အဆက်မပြတ် အဆင့်တက်ခြင်း
Vol. 7 Ch. 65
ချီချန်း၏နန်းတော်နှင့် မိုင်ထောင်ချီဝေးသောနေရာတွင် ကျယ်ပြော၍ ဝင်းလက်တောက်ပနေသော ရေကန်ကြီးတစ်ခုရှိသည်။
ထိုရေကန်၏ဘေးတွင် အလွန်လက်ရာမြောက်သော ဝါးအိမ်လေးတစ်လုံး တည်ရှိနေသည်။ တောင်တန်းများဝန်းရံထားပြီး ရေပြင်ပေါ်တွင်တောင်ရိပ်များထင်ဟပ်နေပုံမှာ ကောင်းကင်နှင့် ရေပြင် တစ်သားတည်းဖြစ်နေသကဲ့သို့ ပန်းချီကားတစ်ချပ်ပမာ လှပလွန်းလှသည်။
ဆံနွယ်ရှည်များကို ဖားလျားချထားပြီး ဝတ်ရုံဖြူဆင်မြန်းထားသည့်လူငယ်တစ်ဦးသည် ငါးမျှားတံကိုင်ကာ အေးအေးလူလူငါးမျှားနေ၏။ သူ၏ရုပ်ရည်မှာခန့်ညားသော်လည်း မြူခိုးများဖုံးလွှမ်းထားသကဲ့သို့ ဖမ်းဆုပ်ရခက်သောအရှိန်အဝါမျိုးရှိနေသည်။ သူနှင့်ဝေးကွာသွားသည်နှင့် သူ၏ရုပ်သွင်ကို မမှတ်မိနိုင်တော့သကဲ့သို့ပင်။
“ဂိုဏ်းချုပ်ကျန်းချန်ဆီမှာ ကြီးမားတဲ့အခွင့်အရေးတစ်ခုရှိနေလို့ ချီချန်းက ဂိုဏ်းငါးဂိုဏ်းနဲ့ အဖွဲ့အစည်းရှစ်ခုကိုသုံးပြီး ဖေးရှန်ဂိုဏ်းကိုတိုက်ခိုက်ခိုင်းတာလို့ ဆိုတာလား”
လူငယ်သည် ဖြည်းညင်းစွာထရပ်လိုက်ရာ သူ၏စွန်းထင်းမှုကင်းသောဝတ်ရုံဖြူမှာ ရေလှိုင်းများပမာ စီးဆင်းသွားသည်။
“မှန်ပါတယ်”
ထိုနေရာတွင် အခြားသူတစ်ဦးမျှမရှိသော်လည်း ဟင်းလင်းပြင်ထဲမှ အသံထွက်ပေါ်လာခြင်းဖြစ်သည်။
“အဆင့် ၉ ဝိညာဉ်အဆောင်လား”
“မှန်ပါတယ်”
“စိတ်ဝင်စားဖို့ ကောင်းသားပဲ။”
လူငယ်၏ ပါးလွှာသောနှုတ်ခမ်းအစုံမှာ သိမ်မွေ့စွာပြုံးယောင်သန်းသွား၏။
“ချီချန်းက ဂုဏ်ပြုပွဲအခမ်းအနားအတွင်းမှာ ကျန်းချန်ရဲ့လက်စွပ်ကိုလုယူဖို့ ရည်ရွယ်ထားတာပေါ့”
“မှန်ပါတယ်”
“ဒီသခင်လေးဆိုတဲ့တစ်ယောက်က တစ်ခါတလေကျတော့လည်း အံ့ဩစရာတွေ ဖန်တီးပေးတတ်သားပဲ။ ဒီအခွင့်အရေးကို ငါ့လက်ထဲအရောက်ပို့ပေးတဲ့အတွက် ဒီတစ်ခါတော့ သူ့ကိုကျေးဇူးတင်ရမှာပဲ။”
လူငယ်၏အပြုံးသည် လှောင်ပြောင်သရော်သည့်အသွင်သို့ ပြောင်းလဲသွားသည်။ အမှောင်ထဲမှ ပုန်းကွယ်နေသူသည်လည်း ထိုစကားကို အပြည့်အဝထောက်ခံနေမိသည်။
ချီချန်း၏ ဝိညာဉ်အခြေတည်အဆင့် ၈ နှင့် ဂိုဏ်းချုပ်၏သားဟူသောဂုဏ်ပုဒ်မှာ တောက်ပသည်ဟု ဆိုနိုင်သော်လည်း ယခုရှေ့မှလူနှင့်ယှဉ်လျှင်မူ မှေးမှိန်သွားရသည်။
