အခန်း (၈၈)
Vol. 9 Ch. 88
သူမလက်တစ်ဖက်သည် ထိန်းချုပ်မရအောင်တုန်ယင်နေ၏။ကျန်းချိုက်ရှသည် ပြင်းထန်သောနာကျင်မှုကို ဖိနှိပ်ကာဆက်ပြောလိုက်သည်။
"ဒါဆို ကျွန်မတို့မင်္ဂလာပွဲကို ဒီလနှစ်ဆယ့်ရှစ်ရက်နေ့ပဲ သတ်မှတ်လိုက်ကြတာပေါ့"
"???"
အဘွားစွင်းနှင့်အခြားနှစ်ယောက်မှာ သူမထံကြည့်လိုက်ကြသည်။ယနေ့သည် ပထမလနှစ်ဆယ့်တစ်ရက်နေ့ပင်။သူတို့မိသားစုသည် ဆေးပင်ခင်းများအတွက်တဲများဆောက်ရန် အလုပ်ရှုပ်နေကြရာ မင်္ဂလာပွဲအတွက် မည်သူကများအချိန်ပေးပြင်ဆင်နိုင်မည်နည်း။အကယ်၍ မူသုံးဆယ်ကျော်ရှိသောဆေးပင်စိုက်ခင်းများကို သေသေချာချာစီမံခန့်ခွဲမထားမိပါက မိုးသီးမုန်တိုင်းကျရောက်ပြီး အပူချိန်ထိုးကျသွားသည့်အခါတွင် ဘာမှကျန်ရစ်တော့မည်မဟုတ်ပေ။
ကျိုးဖုန်းတစ်ယောက် ပြုစားခံလိုက်ရသလိုမျိုးဖြစ်သွားပြီး ကျန်းချိုက်ရှကမ်းလှမ်းချက်ကို တစ်ကယ်ကြီးထပ်လက်ခံလိမ့်မည်ဟု သူတို့လုံးဝထင်မထားခဲ့ကြပေ။အဘွားစွင်းမှာ သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်၏။
"လုံးဝမဖြစ်နိုင်ဘူး ငါသဘောမတူဘူး၊ငါ့ပိုက်ဆံအကုန်မခံနိုင်သလို မင်္ဂလာပွဲလဲ စီစဉ်မပေးနိုင်ဘူး၊နင်တို့ဘာသာ ဘယ်လိုပဲလက်ထပ်လက်ထပ် ငါဂရုမစိုက်ဘူး"
သူမ ကျိုးဖုန်းအပေါ်အလွန်တရာစိတ်ဆိုးဒေါသထွက်နေမိ၏။ယခင်ကတော့ ကျိုးဖုန်းမှာ နည်းနည်းသာတုံးအသည်ဟု သူမထင်ခဲ့သော်လည်း အခုတော့ သူသည်လုံးဝကိုနုံအလွန်းသွားပြီဟု ခံစားလိုက်ရပြီးသူ့အပေါ်စိတ်ပျက်မိသွားရသည်။ကျိုးဖုန်းမှ ဒုတိယအကြိမ်သဘောတူလိုက်သည့်အခါ ကျန်းချိုက်ရှနာကျင်မှုသည် ပိုပြင်းထန်လာလေ၏။နာကျင်နေသည့်ကြားမှပင် သူမကျိုးဖုန်းအားချွဲနွဲ့ကာပြောလိုက်သည်။
"အစ်ကိုဖုန်း ကျွန်မကိုလာခေါ်မယ့်အချိန်ကိုစောင့်နေမယ်နော်"
အဘွားစွင်းသည် ကျန်းချိုက်ရှအသံနေအသံထားမှာ တစ်ခုခုလွဲချော်နေသည်ဟုခံစားလိုက်ရသည်။ကျိုးဖုန်းသည် သူထမ်းထားသောအရာများကိုပစ်ချလိုက်ပြီး အိမ်ဘက်သို့တန်းတန်းမတ်မတ်ပြေးသွားရာ အဘွားစွင်းလည်း စိုးရိမ်တကြီးဖြင့်နောက်မှလိုက်သွားရတော့၏။ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့လည်း လိုက်သွားကြသည်။
ရှောင်ဖုန်းတစ်ယောက် ကျန်းချိုက်ရှနှင့်တွေ့ဆုံပြီးသည်နှင့် အဘယ်ကြောင့်ဤမျှထိ ခေါင်းမာသွားရသည်ကို သူတို့တစ်ကယ်နားမလည်နိုင်ကြတော့ပေ။
.........
