← Chapters

အခန်း (၁၁၂)

Vol. 12 Ch. 112

အခန်း (၁၁၂)

Vol. 12 Ch. 112

ကျင်းချန် နောက်သို့ ဆုတ်လိုက်သည်။

အခြားသော တရားဝင်အသင်းသားသုံးဦးနှင့် အရန်လူငါးဦးတို့မှာ မျက်နှာများဝင်းပသွားကြပြီး၊ သူတို့ မျက်လုံးများသည် လဲ့ကျယ်နှင့် ကျင်းချန်တို့ကြားတွင် ခေါက်တုံ့ခေါက်ပြန်ရွေ့လျားသွားကြသည်။

လဲ့ကျယ်သည် သူတို့၏ထူးဆန်းသော အကြည့်များကိုသတိပြုမိလိုက်ရာ၊ လူတိုင်းသည် လေ့ကျင့်ရေးအပေါ် အာရုံစိုက်နေကြပြီး မည်သူမျှ ပုံရိပ်ယောင်ကို ကြည့်ရှုကာ အချိန်ဖြုန်းမနေကြကြောင်းသိလိုက်ရသည်။

"ငါတို့ငါးယောက်နဲ့ အရန်အသင်းကို ကျော်တက်နိုင်အောင် တပည့်တွေကို တွန်းအားပေးတဲ့အနေနဲ့၊ ဂိုဏ်းက အထပ် ၃၀ နဲ့ ၄၀ ကြားမှာ စိန်ခေါ်ပွဲတွေကို ယာယီဖွင့်ပေးထားတယ်ဆိုတာ မင်းတို့ ကြားပြီးသားဖြစ်မှာပါ”

"ရွှေရောင်အမြုတေအဆင့်အောက် မည်သူမဆို တက်ကြွစွာပါဝင်ယှဉ်ပြိုင်နိုင်တယ်၊ တစ်ဦးချင်းကနေ ငါးယောက်တွဲ စိန်ခေါ်ပွဲတွေအထိ ပါတယ်”

"ငါ သိတယ်”

မျိုးစေ့အိတ်တစ်လုံးကိုလွယ်ထားပြီး တံငါသည် ဝတ်စုံကို သိမ်မွေ့စွာ ဝတ်ဆင်ထားသော တောက်ဟယ်သည် စကားပြောနေရင်း အခွံချွတ် ထားသော ဂျုံစေ့တစ်စေ့ကိုပါးစပ်ထဲသို့ ပစ်ထည့်ကာ ဝါးလိုက်ရာ၊ သူ့ ငါးမျှားတံသည် အလျားဆယ်ကျန့်ခန့်အထိ ပြောင်းလဲရှည်ထွက် သွားသည်။

"ဘာထူးလို့လဲ? ခေါင်းဆောင်ကျင်းချန်နဲ့ ပတ်သက်နေတာလား?"

တောက်ဟယ်၏ ရိုးသားပုံပေါက်သော မျက်လုံးများက လက်ခနဲဖြစ်သွားသည်။ သူသည် အထပ် ၃၁ မှ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အခြေခံအဆင့် အထွတ်အထိပ်သို့ရောက်ရှိနေသူဖြစ်သည်။

သူမွေးရာပါပါရမီမှာ 'ဘယ်တော့မှ မလွဲသော ငါးမျှားတံ' ဖြစ်ပြီး၊ ၎င်းသည် ပြိုင်ဘက်လက်များ၊ ခန္ဓာကိုယ် သို့မဟုတ် သိုလှောင်အိတ်ထဲမှ မည်သည့်အရာကိုမဆို မျှားယူနိုင်စွမ်းရှိသည်။ အသင်းဖော်များနှင့်သာဆိုလျှင် သူသည် ပြိုင်ဘက်များကိုအကောင်လိုက်ပင် ဖမ်းယူနိုင်သေး သည်။

တောက်ဟယ်သည် အသင်းထဲတွင် အစွမ်းထက်ဆုံး ပံ့ပိုးသူဖြစ်သည်။

သို့သော် သူ့ ငါးမျှားတံကို ရှည်ထွက်စေရန်အတွက် သူ ဆန်ကိုအဆက်မပြတ်စားသုံးနေရသည်။

ဤအရာသည် မဟာဝိညာဉ်လမ်းစဉ်ဆယ်ခုအနက် ဝိညာဉ်စိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်ပြီး တံငါသည်လမ်းစဉ်ဖြစ်သည်။

