← Chapters

သူတို့က တကယ်ကိုအလိုက်သိတာပဲ

Vol. 7 Ch. 69

သူတို့က တကယ်ကိုအလိုက်သိတာပဲ

Vol. 7 Ch. 69

ကျန်းချန်နှင့် တစ်ခါမျှမဆုံဖူးသော်လည်း ပါယွန်းခန်းမ၏ နံပါတ်တစ်အစစ်အမှန်တပည့် လင်ယီသည် သူ့ကို တိတ်တဆိတ်ပစ်မှတ်ထားနေခဲ့သည်။

လင်ယီ၏နောက်ခံဖြစ်သော အကြီးအကဲချုပ် ရွှီယွမ်ချန်းသည်လည်း လင်ယီနှင့်အတူ ကျန်းချန်အကြောင်းကို စူးစမ်းနေ၏။

ကျန်းချန်သည် ဂိုဏ်းပေါင်းများစွာကို သုတ်သင်ခဲ့ပုံနှင့် မျက်စိသုံးလုံးကျားရှိနေခြင်းတို့ကို သူတို့ အကုန်သိထားကြသည်။

သူတို့၏အစီအစဉ်မှာ ချီချန်းနှင့် လူကျန့်တို့ကိုသုံးပြီး ကျန်းချန်အား အထဲသို့မျှားခေါ်ရန်ဖြစ်သည်။ ထို့နောက်မှ လက်စွပ်နှင့် အခွင့်အရေးများကို ကြားဖြတ်လုယူမည်။

ထို့ကြောင့် ကျန်းချန်သည် ချီချန်း၏ထောင်ချောက်ထဲသို့ အောင်အောင်မြင်မြင် ဆင်းသက်လာစေရန် သူ စိတ်ရင်းဖြင့် ဆုတောင်းနေမိသည်။

သို့သော် ယခုမူ အစီအစဉ်မှ အနည်းငယ်သွေဖည်သွားပုံရသည်။ ကျန်းချန်က အကြောင်းပြချက်မရှိဘဲ လူကြားထဲတွင် ဟန်ရေးပြချင်နေပြီး ပထမမင်းသားကလည်း သူ့ကိုစိတ်ဝင်စားသွားပုံရသည်။

“အဲဒီလိုလား... ဒီဧည့်သည်ကိုမမြင်ဖူးဘူးပဲ။ ငါလည်း သူ့ကိုသိချင်သွားပြီ။ အကြီးအကဲရွှီ... မိတ်ဆက်ပေးပါဦးလား...”

“အဲဒါက...”

ရွှီယွမ်ချန်းတစ်ယောက် ဝေခွဲမရဖြစ်သွားသည်။ သူသည် ပထမမင်းသား၏အမိန့်ကို မဖီဆန်ရဲပေ။

သို့သော် ကျန်းချန်၏ကိစ္စတွင် အရှုပ်အထွေးများမဖြစ်စေချင်ပေ။ အကယ်၍ မင်းသားသာ အမှန်တရားကိုသိသွားပါက သူတို့အတွက် အခွင့်အရေးကို ကြားဖြတ်လုယူရန် ခက်ခဲသွားပေလိမ့်မည်။

“ဘာလဲ... အကြီးအကဲရွှီက မိတ်မဆက်ပေးချင်ဘူးလား...

ပထမမင်းသား၏ မျက်နှာမှာ ချက်ချင်း တည်သွားသည်

“ဒါမှမဟုတ် အကြီးအကဲရွှီက ငါ့ကို ဒီလူနဲ့သိဖို့မတန်ဘူးလို့ ပြောချင်တာလား...”

“ဘယ်လိုသတ္တိနဲ့ ကျွန်တော်မျိုးက အဲဒီလိုပြောဝံ့ပါ့မလဲ။ မင်းသားကြီး နားလည်မှုလွဲနေပါပြီ...”

အကျပ်ကိုင်ခံလိုက်ရသဖြင့် သူသည် မင်းသားကို ကျန်းချန်နှင့် တွေ့ဆုံပေးရန် ခေါ်ဆောင်သွားလိုက်ရတော့သည်။

အခြားတစ်ဖက်တွင်မူ လူကျန့်သည်လည်း အလွန်စိုးရိမ်ထိတ်လန့်နေသည်။ ပထမမင်းသား တကယ်ကြီးလျှောက်လာသည်ကို မြင်သောအခါ ဤပြဿနာရှာသည့်ကျန်းချန်ကို အကြိမ်ပေါင်းတစ်ရာလောက် သတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။

“အကြီးအကဲလူ... ဒီဧည့်သည်တော်ကို မင်းသားကြီးနဲ့ မိတ်မဆက်ပေးတော့ဘူးလား...”

