာရုံစိုက်လိုက်ကြသည်။

ပင်မခန်းမကြီးမှာ တိတ်ဆိတ်သွားပြီး လီချင်းချိုးနှင့် အခြားသူများ၏ ခြေသံများသာ ပဲ့တင်ထပ်နေသည်။

အကြီးအကဲများက အောက်ဘက်တွင် ရပ်၍ ဂိုဏ်းသားများကို မျက်နှာမူထားစဉ် လီချင်းချိုးက လှေကားထစ်များပေါ်သို့ တက်လိုက်သည်။

လှေကားထစ်များပေါ်တွင် ရပ်လျက် လီချင်းချိုးက ခန်းမထဲရှိ ဂိုဏ်းသား သုံးရာကျော်ကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသည်။

"ဆုတ်ခွာစရာ လမ်းမရှိသလို... သည်းခံနေလို့လည်း မရတော့ဘူး... ဂိုဏ်းလုံးကျွတ် တောင်ပေါ်ကဆင်းပြီး ကောင်းကင်ကိုယ်စား တရားစီရင်ကြမယ်..."

ဝုန်း...

လူတိုင်း၏ ရင်ထဲမှ စိတ်ဓာတ်ပြင်းပြမှုများ တောက်လောင်လာသည်။ လီချင်းချိုးက စကားအများကြီး မပြောခဲ့သော်လည်း သူ၏ တိုတောင်းသော စကားလုံးများက လူတိုင်း၏ မျက်လုံးများကို နီရဲသွားစေရန် လုံလောက်ပေသည်။

All Chapters