ဧကရာဇ်ရှီးဟယ်ကိုဆင့်ခေါ်ခြင်း
Vol. 20 Ch. 275
အခန်း (၂၇၅) ဧကရာဇ်ရှီးဟယ်ကိုဆင့်ခေါ်ခြင်း
နတ်ဘုရားရာထူးတစ်ခုကို အမှတ်မထင် ရရှိခဲ့ခြင်းက ကျန်းလန်အတွက် အမှန်တကယ် စိတ်မကောင်းစရာပင်။ မဟုတ်ပါက သူလိုချင်သည့်နာမည်ကို ကိုယ်တိုင်ရွေးခြယ်ယူမည် ဖြစ်သည်။
ဧကရာဇ်ရှီးဟယ်နှင့် ဧကရာဇ်ချုန်းကိုးတို့ကတော့ သူတို့ကိုယ်ပိုင်နာမည်ကို စိတ်ကြိုက်ရွေးခြယ်ခဲ့ကြဟန် ရှိသည်။
အကယ်၍ တစ္ဆေတိုင်းပြည်မှ လူများသာ နတ်ဘုရားရာထူးတစ်ခု ရရှိခဲ့မည်ဆိုလျှင် မည်သို့နာမည်ပေးမည်ကို ကျန်းလန် အလွန်သိချင်မိသည်။
"လက်သီးနတ်ဘုရား" ဆိုသည်ထက် ကောင်းမွန်သည့် နာမည်တစ်ခုတော့ ထွက်ပေါ်လာမည် မထင်ပေ။
ကျန်းလန်က နတ်မိစ္ဆာများပြောနေသည့် စကားများကို အရေးမစိုက်ဘဲ ဆက်ပြီး စာဖတ်နေခဲ့သည်။
သူက နတ်မိစ္ဆာများပေးသည့်ပစ္စည်းကို သွားယူမည်မဟုတ်ပေ။ သူတို့၏ ထောင်ချောက်အတွင်း ကျရောက်သွားနိုင်သည် မဟုတ်ပါလား။
သူ့အနေဖြင့် နတ်မိစ္ဆာများကို မည်သို့ ယုံကြည်နိုင်ပါမည်နည်။ သူ အန္တရယ်တစ်စုံတစ်ခု ကျရောက်ခဲ့လျှင် ဘာမှတတ်နိုင်မည် မဟုတ်ပေ။
နတ်မိစ္ဆာများက သူ့ကို အသုံးချခြင်းဖြစ်နိုင်သလို တစ်စုံတစ်ခု ပြုလုပ်လိုခြင်းလည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ကျန်းလန်က စိတ်မဝင်စားပေ။
လက်ရှိတွင် နတ်ဘုရားရာထူးပိုင်ဆိုင်သူများ၏ကိစ္စများတွင် ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက်မရှိသေးပေ။ သူက လုံလောက်အောင် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးရာ ပါဝင်ပတ်သက်မိလျှင် သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။
ဆရာဖြစ်သူမော့ကျန်းသုန့် ရေးသားထားသည့် မိုးကောင်းကင်အင်မော်တယ်အဆင့်နှင့်ပတ်သက်သည့်စာအုပ်ကို ကျန်းလန် ဆက်လက်လေ့လာနေခဲ့သည်။ ထိုစာအုပ်ထဲတွင် အဆင့်တက်ရောက်ရာတွင် သတိပြုရမည့် အချက်များကို ရေးသားထား၏။
သူ တာအိုတံခါးသို့ ဝင်ရောက်နိုင်ပြီဆိုလျှင် အစစ်အမှန်အင်မော်တယ်ခန္ဓာကို အပြည့်အ၀ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့နောက် အထွတ်ထိပ်စွမ်းအားကို အသုံးပြုပြီး မိုးကောင်းကင်လမ်းကြောင်းသို့ ဝင်ရောက်ရမည် ဖြစ်သည်။
မိုးနှင့်မြေကြားရပ်တည်ပြီး မိုးကောင်းကင်လမ်းကို ဖြတ်ကျော်ပျံသန်းပြီးလျှင် မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။
