ချောကလက်အိမ်ကလေး (၃)
Vol. 4 Ch. 213
“ဒီတော့ ဒါက ဘာလင်ဌာနခွဲလား။” ကျွန်မ အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းညိတ်ပြလိုက်မိတယ်။ အမှောင်ကျောင်းတော်ရဲ့ ဘာလင်ဌာနခွဲက ကားအရောင်းဌာနတစ်ခုပါ။ စီးပွားလည်း တော်တော်ဖြစ်နေတဲ့ပုံပဲ။ ဒီနေရာကို တာဝန်ယူရတဲ့သူကတော့ ဩတေဗီယန်ပေါ့။
ဒါလင်ကတော့ ဌာနခွဲအစည်းအဝေးခန်းထဲမှာထိုင်နေပြီးတော့ အစီအရင်ခံစာတွေကိုဖတ်နေပါတယ်။ နောက်ဆုံးအစီအရင်ခံစာ တစ်စောင်ကိုဖတ်ပြီးတဲ့နောက် ဒါလင်က စာအုပ်ကိုပိတ်လိုက်ပြီး သူ့လူတွေကိုကြည့်လိုက်ပါပြီ။
“ဒီတော့ ဘာလင်မြို့ထဲမှာ အဖွဲ့အစည်းအချင်းချင်း ရန်စောင် နေကြတာကလွဲရင် ထူးထူးခြားခြား သဘာဝလွန်ဖြစ်ရပ်မျိုး ရှိမနေဘူးပေါ့။”
ဒါလင်ကပြောတော့ ဩတေဗီယန်က ခေါင်းညိတ်ပြပါတယ်။ “ဟုတ်ကဲ့၊ ရေနဲ့လေကျောင်းတော်နှစ်ခုလုံးက သဘာဝလွန် ဖြစ်ရပ်တွေကို ကျွန်တော်တို့ထက်အရင် ဖြေရှင်းဖို့ ကြိုးစားနေလို့ပါ။ ညနတ်ဘုရားမကို အားကိုးမယ့်သူတွေ တိုးလာမှာမမြင်ချင်သလိုပဲ။”
ကျွန်မတွေးကြည့်မိတယ်။ ကျောင်းခြောက်ကျောင်းက နတ်ဘုရားတွေကိုးကွယ်တဲ့ဂိုဏ်းတွေပါ။ သူတို့နတ်ဘုရားတွေကို ကိုးကွယ်သူများလေ အဖွဲ့ဝင်တွေနဲ့နတ်ဘုရားကြားထဲမှာရှိနေတဲ့ ဆက်နွယ်ပတ်သက်မှုက ပိုအားကောင်းလာလေလေပဲ။ ဒါကြောင့် ဌာနခွဲတွေက အကူအညီလိုအပ်နေတဲ့သူတွေကိုရှာဖွေကူညီပြီး အဖွဲ့အပေါ်လူတွေအမြင်ကောင်းအောင် လုပ်တတ်ကြတာ။ ဒီကနေတစ်ဆင့် ဆိုင်ရာနတ်ဘုရားတွေကို ဆုတောင်းမယ့်သူတွေ ရလာနိုင်မယ်မဟုတ်လား။ အင်း၊ အခုလိုခေတ်ကြီးမှာ သူတို့နတ်ဘုရားတွေကိုပဲ တစ်စိုက်မတ်မတ်ကိုးကွယ်မယ့်သူ ရှာဖို့ရှားလာတယ်ဆိုရင်တောင်မှ ဘဝအလှည့်အပြောင်းတစ်ခုက အများကြီးဆုံးဖြတ်ပေးနိုင်တယ်လေ။
“အဲဒါကြောင့် အယ်မာကို မတွေ့ပါဘူးလို့။” ဆယ်ဗီက ကျွန်မတို့ရဲ့ အေးဂျင့်ကို သတိရသွားတဲ့ပုံပဲ။ အနည်းဆုံးတော့ ကျွန်မတို့တွေကို နှောင့်ယှက်မယ့်သူမရှိတော့ဘူးပေါ့။
ဂွီ...
