← Chapters

အခန်း (၈၄)

Vol. 9 Ch. 84

အခန်း (၈၄)

Vol. 9 Ch. 84

သူမနှုတ်ခမ်းထက်တွင် အပြုံးစစပေါ်လာပြီး သိလိုစိတ်ဖြင့်မေးလိုက်သည်။

"အစ်ကိုရှန်းမင် ဒါကဘာလဲ"

"လက်လိမ်းခရင်ပါ၊လက်ကိုအစိုဓာတ်ထိန်းပေးပြီး အက်ကွဲတာတွေမဖြစ်အောင် ကာကွယ်ပေးတယ်"

ရှန်းမင်အသံသည် နူးညံ့နေပြီး သူ့နားရွက်များမှာလည်း အနည်းငယ်နီမြန်းနေလေ၏။

ကျိုးထောင်ဟွား သူမလက်များကိုငုံ့ကြည့်လိုက်စဉ် မျက်လုံးများတောက်ပသွားခဲ့သည်။

နေ့စဉ်ကောက်ရိုးဖျာရက်လုပ်နေရခြင်းကြောင့် သူမလက်များမှာ အက်ကွဲခြောက်သွေ့နေခဲ့၏။

သူသည် အတော်ကိုစဉ်းစားတွေးခေါ်ပေးတတ်လေသည်။

ကျိုးထောင်ဟွား ခရင်ဘူးကိုဖွင့်ကာ အနည်းငယ်ယူလိုက်ပြီး လက်ပေါ်သို့ လိမ်းလိုက်၏။သူမလက်များမှာ ချက်ချင်းသက်သာသွားသလိုခံစားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုရှန်းမင်၊ညီမ သေချာပေါက် ဂရုတစိုက်လိမ်းပါ့မယ်"

ဤခေတ်တွင် လက်အိတ်များမရှိသဖြင့် သူမ၏လက်များမှာထိခိုက်ခဲ့ရသည်။

ကျိုးထောင်ဟွား ခရင်ကိုချက်ချင်းလိမ်းလိုက်သည်အားမြင်လိုက်ရ၍ ရှန်းမင်မျက်လုံးများထဲတွင် အပြုံးတစ်ခုပေါ်လာခဲ့၏။သူသတိပေးလိုက်သည်။

"နေ့တိုင်းလိမ်းဖို့မမေ့နဲ့နော်"

ကျိုးထောင်ဟွား ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ပြီးမေးလိုက်၏။

"ဒါက ဘယ်လောက်ကျလဲ ညီမပိုက်ဆံပြန်ပေးပါ့မယ်"

"ဒါကတန်ဖိုးမရှိပါဘူး၊နေ့တိုင်းလိမ်းဖို့သာ မမေ့နဲ့၊အစ်ကို့မှာ ကိစ္စလေးရှိသေးလို့သွားတော့မယ်နော်"

ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားမှသူ့အား ပိုက်ဆံအတင်းပေးမည်ကို ကြောက်သည့်အလား ရှန်းမင်သည် ကမန်းကတန်းထကာထွက်သွားတော့၏။

"အစ်ကိုရှန်းမင်ကတော့"

ကျိုးထောင်ဟွားသည် ထွက်သွားသောသူ့ကျောပြင်ကိုငေးကြည့်ရင်း မျက်ဝန်းများထဲတွင်အပြုံးရိပ်တစ်ခု ဖြတ်သွားလေသည်။

ရှန်းမင်မှာ သူမကိုနှစ်သက်နေပြီး အောင်သွယ်တော်သည်လည်း သူမအတွက် လက်ထပ်ပွဲစီစဉ်ပေးချင်နေ၏။သူမသည်လည်း ရှေးခေတ်လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်အောင် နေထိုင်ရန်လိုအပ်ပေသည်။

.........

ရှန်းမင်ထွက်သွားသည်နှင့် ခင်ပွန်းရွေးချယ်ရန်အတွက် ကျိုးထောင်ဟွားပြောခဲ့ဖူးသည့် စကားများအကြောင်းကို တွေးနေမိ၏။

သူသည် ရွာလူကြီးအိမ်သို့ချက်ချင်းသွား၍အလုပ်ကူလုပ်ရန် လူအနည်းငယ် ထပ်မံမိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့ပြီး မိမိအိမ်မှအလုပ်များအားလုံးကို နှစ်ရက်အတွင်းအပြီးသတ်ကာ ကျိုးမိသားစုအိမ်တွင်သွားရောက်ကူညီရန်ဆုံးဖြတ်ခဲ့သည်။

