← Chapters

ကုကျိုးစီရင်စု၏ နံပါတ်တစ်ဂိုဏ်း

Vol. 8 Ch. 77

ကုကျိုးစီရင်စု၏ နံပါတ်တစ်ဂိုဏ်း

Vol. 8 Ch. 77

လီချင်းချိုးက လင်းချွမ်၏ အောက်တွင် ရှိနေသော မြေခွေးနက်ဝိညာဉ်အပေါ် ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြု၍ လုံးဝ ဖမ်းချုပ်လိုက်သည်။ ထို့နောက် လင်းချွမ်က ၎င်း၏ ဝိညာဉ်ကို စတင် စားသုံးလေသည်။

အနည်းငယ် ထူးဆန်းနေသော်လည်း လီချင်းချိုး သူ့အတွင်းစိတ်ဆန္ဒကို အာရုံခံမိသဖြင့် သူ့ကို မတားဆီးခဲ့ပေ။

နတ်ဆိုးဧကရာဇ်က မကောင်းမှု အများအပြားကို ကျူးလွန်ခဲ့ရာ သူ့အတွင်းရှိ နတ်ဆိုးဝိညာဉ်သည်လည်း ပိုကောင်းမည် မဟုတ်ချေ။

မြေခွေးနက်ဝိညာဉ် လုံးဝ သတိလစ်သွားပြီးမှ လီချင်းချိုး လှည့်ကြည့်လိုက်သည်။

နတ်ဆိုးဂိုဏ်းသား အားလုံးက ထိပ်တန်းကျွမ်းကျင်သူများ သို့မဟုတ် ပထမအဆင့် ကျွမ်းကျင်သူများ မဟုတ်ကြပေ။ အဖွဲ့ဝင် အများစုမှာ သာမန် သိုင်းပညာရှင်များထက် အနည်းငယ်သာ သာလွန်ကြသည်။ သူတို့အားလုံး ဝိုင်းတိုက်လျှင်ပင် ချင်းရှောင်ဂိုဏ်း၏ အပြင်စည်းကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။

ဝိညာဉ်ကျောက်တွင်းကို စောင့်ကြပ်နေသော ပိုင်နင်းအာနှင့် သူမ၏ အဖော်မှလွဲ၍ မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ဝင်ရောက်ထားသော တပည့်ရင်း ၄၄ ဦးစလုံး ယခုအချိန်တွင် သူတို့၏ အစွမ်းအစကို ထုတ်ပြနေကြသည်။ နတ်ဆိုးဂိုဏ်းသားများပင်လျှင် တစ်ယောက်ချင်း တိုက်ခိုက်ရာ၌ သူတို့၏ ပြိုင်ဘက် မဟုတ်ကြပေ။

ကျန်းကျောက်ရှား၊ ရွှီနင်း၊ ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစစ်ဖုန်း၊ လီစစ်ကျင်၊ ဓားပျံတစ်ဆယ့်သုံးလက်၊ ချင်းရှောင်၏ သားတော်ခုနှစ်ပါး ချင်ယဲ့၊ ချန်ချန်းဟိုင်၊ စုရှီးလင်၊ လီရန်၊ ကျောက်လင်းလုံနှင့် အခြားသူများကလည်း တပည့်ရင်းများကြားတွင် ဖြန့်ကျက်ထားသဖြင့် တပည့်ရင်းများအပေါ် ဖိအားကို များစွာ လျော့ကျစေသည်။

နတ်ဆိုးဂိုဏ်းသားများက မကြောက်မရွံ့ပုံ ပေါက်နေသော်လည်း နတ်ဆိုးဧကရာဇ် သေဆုံးမှုကြောင့် အကြီးအကျယ် တုန်လှုပ်သွားကြပြီး ဟန်လုပ်၍ ရဲရင့်ပြနေကြခြင်းသာ ဖြစ်သည်။

ဂိုဏ်းသားများ ပိုမို သေဆုံးလာသည်နှင့်အမျှ နောက်မှလူများ၏ သတ္တိများ လျော့နည်းလာပြီး ရှေ့သို့ တက်လာသော အရှိန်အဝါ အားနည်းသွားကာ သူတို့၏ ခြေလှမ်းများ နှေးကွေးသွားသည်။

