အခန်း (၈၂)
Vol. 9 Ch. 82
ကျန်းချိုက်ရှလှည့်ကြည့်လိုက်သောအခါ ခြံဝင်းတံခါးဝတွင်ရပ်နေသော ကျိုးဖုန်းအားမြင်လိုက်ရသဖြင့် ထိတ်လန့်သွားပြီး အပြစ်မကင်းသလိုခံစားလိုက်ရလေသည်။
ကျိုးဖုန်း ဒီမှာရပ်နေတာ ဘယ်လောက်ကြာပြီလဲ။
သူ ဘယ်လောက်ထိကြားသွားပြီလဲ။
"အစ်ကိုဖုန်း အစ်ကိုလဲထောင်ဟွားအိမ်ကိုလာတာလား"
ကျန်းချိုက်ရှ အပြုံးတစ်ပွင့်ကိုဖျစ်ညှစ်ထုတ်ကာ နှုတ်ဆက်လိုက်၏။
သို့သော် ကျိုးဖုန်းထံမှ နွေးထွေးသောတုံ့ပြန်မှုကို သူမ,မရရှိခဲ့ပေ။
ကျိုးဖုန်းမှာ အဘွားစွင်းအား လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"အဘွား ကျွန်တော်အဘွားစကားကို နားထောင်ပါ့မယ်၊ဘယ်သူ့ကို မြေးချွေးမအဖြစ် တင်တောင်းမလဲဆိုတာ အဘွားပဲ ဆုံးဖြတ်ပေးပါတော့"
ထိုသို့ပြောပြီးနောက် ကျိုးဖုန်းမှာကျိုးအိမ်ဟောင်းဘက်သို့ တန်းတန်းမတ်မတ် လှည့်ထွက်သွားတော့၏။
အဘွားစွင်း ကျိုးဖုန်းစကားကိုကြားသောအခါ ဝမ်းသာအားရဖြင့်ချက်ချင်းပင် ထပ်တလဲလဲသဘောတူလိုက်ပါတော့သည်။
"အေးအေး အဘွားကအောင်သွယ်တော်ယိုကို အကျင့်စာရိတ္တကောင်းပြီး သိတတ်တဲ့ ဇနီးတစ်ယောက်ရှာခိုင်းပေးမယ်"
သူတို့စကားပြောနေသည်ကိုကြားလိုက်ရသော ကျန်းချိုက်ရှမှာ အလျင်အမြန်နောက်မှအမီလိုက်လာလေ၏။
"အစ်ကိုဖုန်း အစ်ကိုဖုန်း၊အစ်ကိုက ကျွန်မကိုပဲလက်ထပ်မယ်လို့ ပြောခဲ့တယ်လေ"
ကျန်းချိုက်ရှသည် ကျိုးဖုန်းကိုတားကာ ရှင်းပြရန်လုပ်လိုက်သည်။ကျိုးဖုန်းတွင် အားနည်းချက်များစွာရှိသော်လည်း ကျိုးကျားရွာမှာ ယခုအချိန်၌စီးပွားရေးပြေလည်နေပြီဖြစ်၍ သူမသာလက်ထပ်ခွင့်ရပါက ကောင်းမွန်သောဘဝကို ပိုင်ဆိုင်ရမည်မှာ သေချာလှပေ၏။
ကျိုးဖုန်းမှာ ရှုပ်ထွေးသောအကြည့်ဖြင့် သူမထံကြည့်ကာပြောလိုက်သည်။
"ငါက ဝါးခြမ်းပြားလိုပိန်လှီနေတာလို့ မင်းခုနကပဲပြောခဲ့တာမလား၊လူကြားထဲမှာတောင် ရှာမတွေ့နိုင်လောက်တဲ့ထိ ရုပ်ရည်ကလဲသာမန်ပဲဆို၊ပြီးတော့ ငါနဲ့အတူနေရရင် မင်းဒုက္ခရောက်သွားမှာပဲမလား၊အဲ့လိုဆိုမှတော့ ဘာလို့ အတင်းအကြပ်အနစ်နာခံနေဦးမှာလဲ၊သန်သန်မာမာ ရုပ်ချောချောနဲ့စာနာတတ်တဲ့သူတစ်ယောက်ကိုသာ သွားရှာလိုက်ပါတော့၊ငါကျိုးဖုန်းမှာတော့ အဲ့လိုကံတရားမျိုးမရှိပါဘူး"
