အခန်း (၁၁၇)
Vol. 12 Ch. 117
နတ်ပိုးကောင်ဆောင်၊ ကုသိုလ်တော်ရေပူကန်
၎င်းသည် တောင်ခါးပန်းတွင် တည်ရှိသော ပူလောင်သည့် ရေပူစမ်းတစ်ခုဖြစ်သည်။
ကန်အောက်ခြေကို ပိုးသားကဲ့သို့ တောက်ပနေသော ဒေါင်းကျောက်မျက်များဖြင့် ဖုံးအုပ်ထားလေသည်။
ပူနွေးသော ရေငွေ့များသည် အပေါ်သို့ တက်လာပြီး ပါးလွှာသော မြူခိုးများအဖြစ် ဖွဲ့စည်းကာ၊ စုကျိုဘေးပတ်လည်တွင် လှည့်ပတ်နေလေ သည်။
စုကျိုသည် ရေကန်ဘေးရှိ အုပ်ချုပ်ရေးမှုးရူယွီကို ထိတ်လန့်တကြားကြည့်လိုက်လေသည်။
“ဘာ၊ ငါ တိုင်ကြားခံလိုက်ရတယ် ဟုတ်လား ? ဘယ်သူလဲ၊ ကျင်းချန်လား”
ရူယွီ “…သူ နာကျင်လွန်းလို့ မေ့လဲသွားတယ်လို့ ပြောတယ်၊ သူ နင့်ကို တိုင်ဖို့ အချိန်မရှိပါဘူး”
စုကျို တိတ်ဆိတ်သွားလေသည်။ အဲဒီလောက်တောင် ဆိုးရွားနေတာလား။
သူ ဒီအတိုင်း မေ့လဲသွားတာတဲ့လား။
သူမသည် နှစ်ယောက်ချင်းယှဉ်ပြိုင်ကွင်းမှ ထွက်လာခါစဖြစ်ပြီး၊ မူလက သုံးယောက်ချင်းယှဉ်ပြိုင်ကွင်းသို့ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့်၊ သူမနှင့် ချန်ယွမ်တို့သည်၊ ပြိုင်ကွင်းပေါ်ရှိ [ပထမမျိုးဆက် ကျင်းချန်] နှင့်အတူ နတ်ပိုးကောင်ဆောင်၏ကုသိုလ်တော် ရေပူကန်သို့ တယ်လီပို့လုပ်ခြင်းခံလိုက်ရလေသည်။
အုပ်ချုပ်ရေးမှုးရူယွီက သူမအား နာကျင်ဖွယ်ရာ အမှန်တရားကို ပြောပြလေသည်။ သူမ တိုင်ကြားခံထားရသည်။
“စုကျို၊ အလွှာ ၄၀ အဆောက်အဦးက အုပ်ချုပ်ရေးမှုးက ငါတို့ကိုထောက်ပြလာတယ်၊ ရှင်က အဖော်အဖြစ် စွမ်းအားကြီးတဲ့ ကြယ်ငါးပွင့် နတ်ဆိုးတစ်ကောင် ရှိနေရုံသာမက၊ ပိုင်ဆိုင်ထားတာက...”