အချိန်အတန်ကြာ စာဖတ်ပြီးနောက် ကျန်းလန် စာအုပ်ကို ပိတ်လိုက်သည်။
"မိုးကောင်းကင်အင်မော်တယ်အဆင့်ကိုတက်ရင် ထူးခြားတဲ့ သဘာဝဖြစ်စဉ်တွေ ၊ ပြင်ပထူးခြားချက်တွေ ကြုံတွေ့ရမယ်လို့တော့ စာအုပ်ထဲမှာ ဖော်ပြမထားဘူး ၊ ကြည့်ရတာ နောက်ထပ် နှစ်ပေါင်း (၂၀) ၊ (၃၀)လောက်ဆိုရင် ငါတော့ အေးအေးဆေးဆေးနဲ့ မိုးကောင်းကင်အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မယ် ထင်တယ်"
နောက်ထပ် နှစ်ပေါင်း (၃၀) ဆိုလျှင် သူ ဂိုဏ်းထဲဝင်သည်မှာ (၃၉၅) နှစ် ရှိပြီ ဖြစ်သည်။
ရှောင်ယွိကတော့ ဂိုဏ်းထဲဝင်သည်မှာ နှစ်ပေါင်း (၄၅၀) ရှိပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူမ အင်မော်တယ်တစ်ပါး ဖြစ်နေပေတော့မည်။
ယခုပင်လျှင် ရှောင်ယွိက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်ရာ သူမက တမင်သက်သက် အချိန်ဆွဲထားကြောင့်သာ အင်မော်တယ်ဖြစ်ရန် နှောင့်နှေးနေခြင်း ဖြစ်၏။
ထို့ကြောင့် သူမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန်အတွက် အများဆုံး နှစ်ပေါင်း (၈၀)ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။
"နှစ်ပေါင်း (၈၀) ၊ အဲဒီအချိန်ဆိုရင် ငါ ဂိုဏ်းထဲကိုရောက်တာ နှစ်ပေါင်း (၄၄၅) နှစ်ရှိလောက်ပြီ ၊ အများအမြင်မှာ မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ရောက်နေလောက်ပြီ ၊ နှစ်ပေါင်း (၁၅၀)လောက်ဆိုရင် ငါလည်းအင်မော်တယ် ဖြစ်လာရတော့မယ်"
နှစ်ပေါင်း (၁၅၀) က သူ့အတွက် အဆင်ပြေလေသည်။
ထို့နောက် ကျန်းလန်က စာအုပ်ကို သူ့နေရာသူပြန်ထားလိုက်ပြီး စာကြည့်တိုက်မှ ထွက်ခွာလာခဲ့သည်။ သူ မရဏဂူသို့ပြန်ကာ ဆက်လက်ကျင့်ကြံရဦးမည် မဟုတ်ပါလား။
***
ညအချိန်…
မရဏဂူထဲတွင် ကျန်းလန် ကျင့်ကြံနေလေသည်။
ထိုစဉ် သူ၏စိတ်အာရုံထဲတွင် အသံများ ထပ်မံကြားယောင်လာရပြန်သည်။
"ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"
တစ်ဖက်လူက သူ၏ နတ်ဘုရားရာထူးအမည်ကို ထပ်မံရွတ်ဆိုနေခြင်း ဖြစ်၏။
ထို့နောက် စကားပြောသံများ ထွက်ပေါ်လာသည်။
"ကျုပ်တို့ဧကရာဇ်ပေးလိုက်တဲ့လက်ဆောင်နဲ့အတူ ခွန်လွန်တောင်ရဲ့ လျှို့ဝှက်ချက်တွေလည်း ပါဝင်ပါတယ်"