နောက်တစ်နေ့မွန်းလွဲပိုင်းတွင် ကျန်းချွေ့အာနှင့်ကျန်းကျူးအာညီအစ်မနှစ်ယောက်သည် ဟေးနျိုရွာမှနေ လက်တွန်းလှည်းတစ်စီးစီတွန်း၍လာခဲ့၏။

ကျန်းကျူးအာသည် ကောက်ရိုးဖျာများအပြည့်တင်ထားသော လှည်းကိုကြည့်ပြီး အလွန်ပျော်ရွှင်နေတော့သည်။

"အစ်မရေ အိမ်မှာကောက်ရိုးဖျာရက်ပြီး ပိုက်ဆံရှာနိုင်လိမ့်မယ်လို့ ညီမဖြင့်ဘယ်တုန်းကမှထင်မထားမိခဲ့ဘူး"

အလုပ်ရှင်အိမ်သို့ပို့ဆောင်ပေးလျှင် အပိုငွေငါးပြားရရှိမည်ဖြစ်ပြီး သူမနှင့်သူမအစ်မမှာ လှည်းတစ်စီးစီတွန်းလာကြ၍ ဆယ်ပြားရမည်ပင်။

ကျန်းချွေ့အာလည်း ပျော်ရွှင်နေခဲ့သည်။အပိုရရှိသောငွေကြေးတိုင်းသည် မိသားစုအတွက်ဝင်ငွေပိုရခြင်းပင်ဖြစ်၏။

ဟေးနျိုရွာသည် ကျိုးကျားရွာနှင့်မဝေးသော်လည်း ထိုနေရာသို့ရောက်ရန် တောင်တစ်လုံးကိုဖြတ်ကျော်ရဦးမည်။ရုတ်ချည်းဆိုသလို ကျန်းကျူးအာသည် တောင်ခြေကိုငုံ့ကြည့်လိုက်ပြီး တအံ့တဩပြောလိုက်၏။

"အစ်မရေ ကျိုးကျားရွာရဲ့ဇီးသီးတွေက ရာသီဥတုဒဏ်ကြောင့် ပျက်စီးမသွားပါလား"

သူမရပ်လိုက်ပြီး လက်တွန်းလှည်းကို သစ်ပင်အမြစ်ရင်းတွင်မှီထောင်ကာ ဇီးသီးတစ်ဆုပ်ခူးရန် ပြေးသွားခဲ့၏။နှင်းကျပြီးချိန်တွင် ပျားရည်ကဲ့သို့ချိုမြိန်သော ဇီးသီးများသည် တောင်များနှင့်လယ်ကွင်းများထဲ၌ ကိုယ့်ဘာသာရှာဖွေစားသောက်ရသော ဆင်းရဲသားကလေးများအတွက် အဓိကအစားအစာသာဖြစ်လေသည်။

တစ်လုံးခူးပြီးနောက် ကျန်းကျူးအာသည် စိတ်အားထက်သန်စွာဖြင့် ပါးစပ်ထဲသို့ပစ်ထည့်လိုက်၏။သူမမှတ်မိနေသည့်အတိုင်း အလွန်ချိုမြိန်လှပေသည်။ဟေးနျိုရွာရှိဇီးသီးများသည် နှင်းဒဏ်ကြောင့် ပျက်စီးကုန်ပြီဖြစ်သော်လည်း ကျိုးကျားရွာမှဇီးသီးများမှာမူ အကောင်းအတိုင်းရှိနေသေး၏။

သူမသည်ကျန်ရှိနေသည်များကို အင်္ကျီရင်ဘတ်ထဲအမြန်သိမ်းဆည်းလိုက်သည်။ကျန်းချွေ့အာသည် ကောင်းကင်ကို မော့ကြည့်ပြီး တိုက်တွန်းလိုက်၏။

"ကျူးအာ ခူးနေတာရပ်လိုက်တော့၊အစ်မတို့တွေအလုပ်ရှင်ဆီ ကောက်ရိုးဖျာသွားပို့ဖို့ အမြန်သွားရမယ်"

"ဟုတ်ကဲ့ပါ အစ်မရေလာပါပြီ"

ကျန်းကျူးအာသည် နောက်ထပ်နှစ်လုံးခူးပြီး ပါးစပ်ထဲထည့်လိုက်သည်။တစ်လုံးကိုကိုက်လိုက်သည်နှင့် သူမမျက်လုံးများ ပြူးကျယ်သွားရပြီး သံသယနှင့်စူးစမ်းလိုစိတ်အရိပ်အယောင်များ မျက်နှာထက်တွင်ဖြတ်သန်းသွားတော့၏။

