← Chapters

အခန်း (၈၅)

Vol. 9 Ch. 85

အခန်း (၈၅)

Vol. 9 Ch. 85

"သူ့ကိုကိုယ့်အသားထိခွင့်ပေးမှာမဟုတ်ပါဘူး"

ကတိပေးနေသည့်အလား ရှန်းမင်ပြောလိုက်သည်။

"အခြားဘယ်သူ့ကိုမှလဲ အထိခံမှာမဟုတ်ပါဘူး"

ရှန်းမင် ထပ်ပေါင်းပြောဆိုလာ၏။

ယခုချိန်ထိ သူသည် သူမတစ်ယောက်ကိုသာ အထိခံခဲ့ဖူးသည်။ကျန်းချွေ့အာသည်ပူကျက်နေသော ညီမဖြစ်သူခန္ဓာကိုယ်ကိုကိုင်ကြည့်ပြီး မေးလိုက်၏။

"သခင်လေးရှန်း ရွာသမားတော်ဘယ်နားမှာရှိလဲ ပြောပြပေးလို့ရမလား၊ကျွန်မရဲ့ညီမကို စမ်းသပ်ခိုင်းချင်လို့ပါ"

ရှန်းမင်သည် အကျင့်ပျက်ဟန်ပေါ်သည့် ကျန်းကျူးအာကို မနှစ်သက်သော်လည်း ညီအစ်မနှစ်ယောက်အား လမ်းညွှန်ပေးလိုက်၏။ကျိုးထောင်ဟွား သတိပေးလိုက်သည်။

"သူမဆီမှာ ယောင်္ကျားသားတွေရဲ့အသက်ဓာတ်နဲ့ယန်စွမ်းအင်ကို အဓိကစုပ်ယူစားသုံးတဲ့နတ်ဆိုးပူးကပ်နေတာ၊သာမန်နတ်ဆိုးတွေထက် ပိုကြောက်ဖို့ကောင်းတယ်၊ယောင်္ကျားသားတစ်ယောက်ကိုမှ သူမနဲ့အထိခံလို့မဖြစ်ဘူး၊မဟုတ်ရင်တော့ ဖြစ်လာမယ့်အကျိုးဆက်တွေကို တွေးကိုမကြည့်နဲ့တော့၊အဘိုးရှန်းဖျင်ကလဲ ယောင်္ကျားသားတစ်ယောက်ပဲ၊သူ့ကိုဒုက္ခရောက်အောင် သူမကလုပ်မိလိမ့်မယ်"

ရှန်းမင်စိတ်ထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။သူမခုနက ထိုအကြောင်းပြောလာသည်မှာ ဤအကြောင်းရင်းကြောင့်ပင်ဖြစ်နိုင်၏။

ကျန်းချွေ့အာမျက်မှောင်ကြုံ့လိုက်မိသည်။ဤလောကကြီးထဲတွင် မကောင်းဆိုးဝါးများ မည်သို့ရှိနိုင်ပါမည်နည်း။

သူမသည် ကျိုးထောင်ဟွားထံအထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ဒီလောက်ချစ်စရာကောင်းတဲ့ကောင်မလေးက ဘာလို့များစိတ်ထားယုတ်မာရသည်နည်း။သူမညီမထံတွင် နတ်ဆိုးပူးကပ်နေသည်ဟုပြောထွက်ရဲ၏။

"တစ်ကယ်အဓိပ္ပာယ်မရှိတဲ့စကားတွေပဲ"

ကျန်းချွေ့အာသည် သူမနှင့်စကားဖက်ပြောပြီး အချိန်ကုန်မခံချင်တော့သဖြင့် ကျန်းကျူးအာကို တွဲထူကာ ကျိုးရှန့်ဖျင်အိမ်ဘက်သို့ လျှောက်သွားလိုက်သည်။ကျိုးထောင်ဟွားသည် ဤမိန်းကလေးမှာ အမှားအမှန်မခွဲခြားတတ်သည်ကိုမြင်လိုက်ရသဖြင့် အဘိုးရှန့်ဖျင်အတွက် စိတ်ပူသွားကာ သူဒုက္ခမရောက်စေရန် တားဆီးဖို့နောက်မှလိုက်သွားလိုက်၏။အဘိုးရှန့်ဖျင်မှာ ယခုနှစ်တွင်ခြောက်ဆယ့်တစ်နှစ်ရှိပြီဖြစ်၍ ထိုအမျိုးသမီး၏ပြုစားမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ကျန်းချွေ့အာသည် သူမညီမကိုတွဲရင်း ခက်ခက်ခဲခဲလျှောက်နေရသော်လည်း သူမနောက်မှ ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့သည်တော့ မမြင်ချင်ယောင်ဆောင်ကာဝင်ရောက်ကူညီခြင်းမပြုကြ‌ပေ။ထိုအချိန်မှာပင် ကျန်းချွေ့အာသည်ဖြတ်သွားဖြတ်လာ ရွာသားတစ်ယောက်ကိုတွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်သည်။

