တံခါးဝရောက်မှ လှည့်ပြန်ခြင်း
Vol. 7 Ch. 67
“ဂျူနီယာမောင်လေးရှန်... ဂိုဏ်းချုပ်ရဲ့ ဒီနတ်ဘုရားအတတ်က ကြီးမားတဲ့ပေးဆပ်မှုတွေလိုအပ်တာ။ အထဲရောက်ရင် စိတ်ရောကိုယ်ပါနှစ်ပြီးကျင့်ကြံပါ၊ ဂိုဏ်းချုပ်ရဲ့စေတနာကို အလဟဿမဖြစ်စေနဲ့”
ရှန်ထိုက်မှာ အဆင့်တက်သွားသဖြင့် အလွန်ဘဝင်မြင့်နေသော်လည်း ကျိလင်းဟန်၏ လေးနက်သော သတိပေးစကားကြောင့် သူ၏အပြုံးများပျောက်ကွယ်သွားကာ
“စီနီယာအစ်မရဲ့ ဆုံးမမှုကို မှတ်သားထားပါ့မယ်၊ ဂိုဏ်းချုပ်ရဲ့ စတေးမှုတွေကို အလဟဿ မဖြစ်စေရပါဘူး”
ဟု ပြန်ပြောလိုက်သည်။
ကျန်းချန်မှာ မျက်လုံးအသာလှန်လိုက်မိသည်
ဘာစတေးမှုလဲ... ငါက ဒီမှာတင် အသက်ရှင်လျက်ကြီး ရှိနေတာကို။ လော့ယွမ် သို့မဟုတ် လင်းနင်ကို မရွေးဘဲ မင်းကိုရွေးရတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က မင်းကိုအဆင့်မြှင့်ပေးရတာ ဈေးအပေါဆုံး (အမှတ် ၃,၀၀၀ သာ ကုန်ကျသည်) မလို့ပဲ။
သို့သော် ရလဒ်ကောင်းနေသဖြင့် သူ ပြန်မပြင်တော့ပေ။
ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ပညာရှင်သုံးဦးစလုံး အဆင်သင့်ဖြစ်သောအခါ သူသည် ၎င်းတို့အား ရွှမ်ကျီရုပ်ပုံ အပိုင်းအစအတွင်းသို့ ထည့်လိုက်သည်။
“ကဲ... ဒီဂိုဏ်းချုပ်ကတော့ ပါယွန်းခန်းမကို သွားလည်လိုက်ဦးမယ်၊ မင်းတို့ကတော့ အိမ်မှာပဲနေပြီး ဂိုဏ်းကိုစောင့်ရှောက်ကြ”
“ဟင်... ဂိုဏ်းချုပ်က ပါယွန်းခန်းမကို သွားမလို့လား”
ကျိလင်းဟန်မှာ ရုပ်ပုံထဲမှထွက်လာကာစဖြစ်သဖြင့် အဖြစ်အပျက်များကို မသိသေးချေ။
တပည့်များက ရှင်းပြပြီးနောက်မှသာ ကျန်းချန် ပါယွန်းခန်းမသို့ အဘယ်ကြောင့်သွားရသည်ကို သူမ နားလည်သွားတော့သည်။ နှစ်ပေါင်းရှစ်ဆယ်ကျော် ခွဲခွာခဲ့ရပြီးမှ ယခုချက်ချင်း ပြန်ခွဲရဦးမည်လော...