သို့သော် ချင်းရှောင်ဂိုဏ်းသားများကတော့ တိုက်ပွဲတိုင်းတွင် ပိုမို သန်မာလာကြသည်။ သူတို့၏ အတွင်းအားမှာ အလွန် အားကောင်းကြောင်း ဝမ်းသာအားရ တွေ့ရှိလိုက်ရပြီး နတ်ဆိုးဂိုဏ်းသားများ သူတို့၏ အတွင်းအားကို လုံးဝ မခံနိုင်ကြပေ။

ဒါက ချင်းရှောင်ဂိုဏ်းရဲ့ အထွတ်အထိပ် ပညာရပ်ကြောင့်လား...

သူတို့သာ ဆက်လက် လေ့ကျင့်နေလျှင် ဂိုဏ်းချုပ်လို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဧကရာဇ်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်လာမည်လား…

မြေခွေးနက်ဝိညာဉ်ကို လင်းချွမ် စားသုံးပြီးသွားသောအခါ နတ်ဆိုးဂိုဏ်းသားစတင် ထွက်ပြေးကြပြီး လမ်းမရှည်ကြီးတွင် အလောင်းများ ပြည့်နှက်နေသည်။

လီချင်းချိုးက အဝေးမှ ရပ်ကြည့်နေပြီး တပည့်များ ဒဏ်ရာရလျှင်ပင် ဝင်မပါခဲ့ပေ။

ချင်းရှောင်ဂိုဏ်းသားများ အတွေ့အကြုံယူရန် တောင်ပေါ်မှ အမြဲ ဆင်းရပေမည်။ နယ်မြေအနှံ့ ခရီးသွားရာတွင် ဒဏ်ရာရခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ချေ။ ဤအခွင့်အရေးကို အသုံးချ၍ အတွေ့အကြုံယူစေခြင်းက ပိုကောင်းသည်။ သူ့စောင့်ရှောက်မှုအောက်တွင် ဒဏ်ရာရခြင်းက သူတစ်ပါးလက်ချက်ဖြင့် သေဆုံးရခြင်းထက် ပိုကောင်းပေသည်။

သိုင်းပညာ လေ့ကျင့်ခြင်းနှင့် လက်တွေ့တိုက်ပွဲမှာ မတူညီသော ကိစ္စများ ဖြစ်သည်။

နတ်ဆိုးဂိုဏ်းသားများ ကျဆုံးမှုလျင်မြန်စွာ မြင့်တက်လာသည်။ လီချင်းချိုး တစ်စုံတစ်ရာကို ကြားလိုက်ရသလို ဖြစ်ပြီး လှည့်ကြည့်လိုက်ရာ အဝေးတွင် ရှိနေသော ထိုက်ဟန် ဘုန်းတော်ကြီးကို တွေ့လိုက်ရသည်။

ဒီလူက ဒဏ်ရာ အဲဒီလောက် ပြင်းထန်ပြီး အဲဒီလောက် အမြင့်ကနေ ပြုတ်ကျတာတောင် မသေသေးဘူးပဲ...

လီချင်းချိုး ချက်ချင်း သွားကြည့်လိုက်သည်။

...

ဒင်...

ဓား မြေကြီးပေါ်သို့ ကျသွားသည်နှင့် လျူယန်၏ ရှေ့မှ နတ်ဆိုးဂိုဏ်းသား လဲကျသွားသည်။ သူ့မျက်နှာဖုံးမှာ နှစ်ပိုင်းကွဲသွားပြီး မျက်ခုံးနှင့် နှာခေါင်းရိုးများ ကွဲအက်သွားကာ ရင်ဘတ်အထိ ကွဲရှသွားသည်မှာ ကြည့်ရဆိုးလှသည်။