ပိုးမွေးမြူရေးနည်းတူ ၎င်းသည်လည်း စိုက်ပျိုးရေးတစ်မျိုးပင်။

ဤအချိန်တွင် တောက်ဟယ်သည် ဒုတိယခေါင်းဆောင်လဲ့ကျယ် စကားများကို စူးစမ်းလိုစိတ်ဖြင့် နားထောင်နေသည်။ သူသည် သူ့အိတ်ထဲမှ ဆန်စေ့တစ်ဒါဇင်ကျော်ကိုမျိုချလိုက်ရာ သူ့ ငါးမျှားတံသည် လေထဲပိုမိုရှည်ထွက်လာသည်။ ထို့နောက် သူသည် လေ့ကျင့်ရေးကွင်းအောက်ရှိ 'ဖျော်ဖြေရေးပစ္စည်းများ' သိုလှောင်ရာနေရာသို့ လျင်မြန်စွာလှမ်းယူလိုက်ပြီး တရားဝင်အသင်းသား ငါးဦးနှင့် အရန်လူငါးဦးတို့အတွက် 'ဖျော်ဖြေရေးပစ္စည်း' သိုလှောင်အိတ်များကိုဆွဲတင်လိုက်သည်!

သူသည် လူတစ်ဦးစီ၏လက်ထဲသို့ သိုလှောင်အိတ်များကို တိကျစွာထည့်ပေးလိုက်သည်။

"ပုံရိပ်ယောင်ကို ငါ ကြည့်ကြည့်လိုက်ဦးမယ်၊ ဒုတိယခေါင်းဆောင် လဲ့ကျယ်ကို ဘာကများ ဒီလောက်တောင် အာရုံလွင့်စေတာလဲလို့”

"ဘာလဲကွာ? ကျင့်ကြံမှုရော ပါရမီရော ငါတို့အောက် နိမ့်နေတဲ့ တပည့်တွေအကြောင်းက ဘာများစိတ်ဝင်စားစရာရှိလို့လဲ?"

လျန်ဟော့ကျီသည် မထီမဲ့မြင်ပြုံးလိုက်ပြီး သူ့ အနီရောင်ဆံနွယ်များမှာ မောက်မာစွာဖြင့် လွင့်ပျံနေသည်။

သူသည် ကျင်းချန်၏ဝိညာဉ်လက်မှုပညာသည် မိသားစု၏လက်အောက်ခံဖြစ်သော လျန်ဟော့မိသားစုမှဆင်းသက်လာသူဖြစ်သည်။

သို့သော် သူသည် ကျင်းချန်နောက်လိုက်တစ်ဦးဖြစ်ပြီး၊ စိန်ခေါ်ပွဲစင်မြင့်တွင် ကျင်းချန်အတွက် မီးကိ‌ေထောက်ပံ့ပေးရသူဖြစ်သည်။

"ဒုတိယခေါင်းဆောငလဲ့ကျယ်... ငါ မင်းကို ဒုတိယခေါင်းဆောင်လို့ခေါ်နေတာက တော်တော်လေးယဉ်ကျေးမှုရှိနေလို့နော်၊ ငါတို့ရဲ့ လေ့ကျင့်မှုကို လာမနှောင့်ယှက်နဲ့”

"ခေါင်းဆောင်ကျင်းချန် လေ့ကျင့်ရေးတာဝန်တွေ ချပေးထားတာတောင်၊ မင်း အမြဲတမ်း ပျင်းရိပြီး နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ်၊ တကယ်လို့ ငါတို့ မဟာဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ရှုံးသွားရင်၊ ဒုတိယခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်း တာဝန်ယူနိုင်မလား?"

လျန်ဟော့ကျီသည် လဲ့ကျယ်ကို မျက်နှာသာ လုံးဝမပေးဘဲပြောဆိုလိုက်သည်။

လဲ့ကျယ်ကမူ သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်။

"ရှုံးနိမ့်ဖူးတဲ့ ပြိုင်ဘက်ကောင်... ငါ မင်းကို စကားပြောနေလို့လား?"

လျန်ဟော့ကျီ : "???"

"မင်းမှာ အသင်းလိုက်စိတ်ဓာတ်ဆိုတာ ရှိရောရှိရဲ့လား?"

