အခန်း (၈၁)
Vol. 9 Ch. 81
ကျန်းကန်နှင့်ကျန်နှစ်ဦးမှာ အလန့်တကြားထွက်ပြေးသွားကြတော့သည်။ရှန်းမင်မှာ အလွန်ကြောက်စရာကောင်းလှသလို ကျိုးထောင်ဟွားနှင့်အတူပါလာသော သန်မာထွားကြိုင်းသည့် ထူးဆန်းသောလူမှာလည်း အနည်းဆုံးတော့လူနှစ်ရပ်စာခန့်ရှိလေ၏။ထို့ပြင် သူ့ခေါင်းပေါ်တွင်လည်း ကွေးညွှတ်နေသောဦးချိုတစ်စုံပင် ရှိနေသေးသည်။
ဤအရာမှာ မည်သည့်နတ်ဆိုးမျိုးဖြစ်ပါသနည်း။
ချမ်းစိမ့်စိမ့်ဆောင်းတွင်းကြီးဖြစ်ပေသိ အင်္ကျီဗလာနှင့်သွားလာနေပုံအရ ထိုသူမှာလူသားတစ်ယောက်မဟုတ်ကြောင်းထင်ရှားလှပေ၏။
ကျန်းကန်တို့ညီအစ်ကိုသုံးဦးမှာ ကြောက်စရာကောင်းသည့်အရာတစ်ခုမှ သူတို့နောက်လိုက်လာသကဲ့သို့ အသည်းအသန်ပြေးသွားကြလေသည်။ကျိုးကျားရွာနှင့် ဝေးရာသို့ရောက်ချိန်မှသာ အပြေးရပ်ကာအမောဖြေရဲကြတော့၏။
ကျန်းလီမှပြောလာသည်။
"ကျိုးထောင်ဟွားက တစ်ကယ်ထူးဆန်းလွန်းတယ်၊သူကနတ်ဆိုးတစ်ကောင်ကိုပါ ခေါ်လာတာ ပြီးတော့ရှန်းမင်ကလဲကြောက်ဖို့ကောင်းလိုက်တာ"
"ဟုတ်ပကွာ သွားကြစို့၊ကျိုးကျားရွာကို နောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး"
ကျန်းကန်ပြောလိုက်၏။
ကျန်းရှန်းမှာမူ ဇဝေဇဝါဖြင့်မေးလာသည်။
"ကျိုးထောင်ဟွားက ချိုက်ရှမင်္ဂလာပွဲကို ဖျက်ဆီးခဲ့တာလေ၊သူ့ကိုဒီအတိုင်းပဲ လွှတ်ထားတော့မလို့လား၊ကျိုးဖုန်းတို့မိသားစုကလဲ တင်တောင်းငွေဆယ့်ငါးတေးပေးမယ်လို့ ကတိပေးထားတယ်လေ"
တင်တောင်းငွေဆယ့်ငါးတေးဆိုသည်မှာ နည်းလှသည်မဟုတ်ပေ။အခြားမိသားစုအများစုတွင်ဆို သမီးမိန်းကလေးများအားလက်ထပ်ပေးလျှင် တင်တောင်းငွေငါးတေးခန့်သာ ပေးကြသည်။
သူတို့ညီမကျန်းချိုက်ရှမှာတော့ လှပပြီးတနျိုရွာ၏အလှပဂေးလေးဖြစ်သောကြောင့် တင်တောင်းငွေငါးတေးပိုတောင်းနိုင်မည်ဟု သူတို့ထင်ထားခဲ့ခြင်းပင်။ကျိုးဖုန်းမိသားစုသည်လည်း ထိုတင်တောင်းငွေကိုလက်ခံခဲ့သည့်အတွက် သူတို့အလွန်ဝမ်းသာနေခဲ့ကြသည်။
