အကျပ်ရိုက်နေသော လူကျန့်
Vol. 7 Ch. 68
ကျန်းချန်သည် သိပ်အမြန်ကြီးလျှောက်သွားခြင်းမဟုတ်သဖြင့် လူကျန့်မှာ သူ့ရှေ့သို့ လျှင်မြန်စွာ ပိတ်ရပ်လိုက်နိုင်သည်။
“ဂိုဏ်းချုပ်ကျန်း... ဘာလို့ အထဲမဝင်ဘဲ လှည့်ပြန်သွားရတာလဲ… ကျွန်တော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုမှာ လိုအပ်ချက်တစ်ခုခု ရှိနေလို့လား”
သူသည် ကျန်းချန်၏လက်ချောင်းမှ သိုလှောင်လက်စွပ်ကို တစ်ချက်ကြည့်လိုက်သည်။ အဆင့် ၉ ဝိညာဉ်အဆောင်များ ထွက်ပေါ်လာခဲ့သည့် ထိုလက်စွပ်ပင်ဖြစ်သည်၊ မှားစရာမရှိချေ။
ရတနာအမွေအနှစ်မှာ သူ၏ရှေ့မှောက်သို့ ရောက်နေလေပြီ။ သူ့ကို ခန်းမထဲမျှားခေါ်ပြီး ထောင်ချောက်ဆင်နိုင်သရွေ့ ဤအရာအားလုံးမှာ သူ၏အပိုင်ဖြစ်လာမည်...
အမှန်တကယ်တော့ ကျန်းချန်သည်လည်း လှည့်ပြန်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။ ချီချန်းနှင့် လူကျန့်တို့က သူ၏ သိုလှောင်လက်စွပ်နှင့် အခွင့်အရေးများကို လုယူချင်နေကြသကဲ့သို့ သူသည်လည်း ပါယွန်းခန်းမကို အမှတ်ပေါင်းများစွာရရှိမည့် အမှတ်ထုတ်စက်ကြီးအဖြစ် သဘောထားနေသည် မဟုတ်ပါလား...
မင်းတို့က ငါ့ကိုရန်မူဖို့ကြံစည်နေရင် အနည်းဆုံးတော့ စိတ်ရင်းအမှန်ပြဦးမှပေါ့။ အမြင့်ဆုံးအဆင့် ဧည့်ခံမှုကိုတောင် မပေးချင်ဘဲနဲ့ ဘာလို့ လာပြီးထောင်ချောက်ဆင်ချင်နေရတာလဲ... မင်းတို့မှာ အမြင်ကို မရှိဘူး
သူ တမင်တကာပင် လှောင်ပြုံးပြုံးလိုက်သည်...
“ဧည့်ဝတ်မကျေတာ ဟုတ်လား... မင်းတို့ ပါယွန်းခန်းမဆိုတာ ငါတို့လိုလူတွေ လက်လှမ်းမမီနိုင်တဲ့ နေရာကြီးပဲ။ ဒါပဲဗျာ... သွားပြီ”
ကျန်းချန်ဟန်ဆောင်နေခြင်းဖြစ်ကြောင်း လူကျန့်သိသော်လည်း အစီအစဉ်က မအောင်မြင်သေးသဖြင့် အသံကိုနှိမ့်ကာ ချိုချိုသာသာပြောလိုက်ရသည်။
“ဂိုဏ်းချုပ်ကျန်း... ဘာကိုဆိုလိုတာလဲ... ခင်ဗျားက ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး ဧည့်သည်တော်ပါပဲ...”
အစ်ကိုကြီးချန်က မျက်လုံးလှန်ပြလိုက်သည်...