"အစ်ကိုကြီး ကျွန်မညီမနေမကောင်းဖြစ်နေလို့ပါ၊ကျွန်မတို့ကို ရွာသမားတော်ဆီ လိုက်ပို့ပေးလို့ရမလား"

ကျိုးဖုန်းသည် ကျန်းချိုက်ရှကိစ္စကြောင့် မကြာသေးမီကထိ စိတ်ဒုက္ခရောက်နေခဲ့ရသည်။

ကျိုးထောင်ဟွားပြောသလိုပင် အတိတ်တွင်ကောင်းမှုကုသိုလ်မလုပ်ခဲ့မိလို့များ ကောင်းမွန်သည့်အမျိုးသမီးနှင့် မတွေ့ဆုံရခြင်းပေလားဟုပင် ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်နေမိ၏။ကျန်းချွေ့အာစကားကိုကြားလိုက်ရသည်နှင့် သူလည်းတုံ့ဆိုင်းမနေဘဲ လက်လှမ်း၍ ကျန်းကျူးအာကိုတွဲကူလိုက်မိသည်။

ဒါလည်းကောင်းမှုကုသိုလ်လုပ်ဖို့ အခွင့်အရေးတစ်ခုပဲမဟုတ်ဘူးလား။ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့နှစ်ယောက်သား ပြိုင်တူအော်ပြောလိုက်ကြသည်။

"မလုပ်နဲ့ သတိထား"

ကံဆိုးစွာပင် အချိန်နှောင်းသွားခဲ့လေပြီ။ကျိုးဖုန်းလက်မှ ကျန်းကျူးအာနှင့်ထိမိလိုက်သည့် တစ်ခဏချင်းမှာပင် ရေခဲအပ်ပါးလေးများအလား သူ့သွေးကြောများထဲထိုးဖောက်ဝင်ရောက်လာသော အေးစက်သောအငွေ့အသက်တစ်ခုမှာ ထိတွေ့လိုက်သည့်နေရာမှတဆင့် သူ့ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာပျံ့နှံ့သွားသည်ကို ခံစားလိုက်ရ၏။

ကျိုးဖုန်းမျက်နှာမှာ ချက်ချင်းဆိုသလိုခဲပြာရောင်ပြောင်းသွားပြီး နဖူးထက်တွင်လည်း ချွေးစေးများပြန်လာကာ မျက်လုံးများထဲ၌ကြောက်ရွံ့မှုနှင့်မယုံကြည်နိုင်မှုတို့ပေါ်လာတော့သည်။

ထို့နောက်ချက်ချင်းပင် ကျိုးဖုန်းသည်သူ့ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုလျင်မြန်စွာ စုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရပြီး ခြေလက်များအားအင်ကုန်ခမ်းလာကာ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရအောင် တုန်ယင်လာလေ၏။သူ့အသက်ရှူသံများမြန်ဆန်လာပြီး စည်းချက်မမှန်တော့သည့် နှလုံးခုန်သံမှာလည်း အချိန်မရွေးရပ်တန့်သွားတော့မည့်အလား ဖြည်းဖြည်းချင်းအားပျော့လာသည်။

သူ့အသက်ဓာတ်နှင့်ယန်စွမ်းအင်များအား ဆက်တိုက်စုပ်ယူခံနေရသည်နှင့်အမျှ ကျိုးဖုန်းမျက်လုံးများမှာ ဖြည်းဖြည်းချင်းအရောင်အဝါကင်းမဲ့လာပြီး ဗလာသပ်သပ်အကြည့်သာကျန်ခဲ့ကာ နှုတ်ခမ်းများလည်း အက်ကွဲခြောက်သွေ့လာပြီး အရေပြားများမှာဆယ်စုနှစ်များစွာအိုစာသွားသကဲ့သို့ ချက်ချင်းတွန့်ရှုံ့လျော့ရဲသွားလေ၏။

*ဘုတ်*

ကျိုးဖုန်းမြေကြီးပေါ်လဲကျသွားသည့်အခါ ကျန်းချွေ့အာလန့်ဖြပ်သွားတော့သည်။သူမအမြန်ဒူးထောက်ထိုင်ချကာ သူ့အခြေအနေကိုစစ်ဆေးကြည့်လိုက်ပြီး မေးမြန်းလိုက်၏။

"အစ်ကိုကြီး အဆင်ပြေရဲ့လား"