ဘာလို့ ဒီတစ်လုံးကျမှမချိုတော့တာပါလိမ့်။

မျက်မှောင်အသာကြုံ့သွားပြီး သူမမျက်ဝန်းများထဲတွင် ဝေခွဲရခက်သောအရိပ်အ‌ယောင်တို့ပေါ်လာလေ၏။သူမ ထိုနေရာတွင်သာ နှေးတိနှေးတုံ့ဖြင့်ရပ်နေသည်ကိုမြင်သောအခါ ကျန်းချွေ့အာလှမ်း၍တိုက်တွန်းလိုက်သည်။

"ကျူးအာ မြန်မြန်လာဟ"

ကျန်းကျူးအာသည် ထိုစကားကြားသည်နှင့် ချက်ချင်းသတိဝင်လာပြီး ကမန်းကတန်းပြန်ဖြေလိုက်၏။

"လာပြီ လာပြီ"

ကျန်တဲ့ဇီးသီးတွေကတော့ ချိုပါတယ်။ငါပဲစိတ်ထင်လို့များလား။

ကျန်းကျူးအာ ရှေ့တိုးပြီးလက်တွန်းလှည်းကိုဆက်တွန်းလာခဲ့သော်လည်း လမ်းလျှောက်နေရင်းပင် သူမမျက်လုံးများရီဝေလာကာ အကြည့်များမှာဟိုဟိုဒီဒီရောက်နေပြီး ပါးပြင်တို့လည်းနီရဲလာလေ၏။

ကျန်းချွေ့အာသည် လက်တွန်းလှည်းကိုရှေ့မှတွန်းပြီး ကျိုးကျားရွာသို့ဝင်လာသည်နှင့် သေသေသပ်သပ်စီတန်းဆောက်လုပ်ထားသော အုတ်ကြွပ်မိုးအပြာ‌ရောင်အုတ်အိမ်များကို ချက်ချင်းတွေ့လိုက်ရတော့သည်။သူမ ရေရွတ်လိုက်မိ၏။

"ကျိုးကျားရွာက တစ်ကယ်အံ့သြဖို့ကောင်းတာပဲ၊ဒီလောက်အချိန်တိုအတွင်းမှာတင် ဒီအုတ်ကြွပ်မိုးအုတ်အိမ်တွေဆောက်နိုင်သွားတယ်"

ကျန်းချွေ့အာသည် ဘေးမှဖြတ်သွားသော ကျိုးရှီကိုလှမ်းခေါ်၍မေးလိုက်သည်။

"အဒေါ်‌ရေ ရှန်းမင်အိမ်ကိုဘယ်လိုသွားရမလဲဆိုတာ ပြောပြပေးလို့ရမလား"

ကျိုးရှီသည် ညီအစ်မနှစ်ယောက်၏လက်တွန်းလှည်းပေါ်တွင် တင်ထားသော ကောက်ရိုးဖျာများကို တစ်ချက်ကြည့်လိုက်ပြီး

"ရှန်းမင်အိမ်ကို ကောက်ရိုးဖျာလာပို့တာလား၊သူက အခုအိမ်မှာမရှိဘူး၊သူ့ဆေးပင်စိုက်ခင်းဆီကို တန်းသွားလိုက်လေ"

ထိုသို့ပြောရင်း ကျိုးရှီသည်ညီအစ်မနှစ်ယောက်အား လမ်းညွှန်ပေးလိုက်၏။မကြာမီမှာပင် ကျန်းချွေ့အာနှင့်သူ့ညီမတို့သည် ကျိုးရှီညွှန်ပြသောလမ်းအတိုင်း‌လျှောက်လာရင်း ရှန်းမင်၏ဆေးပင်စိုက်ခင်းကို ရှာတွေ့သွားကြသည်။

"တဆိတ်‌လောက်ပါ အလုပ်ရှင်ရှန်းမင်ရှိပါသလား၊ကျွန်မတို့ကောက်ရိုးဖျာ လာပို့တာပါ"

ကျန်းချွေ့အာသည် လယ်ကန်သင်းပေါ်မှနေ ဆေးပင်စိုက်ခင်းဆီသို့လှမ်းအော်ပြောလိုက်သည်။

ရှန်းမိသားစုစိုက်ခင်းထဲတွင် လူများစွာရှိနေပြီး အခြားသူများ၏အငှားအလုပ်သမားများထက်ပိုများကာ မျက်နှာစိမ်းများလည်း ပါဝင်နေသဖြင့် ကျန်းချွေ့အာသည် ရှန်းမင်ကို လုံးဝမမှတ်မိနိုင်ဖြစ်သွားရ၏။