“အရေးအကြီးဆုံး ဟုတ်လား... ငါတော့ အဲဒီလိုမထင်မိပါဘူး။ ခုနတင် မင်းတို့လူတွေက ငါ့ကို စောင့်ခိုင်းနေတာလေ။ ဒါက အရေးအကြီးဆုံးဧည့်သည်တော်ကို ဆက်ဆံတဲ့ပုံစံလား”
“ဘာ... အဲဒီလို ဖြစ်သွားတာလား”
လူကျန့်မှာ ဒေါသထွက်လွန်းသဖြင့် အသည်းပင်နာသွားရသည်။ တစ်ဖက်တွင် သူသည် ကျန်းချန်ကို ဒေါသထွက်မိသည်
‘မင်းက ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်ပဲ၊ ဝင်ခွင့်ရတာကိုပဲ ကျေးဇူးတင်ရမှာကို ဘာလို့ ဒီလောက် မာနလာကြီးနေရတာလဲ’
နောက်တစ်ဖက်တွင်မူ ထိုပြင်ပအကြီးအကဲကို ဒေါသထွက်မိသည်
‘မင်းက ဘာလို့ ကြားထဲက ဝင်ရှုပ်ရတာလဲ’
‘တောင်တံခါးဝက ဒီလောက်ကျယ်တာကို သူ့ကို အေးအေးဆေးဆေးဝင်ခိုင်းလိုက်ရင် ဘာမှ ဖြစ်မှာမဟုတ်တာကို ဘာလို့တားရတာလဲ’
သူသည် ထိုပြင်ပအကြီးအကဲကို အသံလှိုင်းဖြင့်ခေါ်ယူလိုက်သည်။
“အကြီးအကဲလူ... ကျွန်တော့်ကို ဘာခိုင်းမလို့လဲ... ဒါက အကြီးအကဲရဲ့ မိတ်ဆွေဟောင်းလား”
ဤပြင်ပအကြီးအကဲမှာ အဆင့်မမြင့်သော်လည်း အကဲခတ်တော်သူဖြစ်သည်။
လူကျန့်က ကျန်းချန်ဘေးတွင်ရပ်နေသည်ကို မြင်သောအခါ သူ တစ်ခုခုမှားသွားပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ သို့သော် အချိန်နှောင်းသွားခဲ့ပြီ။
ဆင်ခြေမပေးနိုင်မီမှာပင် လူကျန့်က သူ့ကို ပြင်းထန်စွာ ပါးရိုက်လိုက်သည်။
ဖြောင်း
ထိုအကြီးအကဲမှာ မူးဝေသွားပြီး ထိုနေရာမှာပင် လဲကျသွားတော့သည်။
“မင်းက မျက်စိမရှိဘူးလား... ဘယ်လိုသတ္တိနဲ့ ဂိုဏ်းချုပ်ကျန်းကို တားရဲတာလဲ”
“မင်းက ဂိုဏ်းချုပ်ကျန်းကို အပြင်မှာ တကယ်ပဲ စောင့်ခိုင်းရဲတယ်ပေါ့... မင်း အသက်မရှင်ချင်တော့ဘူးလား”
အကြီးအကဲမှာ ထိုးနှက်ချက်ကြောင့် ကြောင်အသွားသော်လည်း နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ဘဲ ထပ်ကာထပ်ကာ ဦးညွှတ် တောင်းပန်နေရသည်။
လူကျန့်သည် ပါယွန်းခန်းမ၏ အဓိကအာဏာစက်အတွင်းရှိ အကြီးအကဲ ၁၆ ဦးအနက် တစ်ဦး ဖြစ်၏။
သူကမူ ထောင်နှင့်ချီသော ပြင်ပအကြီးအကဲများထဲမှတစ်ဦးသာဖြစ်ရာ အဆင့်အတန်းနှင့် ခွန်အားမှာ ကွာခြားလွန်းသဖြင့် မည်သို့မျှမယှဉ်နိုင်ပေ။
ထိုအခါမှ လူကျန့်က ပြုံးရွှင်သောမျက်နှာဖြင့်
“ဂိုဏ်းချုပ်ကျန်း... အခု စိတ်ကျေနပ်ပြီလား”
ဟု မေးလိုက်သည်။
ကျန်းချန်သည်လည်း ဘာပြောရမှန်းမသိ ဆွံ့အသွားရသည်။ ဤရိုက်နှက်မှုမှာ သူ့ကိုပြရန်အတွက်သာဖြစ်ကြောင်း သူသိသော်လည်း ဤဂိုဏ်းကြီးများမှာ လူသားဆန်မှု မရှိဘူးလားဟု စိတ်ထဲမှဝေဖန်နေမိ၏။
၎င်းကို မြင်သောအခါ သူကဲ့သို့ တပည့်များကိုဂရုစိုက်သောဂိုဏ်းချုပ်မှာ အမှန်တကယ်ကို လူကောင်းလေးပဲဟုတွေးကာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူမိသွားသည်။
“ကောင်းပြီ... လမ်းပြစမ်း။”
လူကျန့်၏အပြုံးမှာ အေးခဲသွားလုမတတ် ဖြစ်သွားသည်။
ဤကလေးက သူ့ကို လမ်းပြသူအဖြစ် သုံးနေသည်လား...
