အခန်း (၉၀)
Vol. 9 Ch. 90
90
[တဲအကြောင်းစပြီးသုံးတဲ့အချိန်မှာ Chinese to eng error ကြောင့် သက်ကယ်မိုးတဲဆိုပြီးဖြစ်သွားပုံရပါတယ်။တစ်ကယ်က ကောက်ရိုးမိုးတဲပါတဲ့]
အဘွားစွင်း ကျိုးထောင်ဟွားဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"ထောင်ဟွား ရှောင်ဖုန်းကိုကျိန်စာမထိအောင် ကာကွယ်ပေးနိုင်မယ့်နည်းလမ်း ရှိသေးလား"
ကျိုးထောင်ဟွား အဆောင်တစ်ခုကိုထုတ်ကာပြောလိုက်သည်။
"ဒီအဆောင်တစ်ခုက ကျိန်စာကိုတစ်ကြိမ်ပဲကာကွယ်ပေးနိုင်တယ်၊အဆောင်ကပူလာပြီး ပြာကျသွားပြီဆိုရင် အဲဒါဝမ်းကွဲအစ်ကိုအတွက် ကျိန်စာတစ်ခုကိုကာကွယ်ပေးလိုက်ပြီလို့ဆိုလိုတာပဲ"
ငွေဆယ်တေးကုန်ကျခံပြီးဖြစ်သော အဘွားစွင်းသည် ကျန်းချိုက်ရှမှသူမမြေးကို နောက်တစ်ကြိမ်ထပ်မံပြုစားမည်ကိုစိုးရိမ်သဖြင့် မတတ်သာသည့်အဆုံး အံတင်းတင်းကြိတ်ကာ ငွေတစ်တေးထပ်ထုတ်၍ ကျိုးဖုန်းအတွက်အဆောင်ဆယ်ခု ဝယ်ပေးလိုက်လေ၏။သူမသတိပေးလိုက်သည်။
"မြေးလေး ဒီအဆောင်ကိုအင်္ကျီရင်ဘတ်ထဲမှာထည့်ထား၊ရင်ဘတ်မှာ ပူလာတာနဲ့ ကျန်းချိုက်ရှနဲ့ ဝေးဝေးသာနေတော့၊သူ့ကို နောက်တစ်ခါကျိန်စာထပ်တိုက်ခွင့်မပေးနဲ့"
ကျိုးဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။နောက်ဆို ကျန်းချိုက်ရှအားတွေ့သည်နှင့် ချက်ချင်းသူလှည့်ထွက်သွားမည်ပင်။
"ဒါပေမယ့် မြေးလေးရေ အဘွားက မိုးသီးမုန်တိုင်းမကျခင် မင်းအတွက်မင်္ဂလာကိစ္စ စီစဉ်ပေးချင်တယ်၊မိုးသီးမုန်တိုင်းအပြီး အပူချိန်ကျသွားကျပြီးနောက်မှ မင်းမင်္ဂလာဆောင်လိုက်ပေါ့ ဘယ်လိုလဲ"
အဘွားစွင်းမေးလိုက်သည်။အကယ်၍ မိုးသီးမုန်တိုင်းနှင့်အပူချိန်ထိုးကျခြင်းတို့သာမရှိ၍ သူမတို့မိသားစုအနေဖြင့် သူမမြေးမင်္ဂလာပွဲကို ချက်ချင်းစီစဉ်ပေးလိုက်လျှင်ပင် ရွာသားများသည်ဆေးပင်စိုက်ခင်းများ၌သာ အလုပ်ရှုပ်နေကြမည်ဖြစ်သဖြင့် မင်္ဂလာပွဲသို့လာရောက်နိုင်ကြမည် မဟုတ်ပေ။
"ကောင်းပါပြီ မြေးကအဘွားစကားကိုနားထောင်ပါ့မယ်"