"မရှိဘူး၊ ငါ လဲ့ကျယ်က ငါ့ကို အနိုင်ယူနိုင်တဲ့သူတွေကိုပဲ လေးစားတယ်”

လဲ့ကျယ်သည် အသင်းလိုက်စိတ်ဓာတ်ကို လုံးဝ ဂရုမစိုက်ပေ။

"ငါ အသင်းထဲမှာ ရှိနေတာက ငါ့ရဲ့ ကိုယ်ပိုင် အကန့်အသတ်တွေကို ကျော်ဖြတ်ဖို့ပဲ”

"မဟာဝိညာဉ်လမ်းစဉ်ပြိုင်ပွဲကို သွားတာကလည်း ပိုသန်မာတဲ့ ပြိုင်ဘက်တွေကိုရှာဖွေဖို့ပဲ”

"တကယ်လို့ မင်းက သုံးမရဘဲ မဟာဝိညာဉ်လမ်းစဉ်နောက်ဆုံးပွဲစဉ်မှာ ငါ့ရဲ့ အခွင့်အရေးတွေကို ထိခိုက်စေမယ်ဆိုရင်..."

လဲ့ကျယ် လျန်ဟော့ကျီကို ကြည့်လိုက်သည်။

"ငါ မင်းကို လူစားလဲပစ်မယ်”

"မင်း...!"

လျန်ဟော့ကျီက ချက်ချင်းလက်သီးကို ဆုပ်လိုက်ရာ၊ သုံးကျန့်ခန့်ရှိသော မီးစက်ဝိုင်းတစ်ခုက လဲ့ကျယ်ကိ်ဝိုင်းရံလိုက်သည်။

"ကဲပါ၊ အချင်းချင်း ရန်ဖြစ်နေတာ ရပ်ကြပါတော့”

မူချင်းချူး လက်မှိုင်ချကာ သူ့ ပညာရှိဝတ်ရုံလက်ကိုမြှောက်လိုက်ရာ၊ အစိမ်းရောင်အလင်းတန်းများသည် သူ့ လက်ချောင်းထိပ်များမှ လျှံကျလာပြီး သံပေါက်ပြားအသွင်သို့ပြောင်းလဲသွားသည်။

"ရှင်းလင်းစမ်း!"

တစ်ခဏချင်းမှာပင် စင်မြင့်ပေါ်ရှိမီးတောက်များသည် မြေသားနံရံကြောင့် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။

"ငြင်းခုံနေမယ့်အစား ပုံရိပ်ယောင်ကိုကြည့်လိုက်တာ ဘာမှမဖြစ်ပါဘူး”

"သုံးယောက်နဲ့ နှစ်ယောက်မို့၊ ညီလေးကျင်းချန်... ငါတို့ ပုံရိပ်ယောင်ကို ခဏလောက်ကြည့်ရအောင်၊ ငါ့ကို လဲ့ကျယ်လည်း မနက်ခင်းလုံး အနှောင့်အယှက်ပေးပြီး လေ့ကျင့်ရေးမှာအာရုံစိုက်လို့ မရအောင်ဖြစ်နေတဲ့ ပြဿနာကိုအဖြေရှာချင်လို့ပါ”

လဲ့ကျယ်သည် မူချင်းချူး၊ တောက်ဟယ်တို့နှင့်အတူ ရပ်လိုက်ပြီး ဆန့်ကျင်ဘက်ရှိ ကျင်းချန်နှင့် လျန်ဟော့ကျီတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။

ကျင်းချန်၏မောက်မာပြီး ချောမောသောနှုတ်ခမ်းများ အနည်းငယ်တွန့်သွားရသည်။

ထို့နောက် သူသည် တည်ငြိမ်သောအပြုံးကို အတင်းလုပ်ယူလိုက်ပြီး...

"ကောင်းပြီလေ”

သောက်ကျိုးနည်း လဲ့ကျယ်!