မတတ်နိုင်ပေ၊ လက်စွပ်နှင့် အခွင့်အရေးအတွက် သူ သည်းခံရမည်...
“ဂိုဏ်းချုပ်ကျန်း... ဒီဘက်က ကြွပါ”
နှစ်ဦးသား တောင်တံခါးအဝသို့ အလျှင်အမြန်ပြန်ရောက်လာကြသည်။
အကြီးအကဲချုပ် ရွှီယွမ်ချန်းနှင့် ပထမမင်းသား ရှန့်ပါတို့၏ နှုတ်ဆက်စကားများ ပြီးဆုံးသွားပြီဖြစ်ရာ သူတို့ အထဲဝင်တော့မည်ဖြစ်သည်။
ခုနက လူကျန့်နှင့် ကျန်းချန်တို့၏ ရှုပ်ထွေးမှုမှာ အနည်းငယ်ဝေးကွာသောနေရာ၌ဖြစ်သဖြင့် သူတို့ကို မနှောင့်ယှက်မိချေ။ လူကျန့်သည် နောက်ထပ်ပြဿနာမတက်စေရန် ကျန်းချန်ကို ဘေးဘက်မှ တိတ်တဆိတ်ခေါ်ဆောင်သွားရန်ကြံစည်သည်။
သို့သော် ကျန်းချန်က ထပ်မံရပ်တန့်လိုက်ပြန်သည်။ လူကျန့်မှာ စိတ်ရှည်စွာဖြင့် အသံကိုနှိမ့်ကာ
“ဂိုဏ်းချုပ်ကျန်း... ဘာဖြစ်ပြန်တာလဲ”
ဟု မေးလိုက်ရသည်။
“ငါက အရေးအကြီးဆုံးဧည့်သည်တော် မဟုတ်လား”
“ဒါပေါ့...”
လူကျန့်က ပါးစပ်မှ ဝန်ခံလိုက်သော်လည်း စိတ်ထဲတွင်မူ
‘မင်း ငါတို့ရဲ့သားကောင် ဖြစ်သွားတဲ့အခါကျမှ မင်းဘယ်လောက်အရေးကြီးလဲဆိုတာ သိရမယ်’
ဟု တွေးနေသည်။
ကျန်းချန်က ရှန့်ပါကို တစ်ချက်ကြည့်ကာ မကျေမနပ်ပြောလိုက်သည်
“ငါက အရေးအကြီးဆုံးဆိုရင် သူတို့က ဘာလို့အလယ်ကလမ်းလျှောက်ပြီး ငါက ဘေးကနေ လျှောက်ရမှာလဲ”
မင်း...
လူကျန့်မှာ ထဆဲမိမတတ်ဖြစ်သွားသည်။ သူက ယဉ်ကျေးမှုအရ မင်းက အရေးကြီးဆုံးပါဟု ပြောလိုက်သည်ကို ဤကလေးက အမှန်တကယ် ထင်နေသည်လော...
မင်းက ဘယ်လောက် တန်ဖိုးရှိလို့လဲ...
ကောင်းကင်ကံကြမ္မာအဆင့် ၉ မှာရှိနေတဲ့ ချန်ရှင်းမင်းဆက်ရဲ့ ပထမမင်းသားနဲ့ နှိုင်းယှဉ်ဖို့တန်လို့လား...