အုပ်ချုပ်ရေးမှုး ရူယွီသည် စုကျို နောက်ကျောရှိ လူတစ်ရပ်စာ [မျက်လုံးမှိတ်ထားသော ရွှေရောင်အရောင်အဝါ] ကို ကြည့်ရင်း နှုတ်ခမ်းများ တွန့်သွားလေသည်။
“ပထမမျိုးဆက် ကျင်းချန်” စုကျို ဆက်ပြောလိုက်သည်။
“သူ့နာမည်လေ”
ရူယွီ “…အတိုချုပ်ပြောရရင်၊ နှစ်ယောက်ချင်းယှဉ်ပြိုင်ကွင်းကို စောင့်ကြည့်နေတဲ့ အလွှာ ၄၀ အဆောက်အဦးက တရားသူကြီးက၊ ရှင့်ကို တစ်ယောက်ချင်းနဲ့ နှစ်ယောက်ချင်း ယှဉ်ပြိုင်ကွင်းတွေ ဝင်ရောက်ခွင့်ပိတ်ပင်ဖို့ ကျွန်မတို့ကို အကြံပြုထားတယ်”
“ပြီးတော့ ပြိုင်ကွင်းပေါ်မှာ [ပထမမျိုးဆက် ကျင်းချန်] အသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းထားဖို့ပေါ့”
ထိတ်လန့်သွားလေသည်။
စုကျိုသည် နောက်သို့ ယိမ်းလိုက်ပြီး၊ အုပ်ချုပ်ရေးမှုးကို မယုံကြည်နိုင်စွာကြည့်လိုက်လေသည်။
“စုကျို၊ ဒါ ရှင့်ရဲ့ အလားအလာကို လှုံ့ဆော်ပေးဖို့လည်းဖြစ်တယ်၊ ထိပ်သီးဆယ်ဦး နတ်လမ်းစဉ်မဟာပြိုင်ပွဲရောက်ဖို့ သုံးလပဲလိုတော့တယ်၊ ရှင်က အနည်းဆုံးတော့ အခြေတည်အဆင့်ကို တက်လှမ်းဖို့လိုတယ်”
အုပ်ချုပ်ရေးမှုး ရူယွီ ပြောလိုက်သည်။
“ဒါမှသာ ရှင်က အခြေတည်အဆင့် ပြိုင်ပွဲမှာ ပါဝင်နိုင်မှာ၊ ဒါမှမဟုတ်ရင်၊ ရှင့်မှာ [ပထမမျိုးဆက် ကျင်းချန်] ပုံစံ ကိုးခုရှိနေရင်တောင်၊ ရှင် ပါဝင်နိုင်မှာ မဟုတ်ဘူး”
“ဘာ၊ ကျွန်မမှာ ကိုးခုရှိတာ ရှင် သိတယ်လား”
စုကျို မယုံကြည်နိုင်သလိုကြည့်လိုက်သည်။
“ဒါတောင် ရှင်က ကျွန်မကို တစ်ခုတောင် သုံးခွင့်မပေးဘူးပေါ့”
“...”
အုပ်ချုပ်ရေးမှုး ရူယွီ စကားမပြောနိုင် ဖြစ်သွားလေသည်။ ချက်ချင်းဆိုသလို ပိုးစာချုပ်တစ်ခုသည် သူ့လက်ချောင်းထိပ်မှ ပျံထွက်လာပြီး စုကျိုအပေါ် ကျရောက်သွားလေသည်။
《စစ်မှန်သော ကတိစကား စာချုပ်》
[နတ်ပိုးကောင်ဆောင်၏နောက်ဆက်တွဲ ပြိုင်ကွင်းများတွင်၊ စုကျိုသည် ပထမမျိုးဆက် ကျင်းချန်ပုံစံကို အသုံးပြုခွင့် မရှိပါ။]
စုကျိုသည် အရိပ်တစ်ခုလွှမ်းခြုံထားသကဲ့သို့ နောက်သို့ မှီချလိုက်လေသည်။
သို့သော် ရူယွီသည် ချက်ချင်း သူမအားကျောက်စိမ်းပြားတစ်ခုကို ညင်သာစွာကမ်းပေးလိုက်လေသည်။
“အဲဒီထဲမှာ မဟာကျင့်ကြံသူလုကျိကျောင်းက ယွမ်သန့်စင်အဆင့်ကနေ အခြေတည်အဆင့်ကို ဘယ်လိုဖောက်ထွက်ခဲ့သလဲဆိုတဲ့ အတွေ့အကြုံတွေပါတယ်၊ စုကျို၊ မဟာကျင့်ကြံသူလုက ရှင့်ကို ဒါလုပ်ဖို့ အထူးညွှန်ကြားထားတယ်”
“ကျင့်ကြံခြင်းလမ်းကြောင်းမှာ၊ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ချထားရမယ်၊ အခြေတည်ခြင်းက အရေးအကြီးဆုံးအဆင့်ပဲ”
“အဆောက်အဦးမြင့်မြင့်က မြေကြီးကနေစပြီး မြင့်တက်တာလေ”
“အကယ်၍ အခြေတည်ခြင်းမှာ အမှားလုပ်မိရင်၊ ရွှေအမြုတေ ဖွဲ့စည်းနိုင်မယ့် မျှော်လင့်ချက်ပြတ်တောက်သွားလိမ့်မယ်”
စုကျိုသည် ကျောက်စိမ်းပြားကို ယူလိုက်ပြီး လိမ္မာစွာဖြင့် “အော်” ဟု ပြောလိုက်လေသည်။
“ဟင်”