နောက်တော့ ကျွန်မတို့ထဲက အမြဲတမ်းစားသောက်နေကျ ဆယ်ဗီရဲ့ဗိုက်က သံစုံမြည်လာပါလေရော။ ဩတေဗီယန်က အလိုသိစွာနဲ့ အခုလိုပြောလိုက်လေရဲ့။
“ညအရှင်တို့ မနက်စာစားဖို့အတွက် ပြင်ဆင်လိုက်ပါဦးမယ်။” အခုက မနက်ဆယ်နာရီဖြစ်နေပြီမလို့ နေ့လယ်စာစားချိန် ရောက်တော့မှာဆိုပေမဲ့ တကြွနေတဲ့ဆယ်ဗီကြောင့် ဘယ်သူမှ ပြင်မပေးဖြစ်ပါဘူး။
ကျွန်မကတော့ ကိုယ့်အစီအစဥ်နဲ့ကိုယ်ရှိနေပြီးသားမလို့ ထိုင်ခုံကနေ ရပ်လိုက်လေရဲ့။
“ဒါလင်... ကျွန်မမြို့ထဲမှာ လုပ်စရာရှိလို့ မနက်စာ အတူမစားတော့ဘူး။ ကျွန်မကို လွမ်းမနေနဲ့ဦးနော်။”
ကျွန်မ ဒါလင်နားကိုကပ်သွားပြီး ပါးကိုနမ်းလိုက်မိတယ်။ အရင်က ကျွန်မအခုလိုလုပ်မိရင် ဒါလင်ကကြိုက်မှာမဟုတ်ပေမဲ့ အခုတော့ သူကကျွန်မကို နွေးထွေးစွာပြန်ကြည့်ခဲ့တယ်။ ရာသီဥတုက အေးစက်နေဆဲဆိုပေမဲ့ ဒါလင်ရဲ့အကြည့်တွေသက်သက်ကကို ကျွန်မနှလုံးသားကို အရည်ပျော်ကျစေနိုင်ပါရဲ့။
“မိုနီကာ... မင်းကို တစ်ယောက်တည်းသွားခွင့် ကိုယ်မပေးနိုင်ဘူး။” ဒါလင်လည်း ကျွန်မလိုပဲ ထရပ်လိုက်တယ်။
“ကိုယ်မရှိတုန်း အဲဒီအဖွားကြီးရောက်လာသေးတယ်မဟုတ်လား။ သူထပ်ရောက်လာရင် ဘယ်လိုလုပ်မလဲ။ ကိုယ်လိုက်ခဲ့မယ်။”
စိုးရိမ်နေပေမဲ့ မျက်နှာတစ်ချက်မှပြောင်းမသွားတဲ့ ဒါလင်ကြောင့် ပတ်ဝန်းကျင်ကမ္ဘာကြီးကို တစ်ခဏတာမေ့သွားခဲ့သလိုပါပဲ။ သိပ်ကို ပျော်ဖို့ကောင်းတာပဲ။ ဒါလင်က ကျွန်မကိုဂရုစိုက်တယ်။ ဒါပေမဲ့ ကျွန်မလုပ်မယ့်အရာက ဒါလင်သိလို့မဖြစ်တဲ့အရာတစ်ခု။
“အား... ဒါလင်က သိပ်ဂရုစိုက်တတ်တာပဲ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျွန်မလုပ်မှာက မိန်းကလေးတွေပဲ လိုက်လို့ရမယ့်ကိစ္စမျိုးလေ။ ဒါလင်လိုက်လို့မဖြစ်ဘူး။ အွန်း.. ကျွန်မတို့ အခုနေလက်ထပ်လိုက်ရင်တော့ လိုက်...လို့...ရ...တယ်...”