မင်းကို သူနဲ့အတူတူပေးဝင်တာကိုက အဆင့်မြင့်ဆက်ဆံမှုဖြစ်နေပြီ၊ ဟုတ်ပြီလား...
“အဲဒါက... ဂိုဏ်းချုပ်ကျန်း၊ ဘေးကနေဝင်လည်းရတာပဲကို ဘာလို့ ဒီလိုအပေါ်ယံဟန်ဆောင်မှုတွေကို ဂရုစိုက်နေရတာလဲ”
ကျန်းချန်က တည်ကြည်သော မျက်နှာထားဖြင့်
“အဲဒါတော့ မရဘူး။ ငါက ဖေးရှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ငါ့ရဲ့ပုံစံက ဂိုဏ်းရဲ့မျက်နှာပဲ... ငါ့ကို ဘေးကနေ လျှောက်ခိုင်းပြီး တခြားသူတွေအတွက် နောက်ခံဖြစ်ခိုင်းတာဟာ ငါ့ဂိုဏ်းကိုအသရေဖျက်တာပဲ၊ ဒီဂိုဏ်းချုပ်က ဒါကိုလက်မခံနိုင်ဘူး”
သူ့စိတ်ထဲတွင်မူ အော်ဟစ်ရယ်မောချင်လွန်းသဖြင့် အောင့်ထားရသည်။
ဘာပဲဖြစ်ဖြစ် မင်းတို့က ငါ့ကိုဒုက္ခပေးဖို့ကြံစည်ထားမှတော့ ငါကဒီအခွင့်အရေးကိုသုံးပြီး မင်းတို့ကိုပြန်မကစားရင် ရှုံးတာပေါ့
လူကျန့်၏မျက်နှာမှာ ဝမ်းချုပ်နေသူတစ်ဦးကဲ့သို့ ရှုံ့မဲ့သွားသည်။
အကယ်၍ လက်စွပ်ထဲက အဆင့် ၉ ဝိညာဉ်အဆောင်ကြောင့်သာမဟုတ်ရင် မင်းတို့ဂိုဏ်းက ဒီထဲဝင်ဖို့ အရည်အချင်းတောင် မရှိဘူး၊ ဘာမျက်နှာအကြောင်း ပြောနေတာလဲ... မင်းက မင်းသားကိုတောင် လမ်းဖယ်ခိုင်းချင်နေတာလား
“ဂိုဏ်းချုပ်ကျန်း... ခင်ဗျား နားလည်မှုလွဲနေပါပြီ။ ခင်ဗျားက ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး ဧည့်သည်တော်ဖြစ်တာကြောင့် ခင်ဗျားကို ရှေ့ကပေးသွားသင့်တာမှန်ပေမယ့် အခု ဘေးကသွားခိုင်းတာက ခင်ဗျားရဲ့ ကောင်းကျိုးအတွက်ပါ”
“ဘာလို့လဲ”
လူကျန့်မှာ မြေခွေးအိုကြီးပီပီ မျက်စိတစ်မှိတ်အတွင်း ဆင်ခြေတစ်ခုရှာတွေ့သွားသည်
“ဟို ရွှေရောင်သရဖူဆောင်းထားတဲ့သူကို မြင်လား... အဲဒါ ချန်ရှင်းမင်းဆက်ရဲ့ ပထမမင်းသားပဲ။ အကယ်၍ ခင်ဗျားက ရှေ့ကသွားလို့ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေရင် ခင်ဗျားက ဧည့်သည်ဖြစ်နေရင်တောင် ကျွန်တော်တို့မကာကွယ်ပေးနိုင်ဘူး”
မင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဘေးကနေ တိတ်တိတ်ကလေး ဝင်စမ်းပါ
“ဘာမင်းသားလဲ... ငါ တစ်ခါမှမကြားဖူးဘူး။ ပြောရရင် ငါက အလယ်ကနေသွားချင်တယ်၊ မရရင်တော့ မိတ်ပျက်ပြီပဲ”
အစ်ကိုကြီးချန်သည် မိုက်မဲ၍ ထောင်လွှားသောပုံစံကို အပီအပြင်သရုပ်ဆောင်ပြလိုက်သည်။
လှည့်ထွက်သွားတော့မည့်ပုံစံမှာ အလွန်ပီပြင်၏။ လူကျန့်မှာ ငိုချင်စိတ်ပင် ပေါက်သွားရသည်။
တံခါးဝရောက်နေပြီလေ အေးအေးဆေးဆေးနေပေးလို့ မရဘူးလား...