အကြီးအကဲရွှီသည် ကျန်းချန်ကို မသိသလိုဟန်ဆောင်ကာ ထိုတာဝန်ကို လူကျန့်ထံ လွှဲပြောင်းပေးလိုက်သည်။

“ဗျာ...”

လူကျန့်သည် ခန့်မှန်းရခက်သော မျက်နှာထားရှိသည့် ပထမမင်းသားကို တစ်ချက်ကြည့်လိုက်ကာ စိတ်ထဲမှ ငြည်းတွားနေမိသည်။

“ဒါက ဖေးရှန်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ကျန်းချန်ပါ...”

“ဖေးရှန်ဂိုဏ်း... ဘယ်လိုဂိုဏ်းမျိုးလဲ...”

ပထမမင်းသား ဤအမည်ကို တစ်ခါမျှမကြားဖူးပေ။ စောစောက လူကျန့်သည် ဤလူကို အလွန်အလေးထားနေသည်ကို သတိထားမိသဖြင့် အခြားအင်ပါယာ မင်းဆက်တစ်ခုခုမှ ထိပ်တန်းဂိုဏ်းတစ်ခုခုကဟု သူထင်နေခဲ့ခြင်းဖြစ်သည်။

“အဲဒီလို မဟုတ်ပါဘူး၊ မင်းသားကြီး နားလည်မှုလွဲနေပါပြီ။ ဖေးရှန်ဂိုဏ်းဆိုတာ ကျွန်တော်တို့ ဖေးယွန်းစီရင်စုရဲ့ ချင်းလန်နယ်က ဂိုဏ်းတစ်ခုပါပဲ။”

“ချင်းလန်နယ်...”

ပထမမင်းသား၏မျက်ဝန်းထဲတွင် အံ့ဩမှုများ ခဏတာဖြတ်ပြေးသွားသည်။ ဤသည်မှာ စိတ်ဝင်စားစရာပင်။

သူသိသလောက် ချင်းလန်နယ်တွင် ထည့်ပြောလောက်စရာဂိုဏ်းဟူ၍မရှိဘဲ အားလုံးမှာ ပုရွက်ဆိတ်များသာ။ သို့ဆိုလျှင် လူကျန့်က ဘာကြောင့်ဤလူကိုအလွန်တန်ဖိုးထားနေရသနည်း...

သူ စဉ်းစားနေစဉ်မှာပင် ကျန်းချန်က စိတ်မရှည်တော့ပေ။

“အခုတော့ ငါ့ရဲ့ဂုဏ်သတင်းကိုသိပြီမလား။ သိရင်လည်း မြန်မြန်လမ်းဖယ်ပေးကြလေ။ ဒီဂိုဏ်းချုပ်က အလယ်ကနေ သွားချင်လို့။”

လူကျန့် နှင့် ရွှီယွမ်ချန်းတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း သွေးအန်ချင်စိတ် ပေါက်သွားကြသည်။

‘ညီလေးရယ်... မင်းကလည်း အတင်းအကျပ်ကြီး လုပ်လွန်းနေပြီ။ ဒီလောက်ကြီး တည့်တိုးပြောဖို့လိုလို့လား။ မင်းရဲ့ ဂုဏ်သတင်း...

မင်းမှာ ဘာနာမည်ကျော်ကြားမှု ရှိလို့လဲ... ပထမမင်းသားရဲ့ အစွမ်းက ဘယ်လောက်လဲဆိုတာရော မင်း သိရဲ့လား...’

“မင်း...”

ရွှီယွမ်ချန်းသည် ထုံးစံအတိုင်း ရဲတင်းလှချည်လားဟုအော်ဟစ်ကာ သူ့ကိုနှိမ်နင်းပြီး ပထမမင်းသား၏ဒေါသကို ဖြေဖျောက်ပေးချင်သော်လည်း နောက်ဆုံးတွင် ကျန်းချန်ကို စိတ်မဆိုးစေရန် သတိရသွားသဖြင့် ထိုစကားများကို ပြန်မျိုချလိုက်ရသည်။

ကျန်းချန် က မျက်ခုံးပင့်ကာ

“မင်း... ဘာဖြစ်လဲ...” ဟု မေးလိုက်သည်။

“မင်း... မင်းတို့အားလုံးက ချစ်ချစ်ခင်ခင်နဲ့ သဟဇာတ ဖြစ်သင့်တာပေါ့။ ဂိုဏ်းချုပ်ကျန်းချန်က စနေတာပါဗျာ။”

ဘေးပတ်ဝန်းကျင်မှ လူများမှာ အလွန်အံ့ဩသွားကြသည်။

ဘာတွေ ဖြစ်ကုန်တာလဲ...