သူ စေ့စပ်လိုက်သည်နှင့် ကျန်းချိုက်ရှလည်း သူ့ကိုလာနှောင့်ယှက်တော့မည်မဟုတ်ပေ။ကိစ္စပြီးပြတ်သွားသည်ကိုမြင်၍ ကျိုးထောင်ဟွားလည်းပြန်လာခဲ့လိုက်သည်။သူမသည် အလုပ်ကူလုပ်ပေးရန်အမြန်ပြန်သွားဖို့လိုပြီး ဆေးပင်စိုက်ခင်းများရှိ ကောက်ရိုးတဲများကိုအမြန်ဆုံးပြီးစီးအောင် လုပ်ရပေမည်။ထို့ကြောင့် သူမစိုက်ခင်းထဲသို့သာ တန်းတန်းမတ်မတ်သွားလိုက်သည်။ရှန်းမင်သည် ဆောက်လုပ်ပြီးစီးသောတဲများကို ကောက်ရိုးဖျာများဖြင့်ဖုံးအုပ်ပေးနေသည်ကိုတွေ့ရသဖြင့် ကျိုးထောင်ဟွားလည်းဝင်ကူပေးလိုက်ကာ ရံဖန်ရံခါ၌ သူမလက်ဖြင့် သူ့လက်ဖမိုးကိုမတော်တဆထိမိသယောင်လုပ်လိုက်သေး၏။
ထိတွေ့လိုက်တိုင်း ဝိညာဉ်စွမ်းအင်များ တိုးပွားလာသည်ကိုခံစားရပြီး ရှန်းမင်သည်လည်း အရင်ကလိုသူမကိုရှောင်ဖယ်ခြင်း မရှိတော့ပေ။ကျိုးထောင်ဟွားသည် နှုတ်ခမ်းကိုစေ့ကာ သူမ၏တိတ်တခိုးပျော်ရွှင်မှုကို ဖိနှိပ်ထားလိုက်သည်။ကျိုးမိသားစု၏ဆယ်မူကျယ်ဝန်းသော ဆေးပင်စိုက်ခင်းများရှိ ကောက်ရိုးတဲများ ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်သည် ကျိုးထောင်ဟွားခန့်မှန်းထားသည့်အတိုင်းပင် မိုးသီးမုန်တိုင်းမကျရောက်မီ သုံးရက်အလို၌ပြီးစီးသွားခဲ့၏။ချမ်ရှီ သက်ပြင်းချပြီးပြောလိုက်သည်။
"အခုမှပဲ စိတ်ဖြောင့်ဖြောင့်နဲ့အိပ်ရတော့မယ်၊ဆေးပင်တွေ ပိမိတာတို့ အေးပြီးသေသွားတာတို့အတွက် စိတ်ပူစရာမလိုတော့ဘူး"
ကျိုးအာ့ရှုမျက်နှာပေါ်တွင်လည်း စိတ်လက်ပေါ့ပါးသွားသည့် အမူအရာ ပေါ်လာပြီး ရှန်းမင်ထံလှည့်မေးလိုက်သည်။
"ဒါတွေအားလုံးက ရှန်းမင်ရဲ့အကူအညီကြောင့်ပါ၊ရှန်းမင် ဒီညဦးလေးနဲ့အတူ အရက်တစ်ခွက်လောက်သောက်မလား"
"သောက်မယ်လေ"
ရှန်းမင်သည် ကျိုးမိသားစုကိုကူညီပေးရင်း ကျိုးအာ့ရှုနှင့်ရင်းနှီးကျွမ်းဝင်လာခဲ့ပြီဖြစ်သည်။ချမ်ရှီသည် ညစာအတွက် ဟင်းငါးမျိုးနှင့်စွပ်ပြုတ်တစ်ခွက်ကို အလုပ်ရှုပ်ခံပြင်ဆင်နေပြီး ထိုထဲတွင် ကျိုးထောင်ဟွားအကြိုက်ဆုံးကျိယွီငါးဟင်းလည်းပါဝင်၏။ချမ်ရှီမှာ ကျိုးအာ့ရှုအတွက် အရက်ငှဲ့ပေးလိုက်သည်။ကျိုးအာ့ရှုသည် ဒီညပျော်ရွှင်နေသဖြင့် ရှန်းမင်ကိုလည်း ပန်းကန်လုံးအပြည့် အရက်ထည့်ပေးလိုက်လေ၏။
