အခန်း (၈၃)
Vol. 9 Ch. 83
နောက်တစ်နေ့တွင် ကျိုးထောင်ဟွားနှင့်ရာသီသွေးမိစ္ဆာတို့မှာ ကောက်ရိုးဖျာများအား ဆေးပင်ခင်းသို့ပို့ဆောင်ပေးခဲ့ကြသည်။သူမတို့ အိမ်ရှေ့ပြန်ရောက်သည့်အချိန်မှာပင် တစ်ယောက်ယောက်မှ လှမ်းခေါ်လာ၏။
"ထောင်ဟွား တိုက်ဆိုင်လိုက်တာကွယ်၊အဘွားက သမီးကိုလာရှာတာ အိမ်မှာရှိနေတာနဲ့တိုးတာပဲ"
"ဒါနဲ့ သမီးမိဘတွေရော အိမ်မှာရှိကြလား"
အောင်သွယ်တော်ယိုမှာ ပြုံးရွှင်စွာဖြင့်မေးမြန်းလာသည်။
ကျိုးထောင်ဟွား သူမအားမြင်သည်နှင့် လာရသည့်အကြောင်းရင်းကို ချက်ချင်းရိပ်မိလိုက်၏။ဤခေတ်ကာလတွင် မိန်းကလေးများသည် အသက်ဆယ့်ငါးနှစ်အရွယ်တွင် အိမ်ထောင်ပြုနိုင်ကြသည်။ရှန်းရှန့်ကိုကြည့်လျှင်ပင် ရန်ဖုန်းရှို့နှင့်လက်ထပ်ပွဲကို လေးလပိုင်းဆယ်ရက်နေ့၌သတ်မှတ်ထားပြီး သူမမှာယခုနှစ်တွင်အသက်ဆယ့်ခြောက်နှစ်သာရှိသေး၏။
ကျိုးထောင်ဟွားလည်း အနှေးနှင့်အမြန် လက်ထပ်ရမည်ဖြစ်ရာ သူမမျက်စိထဲတွင် ကြည့်ပျော်ရှုပျော်ရှိမည့်သူတစ်ဦးကို ရွေးချယ်နိုင်လျှင် ပိုကောင်းမည်ဟု တွေးတောမိသည်။အနည်းဆုံးတော့ အောင်သွယ်တော်ယိုမှ ကြားခံဆောင်ရွက်ပေးခြင်းဖြင့် သူမအတွက်ရွေးချယ်ပေးထားသော သတို့သားလောင်းများကို တိတ်တဆိတ်စုံစမ်းကြည့်နိုင်မည်ဖြစ်ရာ လုံးဝမျက်စိစုံမှိတ်လက်ထပ်ရသည့် အခြေအနေမျိုးတော့ဖြစ်မည်မဟုတ်ပေ။
ကျိုးထောင်ဟွားသည် အောင်သွယ်တော်ယိုကို အိမ်ထဲသို့ဖိတ်ခေါ်လိုက်ပြီး ရာသီသွေးမိစ္ဆာအား လက်ဖက်ရည်တစ်ခွက်ဖျော်ခိုင်းလိုက်၏။ထို့နောက် အေးစက်စက်လေပြင်းများအားကာကွယ်ရန် အိမ်ခန်းမကြီးရှေ့ရှိ လေကာလိုက်ကာကိုချလိုက်သည်။
"အဘွားယို ကျွန်မမိဘတွေက အိမ်မှာမရှိကြဘူး၊ပြောစရာရှိတာကို ကျွန်မဆီပဲ တိုက်ရိုက်ပြောလိုက်ပါ"
ကျိုးထောင်ဟွား ပြောလိုက်၏။
အောင်သွယ်တော်ယိုမှာ အနည်းငယ်တွန့်ဆုတ်သွားသည်။အရင်က အိမ်ထောင်ရေးကိစ္စများ သူမစီစဉ်ပေးလျှင် မိသားစုရှိလူကြီးများနှင့်သာ အမြဲစကားပြောလေ့ရှိ၏။လူငယ်လေးများမှာတော့ ဘေးနားတွင်သာငြိမ်ငြိမ်လေးထိုင်နေတတ်ကြပြီး တစ်ခုခုမေးလျှင်ပင်ခပ်တိုးတိုးတုံ့ပြန်ရုံသာ ရှိတတ်ကြသည်။