သူ့အနောက်တွင် မည်သူမျှ မရှိတော့သည်ကို မြင်သောအခါ လျူယန် သက်ပြင်းချလိုက်မိသည်။

ငယ်စဉ်ကတည်းက လျူဖန်ကျိုး၏ ကာကွယ်မှုအောက်တွင် ကြီးပြင်းလာခဲ့သဖြင့် သူမဘဝ၌ မည်သည့် ပင်ပန်းဆင်းရဲမှုကိုမျှ မလုပ်ခဲ့ရသလို သတ်ဖြတ်ခြင်းဆိုသည်မှာလည်း သူမဘဝနှင့် များစွာ ဝေးကွာနေခဲ့သည်။ ယခုအကြိမ် ချင်းရှောင်ဂိုဏ်းနှင့်အတူ တိုက်ပွဲဝင်ရန် လာခဲ့ရာတွင် ဖခင်ဖြစ်သူ ကန့်ကွက်မည်ဟု ထင်ခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် ဖခင်ဖြစ်သူက ထောက်ခံပေးခဲ့သည်။

ဤသည်မှာ လျူယန် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်းဖြစ်ပြီး လူအများအပြားကို တစ်ကြိမ်တည်း သတ်ဖြတ်ခြင်း ဖြစ်သည်။ သူမ မျှော်လင့်ထားသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်မလာဘဲ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

သူမ လှည့်ကြည့်လိုက်ရာ အခြား ဂိုဏ်းသားများသည်လည်း စိတ်လှုပ်ရှားနေကြပြီး ဒဏ်ရာရထားသူများပင် ညည်းညူခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် အတွက်သာမက ဂိုဏ်းတူမောင်နှမများအတွက်နှင့် ချင်းရှောင်ဂိုဏ်းအတွက်ပါ လေးနက်သော ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။

နတ်ဆိုးဂိုဏ်းက အင်အားကြီးတယ်... ဒါပေမဲ့ ဘာဖြစ်လဲ...

သူတို့က လူအင်အား သာလွန်နေတာတောင် ချင်းရှောင်ဂိုဏ်းရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာပဲ...

လမ်းမရှည်ကြီးတွင် အလောင်းများ ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် ကောင်းနေသင့်သော်လည်း ချင်းရှောင်ဂိုဏ်းသား မည်သူမျှ မကြောက်ကြဘဲ အားလုံးက လီချင်းချိုးထံသို့ လှည့်ကြည့်လိုက်ကြသည်။

လီချင်းချိုးက နတ်ဆိုးဧကရာဇ်ကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သော မြင်ကွင်းကို သူတို့ ပြန်တွေးမိပြီး ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ် ပညာရပ်ကို သုံး၍ လီချင်းချိုး ကုသပေးပြီးနောက် ထိုက်ဟန် ဘုန်းတော်ကြီးက မျက်လုံးများကို အားယူ၍ ဖွင့်လိုက်သည်။ သူက လီချင်းချိုးကို ကြည့်ပြီး အားနည်းစွာ မေးလိုက်သည်။

"မင်း... မင်းက ဘယ်သူလဲ..."

လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်ပြီး…

"ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်... လီချင်းချိုး... ခင်ဗျားရဲ့ ဒဏ်ရာတွေ တည်ငြိမ်သွားပါပြီ... ဒါပေမဲ့ ကျွန်တော်တို့ ခင်ဗျားကို ခေါ်သွားလို့ မရဘူး... ကျွန်တော်တို့ စီရင်စုမြို့တော်ရဲ့ ပိုနက်ရှိုင်းတဲ့ နေရာကို ဆက်သွားရဦးမယ်..."

ပြောပြီးသည်နှင့် လီချင်းချိုး ထွက်ခွာသွားတော့ ထိုက်ဟန် ဘုန်းတော်ကြီး နှုတ်ဆိတ်နေရှာသည်။

ထိုစဉ် လင်းယုန်ငှက်အော်သံ ထွက်ပေါ်လာပြီး လီချင်းချိုးက ရှောင်ပါး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ဧရာမလင်းယုန်ငှက်ကြီး ပျံသန်းသွားသည်ကို ထိုက်ဟန် ဘုန်းတော်ကြီး မြင်လိုက်ရပြီး ဤမြင်ကွင်းကို သူ ဘယ်တော့မှ မေ့ပျောက်တော့မည် မဟုတ်ပေ။

"အခုချိန်က အနားယူရမယ့်အချိန် မဟုတ်သလို ဆုလာဘ်ကို ခံစားရမယ့်အချိန်လည်း မဟုတ်ဘူး... ငါတို့ရဲ့ တာဝန်ကို မမေ့ကြနဲ့... သာမန်ပြည်သူတွေအတွက်သာမက ချင်းရှောင်ဂိုဏ်းရဲ့ အနာဂတ်အတွက်ပါ နတ်ဆိုးဂိုဏ်းကို ချေမှုန်းရမယ်..."

