လူလိမ်ဂိုဏ်းထဲ ရောက်သွားခြင်း
Vol. 7 Ch. 70
“အဲဒီလိုစည်းကမ်းမျိုးရှိသေးတာလား...”
“ဒါပေါ့... ဒါက ငါတို့ဂိုဏ်းရဲ့ဘိုးဘေးတွေကို လေးစားသမှုပြတဲ့အနေနဲ့ ကိုယ်ခန္ဓာကိုသန့်စင်ပြီးမှ ကန်တော့ရတာမျိုးလေ...”
လူကျန့်က အမှန်တကယ်လိုလို ပြောဆိုနေသော်လည်း ပါယွန်းခန်းမတွင် ဤသို့သောစည်းကမ်းမျိုးမရှိပေ။ သူတို့ ရေချိုးအဝတ်လဲရန် အကြောင်းပြခြင်းမှာ ကျန်းချန်၏သိုလှောင်လက်စွပ်ကို ကိုယ်တိုင်ချွတ်ခိုင်းရန် ဆင်ခြေရှာခြင်းသာ။
ချီချန်းမှာ အချိန်အတော်ကြာကတည်းက ခန်းမအပြင်ဘက်၌စောင့်နေလေ၏။ ပတ်ဝန်းကျင် တောင်တန်းများတွင်လည်း လင်ယီနှင့် သူယုံကြည်ရသည့်ပညာရှင်များက ကြားဖြတ်လုယူရန် အဆင်သင့်စောင့်နေကြသည်။
အားလုံးက ကျန်းချန်လက်စွပ်ချွတ်မည့်အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။ အဆင့် ၉ ဝိညာဉ်အဆောင်များပါရှိသည့် သိုလှောင်လက်စွပ်ကိုရလိုက်သည်နှင့် သူတို့တာဝန်ပြီးဆုံးပြီဖြစ်သည်။
“ဪ...”
ကျန်းချန်က နားလည်သလိုပုံစံနှင့် ခေါင်းညိတ်ပြပြီးမှ
“ဒါဆိုရင်တော့ ငါ မလုပ်တော့ဘူး...”
ဟု ပြောလိုက်သည်။
“ဟမ်...”
“ဘာလို့လဲ...”
ထိုအချိန်တွင် လူကျန့်တင်မကဘဲ ချီချန်းနှင့် လင်ယီတို့ပါ ကိုယ်တိုင်ကိုယ်ကျ လာမေးချင်စိတ် ပေါက်သွားကြသည်။
“ငါက သန့်ရှင်းပြီးသားပဲ၊ ရေချိုးစရာမလိုဘူး...”
နောက်နေတာလား...
အစ်ကိုကြီးချန်က အမြဲတမ်းသန့်သန့်ပြန့်ပြန့်နေတတ်သူဖြစ်သည်။
“ဒါပေမဲ့လည်း... ရေချိုးအဝတ်လဲတဲ့ အစီအစဉ်လေးတော့ လုပ်လိုက်တာ အကောင်းဆုံးပါပဲ... “
အစ်ကိုကြီးချန်က စိတ်မရှည်စွာဖြင့် သူ၏စကားကိုဖြတ်ပြောလိုက်သည်
“သူတို့က မင်းတို့ဘိုးဘေးတွေလေ၊ ငါ့ဘိုးဘေးတွေမှမဟုတ်တာ။ မင်းတို့ရေချိုးချင်ရင် သွားချိုးကြလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ...”
လုကျန့် ဆွံ့အသွားရသည်။ သူအလွန်ဒေါသထွက်သွားသဖြင့် ကျန်းချန်ကို မြေပြင်ပေါ် ဖိနှိပ်ပြီး ရိုက်နှက်ပစ်ချင်စိတ် ပေါက်သွား၏။
သို့သော် သူ အတင်းအကျပ်လုပ်လိုက်ပါက ဤကောင်လေးသည် သေချာပေါက်စိတ်ကောက်ပြီး ပြန်လှည့်ထွက်သွားမည်ကို သူသိနေသည်။
ရေချိုးအဝတ်လဲခြင်းကဲ့သို့ အသေးအဖွဲလှည့်ကွက်ဖြင့် လက်စွပ်ချွတ်ခိုင်းရန် မဖြစ်နိုင်တော့ကြောင်း သိသာသွားလေပြီ။ သူတို့အနေဖြင့် နောက်တစ်ဆင့်ကိုသာ မျှော်လင့်ချက်ထားရတော့မည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... ဂိုဏ်းချုပ်ကျန်းက မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့...”
“အချိန်ကစောသေးတော့ ထုံးစံအရ ဧည့်သည်တွေက အခမ်းအနားမစခင် ထုံမင်ခန်းမမှာ ခဏစောင့်ပေးရပါတယ်။ ဂိုဏ်းချုပ်ကျန်းကို ကျွန်တော် အခုလိုက်ပို့ပေးပါ့မယ်...”