"အဲဒီလျှို့ဝှက်ချက်တွေထဲမှာ ခွန်လွန်တောင်အန္တရယ်ကင်းဖို့နဲ့ ပတ်သက်နေတဲ့ သတင်းအချက်အလက်တွေ ပါဝင်တယ် ၊ အဲဒါတွေက ခွန်လွန်တောင်ကို ဖျက်စီးနိုင်စွမ်း ရှိပါတယ် ၊ ဒါမှမဟုတ် ပိုပြီးအင်အားကြီးမားလာစေတာမျိုးလည်း ဖြစ်နိုင်ပါတယ်"
"အဲဒါက ကျုပ်တို့ဧကရာဇ်ရဲ့ လက်ဆောင်တစ်ခုပါပဲ"
ထို့နောက် အသံက ပျောက်ကွယ်သွားသည်။
ကျန်းလန် ထိုအသံများကို မကြားချင်တော့ပေ။ သို့သော် ထိုအသံများကို ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ။
ကျန်းလန် မျက်လုံးများကို ဖွင့်လိုက်ပြီး မရဏဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဒီအသံတွေနဲ့ ငါ ဆက်ကျင့်ကြံလို့ကို မရတော့ဘူး ၊ အဖြေတစ်ခုတော့ ရှာရမယ်"
နတ်မိစ္ဆာများက ခွန်လွန်တောင်အနီးအနားရောက်နေကြသော်လည်း ခွန်လွန်တောင်ခြေတွင် သွားလာနေကြခြင်း မဟုတ်ပေ။
ထို့ကြောင့် ခွန်လွန်တောင်က သူတို့ရောက်ရှိရှိနေခြင်းကို သတိပြုမိရန် ခက်ခဲပေမည်။
နတ်မိစ္ဆာများ အရှေ့တံတားအောက်တွင် ထားရှိမည့်ပစ္စည်းအကြောင်း ခွန်လွန်တောင်က စုံစမ်းသိရှိမည်လားဆိုသည်ကိုတော့ ကျန်းလန် မသိရှိပေ။
ထိုပစ္စည်းကို ခွန်လွန်တောင်က တွေ့ရှိသွားမည်ဆိုလျှင် ကြီးမားသည့် ပြဿနာ မဖြစ်နိုင်ပေ။ သို့သော် ထိုပစ္စည်းကို ခွန်လွန်တောင်က ရှာမတွေ့ခဲ့ဘူးဆိုလျှင် ခွန်လွန်တောင် ထိခိုက်နစ်နာမည် ဖြစ်သည်။
"မဟုတ်သေးဘူး ၊ အဲဒီပစ္စည်းကြောင့် ခွန်လွန်တောင် တစ်ခုခုထိခိုက်သွားမှာ စိုးရတယ်"
ကျန်းလန်တွေးလိုက်သည်။
ခွန်လွန်တောင်နှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များသာ ဖွင့်ချခံလိုက်ရပါက ခွန်လွန်တောင်အနေဖြင့် အကြီးအကျယ် ထိခိုက်နစ်နာပေမည်။
ထိုသို့သောကိစ္စမျိုးကို ကျန်းလန် အရေးမစိုက်ဘဲ မနေဝံ့သလို ကိုယ်တိုင်ပါဝင်ပတ်သက်ရဲခြင်းလည်း မရှိပေ။
ထို့ပြင် နတ်မိစ္ဆာများက သူ၏နတ်ဘုရားရာထူးနာမည်ကို တတွင်တွင် ခေါ်ဆိုနေလေရာ သူဝင်မပါလျှင်လည်း သူ၏ အနာဂတ်ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ထိခိုက်မှု ရှိလာမည် ဖြစ်၏။
"ငါ အပြင်သွားမှ ဖြစ်တော့မယ်"
ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းချပေးပြီးနောက် မရဏဂူထဲမှ ထွက်သွားတော့သည်။
ညလေအေးက တိုက်ခတ်နေပြီး မှောင်မိုက်နေသည့် ညကေင်းကင်ထက်တွင် ကြယ်ရောင်များက လင်းလက်တောက်ပလျှက်ရှိသည်။