သူ့စိတ်ကတကယ့်ကို ခေါင်းမာလွန်းသည်။ သူ အမိန့်တွေကို ဘယ်တော့မှနားမထောင်ပေ။

လေ့ကျင့်တိုင်းတွင် သူသည် အခွင့်အရေးယူကာ သူ့ကို တိုက်ခိုက်ရန်၊ တိုက်ပွဲခေါ်ရန် ကြိုးစားလေ့ရှိသည်။

သူနှင့် သူ့အသင်းသားနှစ်ဦးသည် သူ့ကို အမြဲတမ်း ဗြောင်ကျကျဆန့်ကျင်နေကြသည်။ ၎င်းတို့သည် သူတင်ပါးဖြင့်လဲကျခဲ့သည့် ပုံစံကိုပင် တမင်သက်သက်တုပလုပ်ဆောင်ကြသေးသည်။

ကျင်းချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဒေါသကို ဖိနှိပ်လိုက်ကာ၊ အငြိုးအတေးမထားလိုသော သဘောထားကြီးသည့် ခေါင်းဆောင်တစ်ဦးအသွင်အပြင်ကို ဟန်ဆောင်လိုက်သည်။

သူသည် ပြုံးလိုက်ပြီး သူ့ ပုံရိပ်ယောင်ကျောက်တုံးကိုဖွင့်ကာ လေထဲသို့ ပစ်တင်လိုက်သည်။

"ဒါဆို လူတိုင်းပဲ... ငါ့ရဲ့ ကိုယ်ပိုင် ပုံရိပ်ယောင်ကျောက်တုံးကနေကြည့်ကြတာပေါ့၊ ငါ ရုပ်ထွက်အစစ်ကို ပြပေးမယ်”

သေချာသည်မှာ ကျင်းချန် ဟန်ဆောင်ရာတွင် အကောင်းဆုံး ဖြစ်နေဆဲပင်။

ကျင်းချန်သည် မကြာသေးမီက ပုံရိပ်ယောင်ကို သိပ်မကြည့်ဖြစ်ကြောင်း သိသာနေသည်။

သူသည် တကယ့်ကို ဇိမ်ကျကျကိုယ်တိုင်ပါဝင်ခံစားနိုင်သော အတွေ့အကြုံမျိုးကိုအသုံးပြုခဲလှသည်။

သို့သော် သူ ဟန်ဆောင်လိုက်သည်။

သူသည် ဈေးအကြီးဆုံးကိုသာ အမြဲရွေးချယ်တတ်သည်။

"ဒါကြောင့်မို့လို့ မင်းက အမြဲတမ်းဘေလ်ပေးဖို့နောက်ကျပြီး၊ ဒီလ မင်းရဲ့ အကြွေးကန့်သတ်ချက် အပိတ်ခံထားရတာလား ညီလေးကျင်း ? မင်းကိုယ် မင်း အရမ်းအတင်းအကျပ်မလုပ်ပါနဲ့ကွာ”

လဲ့ကျယ် တဟီးဟီး ရယ်မောလိုက်သည်။

"..."

ကျင်းချန်ကမူ ခံစားချက်မပါသော မျက်နှာထားဖြင့်သာနေလိုက်သည်။

"မင်း... ကြည့်... ချင်... လား?"

လဲ့ကျယ် ရယ်မောလိုက်ပြီး အနားသို့ တိုးကပ်သွားသည်။

အခြားသူများလည်း ချဉ်းကပ်လာကြသည်။

ချက်ချင်းဆိုသလိုပင် သူတို့သည် ပုံရိပ်ယောင်ကျောက်တုံး၏အလင်းရောင်လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး၊ သူတို့၏ ဝိညာဉ်အာရုံများသည် ခန္ဓာကိုယ်မှ တဖြည်းဖြည်းထွက်ခွာသွားကြသည်။

သူတို့ ရုပ်ခန္ဓာများသာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး ကာကွယ်ရေးအစီအရင်များသည် သူတို့ဘေးပတ်လည်တွင် လင်းလက်လာသည်။

သူတို့ဝိညာဉ်အာရုံများသည် ခန္ဓာကိုယ်မှ အောင်မြင်စွာခွဲထွက်သွားပြီး လက်ရှိယှဉ်ပြိုင်နေကြသော မည်သည့် တိုက်ပွဲစင်မြင့်ဆီမဆို လွင့်မျောသွားနိုင်ပြီဖြစ်သည်။

"တစ်ခုလောက်ပဲ ရွေးကြည့်မလား?"

"အထပ် ၄၀ က တစ်ခုခုကို ရွေးမလား? လဲ့ကျယ်... အထပ် ၄၀ မှာ မင်းကလွဲရင် ဘယ်သူ အသန်မာဆုံးလဲ၊ ကွမ်းကျုံးလား?"