ကျွန်မလက်က အလိုလိုနေရင်းပိုက်ဆံအိတ်ဆီရောက်သွားပြီး လူသားတွေရဲ့လက်ထပ်စာချုပ်နှစ်စောင်ကို ထုတ်လိုက်တယ်။ ဒါလင်စိတ်ပြောင်းသွားရင် အသင့်လက်ထပ်ဖို့အတွက် သွားလေရာ ယူလာနေကျတယ်။ ဒါပေမဲ့ ကျွန်မရဲ့လုပ်ရပ်ကိုလည်းမြင်ရော ကျိန်စာသံလိုက်မက ကြားဝင်လာပြီး စာချုပ်တွေကို ဝင်လုပြီး တစ်စစီဆွဲဖြဲတော့တာပဲ။
“ရပ်... ရပ်.... အဲဒီမှာတင်ရပ်။ နက်ဆန်၊ ဒီကောင်မက တမင်သက်သက် ရှင့်ကိုထောင်ချောက်ဆင်နေတာပဲ ဖြစ်ရမယ်။ ကျွန်မရှင့်ကိုလိုက်ခွင့်မပေးနိုင်ဘူး။ မဟုတ်ကဟုတ်က နေရာတွေမှာ ရှင်အဆုံးသတ်သွားလိမ့်မယ်။”
“အားဟားဟား... ဆယ်ဗီက အချစ်ဟိုတယ်လို့ ပြောချင်တာလား။ အင်း... အဲဒီနေရာကိုသွားဖို့ အစီအစဥ်မရှိဘူး ဆိုပေမဲ့လို့ ဒါလင်သာအလိုရှိရင် အခုချက်ချင်း ဘိုကင်တင်လိုက်မယ်လေ။”
“ဂါး... ဒေါသထွက်ဖို့ကောင်းလိုက်တာ။”
ဆယ်ဗီက ကျွန်မနဲ့စကားနိုင်ဆက်မလုနိုင်တော့တဲ့အတွက်ကြောင့် လက်မြှောက်သွားပြီ။ ဒါလင်လည်း လက်လျှော့သွားခဲ့ပုံပါပဲ။
“မင်း မလိုက်စေချင်ဘူးဆိုရင်လည်း မလိုက်တော့ပါဘူး။ ဒါပေမဲ့ ဒေါ်ရသီကိုတော့ ခေါ်သွားရလိမ့်မယ်။”
နက်ဆန်က အရုပ်မရပ်နေတဲ့နေရာကို ညွန်ပြလိုက်ပါတယ်။ ကျွန်မ နည်းနည်းစိတ်ပျက်မိပေမဲ့ အဲဒီပုံတုံးတုံး ခပ်အအဟာမသာဆိုရင် နည်းနည်းမျှော်လင့်ချက်ရှိသေးတယ်။ ဒါကြောင့် သဘောတူလိုက် မိတာပေါ့။ ပြီးတော့ သူ့ခွန်အားနဲ့ဆိုရင် အထုပ်တော်တော်များများ ဆွဲနိုင်မယ့်ပုံပဲ။
ငါးမိနစ်လောက်ကြာတော့ ကျွန်မနဲ့ဒေါ်ရသီတို့ ဘာလင်မြို့ လမ်းမတွေပေါ်ရောက်နေပါပြီ။ ကျွန်မလည်း ဒေါ်ရသီနားကို ကပ်ပြီးတော့ သတိပေးလိုက်တာပေါ့။
“နားထောင်၊ အခုငါတို့က အထူးအဆင့် လျှို့ဝှက်မစ်ရှင်တစ်ခုကို ထမ်းဆောင်မှပဲ။ ညအရှင်အပါအဝင် ဘယ်သူ့ကိုမှ ငါတို့ဘာဝယ်တယ် ဘယ်သွားတယ်မပြောရဘူးနော်။”
“ဟုတ်... ဟုတ်ကဲ့။” သနားစရာ ဒေါ်ရသီလေးကတော့ ကျွန်မပြောသမျှအရာတိုင်းကို ယုံကြည်ပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ပေါ့။
ကျွန်မလည်း သူ့ရဲ့ခပ်တုံးတုံးပုံစံကိုကြည့် စိတ်ဓာတ်ကျလာသလို ခံစားရတာနဲ့ ချောကလက်မဝယ်ခင် သူ့ကိုအဝတ်အစားသစ်တွေ ဝယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ဒီခပ်အအကောင်မလေးကို ပြိုင်ဘက်ဆိုတာထက် ကျွန်မရဲ့လက်အောက်ငယ်သားအဖြစ် ပြောင်းလဲလို့ရနိုင်မလားမသိဘူးလေ။
