အခန်း (၈၆)
Vol. 9 Ch. 86
ကျန်းကျူးအာမှာ သူမလုပ်ခဲ့သမျှကိုပြန်သတိရလာသည့်အခါ မြေကြီးထဲသာတိုးဝင်ပျောက်ကွယ်သွားချင်စိတ်ပေါက်သွားလေ၏။ကျိုးဖုန်းမှာတော့ ကျိုးထောင်ဟွားအားမေးလိုက်သည်။
"ညီမထောင်ဟွား အစ်ကိုခုနကကောင်းမှုကုသိုလ်လုပ်ခဲ့တာမလား"
ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။သို့သော်လည်း ကောင်းမှုလုပ်ခြင်းမှာ သူ့အသက်ကိုပင်ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့လေသည်။ထိုအဖြစ်အပျက်ကိုအမှတ်ရလိုက်သောအခါ ကျိုးဖုန်းသည်ချက်ချင်းရယ်မောလိုက်မိ၏။မည်သို့ပင်ဆိုစေကာမူ ကာမနတ်ဆိုးသူ့ထံမှစုပ်ယူသွားခဲ့သည့် အသက်ဓာတ်နှင့်ယန်စွမ်းအင်များအားလုံးလည်း ပြန်လည်ရရှိခဲ့ပြီဖြစ်ရာ သူ့အတွက်မည်သည့်ဆုံးရှုံးမှုမှမရှိတော့ပေ။
နောင်တွင်ကောင်းမှုများပိုလုပ်ပါက ကောင်းကျိုးပြန်ရပြီး ဇနီးကောင်းတစ်ယောက်နှင့်တွေ့ဆုံရလိမ့်မည်ဟု သူ ယုံကြည်နေမိသည်။ကျန်းချွေ့အာမှာ ကျိုးထောင်ဟွားအား ပြောလိုက်၏။
"ညီမလေး အစ်မနာမည်ကကျန်းချွေ့အာပါ၊ဒါကတော့ အစ်မရဲ့ညီမ ကျန်းကျူးအာပါ၊ညီမလေးနာမည်ကရော ဘယ်လိုခေါ်လဲ"
"ကျိုးထောင်ဟွားပါ"
ကျန်းချွေ့အာသည် အပြုံးလေးဖြင့်ခေါင်းငြိမ့်ပြကာပြောလိုက်၏။
"အစ်မ နားလည်ပါပြီ၊ဒါဆို မနက်ဖြန်ကျမှ ညီမလေးကျိုးရဲ့ပိုက်ဆံကိုပြန်ဆပ်ပါ့မယ်နော်"
ကျန်းချွေ့အာစကားပြောပြီးသည်နှင့် ကျန်းကျူးအာသည် သူမကိုအလျင်စလိုဆွဲခေါ်သွားတော့၏။ခုနလေးတင် သူမအစ်မဖြစ်သူမှာ လူအများကြီးရှေ့၌သူမနာမည်အား မိတ်ဆက်ပေးလိုက်သည်လေ။ယခုဆိုလျှင် သူမမှအရှက်မရှိ အတင်းအကြပ်အခွင့်အရေးယူရန်ကြံစည်ခံခဲ့ရသော အလုပ်ရှင်သည်သူမနာမည်အား သိသွားခဲ့ပြီပင်။
ကျန်းကျူးအာမျက်နှာသည် သစ်ကိုင်းထက်တွဲလဲခိုနေသော တည်သီးမှည့်တစ်လုံးအလား နီရဲလာလေတော့သည်။တစ်ကယ်ရှက်စရာကောင်းလိုက်တာ။
သို့သော်လည်း အလုပ်ရှင်ဖြစ်သူသခင်လေးရှန်းမှာ တစ်ကယ်ကိုချောမောခန့်ညားလှပေသည်။ကျန်းချွေ့အာနှင့်သူမညီမတို့ထွက်သွားသည်နှင့် ကျိုးထောင်ဟွားလည်း ပြန်ရန်ပြင်လိုက်၏။သူမသည် ရွာလူကြီးအိမ်သို့သွားကာ အမိုးအကာတဲများကို မြန်မြန်ဆောက်ကြရန် ရွာသားများအားသတိပေးခိုင်းရပေဦးမည်။
မိုးသီးမုန်တိုင်းကျရောက်ပြီး အပူချိန်ထိုးဆင်းသွားရန် ဆယ်ရက်သာလိုတော့သည်။
"ညီမထောင်ဟွား ခုနကကိစ္စအတွက် ကျေးဇူးတင်ပါတယ်"
ကျိုးထောင်ဟွား ခြေလှမ်းစလှမ်းလိုက်ချိန်မှာပင် ရှန်းမင်အသံကိုကြားလိုက်ရသည်။အကယ်၍ သူမသာမရှိခဲ့လျှင် သူသည်လည်း ကျိုးဖုန်းကဲ့သို့အဖြစ်ဆိုးမျိုး ကြုံရမည်မှာ သေချာသည်။သူမနောက်သို့လှည့်ကြည့်ကာ ပြုံးလိုက်ပြီးပြန်ဖြေလိုက်၏။
"ရပါတယ် အစ်ကိုရှန်းမင်၊အစ်ကို့ကို ကူညီခွင့်ရလို့ ညီမဝမ်းသာပါတယ်"
ရှန်းမင်၏နက်မှောင်သောမျက်ဝန်းများသည် အံ့အားသင့်မှုကြောင့်ပြူးကျယ်သွားရကာ ကျိုးထောင်ဟွားမျက်နှာကို ကြည့်ရင်း သူမအမူအရာမှ တစ်စုံတစ်ခုကို အကဲခတ်ရန်ကြိုးစားနေမိသည်။
........