ကျန်းချိုက်ရှ အိမ်သို့ပြန်ရောက်သောအခါ သူမမျက်နှာမှာသွေးမရှိသည့်အလားဖြူဖျော့နေသဖြင့် ကျန်းကန်နှင့်အခြားသူများမှာ အလွန်တရာစိတ်ပူသွားကြသည်။
"ချိုက်ရှ ဘာဖြစ်တာလဲ"
"ကျိုးဖုန်းက နင့်ကိုလက်မထပ်ချင်ဘူးဆိုရင်လဲ ဝမ်းနည်းမနေပါနဲ့၊ငါတို့အခြားလူကိုပဲ ရှာကြတာပေါ့၊ဒါပေမယ့် တင်တောင်းငွေကိုတော့ ဆယ့်ငါးတေးသတ်မှတ်လို့မရတော့ဘူးထင်တယ်"
ကျန်းရှန်းစကားမဆုံးခင်မှာပင် ကျန်းချိုက်ရှဖြတ်ပြောလိုက်သည်။
"အစ်ကိုဖုန်းက ကျွန်မကိုတင်တောင်းငွေတေးနှစ်ဆယ်ရယ် လူရှစ်ယောက်ထမ်းတဲ့ထမ်းစင်ကြီးရယ်နဲ့လာခေါ်မယ်လို့ ကတိပေးလိုက်ပြီ"
ကျန်းညီအစ်ကိုသုံးယောက် : "???"
ချိုက်ရှတစ်ယောက် ရူးများသွားပြီလား။ဒါကျ နည်းနည်းလေးပိုလွန်းအားကြီးနေပြီလေ။မြို့ပေါ်မှလူများတောင် ထိုသို့ကြီးကျယ်ခမ်းနားသည့်အခမ်းအနားမျိုးမလုပ်နိုင်ကြပေ။ထိုသို့ပြောပြီးနောက် ကျန်းချိုက်ရှသည် သူမအခန်းထဲသို့ပြန်ဝင်သွားလေ၏။သူမခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်ကို တောက်လျှောက်ခံစားနေရသည်။
သူမအပေါ်အင်္ကျီကို ချွတ်ကြည့်လိုက်ရာ လည်ပင်းမှလွဲ၍ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးတွင် တစ်ခုခုဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသဖြင့် လန့်ဖြန့်သွားရသည်။သူမ ထိုအရာများအားခပ်ဖွဖွထိကြည့်လိုက်ရာ မှို၏အမျှင်များနှင့်တူနေသည်မှန်းသိလိုက်ရ၏။ကျန်းချိုက်ရှ ထိတ်လန့်တကြားဖြင့် မိခင်မှိုအားမေးလိုက်သည်။
"ဒါကဘာကြီးလဲ၊ဒီလိုပုံကြီးနဲ့ ကျွန်မကဘယ်လိုလုပ် လူတောတိုးရတော့မှာလဲ"
သူမသည် လူတစ်ယောက်နှင့်ပင်မတူတော့သလို ခံစားလိုက်ရသည်။
"ကိစ္စမရှိပါဘူး၊အဝတ်အစားဝတ်လိုက်ရင် မမြင်ရတော့ဘူးမလား၊ကျိုးဖုန်းကလဲဂရုစိုက်မှာမဟုတ်ပါဘူး"
နှစ်သိမ့်ပေးသည့်လေသံဖြင့် ထိုအမျိုးသမီးအသံမှာ သူမစိတ်ထဲပဲ့တင်ထပ်လာလေသည်။သို့သော်လည်း ကျန်းချိုက်ရှ ကြောက်ရွံ့နေဆဲပင်။