သူမအသံကိုကြားသောအခါ ရှန်းမင်သည်ကိုယ်ကိုမတ်လိုက်ပြီးလှည့်ကြည့်ကာ သူတို့ထံလျှောက်လာရင်းမေးလိုက်သည်။

"ကျွန်တော်ပါ ကောက်ရိုးဖျာဘယ်နှစ်မီတာရက်ခဲ့ကြလဲ"

အလျားနှင့်အနံတစ်မီတာရှိသော ကောက်ရိုးဖျာတစ်ချပ်လျှင် တစ်ပြားရပြီး ပုံမှန်ကောက်ရိုးဖျာတစ်ချပ်သည် ခြောက်မီတာရှည်လျားသည်။

"မီတာသုံးဆယ်ပါ၊ကျွန်မနဲ့ကျွန်မညီမက တစ်ယောက်ကို ကောက်ရိုးဖျာမီတာသုံးဆယ်စီရက်ခဲ့ကြပါတယ်"

ကျန်းချွေ့အာမှာရှင်းပြပြီးနောက် ရှန်းမင်စစ်ဆေးနိုင်ရန် လက်တွန်းလှည်းပေါ်မှ ကြိုးကိုဖြည်ပြလိုက်သည်။

ကျန်းကျူးအာသည် ရှန်းမင်၏ပြတ်သားသောမျက်နှာထား၊ဓားသွားကဲ့သို့ မျက်ခုံးများ၊နှာတံမြင့်မြင့်နှင့်အနည်းငယ်စေ့ထားသော နှုတ်ခမ်းပါးတို့ကိုစိုက်ကြည့်နေမိ၏။ဤလူသည် ချောမောပြီးယောင်္ကျားပီသလှပေသည်။

သူမသည် ရှန်းမင်ထံသို့လက်လှမ်းလိုက်ပြီး လှုပ်ရှားမှုများမှာလည်း အလျင်စလိုဖြင့် ခြေမကိုင်မိလက်မကိုင်မိသလိုဖြစ်နေကာ ပြောလာ၏။

"ရှင်ကသိပ်ချောတာပဲ"

သူမအသံတွင် ညုတုတုဟန်တို့ပါနေပြီးထိန်းချုပ်မထားနိုင်သော စိတ်လှုပ်ရှားမှုများနှင့်ရောယှက်နေလေသည်။

ရှန်းမင်သည် ကောက်ရိုးဖျာများအားစစ်ဆေးနေစဉ် ကျန်းကျူးအာလက်မှ သူ့အားလာထိတော့မည်ကို ရုတ်ချည်းခံစားလိုက်ရ၏။သူမျက်မှောင်ကြုံ့လိုက်မိပြီး နောက်သို့ခြေလှမ်းကျဲကြီးဖြင့်ပြန်ဆုတ်ကာ မျက်နှာထက်တွင်လည်း ရွံရှာဟန်အပြည့်ပေါ်လာတော့သည်။

ကျန်းကျူးအာသည် ပစ်မှတ်လွဲသွား၍ ရှေ့သို့အနည်းငယ် ယိုင်ကျသွားခဲ့၏။လက်တွန်းလှည်းပေါ်တွင် ကောက်ရိုးဖျာများသာမရှိခဲ့လျှင် ကျိန်းသေသူမလဲကျသွားပေလိမ့်မည်။

ကျန်းချွေ့အာသည် ကျန်းကျူးအာ၏ပုံမှန်မဟုတ်သောအပြုအမူကို သတိပြုမိသွားပြီး မျက်မှောင်ကြုံ့ကာဆူလိုက်သည်။

"ညီမလေး ဘာ‌တွေလုပ်နေတာလဲ"

ဤသူမှာ သူတို့အလုပ်ရှင်ရှန်းမင်ဖြစ်သည်။အကယ်၍ သူ့ကိုဒေါသထွက်အောင်လုပ်မိပါက သူတို့ကြိုးကြိုးစားစားသယ်လာသော ကောက်ရိုးဖျာများကို သူလိုချင်တော့မည်မဟုတ်ပေ။သို့သော် ကျန်းကျူးအာသည် သူမပြောသည်ကို လုံးဝနားထောင်ပုံမရဘဲ ရှန်းမင်ထံသို့သာ ထပ်တိုးကပ်သွားပြီး သူမမျက်လုံးများထဲတွင်လည်း ရည်မှန်းချက်အောင်မြင်လိုသည့်ခိုင်မာသောဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။

ရှန်းမင်သည် ရွံရှာဟန်ဖြင့်နောက်ဆုတ်လိုက်ပြီး လေသံမာမာသုံးကာပြောလိုက်သည်။

"ငါ့နားကပ်မလာနဲ့"