"အားလုံး... လိုက်ခဲ့ကြ..."

ကျန်းယွီချွန်းက ခြံဝင်းတံတိုင်းပေါ်တွင် ရပ်၍ ဂိုဏ်းသားအားလုံး ကြားနိုင်အောင် အော်ဟစ်လိုက်သည်။

ချန်ချန်းဟိုင်က ဆက်လက် ဦးဆောင်သွားပြီး အလားတူ စိတ်အားထက်သန်နေသည်။ လီချင်းချိုး၏ အင်အားနှင့် ဂိုဏ်းသားများ၏ ကြံ့ခိုင်မှုတို့အတွက် သူ ဂုဏ်ယူနေမိသည်။

ချင်းရှောင်ဂိုဏ်းသာ နတ်ဆိုးဂိုဏ်းကို အမှန်တကယ် အနိုင်ယူပြီး စီရင်စုမြို့တော်ကို ကယ်တင်နိုင်ခဲ့လျှင် အနာဂတ်တွင် သူတို့၏ ကျော်ကြားမှုမှာ မှန်းဆ၍ မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။

ထိပ်တန်းဂိုဏ်းကြီးငါးဂိုဏ်း ဆိုတာ ဘာအရေးလဲ...

ကုကျိုးစီရင်စုရဲ့ နံပါတ်တစ်ဂိုဏ်း နေရာကို ရယူတော့မှာ...

ခမ်းနားထည်ဝါသော အဆောက်အအုံများနှင့် နန်းတော်များ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော တပည့်များ ရှိနေသည့် ချင်းရှောင်တောင်၏ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို သူ စတင် စိတ်ကူးယဉ်နေမိပြီ ဖြစ်သည်။

ကျန်းကျောက်ရှားက ရှေ့မှ လျှောက်သွားနေပြီး မျက်နှာအမူအရာ အေးစက်တည်ကြည်နေသော်လည်း သူ့စိတ်ထဲတွင် လီချင်းချိုးနှင့် နတ်ဆိုးဧကရာဇ်တို့ အပြန်အလှန် တိုက်ခိုက်ခဲ့ပုံကို တွေးတောနေမိသည်။

မူလအားဖြည့်နယ်ပယ် ဆဌမအဆင့်သို့ ရောက်သည်နှင့် ကျန်းဟူကို လွှမ်းမိုးနိုင်ပြီဟု သူ ထင်မှတ်ခဲ့သော်လည်း နတ်ဆိုးဧကရာဇ်၏ စွမ်းအားက ကျန်းဟူအပေါ် သူ၏ နားလည်မှုကို ပြန်လည်ဆန်းသစ်ပေးလိုက်ပြီး နတ်ဆိုးဧကရာဇ်ကို အနိုင်ယူရန် သူ လုံးဝ ယုံကြည်မှု မရှိချေ။

ဒါပေမဲ့ ဂိုဏ်းချုပ်အစ်ကိုကြီး လှုပ်ရှားလိုက်တာနဲ့ နတ်ဆိုးဧကရာဇ်က လုံးဝ အရာမဝင်သလို ဖြစ်သွားတာပဲ... သူနဲ့ ဂိုဏ်းချုပ်အစ်ကိုကြီးကြား ကွာဟချက်က ဘယ်လောက်တောင် ကြီးမားနေတာလဲ...

ရွှီနင်းသည်လည်း သူ့လိုပင် တွေးတောနေသူ ဖြစ်သည်။

ဓားပျံတစ်ဆယ့်သုံးလက်မှ ရွှယ်ကျင်း၏ စိတ်ထဲတွင်လည်း လီချင်းချိုး၏ လွှမ်းမိုးထားသော ပုံရိပ်များ ပဲ့တင်ထပ်နေပြီး နှလုံးသားထဲတွင် ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။

သူလည်း ဂိုဏ်းချုပ်လို လူမျိုး ဖြစ်ချင်တယ်...