ဤလူသည် ပထမမင်းသားအပေါ် ထိုမျှအခြေအထိ ရိုင်းစိုင်းသောစကားများ ပြောဆိုနေသည်ကို အကြီးအကဲချုပ်က ရိုက်သတ်မပစ်ဘဲ သည်းခံနေသည်လော...

ရှန့်ပါအပါအဝင် ပါရမီရှင်အချို့၏ မျက်ဝန်းထဲတွင် လူသတ်ချင်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး ရှေ့တိုးလာကြသည်။

သို့သော် နောက်တစ်ခဏတွင် ရှန့်ပါကိုယ်တိုင်က လက်မြှောက်ကာ သူတို့ကိုတားဆီးလိုက်၏။ ဤကိစ္စမှာ ပို၍စိတ်ဝင်စားစရာ ကောင်းလာသည်ကို သူသိလိုက်သည်။ ဤကျန်းချန်တွင် မည်သို့သောထူးခြားချက်ရှိနေသနည်း...

“ငါ စနေတာမဟုတ်ဘူး။ ငါက မင်းတို့ရဲ့ အရေးအကြီးဆုံးဧည့်သည်တော်ဖြစ်မှတော့ အလယ်ကနေ လမ်းလျှောက်တာက သဘာဝပဲလေ။”

အစ်ကိုကြီးချန်သည်လည်း တမင်ရွဲ့ပြောနေခြင်းဖြစ်သည်။ ဤမြေခွေးအိုကြီးများ ကြောက်လေ၊ သူက ပိုလုပ်လေပင်။

“မလုပ်ပါနဲ့...”

“ဂိုဏ်းချုပ် ကျန်းချန်... မင်းသားကြီးကို ဘယ်နေရာသွားထားမလို့လဲ...”

လူကျန့်နှင့် ရွှီယွမ်ချန်းနှစ်ဦးစလုံး သူ့ကိုတားကြသည်။ အမှန်အတိုင်းပြောရလျှင် ရွှီယွမ်ချန်းသည် ထိုနေရာ၌ပင် ကျန်းချန်၏လက်စွပ်ကို ကြိုတင်လုယူချင်စိတ် ပေါက်နေလေ၏။

လက်စွပ်ကိုရလိုက်သည်နှင့် ဤကလေးကို သူကြိုက်သလိုလုပ်နိုင်သည်မဟုတ်ပေလော။

သို့သော် သူ၏ဝိညာဉ်အာရုံဖြင့် တိတ်တဆိတ်စမ်းသပ်ကြည့်လိုက်သောအခါ ကျန်းချန်မှာ ကောင်းကင်ကံကြမ္မာအဆင့် ၁ သို့ ရောက်နေသည်ကို သိလိုက်ရသည်။

၎င်းသည် သူတို့သတင်းရထားသော ဝိညာဉ်အခြေတည်အဆင့် ၇ ထက် များစွာပိုအစွမ်းထက်နေခြင်းဖြစ်၏။ သူ၏ ကောင်းကင်ကံကြမ္မာအဆင့် ၄ အစွမ်းဖြင့် ကျန်းချန်က အဆင့် ၉ ဝိညာဉ်အ‌ဆောင်ကိုမထုတ်မီ သူ့ကိုနှိမ်နင်းနိုင်ပါ့မလားဆိုသည်ကို မသေချာပေ။

“မရရင်လည်း ငါ သွားပြီ။”

“မလုပ်ပါနဲ့ ဂိုဏ်းချုပ်ကျန်းချန်... ခင်ဗျားက ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပါ...”

အကြီးအကဲနှစ်ဦးမှာ သူ့ရှေ့တွင် ဒူးထောက်မတတ် တောင်းပန်နေကြရသည်။

“ဘယ်လိုဂုဏ်သရေရှိတာလဲ။ ဒါက ဂုဏ်သရေရှိဧည့်သည်ကို ဆက်ဆံတဲ့ပုံစံလား...”

