← Chapters

ချီချန်း၏ ကြိုးပမ်းအားထုတ်မှု

Vol. 7 Ch. 64

ချီချန်း၏ ကြိုးပမ်းအားထုတ်မှု

Vol. 7 Ch. 64

ဖေးရှန်ဂိုဏ်းသို့ ပြန်ရောက်သောအခါ ကျန်းချန်သည် တပည့်များ၏ ချီးမွမ်းထောပနာပြုမှုများကို အားပါးတရခံယူပြီးနောက် ယခုတစ်ကြိမ်တိုက်ပွဲများမှ သိမ်းဆည်းရရှိလာသော ဂိုဏ်းပေါင်းစုံကျမ်းစာများကို ခွဲဝေပေးလိုက်သည်။

ယခုအခါတွင်မူ ကျင့်ကြံခြင်းနည်းစနစ်များမှာ စုံလင်လှသဖြင့် ယခင်ကကဲ့သို့ ချီရီဂိုဏ်း၏ ပညာရပ်တစ်ခုတည်းကိုသာ မှီခိုနေရသည့်အဖြစ်မှ လွတ်မြောက်သွားခဲ့လေပြီ။

ထို့နောက် သူသည် ကျိလင်းဟန်နှင့် ယင်းရွှယ်အာတို့ကို ခေါ်ယူတွေ့ဆုံလိုက်သည်။

ရွှမ်ကျီရုပ်ပုံ အပိုင်းအစအတွင်းရှိ အချိန်စီးဆင်းမှုနှုန်းမှာ အပြင်လောကထက် အဆ ၁,၀၀၀ ခန့် ပိုမိုမြန်ဆန်သည်။ အပြင်လောက၌ တစ်ရက်ကုန်ဆုံးချိန်တွင် ထိုအတွင်း၌ ရက်ပေါင်း ၁,၀၀၀ ခန့် ကုန်ဆုံးသွားမည်။

၎င်းသည် အချိန်တိုအတွင်းအစွမ်းထက်လာစေရန် ဖန်တီးထားသော ထူးခြားသည့် ရတနာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် တပည့်များ၏ကျင့်ကြံမှုအဆင့်မှာ အလွန်နိမ့်နေရာ ပါယွန်းခန်းမကဲ့သို့သော ဂိုဏ်းကြီးများနှင့်ယှဉ်လျှင် အဖက်ဖက်မှ အားနည်းနေဆဲဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ၎င်းတို့အား မြေပုံအတွင်း၌ကျင့်ကြံစေပြီး အင်အားကို အလျှင်အမြန်တိုးမြှင့်ရန် စီစဉ်လိုက်ခြင်းဖြစ်၏။ တပည့်များ အဆင့်တက်ခြင်းသည် ကျန်းချန်အတွက်လည်း အမှတ်များရရှိစေမည်ဖြစ်ရာ တစ်ချက်ခုတ်နှစ်ချက်ပြတ်သည့် အကြံပင်။

သို့သော် မြေပုံအတွင်းရှိပတ်ဝန်းကျင်မှာ အလွန်ကြမ်းတမ်းလှသဖြင့် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်နှင့်အထက်ရှိသူများသာ ရှင်သန်နိုင်ပေသည်။ လက်ရှိ ဖေးရှန်ဂိုဏ်းတွင် ထိုအဆင့်သို့ရောက်ရှိနေသူမှာ ကျိလင်းဟန်နှင့် ယင်းရွှယ်အာ နှစ်ဦးသာရှိသည်။

ထိုမိန်းကလေးနှစ်ဦးကို သီးသန့်ခေါ်ယူတွေ့ဆုံသည်ကိုမြင်သောအခါ တပည့်များ၏စိတ်ထဲ၌ အတင်းအဖျင်းမီးလျှံများ တောက်လောင်လာပြန်သည်။

“ငါ ထင်သားပဲ... ဂိုဏ်းချုပ်က စီနီယာအစ်မကျိနဲ့ စီနီယာအစ်မယင်းကို အချစ်ဆုံးပဲ၊ အခု သူတို့ကို ပိုးပန်းတော့မလို့နေမှာ”