သူတို့သည် ရှန်းမင်နှင့်စကားပြောရင်း စားသောက်နေကြသည်။တဖြည်းဖြည်းနှင့် ပန်းကန်လုံးနှစ်လုံးခန့်ကုန်သွားပြီးနောက် ကျိုးအာ့ရှုအတော်လေးမူးသွားပြီပင်။တတိယမြောက်ပန်းကန်လုံးတစ်ဝက်လောက်သာ သောက်ရသေးသော်လည်း သူ့မျက်နှာတစ်ခုလုံးနီရဲလာပြီး လုံးဝမူးသွားတော့သည်။ချမ်ရှီမှာ စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်၏။
"ပျော်နေတယ်ဆိုရင်တောင် ဒီလောက်အများကြီးမသောက်သင့်ပါဘူး၊ရှင် ကိုယ့်အကြောင်း ကိုယ်မသိဘူးလား"
ထိုသို့ပြောပြီးနောက် ချမ်ရှီသည်ကျိုးအာ့ရှုကိုတွဲထူကာ သူ့အခန်းထဲသို့ပြန်ပို့ပေးပြီး အိပ်ရာပေါ်တွင်လှဲ၍နားစေလိုက်သည်။ကျိုးထောင်ဟွားသည် ကျိုးအာ့ရှုနှင့်အခြားသူများသောက်နေကြသော ပန်းကန်လုံးများကို တစ်ချက်ကြည့်လိုက်သည်။ပန်းကန်လုံးတစ်လုံးလျှင် သုံးအောင်စခန့်ဝင်ဆံ့သည်ဖြစ်ရာ ကျိုးအာ့ရှုသည် အရက်တစ်ပေါင်လောက်ကိုပင်ခံနိုင်ရည်မရှိပေ။ကျိုးထောင်ဟွားသည် နှစ်ဆယ့်တစ်ရာစု၌ရှိစဉ်က အရက်သောက်ရသည်ကိုဝါသနာပါသောကြောင့် သူမ၏အရက်သောက်နိုင်စွမ်း ကောင်းမွန်ခဲ့သည်ကို ပြန်လည်အောက်မေ့ရင်း နှုတ်ခမ်းကိုစေ့လိုက်မိသည်။
သူမအလုပ်ရှင်များသည် များသောအားဖြင့် အလွန်ချမ်းသာကြပြီး ထိပ်တန်းအရက်ကောင်းများကိုသာ စုဆောင်းထားလေ့ရှိကြသည်။အရက်ကောင်းကောင်း ပိုသောက်နိုင်ရန်အတွက် သူမသည် အရက်သောက်နိုင်စွမ်းကို တမင်တကာလေ့ကျင့်တည်ဆောက်ထားခဲ့ခြင်းပင်။
ညစာစားပြီးသည်နှင့် ရှန်းမင်ပြန်ရန်ပြင်လိုက်သောအခါ ကျိုးထောင်ဟွားသည် ရာသီသွေးမိစ္ဆာချုပ်ပေးထားသည့် ဝံပုလွေသားရေဂွမ်းအင်္ကျီကို ထုတ်ယူကာ သူ့ထံကမ်းပေးလိုက်၏။
"အစ်ကိုရှန်းမင် ရာသီသွေးမိစ္ဆာချုပ်နေတာပြီးသွားပြီလေ၊နောက်သုံးရက်နေလို့ အပူချိန်သိသိသာသာကျတဲ့အချိန်ကျရင် ဝတ်ဖို့အတော်ပဲ"
မိုးချုပ်နေပြီဖြစ်သောကြောင့်လားမသိသော်လည်း ရှန်းမင်သည်ကျိုးထောင်ဟွားမျက်နှာ အနည်းငယ်နီမြန်းနေသည်ကို သတိထားမိလိုက်သည်။သူမလက်ထဲမှအင်္ကျီကို လှမ်းယူလိုက်စဉ်မှာပင် ကျိုးထောင်ဟွားမှာသူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီးမော့ကြည့်ကာ ပြောလာလေ၏။
"အစ်ကိုရှန်းမင် ညီမအစ်ကို့ကိုအိမ်ပြန်လိုက်ပို့ပေးမယ်လေ၊ဒီအင်္ကျီကို ညီမကိုင်ထားပေးမယ်"