ငါက မင်းတို့ရဲ့အစီအစဉ်တွေထဲမှာ ပူးပေါင်းပေးဖို့လာတာကို၊ ငါ့ကို လူအများကြားမှာ အရေးပေးတဲ့ အဆင့်အတန်းတောင်မပေးနိုင်ရင် မင်းတို့ရဲ့ထောင်ချောက်ထဲ ငါဘယ်လိုဆင်းပေးရမလဲ...

“ကျွန်တော်တို့... ကျွန်တော်တို့...”

လူကျန့်နှင့် ရွှီယွမ်ချန်းတို့သည် ပထမမင်းသားကို

‘မင်းသားကြီး... ခဏလောက်စောင့်ပေးပြီး ဒီလူ့ကို အရင်ပေးဝင်လိုက်ပါလား...’

ဟု မပြောဝံ့ကြပေ။

ထိုသို့ပြောခြင်းမှာ သေတွင်းတူးခြင်းပင်။ သို့သော် ထိုသို့မလုပ်ပေးလျှင်လည်း ကျန်းချန်ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ပေ။

ထိုအချိန်တွင် တောင်တံခါး၏ အချက်အချာနေရာမှ အဝေးကြည့်အဆောင်ဖြင့် ဤအခြေအနေကို စောင့်ကြည့်နေသောချီချန်းသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေရသည်။

အခြားတစ်ဖက်မှ လင်ယီသည်လည်း နဖူးကိုလက်နှင့်ပွတ်နေမိသည်။ ၎င်းသည် ဖြေရှင်းရခက်သော ပုစ္ဆာပင်။

ပထမမင်းသားကို စော်ကားမိပြီး သူ၏ဒေါသကိုခံယူမလား.... ကျန်းချန်ကို စိတ်ဆိုးစေပြီး အစီအစဉ်ကို အချိန်မတိုင်မီ ပျက်စီးစေမလား...

လင်ယီကဲ့သို့ထက်မြက်သူပင်လျှင် နှစ်ဖက်စလုံးကျေနပ်စေမည့်နည်းလမ်းကို ရှာမတွေ့ပေ။

“ကဲ... ကဲ... လမ်းဖယ်ကြစမ်း။ ငါ့လမ်းကို ပိတ်မနေနဲ့။”

အစ်ကိုကြီးချန်က သူတို့နှစ်ဦးကို တွန်းထုတ်လိုက်ပြီး ခြေထောက်နှင့်ပင် နှစ်ချက်ခန့် ကန်လိုက်သေးသည်။ ဘေးပတ်ဝန်းကျင်မှလူများ မျက်လုံးပြူးကုန်ကြ၏။

ပထမမင်းသားပင်လျှင် အာကာသနှင့် အချိန်များ လွဲချော်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤဂိုဏ်းငယ်လေးတစ်ခု၏ဂိုဏ်းချုပ်က အကြီးအကဲချုပ်နှစ်ဦးကို မြေးငယ်လေးများသကဲ့သို့ ဆဲဆိုနေသည်မှာ သူ နားကြားမှားနေခြင်းပေလော...

သို့သော်လည်း ထိုနှစ်ဦးမှာ ပြုံးရွှင်သောမျက်နှာဖြင့်သာ လိုက်ပါပေးနေရသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုရှိနေရမည်။

“ဂိုဏ်းချုပ်ကျန်းချန်က အလယ်ကသွားချင်တယ်ဆိုရင်လည်း... ကြွပါခင်ဗျာ။”

“မင်းသားကြီး...”

မင်းသား၏နောက်ကွယ်မှ နန်းတွင်းပညာရှင်များမှာ မယုံနိုင်ဘဲ ဓားများကိုဆွဲထုတ်လိုက်ကြသည်။

သူတို့အမြင်တွင် မင်းသား၏မျက်နှာကိုလျစ်လျူရှုရုံသာမက ချန်ရှင်းမင်းဆက်ကိုပါ အရေးမစိုက်ခြင်း ဖြစ်သည်။

“ဓားတွေကို ပြန်သိမ်းလိုက်။”

ရှန့်ပါသည်လည်း ပါးနပ်သူဖြစ်၏။ ဤကိစ္စနောက်တွင် လျှို့ဝှက်ချက်ရှိနေမှန်းသိပြီးနောက် သူသည် ရေစီးအတိုင်းလိုက်ပါရန် ဆုံးဖြတ်လိုက်သည်။

“မြင်လား... ဒီလူတွေက ဘယ်လောက် အလိုက်သိသလဲ။”