ကျိုးထောင်ဟွား ရွာလူကြီးအိမ်သို့ရောက်သည်နှင့် မိုးသီးမုန်တိုင်းကျရန် ဆယ်ရက်သာလိုတော့ကြောင်းပြောလိုက်ချိန်တွင် ရွာလူကြီးမှာချက်ချင်းပြန်ပြောလာ၏။
"ထောင်ဟွား စိတ်မပူပါနဲ့၊အဘိုးကိုယ်တိုင်သွားပြီး လူတိုင်းကိုသွက်သွက်လုပ်ဖို့ တိုက်တွန်းလိုက်ပါ့မယ်"
"တဲတွေကိုစောစောပြီးအောင် လူနည်းနည်းပိုငှားလိုက်တာ ပိုကောင်းမယ်၊ဒါမှအဘိုးလဲ စိတ်အေးရမှာ"
"ထောင်ဟွား ဒီမိုးသီးမုန်တိုင်းက ဘယ်လောက်ကြာမှာလဲ၊ပြီးတော့ အပူချိန်ကျဆင်းတာကရော ဘယ်လောက်ကြာမှာလဲ"
နှစ်အစတစ်ရက်နေ့ကတည်းမှ လူတိုင်းသည် ဆေးပင်စိုက်ခင်းများအတွက်တဲများဆောက်လုပ်ရန် အလုပ်ရှုပ်နေခဲ့ကြပြီး တစ်လနီးပါးမျှဝင်ငွေမရရှိခဲ့ကြပေ။မိုးသီးမုန်တိုင်းကျပြီး အပူချိန်ကျဆင်းသွားပါက လူတိုင်းအိမ်ထဲ၌သာပြန်နေရပေဦးမည်။ဤသို့သာဆက်ဖြစ်နေလျှင် မည်သို့လုပ်ရမည်နည်း။သူတို့လည်း ပိုက်ဆံရှာရန်လိုအပ်ပေသည်။
"အဘိုးရွာလူကြီး မိုးသီးမုန်တိုင်းနဲ့အပူချိန်ကျဆင်းတာက နောက်လဝက်လောက်ကြာမှ ပြီးဆုံးပါလိမ့်မယ်၊ဒီကာလအတွင်းမှာ မိုးသီးထိတာတွေတို့ နှင်းကိုက်တာတွေတို့မဖြစ်ရအောင် မလိုအပ်ဘဲ အပြင်မထွက်တာအကောင်းဆုံးပါ၊အရင်တုန်းကလိုမျိုးပဲ ထင်းတွေကိုကြိုစုထားပြီး အိမ်ကိုနွေးနေအောင်အပူပေးကုတင်ကိုမီးမွှေးပြီး နွေးနွေးထွေးထွေးနေသင့်ပါတယ်"
ကျိုးထောင်ဟွားမှာကြားချက်များကိုကြားပြီးနောက် ရွာလူကြီးသည်ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်၏။ဤသည်မှာ လူတိုင်းအသက်အိုးအိမ်စည်းစိမ်နှင့်ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်ပေသည်။ရှန်းမင်သည်စိုက်ခင်းထဲတွင် အလုပ်ရှုပ်နေရင်းရွာလူကြီးအိမ်မှထွက်လာသော ကျိုးထောင်ဟွားပုံရိပ်ကို လှမ်းကြည့်နေလိုက်၏။
သူမခေါင်းတစ်ချက်လှည့်ကြည့်လိုက်ရုံနှင့် သူ့ကိုမြင်နိုင်ပေသည်။ရှန်းမင်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သူမအားလှမ်းခေါ်လိုက်လျှင် ရုတ်တရက်ဆန်လွန်းရာကျမကျအားတွေးတောနေမိ၏။
"!!!"