၎င်းမှာ အမှန်တကယ်ရှိသော ထုံးစံဖြစ်သော်လည်း စောင့်ရမည့်နေရာမှာ ထုံမင်ခန်းမ မဟုတ်ဘဲ ချန်းမင်ခန်းမသာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤကောင်လေးက အမှန်တရားကို သိနိုင်စရာ အကြောင်းမရှိပေ။ ထုံမင်ခန်းမတွင်မူ ချီချန်း၏လူယုံတစ်စုက ထောင်ချောက်ဆင်ထားပြီးဖြစ်သည်။
“ဒါဆိုရင်လည်း လမ်းပြလေ...”
တောက်... သူက ကောင်းကင်ကံကြမ္မာအဆင့် ၁ ကျင့်ကြံသူဖြစ်တဲ့ငါ့ကို လမ်းပြအစေခံတစ်ယောက်လို ဆက်ဆံနေပါလား...
လုကျန့် အံကြိတ်ကာ သူ့ကဏ္ဍကို စိတ်ရှည်လက်ရှည် ဆက်လက်သရုပ်ဆောင်နေရသည်။
သူတို့နှစ်ဦးသည် အဓိကတောင်ထိပ်ရှိ ခန်းမများကြားရှိထုံမင်ခန်းမသို့ မကြာမီရောက်ရှိလာ၏။
ဝင်ဝင်ချင်းမှာပင် ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော လူအယောက်နှစ်ဆယ်ခန့်ကို ကျန်းချန်မြင်လိုက်ရသည်။ သူတို့အားလုံးမှာ ချောမောလှပသော လူငယ်လူရွယ်များ ဖြစ်ကြ၏။ သူ ဝင်လာသည်နှင့် ထိုလူများက စကားပြောရပ်ကာ စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
“အကြီးအကဲလု... ဒါက ဘယ်သူလဲ...”
“ဪ... ဒါက ဖေးရှန်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ကျန်းချန်လေ...”
လုကျန့်က ခမ်းခမ်းနားနား မိတ်ဆက်ပေးလိုက်ရာ လူတစ်ယောက်က ချက်ချင်းထရပ်ပြီး နှုတ်ဆက်လေသည်
“ဂိုဏ်းချုပ်ကျန်းဖြစ်နေတာကိုး... တွေ့ရတာဝမ်းသာပါတယ်...”
လုကျန့်က သူတို့၏ သရုပ်ဆောင်မှု ကောင်းမွန်သည်ဟုတွေးကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဤအုပ်စုတွင် လူ ၂၅ ယောက်ရှိပြီး ၁၁ ယောက်မှာ အစစ်အမှန်တပည့်များဖြစ်ကာ ၁၄ ယောက်မှာ အတွင်းစည်းတပည့်များ ဖြစ်ကြသည်။ သူတို့အားလုံးမှာ ချီချန်းအဖွဲ့၏အမာခံဝင်များဖြစ်၏။
သူတို့ ဤနေရာတွင်စောင့်နေရခြင်းမှာ အစီအစဉ်အတိုင်း ထောင်ချောက်ဆင်ရန်နှင့် သိုလှောင်လက်စွပ်ကို လှည့်စားယူရန်အတွက်သာဖြစ်သည်။
အစ်ကိုကြီးချန်မှာမူ လူလိမ်ဂိုဏ်းထဲရောက်နေသူနှင့်တူနေပြီး သူတစ်ယောက်တည်းသာ ပြင်ပလူဖြစ်ကာ ကျန်သူများအားလုံးမှာ လိမ်လည်သူများဖြစ်နေကြသည်။
“လာပါ... လာပါ... ဂိုဏ်းချုပ်ကျန်းကို မိတ်ဆက်ပေးပါရစေ...”
“ဒါက ရှုရှင်း၊ ဂိုဏ်းရဲ့ အစစ်အမှန်တပည့်တွေထဲမှာ အဆင့် ၈ ပေါ့...”
“ဒါက လီယဲ့ဟုန်၊ ဂိုဏ်းရဲ့ အစစ်အမှန်တပည့်တွေထဲမှာ အဆင့် ၁၂...”
သူသည် ယဉ်ကျေးပျူငှာဟန်ဖြင့် ဆက်တိုက်မိတ်ဆက်ပေးနေတော့သည်။
အစ်ကိုကြီးချန်မှာမူ သူတို့အမည်များကို မှတ်သားထားရန် စိတ်မကူးပေ။ တစ်ချိန်တွင် ပါယွန်းခန်းမက သူ့ကိုသတ်ရန်ကြိုးစားလာပါက ဤလူအားလုံးမှာ အလိုတူအလိုပါများဖြစ်လာမည်သာ။
“မင်းတို့အားလုံးက လူငယ်မျိုးဆက်ရဲ့ သူရဲကောင်းတွေပဲ၊ အချင်းချင်း ရင်းနှီးအောင်လုပ်ထားကြဦး...”