အစ်ကိုကြီးချန်သည် လူကျန့်၏ရင်ဘတ်ကိုပုတ်ကာ အလယ်လမ်းမကြီးမှ ခန့်ခန့်ညားညား ဝင်သွားတော့သည်။

ဘေးပတ်ဝန်းကျင်မှ လူအားလုံးမှာကြောင်အသွားကြပြီး သူတို့ဘဝတွင် တစ်ခါမျှမရှိဖူးသော အံ့ဩမှုများဖြင့် သူ့ကိုကြည့်နေကြလေ၏။

သည်လူက ဘယ်သူမို့လို့လဲ... ပထမမင်းသားတောင် သူ့ကို လမ်းဖယ်ပေးရတယ်လား...

လူအများ၏ တုံ့ပြန်မှုများကြောင့် အစ်ကိုကြီးချန်မှာ သူအမြတ်ထွက်သွားပြီဟု ခံစားလိုက်ရသည်။

ဖေးယွန်းစီရင်စုကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းမှာပင် သူ နာမည်ကျော်သွားတော့မည်လော...

ဟန်ထုတ်ခြင်း၏အကျိုးသက်ရောက်မှုက အမှန်တကယ်ကြီးမားလှသည်။ နှမြောစရာကောင်းသည်မှာ သူ၏စနစ်က အသတ်ခံရမှ အဆင့်တက်နိုင်ခြင်းဖြစ်သည်၊ အကယ်၍ ဟန်ဆောင်ရုံနှင့် အစွမ်းထက်မည်ဆိုပါက သူသည် ယခုထက်ပိုအစွမ်းထက်နေသည်မှာ ကြာပေပြီ။

လူကျန့်သည် ပထမမင်းသားကို တောင်းပန်စကားဆိုပြီးနောက် ကျန်းချန်နောက်သို့ အလျှင်အမြန် လိုက်သွားသည်။ သူ ဝမ်းမသာနိုင်ပေ။

ပထမမင်းသား၏ ထူးခြားသောအလျှော့ပေးမှုက မင်းသားသည် ပြဿနာကိုရိပ်မိသွားပြီး ဤကလေးကိုမျက်စိကျသွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ၎င်းသည် ဒုက္ခကြီးဖြစ်၏။

လမ်းတစ်လျှောက်တွင် သူ မနေနိုင်ဘဲ ညည်းတွားမိသည်

“ကံကောင်းလို့ ပထမမင်းသားက သဘောထားကြီးလို့၊ မဟုတ်ရင်တော့ ပြဿနာတက်တော့မှာပဲ...”

တိမ်တိုက်ပေါ်တွင် စီးနင်းလိုက်ပါလာသော ကျန်းချန်က ရပ်တန့်လိုက်ပြီး မကျေမနပ်ကြည့်လိုက်သည်

“ဘာလဲ... မင်းက ငါ့ကို အပြစ်တင်နေတာလား...”

လူကျန့်မှာ မိမိပါးကို နှစ်ချက်ခန့် ရိုက်ချင်စိတ်ပေါက်သွားသည်။

အဆင်ပြေနေချိန်မှာ ဘာလို့ ဒီလောက်စကားများနေမိတာလဲ...

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ခင်ဗျားက သူ့ထက်တောင် သဘောထားကြီးပါတယ်ဗျာ။ သွားကြရအောင်ပါ။”

နှစ်ဦးသား ပါယွန်းခန်းမ၏အချက်အချာနေရာသို့ အလျှင်အမြန်ရောက်ရှိလာကြသည်။

လူကျန့်က လမ်းပြကာ ကျန်းချန်ကို ပင်မတောင်ထိပ်ဘေးရှိ အဆောင်တစ်ခုသို့ ခေါ်ဆောင်သွား၏။ ထို့နောက်တွင် သူ၏အစီအစဉ်ကို စတင်အကောင်အထည်ဖော်တော့သည်။

“ဂိုဏ်းချုပ်ကျန်းချန်... ကျွန်တော်တို့ဂိုဏ်းရဲ့စည်းကမ်းအရ အခမ်းအနားမတိုင်မီ ရေချိုးပြီး အဝတ်အစား လဲလှယ်ရပါမယ်။ ခင်ဗျားရဲ့ အဝတ်အစားတွေ၊ ဝိညာဉ်ဓားတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ လက်စွပ်တွေနဲ့ တခြားအရာအားလုံးကို အပြင်မှာ ခဏသိမ်းထားပေးရပါမယ်...” (မာဆက်လား...)

All Chapters