"ဒါကို ဖယ်ပစ်ဖို့နည်းလမ်းမရှိဘူးလား ကျွန်မ ကြောက်တယ်"
သူမ တောင်းဆိုလိုက်သည်။အမြဲတစေ နာခံမှုရှိရှိနှင့်လိုက်လျောတတ်လေ့ရှိသည့် ထိုအမျိုးသမီးမှာ ယခုအချိန်တွင်တော့ သူမအားငြင်းဆန်လာလေ၏။
"မိန်းကလေးကျန်း ငါကမင်းဆန္ဒတွေကိုပြည့်ဝအောင် အလကားကူညီပေးမယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်"
ထိုအမျိုးသမီးမှ လှောင်ပြောင်လိုက်သည်။ကျန်းချိုက်ရှသည် သူမစွမ်းအားကိုနှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီးဖြစ်ရာ ကျန်းချိုက်ရှခန္ဓာကိုယ်ကို အပြည့်အဝပိုင်စိုးနိုင်ရန်အတွက် သူမစွမ်းအားကိုနောက်တစ်ကြိမ်သာ ထပ်မံအသုံးပြုရတော့ပေမည်။ကျန်းချိုက်ရှသည် ထိုစကားကိုကြားလိုက်ရသည်နှင့် အနည်းငယ်တုန်လှုပ်သွားရသည်။ပေးဆပ်ရမယ် ဟုတ်လား။တစ်နည်းအားဖြင့်ဆိုသော် သူမခန္ဓာကိုယ်ပေါ်မှ မှိုအမျှင်လိုအရာများအားဖယ်ရှား၍မရနိုင်တော့ပေ။သူမအသံများ တုန်ယင်လာပြီး မေးလိုက်၏။
"တစ်ကယ်တမ်း ရှင်ကဘာကိုလိုချင်နေတာလဲ၊ကျွန်မဆီက ဘာလိုချင်လို့လဲ"
"ငါတို့က တစ်သားတည်းဖြစ်နေပြီပဲဟာ ငါဘာလိုချင်လဲဆိုတာ မင်းငါ့ကိုဘယ်လိုလုပ် မေးရက်ရတာလဲ၊ငါက မင်းကိုကူညီပေးနေတာလေ၊ကြည့်ပါလား ကျိုးဖုန်းကမင်းကို ပထမလနှစ်ဆယ့်ရှစ်ရက်နေ့မှာ တင်တောင်းငွေတေးနှစ်ဆယ်ရယ် လူရှစ်ယောက်ထမ်းတဲ့ထမ်းစင်ကြီးရယ်နဲ့ လာခေါ်မယ်လို့ကတိပေးထားတယ်မလား၊ငါက မင်းလိုချင်တာမှန်သမျှကို ပေးခဲ့ပြီးပြီဆိုတော့ မင်းကလဲငါလိုချင်တာကို ပြန်ကူညီပေးသင့်တာပေါ့ ဟုတ်တယ်မလား"
..........
ကျိုးအိမ်ဟောင်းတွင်
ကျိုးဖုန်း ရုတ်တရက်ပြန်ရောက်လာ၍ ကျိုးလျန်ဟွားမှာ အံ့ဩဟန်ဖြင့်မေးလိုက်သည်။
"အစ်ကိုကြီး ပြန်လာတာစောလှချည်လား"
ကျိုးဖုန်းသည် သူမစကားကိုမကြားသည့်အလား ပုဆိန်တစ်လက်ကိုင်ကာ အိမ်မကြီးထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေ၏။
"!!!"