ကျိုးထောင်ဟွားစကားကြောင့် အောင်သွယ်တော်ယိုမှာ အတန်ငယ်အံ့အားသင့်သွားရ၏။သူမအမူအရာမှာ ကျိုးထောင်ဟွားခန့်မှန်းထားသည့်အတိုင်းပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဤခေတ်တွင်အိမ်ထောင်ရေးဆိုသည်မှာ မိဘနှင့်အောင်သွယ်တော်တို့မှသာ စီစဉ်ကြခြင်းဖြစ်ပေရာ မိသားစုတွင် လူကြီးသူမ,မရှိကြတော့သည့်အခြေအနေမျိုးမှလွဲ၍ မည်သူကမှ အောင်သွယ်တော်နှင့်ကိုယ်တိုင်ကိုယ်ကျ အိမ်ထောင်ရေးကိစ္စမဆွေးနွေးဖူးကြပေ။
"အဘွားယို ကိစ္စမရှိပါဘူး ပြောမှာသာပြောပါ၊ကျွန်မကိုယ်တိုင် လက်ထပ်ရမှာဆိုတော့ ကျွန်မကိုပဲတိုက်ရိုက်ပြောပြတာ ပိုကောင်းပါတယ်"
ကျိုးထောင်ဟွား ပြောလိုက်၏။
အောင်သွယ်တော်ယိုမှာ ချက်ချင်းပြုံးလိုက်ပြီး ပြန်ဖြေလာသည်။
"အေးပါ ထောင်ဟွားရယ် သမီးပြောတာလဲမှန်သားပဲ၊ဒါဆိုအဘွား သမီးကိုပဲတိုက်ရိုက်မေးတော့မယ်"
သူမသည် ကျိုးထောင်ဟွားအားကြည့်ရင်း စိတ်ထဲမှနေတိတ်တဆိတ်သက်ပြင်းချမိလိုက်သည်။အဘွားစွင်းမှ အဘယ်ကြောင့် သူမကိုကျိုးမိသားစုဆီကိုယ်တိုင်သွားပြီး သဘောထားမေးခိုင်းသည်ကို ယခုမှသဘောပေါက်တော့၏။အဘွားစွင်းမှာ ထောင်ဟွားသဘောထားကို တိုက်ရိုက်မေးစေချင်ခဲ့ခြင်းပင်။
ကျိုးကျားရွာတစ်ရွာလုံးအား ချမ်းသာအောင်လုပ်ပေးနိုင်သူပီပီ ငယ်ငယ်ရွယ်ရွယ်နှင့်အကြံအစည်အလွန်များလှသည်။
"ထောင်ဟွား သမီးက ဒီနှစ်ဆိုအသက်ဆယ့်ငါးနှစ်ပြည့်ပြီလေ၊မွေးနေ့ပြီးရင်တော့ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ရောက်ပြီပေါ့၊အဘွားယိုက အခုကတည်းကသမီးအတွက် စီစဉ်ပေးချင်လို့ပါ၊အချိန်တွေကုန်ပြီး အသက်ဆယ့်ခြောက်နှစ်ထိ ကြန့်ကြာမနေအောင်လို့လေ၊သမီး ဘယ်လိုယောင်္ကျားမျိုးနဲ့ လက်ထပ်ချင်လဲဆိုတာ အဘွားကိုပြောပြပေး၊သမီးစိတ်ထဲမှာရှိသမျှ အကုန်သာပြော၊အဘွားက သမီးစိတ်တိုင်းကျဖြစ်မယ့်သူကို သေချာပေါက်ရှာပေးပါ့မယ်"
အောင်သွယ်တော်ယိုသည် ကျိုးမိသားစုတွင် တန်ဖိုးကြီးလှသောနွားလှည်းတစ်စီးရှိနေသည်ကိုလည်း သတိပြုမိသည်။ထိုသို့ပြောပြီးနောက်တွင် ကျိုးထောင်ဟွားအဖြေကို သူမစိတ်ရှည်လက်ရှည်ဖြင့်ထိုင်စောင့်နေလိုက်၏။ထိုအချိန်မှသာ ကျိုးထောင်ဟွားတည်ခင်းပေးထားသော လက်ဖက်ရည်ကို သူမသတိထားမိတော့သည်။သူမသည် မြို့ပေါ်၌အိမ်ထောင်ရေးကိစ္စသွားပြောလျှင်သာ လက်ဖက်ရည်သောက်ခွင့်ရလေ့ရှိ၏။
.........