ကျိုးဖုန်းနှင့်ချိုက်ရှတို့၏ ဇာတာတိုက်စစ်သည့်အဆင့်သို့ရောက်ကာမှ ကျိုးမိသားစုဘက်မှနေ ချိုက်ရှအားမလိုချင်တော့ဟု ရုတ်တရက်ကြီးငြင်းဆိုလာကြ၏။
ကျန်းကန်မှာ သူ့ညီအားစိုက်ကြည့်ကာခနဲ့တဲ့တဲ့ပြောလိုက်သည်။
"မင်းဒီလောက်စွမ်းနေရင်လဲ ကျိုးထောင်ဟွားဆီသွားပြီး အကျိုးအကြောင်းသွားမေးကြည့်ပါလား"
ကျန်းရှန်းချက်ချင်းပါးစပ်ပိတ်သွားတော့သည်။သူသည် ကျိုးထောင်ဟွားဘေးနားရှိ နတ်ဆိုးနှစ်ကောင်ကိုအသာထား ရှန်းမင်နှင့်ပင်ယှဉ်နိုင်သူမဟုတ်ပေ။
ညီအစ်ကိုသုံးဦးသား အိမ်သို့စိတ်ပျက်လက်ပျက်ဖြင့်ပြန်လာခဲ့ကြသည်။ကျန်းချိုက်ရှ သူတို့ကိုမြင်သည်နှင့် ချက်ချင်းမေးလာတော့၏။
"အစ်ကိုတို့ ညီမလေးအတွက် ကျိုးထောင်ဟွားကို သင်ခန်းစာပေးခဲ့ကြပြီလား"
ကျန်းကန်မှ ဖြောင်းဖျလိုက်သည်။
"ချိုက်ရှ ဒီကိစ္စကိုဒီအတိုင်းပဲထားလိုက်ရင် မကောင်းဘူးလား"
ကျန်းချိုက်ရှမှာဒေါသထွက်သွားပြီး အော်ငေါက်လိုက်၏။
"မဖြစ်နိုင်တာ တင်တောင်းငွေဆယ့်ငါးတေးကို ဒီအတိုင်းအဆုံးရှုံးမခံနိုင်ဘူး"
ရွာနီးချုပ်စပ်များတွင် မည်သည့်မိန်းကလေးကများ ဤမျှမြင့်မားသော တင်တောင်းငွေမျိုး ရဖူးပါသနည်း။ဤအရှက်ရမှုကို သူမလက်မခံနိုင်ပေ။သူမအစ်ကိုများထံ မကျေမနပ်ဖြင့်ကြည့်ပြီးပြောလိုက်၏။
"အစ်ကိုတို့ကမကူညီရင် ကျွန်မဘာသာသူနဲ့သွားရှင်းမယ်"
...
ကျိုးအိမ်ဟောင်း
အဘွားစွင်းမှ ကျန်းချိုက်ရှနှင့်စေ့စပ်မှုကို ဖျက်သိမ်းလိုက်ပြီဟု သိလိုက်ရသောအခါ ကျိုးဖုန်းငိုမိမတတ်ဝမ်းနည်းသွားရသည်။ကျန်းချိုက်ရှအား သူသဘောကျနေသည်မှာကြာပြီဖြစ်ကာ အောင်သွယ်တော်ယိုမှ စီစဉ်ပေးပြီးနောက်တွင်တော့ သူမနှင့်လက်ထပ်ရတော့မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။
"အဘွား ဘာလို့ဒီလိုလုပ်ရတာလဲ၊ကျွန်တော် ချိုက်ရှကိုဘယ်လောက်သဘောကျပြီး လက်ထပ်ချင်နေလဲဆိုတာ အဘွားလဲအသိပဲဟာ"
ကျိုးဖုန်း အဘွားစွင်းအား မကျေမနပ်ဖြင့်ပြောလိုက်သည်။