သို့သော် ညသည် မကြာခင် ဇာတ်ခုံပေါ်မှ တွန်းထုတ်ခံရပေတော့မည်။
ကျန်းလန် ခြံဝန်းဆီသို့ မပြန်တော့ဘဲ ခွန်လွန်တောင်အပြင်ဘက်သို့ တန်းပြီးထွက်ခွာလာခဲ့သည်။
ဧကရာဇ်ချုန်းကိုးကိစ္စနှင့်ပတ်သက်ပြီး သူ မည်သည့်နည်းနှင့်မှ ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်နှင့် ရည်ရွယ်ချက် မည်သို့ရှိမည်ကိုလည်း မသိရှိပေ။
ကျန်းလန် အရှေ့တံတားသို့ သွားမည်ဆိုလျှင် ဧကရာဇ်ချုန်းကိုးသာ ရုတ်တရက်ထွက်ပေါ်လာပါက အလွန်အန္တရယ်များပေမည်။
ထို့ကြောင့် သူက ဤပြဿနာကိုဖြေရှင်းရန် သွယ်ဝိုက်သည့်နည်းလမ်းတစ်ခု အသုံးပြုရမည် ဖြစ်သည်။
***
ကျန်းလန် ချင်းချန်မြို့သို့ရောက်လာချိန်တွင် နေထွက်လာပြီ ဖြစ်လေသည်။
နံနက်ခင်းဖြစ်သောကြောင့် ကောင်းကင်ကလည်း ကြည်လင်တောက်ပလျှက် ရှိ၏။
ကျန်းလန်က ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
မြို့ငယ်လေးအတွင်း သွားလာနေကြသူများအနေဖြင့် ကျန်းလန်၏ ပုံစံကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမည် ဖြစ်သော်လည်း သူတို့မြင်တွေ့ရသည့်ရုပ်သွင်ကို မှတ်မိကြမည် မဟုတ်ပေ။
ဤသည်က သစ်ရွက်အမြင်တန်ခိုးစွမ်းအား၏ သက်ရောက်မှု နောက်တစ်မျိုး ဖြစ်သည်။
ကျန်းလန် စာရေးကိရိယာရောင်းသည့် ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။
သူက သိမ်မွေ့စွာဖြင့်…
"ဆိုင်ရှင်… စုတ်တံတစ်ချောင်းနဲ့ စာရွက်နည်းနည်းလောက် ဝယ်ချင်လို့"
"ကြေးပြား (၁၀) ပြားကျမယ်"
စာပေသမားပုံစံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူရွယ် ဆိုင်ရှင်ကဆိုသည်။
ကျန်းလန်က ကြေးပြား (၁၀)ပြားထုတ်ယူပြီး ဆိုင်ရှင်လက်ထဲထည့်ပေးလိုက်၏။
ထို့နောက် စုတ်တံနှင့် စာရွက်များကိုယူကာ ထွက်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ထဲမှ ပျောက်ကွယ်သွားသည်။
သူ ကအရှေ့တံတားသို့ မသွားရောက်ပေ။ ထိုနေရာတွင် သူ့ကိုစောင့်နေသူတစ်ယောက် သေချာပေါက် ရှိနေပေလိမ့်မည်။
ချင်းချန်မြို့တွင်လည်း သူ့ကို စောင့်ကြည့်နေသူ ရှိနိုင်သော်ငြား သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသောကြောင့် သတိထားမိရန်မှာ မလွယ်ကူပေ။
ကျန်းလန် ထိုင်စရာကျောက်တုံးစားပွဲတစ်ခုကို ရှာဖွေလိုက်ပြီး ဝယ်ယူလာသည့်စာရွက်များထက်တွင် တစ်စုံတစ်ခုကို ရေးသားနေသည်။