ကျန်းကျူးအာသည် ရှန်းမင်တစ်ကိုယ်လုံးကို ဝါးမျိုပစ်ချင်သကဲ့သို့တပ်မက်သည့်မျက်လုံးများဖြင့်ကြည့်နေရာ ရှန်းမင်မှာတော့ ပျို့အန်ချင်သလိုခံစားလိုက်ရသည်။

ထိုအချိန်တွင်မှ ကျန်းချွေ့အာလည်း ကျန်းကျူးအာမှာ တစ်ခုခုမှားယွင်းနေသည်ကိုသတိပြုမိသွားတော့၏။သူမအသက်ရှူသံများမှာ မြန်ဆန်နေပြီးပါးပြင်များလည်း နီရဲနေခဲ့သည်။

သူမလက်လှမ်း၍ ကျန်းကျူးအာနဖူးကို စမ်းကြည့်လိုက်ရာ လန့်ဖြပ်သွားရ၏။

"ဘုရားရေ ဘာလို့ဒီလောက်ပူနေရတာလဲ"

သူမသည် ကျန်းကျူးအာမျက်နှာနှင့်လက်ကိုထပ်စမ်းကြည့်ရာ ပူကျစ်နေသည်ကိုတွေ့လိုက်ရ၏။သူမ ရှန်းမင်ထံ အလျင်အမြန်တောင်းပန်လိုက်သည်။

"အလုပ်ရှင်ရှန်း တောင်းပန်ပါတယ်နော်၊ညီမလေးက တမင်လုပ်နေတာမဟုတ်ပါဘူး၊သူဖျားပြီး ကယောင်ကတမ်းတွေဖြစ်နေတာထင်ပါတယ်၊အဲဒါကြောင့် ခုနက ရှင့်အပေါ် မလျော်မကန်ပြုမူမိတာပါ"

ရှန်းမင်သည် ကျန်းကျူးအာမှသူ့အားမထိမိသည့်အတွက် သူတို့နှင့်ဖက်ပြိုင်ငြင်းခုံလိုစိတ်မရှိပေ။သူသည် ကောက်ရိုးဖျာတင်ထားသောလှည်းနှစ်စီးကို တစ်ချက်ကြည့်လိုက်ပြီး ပြဿနာမရှိသည်ကို တွေ့ရသဖြင့် ပိုက်ဆံရှင်းပေးလိုက်သည်။ကျန်းချွေ့အာသည် ပိုက်ဆံရပြီးနောက် အကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုလိုက်သော်လည်း ကျန်းကျူးအာပါးပြင်များမှာတော့ နီရဲနေဆဲဖြစ်ကာမျက်လုံးများသည်လည်း ရှန်းမင်ထံမှမခွာနိုင်ဖြစ်နေတော့၏။သူမသည် ရှန်းမင်ထံသို့ လက်လှမ်းလိုက်ပြန်သည်။

"ဟေး ဘာလုပ်နေတာလဲ"

အသံချိုချိုလေးတစ်သံမှာ ရုတ်ချည်းထွက်လာလေသည်။ကျိုးထောင်ဟွားသည် ကျန်းကျူးအာလက်ကိုပုတ်ထုတ်လိုက်၏။

"သူစိမ်းယောင်္ကျားသားတွေကို လက်လွတ်စပယ်လိုက်မထိနဲ့၊တစ်ဖက်လူ ဒုက္ခရောက်သွားနိုင်တယ်"

ကျိုးထောင်ဟွား သတိပေးလိုက်သည်။ကျန်းကျူးအာအကြည့်များမှာ ရက်စက်ကြမ်းကြုတ်နေ၏။သူမမှာ ရှန်းမင်ကိုထိမိလုနီးပါးဖြစ်ခဲ့သည်လေ။

ထို့နောက် ကျိုးထောင်ဟွားမှာ ရှန်းမင်ထံသတိပေးလိုက်၏။

"အစ်ကိုရှန်းမင် သူ့ကိုထိခွင့်မပေးနဲ့နော်"

ထိုသို့ပြောလိုက်ရာ ရှန်းမင်ရင်ခုန်သံတို့သည် အလိုလိုခုန်ပေါက်သွားခဲ့တော့သည်။

သူ့မျက်ဝန်းအိမ်များမှာ အံ့ဩမှုကြောင့်ဖြည်းဖြည်းချင်းပြူးကျယ်လာပြီး ကျိုးထောင်ဟွားအတွေးများကို ဖောက်ထွင်းမြင်နိုင်ရန်ကြိုးစားမိလိုက်၏။သူမကလည်း သူ့ကိုသဘောကျနေတာများလား။

All Chapters