လက်ရှိဤလူမှာ အစ်ကိုကြီးတစ်ယောက်ထက် အဖိုးအိုတစ်ယောက်နှင့်ပင်ပိုတူနေလေ၏။ကျိုးဖုန်းမျက်လုံးများမှာ ပွင့်နေသော်လည်း မလှုပ်မယှက်ငြိမ်သက်နေပေသည်။ယခုအချိန်တွင်တော့ ကျန်းချွေ့အာသည် ကျိုးထောင်ဟွားစကားများကို စတင်ယုံကြည်လာပြီဖြစ်‌၍ မေးလိုက်၏။

"ညီမလေး ညီမလေးပြောတာတစ်ကယ်လား၊အစ်မရဲ့ညီမကိုယ်ထဲမှာ တစ်ကယ်ကို ကာမနတ်ဆိုးရှိနေတာပေါ့၊အဲဒါက ယောင်္ကျားသားတွေရဲ့ အသက်ဓာတ်နဲ့ယန်စွမ်းအင်ကို သီးသန့်ရွေးပြီးစုပ်ယူတာလား"

သူမသည် ကျန်းကျူးအာထံစိုးရိမ်တကြီးကြည့်လိုက်ပြီးနောက် ကျိုးဖုန်းထံအားကိုးရာမဲ့စွာကြည့်လိုက်မိ၏။

သူမဘာလုပ်ရမည်နည်း။

သူမသာ ကျိုးဖုန်းကို အကူအညီမတောင်းခဲ့လျှင် သူလည်းဒီလိုအခြေအနေမျိုးဖြစ်သွားလိမ့်မည် မဟုတ်ပေ။

"ညီမလေး သူသေတော့မသွားဘူးမလား"

အကယ်၍ သူသာသေဆုံးသွားခဲ့လျှင် သူမအပြစ်မှာ ကြီးမားသွားပေလိမ့်မည်။ရုတ်တရက် ကျန်းချွေ့အာအကြံတစ်ခုရသွားသည်။သူမကျိုးထောင်ဟွားထံပြောလိုက်၏။

"ညီမလေး ညီမလေးဆီမှာ အစ်မရဲ့ညီမကိုကယ်ဖို့ နည်းလမ်းရှိလား၊ပြီးတော့ ဒီအစ်ကိုကြီးကိုပါ ကူညီပေးပါနော်"

"ညီမထောင်ဟွားရဲ့နတ်ဆိုးနှင်ကြေးက ငွေနှစ်တေးကျပါတယ်"

ကျိုးထောင်ဟွားကိုယ်စား ရှန်းမင်ပြောလိုက်သည်။

ကျန်းချွေ့အာမျက်နှာထားမှာတောင့်တင်းသွားရ၏။ဒီလောက်တောင် များတာလား။

သို့သော်လူ့အသက်တစ်ချောင်းနှင့် ယှဉ်လိုက်လျှင်တန်သည်ဟုယူဆကာ ကျန်းချွေ့အာသဘောတူလိုက်သည်။

"ဒါပေမယ့် ညီမလေးရယ် အခုလောလောဆယ်တော့ အစ်မဆီမှာပြားခုနစ်ဆယ်ပဲပါခဲ့တယ်၊ကျန်တာကိုတော့ အိမ်ပြန်ရောက်မှပြန်ယူပြီးပေးလို့ရမလား၊စိတ်မပူပါနဲ့ အစ်မကအကြွေးမထားပါဘူး"

ကျန်းချွေ့အာ အာမခံပြောလိုက်သည်။ရှန်းမင်မှာ လေးလေးနက်နက်ပြန်ဖြေလိုက်၏။

"ကိစ္စမရှိပါဘူး၊ညီမထောင်ဟွားဆီမှာ မင်းအကြွေးစာချုပ်လက်မှတ်ထိုးထားခဲ့လို့ရပါတယ်"

ကျိုးထောင်ဟွား ရှန်းမင်ဘက်လှည့်ကြည့်ကာ သူမပါးစပ်ပင်အံ့သြမှုကြောင့်အနည်းငယ်ပွင့်ဟသွားခဲ့၏။

ကျန်းချွေ့အာမှ အကြွေးစာချုပ်ပေါ်တွင်လက်ဗွေနှိပ်ပေးပြီးသည်နှင့် ကျိုးထောင်ဟွားသည်စာချုပ်ကိုသိမ်းဆည်းလိုက်ကာ ကျန်းကျူးအာနားသို့လျှောက်သွားပြီး မန္တန်ရွတ်ဖတ်၍ လက်ဟန်များပြုလုပ်လိုက်သည်။မျက်တောင်တစ်ခတ်စာအတွင်းမှာပင် သူမလက်ဖဝါးများဆီမှ နူးညံ့သိမ်မွေ့သောအလင်းရောင်များ ဖြာထွက်လာတော့၏။