ထိုသို့ပြောပြီးနောက် ကျိုးဖုန်းသည်ကျန်းချိုက်ရှအားကျော်ဖြတ်ကာ အဝေးသို့ခပ်သွက်သွက်လျှောက်သွားတော့၏။
ကျိုးဖုန်းမှ ကျန်းချိုက်ရှအပေါ် စိတ်ကုန်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် အဘွားစွင်းမှာ အလွန်ဝမ်းသာသွားပြီး အိမ်ပြန်ရောက်လျှင် ဗြောက်အိုးများပင်ဖောက်ချင်စိတ် ပေါ်လာတော့သည်။သူမသည် ကျိုးဖုန်းနောက်အမြန်လိုက်သွားတော့၏။
သူမအိမ်ပြန်ရောက်သည်နှင့် စာအိတ်နီတစ်လုံးယူကာ အောင်သွယ်တော်ယိုထံ ကိုယ်တိုင်သွားပြီး မြေးဖြစ်သူအတွက် အကျင့်စာရိတ္တကောင်းမွန်သော ဇနီးတစ်ယောက်ရှာပေးရန် တောင်းဆိုမည်ဟုတွေးထားလိုက်သည်။
ကျိုးထောင်ဟွားနှင့်ဒူးရင်းသီးနတ်ဆိုးတို့မှာ ခြံဝင်းတံခါးကိုမှီ၍ ဖြစ်ပျက်သမျှကိုတွေ့လိုက်ကြပြီး ကျန်းချိုက်ရှမှစူပုတ်၍ ခြေဆောင့်နေသည်ကိုကြည့်နေလိုက်၏။
ကျန်းချိုက်ရှ ဤသို့ဖြစ်နေသည်ကိုမြင်သောအခါ ဒူးရင်းသီးနတ်ဆိုးလေးစိတ်ထဲ၌ နည်းသေးသည်ဟုပင်တွေးကာ ကြိတ်၍ဝမ်းသာနေတော့သည်။
ရုတ်ချည်း ကျန်းချိုက်ရှမှာ သူတို့အကြည့်ကိုသတိပြုမိသွားပုံရပြီး ခေါင်းလှည့်ကြည့်ကာ သူတို့ထံသို့ဒေါသတကြီးပြေးလာတော့၏။
ကျိုးထောင်ဟွားသည် ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး သူမအကြည့်မှာလည်းအေးစက်သွား၏။ကျန်းချိုက်ရှသည် ကျိုးဖုန်းနှင့်အဘွားစွင်းတို့အားကိုင်တွယ်ရန်ဘာမှမတတ်နိုင်ခဲ့သဖြင့် သူမအပေါ်ဒေါသပုံချရန်လုပ်နေခြင်းဖြစ်နိုင်သည်။
သေချာပေါက်ခဏချင်းတွင်ပင် ကျန်းချိုက်ရှမှ သူမအား ဆဲဆိုလာသည်ကိုကြားလိုက်ရတော့၏။
"ကျိုးထောင်ဟွား ကောင်မစုတ်လေး ဒါတွေအကုန်လုံးက နင့်ကြောင့်ပဲ"
"ဒူးရင်းသီးနတ်ဆိုးလေး သူ့ဆီသွားပြီးအနံ့ဆိုးနဲ့ သေအောင်လုပ်ပစ်လိုက်"
"ဟုတ်ကဲ့ အစ်မကျိုး"
ဒူးရင်းသီးနတ်ဆိုးမှာ ကျန်းချိုက်ရှအားမကြည်သည်မှာ ကြာပြီဖြစ်သည်။ကျိုးကျားရွာသို့လာပြီး ဤမျှထိရိုင်းစိုင်းရဲရအောင် သူမကိုယ်သူမဘာမှတ်နေသနည်း။
ကျိုးထောင်ဟွားသည် ဒူးရင်းသီးနတ်ဆိုးထုတ်လွှတ်မည့် အနံ့ဆိုးဒဏ်ကို ရှောင်ရှားရန်အတွက် အကာအကွယ်အတားအဆီးတစ်ခုကို အမြန်ဖန်တီးလိုက်သည်။