သူမှလွဲ၍ ကျန်မိသားစုဝင်အားလုံးမှာ ကျန်းချိုက်ရှအမည်ကိုကြားသည်နှင့် မျက်မှောင်ကြုံ့သွားကြ၏။ထိုမိန်းကလေးသည် သူတို့အိမ်သို့ထမင်းတစ်နပ် လာစားဖူးရုံသာရှိသေးသော်လည်း သူမအကျင့်စရိုက်မှာ လူတိုင်းကို စိတ်ပျက်စေခဲ့သည်။သူမရုပ်ရည်မှာလှပသလောက် အသိမရှိဘဲ တစ်ကိုယ်ကောင်းဆန်လွန်းလှ၏။အကယ်၍ ထိုကဲ့သို့အမျိုးသမီးမျိုးသာ ဤအိမ်ထဲသို့ရောက်လာပါက တစ်အိမ်လုံးဆူညံပွက်လောရိုက်နေမည်မှာအမှန်ပင်။
ထို့ကြောင့် အဘွားစွင်းမှအောင်သွယ်တော်ယိုထံ စေ့စပ်မှုကိုသွားဖျက်သိမ်းခိုင်းခဲ့ခြင်းဖြစ်၏။ကျိုးမိသားစုတစ်စုလုံးလည်း တင်တောင်းငွေအဆမတန်တောင်းပြီး အကျင့်မကောင်းသောကျန်းချိုက်ရှနှင့် ကျိုးဖုန်းအားလက်မထပ်စေချင်ကြတော့ပေ။
အဘွားစွင်းမှာ ငယ်စဉ်ကတည်းမှအလိုလိုက်ပေးခဲ့သော မြေးဖြစ်သူအားကြည့်ကာ ပထမဆုံးအကြိမ်အဖြစ်ဆူပူလိုက်သည်။
"ကျန်းချိုက်ရှက ဘာကောင်းလို့လဲ၊သူ့ရုပ်လေးက လှနေရုံပဲမလား၊သူကအမြော်အမြင်မရှိ ကျင့်ဝတ်မရှိ စိတ်ထားကလဲမကောင်းတဲ့အပြင် ကြီးစိုးချင်စိတ်ကကြီးသေးတယ်၊အဘွားကတော့ သူနဲ့သဘောမတူနိုင်ဘူး၊မြေးလေး နောက်ကျရင်အဘွားကမြေးအတွက် အကျင့်စာရိတ္တကောင်းပြီးသိတတ်တဲ့မိန်းကလေးတစ်ယောက် ရှာပေးပါ့မယ်၊ဒီတစ်ယောက်ကတော့ အဘွားတို့နဲ့မဖြစ်ဘူး"
ကျိုးဖုန်းအံ့အားသင့်သွားရသည်။သူ့အဘွားမှာ ကျန်းချိုက်ရှအပေါ်ဤမျှထိ ဆိုးဆိုးဝါးဝါးပြောလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ထိုစဉ် နှစ်သစ်ကူးနေ့၌အဘွားစွင်းတစ်ယောက် ထမင်းစားပြီးသည်နှင့် ကျိုးထောင်ဟွားတို့အိမ်သို့ အပြေးအလွှားသွားခဲ့သည်ကို ရုတ်တရက် သူသတိရလိုက်မိသည်။အလျင်စလိုဟန်ဖြင့် သူမေးလိုက်၏။
"အဘွား ကျိုးထောင်ဟွားက အဘွားကို တစ်ခုခုပြောလိုက်တာလား"
"ဘာတွေလျှောက်ပြောနေတာလဲ၊ထောင်ဟွားပြောသမျှက အမြဲမှန်တယ်လေ၊သူက တစ်ခါမှလိမ်မပြောဖူးဘူး၊ချောင်ရှီဆို ထောင်ဟွားကိုမယုံလို့ တစ်မိသားစုလုံးသေမတတ်ဖြစ်ခဲ့ရတာကို မင်းမေ့သွားပြီလား"
အဘွားစွင်း ဒေါသတကြီးဆူငေါက်လိုက်သည်။