"မဟုတ်ဘူး”

"ဟိုတစ်ယောက်ကို ရွေးလိုက်... စု ဘာဆိုလား”

လဲ့ကျယ် သူ့ နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"ဟေး... နေပါဦး၊ ငါ စဉ်းစားကြည့်မယ်၊ သူက ငါ့ညီလေးနဲ့တစ်ထပ်တည်းပဲ”

"အထပ် ၃၀ က ဂျူနီယာညီမလေးလေ”

"စုရီ... အား... စုဆန်း...?"

လဲ့ကျယ်သည် မှတ်မိအောင် မစဉ်းစားနိုင်သဖြင့် လက်တစ်ဖက်ဖြင့် ခေါင်းကို ဖိနှိပ်လိုက်သည်။

"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်... ကိုး”

တံငါသည် တောက်ဟယ်က သူ့ကို အမြန်သတိပေးလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ စုကျို!"

လဲ့ကျယ် လက်ဖျစ်တီးလိုက်သည်။

ကျင်းချန် မှင်သက်သွားသည်။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ့ ညာဘက်မျက်ခွံလှုပ်ခတ်သွားသည်။

မကောင်းသောနိမိတ်တစ်ခုက သူ့အပေါ်လွှမ်းမိုးသွားသည်။

သူ့ကို ဆန့်ကျင်ပြီး ကျင်းမိသားစုတပည့်ခံစားခွင့် ၁၀ စုံကို ခိုးယူသွားသည့် အထပ် ၃၀ မှ စုကျို ဆိုသူလား?

သူမသည် ပထမထပ်မှ အထပ် ၃၀ သို့ တစ်လအတွင်း တက်ရောက်နိုင်ခဲ့သူဖြစ်သည်။

သူ့အား ပိုးစာရွက်စာတိုများပို့ပြီး အကြွေးပြန်ဆပ်ရန်တောင်းဆိုခဲ့သည့် အမျိုးသမီးကျင့်ကြံသူဆိုတာလား?

ကျင်းချန် ညာဘက်မျက်လုံးမှာ ပြင်းထန်စွာလှုပ်ခါနေသည်။

ရိုးရိုးသားသားပြောရလျှင် ကျင်းချန် အထပ် ၃၅ သို့ ရောက်ရှိချိန်၌ ပထမထပ်မှ စုကျိုအမည်ရှိသော အမျိုးသမီးကျင့်ကြံသူအကြောင်းကို မေ့ပျောက်နေပြီဖြစ်သည်။

သူ ကျင်းချန်တွင် လမ်းခရီးတစ်လျှောက်လုံး နောက်လိုက်များနှင့် ထောက်ခံသူများအလွန်များပြားလွန်းသည်။

ကျင်းချန်ကို လေးစားအားကျသူ သို့မဟုတ် ကိုးကွယ်သူ မည်သူမဆို သူ့ကို ငွေကြေးအကူအညီအချို့၊ အကျိုးခံစားခွင့်အချို့ သို့မဟုတ် အဆင်ပြေမှုအချို့ပေးတတ်ကြသည်...

သူ လူအများကြီးကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မှတ်မိနိုင်ပါ့မလဲ?

ပထမထပ်မှ စုကျိုနှင့် ပတ်သက်သော ကျင်းချန်၏မှတ်ဉာဏ်မှာ လုံးဝဝေဝါးနေသည်။

သူမ မကြာသေးမီက အထပ် ၃၀ သို့ ရောက်လာချိန်အထိပင်...

ယခု လဲ့ကျယ် စုကျိုအမည်ကု ထုတ်ပြောလိုက်သောအခါ ကျင်းချန်သည် စိတ်မသန့်သလိုခံစားလိုက်ရသည်။

ကြောက်စရာကောင်းသော ကိစ္စတစ်ခုခုဖြစ်ပျက်တော့မည့်ပုံပေါ်သည်။

ကျင်းချန် နောင်တရသွားပြီး အခြားသူများကို ပုံရိပ်ယောင်မကြည့်ရန် တားမြစ်ကာ လေ့ကျင့်မှုကို ဆက်လုပ်ချင်သော်လည်း အချိန်နှောင်း သွားခဲ့ပြီ ဖြစ်သည်။ သူနှင့်လဲ့ကျယ်တို့ ပါဝင်သော အခြေခံအဆင့် အထွတ်အထိပ်လေးယောက်တွဲအသင်းသည် နှစ်ဦးတွဲတိုက်ပွဲစင်မြင့်၏ ပရိသတ်နေရာတွင် ရောက်ရှိနေပြီဖြစ်သည်!