ဒူးရင်းသီးနတ်ဆိုးသည် ကျန်းချိုက်ရှဆီသို့လျှောက်သွားလိုက်ရာ ခဏချင်းမှာပင် သူမဆံပင်ကြားရှိ ဒူးရင်းပန်းလေးမှာ ရုတ်ချည်းပွင့်အာလာတော့၏။
ကျန်းချိုက်ရှဆဲဆိုနေတုန်းမှာပင် အလွန်ပြင်းထန်လှသောအနံ့ဆိုးကြီးအား ရုတ်တရက်ရလိုက်သဖြင့် ချက်ချင်းပျို့တက်သွားတော့သည်။ထို့ပြင် သူမပါးစပ်ဟလိုက်သည်နှင့် အနံ့ဆိုးမှာသူမဗိုက်ထဲထိ တန်းတန်းမတ်မတ်ဝင်သွားတော့၏။
သူမသည် ရှေ့ရှိအသက်ငါးနှစ် ခြောက်နှစ်အရွယ်ကောင်မလေးထံ ထိတ်လန့်တကြားကြည့်ကာတွေးလိုက်မိသည်။
*ဒီကလေးက ဘာကြီးလဲဟ၊သူကဘာလို့ ဒီလောက်နံစော်နေရတာလဲ*
ကျန်းချိုက်ရှသည် နှာခေါင်းကိုအုပ်ကာ ဒူးရင်းသီးနတ်ဆိုးနှင့် ဝေးရာသို့အမြန်ပြေးတော့၏။
ဒူးရင်းသီးနတ်ဆိုးမှာ ရယ်မော၍သတိပေးလိုက်သည်။
"နောက်တစ်ခါထပ်လာဦးမလား၊အနံ့ဆိုးနဲ့ သေအောင်လုပ်ပစ်မယ်"
ထိုစကားအားကြားလိုက်ရသော ကျန်းချိုက်ရှမှာ ခေါင်းကိုအမြန်လှည့်ကာ ဒူးရင်းသီးနတ်ဆိုးထံ လှည့်မကြည့်ရဲတော့ဘဲ ပိုမြန်မြန်ပြေးနိုင်ရန်အတွက် ခြေထောက်များ၌ ဘီးများပင်တပ်ထားချင်စိတ်ပေါ်လာတော့သည်။
ဒူးရင်းသီးနတ်ဆိုးမှာ သူမ၏ဝရောသောပါးထွက်ပြေးသွားပုံကိုကြည့်ကာ အားရပါးရရယ်မောပြီးမှ ဒူးရင်းပန်းကိုပြန်ပိတ်ကာ ကျိုးထောင်ဟွားနှင့်အတူ အိမ်ထဲဝင်သွားလိုက်၏။
.........
အဘွားစွင်း အောင်သွယ်တော်ယိုအိမ်သို့ရောက်သည်နှင့် သူမရည်ရွယ်ချက်ကိုရှင်းပြသော် အောင်သွယ်တော်ယိုမျက်နှာမှာ သိပ်မကောင်းတော့ပေ။
သူမသည် ကျိုးဖုန်းနှင့်ကျန်းချိုက်ရှတို့၏ လက်ထပ်ပွဲကို အတည်ပြုရန် အလွန်နီးစပ်နေခဲ့သော်လည်း အဘွားစွင်းမှာနောက်ဆုံးအချိန်မှ စိတ်ပြောင်းသွားခဲ့၏။ယခုအခါ သူမမိသားစု၏ဆေးပင်ခင်းများမှ ဝင်ငွေကောင်းနေသဖြင့် အဘွားစွင်းမှာ ယခင်ကထက်စိတ်ဓာတ်ပိုခိုင်မာလာလေသည်။သူမပြောလိုက်၏။
"ညီမလေးယို အရင်ကငါ့မြေးမလေးလျန်ဟွားနဲ့ရန်ဖုန်းရှို့တို့ လက်ထပ်ဖို့လုပ်နေတုန်းကလဲ ရန်မိသားစုဘက်က စိတ်ပြောင်းသွားခဲ့တာပဲမလား၊အဲ့တုန်းက ကျန့်ယန်ချိုးသမီးနဲ့ရန်ဖုန်းရှို့ကို ညီမပဲအောင်သွယ်ပေးခဲ့တာလေ"
အောင်သွယ်တော်ယိုမှာ စကားပြောမထွက်နိုင်တော့ဘဲ အတန်ငယ်မျက်နှာပျက်သွားသော်လည်း ထိုစကားမှာ အမှန်ဖြစ်နေသည်။