ပါယွန်းခန်းမ၏ နံပါတ်တစ်အစစ်အမှန်တပည့် လင်ယီသည် ကောင်ကင်ကံကြမ္မာအဆင့် ၁ သို့ ရောက်ရှိနေပြီဖြစ်ရာ ဂိုဏ်း၏အကြီးအကဲများနှင့်ပင် အဆင့်တူနေလေပြီ။
ပါရမီပိုင်းတွင် ချီချန်းမှာ သူ့ကိုမမီပေ။ စီမံခန့်ခွဲမှုပိုင်းတွင်လည်း ပါယွန်းခန်းမ၏ အကြီးအကဲ ၁၆ ဦးအနက် ၅ ဦးမှာ သူ့ဘက်သို့ ကြိုတင်ဝင်ရောက်နေကြပြီဖြစ်သည်။
အစစ်အမှန်တပည့်တစ်ဝက်မှာလည်း သူ့နောက်သို့လိုက်နေကြသည်။ ချီချန်းမှာမူ သူ့ကို မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိချေ။
ထို့ကြောင့်ပင် ချီချန်း၏လက်အောက်ငယ်သားဖြစ်သော်လည်း အမှောင်ထဲမှလူသည် လင်ယီကို တိတ်တဆိတ်သစ္စာခံလိုက်ခြင်းဖြစ်သည်။ နောင်တက်မည့်ဂိုဏ်းချုပ်ကို ကြိုတင်အမှုထမ်းခြင်းမှာ သဘာဝကျသည်မဟုတ်ပါလား။
အမှောင်ထဲမှလူ ထွက်ခွာသွားပြီးနောက် လင်ယီသည် သူ၏အခြားသော ယုံကြည်ရသူတစ်ဦးကိုခေါ်ယူကာ ပါယွန်းခန်းမ၏အကြီးအကဲချုပ်ကို ဖိတ်ကြားရန် ညွှန်ကြားလိုက်သည်။
သူသည် လုယူခြင်းစစ်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ရာနှုန်းပြည့်သေချာမှုကိုအလိုရှိသောကြောင့်ပင်။ ချီချန်း၏ ကြိုးပမ်းအားထုတ်မှုများသည် နောက်ဆုံးတွင် သူ၏အကျိုးအမြတ်သာ ဖြစ်လာပေလိမ့်မည်။
ကျန်းချန်နှင့်ပတ်သက်၍မူ... သူ၏ အကြီးမားဆုံးအမှားမှာ မပိုင်ဆိုင်သင့်သော အခွင့်အရေးကို ရယူမိခြင်းပင်။ လင်ယီ၏အမြင်တွင် ကျန်းချန်မှာ လူသေတစ်ယောက်သာ။
တစ်ချိန်တည်းမှာပင် ဖေးရှန်ဂိုဏ်းသည် ပါယွန်းခန်းမထံမှဖိတ်ကြားလွှာကို အမှန်တကယ် လက်ခံရရှိခဲ့သည်။ တပည့်အသစ်အချို့ကို စုဆောင်းထားသော်လည်း စုစုပေါင်း လူတစ်ရာပင်မပြည့်သောဂိုဏ်းမှာ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သည်။ ပြင်ပဧည့်သည် လာရောက်လည်ပတ်ခဲသဖြင့် တပည့်များစုရုံးကာ ထူးဆန်းသလိုကြည့်နေလေ၏။
လူကျန့်ကိုယ်တိုင် ကျန်းချန်ကို လာရောက်ဖိတ်ကြားခြင်းဖြစ်သည်။ ကောင်းကင်ကံကြမ္မာအဆင့် ၁ ပညာရှင်တစ်ဦးဖြစ်သော်လည်း အဆင့် ၉ အင်းစာရွက်အတွက်ကြောင့် သူသည် သတင်းပို့သူအဖြစ်နှိမ့်ချကာ ဆောင်ရွက်နေခြင်းဖြစ်၏။