ချင်းရှောင်ဂိုဏ်းသားများအားလုံး ကိုယ်စီ ရည်မှန်းချက်များဖြင့် ရှေ့ဆက် သွားနေကြရင်း ချန်ဒင်ဘုရားကျောင်းနှင့် ဂိုဏ်းကြီးမှ တပည့်များကို စတင် တွေ့ရှိလာရသည်။ အချို့မှာ လမ်းပေါ်တွင် အသေဆိုးဖြင့် သေဆုံးနေကြပြီး အချို့မှာ ခေါင်မိုးစွန်းများတွင် တွဲလွဲခိုနေကာ အချို့မှာ အသက်ငွေ့ငွေ့သာ ကျန်ရှိပြီး သေလုမြောပါး ဖြစ်နေကြသည်။

လီတုန်းယွဲ့နှင့် သူမ၏ တပည့်များက ကယ်နိုင်သူများကို အလှည့်ကျ ကယ်တင်ကြပြီး မကယ်နိုင်သူများကို အချိန်မဆွဲဘဲ ထားခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် သိုင်းပညာရှင်များ၏ ခြုံခိုတိုက်ခိုက်မှုကို ရံဖန်ရံခါ ကြုံတွေ့ရသော်လည်း ကံကောင်းသည်မှာ သူတို့ အချိန်မီ တုံ့ပြန်နိုင်ခဲ့သဖြင့် မည်သူမျှ ဒဏ်ရာ မရရှိခဲ့ပေ။

ချန်ချန်းဟိုင်၏ လမ်းပြမှုဖြင့် ချင်းရှောင်ဂိုဏ်းသားများ အိမ်တော်ကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။

"အဲဒီညတုန်းက နတ်ဆိုးဂိုဏ်းက သာမန်ပြည်သူတွေရဲ့ ကလေး အများကြီးကို အတွင်းထဲ ခေါ်သွားတာ ငါ မြင်ခဲ့တယ်... ကျွမ်းကျင်သူတွေ စောင့်ကြပ်နေနိုင်လို့ အားလုံး သတိထားကြပါ..."

ချန်ချန်းဟိုင်က အိမ်တော်ထဲမှ လူများ အနှောင့်အယှက်ဖြစ်မည်ကို မကြောက်ဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။ အမှန်တကယ်တွင် သူတို့ ထိတ်လန့်သွားစေရန်နှင့် အမှားအယွင်း ဖြစ်စေရန် မျှော်လင့်နေခြင်း ဖြစ်သည်။

ထိုအချိန်တွင် လီချင်းချိုး ကောင်းကင်မှ ဆင်းသက်လာပြီး ကျန်းကျောက်ရှား၏ ရှေ့တွင် ရပ်လိုက်သည်။

သူ အိမ်တော်တံခါးဝသို့ ဦးစွာ ရောက်ရှိသွားပြီး ကန်ဖွင့်လိုက်ရာ သူ့ကို မြင်သောအခါ ဂိုဏ်းသားများ ပိုမို ယုံကြည်မှု ရှိလာပြီး အလျင်အမြန် လိုက်ပါသွားကြသည်။

အိမ်တော်မှာ အလွန် ကြီးမားပြီး ခြံဝင်းများစွာ ရှိသည်။ လီချင်းချိုးက မျက်လုံးထောင့်မှ လင်းချွမ်ကို ကြည့်လိုက်ရာ လင်းချွမ်က ချက်ချင်း လေထဲသို့ ပျံတက်သွားပြီး မြေကြီးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားသည်။

သူ ထိုနေရာတွင် ရပ်စောင့်နေစဉ် အခြား ဂိုဏ်းသားများ ဝင်ရောက်လာကြသဖြင့် ခြံဝင်းထဲတွင် ပြည့်ကျပ်သွားသည်။

ကျန်းယွီချွန်းက လီချင်းချိုး၏ ဘေးသို့ လျှောက်လာပြီး…

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဒီအိမ်တော်မှာ အိမ်တွေ အရမ်းများတယ်... တပည့်တွေကို လူစုမကွဲစေနဲ့... မဟုတ်ရင် ဆိုးဝါးတာ တစ်ခုခု ဖြစ်သွားလိမ့်မယ်..."