“ငါတို့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“အမ်”
အောက်ခြေအဖွဲ့သားအားလုံးသည် ကုသိုလ်တော်ရေကန်ဘေးတွင် ပေါ်လာကြလေသည်။
မကြာမီ၊ အုပ်ချုပ်ရေးမှုး ရူယွီသည်လည်း ယင်လီနှင့် အခြားသူများကို ခံစားချက်မပါသော မျက်နှာထားဖြင့်ပြောလိုက်သည်၊
“ပြိုင်ကွင်းပေါ်မှာ၊ တရားသူကြီးခေါင်းဆောင်ဆီကနေ နင်တို့အဖွဲ့နဲ့ပတ်သက်တဲ့ တိုင်ကြားစာကို ငါ လက်ခံရရှိခဲ့တယ်”
“ဘာ၊ တစ်ယောက်ယောက်က ငါ့ကို တကယ်တိုင်လိုက်တာလား”
“ဟင်”
“ငါက မျက်မမြင်ပါနော်”
“ဒီနေ့က တကယ် ကံဆိုးတဲ့ နေ့လား ? ငါ အိမ်ကတောင် မထွက်ရသေးဘူးလေ”
“ဘာဖြစ်ခဲ့တာလဲ” စုရှင်းချန်နှင့် စုကျီကျီတို့ ကြောင်အမ်းအမ်းဖြစ်နေကြလေသည်။
ရေနွေးငွေ့ထနေသောကန်ဘေးတွင် မေးစေ့ကိုပွတ်သပ်ရင်း စုကျိုသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသောအကြည့်ဖြင့် သူတို့ကို ကြည့်လိုက်လေသည်။
“ဒါဆို နင်တို့ကောင်တွေလည်း တိုင်ကြားခံလိုက်ရတာပေါ့”
“သေချာတာပေါ့၊ ငါ စုကျိုလို ရိုးသားတသူက နင်တို့ဆီကနေ ကူးစက်ခံလိုက်ရတာပဲ”
“ပြောစမ်း၊ နင်တို့ ဘာမကောင်းမှုတွေ လုပ်ခဲ့ကြလဲ”
အုပ်ချုပ်ရေးမှုး ရူယွီသည် သူမ၏ကိုက်ခဲနေသော နားထင်များကို ဖိနှိပ်လိုက်လေသည်။
ဟူကျဲကျင့်သည် တာဝန်ပျက်ကွက်မှုကြောင့်အပြစ်ပေးခံရပြီး၊ ပြိုင်ကွင်းကို စောင့်ကြပ်ရန် ဖိအားပေးခံရကာ၊ ဆယ်နှစ်ကြာတိုက်ခိုက်ရန်နှင့် ထွက်ခွာခွင့် ပိတ်ပင်ခြင်း ပြစ်ဒဏ်ချမှတ်ခံလိုက်ရလေသည်။
တောက်ရန်သည် စုကျို၏ကုသိုလ်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ဝိညာဉ်ကျောက်တုံးဆုလာဘ်အများအပြား ရရှိခဲ့ပြီး၊ စုကျို ပေးခဲ့သော အတုအယောင်အမြုတေဖြင့်၊ မသေမျိုး မဟာကျင့်ကြံသူထံမှ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရကာ အုပ်ချုပ်ရေးမှုးဖြစ်လာခဲ့သည်။ သို့သော် သူသည် ရွှေအမြုတေကျင့်ကြံခြင်း ရပ်တန့်နေသောအခြေအနေတွင် ရှိနေဆဲဖြစ်သည်။
ဒီနေ့မှစ၍၊ အလွှာ ၃၀ ၏နေ့စဉ် ကိစ္စရပ်များသည် သူ့ ပခုံးပေါ်သို့ ကျရောက်လာလေပြီ။
သို့သော် သူမ အလုပ်ပထမဆုံးနေ့တွင်၊ တိုင်ကြားစာအများအပြားရရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပေ။
ပြိုင်ကွင်းပေါ်ရှိ တရားသူကြီးများနှင့် အုပ်ချုပ်ရေးမှုးများထံမှ သာမက၊ စုကျိုနှင့် အခြားသူများကိုတိုက်ခိုက်ခဲ့သော ဂိုဏ်းသားအများအပြားနှင့် ပုံရိပ်ယောင်ကိုကြည့်ရှုခဲ့သော ဂိုဏ်းသားများထံမှလည်း တိုင်ကြားစာများရောက်လာခဲ့သည်။
ရူယွီသည် ခံစားချက်ကင်းမဲ့စွာဖြင့် သူတို့ကို တစ်ယောက်ချင်းစီ လက်ညှိုးထိုးပြလိုက်လေသည်။
“ယင်လီ၊ နင်က တိုက်ခိုက်နေတာလေ၊ ဘာလို့ ဟူချန်ဟူ ခန္ဓာကိုယ်ပေါ်မျက်နှာသွားကပ်ထားပြီး တခြားသူရဲ့လျှို့ဝှက်ချက်ကို ဖွင့်ချမယ်လို့ ခြိမ်းခြောက်ရတာလဲ”
“တစ်ဖက်လူက နင့်ကိုတိုင်တယ်၊ သူ့ကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေတယ်တဲ့!”