“ဂိုဏ်းချုပ်က ဘယ်သူ့ကိုရွေးမယ်ထင်လဲ”

“မင်းကတော့ အူကြောင်ကြောင်နိုင်လိုက်တာ... ငါတို့ ဂိုဏ်းချုပ်လို ခန့်ညားထည်ဝါပြီး ထူးကဲတဲ့သူက နှစ်ယောက်လုံးကို သိမ်းပိုက်မှာပေါ့”

“ဒါလည်းဟုတ်တာပဲ၊ လင်းနင်အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးထင်တယ်...”

“အရင်ကတော့ လင်းနင်က အလားအလာအရှိဆုံးလို့ ထင်ခဲ့တာ၊ အခုတော့ ဂိုဏ်းချုပ်က ကိုယ်လုံးကိုယ်ပေါက် ပိုလှတဲ့သူတွေကို ဦးစားပေးပုံရတယ်”

ထိုသို့ ဆွေးနွေးနေသံများကို ကြားရသောအခါ လင်းနင်မှာ ရင်ကွဲမတတ်ခံစားလိုက်ရပြီး ကျန်းချန်ကိုကြည့်သော သူမ၏အကြည့်မှာ ချစ်သူကိုပစ်ပယ်သွားသော ရက်စက်သည့် အမျိုးသားတစ်ဦးကို ကြည့်နေသကဲ့သို့ပင်။ ကျန်းချန်မှာမူ ‘ငါ ဘာမှမလုပ်ရသေးပါဘူး’ ဟု စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေလေသည်။

သူ၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ရွှမ်ကျီရုပ်ပုံ၏အစွမ်းသတ္တိများကို လူသိရှင်ကြား ရှင်းပြလိုက်ရသည်။ ထိုအခါတွင်လည်း ဟန်ထုတ်ရမည်ဖြစ်သဖြင့် ရွှမ်ကျီရုပ်ပုံအတွင်းရှိဟင်းလင်းပြင်ကို သူ၏တန်ခိုးစွမ်းအားများဖြင့်ဖန်တီးထားသည့် ရွှမ်ကျီဒေသဟု အရှက်မရှိလိမ်ညာပြောဆိုလေ၏။

တပည့်များအားလုံး မှင်သက်အံ့ဩသွားကြပြီး မနာလိုမှုနှင့် ကြည်ညိုမှုများ ပြိုင်တူပေါ်ပေါက်လာတော့သည်။

“ဒီလောက်ထိကြီးမားတဲ့ တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလား”

“ဂိုဏ်းချုပ်က တကယ့်နတ်ဘုရားတစ်ပါးဆိုတာ အခုတော့ အတည်ပြုလို့ရသွားပြီ”

“အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်တယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး၊ တကယ်ကို အံ့ဩစရာပဲ”

“အထဲမှာ တစ်နှစ်လောက်ကျင့်ကြံရင် အပြင်က အနှစ်တစ်ထောင်နဲ့ ညီမျှမှာပေါ့နော်”

လင်းနင်သည်လည်း စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီး ဝမ်းသာသွားရသည်။ ဂိုဏ်းချုပ်က တစ်ဦးဦးကိုရွေးချယ်လိုက်ပြီဟု ထင်မှတ်ကာ ပြိုင်ပွဲမှထွက်ခဲ့ရပြီဟု စိုးရိမ်ခဲ့ရ၏။

သူမသည် ဝိညာဉ်စုစည်းခြင်းအဆင့် ၉ သို့ ရောက်နေသည့် အကြီးအကဲ လော့ယွမ်ကိုကြည့်ကာ သူမကိုယ်တိုင်လည်း ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သို့ အမြန်ရောက်ရှိရန် စိန်ခေါ်ချက်တစ်ရပ်ကို စိတ်ထဲ၌ ချမှတ်လိုက်တော့သည်။

ကျိလင်းဟန်နှင့် ယင်းရွှယ်အာတို့မှာမူ အံ့ဩဝမ်းသာမှုနှင့်အတူ စိတ်ပျက်မှု အနည်းငယ်လည်း ဖြစ်ပေါ်နေကြသည်။ အံ့ဩသည်မှာ အဆ ၁,၀၀၀ သော အချိန်စီးဆင်းမှုနှုန်းကြောင့် ဖြစ်ပြီး စိတ်ပျက်သည်မှာမူ...