သို့သော် ကျိုးဖုန်းသည်တော့ ထိုစကားများကိုနားထဲမဝင်ဘဲ အဘွားစွင်းမှာကျိုးထောင်ဟွားစကားကို နားထောင်ခဲ့သည်ဟူသောအချက်ကိုသာ အာရုံစိုက်ခဲ့၏။ကျိုးဖုန်းသည် ချက်ချင်းလှည့်ထွက်ကာ အပြင်သို့ပြေးသွားတော့သည်။
"မြေးလေး ဘယ်သွားမလို့လဲ"
အဘွားစွင်း သူ့နောက်သို့တံခါးဝထိအမှီလိုက်လာရာ ကျိုးထောင်ဟွားတို့အိမ်ဘက် ဦးတည်သွားနေသည်အားတွေ့လိုက်ရသည်။သူမလည်း နောက်မှလိုက်သွားရုံသာရှိတော့၏။ငယ်စဉ်ကတည်းမှ သူမအလိုလိုက်ပေးခဲ့သော မြေးဖြစ်သူမှာ အတော်တုံးအလွန်းသည်ဟု ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။
ကျိုးဖုန်းမှ ကျိုးထောင်ဟွားအား မချေမငံပြောဆိုပြီး စိတ်ဆိုးအောင်လုပ်မိမည်ကို သူမစိုးရိမ်နေမိ၏။ကျိုးထောင်ဟွားနှင့်ရင်းနှီးအောင် သူမအတတ်နိုင်ဆုံးကြိုးစားနေရသည့်အချိန်တွင် မြေးဖြစ်သူဖျက်ဆီးပစ်လိုက်မည်အား ခွင့်မပြုနိုင်ပေ။
ကျိုးထောင်ဟွားတို့အိမ်တွင်
ကျိုးထောင်ဟွားနှင့်ဒူးရင်းသီးနတ်ဆိုးတို့မှာ အိမ်ခန်းမကြီးထဲ၌ကောက်ရိုးဖျာများရက်နေစဉ် ခြံတံခါးခေါက်သံကိုကြားလိုက်ရသည်။ဒူးရင်းသီးနတ်ဆိုးလည်း လက်ထဲမှအလုပ်ကိုချကာ တံခါးသွားဖွင့်ပေးလိုက်၏။
ထင်မထားသည်မှာ လူတစ်ယောက်သည် ဘာမှမပြောဘဲ ခြံထဲသို့ဇွတ်အတင်းတိုးဝင်လာပြီး အော်ဟစ်လာသည်။
"ကျိုးထောင်ဟွား အိမ်မှာရှိလား၊သူ့ကို ထွက်လာခိုင်းလိုက်"
ဒူးရင်းသီးနတ်ဆိုးသည် ဤမြင်ကွင်းမှာရင်းနှီးနေသည်ဟုခံစားလိုက်ရပြီး ထိုအမျိုးသမီးမှာလည်း မနက်မှလူသုံးဦးနှင့် ရုပ်ချင်းဆင်နေသည်ကိုသတိပြုမိလိုက်သည်။ကျန်းချိုက်ရှ အိမ်ခန်းမကြီးထဲသို့လှမ်းကြည့်လိုက်ရာ ကျိုးထောင်ဟွားထိုင်နေသည်ကိုမြင်ပြီး အံ့ဩသွားရ၏။
သူမအနားသို့လျှောက်သွားပြီး ရန်စောင်တော့သည်။
"ကျိုးထောင်ဟွား နင်ကဘာလို့ ငါ့မင်္ဂလာပွဲကို ဖျက်ဆီးရတာလဲ၊နင့်ကို ငါဘာများစော်ကားမိလို့လဲ"