လီချင်းချိုးက ရှေ့ကို ကြည့်ပြီး …

"အားလုံး ဒီမှာ နားပြီး ငါ့အမိန့်ကို စောင့်ခိုင်းလိုက်..."

ကျန်းယွီချွန်း ခေါင်းညိတ်ပြီး အမိန့်ကို ပြန်လည်ဖြန့်ဝေရန် ချက်ချင်း လှည့်ထွက်သွားသည်။

ကျန်းကျောက်ရှားက နောက်မှ လိုက်လာပြီး …

"ဘာလို့ နတ်ဆိုးဂိုဏ်းက လူတွေ ပျောက်သွားသလို ခံစားနေရတာလဲ..."

သူတို့ သိုင်းပညာရှင် အများအပြားကို သတ်ခဲ့သော်လည်း အများအပြား ထွက်ပြေးလွတ်မြောက်သွားကာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြသည်။

လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော ဒဏ်ရာရထားသည့် ဂိုဏ်းကြီးနှင့် ချန်ဒင်ဘုရားကျောင်းမှ တပည့်များသာ မရှိလျှင် လူသူကင်းမဲ့သော မြို့တစ်မြို့သို့ ရောက်နေသည်ဟု သူတို့ ထင်မိပေလိမ့်မည်။

"အခြေအနေ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရအောင်... မှောင်မလာခင် မြို့ထဲက ထွက်မယ်... တပည့်တွေကို သတိထားကြည့်နေပါ..."

လီချင်းချိုးက တိုးတိုး ပြောနေသော်လည်း တပည့်များ၏ စွမ်းဆောင်ရည်ကို သူ အလွန် ကျေနပ်ကြောင်း ပြသနေသည်။

မြို့ပြင်ရှိ စစ်မြေပြင်ကို ကောင်းကင်မှ သူ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ စစ်တပ်နှစ်ဖက် ထိပ်တိုက်တွေ့နေကြပြီး စစ်ကူများက အသာစီး ရနေသည်။ ထို့ပြင် သူတို့က နတ်ဆိုးဂိုဏ်းသား အများအပြားကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ နတ်ဆိုးဂိုဏ်း၏ ကံကြမ္မာမှာ အဆုံးသတ်သွားပြီ ဖြစ်သည်။

နတ်ဆိုးဂိုဏ်းကို လုံးဝ အမြစ်ပြတ်ချေမှုန်းရန် မဖြစ်နိုင်ပေ။ ဧကရာဇ်က အချိန်မရွေး နောက်ထပ် တစ်ခုကို ဖန်တီးနိုင်သည်။

လီချင်းချိုးဆန္ဒက နတ်ဆိုးဂိုဏ်းကို ကုကျိုးစီရင်စုတွင် အမြစ်မတွယ်စေချင်ရုံသာ ဖြစ်သည်။

ခြေကုပ်မယူနိုင်သမျှ ကာလပတ်လုံး နတ်ဆိုးဂိုဏ်းဘက်က အကြီးစား ကျူးကျော်မှု မဆိုထားနှင့် ချင်းရှောင်ဂိုဏ်းကို သတိပေးချက်မရှိဘဲ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် လီချင်းချိုးစိတ်ထဲ၌ လူအများဆုံး ကယ်တင်ရန်သာ ဆန္ဒရှိသည်။

လီချင်းချိုးက လောကကြီး၏ ဝန်ကို သူ့ပခုံးပေါ်တွင် ဘယ်တော့မှ ထမ်းထားခြင်း မရှိပေ။ ဤစစ်ဆင်ရေးအတွက် ချန်ချန်းဟိုင်ကို ကြိုတင်လွှတ်၍ စုံစမ်းစေပြီး နတ်ဆိုးတာအိုဆရာဆိုသူက သူထင်ထားသလောက် မကြောက်မက်ဖွယ်ကောင်းကြောင်း အတည်ပြုပြီးမှ တပည့်များကို ဦးဆောင်လာခြင်း ဖြစ်သည်။

လူတွေကို မျက်စိမှိတ် ကယ်တင်ဖို့အတွက်နဲ့ တပည့်တွေကို အန္တရာယ်ထဲ ဆွဲထည့်မှာ မဟုတ်ဘူး...