ရှန်းမင် ကျိုးမိသားစုတံခါးဝသို့ရောက်လာပြီး တံခါးခေါက်ရန်ပြင်လိုက်စဉ်မှာပင် ယနေ့၌ခြံတံခါးအားဖွင့်ထားသည်ကို သတိထားမိလိုက်သည်။ခြံဝင်းထဲသို့ သူလှမ်းကြည့်ရာ အရာအားလုံးမှာသပ်ရပ်နေပြီး ဖျက်ဆီးခံထားရသည့်အရိပ်အယောင်မျိုးမရှိပေ။
ကျိုးထောင်ဟွားအား သူလှမ်းခေါ်ရန်ပြင်လိုက်စဉ်မှာပင် အိမ်ခန်းမကြီးထဲမှစကားသံများကို ခပ်သဲ့သဲ့ကြားလိုက်ရ၏။ငယ်စဉ်ကတည်းမှ မုဆိုးလုပ်ခဲ့သဖြင့် သူ့အကြားအာရုံမှာ အလွန်စူးရှလှပေရာ ထိုအသံမှာ အောင်သွယ်တော်ယို့အသံမှန်း ချက်ချင်းသိလိုက်သည်။
"သမီးဘယ်လိုယောင်္ကျားမျိုးနဲ့ လက်ထပ်ချင်လဲဆိုတာ အဘွားကိုပြောပြ၊သမီးစိတ်ထဲမှာရှိသမျှ အကုန်သာပြော၊အဘွားက သမီးစိတ်တိုင်းကျဖြစ်မယ့်သူကို သေချာပေါက် ရှာပေးပါ့မယ်"
အောင်သွယ်တော်ယို၏စကားကြောင့် ရှန်းမင်နှလုံးသားမှာ ပြင်းပြင်းထန်ထန်တုန်လှုပ်သွားရတော့သည်။သူသည် အိမ်ခန်းမကြီးရှေ့၌ချထားသော လေကာလိုက်ကာအားကြည့်ကာ သူ့အကြည့်သည် ထိုလိုက်ကာအားဖောက်ထွင်း၍ ကျိုးထောင်ဟွားကို ချက်ချင်းမြင်နိုင်ရန်သာ ဆုတောင်းနေမိ၏။
သူ့အသက်ဆယ့်ကိုးနှစ်တာကာလအတွင်း ဤမျှထိတုန်လှုပ်ခြောက်ခြားပြီး စိုးရိမ်ပူပန်နေရသည်မျိုးကိုမကြုံဖူးသေးပေ။သူ့နှလုံးသားမှာ ပြင်းပြင်းထန်ထန်ခုန်ပေါက်နေပြီး တန်ဖိုးရှိသည့်အရာတစ်ခုခုမှာ သူ့ထံမှထွက်ခွာသွားတော့မည့်အလား ခံစားနေရတော့သည်။
အိမ်ခန်းမကြီးရှေ့ရှိလေကာလိုက်ကာအားစိုက်ကြည့်ရင်း သူတွေးနေမိ၏။ကျိုးထောင်ဟွားသည် ယခုအသက်ဆယ့်ငါးနှစ်ရှိပြီဖြစ်ရာ ကလေးမလေးမဟုတ်တော့ပေ။
အောင်သွယ်တော်ယိုမှ သူမအတွက်အိမ်ထောင်ရေး စီစဉ်ပေးရန်လာသည်မှာ သဘာဝကျသော်လည်း သူသည် အဘယ်ကြောင့် ကျိုးထောင်ဟွားကို အခြားသူနှင့်လက်မထပ်စေချင်ဘဲ ဤမျှထိ အလွန်အမင်းမလိုလားသလိုဖြစ်နေရသနည်း။