"အဲဒါကျွန်မက အစ်မကိုပြန်မေးရမှာလေ၊ကျွန်မကရော အစ်မကိုဘာတွေများစော်ကားခဲ့မိလို့လဲ၊ကျွန်မအဘွားက အစ်မအင်္ဂါရုပ်ကိုကြည့်ခိုင်းလို့ ပိုက်ဆံရတဲ့အတွက် ကျွန်မလဲအမှန်အတိုင်းပြောပြခဲ့ရုံပါပဲ၊ကျွန်မဝမ်းကွဲအစ်ကိုနဲ့အစ်မရဲ့ မင်္ဂလာပွဲပျက်သွားတာက အဘွားရဲ့ဆုံးဖြတ်ချက်ပဲလေ၊ဘာလို့ကျွန်မဆီ ပြဿနာလာရှာနေရတာလဲ"
ကျိုးထောင်ဟွားလည်း ကြောက်ရွံ့မနေဘဲ မတ်တပ်ရပ်ကာပြန်လည်ချေပလိုက်သည်။
သူမကိုအနိုင်ကျင့်ခံနေမယ့်သူလို့များ ဒီမိန်းမကထင်နေတာလား။ဒူးရင်းသီးနတ်ဆိုးမှာလည်း ကျိုးထောင်ဟွားဘေးတွင်ရပ်နေပြီး အကယ်၍ ကျန်းချိုက်ရှသာရန်ပြုရန်ကြိုးစားပါက သူမအားသင်ခန်းစာပေးရန်အသင့်ပြင်ထားသည်။
ကျန်းချိုက်ရှမျက်နှာအမူအယာထိန်းကာ ပြောလာ၏။
"ငါဂရုမစိုက်ဘူး၊ဒါတွေအကုန်လုံးက နင့်ကြောင့်ပဲ၊နင်သာမရှိရင် ငါရ,ရမယ့်တင်တောင်းငွေဆယ့်ငါးတေးက အလကား ဖြစ်သွားမှာမဟုတ်ဘူး"
ကျန်းချိုက်ရှ၏ယုတ္တိမရှိသော စကားကိုကြားလိုက်ရသောအခါ ကျိုးထောင်ဟွားမှာ ဒေါသထွက်လွန်း၍ရယ်ချလိုက်ချင်မိတော့သည်။ထိုစဉ် ခြံတံခါးအပြင်ဘက်တွင် လူတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရ၏။အဲ့လူက ကျိုးဖုန်းကြီးမလား။
ကျန်းချိုက်ရှသည် ကျိုးဖုန်းနှင့်လက်ထပ်ပွဲပျက်သွားသည်ကိုသိထားသကဲ့သို့ ကျိုးဖုန်းလည်းသိထားပြီးဖြစ်သည်။ထို့ကြောင့် သူသည်လည်းသူမနှင့်စာရင်းလာရှင်းခြင်းဖြစ်နိုင်၏။
ကျိုးထောင်ဟွား စိတ်ထဲမှနေခနဲ့လိုက်မိသည်။သူမမှာ ငွေတစ်တေးရရန်အတွက် အပင်ပန်းခံလုပ်ခဲ့ရသော်လည်း ယခုမူအုပ်စုသုံးခုမှ ပြဿနာလာရှာနေကြပြီပင်။သို့သော် ကျိုးဖုန်းချက်ချင်းဝင်မလာသည်မှာ ကျန်းချိုက်ရှစကားများအား ချောင်းနားထောင်နေခြင်းဖြစ်နိုင်ပေသည်။
ထိုသို့ဆိုလျှင် ကျိုးဖုန်းအတွက် လက်ဆောင်တစ်ခုပေးကိုပေးရပေတော့မည်။သို့မှသာ နောက်နောင်တွင် သူမလည်း ငတုံးများနှင့်အငြင်းထပ်ပွားရခြင်းမျိုးမရှိနိုင်တော့ပေ။
ကျိုးထောင်ဟွားမှာ စိတ်မရှည်ဖြစ်နေသောကျန်းချိုက်ရှထံကြည့်ကာ မေးလိုက်၏။