ကျိုးလျန်ဟွားထိတ်လန့်သွားပြီး သူ့နောက်သို့အမြန်လိုက်ဝင်သွားသည်။ကျိုးရှီ၊ဝမ့်ရှီနှင့်အခြားသူများသည်လည်းလိုက်သွားကြ၏။ကျိုးရှီမှာ လိုက်ဝင်သွားရင်း လှမ်းမေးလိုက်သည်။
"ရှောင်ဖုန်း မင်းအဘွားအခန်းထဲပုဆိန်ယူသွားပြီး ဘာလုပ်မလို့လဲ"
*ဒုတ် ဒုတ် ဒုတ်*
နောက်တစ်ခဏ၌ အဘွားစွင်းပိုက်ဆံသိမ်းထားသည့်သေတ္တာကို ကျိုးဖုန်းမှာအပူပေးကုတင်ပေါ်တွင်တင်၍ ပုဆိန်ဖြင့်အားကုန်ခုတ်ထစ်နေသည်ကို သူတို့မြင်လိုက်ရသည်။
"ရှောင်ဖုန်း မင်းရူးနေလား အောက်ပြန်ဆင်းခဲ့စမ်း"
ကျိုးရှီအော်ဟစ်လိုက်သည်။လူတိုင်းမှာ သူ့အားတားဆီးရန်လုပ်လိုက်သော်လည်း အနားကပ်သွားသည်နှင့် သူသည်ပုဆိန်ဖြင့်ရွယ်လာလေ၏။ကျိုးလဲ့မှာ ကြောက်လန့်တကြားဖြင့် အပြင်သို့ပြေးထွက်သွားရာ အိမ်ပြန်ရောက်လာကြသော ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့နှင့် တိုးသွားလေသည်။
"အဖေနဲ့ဦးလေး ပြဿနာအကြီးကြီး တက်နေပြီ၊ဝမ်းကွဲအစ်ကိုကြီးက အဘွားရဲ့သေတ္တာကို ပုဆိန်နဲ့ခုတ်နေတယ်"
ထိုသတင်းကိုကြားလိုက်ရသောအခါ ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့မျက်မှောင်ကြုံ့သွားကြကာ နှစ်ယောက်သားတစ်ခုခုကို သဘောပေါက်လိုက်ကြသည်။ရှောင်ဖုန်းမှာ တင်တောင်းငွေတေးနှစ်ဆယ်ပေးရန်အတွက် ဤကဲ့သို့လုပ်ခြင်းဖြစ်နိုင်၏။
ဖြုန်းတီးလိုက်တဲ့ကောင်
ကျန်းချိုက်ရှဆိုတာ မျက်နှာကလွဲရင် ဘာအသုံးကျလို့လဲ ရန်တွေ့တတ်တဲ့ မိန်းမကြီးပဲမလား။နှစ်ယောက်သား သူ့ကိုတားရန် အိမ်ထဲသို့ပြေးဝင်သွားကြသော်လည်း စကားပြော၍မရသလို အင်အားသုံး၍လည်းမရခဲ့ပေ။ကျိုးဖုန်းတွင် ပုဆိန်ရှိနေသည်ပင်။နောက်ဆုံး ကျိုးတချမ်းလက်မောင်းကို ပုဆိန်ဖြင့်အခုတ်ခံလိုက်ပြီး ကျိုးစန်းရှီနှင့်ပေါင်းကာ သူ့လက်ထဲရှိပုဆိန်ကို လုယူနိုင်လိုက်သည်။သူတို့နှစ်ယောက်ပေါင်းပြီး ကျိုးဖုန်းကိုကုတင်ပေါ်တွင် ဖိချုပ်ထားလိုက်ကြ၏။ကျိုးတချမ်းဆူငေါက်တော့သည်။
"ရှောင်ဖုန်း မင်း ရူးနေလား"
"ရှောင်ဖုန်း မင်းဘာလို့ကျွဲတစ်ကောင်လို ခေါင်းမာနေရတာလဲ"
ကျိုးစန်းရှီလည်း ကျိုးဖုန်းလုပ်ရပ်များကို နားမလည်နိုင်အောင်ဖြစ်နေတော့သည်။ကျိုးဖုန်းအား သူတို့နှစ်ယောက်ပေါင်း၍ဖိချုပ်ထားသော်လည်း သူသည်ပြင်းပြင်းထန်ထန် ရုန်းကန်နေဆဲပင်ဖြစ်သည်။ဘေးတွင်ရပ်နေသော ကျိုးလျန်ဟွားသည် ကျိုးဖုန်းမျက်နှာအမူအရာမှာ တစ်မျိုးဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ထိုအချိန်မှာပင် အဘွားစွင်းဝင်လာလေသည်။ပုဆိန်နှင့်ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော သေတ္တာအစအနများကို မြင်လိုက်ရသောအခါ မိုးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