ထိုအလင်းရောင်များမှ ကျန်းကျူးအာကိုယ်နှင့်ထိတွေ့သွားသည်နှင့် ကျန်းကျူးအာမှာ ပြင်းပြင်းထန်ထန်တုန်ယင်သွားပြီး သူမခန္ဓာကိုယ်ထဲမှနေ မြူခိုးနက်တစ်လွှာထွက်ပေါ်လာလေသည်။ထိုမြူခိုးများထဲမှနေ နာကျင်ဆွေးမြေ့ဖွယ်ငိုရှိုက်သံသဲ့သဲ့ထွက်ပေါ်လာရာ ကျန်းချွေ့အာမျက်နှာသည်တင်းမာသွားပြီး သူမညီမကိုယ်ထဲမှ နတ်ဆိုးအား အမြန်ဆုံးမောင်းထုတ်နိုင်ပါစေဟုသာ ဆုတောင်းနေမိ၏။

ကျိုးထောင်ဟွားမျက်နှာမှာ လေးနက်တည်ကြည်နေပြီး ဝိညာဉ်စွမ်းအားတိုးမြှင့်လိုက်ရာ အလင်းရောင်များသည် ဒီရေအလား ကျန်းကျူးအာခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။အလင်းရောင်အစက်အပြောက်တိုင်းသည် နတ်ဆိုး၏ယင်စွမ်းအင်များကို ဖယ်ရှားပစ်လိုက်၏။

ရုတ်ချည်းဆိုသလို ကျန်းကျူးအာခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန်တုန်ယင်လိမ်တွန့်လာပြီး မျက်နှာပေါ်တွင်လည်း နာကျင်သောအမူအရာများပေါ်လာလေသည်။ကျိုးထောင်ဟွား ထုတ်လွှတ်လိုက်သော အလင်းရောင်များပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်နှင့်အမျှ နတ်ဆိုးစွမ်းအားများသည် ဖြည်းဖြည်းချင်း ဖိနှိပ်ချုပ်နှောင်ခံလိုက်ရ၏။

အခွင့်ကောင်းကိုအသုံးချကာ ကျိုးထောင်ဟွားသည် ရုတ်တရက်လက်လှမ်း၍ဆွဲထုတ်လိုက်ရာ ကျန်းကျူးအာခန္ဓာကိုယ်ထဲမှနေ အနက်ရောင်အရိပ်တစ်ခုပါလာလေသည်။ကျိုးဖုန်းအသက်ဓာတ်နှင့်ယန်စွမ်းအင်များကို စုပ်ယူထားသောကြောင့် ၎င်း၏ဝိညာဉ်မှာအတော်လေးကြီးမားနေပြီး ယင်စွမ်းအင်များလည်း အလွန်ပြင်းထန်နေ၏။

၎င်းသည် လေထဲတွင်ပါးစပ်အားဖြဲကာ လက်သည်းရှည်ကြီးများယမ်း၍ နားစည်ကွဲလုမတတ်စူးရှရှအော်သံများဖြင့် ဟိန်းဟောက်နေလေသည်။ကျိုးထောင်ဟွားသည်တွေဝေခြင်းမရှိဘဲ ၎င်းကိုရိုက်ချလိုက်၏။

ကာမနတ်ဆိုး : "......"

"ပါးစပ်ပိတ်ထားစမ်း"

ကျိုးထောင်ဟွားသည် ထိုကာမနတ်ဆိုးကို ကျိုးဖုန်းနားဆွဲခေါ်သွားပြီး ယန်စွမ်းအင်များကို ပြန်ထည့်ပေးခိုင်းလိုက်သည်။လေးဆယ့်ခုနစ်နှစ်အရွယ်ဖြစ်နေသော ကျိုးဖုန်းသည် ချက်ချင်းပင်ဆယ့်ခုနစ်နှစ်အရွယ်ပုံစံသို့ ပြန်လည်ရောက်ရှိသွားလေ၏။

ကျန်းချွေ့အာသည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများပြူးကျယ်လျက် ကျိုးထောင်ဟွားထံစိုက်ကြည့်နေမိသည်။ကျိုးဖုန်းနှင့်ကျန်းကျူးအာတို့နှစ်ယောက်လုံး ပြိုင်တူမျက်လုံးပွင့်လာကြပြီး အသည်းအသန်အသက်လုရှူနေကြ၏။

ကာမနတ်ဆိုးမှာတော့ ကျိုးထောင်ဟွားလက်ဖြင့် ဖျစ်ညှစ်ခံလိုက်ရမှုကြောင့် ချက်ချင်းပြာကျသွားလေသည်။ဒီကာမနတ်ဆိုးမက သူမျက်စိကျထားတဲ့လူကိုထိရဲတယ်ပေါ့လေ။

All Chapters