‘ငါတို့က ဒီအချိန်တိုလေးအတွင်းမှာ ဂိုဏ်းချုပ်နဲ့အတူပေါင်းဖက်ဖို့စိတ်ကူးနဲ့ ဆုံးဖြတ်ချက်တွေတောင် ချပြီးပြီကို၊ အခုကျမှ ကျင့်ကြံဖို့ပဲဆိုတော့ ငါတို့ကပဲအပိုတွေတွေးနေခဲ့တာလား’

ကျန်းချန်သည် ၎င်းတို့နှစ်ဦးအား အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအပြည့်ပါသော သိုလှောင်လက်စွပ်တစ်ကွင်းစီ ပေးအပ်လိုက်သည်။ ၎င်းမှာ နှစ်ပေါင်း နှစ်ရာ၊ သုံးရာခန့် အေးဆေးစွာသုံးစွဲနိုင်မည့်ပမာဏပင်။

အဘယ်ကြောင့်ဆိုသော် ရုပ်ပုံအတွင်းသို့ အဝင်အထွက်ကို သူတစ်ဦးတည်းသာ ထိန်းချုပ်နိုင်သဖြင့် အကယ်၍ သူ့တွင် အခက်အခဲတစ်စုံတစ်ခုဖြစ်ပေါ်ပါက ရုပ်ပုံအတွင်းပိတ်မိမနေစေရန် ကြိုတင်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

အရာအားလုံးပြင်ဆင်ပြီးသောအခါ သူသည် ဟန်ဆောင်ပန်ဆောင်ဖြင့် မန္တန်အစီအရင်တစ်ခုကို ဖော်ဆောင်လိုက်ရာ အမျိုးသမီးနှစ်ဦးမှာ အနီရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရုပ်ပုံအတွင်းသို့ ရောက်ရှိသွား၏။

“ကဲ... အားလုံး လူစုခွဲကြတော့။ အချိန်ကို အလဟဿမဖြုန်းဘဲ ကြိုးကြိုးစားစားကျင့်ကြံကြစမ်း။ မင်းတို့ရဲ့အစွမ်းကိုလည်း ပြန်ကြည့်ဦး၊ တစ်နေကုန် အဓိပ္ပာယ်မရှိတာတွေပဲ တွေးနေကြတယ်။ ဖေးရှန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ငါတစ်ယောက်တည်းကပဲ ထမ်းပိုးထားရမှာလား”

ကျန်းချန်သည် ဂိုဏ်းချုပ်တစ်ဦး၏အရှိန်အဝါဖြင့် တပည့်များကိုဆုံးမလိုက်ရာ လော့ယွမ်နှင့် ရှန်ထိုက်တို့သည် မြေးငယ်များဆုံးမခံရသကဲ့သို့ခေါင်းငုံ့ကာ ၎င်းတို့၏ကျင့်ကြံရာဂူများသို့ အလျှင်အမြန်ပြန်သွားကြတော့သည်။

ဖေးရှန်ဂိုဏ်းတွင် အေးချမ်းသာယာသောနေ့ရက်များ စတင်နေချိန်တွင် အခြားတစ်ဖက်ရှိ ပါယွန်းခန်းမ၌မူ တည်ငြိမ်မှုကင်းမဲ့နေသည်။ နှစ်ကြိမ်တိုင်တိုင်ရှုံးနိမ့်ခဲ့ရသော ချီချန်းသည် ဤကိစ္စကို ထိုအတိုင်း လက်လွှတ်မည်မဟုတ်ပေ။ ယခုအခါ သူ၏စိတ်ကူးထဲတွင် ကျန်းချန်ကို မည်သို့သတ်ရမည်ဟူသော အတွေးတစ်ခုသာရှိတော့သည်။