"ဘုရားရေ ဒါကဘာတွေရှုပ်ပွထားတာလဲ၊ငါ့အိမ်ထဲ သူခိုးဝင်နေတာပဲ"
အဘွားစွင်းသည် ငိုယိုအော်ဟစ်လိုက်ပြီး ကုတင်ပေါ်တွင် အချုပ်ခံထားရသော ကျိုးဖုန်းကိုဒေါသတကြီးဖြင့် အကြိမ်ကြိမ်ရိုက်နှက်တော့သည်။သူမအချစ်ဆုံးမြေးမှာ မိန်းမတစ်ယောက်အတွက် မိသားစုပိုက်ဆံကိုပင်ခိုးယူနေ၏။အဘွားစွင်းမျက်လုံးများထဲတွင် ရက်စက်သောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး ကျိုးတချမ်းနှင့်ကျိုးစန်းရှီထံ ပြောလိုက်သည်။
"နင်တို့နှစ်ယောက် သူ့ကိုကြိုးတုပ်ပြီး အခန်းထဲမှာပိတ်ထားလိုက်ကြ၊နောက်ရက်နည်းနည်းကြာရင် မိုးသီးမုန်တိုင်းကျပြီး အပူချိန်တွေထိုးကျတော့မှာ၊ဆေးပင်စိုက်ခင်းအတွက် တဲကလဲမပြီးသေးဘူး၊သူ့မင်္ဂလာပွဲအတွက် ဘယ်သူကအချိန်ပေးစီစဉ်ပေးနိုင်မှာလဲ၊ပြီးတော့ အဲဒီကျန်းချိုက်ရှဆိုတဲ့ကောင်မကို ငါ့အိမ်ထဲလုံးဝခြေချခွင့်မပေးနိုင်ဘူး"
ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့ ချက်ချင်းပင်လုပ်ဆောင်လိုက်ကြသည်။အရင်တစ်ခေါက်ကလိုမျိုး ကျိုးဖုန်းပိုက်ဆံရှာရန် တောင်ပေါ်တက်သွားမည်ကို တားဆီးဖို့အတွက် သူ့ကိုပိတ်လှောင်ထားမှရပေမည်။ကျိုးဖုန်းမှာ ပိန်ပိန်ပါးပါးဟုထင်ရသော်လည်း ယနေ့မှသာသူတို့နှစ်ယောက်လုံး သူ့ခွန်အားမည်မျှကြီးမားသည်ကို ပထမဆုံးအကြိမ်ခံစားလိုက်ရသည်။သူတို့ အစွမ်းကုန်အားစိုက်ထုတ်ပြီးမှ နောက်ဆုံးတွင်သူ့ကိုကြိုးတုပ်နိုင်ခဲ့၏။သူ့ကို အခန်းထဲပြန်ခေါ်သွားတော့မည့်ဆဲဆဲမှာပင် ကျိုးလျန်ဟွားမှာ ရုတ်တရက်ကြီး အော်ဟစ်လာလေသည်။
"ဒုက္ခပါပဲ အစ်ကိုကြီးကကြိုးကိုလက်တွေနဲ့ ပွတ်နေတယ်"
သူလက်များသည် မရပ်မနားရုန်းကန်နေပြီး မကြာခင်မှာပင်သွေးများထွက်လာတော့သည်။ကျိုးတချမ်းသည် ကျိုးဖုန်းအားကြည့်ရင်း မျက်မှောင်ကြုံ့လိုက်မိ၏။စိတ်လည်းဆင်းရဲ ဒေါသလည်း ထွက်မိရာ ဒေါသတကြီးမေးလိုက်တော့သည်။
"ကျန်းချိုက်ရှက အဲ့လောက်တောင်ကောင်းလို့လား၊မင်းကဘာလို့ ကိုယ့်ကိုကိုယ် ဒီလောက်နှိပ်စက်နေရတာလဲ"
ကျိုးဖုန်းမျက်လုံးများသည် ပြတ်သားနေပြီး သူ့ကိုချည်နှောင်ထားသောကြိုးကို ပွတ်တိုက်ရန်သာအာရုံစိုက်နေကာ ကျိုးတချမ်းစကားများကို မကြားသည့်အလားပင်။ကျိုးလျန်ဟွားမျက်ဝန်းအိမ်များကျဉ်းမြောင်းသွားပြီး သူ့မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။ကျိုးဖုန်းသည် မည်သို့မျှတုံ့ပြန်ခြင်းမရှိဘဲ ကြိုးကိုသာဆက်ပွတ်တိုက်နေသလို အရာအားလုံးကိုလည်း လျစ်လျူရှုထားလေ၏။ကျိုးလျန်ဟွားသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်ပြန်သည်။
"အစ်ကိုကြီးက ထပ်ပြီးပူးကပ်ခံလိုက်ရတာများလား"
ကျိုးတချမ်းနှင့်ကျိုးရှီ : "???"
သူတို့ကျိုးဖုန်းထံ ကြည့်လိုက်ကြသည် : "......"