ဒီလိုနဲ့ ကျွန်မသူ့ကို ဘာလင်မောလ်ကို ခေါ်သွားဖြစ်ပါတယ်။ ဒီနာမည်က မသိသူမရှိအောင်နာမည်ကြီးတဲ့ Leipziger ပလာဇာမှာ ရှိနေတာ။ ဘာလင်မြို့လယ်ခေါင်မှာရှိနေတဲ့ ပလာဇာဖြစ်ပြီးတော့ ထူးထူးခြားပဲ လေးလမ်းသွားလမ်းမကြီးနှစ်ခုကိုငုံပြီး ဘာလင်မောလ်နဲ့ တခြားအထင်ကရအဆောက်အဦးတွေကို ဗဟုဂံပုံစံ ဝန်းရံတည်ဆောက်ထားခဲ့တာ။
ဘာလင်မောလ်ဆိုတာလည်း တကယ့်ကိုအကြီးကြီးပဲ။ ဝင်လာတာနဲ့အနက်ရောင်ကျောက်ပြားတွေခင်းထားတဲ့ စင်္ကြံလမ်းမကျယ်ကြီးကို စီးကြိုနေတယ်။ တစ်ဖက်တစ်ချက်စီမှာ ဆိုင်ခန်းတွေရှိနေပြီး အပေါ်ကိုမော့ကြည့်လိုက်မယ်ဆိုရင် ဖန်သားအမိုးခုံးကြီးနဲ့ အဲဲဒီအမိုးခုံးကနေဖြာကျနေတဲ့ သဘာဝအလင်းရောင်ကို သတိထားမိမှာပါ။
အတွင်းထဲမှာ နိုင်ငံတကာအဆင့်မြင့်အဝတ်အစားဘရန်းဆိုင် အများအပြားရှိပြီးတော့ ပုံတုံးတုံးဖြစ်နေတဲ့ ဒေါ်ရသီကို ပုံစံပြောင်းပေးဖို့ အကောင်းဆုံးနေရာပဲ။
“မိုက်တယ်၊ နင့်ကိုအခု ဘယ်သူမှခေတ်နောက်ကျတယ်လို့ ထင်တာပေါ့မှာမဟုတ်ဘူး။”
ကျွန်မရှေ့က ပုံစံအသစ်နဲ့ဒေါ်ရသီကိုကြည့်ရင်း လက်မထောင်ပြ လိုက်မိပါတယ်။ အခုဒေါ်ရသီက လည်ပင်းပေါက်ကျယ်ပြီး အင်္ကျီလက်မှာအဟပါတဲ့ တီရှပ်ခဲရောင်ကိုဝတ်ထားပြီး ပခုံးနဲ့ လက်မောင်းသားကို အတော်အသင့်ဖော်ပြထားတယ်။ ဂျင်းဘောင်းဘီတိုအနက်ရောင်နဲ့ သားရေအိတ်ကိုပါ ဝတ်ထားသေးပြီး တော်တော်ကြည့်လို့ကောင်းနေတာ။
“အခုတော့ ချောကလက်ဝယ်ရမယ့်အချိန်ရောက်ပြီ။”
ဒေါ်ရသီကိုအဝတ်အစားဝယ်ပေးပြီးတဲ့နောက် ကုန်တိုက်ထဲက ချောကလက်ဆိုင်တွေကို လှည့်ပတ်ကြည့်ခဲ့ပေမဲ့ စျေးကြီးပြီးတော့ သိပ်ထူးထူးခြားခြားမရှိတဲ့ ချောကလက်ထုပ်တွေကိုပဲ တွေ့ရတဲ့အတွက်ကြောင့် မဂ္ဂဇင်းထဲမှာပါလာတဲ့ အယ်ဘတ်တိုင်း ချောကလက်ဆိုင်ကိုသွားရှာဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
အယ်ဘတ်တိုင်းချောကလက်ဆိုင်က ထင်မထားလောက်အောင် ကြီးနေတယ်။ ဩတေဗီယန်ရဲ့ကားအရောင်းပြခန်းနဲ့တောင်မှ နင်လားငါလားပဲ။ ပုံစံအမျိုးမျိုးရှိတဲ့ ချောကလက်ရုပ်ထုတွေကို ပြသထားပြီးတော့ ချောကလက်သမင်၊ ချောကလက်သစ်ပင်ကြီး စသည်ဖြင့်ပေါ့။
“အရာ့... ဒီလောက်ကောင်းတဲ့ ရုပ်ထုပညာနဲ့ဆိုရင် ဒါလင့်အတွက် တစ်ခုခုရမှာသေချာတယ်။”