“ငါ့ကို မင်းတို့ရဲ့ဂိုဏ်းတည်ထောင်ခြင်း အနှစ်သောင်းချီပွဲ အခမ်းအနားတက်ရောက်ဖို့ ဖိတ်တာလား”
“လေးသောင်းသုံးထောင်ငါးရာပြည့်ပွဲပါ”
လူကျန့်က လေးနက်စွာထပ်ပြောသည်။
“ကောင်းပြီ... မင်းတို့ဂိုဏ်းက တကယ်ကို သက်တမ်းရှည်တာပဲ။”
လူကျန့်မှာ ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရသည်။ ကျန်းချန်သည် ဤဖိတ်ကြားချက်မှာ ရန်သူ၏ အကွက်တစ်ခုဖြစ်ကြောင်း ကောင်းကောင်းသိသည်။
သူတို့ မည်သည်ကိုကြံစည်နေကြသနည်း...
ပါယွန်းခန်းမထဲသို့ မျှားခေါ်ပြီးသတ်ရန်လော....
ပါယွန်းခန်းမက သူ့ကိုရန်မူနေပြီဟု အတည်ပြုပြီးနောက် သူတို့၏ရည်ရွယ်ချက်ကို ခန့်မှန်းရန် မခက်တော့ပေ။
သွားမလား၊ မသွားဘူးလား...
ကျွမ်းကျင်သူများစွာရှိနေမည့်နေရာမျိုးတွင် ပြန်လည်ရှင်သန်ခြင်းသုံးကြိမ်က လုံလောက်နိုင်မည်လော...
သို့သော် ဖိတ်ကြားခံရခြင်းတွင် အားသာချက်တစ်ခုရှိသည်... ရန်သူ့နယ်မြေ၏ အချက်အချာနေရာသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး ထိပ်တန်းပညာရှင်အားလုံး၏ရှေ့မှောက်တွင် ရပ်တည်နိုင်မည်။ ၎င်းသည် သူတို့ကို တစ်ချက်တည်းနှင့်အပြတ်ရှင်းရန်အခွင့်အရေးဖြစ်သည်။
ပါယွန်းခန်းမကိုဖျက်ဆီးခြင်းဖြင့် ရရှိမည့်အမှတ်များကိုစဉ်းစားကာ အစ်ကိုကြီးချန် စိတ်လှုပ်ရှားလာသည်။ နောက်ဆုံးတွင် သွားရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ... ငါ လက်ခံတယ်။”
‘ဒီလောက်လွယ်လွယ်နဲ့ ထောင်ချောက်ထဲဆင်းလာတာလား’
လူကျန့်သည် ကျန်းချန်ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် အကြောင်းပြချက်များစွာ ပြင်ဆင်လာခဲ့သော်လည်း ယခုမူ အားလုံးအပိုဖြစ်သွားသည်။
သူအလွန်ဝမ်းသာသွားသော်လည်း စိတ်ထဲမှလှောင်ပြောင်နေမိသည်။
‘ဒီကောင်လေးက တကယ်အတာပဲ၊ အခုထိအသက်ရှင်နေတာ ကောင်းကင်ဘုံကစောင့်ရှောက်လို့ပဲဖြစ်ရမယ်။’
“ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ ဖိတ်ကြားလွှာပါ။ ဂိုဏ်းချုပ်ကျန်းအနေနဲ့ ဒီကျောက်စိမ်းကို သက်သေအဖြစ်သုံးပြီး အခမ်းအနားကို တက်ရောက်နိုင်ပါတယ်”
“ပါယွန်းခန်းမတစ်ခုလုံးက ဂိုဏ်းချုပ်ကြီးရောက်လာမှာကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေပါ့မယ်”