“...”
အားလုံးသည် ချက်ချင်းဆိုသလို ယင်လီအား အပြစ်တင်သော အကြည့်ဖြင့်ကြည့်လိုက်ကြလေသည်။
ယင်လီသည် အပြစ်ကင်းသယောင်ဖြင့် စုကျိုကိုလက်ညှိုးထိုးပြသည်။
“ခေါင်းဆောင် ငါ့ကို သင်ပေးတာ”
စုကျို : “…?”
“အကယ်၍ အားနည်းချက် တစ်ခုရှိရင်၊ နင် အဲဒါကို အသုံးပြုသင့်တယ်လို့၊ ခေါင်းဆောင် မပြောခဲ့ဘူးလား”
ယင်လီ ငြင်းခုံသည်။
“ဒါ့အပြင်၊ ငါကဘာလျှို့ဝှက်ချက်မှ မဖွင့်ချခဲ့ပါဘူး၊ ငါ သူတို့ကို ခြိမ်းခြောက်ရုံပဲ ရှိသေးတာ”
စုကျို မျက်လုံးမှိတ်ထားလိုက်လေသည်။
“လိုကျား၊ ရှင်က ဘာလို့ လူတစ်ယောက်အပေါ်မှာ ရှင့်ရဲ့ဓားဖျက်သိုင်းကို ဆယ်ကြိမ်တောင် သုံးရတာလဲ”
ဘာ ??
အားလုံး လိုကျားကိုကြည့်လိုက်ကြသည်။
လိုကျားသည် အမြဲတမ်းလိုလိုမျက်လုံးမှိတ်ထားဆဲဖြစ်သည်။
“ကျွန်တော်က မျက်မမြင်ပါ၊ ကျွန်တော် ဘာမှမသိပါဘူး”
စုကျိုသည် သူ့ ခြေမများကို ငုံ့ကြည့်နေလိုက်လေသည်။
“ပြီးတော့ ယို့လု၊ မဲလိပ်အဆိုးဆုံးကျတဲ့အခါ ပြိုင်ကွင်းမသွားတဲ့ ရှင့်အကျင့် ပျောက်သွားပြီလို့ ကျွန်မ ထင်ခဲ့တာ...”
“ဟုတ်ကဲ့၊ ပျောက်သွားပါပြီ”
ယနေ့၊ ဝမ်ယန်ယို့လုဟု အမည်ရသော စီနီယာအစ်မယို့လုကို ဘယ်နေရာမှာမှ မတွေ့ရပေ။
အိမ်တစ်လုံးကိုသာ မြင်တွေ့ရလေသည်။
စုကျို ပုံတူကူးပေးထားသော စီနီယာအစ်မယို့လုအိမ်၏ရိုးရှင်းသောပုံစံငယ်လေးကို ယင်လီ ဘေးတွင် ချထားလေသည်။
ဝမ်ယန်ယို့လုသည် တစ်နေ့လုံးအိမ်ထဲက မထွက်ဘဲ၊ အိမ်ထဲမှာပဲ နေပြီး၊ ဒီအတိုင်းပြိုင်ကွင်းကို သွားခဲ့လေသည်။
အလွှာ ၃၂ မှ စီနီယာအစ်ကိုကြီးအား တိုက်ခိုက်ရာတွင် အိမ်၏ ခံစစ်ကိုအသုံးပြုပြီး သူမ အနိုင်ရခဲ့လေသည်။
“ရှောင်ကျို ငါ့ကိုပေးတဲ့ နည်းလမ်းက တကယ်အသုံးဝင်တယ်”
ဒီလိုပုံစံနဲ့ ပြိုင်ကွင်းသွားရင်၊ ဒီနေ့ မဲလိပ်အဆိုးဆုံးကျခဲ့တဲ့ ဝမ်ယန်ယို့လုအနေနဲ့ ရှုံးနိမ့်မှာကို ပူစရာ မလိုတော့ပေ။
တစ်ယောက်ယောက် ရှုံးနိမ့်ရမယ်ဆိုရင်၊ အဲဒါက အိမ်ပဲ အရင်ဖြစ်လိမ့်မည်။
“အုပ်ချုပ်ရေးမှုးရူယွီ၊ ကျွန်မ မဲလိပ် အဆိုးဆုံးကိုမကြောက်တော့ဘူး”
ဝမ်ယန်ယို့လု၏ပျော်ရွှင်သော အသံသည် ရွေ့လျားနိုင်သော အိမ်လေးထဲမှထွက်ပေါ်လာလေသည်။
“...”