အဲဒီအတွေးနဲ့အတူတူ ကျွန်မဆိုင်ထဲက ပစ္စည်းတိုင်းကို တစ်ခုစီလိုက်ကြည့်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ စိတ်တိုင်းကျတဲ့ အရာတစ်ခုကိုမှ မတွေ့ခဲ့ပါဘူး။ ရုပ်ထုတိုင်းကလှပေမဲ့ တစ်ခုခုလိုနေသလိုပါပဲ။
“ဝယ်သူရှင့်... ဘယ်လိုချောကလက်မျိုးကို လိုချင်တာလဲမသိဘူး။”
ခဏနေတော့ ဆံပင်အနက်ရောင်ခပ်တိုတိုညှပ်ထားပြီး အနက်ရောင်ဝေ့စကတ်ပေါ်မှာမှ အပြာရောင်ကျောက်မျက်ကို တပ်ဆင်ထားတဲ့ အမျိုးသမီးဘဏ္ဍာန်စိုးလိုဝတ်ဆင်ထားတဲ့ မိန်းကလေးကလာမေးတယ်။
“တကယ်က ချစ်ရသူအတွက် ချောကလက်ရုပ်ထုလှလှလေး ပေးဖို့စဥ်းစားနေတာပါ။”
ကျွန်မကပြောလိုက်တော့ အဲဒီမိန်းကလေးက ကျွန်မကို နေရာတစ်ခုစီ ခေါ်သွားပေးပါတယ်။ အဲဒီနေရာမှာတော့ အနီရောင်စက်ကလေးတစ်လုံးရှိနေပြီးတော့ ကြိုးကြာ ငှက်စုံတွဲရဲ့ပန်းပုကို အလိုလျောက်ထုလုပ်ပေးနေပါတယ်။
ဝယ်သူဖြစ်ပုံရတဲ့ အမျိုးသားတစ်ယောက်ကတော့ အဲဒီရုပ်ထုကို ပိုက်ဆံပေးပြီးဝယ်သွားတယ်။ အမျိုးသမီးဘဏ္ဍာစိုးကတော့ ကျွန်မတို့ကိုရှင်းပြတယ်။
“ဒါကတော့ ကျွန်မတို့အဲလ်ဘတ်တိုင်းကုမ္ပဏီက နောက်ဆုံး တီထွင်လိုက်တဲ့ ဉာဏ်ရည်တုသုံး အလိုလျောက်ချောကလက် ရုပ်ထုထုစက်လေးပါ။ လိုချင်တဲ့ပုံကိုပြောလိုက်တာနဲ့ ကိုးဆယ်ရာခိုင်နှုန်းတူအောင်လုပ်နိုင်ပါတယ်။ ဝယ်သူသာ အလိုရှိမယ်ဆိုရင် စမ်းသပ်ကြည့်လို့ရပါတယ်။”
“အမယ်၊ အခုခေတ်နည်းပညာက တိုးတက်လွန်းလို့ ဒီလိုမျိုး စက်ပစ္စည်းတွေကိုတောင် ဖန်တီးနိုင်နေပြီးလား။”
ကျွန်မလည်း စိတ်ဝင်စားလာတာနဲ့ ကျွန်မနဲ့တစ်ပုံစံတည်းတူတဲ့ ချောကလက်ရုပ်ထုအငယ်လေးတစ်ခုကို ဖန်တီးပေးဖို့အတွက် ညွန်ကြားလိုက်တယ်။ စက်ရုပ်လက်တံတွေကလှုပ်ရှားသွားပြီး ချောကလက်တွေကိုမင်အဖြစ်သုံးကာ ချစ်စရာကောင်းတဲ့ ဂေါ့သစ်ဂါဝန်ဝတ်ကောင်မလေးရဲ့ပုံကို ထုဆစ်ပေးလိုက်တယ်။
“အာရာ့... ငါ့သွားစွယ်တောင် ပါလာသေးတာပဲ။ ပုံထဲမှာ ပို့စ်ပေးထားတာနဲ့လည်းတူတယ်။”
ကျွန်မလည်း သဘောကျပြီးတော့ စျေးကြီးပေးဝယ်လာခဲ့ပေမဲ့ ဆိုင်အပြင်ရောက်ပြီး သိပ်မကြာခင်မှာပဲ စိတ်ထဲအလိုမကျဖြစ်ပြီး ချောကလက်ရုပ်ထုကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်မိရော။
“ပိုက်ဆံတွေအများကြီးပေးပြီး ဝယ်လာတာမဟုတ်ဘူးလား။”.