"အကယ်၍ ကျွန်မရဲ့ဝမ်းကွဲအစ်ကိုက အစ်မကိုတင်တောင်းငွေဆယ့်ငါးတေးအစား ငါးတေးပဲပေးပြီး လက်ထပ်မယ်ဆိုရင်ရော အစ်မကလက်ခံမှာလား"
"လက်ထပ်ရမယ်ပေါ့လေ ငါးတေးနဲ့ဟုတ်လား၊ငါကဘယ်လိုလုပ်လက်ခံနိုင်မှာလဲ"
သူမသည် ယခုနှစ်တွင်အသက်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်၏။တင်တောင်းငွေငါးတေးဖြင့်သာလက်ခံခဲ့မည်ဆိုလျှင် သူမမင်္ဂလာပွဲလည်း ယခုချိန်ထိကြန့်ကြာနေမည်မဟုတ်ပေ။အောင်သွယ်တော်များသည် မိန်းကလေးတစ်ဦးအသက်ဆယ့်ငါးနှစ်ပြည့်သည်နှင့် ကမ်းလှမ်းလေ့ရှိကြပေသည်။
ကျန်းချိုက်ရှမှာ ဒေါသတကြီးပြောဆိုလာ၏။
"နင့်ဝမ်းကွဲအစ်ကိုကဖြင့် ဝါးခြမ်းပြားလိုပိန်လှီနေတာများ လေတိုက်ရင်လွှင့်သွားနိုင်တယ်၊သူကတင်တောင်းငွေဆယ့်ငါးတေးပေးမယ်ဆိုလို့သာ ငါကလက်ထပ်ဖို့ သဘောတူခဲ့တာလေ၊သူ့ရုပ်ကြည့်တော့လဲ လူကြားထဲမှာတောင် သတိထားမိမှာမဟုတ်တဲ့ သာမန်ရုပ်နဲ့၊ပြီးတော့ သူကတစ်ပါးသူအပေါ် စာနာတတ်တာလဲမဟုတ် သူ့ကိုယ်သူပဲဂရုစိုက်တတ်နေတာလေ၊သူနဲ့အတူသာနေရရင် ငါတော့တစ်ကယ်ဒုက္ခရောက်မှာပဲ"
ကျန်းချိုက်ရှမှာ ပြောလေလေ စိတ်လှုပ်ရှားလေလေဖြစ်ရာ ကျိုးထောင်ဟွားနှုတ်ခမ်းဖျားမှ အပြုံးလေးကိုသတိမထားမိခဲ့ပေ။
အဘွားစွင်း ကျိုးဖုန်းနောက်သို့အမှီလိုက်လာရင်း ကျိုးထောင်ဟွားတို့အိမ်ရှေ့သို့ရောက်သောအခါ ကျိုးဖုန်းတစ်ယောက် ခြံထဲသို့ဝင်မသွားဘဲ တံခါးဝတွင်သာရပ်နေသည်ကို တွေ့လိုက်ရ၏။
အဘွားစွင်း ဇဝေဇဝါဖြစ်သွားသော်လည်း အနည်းဆုံးတော့ မြေးဖြစ်သူမှာ အထဲဝင်ပြီးထောင်ဟွားကို စိတ်အနှောင့်အယှက်မပေးရသေးသည့်အတွက် စိတ်အေးသွားရသည်။
သူမ ကျိုးဖုန်းလက်မောင်းကိုဆွဲ၍ တိုက်တွန်းလိုက်၏။
"မြေးလေး အဘွားနဲ့အတူအိမ်ပြန်ရအောင်ပါကွယ်"
ထိုစဉ် ခြံဝင်းတံခါးကိုကျောပေး၍ အိမ်ခန်းမကြီးထဲတွင်ရပ်နေသော ကျန်းချိုက်ရှမှာ ရုတ်ချည်းတောင့်တင်းသွားတော့သည်။
အဲ့ဒီအသံက........
အဘွားစွင်းအသံမဟုတ်ဘူးလား။
မြေးလေးဟု သူခေါ်လိုက်သည့်အသံကိုကြားလိုက်ရရာ ကျိုးဖုန်းလည်း ဤနေရာ၌ရှိနေသည်ဖြစ်ရမည်။