ရူယွီ ခေါင်းကို အုပ်ထားလိုက်လေသည်။
စုကျို မျက်ခုံးပင့်လိုက်သည်။
“ဒါက တိုင်ကြားခံရတာလား ? ဘာပြဿနာ ရှိလို့လဲ”
အုပ်ချုပ်ရေးမှုး ရူယွီ ပြောစရာ စကားမဲ့သွားလေသည်။ သူမသည် တန်းစီနေသော လူအုပ်၏နောက်ဆုံးတွင် ကြောင်အမ်းအမ်း ဖြစ်နေသော စုရှင်းချန်နှင့် စုကျီကျီတို့ကို အားကိုးရာမဲ့စွာကြည့်လိုက်လေသည်။
“ကျွန်မတို့မှာလည်း ပြဿနာရှိလို့လား”
စုကျီကျီ မယုံကြည်နိုင်ဖြစ်နေသည်။ သူမက ဇာတ်ကောင်အသေးစားလေးသာဖြစ်သည်။
အုပ်ချုပ်ရေးမှုး ရူယွီ ပြိုလဲကျမတတ်ဖြစ်သွားသည်။
“နင်တို့နှစ်ယောက် ရှုံးသွားတယ်၊ ပြီးတော့ စင်ပေါ်က တရားသူကြီး ခေါင်းဆောင်အပေါ်ကို 'အချိန်နောက်ပြန်လှည့်ခြင်း' သုံးပြီး၊ သူ့ကို လွန်ခဲ့တဲ့ တစ်ရက်က အခြေအနေဆီပြန်ပို့လိုက်တယ်လေ၊ သူက နင်တို့ ရှုံးတာကို လုံးဝမမှတ်မိတော့ဘူး!”
“ဒါတောင် နင်တို့က ပြဿနာမရှိဘူးလို့ ထင်နေတုန်းလား”
စုရှင်းချန် ပါးစပ်ဟသွားပြီး၊ စုကျီကျီ ခေါင်းစောင်းသွားလေသည်။
“စည်းမျဉ်းတွေက ဒါ မဖြစ်နိုင်ဘူးလို့မပြောထားဘူးလေ”
စုကျီကျီ စဉ်းစားလိုက်သည်။
“ကျွန်မတို့ မတ်တတ်ရပ်နေတုန်းပဲ၊ ပြီးတော့ ကျွန်မတို့ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်ကိုသုံးလို့ရနေတုန်းပဲ၊ အဲဒါက ပြိုင်ပွဲမပြီးသေးဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား”
“တရားသူကြီးချုပ်ကို ရလဒ် မေ့သွားအောင် လုပ်တာ ဘာမှားလို့လဲ”
ရူယွီ နောက်သို့ ယိမ်းလိုက်လေသည်။ သူမ တစ်ခုခုကို ချက်ချင်း သတိရသွားပြီး စုကျီကျီ နဖူးပေါ်ရှိ နေနာရီကိုစိုက်ကြည့်လိုက်သည်။
“နင် ဒီ အချိန်နောက်ပြန်လှည့်တဲ့ ပါရမီကို ဘယ်တုန်းက ရခဲ့တာလဲ”
“အင်း၊ ဒီမနက် ပြိုင်ပွဲဝင် တယ်လီပို့ ရေတွင်းထဲ မဝင်ခင်လေးမှာပါ”
စုကျီကျီက ရိုးသားစွာပြန်ဖြေလေသည်။
“ကျွန်မ ကျဲကပြောတယ် တခြား သူတော်စင်အဆင့်ပါရမီက အဆင်သင့်မဖြစ်သေးဘူးတဲ့၊ ဒါကြောင့် ဒီတစ်ခုကိုအရင်သုံးထားဖို့ ကျွန်မကို ပြောတာ”
အုပ်ချုပ်ရေးမှုး ရူယွီ ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။
“သူတို့ အဲဒါကို အရမ်းကောင်းကောင်းသုံးခဲ့ကြတာပဲ”
စုကျို လက်ဖြန့်ပြလိုက်သည်။
“နှစ်ယောက်ချင်း ယှဉ်ပြိုင်ကွင်းမှာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ပြိုင်ဘက်တွေကို နိုင်အောင် မတိုက်နိုင်ဘူးလေ၊ ပြိုင်ဘက်တွေကို လွန်ခဲ့တဲ့ တစ်ရက်ဆီ ပြန်ပို့လိုက်တာက သူတို့ရဲ့ ဒဏ်ရာတွေကိုကုစားဖို့ပဲ ကူညီပေးရာရောက်လိမ့်မယ်၊ အဲဒါဆိုရင် တရားသူကြီးချုပ်ရဲ့မှတ်ဉာဏ်ကို ပြန်လည် သတ်မှတ်ဖို့လိုအပ်မှာပေါ့၊ မဟုတ်ဘူးလား”
“...”