ယခင်က သူ၏ နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး စမ်းသပ်ရန်ပြင်ဆင်ထားသည့် အကြံအစီကို ယခုတော့ အခြားတစ်ယောက်အတွက် အသုံးပြုရတော့မည် ဖြစ်သည်။
ကျန်းလန် စာရွက်ပေါ်တွင် စာလုံးအချို့ကို သေသေချာချာ ရေးသားလိုက်ပြီးနောက် စိတ်သက်သာရာရသွားဟန်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။ သူ့ကို မည်သူမှ စောင့်ကြည့်နေခြင်းမရှိသည်ကို တွေ့လိုက်ရ၏။
ဤသည်က ကောင်းသည့်အချက်ပင်။
ထို့နောက် ကျန်းလန်က စာရွက်ပေါ်တွင် စာလုံးများကို ထပ်မံရေးသားလိုက်သည်။ စုစုပေါင်း စာရွက် (၃)ရွက် ရေးသားလိုက်သည်။
စာရွက် (၃)ရွက်လုံးတွင် ရေးသားထားသည့်အကြောင်းအရာများက အတူတူပင် ဖြစ်သည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ကျန်းလန် လမ်းပေါ်သို့ ထွက်ခွာလာခဲ့သည်။
ထို့နောက် အနည်းငယ် လူရှင်းသည့် ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်သွားတော့၏။
***
စားပွဲထိုးလေးက တအံ့တသြဖြင့်…
"နေ့လည်ကျ ဒီစာကိုဖွင့်ပြီးဖတ်လိုက်ရုံနဲ့ ကြေးပြား (၁၀)ပြားပေးမယ်… ဟုတ်လား"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"အင်း…"
ကျန်းလန်က စားပွဲထိုးလေးကို ကြေးပြား (၁၀)ပြား အရင်ဆုံး ထုတ်ပေးလိုက်သည်။
ထို့နောက် ဆိုင်ထဲမှထွက်လာခဲ့ပြီး ဆိုင်ရှေ့တံခါးထက်တွင် အင်းစက္ကူတစ်ရွက် ကပ်လိုက်သည်။ အင်းစက္ကူက တံခါးထက်တွင်ကပ်မိသည်နှင့် တံခါးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ထိုအရာက မျက်လုံတစ်ထောင်အင်းသင်္ကေတ ဖြစ်၏။
ထိုအင်းသင်္ကေတကို သူ၏ မျက်လုံးများအဖြစ် အသုံးပြုနိုင်ပြီး ထိုအင်းသင်္ကေတ ထားရှိရာနေရာတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများအားလုံးကို ကျန်းလန် သိမြင်နိုင်မည် ဖြစ်သည်။
ကျန်ရှိနေသည့် စာရွက် (၂)ရွက်ကို နောက်ထပ်လူ (၂)ယောက်ရှာဖွေကာ နေ့လည်ခင်းတွင် စာရွက်ကိုဖွင့်ဖတ်ရန် ကျန်းလန်က ပိုက်ဆံပေး စေခိုင်းခဲ့သည်။ ထိုသူများကို မြင်သာနိုင်သည့် နေရာတစ်ခုတွင်လည်း မျက်လုံးတစ်ထောင်အင်းသင်္ကေတကို ထားရစ်ခဲ့၏။
ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုကာ ချင်းချန်မြို့လေးအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