ရှန်းမင်ကိုငြင်းဆန်ခွင့်ပင်မပေးဘဲ သူမသည် သူ့ကိုအပြင်သို့ဆွဲခေါ်သွားလေတော့သည်။မီးဖိုချောင်ထဲတွင် ချမ်ရှီတစ်ယောက် ပန်းကန်ဆေးနေစဉ် ကျိုးအာ့ရှု၏အရက်ပန်းကန်လုံး ပြောင်သလင်းခါနေသည်ကို သတိထားမိလိုက်သည်။သူမဘာသာတွေးလိုက်မိ၏။
"အာ့ရှုက အကုန်သောက်လိုက်တာလား"
ဒီည သူဒီလောက်မူးနေသည်မှာအံ့သြစရာမဟုတ်တော့ပေ။ချမ်ရှီသည် သိပ်အများကြီးတွေးမနေတော့ဘဲ စားပွဲကို ဆက်ရှင်းလိုက်သည်။ညအချိန်လမ်းမထက်၌ ကျိုးထောင်ဟွားမှာခေါင်းမူးနေသလို ခံစားလိုက်ရ၏။သူမသည် ရှန်းမင်လက်ကိုဆွဲကိုင်လိုက်ကာ သူမလက်ချောင်းလေးများသည် သူ့လက်ချောင်းများကြားသို့ တိုးဝင်သွားလိုက်လေသည်။သူတို့လက်ချောင်းချင်း ယှက်နွယ်သွားကြလေပြီပင်။
သူမအပြုအမူကြောင့် ရှန်းမင်အသက်ရှူသံများ လည်ချောင်းထဲတွင်တစ်ဆို့သွားရသည်။သူသည် ဘေးနားရှိရဲတင်းနေသော ကျိုးထောင်ဟွားထံငုံ့ကြည့်လိုက်၏။လရောင်ကြောင့် ကျရောက်နေသော သူတို့အရိပ်ရှည်ရှည်များသည် နောက်ဆုံးတွင်တစ်သားတည်းယှက်နွယ်သွားကြသည်။သူတိုးတိုးလေးမေးလိုက်၏။
"ထောင်ဟွား မင်းကိုယ့်ကိုဘယ်လိုထင်လဲ"
ကျိုးထောင်ဟွားမျက်နှာရဲသွားပြီး ပြန်ဖြေလာ၏။
"အစ်ကိုက အရမ်းကောင်းပါတယ်"
"ဘယ်လိုမျိုးလဲ၊ကိုယ် မင်းရဲ့ခင်ပွန်းလုပ်ခွင့်ရနိုင်မလား"
ရှန်းမင်ရပ်တန့်လိုက်ပြီး ကျိုးထောင်ဟွားထံ လေးနက်သောအကြည့်ဖြင့်ကြည့်လိုက်လေသည်။
"ဟင်"
ကျိုးထောင်ဟွားသည် သူဘာပြောလိုက်မှန်းသေချာမကြားလိုက်ရပေ။သူမှအဘယ်ကြောင့် ရုတ်တရက်ရပ်သွားခဲ့သည်ကိုလည်း ပိုပြီးပင်နားမလည်နိုင်ဖြစ်နေရသည်။
"အစ်ကိုရှန်းမင် အိမ်မပြန်ဘူးလား၊ဒါနဲ့ဘာလို့ အစ်ကို့ကိုအများကြီးမြင်နေရတာလဲ၊တစ်ယောက် နှစ်ယောက် သုံးယောက်တောင်ဖြစ်နေပါလား"
ကျိုးထောင်ဟွားမြင်ကွင်းထဲတွင် ရှန်းမင်ပုံရိပ်များထပ်နေသည်ကို မြင်နေရသည်။သူမလက်ချောင်းများဖြင့် ရေတွက်ကြည့်ပြီးနောက် မူးလဲသွားလေတော့၏။ရှန်းမင် အလျင်အမြန်လက်လှမ်း၍ သူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ရာ သူမဆီမှနေအရက်နံ့ပြင်းပြင်းထွက်လာလေသည်။
ဒီကောင်မလေးက တစ်ကယ်ကိုအရက်သောက်ထားတာပဲ။