ဒေါ်ရသီကမေးလိုက်တော့ ကျွန်မလည်းခေါင်းညိတ်ပြမိတယ်။ “အင်း၊ တော်တော်လေးလှတယ်ဆိုပေမဲ့ ဒါလင်က တန်ဖိုးထားမှာ မဟုတ်ဘူးလို့တွေးမိလို့လေ။”
ကျွန်မ လက်ပိုက်ထားလိုက်ရင်း တွေးကြည့်မိပါတယ်။ ဒါလင်က တကယ်ပဲ ဆိုင်ကနေဒီအတိုင်းဝယ်လာတဲ့ ချောကလက်တစ်ခုကို အမြဲတမ်းအမှတ်ရနေပါ့မလား။ ပြောရရင် နေ့တိုင်းမုန့်စားတာနဲ့ အတူတူပဲလေ။
“ဆုံးဖြတ်လိုက်ပြီ။ ငါ့ဘာသာငါ ချောကလက်လုပ်ရမယ်။ ဒါမှ ဒါလင်က ငါ့လက်နဲ့ ကိုယ်တိုင်လုပ်ထားတာလေးဆိုပြီး ပျော်နေမှာ။ အဟီးဟီး....”
အဲဒီနောက်တော့ ကျွန်မဒေါ်ရသီလက်ကိုဆွဲပြီး ချောကလက် ဆိုင်တွေမဟုတ်ဘဲ ချောကလက်အပါအဝင် တခြားမုန့်တွေလုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေရောင်းတဲ့နေရာကိုသွားဖို့ ဖြစ်လာတော့တာပဲ။
ကုန်ကြမ်းဆိုင်ကိုရောက်တော့ ကုန်တိုက်ပေါ်က ချောကလက်ဆိုင်တွေလောက် လူသိပ်မစည်ပေမဲ့ လူတော်တော်များများရှိနေတာ သတိထားမိလိုက်တယ်။ ကျွန်မကတော့ ဖုန်းထဲကနေပြီး တွေ့ရာအညွန်းတစ်ခုကိုဖတ်ရင်း လုပ်မယ့်မုန့်အတွက် ပါဝင်ပစ္စည်းတွေကို စတင်စုဆောင်းဖြစ်တယ်။
“ဟုတ်ပြီ၊ ကြက်ဥ၊ ဂျုံ၊ သကြားနဲ့ သကြားညိုတော့ရွေးပြီးပြီ။ ကိုကိုးမှုန့်လည်းပါပြီ။ ကျန်တာက ချောကလက်ရွေးဖို့ပဲ။”
ကျွန်မ ချောကလက်အမျိုးအစားပေါင်းများစွာကို ပြသထားတဲ့ နေရာကိုရောက်သွားပြီး တစ်ချက်ကြည့်ကြည့်လိုက်ပေမဲ့ အမျိုးအစားတွေအများကြီးဖြစ်နေပြီး ခေါင်းတောင် မူးသွားသလိုပါပဲ။
“ဒါလင်က ခါးခါးလေးကြိုက်မယ်ထင်တာပဲ။ ချောကလက် အနက်ပေါ့။”
အဲဒါနဲ့ပဲ ချောကလက်အနက်တွေပဲရွေးကြည့်လိုက်ပြန်တော့ ကျွန်မမှာရွေးစရာနှစ်ခုကျန်နေပြန်တယ်။ ပုံသွင်းပြီးသား ချောကလက်ပြားနဲ့ ရိုးရိုးချောကလက်တောင့်အနက်ပါ။
“အာရာ... ဘယ်ဟာက ကွက်ကီးအတွက် ပိုကောင်းမှာပါလိမ့်။” ကျွန်မအဲဒီနှစ်ခုကိုကြည့်နေရင်းနဲ့ ခေါင်းထဲမှာ ဒါလင်ဘယ်ဟာ ပိုကြိုက်မလဲတွေးကြည့်မိတယ်။