ထိုသို့ပြောဆိုပြီးနောက် သူ အလျှင်အမြန်ထွက်ခွာသွားသည်။ ကျန်းချန်သည် လက်ထဲမှ ကျောက်စိမ်းဖိတ်ကြားလွှာကို ကစားနေစဉ် တပည့်များဝိုင်းလာကြလေ၏။
“ဝိုး... ပါယွန်းခန်းမက တကယ်ပဲ ဂိုဏ်းချုပ်ကြီးကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဖိတ်တာလား၊ အံ့ဩစရာပဲ”
“ဟုတ်ပ၊ အဲဒါ ပါယွန်းခန်းမလေ... အရင်က ချီရီဂိုဏ်းနဲ့ တွမ့်မူမိသားစုတောင် သူတို့တံခါးကို ဝင်ခွင့်မရှိဘူး။”
“ဂိုဏ်းချုပ်ကြီးရဲ့အရှိန်အဝါက လွှမ်းမိုးလွန်းနေလို့ ပါယွန်းခန်းမတောင် လျစ်လျူမရှုရဲတော့တာနေမှာ”
အစ်ကိုကြီးချန်မှာ ဘာပြောရမှန်းမသိဖြစ်သွားသည်။
‘မင်းတို့ကမှ အရှိန်အဝါ လွှမ်းမိုးနေတာပါကွာ။’
ဤတပည့်များအတွက် သူစိုးရိမ်မိသည်။ ပါယွန်းခန်းမက ဖေးရှန်ဂိုဏ်းကိုရန်လိုနေကြောင်း သူတို့မသိကြသေးဘဲ ဂုဏ်ယူစရာဟုပင်ထင်နေကြသည်။
သို့သော် သူရှင်းမပြတော့ပေ။ သူတို့ ကျင့်ကြံမှုနှုန်းမြန်သော်လည်း ပါယွန်းခန်းမ၏အဆင့်နှင့်ယှဉ်လျှင်မူ အဝေးကြီးလိုသေးသည်။
အချိန်များကုန်ဆုံးသွားပြီး တစ်လပြည့်ရန်နီးကပ်လာသည်။ ထိုအတောအတွင်း ကျန်းချန်သည် ပျင်းရိနေသဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။
နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်နှင့် ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်တို့၏ ပေါင်းစပ်မှုမှာ အလွန်ပင်ထူးခြားလှသည်။ ဖေးရှန်တောင်၏ ဝိညာဉ်သွေးကြောများနှင့် ဆေးလုံးများ၏ အကူအညီဖြင့် သူသည် ဆယ်ရက်အတွင်း အဆင့်နှစ်ဆင့်တက်လှမ်းကာ ဝိညာဉ်အခြေတည်အဆင့် ၉ သို့ ရောက်ရှိခဲ့သည်။
နောက်ထပ် ဆယ်ရက်တွင်မူ သူသည် ကောင်းကင်ကံကြမ္မာအဆင့်အတားအဆီးကိုချိုးဖျက်ရန် အစွမ်းကုန်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်ကံကြမ္မာအဆင့် ၁ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ယခုအခါ သူ၏ဝိညာဉ်စင်မြင့်သည် နတ်ဘုရားနန်းတော်အဖြစ်ပြောင်းလဲသွားပြီး ယခင်ထက် ဆယ်ဆမက အစွမ်းပိုထက်လာသည်။ အရေးကြီးဆုံးမှာ သူ၏ နတ်ဘုရားနန်းတော်သည် ထိပ်တန်းအဆင့်ရှိ တောက်ပသော နတ်ဘုရားနန်းတော်ဖြစ်နေခြင်းပင်။