“ဂိုဏ်းချုပ်ကြီး... ကျွန်မလည်း လိုက်ပါရစေ။”
သူမသည် ကျန်းချန်နှင့်အတူ အချိန်ပိုရချင်သည်။ ယင်းရွှယ်အာကလည်း မကျန်ရစ်ချင်သဖြင့်
“ကျွန်မလည်း လိုက်ချင်တယ်” ဟု ဆိုလာသည်။
ကျန်းချန်သည် အလှပဂေးလေးများနှင့်ခရီးသွားရမည့်အကြံကို သဘောကျသော်လည်း ဤပါယွန်းခန်းမခရီးစဉ်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူသိသည်။
သူသည် သေရန် သွားနေခြင်းဖြစ်ပြီး တစ်ကြိမ်ထက်မက သေရဖွယ်ရှိသည်။
အကယ်၍ ထိုမိန်းကလေးများသာ ရုန်းရင်းဆန်ခတ်ကြားတွင် အသတ်ခံရပါက ပြန်ပြင်၍ရတော့မည်မဟုတ်ပေ။
နောက်ဆုံးတွင် သူသည် ၎င်းတို့အား ငြင်းပယ်လိုက်ရသည်။
“မင်းတို့ရဲ့ကျင့်ကြံမှုကို ငါဘာလို့မြှင့်တင်ပေးခဲ့တယ်လို့ ထင်သလဲ”
အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ဆွံ့အသွားကြသည်။
“ဒါက ငါတို့ရဲ့အိမ်ကို ပိုပြီးကာကွယ်နိုင်ဖို့ပဲ”
“နားလည်လား”
ငါတို့ရဲ့အိမ်တဲ့လား... သူနှင့်အတူရှိနေမယ့်အိမ်လား...
အမျိုးသမီးနှစ်ဦးစလုံးမှာ မြင့်မြတ်သောတာဝန်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ အိမ်မက်ကမ္ဘာထဲသို့ ရောက်သွားကြပြီး ထိုအိမ်ကို အသက်ပေးကာကွယ်မည်ဟု သစ္စာဆိုကြလေတော့သည်။
အမှန်တကယ်တော့ ထိုနေရာ၌ ကျားလေးနှင့် အဝါလေးရှိနေခြင်းကပင် ခံတပ်တစ်ခုထက် ပိုမိုလုံခြုံနေပြီးသားဖြစ်သည်။
တစ်ရက်အကြာတွင် ကျန်းချန်သည် ပါယွန်းခန်းမ၏နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။
လမ်းခရီးမှာ အန္တရာယ်များလှသည်၊ သူသည် တစ်ရက်လျှင်နှစ်ကြိမ် နေရာရွှေ့ပြောင်းနိုင်သော်လည်း မတော်တဆမဖြစ်စေရန် ပုံမှန်အတိုင်းသာ ပျံသန်းလာခဲ့၏။
အကယ်၍ ဖေးရှန်ဂိုဏ်းကသာ ပါယွန်းခန်းမကိုဖျက်ဆီးချင်လျှင် ကျားလေး၏အကူအညီဖြင့် အလွန်လွယ်ကူပေလိမ့်မည်။
သို့သော် ထိုကျားမှာ သူ့ကိုကူညီမည်မဟုတ်ဘဲ လှောင်ပြောင်နေမည်ကို ကျန်းချန် ကောင်းကောင်းသိသည်။
“ဟူး... ကျင့်ကြံခြင်းလမ်းခရီးမှာ ကိုယ့်အားကိုယ်ကိုးပြီး တစ်လှမ်းချင်းလျှောက်လှမ်းရတာပါပဲ”
တောင်တံခါးသို့မဝင်မီ သက်ပြင်းချကာ နတ်ဘုရားတစ်ပါးကဲ့သို့ စကားဆိုလိုက်သေးသည်။
ဂုဏ်ပြုပွဲနေ့တွင် ခမ်းနားလှသောတောင်တံခါးဝ၌ ဝိညာဉ်သားရဲရထားလုံးများဖြင့် စည်ကားနေသည်။
ဧည့်သည်တော်များကို ခမ်းနားသောအစီအစဉ်များဖြင့် ကြိုဆိုနေကြ၏။ ပါယွန်းခန်းမ၏အဆင့်အတန်းအရ ဖိတ်ကြားခံရသူများမှာ ကောင်းကင်ကံကြမ္မာအဆင့် ၉ ပညာရှင်များ သို့မဟုတ် အဆင့် ၇ ဆေးဆရာနှင့် လက်နက်ဖော်စပ်သူ မဟာဆရာကြီးများ ဖြစ်ကြသည်။.