“ကျန်းချန်ရဲ့ တကယ့်အစွမ်းက ဝိညာဉ်အခြေတည်အဆင့်မှာပဲ အသာစီးရနိုင်တာပါ၊ အဲဒါကလည်း သူ့ရဲ့ နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ကြောင့်ပဲ။ အဲဒါသာမရှိရင် သူက သခင်လေးကိုတောင် မီမှာမဟုတ်ဘူး”

လူကျန့်က အေးဆေးစွာသုံးသပ်ပြသည်။

“ဒါပေမဲ့ သူ့ဆီမှာရှိတဲ့ အဆင့် ၉ အဆောင်စာရွက်ကို ငါတို့ ပါယွန်းခန်းမက ဘယ်သူကခုခံနိုင်မှာလဲ”

အဆင့် ၉ အဆောင်စာရွက်သည် တာအိုနန်းတော်အဆင့်ပညာရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့်ညီမျှရာ ပါယွန်းခန်းမတွင် ထိုဒဏ်ကိုခံနိုင်ရည်ရှိသူမရှိပေ။

၎င်းတို့သည် ကျန်းချန်ထံတွင် ထိုအဆောင်စာရွက်များစွာရှိနေသည်ဟု မှားယွင်းစွာထင်မြင်နေကြခြင်းပင်။

ချီချန်းသည် ကျန်းချန်၏ကံကောင်းမှုကိုမနာလိုဖြစ်ကာ ဒေါသတကြီးကြုံးဝါးနေတော့သည်။

“ငါတို့ သူ့ကိုသတ်ပြီး အဲဒီလက်စွပ်ကို လုယူရမယ်”

လူကျန့်က မျက်မှောင်ကြုတ်လျက် ခေါင်းခါပြသည်...

“ဒါက မလွယ်ဘူး။ ကောင်းကင်ကံကြမ္မာအဆင့် ပညာရှင်တစ်ယောက်တောင်မှ ကျန်းချန် အဆောင်စာရွက်မထုတ်နိုင်ခင် သတ်ပစ်နိုင်ဖို့မသေချာဘူး။”

ချီချန်းသည် အချိန်အတော်ကြာစဉ်းစားပြီးနောက် မျက်လုံးများတောက်ပလာသည်။

“အကြံရပြီ”

“နောက်တစ်လနေရင် ပါယွန်းခန်းမရဲ့ ၄၃,၅၀၀ ကြိမ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲရှိတယ်။ အဲဒီအကြောင်းပြချက်နဲ့ သူ့ကိုဖိတ်ခေါ်ကြတာပေါ့။”

ချီချန်း၏အမြင်တွင် ကျန်းချန်နှင့် သူသည် တိုက်ရိုက်ပဋိပက္ခမဖြစ်ဖူးသေးဘဲ ပြီးခဲ့သည့်အကြိမ်ကပင် သူက ကူညီမည်ဟုပြောခဲ့ဖူးရာ ကျန်းချန်အနေဖြင့် သူ့ကို သံသယရှိဦးမည်မဟုတ်ဟု တွေးမိသည်။

“ဆိုလိုတာက သူ့ကို ငါတို့နယ်မြေထဲခေါ်လာပြီးမှ အခွင့်အရေးရှာပြီး အဆောင်စာရွက်တွေပါတဲ့ လက်စွပ်ကိုလုယူဖို့လား”

“အတိအကျပဲ... အဲဒီလက်စွပ်ကိုသာရလိုက်ရင် သူက ငါတို့လက်ထဲက ငါးတစ်ကောင်လိုပဲ၊ ငါတို့ စိတ်ကြိုက်ခြယ်လှယ်လို့ ရပြီ”

ချီချန်းက သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် စိတ်လှုပ်ရှားစွာပြောလိုက်တော့သည်။

All Chapters