သူ့လက်ထဲရှိ လက်လိမ်းခရင်ဘူးလေးအား ငုံ့ကြည့်လိုက်စဉ်မှာပင် စိတ်ထဲ၌အတွေးတစ်ခုမှ ရုတ်ချည်းပေါ်လာတော့သည်။ထို့နောက် သူ့အကြည့်များမှာပြတ်သားသွားပြီး သူကိုယ်တိုင်လည်း သေချာပေါက်သိရှိသွားခဲ့ပြီပင်။ကျိုးထောင်ဟွားအား သူချစ်နေမိပြီ။
ရှန်းမင် အိမ်ခန်းမကြီးနားတိတ်တဆိတ် လျှောက်သွားလိုက်ရာ အထဲမှကြည်လင်ပြတ်သားသောအသံလေးတစ်သံထွက်လာလေသည်။
"အဘွားယို ကျွန်မကကြင်ကြင်နာနာနဲ့ တာဝန်ယူတတ်မှုရှိပြီး လူကြီးသူမတွေကိုရိုရိုသေသေဆက်ဆံတတ်တဲ့ အရည်အချင်းရှိယောင်္ကျားမျိုးကိုပဲ ခင်ပွန်းအဖြစ်ရွေးချယ်ချင်ပါတယ်"
ထိုစကားကိုကြားသောအခါ အောင်သွယ်တော်ယိုထပ်တလဲလဲခေါင်းငြိမ့်လိုက်သည်။ကျိုးထောင်ဟွားတောင်းဆိုသော အချက်အလက်များမှာ မမြင့်မားလှပေ။စိတ်နေသဘောထားမှာ အရေးကြီးဆုံးဖြစ်ပြီး ထောင်ဟွားသည်ချမ်းသာသောမိသားစု သို့မဟုတ် တင်တောင်းငွေ အမြောက်အမြားကို တောင်းဆိုခြင်းမရှိပေ။
သို့သော် ကျိုးထောင်ဟွားကဲ့သို့ထက်မြက်ပြီး ပိုက်ဆံရှာတော်သောမိန်းကလေးတစ်ဦးမှာ မြို့ပေါ်ရှိမိသားစုတစ်ခုနှင့် လက်မထပ်ရသည်မှာ နှမြောစရာကောင်းသည်ဟု အောင်သွယ်တော်ယိုခံစားမိသည်။သူမမေးမြန်းလိုက်၏။
"ထောင်ဟွား သမီးမြို့ပေါ်ကလူနဲ့ လက်ထပ်ဖို့ရော စိတ်ဝင်စားလား၊အဘွားယိုက မြို့ပေါ်ကလူတွေထဲပါရှာပေးမယ်လေ"
"အဆင်ပြေတဲ့သူဆိုရင် ရပါတယ်"
ကျိုးထောင်ဟွား ပြန်ဖြေလိုက်သည်။ပိုက်စိပ်တိုက်ရှာဖွေပြီးပါမှ တစ်ယောက်ချင်းစီကိုနှိုင်းယှဉ်ကာ သင့်တော်မည့်သူကို ရွေးချယ်မည်ဟု သူမစိတ်ကူးထားခြင်းပင်။အဆုံး၌ ဤသည်မှာတစ်သက်တာလုံးအတွက် အရေးကြီးသောကိစ္စဖြစ်ရာ သူမနှစ်သက်မည့်သူကိုသာ ရွေးချယ်နိုင်ရန် ကျိုးထောင်ဟွားမျှော်လင့်မိသည်။
"အေးပါ အဘွားယိုနားလည်ပါပြီ၊စိတ်မပူနဲ့နော်၊သမီးစိတ်တိုင်းကျဖြစ်မယ့်သူကို အဘွားသေချာပေါက်ရှာပေးပါ့မယ်"
အောင်သွယ်တော်ယိုသည် ထိုသို့ပြောကာလက်ဖက်ရည်သောက်ပြီးနောက် ပျော်ရွှင်စွာဖြင့်ထပြန်သွားတော့သည်။