သူ့နှလုံးသားထဲတွင် ချင်းရှောင်ဂိုဏ်းသည်သာ အမြဲတမ်း နံပါတ်တစ် ဖြစ်သည်။

ချင်းရှောင်ဂိုဏ်း၏ လုံခြုံမှုကို အာမခံနိုင်မှသာ သူ ကောင်းမှုကုသိုလ်ပြုပြီး အသက်များကို ကယ်တင်ရန် ဝန်လေးမည် မဟုတ်ပေ။

ယခုကဲ့သို့ပင် ချင်းရှောင်ဂိုဏ်းအတွက် ဖြစ်လာနိုင်ခြေရှိသော ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးနောက် လီချင်းချိုးက လူများကို ကယ်တင်ရန် ဆန္ဒရှိလာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူ တပည့်အများအပြား ခေါ်လာရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။ လူကယ်ရန်အတွက် လူအင်အား အမြဲ လိုအပ်သည်။

ခဏကြာပြီးနောက်…

လင်းချွမ် မြေကြီးထဲမှ ထွက်ပေါ်လာပြီး လီချင်းချိုးထံသို့ ပျံသန်းလာကာ သူ မြင်တွေ့ခဲ့ရသည်များကို လက်ဟန်ခြေဟန်ဖြင့် ဖော်ပြလေသည်။

ထိုအကြောင်းကို ကြားသောအခါ လီချင်းချိုး၏ မျက်နှာအမူအရာ ထူးဆန်းသွားသည်။

သူ ကျန်းယွီချွန်းဘက်သို့ လှည့်ပြီး….

"မင်းတို့ အားလုံး ဒီမှာပဲ နေခဲ့ကြ.... ငါ တစ်ယောက်တည်း သွားကြည့်လိုက်မယ်..."

ပြောပြီးသည်နှင့် သူ လင်းချွမ်၏ ညွှန်ကြားမှုနောက်သို့ လိုက်ကာ လမ်းငယ်များစွာကို ပတ်သွားပြီး ခန်းမကြီးတစ်ခုထဲသို့ ဝင်ရောက်သွားသည်။

ပုံတူပန်းချီကားချပ်ကြီး တစ်ချပ် ချိတ်ဆွဲထားသော နံရံတစ်ခုဆီသို့ သူ လျှောက်သွားကာ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပန်းချီကား လွင့်ထွက်သွားပြီး လျှို့ဝှက်တံခါးတစ်ချပ် ပေါ်လာသည်။

သူ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်ရာ မှောင်မိုက်သော လမ်းကြောင်းတစ်ခုထဲသို့ ရောက်သွားပြီး လင်းချွမ်က သူ့ရှေ့တွင် ပျံဝဲလျက် လမ်းပြနေသည်။

တစ္ဆေမွေးထားတာ တကယ် အသုံးဝင်တာပဲ...

လီချင်းချိုး စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း လင်းချွမ်၏ စကားများကို ကြားရသောအခါ သူ့စိတ်အခြေအနေ လေးလံသွားပြန်သည်။

မှောင်မိုက်သော လမ်းကြောင်းအတိုင်း အောက်သို့ ဆင်းသွားပြီး ထောင့်ချိုးများစွာ ကွေ့ပြီးနောက် နံရံများပေါ်တွင် ဆီမီးအိမ်များ ချိတ်ဆွဲထားပြီး အရာအားလုံးကို လင်းထိန်နေစေသော မြေအောက်ရင်ပြင်တစ်ခုသို့ ရောက်ရှိသွားသည်။

ရေစည်ပိုင်းများ တန်းစီထားသည်ကို တွေ့လိုက်ရသဖြင့် သူ လေးနက်သော မျက်နှာထားဖြင့် လျှောက်သွားသည်။ စည်ပိုင်းများထဲတွင် ကလေးများ ရှိနေသည်ကို တွေ့လိုက်ရပြီး ယောက်ျားလေးရော မိန်းကလေးပါ ပါဝင်ကာ အားလုံး မျက်လုံးများ မှိတ်ထားကြပြီး ခန္ဓာကိုယ်များ ဖောရောင်နေကြသည်။