မျက်လုံးတစ်ထောင်အင်းသင်္ကေတများကို အသုံးပြုထားသည့်အတွက် မြို့ထဲတွင် ကိုယ်တိုင်ကိုယ်ကျ ထိုင်စောင့်စရာမလိုဘဲ အခြေအနေများကို သိရှိနိုင်မည် ဖြစ်သည်။
***
နေ့လည်ခင်းအချိန်။
ခွန်လွန်ဝတ်ကျောင်းတော်အတွင်းမှ အံ့သြတကြီးအသံတစ်သံ ထွက်ပေါ်လာသည်။
"ဟင်…"
အဘယ်ကြောင့်ဆိုသော် ခလုတ်တစ်ခု ဖွင့်လိုက်သည့်အလား ပြိုင်တူထွက်ပေါ်လာသည့် အသံ (၂)သံကို ဧကရာဇ်ရှီးဟယ် ကြားလိုက်ရသောကြောင့် ဖြစ်၏။
"ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ် ၊ သတင်းပို့ချင်တာက ဧကရာဇ်တစ်ပါးဆီက လက်ဆောင်တစ်ခုနဲ့အတူ ခွန်လွန်တောင်ရဲ့ လျှို့ဝှက်ချက်တွေပါ ရောက်နေပါတယ် ၊ အဲဒီပစ္စည်းက ခွန်လွန်တောင်ကို ဖျက်စီးပစ်နိုင်သလို အင်အားလည်း ဖြစ်လာစေနိုင်ပါတယ် ၊ အဲဒီပစ္စည်းရဲ့ တည်နေရာက ချင်းချန်မြို့ ၊ အရှေ့တံတားအောက်မှာ ဖြစ်ပါတယ်"
အသံ (၂) သံက တူညီခြင်း မရှိသော်လည်း ပေးချင်သည့် သတင်းစကားက အတူတူပဲ ဖြစ်သည်။
ဧကရာဇ်ရှီးဟယ် : "……………"
ထို့နောက် ခွန်လွန်ဝတ်ကျောင်းတော်အတွင်းမှ မျက်ဝန်းတစ်စုံသည် ဝတ်ကျောင်းတော်အပြင်ဘက်သို့ လှမ်းကြည့်လာလေတော့၏။
***
ထိုအချိန်…
ကျန်းလန်ကတော့ ခွန်လွန်တောင်ခြေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ပိုက်ဆံပေးစေခိုင်းထားသည့် လူ (၃)ယောက်က သူခိုင်းသည့်အတိုင်း လုပ် ၊ မလုပ်ကို မျက်လုံးတစ်ထောင်အင်းသင်္ကေတမှတစ်ဆင့် ကြည့်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း စားသောက်ဆိုင်မှ စားပွဲထိုးလေးက ပိုက်ဆံသာယူပြီး ခိုင်းသည့်အတိုင်း မလုပ်ခဲ့ပေ။ ကျန်လူ (၂)ယောက်ကတော့ ကျန်းလန် ခိုင်းစေသည့်အတိုင်း ပြုလုပ်ခဲ့ကြသည်။
နေ့လည်ခင်းအချိန် ကျော်သွားသည်နှင့် ကျန်းလန်ရေးသားခဲ့သည့် စာရွက် (၃)ရွက်ပေါ်မှ စကားလုံးများ ပျောက်ကွယ်သွားသည်။
စာရွက်ကိုဖတ်ခဲ့ကြသူများမှာလည်း သူတို့ဖတ်ခဲ့သည့် အကြောင်းအရာများကို ချက်ချင်း မေ့ပျောက်သွားကြသည်။ သူတို့ မည်သည့်စာကို ဖတ်ခဲ့ကြောင်း လုံး၀ သတိမရကြတော့ပေ။
ဤသည်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှ ခွဲထွက်သွားသည့် နောက်ထပ် တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။
မျက်လုံးတစ်ထောင်အင်းသင်္ကေတမှတစ်ဆင့် အဖြစ်အပျက်များကို ကြည့်နေစဉ်မှာပင် ချင်းချန်မြို့ထက်သို့ ကျရောက်လာသည့် မျက်ဝန်းတစ်စုံကို ကျန်းလန် အာရုံခံလိုက်မိသည်။