သူက ကျန်းချန်ကို ပြန်ဆွဲထားရပြန်သည်
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော် တောင်းပန်ပါတယ်၊ ပြဿနာတစ်ခုလျော့တာက တစ်ခုပိုတာထက် ကောင်းပါတယ်”
“ဒီဂိုဏ်းချုပ် စတင်ထွက်ပေါ်လာကတည်းက ဘယ်ပြဿနာကိုမှမကြောက်ခဲ့ဖူးဘူး... ဂိုဏ်းရဲ့ဂုဏ်သိက္ခာဟာ ထိုက်တောင်ကြီးထက်တောင် ပိုအရေးကြီးတယ်”
ကျန်းချန်က ရင်ကိုကော့ကာ အော်ဟစ်လိုက်သည်။ သူက ကြွားလုံးထုတ်နေခြင်း မဟုတ်ချေ။
တစ်ရက်လျှင်သုံးကြိမ်ပြန်ရှင်နိုင်သည့်စွမ်းရည်ရှိနေမှတော့ ချန်ရှင်းမင်းဆက်ရဲ့ဧကရာဇ်လာရင်တောင် သူ မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် သူကတော့ ကိစ္စကိုမကြီးကြီးအောင်လုပ်မည်။
လူကျန့်မှာ ကျန်းချန်ကိုဆွဲခေါ်ကာ တိတ်တဆိတ်ဝင်ရန်ကြံစည်သည်။ ထိုအချိန်တွင် သူသည် သူ့ကိုယ်သူရော ဤကလေးကိုပါ ကိုယ်ပျောက်ချင်မိ၏။
သို့သော် ကျန်းချန်က မည်သို့ ပူးပေါင်းပါမည်နည်း... သူသည် လက်ခါလိုက်ကာ မျက်နှာချက်ချင်းမည်းသွားသည်။
“အကြီးအကဲလူ... ခင်ဗျားမှာ စိတ်ရင်းအမှန် လုံးဝမရှိဘူးပဲ၊ ဒီဂိုဏ်းချုပ်အပေါ် လေးစားမှုလည်း မရှိဘူး... ဒါက မင်းတို့ပါယွန်းခန်းမရဲ့ ဧည့်ဝတ်ပြုပုံလား”
သူသည် တမင်တကာပင် အသံကိုမြှင့်ပြောလိုက်ရာ ယခုအခါ ပထမမင်းသားသာမက ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးပါ လှည့်ကြည့်လာကြတော့သည်။
လူကျန့်မှာ ရူးသွပ်မတတ် ဖြစ်သွား၏။ သူသည် မင်းသားကိုလည်း မစော်ကားရဲသလို ကျန်းချန်ကိုလည်း အလွတ်မပေးချင်ပေ။
“ဘာဖြစ်တာလဲ”
ရှန့်ပါက နောက်ဆုံးတွင် အာရုံစိုက်လာခဲ့ပြီး အခြားတစ်ဖက်မှ အကြီးအကဲချုပ် ရွှီယွမ်ချန်းက အလျှင်အမြန် ရှင်းပြလိုက်သည်။
“အဲဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ တခြားဧည့်သည်တစ်ယောက်ပါ၊ သူက မင်းသားကြီးနဲ့ယှဉ်ရင် အဆင့်အတန်း အများကြီးနိမ့်ပါးပါတယ်၊ ဂရုစိုက်နေဖို့ မလိုပါဘူး။”
သူသည်လည်း ကျန်းချန်ကိုသိနေသောကြောင့် ကိစ္စကိုသေးအောင်လုပ်ပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ချင်နေသည်။