သူသည် ကျိုးထောင်ဟွားဒူးခေါင်းအောက်သို့လက်လျှိုသွင်းကာ သူမကို ပွေ့ချီလိုက်လေ၏။ကျိုးထောင်ဟွားခေါင်းသည် သူ့ပခုံးထက်တွင်မှီနေပြီး ရုတ်တရက်အိပ်ပျော်နေရင်း ဂနာမငြိမ် ဖြစ်လာကာ ခေါင်းလေးယိမ်းထိုးလာသည်။ထို့နောက် နွေးထွေးပြီးနူးညံ့သော အရာတစ်ခု သူ့ပါးပြင်ကိုလာရောက်ဖိကပ်သွားသည်ကို ရှန်းမင်ခံစားလိုက်ရ၏။
အလွန်သက်တောင့်သက်သာရှိသော အထိအတွေ့ဖြစ်ပြီး ရှန်းမင်နှလုံးခုန်သံ တစ်ချက်ရပ်တန့်သွားသလို ခံစားလိုက်ရသည်။တစ်ခါမှမကြုံဖူးသော ထူးဆန်းသည့်ခံစားမှုတစ်ခုကြောင့် သူ့ရင်ဘတ်ထဲတွင် ယားကျိကျိဖြစ်လာပြီး နှလုံးခုန်သံများလည်းထိန်းချုပ်မရအောင် မြန်ဆန်လာလေတော့၏။သူသည် ကျိုးထောင်ဟွားကိုပွေ့ချီထားရင်း ထိုအနေအထားကို ငြိမ်သက်စွာထိန်းသိမ်းထားကာ ကျိုးမိသားစုအိမ်ရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။
"ဒေါ်လေးချမ် ထောင်ဟွားကကျွန်တော့်ကို အိမ်လိုက်ပို့ရင်း လမ်းတစ်ဝက်မှာတင် မူးပြီးအိပ်ပျော်သွားလို့၊သူ ဦးလေးအာ့ရှုပန်းကန်ထဲက အရက်ကိုခိုးသောက်လိုက်တာထင်တယ်"
ရှန်းမင်သည် ကျိုးထောင်ဟွားကိုပွေ့ချီလျက် မီးဖိုချောင်ထဲသို့ဝင်သွားလိုက်သည်။ချမ်ရှီမှာ မီးဖိုအားရှင်းလင်းရင်းလက်စသတ်နေသည်ကို တွေ့လိုက်ရ၏။ချမ်ရှီသည် လက်နှီးစုတ်ကိုအမြန်ချလိုက်ပြီး ဆူပူကြိမ်းမောင်းတော့သည်။
"ငါထင်သားပဲ၊အာ့ရှုပန်းကန်ထဲမှာ အရက်ကျန်သေးတယ်ဆိုတာ သေချာမှတ်မိနေပါရဲ့နဲ့ ဘယ်လိုလုပ်ကုန်သွားရတာပါလိမ့်လို့၊ကြည့်ရတာ ဒီအစားပုတ်မလေးက လူလစ်တုန်းခိုးသောက်လိုက်တာပဲ ဖြစ်မယ်၊တစ်ကယ်ကို သူ့အဖေအတိုင်းပဲ အရက်ဒဏ်ကျမခံမနိုင်ဘဲနဲ့ နေရာတကာပါချင်တယ်၊ရှန်းမင်ရေ ထောင်ဟွားကိုပြန်ခေါ်လာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်၊အပြန်လမ်းကို ဂရုစိုက်သွားဦးနော်"
ချမ်ရှီသည် ရှန်းမင်အားရာသီသွေးမိစ္ဆာချုပ်ပေးထားသည့် ဝံပုလွေသားရေဂွမ်းအင်္ကျီကိုပြန်ပေးလိုက်ပြီး မှာကြားလိုက်သည်။ရှန်းမင် လမ်းမထက်လျှောက်သွားနေစဉ် သူ့အရိပ်သည် မြေကြီးပေါ်တွင် တစ်ကြောင်းတည်းအဖြစ်သာ ကျန်ရစ်တော့၏။သူသည်ပါးကို ပြန်ထိမကြည့်ဘဲမနေနိုင်အောင်ဖြစ်သွားမိသည်။
နှမြောစရာကောင်းသည်မှာ ကျိုးထောင်ဟွားမူးနေခြင်းပင်။အကယ်၍ သူမသာအသိစိတ်ရှိနေပါက ဘာပြောလာမည်ကို သူသိချင်နေမိသည်။