“ဒါလင်သာဆိုရင် ချောကလက်ပြားအကြီးကြီး ကွက်ကီးပေါ်မှာ ရှိနေရင်ကြိုက်မလားပဲ။ ပုံသွင်းပြီးသားအပြားလေးတွေက သေးတယ်။ ကိုယ်တိုင်လှီးလိုက်ရင် ပိုကြီးသွားမှာမဟုတ်လား။”
အဲဒါနဲ့ ကျွန်မလည်း ချောကလက်အနက်တောင့်တစ်ခုကို ယူဖို့ပြင်လိုက်ပေမဲ့ နောက်ကနေပြီး မိန်းကလေးတစ်ယောက်ရဲ့ စကားသံကိုကြားလိုက်ရပါလေရော။
“ဟိုလေ... ကွက်ကီးလုပ်မယ်ဆိုရင် ပုံသွင်းပြီးသားက ပိုကောင်းတယ်။ ချော... ချောကလက်အတောင့်တွေကျတော့ အရည်ပျော်သွားပြီး မုန့်ဖိုထဲကထွက်လာရင် ကြည့်မလှတော့ဘူး။ ပုံသွင်းထားတဲ့ဟာကျ လွယ်လွယ်နဲ့ပုံမပျက်အောင် တခြားအမယ်တွေ ထည့်ထားသေးတာ။ လက်ဆောင်ပေးမယ်ဆို လှလှလေးဖြစ်နေသင့်တာပေါ့။”
‘ ပရိုပဲ.... တကယ့်ပရိုတစ်ယောက်က အကြံပေးနေတာ။'
ကျွန်မလည်း အဲဒီအတွေးနဲ့အတူ နောက်ကိုလှည့်ကြည့်တယ်။ မျက်နှာပေါ်မှာ ဆားဝက်ခြံတွေနဲ့ မျက်မှန်အဝိုင်းတပ်ထားတဲ့ ဒေါ်ရသီထက်တောင် ပိုရှေးဆန်နေတဲ့ စစ်အေးခေတ်က ဆံပင်ဂုတ်ဝဲကေပိုင်ရှင် ဆံနီမလေးကို ကျွန်မမြင်လိုက်ရရော။
တခြားသူတွေထက် ထူးခြားနေတာကတော့ စားဖိုမှူးဝတ်စုံကို ဝတ်ထားတာပဲ။ ကျွန်မလည်း ကယ်တင်ရှင်ကြီးရောက်လာပြီ ဆိုတဲ့အတွေးနဲ့အတူ အဲဒီကောင်မလေးရဲ့လက်ကိုဖမ်းဆွဲပြီး သူ့ရှေ့မှာ ဒူးထောက်ချလိုက်မိတော့တာပဲ။
“ဆ... ဆရာ.... ကျေးဇူးပြုပြီး ဒီအမိုက်အမဲလေးကို လမ်းပြပေးပါ။”
“ရှင်... ဘယ်... ဘယ်လို....” အဲဒီကောင်မလေးကတော့ သိပ်ကိုအံ့ဩသွားတဲ့ပုံပဲ။ ကျွန်မကလည်း ရုတ်တရက်ကြီး တောင်းဆိုခဲ့တာကိုး။
တကယ်က ကျွန်မကိုကူညီပြီးသင်ပြပေးမယ့်သူ အမှန်လိုနေတာ။ အရင်က သူများလက်ဆောင်ပေးတာပဲရဖူးပြီး ကိုယ်တိုင် လက်ဆောင်မပေးဖူးတာမလို့ ချောကလက်ကွတ်ကီးလုပ်နည်း သိဖို့ဆိုရင် ဝေလာဝေးရော။ လိုင်းပေါ်ကဟာတွေကြည့်ပြီး လုပ်ရင်လည်းရတယ်ဆိုပေမဲ့ ခဏခဏအမှားလုပ်မိပြီးတော့ အကြိမ်ကြိမ်အခါခါကြိုးစားနေရမှာသေချာတယ်။
နောက်ဆုံးရလဒ်ကလည်း ကောင်းချင်မှကောင်းမှာရယ်။ ဒီတော့ ကျွမ်းကျင်သူတစ်ယောက်ရဲ့အကူအညီကို ရယူလိုက်တာ အကောင်းဆုံးပဲ။