မြို့ပေါ်ရှိလူများသည် ရွာသားများထက် ပိုချမ်းသာကြ၏။သူတို့တွင် လယ်ယာမြေများမရှိသော်လည်း ဆိုင်ခန်းများနှင့်လုပ်ငန်းများရှိကြရာ နေ့စဉ်ဝင်ငွေမှာအတော်လေးကောင်းမွန်လှသည်။
လိုက်ကာအပြင်ဘက်တွင်ရပ်နေသော ရှန်းမင်မှာ ကျိုးထောင်ဟွားစကားများကို စိတ်ထဲမှထပ်တလဲလဲ ရွတ်ဆိုနေမိ၏။ကြင်နာတတ်ရမယ် တာဝန်ယူမှုရှိရမယ် အရည်အချင်းရှိရမယ် လူကြီးသူမကို ရိုသေရမယ်။
ထိုစဉ် အောင်သွယ်တော်ယိုမှာ လိုက်ကာကိုမ၍အပြင်သို့ထွက်လာရာ ရှန်းမင်ကိုတွေ့လိုက်၍အံ့သြသွားပြီး နှုတ်ဆက်လာ၏။
"ရှန်းမင် ရောက်နေတာလား"
ထိုစကားကိုကြားသော် ရှန်းမင်သည် လက်ထဲမှခရင်ဘူးကို တင်းတင်းဆုပ်ကိုင်၍ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ထောင်ဟွားနဲ့ဆွေးနွေးစရာလေးရှိလို့ပါ"
အောင်သွယ်တော်ယိုသည် ခေါင်းငြိမ့်နှုတ်ဆက်ကာ ထွက်သွားတော့သည်။သူမသည် ကျိုးထောင်ဟွားကိစ္စသာမက ကျိုးအိမ်ဟောင်းရှိ ကျိုးဖုန်းနှင့်ကျိုးရှင်းဟွားတို့အိမ်ထောင်ရေးကိစ္စများအတွက်ပါ အလုပ်များနေသူဖြစ်၏။
ကျိုးထောင်ဟွားမှာမူ ရှန်းမင်အသံကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
သူကဒီရောက်နေတာလား။
ကျိုးထောင်ဟွား အပြင်သို့ထွက်လာပြီး ရှန်းမင်ကိုအထဲဆွဲခေါ်လိုက်သည်။
"အစ်ကိုရှန်းမင် အပြင်မှာအေးတယ်၊အထဲဝင်ပြီး လက်ဖက်ရည်ပူပူလေး သောက်ပါဦး"
ဤတစ်ကြိမ်တွင်မူ သူမမှသူ့လက်အားဆွဲလိုက်သော်လည်း ရုန်းထွက်ခြင်းမပြုတော့ပေ။
ကျိုးထောင်ဟွားသည် ရာသီသွေးမိစ္ဆာကို ရှန်းမင်အတွက် လက်ဖက်ရည်ဖျော်ခိုင်းလိုက်ပြီး စူးရှရှသူ့အကြည့်များကိုမူ သတိမထားမိဟန်ဆောင်နေလိုက်သည်။
"ထောင်ဟွား ဒါမင်းအတွက်"
ရှန်းမင်သည် သေးငယ်ပြီးပြားချပ်ချပ်ဖြင့် အဖြူရောင်ကြွေဘူးလေးတစ်ဘူးကို သူမထံကမ်းပေးလိုက်သည်။
ကျိုးထောင်ဟွား မျက်ခုံးပင့်ကြည့်လိုက်၏။ဤဘူးအားကြည့်ရသည်မှာ တန်ဖိုးကြီးပုံရသည်။သူမသည် သူ့မျက်ဝန်းများထံ အသာစိုက်ကြည့်လိုက်မိ၏။သူက သူမကိုတစ်ကယ်လိုက်တော့မလို့လား။