လင်းချွမ်က လေထဲတွင် ပျံဝဲလျက် တစ်ဖက်သို့ ညွှန်ပြကာ လီချင်းချိုးကို သွားကြည့်ရန် အချက်ပြလိုက်သည်။

လီချင်းချိုး ချက်ချင်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ သူ ရေစည်ပိုင်းတစ်ခုဆီသို့ ရောက်သွားပြီး အတွင်းမှ ကောင်လေးခင်မျာ မျက်လုံးများ မှိတ်ထားသော်လည်း လက်မောင်းများကို ပိုက်လျက် တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။

ဒါကို မြင်သောအခါ လီချင်းချိုး လက်ကို ဆန့်ထုတ်လိုက်ပြီး မူလချီကို လက်တွင် ကပ်ငြိစေကာ ကောင်လေးကို ဆေးရည်စည်ပိုင်းထဲမှ မ,ထုတ်လိုက်သည်။

ကောင်လေးမှာ အသက် ၁၁ နှစ်၊ ၁၂ နှစ်ခန့်သာ ရှိပုံရသည်။ သူသည် လီချင်းချိုး၏ ရင်ခွင်ထဲသို့ အလိုအလျောက် တိုးဝင်လာပြီး အဝတ်အစားများကို ဆွဲကိုင်ထားသည်။

လီချင်းချိုးက မူလချီကို ကောင်လေး၏ ကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ရာ ကောင်လေး နွေးထွေးမှုကို ခံစားလိုက်ရပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ ဇဝေဇဝါ ဖြစ်နေသည်။

ထိုရေစည်ပိုင်းများထဲတွင် ဘယ်လိုဆေးမျိုး ရှိသည်ကို လီချင်းချိုး မသိသော်လည်း လူများစွာ သေဆုံးသွားချိန်တွင် ဤကောင်လေး အသက်ရှင်နေခြင်းက သူ့ခန္ဓာကိုယ် ထူးခြားကြောင်း သို့မဟုတ် အခွင့်အရေး တစ်စုံတစ်ရာ ရရှိထားကြောင်း ပြသနေသည်။

"မင်းမိဘတွေ ရှိသေးလား..."

လီချင်းချိုးက ရင်ခွင်ထဲမှ ကလေးကို ငုံ့ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

ကောင်လေးက အက်ကွဲနေသော နှုတ်ခမ်းများကိုဟ၍…

"သူတို့... ရိုက်သတ်ခံလိုက်ရပြီ..."

ဒီနေရာကို ခေါ်လာခံရချိန်မှစ၍ လီချင်းချိုးကငါ နတ်ဆိုးမျက်နှာဖုံး မတပ်ထားသော တစ်ဦးတည်းသောသူ ဖြစ်ရာ ကောင်လေးက သူ့ကို အလိုအလျောက် ယုံကြည်ချင်စိတ် ဖြစ်ပေါ်နေသည်။

"အိမ်မှာ တခြားလူတွေ ရှိသေးလား..."

"သူတို့လည်း... အသတ်ခံလိုက်ရပြီ..."

"မင်း ငါ့တပည့် လုပ်မယ်ဆိုရင် ငါ မင်းကို အိမ်တစ်လုံး ပေးမယ်... မင်း လိုလားလား..."

"လိုလားပါတယ်..."

ပြောပြီးသည်နှင့် ကောင်လေးက လီချင်းချိုး၏ ရင်ခွင်ထဲတွင် မျက်နှာအပ်လိုက်သည်။ ကောင်လေး သူ့ကို တိုက်ခိုက်မည်ကို လီချင်းချိုး မကြောက်ပေ။ ကုသပေးနေစဉ်ကတည်းက လီချင်းချိုး သူ့သွေးကြောများကို ပိတ်ထားပြီး ဖြစ်သည်။

ကောင်လေး သဘောတူသည်ကို မြင်သောအခါ လီချင်းချိုးက တာအိုဇယားကွက်စနစ်ကို ဖွင့်ပြီး ကောင်လေး၏ ပုံကို ရှာဖွေလိုက်သည်။

တွေ့ပြီ…

All Chapters