ထိုမျက်ဝန်းများက အရင်ကအတိုင်း ခမ်းနားနေဆဲပင်ဖြစ်သော ဧကရာဇ်ရှီးဟယ်၏ အကြည့်များပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တန်ခိုးစွမ်းအားကုန်ဆုံးသွားပြီဖြစ်သည့် မျက်လုံတစ်ထောင်အင်းစက္ကူများသည်လည်း လောင်ကျွမ်းပျက်စီးသွားကြသည်။
ကျန်းလန် နဖူးထက်မှ ချွေးစေးများကို လက်ဖြင့်အသာသုတ်လိုက်သည်။
အလွန်ပင် ရင်တထိတ်ထိတ်ဖြင့် ပြုလုပ်လိုက်ရသည့် အစီအစဉ်ဖြစ်သော်လည်း အမှန်တကယ် အသုံးဝင်လှသည်။
သူ့အနေဖြင့် ဧကရာဇ်ချုန်းကိုးပေးအပ်သည့်လက်ဆောင်ကို လုံး၀ သွားမယူရဲပေ။
ထို့ကြောင့် ထိုပြဿနာကိုဖြေရှင်းရန် ဧကရာဇ်ရှီးဟယ်ကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်သည်လည်း ဤကိစ္စကို စိတ်ဝင်စားပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ဧကရာဇ်ရှီးဟယ်ကို မည်သို့သတင်းပို့ရပါမည်လဲဆိုသည့်ကိစ္စ ဖြစ်သည်။
သူကတော့ သတ္တိကောင်းစွာဖြင့် "ဧကရာဇ်ရှီးဟယ်" ဆိုသည့် နာမည်ကြီးကို သွားမခေါ်ဝံ့ပါပေ။
နောက်ဆုံးတော့ သင့်တော်သည့် သာမန်လူများကို အသုံးချပြီး "ဧကရာဇ်ရှီးဟယ်" ၏ နတ်ဘုရားရာထူးကို ဖတ်ကြားစေခဲ့ကာ သတင်းပို့ပေးခဲ့သည်။
အစပိုင်းတွင် သူက "လက်သီးနတ်ဘုရား" ဆိုသည့် သူ့နာမည်ကို ရေးသားပြီး သာမန်လူများကို ဖတ်ကြားစေကာ စမ်းသပ်မှု ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အရေးပေါ်ကိစ္စဖြစ်လာလေရာ သူ့အတွက် မစမ်းသပ်ဖြစ်တော့ဘဲ ဧကရာဇ်ရှီးဟယ်ကို ဆက်သွယ်ရန် အသုံးပြုခဲ့ရသည်။
ထိရောက်မှု ရှိသွားသည့်အတွက် ကံကောင်းသည် ဆိုရမည်။
သူ့အတွက် အခက်ခဲဆုံးအချိန်မှာ "ဧကရာဇ်ရှီးဟယ်" ဆိုသည့် နာမည်ကို ရေးသားရသည့်အချိန် ဖြစ်သည်။
သူက "ဧကရာဇ်ရှီးဟယ်" ဆိုသည့်နာမည်ကို တိုက်ရိုက်မရေးရဲသောကြောင့် သံတူကြောင်းကွဲစာလုံးများဖြင့် ရေးသားခဲ့ရ၏။
ထိုနာမည်ကို ရေးသားနေချိန် မည်သူမှ သတိမထားမိသည့်အတွက် စိတ်သက်သာရာ ရခဲ့သည်။
သို့သော် သူ ပိုက်ဆံပေးပြီး စေခိုင်းခဲ့သူများက သူရေးသည့်စာကို အသံထွက်ဖတ်ကြားသည့်အခါ "ဧကရာဇ်ရှီးဟယ်" ကို ဆုတောင်းတိုင်တည်သည့်အလား ထိရောက်မှုရှိသည်ကို တွေ့ရသည်။
ဧကရာဇ်ချုန်းကိုး ပေးအပ်သည့်လက်ဆောင်ပစ္စည်းကိစ္စကို ဧကရာဇ်ရှီးဟယ်က သေချာပေါက် ကိုင်တွယ်နိုင်ပေလိမ့်မည်။