ရုတ်ချည်းဆိုသလို သူမသည်သူရှိရာဘက်သို့ကြည့်ကာ လက်ယမ်းပြလိုက်သည်ကိုမြင်လိုက်ရ၏။
ရှန်းမင်မျက်လုံးများထဲတွင် အပြုံးရိပ်တို့ဖြတ်ပြေးသွားပြီး နေ့လည်ခင်းတစ်လျှောက်လုံး အားအင်အပြည့်ဖြင့်အလုပ်လုပ်လိုက်တော့သည်။နောက်တစ်နေ့တွင် ကျန်းချွေ့အာသည်ကျိုးထောင်ဟွားအိမ်တံခါးကို လာခေါက်ပြီး ငွေတစ်တေးနှင့်ကိုးရာသုံးဆယ်ပြားကိုလာဆပ်သွားလေ၏။
"ညီမလေးကျိုး မနေ့ကကိစ္စအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကွယ်၊မနေ့က အစ်မကိုကူညီပေးခဲ့တဲ့အစ်ကိုကြီးနာမည်ကိုရော မေးလို့ရမလား၊အစ်မ သူ့ဆီကိုလူကိုယ်တိုင် ကျေးဇူးတင်စကား ပြောချင်လို့ပါ"
ကျန်းချွေ့အာ မေးလိုက်သည်။
ကျိုးထောင်ဟွားသည် သူမလက်ထဲရှိခြင်းတောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးအိမ်ဟောင်းရှိရာဘက်သို့ ညွှန်ပြလိုက်၏။
"သူက ညီမရဲ့ဝမ်းကွဲအစ်ကိုကျိုးဖုန်းပါ"
ကျိုးထောင်ဟွား မိတ်ဆက်ပေးလိုက်သည်။ယနေ့ သူမတစ်ယောက်တည်းလာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ညီမမှာ ရှက်နေ၍ဖြစ်နိုင်၏။ကျန်းချွေ့အာသည် ကျိုးထောင်ဟွားထံနောက်တစ်ကြိမ်ကျေးဇူးတင်စကားပြောပြီးထွက်သွားတော့သည်။ကျန်းချွေ့အာသည် ကျိုးဖုန်းအမည်ကို စိတ်ထဲတွင်ရေရွတ်ကြည့်ရင်း တစ်နေရာရာ၌ကြားဖူးသလို ခံစားလိုက်ရ၏။
ကျိုးအိမ်ဟောင်း၌
ကျိုးရှီသည်တံခါးခေါက်သံကြား၍ သွားဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသည့်ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
"မနေ့က လက်တွန်းလှည်းနဲ့လမ်းမေးသွားတဲ့ ကောင်မလေးမလား၊ရှန်းမင်ကိုလာရှာတာဆိုပြီး ငါ့အိမ်ကိုဘယ်လိုလုပ်ရောက်လာရတာလဲ"
ကျိုးရှီမှာထိုသို့ပြောရင်း သူမအနောက်သို့ကြည့်လိုက်ရာ အိမ်ရှေ့တွင်ဘာမှမရှိဘဲဗလာကျင်းနေသည်ကိုတွေ့လိုက်ရ၏။ဒီနေ့တော့လက်တွန်းလှည်းတွန်းမလာကြပုံပင်။
"အဒေါ် ကျွန်မက ဒီနေ့ရှန်းမင်ကိုလာရှာတာမဟုတ်ပါဘူး၊အစ်ကိုကြီးကျိုးကို သပ်သပ်လာတွေ့တာပါ၊မနေ့က ကျွန်မညီမဆီ မတော်တဆနတ်ဆိုးအပူးခံလိုက်ရလို့ အစ်ကိုကြီးကျိုးဒုက္ခရောက်လုနီးပါး ဖြစ်သွားတယ်လေ၊ကံကောင်းလို့သာ ညီမလေးကျိုး အချိန်မီကူပေးနိုင်ခဲ့တော့ အားလုံးဘေးကင်းသွားခဲ့ရတာပါ၊အဲ့တာကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မဒီနေ့ကြက်ဥဆယ်လုံးယူလာခဲ့ပါတယ်"