၎င်းတို့အနက် ချန်ရှင်းမင်းဆက်၏ ပထမမင်းသား ရှန့်ပါတစ်ဦးတည်းကိုသာ အကြီးအကဲချုပ် ရွှီယွမ်ချန်းက ကိုယ်တိုင်လာရောက်ကြိုဆိုခြင်းဖြစ်သည်။
မင်းဆက်များသည် သာမန်လူများနှင့် လေလွင့်ကျင့်ကြံသူများကိုသာ အုပ်ချုပ်သော်လည်း ပါယွန်းခန်းမကဲ့သို့ဂိုဏ်းကြီးများကိုမူ ဩဇာမညောင်းလှပေ။
သို့သော် ထိုမင်းဆက်၏စစ်တပ်မှာ ဝိညာဉ်အခြေတည်အဆင့်စစ်သည်တစ်သိန်းခန့်ရှိသဖြင့် ပါယွန်းခန်းမကိုပင် ဖျက်ဆီးပစ်နိုင်သောအင်အားရှိ၏။ ပထမမင်းသား ရှန့်ပါကိုယ်တိုင်ကလည်း ကောင်းကင်ကံကြမ္မာအဆင့် ၉ သို့ ရောက်ရှိနေသူဖြစ်သည်။
“နေဦး... မင်းကဘယ်သူလဲ”
ကျန်းချန်ရောက်လာချိန်တွင် ပြင်ပအကြီးအကဲတစ်ဦးက သူ့ကိုတားဆီးလိုက်သည်။
ဖိတ်ကြားခံရသော ဧည့်သည်အားလုံးမှာ နာမည်ကျော် ပါရမီရှင်များ သို့မဟုတ် နာမည်ကြီး အကြီးအကဲများသာဖြစ်သော်လည်း ရှေ့မှလူငယ်ကိုမူ တစ်ခါမှမမြင်ဖူးချေ။
ကျန်းချန်သည် ချင်းလန်စီရင်စုကို သုတ်သင်ခဲ့သော်လည်း ကျယ်ပြန့်သော ဖေးယွန်းစီရင်စုတွင်မူ ထိုသတင်းမှာ သိပ်မပြန့်သေးပေ။
“ဒီဂိုဏ်းချုပ်က ဖေးရှန်ဂိုဏ်းကပါ”
သူသည် ရင်ဘတ်ကိုမော့ကာ ကျောက်စိမ်းဖိတ်ကြားလွှာကို ထုတ်ပေးလိုက်သည်။
“ဖေးရှန်ဂိုဏ်း ဟုတ်လား”
ပြင်ပအကြီးအကဲက မည်သို့စဉ်းစားစေကာမူ သူ့ရှေ့ကလူငယ်ကိုမသိချေ။ တွမ့်မူမိသားစုနှင့် ချီရီဂိုဏ်းအကြောင်းကို ကြားဖူးသော်လည်း ဖေးရှန်ဂိုဏ်းမှာမူ အလွန်သေးငယ်လွန်းလှသည်။ သို့သော် ကျောက်စိမ်းပြားမှာ အစစ်အမှန်ဖြစ်နေသည်။
“ဒီမှာပဲ ခဏစောင့်နေဦး။”
“ဘာလို့ စောင့်ရမှာလဲ”
တံခါးဝမှာ လူတစ်သောင်းပြိုင်တူဝင်နိုင်လောက်အောင်ကျယ်သည် မဟုတ်လေ...