အဘွားစွင်းသည် အောင်သွယ်တော်ယိုထံ ခပ်ငေါ့ငေါ့ပြောပြီးနောက် ကြိုတင်ပြင်ဆင်ထားသောစာအိတ်နီကို ကမ်းပေးလိုက်၏။
"ညီမလေးယို ဒါလေးကိုယူထားလိုက်ပါ၊ညီမလဲအလုပ်များနေမှာပဲ၊ငါ့မြေးလေးအတွက် အကျင့်စာရိတ္တကောင်းပြီးသိတတ်တဲ့ မိန်းကလေးတစ်ယောက်ရှာပေးဖို့ ကူညီပါဦးအေ"
အဘွားစွင်း လေသံချိုချိုဖြင့်ပြောလိုက်သည်။
အောင်သွယ်တော်ယိုသည် စာအိတ်နီကိုယူ၍ အလေးချိန်ချိန်ဆကြည့်ရာ အထဲတွင် ဆယ်ပြားခန့်ရှိပေလိမ့်မည်။ယခု ကျိုးကျားရွာမှာ ဆင်းရဲတွင်းမှလွတ်မြောက်ပြီး ချမ်းသာသောရွာဖြစ်လာ၍ အဘွားစွင်းမှာလည်းလက်ပိုဖွာလာတော့သည်။
ချက်ချင်းပင် အောင်သွယ်တော်ယိုမှာပြုံးရွှင်စွာဖြင့်
"ရှောင်ဖုန်းက အရပ်ရှည်ပြီးရုပ်ချောတဲ့ကလေးကောင်းလေးတစ်ယောက်ပဲ၊ကျိုးမိသားစုရဲ့မြေးအကြီးဆုံးလဲဖြစ်တာပဲလေ၊မိသားစုတိုးတက်ဖို့အတွက် အကျင့်စာရိတ္တကောင်းတဲ့ ဇနီးတစ်ယောက်ကို ကျိန်းသေလက်ထပ်သင့်တာပေါ့၊ကျန်းချိုက်ရှလို မိန်းကလေးမျိုးကတော့ ရုပ်လေးလှတာကလွဲရင် အသိဉာဏ်ကမရှိဘူး၊တင်တောင်းငွေ ဆယ့်ငါးတေးထိတောင် တောင်းနေသေးတယ်၊ရွာနီးချုပ်စပ်မှာ ဘယ်မိသားစုကများ ကျန်းမိသားစုလိုလုပ်မှာလဲ၊မြို့ပေါ်ကမိန်းကလေးတွေတောင် ဆယ့်ငါးတေးမတောင်းကြပါဘူး"
အောင်သွယ်တော်ယိုသည် ခေါင်းယမ်းရင်းဆက်ပြောလိုက်၏။ကျန်းချိုက်ရှအနေဖြင့် ကျိုးဖုန်းကဲ့သို့သောသူဌေးသားကို လက်လွှတ်လိုက်ရပြီးနောက်တွင် မည်သူကမှသူမအတွက် ဆယ့်ငါးတေးပေးလိမ့်မည်မဟုတ်ဟု သူမခံစားမိသည်။ဆယ့်ငါးတေးမဆိုထားနှင့် ဆယ်တေးပေးမည့်သူပင် ရှိမည်မဟုတ်ပေ။
မည်သူ့ပိုက်ဆံမှ အလကားရခြင်းမဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ကျန်းချိုက်ရှသည် ယခုနှစ်တွင် အသက်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ရာ အချိန်ထပ်ဆွဲနေပါက အပျိုကြီးဖြစ်သွားပေတော့မည်။
စကားပြောနေရင်းပင် အောင်သွယ်တော်ယိုမှာ တစ်ခုခုသတိရသွားပြီး မေးလာ၏။
"အစ်မစွင်း အစ်မမှာဒီနှစ်အသက်ဆယ့်ငါးနှစ်ပြည့်မယ့် မြေးမလေးနှစ်ယောက်ရှိတယ်မလား"