ခြင်းတောင်းကိုအုပ်ထားသည့် အဝတ်စုတ်အားဖယ်ပြရင်း ကျန်းချွေ့အာပြောလိုက်သည်။ကျိုးရှီအံ့သြသွားရ၏။ရှောင်ဖုန်းက ဒီလိုကောင်းမှုမျိုးလုပ်ခဲ့တယ်ပေါ့လေ။
ဒါဆိုဘာဖြစ်လို့ ဒီကလေးမနေ့ကဘာမှ ပြန်မပြောပြခဲ့တာပါလိမ့်။
ကျိုးရှီသည် ခဏတာဟန်ဆောင်ပန်ဆောင်ယဉ်ကျေးပြလိုက်ပြီးနောက်မှ ကြက်ဥများသိမ်းရန်အတွက် ကျန်းချွေ့အာကိုမီးဖိုချောင်ဘက်သို့ခေါ်သွားလိုက်သည်။သူမမေးလိုက်၏။
"သမီးက ဘယ်ရွာကလဲကွဲ့"
"အဒေါ် ကျွန်မကဟေးနျိုရွာကပါ"
ကျန်းချွေ့အာပြောပြီးသည်နှင့် ပြန်ရန်လှည့်ထွက်လိုက်သည်။ဟေးနျိုရွာနှင့်ကျိုးကျားရွာသည်ကပ်လျက်ရွာများဖြစ်သော်လည်း ဟေးနျိုရွာမှလာမည်ဆိုလျှင် တောင်တစ်လုံးဖြတ်ကျော်ရပေသည်။ကျေးဇူးတင်ကြောင်းပြသရန်အတွက်သာ သူမသည် ဤမျှဝေးကွာသောခရီးကိုလာခဲ့ပြီး ကြက်ဥဆယ်လုံးယူလာခဲ့သေး၏။ကျိုးရှီစိတ်ထဲတွင် ကျန်းချွေ့အာကိုအတော်လေးသဘောကျသွားမိသည်။
"သမီးနာမည် ဘယ်လိုခေါ်လဲ၊မပြန်ခင် ရေနွေးကြမ်းလေးတစ်ခွက်သောက်ပြီး ခဏထိုင်နားပါဦးလား၊ရှောင်ဖုန်းက ဆေးပင်စိုက်ခင်းထဲမှာ အလုပ်လုပ်နေတာလေ၊သမီးသူ့ကို လူကိုယ်တိုင်ကျေးဇူးတင်လို့ရအောင် အဒေါ်သွားခေါ်ပေးပါ့မယ်"
ကျိုးရှီ ပြောလိုက်သည်။
"အဒေါ် ကျွန်မနာမည်ကကျန်းချွေ့အာပါ၊ဒီလောက်ထိ အားနာနေစရာမလိုပါဘူး၊ကျေးဇူးတင်စကားပြောခွင့်ရတာနဲ့တင် လုံလောက်ပါပြီ"
ကျန်းချွေ့အာမှာ ပြန်ဖြေရင်းလှည့်ထွက်သွားလေ၏။ကျိုးရှီသည် သူမကိုနေစေချင်သေးသဖြင့်ဆွဲထားချင်သော်လည်း မိန်းကလေးကျန်းမှငြင်းဆန်လိုက်သဖြင့် ကျေနပ်ပြုံးကြီးဖြင့်သာ ငေးကျန်ရစ်ခဲ့သည်။
ကျန်းချိုက်ရှ ကျိုးအိမ်ဟောင်းဝင်ပေါက်သို့ရောက်ရှိလာခိုက် ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ချက်ချင်းဒေါသများငယ်ထိပ်သို့ဆောင့်တက်သွားတော့၏။သူမသည် ကျိုးအိမ်ဟောင်းမှထွက်လာကာစ ကျန်းချွေ့အာထံစူးစူးဝါးဝါးစိုက်ကြည့်လိုက်ပြီး ဆူပူငေါက်ငမ်းတော့သည်။
"ကျန်းချွေ့အာ အရှက်မရှိတဲ့ကောင်မ၊ငါ့ခင်ပွန်းကို ဘယ်လိုလုပ်လုယူရဲတာလဲ"