စုကျို သက်ပြင်းချလိုက်သည်။
“ကျွန်မ ဝန်ခံပါတယ်၊ ကျွန်မ ဘက်လိုက်မိတယ်၊ သူတို့ အမှားလုပ်ခဲ့တယ်၊ တရားသူကြီးချုပ်ကို လွန်ခဲ့တဲ့ တစ်ရက်ဆီ ပြန်ပို့လိုက်ရင် တောင်မှပေါ့”
“အကယ်၍ သူတို့ ထပ်ပြိုင်ရင်၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်မားတဲ့အတွက်၊ သူတို့ ရှုံးဦးမှာပဲ”
စုကျီကျီနှင့် စုရှင်းချန်တို့ ခေါင်းငုံ့သွားကြလေသည်။
“ဒါပေမဲ့ သူတို့က ဒီအချိန်နောက်ပြန်လှည့်ခြင်း ပါရမီကို ရကာစပဲ ရှိသေးတယ်၊ ပြီးတော့ တိုက်ပွဲမှာ ဘယ်လိုသုံးရမလဲ ဆိုတာ စမ်းသပ်နေတုန်းပဲ၊ သူတို့ အသားကျဖို့ အချိန်နည်းနည်းလိုတယ်လေ”
စုကျို ပခုံးတွန့်လိုက်သည်။
“နင်တို့ ကျွမ်းကျင်လာဖို့အတွက် သိုင်းကွက်တစ်ခုကို အများကြီးသုံးဖို့လိုတယ်”
စုကျီကျီနှင့် စုရှင်းချန်တို့ ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်ကြသည်။
“ကျဲ၊ အကယ်၍ ကျဲသာဆိုရင်၊ အဲဒါကို ဘယ်လို သုံးမလဲ”
“အင်း၊ ငါသာဆိုရင်တော့၊ ပြိုင်ဘက်တွေကို ပြိုင်ကွင်းရဲ့အစွန်းရောက်အောင် ဖိအားပေးဖို့ ကြိုးစားမယ်၊ ပြီးတော့မှ အချိန်နောက်ပြန် လှည့်ခြင်းကို သုံးပြီး သူတို့ရဲ့မှတ်ဉာဏ်တွေကို တိုက်ပွဲမတိုင်ခင်၊ သူတို့ ပြိုင်ကွင်းပေါ်တက်ဖို့ ကြိုးစားတဲ့ အချိန်ဆီပြန်ပို့လိုက်မယ်”
“ဒါပေမဲ့ သူတို့က ပြိုင်ကွင်းအစွန်းမှာ ရောက်နေပြီလေ၊ ပြီးတော့ သူတို့ရှေ့မှာ လှေကားထစ်တွေ မရှိတော့ဘူး”
“အကယ်၍သူတို့က ပြိုင်ကွင်းပေါ် တက်ဖို့ ကြိုးစားပေမယ့် ခြေချော်ပြီးပြုတ်ကျသွားရင်...”
ပြိုင်ကွင်းပေါ်က ပြုတ်ကျတဲ့သူက အရှုံးလေ!
“အော် အဲဒီလိုကိုး!” စုကျီကျီ မျက်လုံးများ တောက်ပလာတော့သည်။