အဆင့်တက်သည့်နေ့တွင် ကောင်းကင်မှ နိမိတ်ကောင်းများကျဆင်းလာပြီး အရောင်အသွေးစုံသော တိမ်တိုက်များက ဆယ့်ငါးမိနစ်ခန့်ဖုံးလွှမ်းသွားသည်။ တပည့်များကမူ အစ်ကိုကြီးချန်တစ်ယောက် အထက်ဘုံတက်တော့မည်ဟုထင်ကာ ပြေးကြည့်ကြလေ၏။
ကျန်းချန်ကမူ သူ ကောင်းကင်ကံကြမ္မာအဆင့်သို့ရောက်သွားပြီဟု အမှန်အတိုင်းမပြောဘဲ ဂိုဏ်းချုပ်က နတ်ဘုရားကျင့်စဉ် ကျင့်ကြံနေသည်ဟုသာ လိမ်ညာပြောဆိုကာ ကျိလင်းဟန်နှင့် ယင်းရွှယ်အာတို့ကို ရွှမ်ကျီမြေပုံထဲမှ ထုတ်ပေးလိုက်သည်။
ထိုအမျိုးသမီးနှစ်ဦးမှာ မြေပုံထဲ၌ ရက်ပေါင်း ၁,၀၀၀ ခန့် (၈၃ နှစ်ခန့်) ကျင့်ကြံခဲ့ရသည်။ ထွက်လာချိန်တွင်မူ သူတို့၏ကျင့်ကြံမှုမှာ လုံးဝပြောင်းလဲသွားလေပြီ။ ကျိလင်းဟန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၂ မှ ဝိညာဉ်အခြေတည် အဆင့် ၉ အထိ ရောက်ရှိသွားသည်။
အကယ်၍ ကောင်းကင်ကံကြမ္မာအဆင့်အတားအဆီးသာခက်ခဲမနေပါက သူမသည် ကျန်းချန်ကိုပင် ကျော်တက်သွားနိုင်ချေရှိသည်။
ယင်းရွှယ်အာမှာမူ ပါရမီ အနည်းငယ်နိမ့်ပါးသဖြင့် ဝိညာဉ်အခြေတည်အဆင့် ၄ အထိသာ ရောက်ရှိခဲ့သည်။
ထွက်လာချိန်တွင် ပင်ပန်းနွမ်းနယ်ပြီး ဖုန်မှုန့်များပေကျံနေသော အမျိုးသမီးနှစ်ဦးကိုကြည့်ကာ အစ်ကိုကြီးချန်မှာ ကျေနပ်နေမိသည်။
သူ့ကိုသာ ထိုကဲ့သို့ ဖျော်ဖြေရေးမရှိ၊ အပန်းဖြေစရာမရှိသော နေရာတွင် ၈၃ နှစ်ကြာ ကျင့်ကြံခိုင်းပါက အသတ်ခံလိုက်သည်ကမှ ကောင်းဦးမည်။ သူသည် ထိုနေရာတွင် ၁ ရက်ပင် မနေနိုင်ချေ။
စနစ်မှတ်တမ်းများကိုကြည့်လိုက်သောအခါ ဤတစ်ကြိမ်တွင် ကျိလင်းဟန်တစ်ဦးတည်းထံမှပင် အမှတ်ပေါင်း ၂၉၁,၀၀၀ ရရှိခဲ့သည်။ ၎င်းသည် ချီရီဂိုဏ်းကဲ့သို့ ဂိုဏ်းအချို့ကိုဖျက်ဆီးခြင်းနှင့် ညီမျှသည်။
အစ်ကိုကြီးချန်၏ မျက်လုံးထဲတွင် ကျိလင်းဟန်မှာ ရတနာလေးတစ်ပါးပင်။
သို့သော် ယင်းရွှယ်အာမှာမူ ပါရမီပိုင်းအားနည်းသဖြင့် အဆင့်တစ်ခုတက်တိုင်း အမှတ် ၅၀၀ သာရရှိရာ သူမအတွက် ရင်းနှီးမြှုပ်နှံလိုက်သော ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအတွက် အမြတ်အနည်းငယ်သာ ကျန်လေသည်။