၎င်းတို့ပေါ်လာသည်နှင့် တိုက်ပွဲစင်မြင့်၏ ဒိုင်လူကြီးချုပ်နှင့် ပရိသတ်ခုံရှိ ကွမ်းကျုံးတို့ပင် မှင်သက်သွားကြသည်။

ပုံရိပ်ယောင်ကို ကြည့်ရှုနေကြသော အခဝိညာဉ်ပိုးဖလံဂေဟာ တပည့်များသည်လည်း ချက်ချင်းအုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်!

【၄၀ : ခေါင်းဆောင် လဲ့ကျယ်!】

【၃၈ : ခေါင်းဆောင်လျန်ဟော့၊ ငါတို့အထပ်ကပဲ!】

【၃၁ : ဝိုး၊ ငါတို့ရဲ့ တံငါသည်လမ်းစဉ် အသန်မာဆုံးခေါင်းဆောင်လည်း ဒီမှာပါလား! ဒီပုံရိပ်ယောင်ကိုဝယ်ရတာ တန်ပြီဟေ့၊ ငါ့ရဲ့ တောက်ဟယ်က အရမ်းချောတာပဲ!】

【၃၅ : ခေါင်းဆောင်ကျင်း... ဟူး။】

【၃၈ : ကျင်းချန်က ဒီမှာလား...? ဘုရားရေ။】

【၃၇ : ကြောက်စရာကောင်းလိုက်တာ၊ သူက စောစောလည်းမလာ နောက်ကျမှလည်းမလာဘဲ... အမြွှာညီအစ်မတွေရဲ့ တိုက်စစ်အရှိန် အမြင့်ဆုံးဖြစ်နေတဲ့အချိန်မှ ကွက်တိရောက်လာရတယ်လို့...】

ကျင်းချန်ဝိညာဉ်အာရုံသည် စိန်ခေါ်ပွဲစင်မြင့်ရှိ 'စစ်မှန်သော ခံစားမှု' ထိုင်ခုံများတွင် ပေါ့ပါးလွတ်လပ်ပြီး မောက်မာသော လူငယ်တစ်ဦး၏ ပုံရိပ်ကို ယူဆောင်လိုက်ပြီး၊ သူ့ ပုံမှန်အေးဆေးတည်ငြိမ်သောပုံစံဖြင့် ဝင်ထိုင်လိုက်သည်။

သို့သော် တစ်ခဏအကြာတွင် တစ်ခုခုမှားယွင်းနေကြောင်း သူ အာရုံခံမိလိုက်သည်။

သူ့ဘေးရှိ အထပ် ၄၀ မှ ကွမ်းကျုံးသည် သူ့ကို အလွန်သိမ်မွေ့နက်နဲသော အမူအရာဖြင့်ကြည့်နေလေသည်။

ထို့အပြင် ငွေပေးချေထားသည့် 'မှတ်ချက်' အများအပြားကလည်း သူ့ထံသို့ တရစပ်ဝင်ရောက်လာနေသည်။

【၃၅ : ခေါင်းဆောင်ကျင်း၊ ပြေးတော့!】

【၄၀ : ယောကျာ်းချင်းမို့ ငါ မေးခွန်းတစ်ခုပဲ မေးမယ်၊ ညီလေးကျင်း... မင်းရဲ့ဟိုဒင်းက ကြီးလား?】

【၃၉ : တကယ်လို့ သေးတယ်ဆိုရင်တော့ ချက်ချင်းပြေးဖို့ အကြံပေးချင်တယ်။】

【၃၅ : ခေါင်းဆောင်ကျင်းရဲ့ ဟိုဒင်းက သေချာပေါက်ကြီးမှာပါ။】

【၃၇ : စိတ်မပူပါနဲ့၊ အမှန်တရားက မကြာခင်ပေါ်လာတော့မှာပါ။】

ကျင်းချန် : "???"

'စစ်မှန်သော ခံစားမှု' ထိုင်ခုံများသို့ ယခုလေးတင် ဝင်ရောက်လာကြသော အခြေခံအဆင့် အထွတ်အထိပ်အသင်းမှ အခြားအဖွဲ့ဝင် လေးဦးမှာလည်း လုံးဝဇဝေဇဝါဖြစ်နေကြသည်။

သို့သော် သူတို့သည် စင်မြင့်ထက်သို့မော့ကြည့်လိုက်သောအခါ အားလုံးမှင်သက်သွားကြတော့သည်။

စင်မြင့်ထက်တွင် အထပ် ၃၈ မှ နာမည်ကျော် 'ပိုးချည်မျှင် ဓားသိုင်းညီအစ်မများ' သည် ယခုအခါ တိုက်ခိုက်လိုစိတ်များပြည့်နှက်နေကြလေပြီ!