အကြီးအကဲက တည်ငြိမ်စွာပင်
“အကြီးအကဲချုပ်က ဂုဏ်သရေရှိဧည့်သည်တော်နဲ့ စကားပြောနေတာကို မမြင်ဘူးလား”
ဟု ဆိုသည်။
ကျန်းချန် ကြည့်လိုက်ရာ ရွှီယွမ်ချန်းနှင့် ရှန့်ပါတို့သည် တံခါးဝတွင်စကားကောင်းနေကြသည်မှာ မည်မျှကြာမည်ကို မည်သူမှမသိနိုင်ပေ။
မင်းသား၏အခြံအရံများကလည်း လူအများ၏အာရုံကို ဖမ်းစားထား၏။ သိသာသည်မှာ သူတို့သည် ကျန်းချန်ကဲ့သို့နာမည်မရှိသူတစ်ဦးက အရေးကြီးပုဂ္ဂိုလ်များအား နှောင့်ယှက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ကျန်းချန်မှာ ဒေါသမီးတောက်လောင်လာတော့သည်။
‘မင်းတို့ကထောင်ချောက်ဆင်လို့ ငါက စေတနာရှေ့ထားပြီးလာခဲ့တာကို၊ အခုကျတော့ ငါ့ကို ဧည့်သည်တော်တွေရဲ့ နောက်ခံကားချပ်အဖြစ် သုံးချင်တာလား... ငါ့ရဲ့ သိက္ခာကို ဘယ်နား သွားထားရမလဲ’
“ကောင်းပြီလေ... ဒါဆိုလည်းသွားပြီဗျာ”
သူသည် ဒုတိယအကြိမ်စဉ်းစားမနေတော့ဘဲ လက်ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။
ပြင်ပအကြီးအကဲမှာ ကြောင်အသွားရသည်
ဘာဖြစ်သွားတာလဲ... သာမန်ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်ဆိုတာ ဝင်ခွင့်ရဖို့ဦးညွှတ်ရမှာ မဟုတ်ဘူးလား... ခဏစောင့်ခိုင်းတာကို စော်ကားတယ်လို့ ထင်နေတာလား... မင်းကိုယ်မင်း ဘာမှတ်နေလို့လဲ...
“သွားချင်ရာ သွားစမ်းပါ”
အကြီးအကဲက မဲ့ကာရွဲ့ကာဖြင့် ကျန်းချန်၏ကျောပြင်ကို ကြည့်ပြီး ကျန်ရစ်ခဲ့သည်။ သူ့အတွက်တော့ ဆုံးရှုံးစရာမရှိချေ။
“နေဦး... နေပါဦး...”
“ဂိုဏ်းချုပ်ကျန်း... ခဏလောက်စောင့်ပါဦး”
အနီးအနားတွင်ပုန်းကွယ်နေသော လူကျန့်မှာ ဆောက်တည်ရာမရဖြစ်ကာ ပြေးထွက်လာ၏။
သူသည် မိုးမလင်းမီကတည်းက တံခါးဝတွင်လာစောင့်နေခဲ့ခြင်းဖြစ်သည်။
ကျန်းချန်သာ စိတ်ပြောင်းသွားလျှင် သို့မဟုတ် အခမ်းအနားကိုမေ့သွားလျှင် သူတို့၏ အစီအစဉ်များ အကုန်ပျက်ကုန်မည် မဟုတ်ပါလား။
ကျန်းချန်သည် သူတို့အတွက် အလွန်အရေးပါသော သားကောင်ဖြစ်သည်။ သူ ရောက်လာသည်ကို မြင်သောအခါ လူကျန့်မှာ အလွန်ဝမ်းသာသွားခဲ့ရသည်။ သူတို့ ဇာတ်တိုက်ထားသော ထောင်ချောက်ထဲသို့ အဓိကဇာတ်ဆောင် ရောက်လာပြီဖြစ်သည်။
သို့သော် ကျန်းချန်သည် တံခါးဝကိုရောက်ကာမှ အထဲမဝင်ဘဲ လှည့်ထွက်သွားခြင်းမှာ မည်သို့သောအဓိပ္ပါယ်နည်း...