စကားမဆုံးသေးခင်မှာပင် သူမသည်ကျန်းချွေ့အာထင်မထားချိန်၌ ပါးအားရိုက်ချလိုက်တော့သည်။ကျယ်လောင်သောပါးရိုက်သံတစ်ချက်ထွက်လာ၍ ကျိုးရှီလှမ်းကြည့်လိုက်ရာ ကျန်းချွေ့အာမျက်နှာထက်တွင် လက်ဝါးရာအထင်းသားပေါ်လာပြီး ပါးပြင်တစ်ခုလုံး ရောင်ရမ်းသွားသည်ကိုတွေ့လိုက်ရ၏။
"ဘုရားရေ မိန်းကလေးကျန်း အဆင်ပြေရဲ့လား"
ကျိုးရှီ ထိတ်လန့်၍အော်လိုက်မိသည်။ရုတ်ချည်းပါးရိုက်ခံလိုက်ရသော ကျန်းချွေ့အာသည် နာကျင်မှုကြောင့်အသက်ရှူပင်မှားသွားရသည်။သူမသည် ဒေါသပေါက်ကွဲနေသောမျက်လုံးများဖြင့် ကျန်းချိုက်ရှထံပြန်စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
"ကျန်းချိုက်ရှ နင်ဘာလို့ငါ့ကိုလာရိုက်တာလဲ၊ငါက ဘယ်လိုအရှက်မရှိတဲ့အလုပ်ကိုများလုပ်မိလို့လဲ၊နင့်ခင်ပွန်းကိုလုယူတယ်ပြောရအောင် ငါဘာတွေလုပ်နေလို့လဲဆိုတာ ရှင်းအောင်ပြောစမ်း၊နင်သာ ငါ့ကိုတန်းမဖြေနိုင်ရင် ငါနင့်ကိုပြန်ရိုက်မယ်"
ကျန်းချွေ့အာ ပြန်လည်ဆူငေါက်လိုက်သည်။ဘေးနားတွင်ရပ်နေသော ကျိုးရှီသည်ကျန်းချွေ့အာ၏ ရုတ်ခြည်းပြောင်းလဲသွားသောအမူအရာကို တွေ့လိုက်ရတော့၏။ဤမိန်းကလေးထံတွင် ပြတ်သားကြမ်းတမ်းသောဘက်ခြမ်းရှိနေလိမ့်မည်ဟု သူမထင်မထားမိခဲ့ပေ။
ကျန်းချိုက်ရှသည် ကျန်းချွေ့အာအကြည့်နှင့် ဆုံလိုက်ရသောအခါ ကြောက်ရွံ့စိတ်တစ်ချက် ဝင်သွားသော်လည်း သူမဘက်မှမှန်သည်ဟုသာ ယူဆထားသဖြင့် ကြောက်စရာမလိုဟု တွေးလိုက်သည်။
"နင်က အရှက်မရှိတဲ့ကောင်မပဲလေ၊ဒေါ်လေးကျိုးက ငါ့ရဲ့အနာဂတ်ယောက္ခမ ဖြစ်လာမှာကို နင်ကဒီနေ့ဒီကိုလာပြီး အစ်ကိုဖုန်းနဲ့လက်ဆက်ရအောင် ဒေါ်လေးကျိုးဆီမျက်နှာလိုမျက်နှာရလာလုပ်တာမလား"
ကျန်းချိုက်ရှသည် ကျန်းချွေ့အာအတွေးများကိုခန့်မှန်းမိသည်ဟု ထင်မှတ်ကာ မျက်လုံးကိုအထင်အမြင်သေးဟန်ဖြင့် လှန်ကြည့်လိုက်သည်။
ထိုအခါမှ ကျန်းချွေ့အာသည် ကျိုးဖုန်းအမည်ကို အဘယ်ကြောင့်ရင်းနှီးနေရသည်အား ရုတ်တရက်နားလည်သွားတော့သည်။သူသည် ကျန်းချိုက်ရှအားလက်ထပ်ရန်အတွက် တင်တောင်းငွေဆယ့်ငါးတေးပေးခဲ့သော်လည်း နောက်ပိုင်းတွင်မှ ငြင်းပယ်ခဲ့သော ကျိုးဖုန်းပင်ဖြစ်၏။
*ဖြန်း*
ကျန်းချွေ့အာ ကျန်းချိုက်ရှပါးအား ပြန်ဖြတ်ရိုက်ချလိုက်တော့သည်။