"ထောင်ဟွားနဲ့ရှင်းဟွားကို ပြောတာလား၊ထောင်ဟွားမွေးနေ့က နည်းနည်းစောတယ်၊သတ္တမမြောက်လပြက္ခဒိန်ရဲ့ သတ္တမမြောက်နေ့မှာ၊ရှင်းဟွားကတော့ နဝမမြောက်လရဲ့ဒသမမြောက်နေ့မှ ဆယ့်ငါးနှစ်ပြည့်မှာ"
အောင်သွယ်တော်ယိုသည် ပြုံးကာဖြင့်
"လပိုင်းလောက်လိုတော့တာပဲ၊သူတို့ အသက်ပြည့်တာနဲ့ လက်ထပ်နိုင်ဖို့ အခုကတည်းက စီစဉ်ထားရမယ်၊ကျန်းချိုက်ရှကို ကြည့်ပါလား အေးအေးဆေးဆေးနေနေလို့ အခုဆိုအသက်ဆယ့်ခြောက်နှစ်တောင် ရောက်နေပြီ၊နောက်နှစ်အသက်ဆယ့်ခုနစ်နှစ်ကျရင် တင်တောင်းငွေငါးတေးနဲ့တောင် လူတွေကတွန့်ဆုတ်နေကြမှာ၊ကျွန်မအမြင်အရတော့ ထောင်ဟွားနဲ့ရှင်းဟွားတို့အတွက်လဲ အိမ်ထောင်ရေး စီစဉ်ပေးပါရစေ၊အမစွင်း သတင်းကောင်းကိုသာ စောင့်နေလိုက်နော်၊မင်္ဂလာဆောင်ကျရင် ကျွန်မကိုဖိတ်ဖို့ မမေ့ပါနဲ့ဦး"
"ဒါပေါ့ ဒါပေမယ့်......"
အဘွားစွင်းသည် ကျိုးထောင်ဟွားအိမ်ထောင်ရေးကိစ္စကို ကိုယ်တိုင်ဆုံးဖြတ်ရန်မဝံ့ရဲပေ။
သူမပြုံး၍ပြောလိုက်သည်။
"ညီမလေးယို ထောင်ဟွားတို့မိသားစုက အိမ်ခွဲနေတာညည်းအသိပဲလေ၊ထောင်ဟွားရဲ့အိမ်ထောင်ရေးကိုတော့ ဒုတိယသားမိသားစုကို ကိုယ်တိုင်သွားမေးရလိမ့်မယ်၊ထောင်ဟွား ဘယ်လိုလူမျိုးကို ကြိုက်လဲဆိုတာ သူတို့ကိုပဲမေးကြည့်ပါဦး"
သူမကိုယ်တိုင်ဆုံးဖြတ်လိုက်ပါက ထောင်ဟွားစိတ်ဆိုးသွားမည်ကို စိုးရိမ်နေမိသည်။
ထို့နောက် အဘွားစွင်းဆက်ပြောလိုက်သည်။
"ဒါပေမယ့် ငါ့ထောင်ဟွားအတွက်တော့ ရွာနီးစပ်ချုပ်က အကောင်းဆုံးယောင်္ကျားသားတစ်ယောက်ကို ရှာပေးရမယ်နော်၊ထောင်ဟွားကငယ်သေးပေမယ့် အရမ်းထက်မြက်တာ၊သူက တစ်ရွာလုံးကို မြေရိုင်းတွေဖော်ပြီး ဆေးပင်တွေစိုက်ဖို့လမ်းပြခဲ့လို့သာ တစ်ရွာလုံးချမ်းသာကုန်ကြတာမလား၊ပြီးတော့သူက နတ်ဆိုးတွေကိုလဲနှင်တတ်တော့ ပိုက်ဆံအများကြီးရှာနိုင်တယ်"
အောင်သွယ်တော်ယိုသည် ကျိုးထောင်ဟွားထံတွင် ထူးခြားသောစွမ်းအားများရှိကြောင်းနှင့်ကျိုးကျားရွာကို တိုးတက်အောင်လုပ်ဆောင်ပေးခဲ့ကြောင်းအား ကြားဖူးထားသည်။သူမအမြန်ပြန်ဖြေလိုက်၏။
"ထောင်ဟွားလိုတော်တဲ့မိန်းကလေးအတွက် ကျွန်မကအကောင်းဆုံးယောင်္ကျားလေးတစ်ယောက်ကို ရှာပေးမှာပေါ့၊သူသာသဘောတူရင် မြို့ပေါ်ကလူကုံထံတွေနဲ့တောင် အောင်သွယ်ပေးပါ့မယ်"