သူတို့ဓားများသည် စင်ပေါ်ရှိ 'မျက်မမြင် ကျင်းချန်' တစ်ကောင်၏ခါးနေရာသို့ ဦးတည်နေကြသည်!

၎င်းတို့ဓားချက်များကို မိုးစက်များပမာ တရစပ်ထုတ်လွှတ်လိုက်ကြသည်။

"ပိုးချည်မျှင် ရစ်ပတ်ဓား!"

"ပိုးချည်မျှင် ခွဲစိတ်ဓား!"

ကျင်းချန် : "???"

သူသည် ပရိသတ်ခုံမှ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး၊ သူ့မျက်နှာပေါ်တွင် ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေတော့သည်။

လဲ့ကျယ် အပါအဝင် သူ့ဘေးမှ အမျိုးသားလေးဦးသည် ပါးစပ်အဟောင်းသားဖြင့် စူးစိုက်ကြည့်နေမိကြသည်။

အမျိုးသားများပီပီ၊ သူတို့အားလုံးသည် သူတို့ခြေထောက်ကြားအောက်ပိုင်း၌ အေးစိမ့်သွားသလိုခံစားလိုက်ကြရသည်!

"ရပ်လိုက်! မင်းတို့ ဘာလုပ်နေကြတာလဲ!"

ကျင်းချန်မှာ ကမ္ဘာပျက်သကဲ့သို့ဖြစ်သွားရသည်။

သူသည် စင်ပေါ်တွင် သူနှင့် တစ်ပုံစံတည်းတူသော 'ကျင်းချန်' ကို တိုက်ခိုက်နေသည့် ညီအစ်မများကို ကြည့်လိုက်သည်?!

ဒါကဘာကြီးလဲ?!

ပိုဆိုးသည်မှာ သူ ယခင်က ဒါကို သတိမထားမိခဲ့ခြင်းပင်။

ယခုပြန်စဉ်းစားကြည့်မှ ဒီမနက်ပိုင်းတွင် အကြောင်းရင်းမရှိဘဲ သူ့ခြေထောက်များ အေးစိမ့်နေခဲ့သည်ကို သူ သတိထားမိလိုက်သည်။

သို့သော် ဤခံစားချက်မှာ တစ်ချက်တစ်ချက်မှ ပေါ်လာတတ်ခြင်းဖြစ်သည်။

ဒီနေ့ အိမ်ကမထွက်ခင် သူသည် လျန်ဟော့ကျီ မိုင်ပေါင်းတစ်သိန်းပတ်လည်မှ ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းပေးထားသော 'ခန္ဓာကိုယ်ထုံ ကျဉ်ဆေးလုံး' ကို အထူးတလည် သောက်သုံးခဲ့သေးသည်။

ရွှေရောင်အမြုတေအဆင့်သို့ ရောက်ခါနီးခန္ဓာကိုယ်၏နောက်ထပ် လက္ခဏာတစ်ခုဟု သူ အစပိုင်းတွင်ထင်မှတ်ခဲ့သည်။

ယခုစိန်ခေါ်ပွဲစင်မြင့်ထက်တွင် ရုပ်သေးရုပ်ဟုထင်ရသော ဤ 'ကျင်းချန်' မှာ... ဘောင်းဘီဝတ်မထားလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မလဲ!

၎င်းခြေထောက်များမှာ ဗလာကျင်းနေပြီး၊ ခါးထက်စုတ်ပြဲနေသော ကြေးသော့ခတ်အတွင်းခံဘောင်းဘီတစ်ထည်သာရှိတော့သည်!

သို့သော် သူ့ဒေါသတကြီး အော်ဟစ်သံများနှင့် မတ်တပ်ထရပ်ကာဒေါသပေါက်ကွဲမှုများသည် စင်ပေါ်မှအာရုံစိုက်နေသော အမြွှာညီအစ်မနှစ် ယောက်၏တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။

၎င်းတို့သည် သူ့အားမကြားသလို၊ မြင်လည်း မမြင်ကြပေ။

All Chapters