လုကျန့်ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်မှာ အနည်းငယ်အနေရခက်သွားသည်။
ဤလူငယ်များ၏ စိတ်ထဲတွင် ကျန်းချန်ကဲ့သို့ သေးငယ်သောနေရာတစ်ခုမှဂိုဏ်းချုပ်ကို အထင်သေးနေကြဆဲဖြစ်သည်။ သူတို့က အစီအစဉ်အရ သရုပ်ဆောင်နေကြသော်လည်း သူတို့၏ မာန်မာနကိုမူ ဖုံးကွယ်မထားနိုင်ကြပေ။ ကျန်းချန်က သူတို့ကို ဖားယားပြီး စကားအရင် လာပြောလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
သို့သော် အစ်ကိုကြီးချန်မှာမူ ပြဇာတ်လာကြည့်ခြင်းဖြစ်ကြောင်း သူတို့ မည်သို့သိနိုင်ပါမည်နည်း။
မင်းတို့ ဘာတွေကြံစည်နေကြတာလဲ... မြန်မြန်ထုတ်ပြကြစမ်းပါ... ငါတောင် နည်းနည်း စိတ်ဝင်စားလာပြီ... မင်းတို့ရဲ့ ပြကွက်တွေကို စလိုက်ကြတော့လေ...
အနည်းငယ်တိတ်ဆိတ်နေသည့်အတွက် ရှုရှင်းမှာ မတတ်သာဘဲ စတင်ပြောဆိုလိုက်ရသည်။
“ဂိုဏ်းချုပ်ကျန်း... ဒီအတိုင်းစောင့်နေရတာ ပျင်းစရာကောင်းတယ်၊ ကျွန်တော်တို့နဲ့အတူ ကစားနည်းလေးတစ်ခုလောက် ကစားမလား...”
ကစားနည်းလေးတစ်ခု...
သူတို့ စတင် လှုပ်ရှားလာပြီလား... ကျန်းချန် စတင်မျှော်လင့်မိလာသည်။
“ဘာကစားနည်းမျိုးလဲ...”
“ဂိုဏ်းချုပ်ကျန်းအပါအဝင် ကျွန်တော်တို့ ဒီမှာ ၂၆ ယောက်ရှိတယ်။ အားလုံးက ကိုယ့်ရဲ့ သိုလှောင်လက်စွပ်ကို စားပွဲပေါ်တင်ထားကြမယ်။ ပြီးရင် ရှေ့ကလူက သူ့နောက်ကလူရဲ့ လက်စွပ်ထဲမှာ ဘာပစ္စည်းတွေရှိမလဲ ခန့်မှန်းရမှာပါ...”
၎င်းမှာ ကျန်းချန်ကို လက်စွပ်ထုတ်ပေးလာစေရန် ကြိုတင်ဇာတ်တိုက်ထားသော အစီအစဉ်ဖြစ်သည်။
“ခန့်မှန်းချက်မှန်သွားရင် နောက်ကလူက အဲဒီပစ္စည်းကို ရှေ့ကလူကိုပေးရမယ်။ ခန့်မှန်းချက် မှားသွားရင်တော့ ရှေ့ကလူက သူပြောခဲ့တဲ့ ပစ္စည်းကိုပြန်လျော်ပေးရမယ်...”
“တရားမျှတမှုရှိအောင် ကျွန်တော်က ဒိုင်အဖြစ်ဆောင်ရွက်ပေးပါ့မယ်။ အချီတိုင်းမှာ သိုလှောင်လက်စွပ်ထဲမှာ ခန့်မှန်းတဲ့ပစ္စည်း တကယ် ရှိ၊ မရှိကို ကျွန်တော် စစ်ဆေးပေးမယ်။ ဘယ်သူကန့်ကွက်စရာ ရှိသေးလဲ...”
ဤကစားနည်း၏ အဓိကအချက်မှာ ဤနေရာတွင်ပင်ဖြစ်သည်။ လက်စွပ်သည် ရှုရှင်း၏ လက်ထဲသို့ ဖြတ်သန်းသွားရမည်ဖြစ်၏။ ကျန်းချန်၏လက်စွပ် သူ့လက်ထဲရောက်သည်နှင့် အစီအစဉ်တစ်ခုလုံး အောင်မြင်သွားပေလိမ့်မည်။
လီယဲ့ဟုန်က ချက်ချင်း ခေါင်းညိတ်ကာ ပြုံးလိုက်သည်
“စီနီယာအစ်ကိုရှုရှင်းက တရားမျှတမှုရှိတာ လူသိများပါတယ်။ အစ်ကို့ကို ဒိုင်အဖြစ်ထားဖို့ ကျွန်တော် အပြည့်အဝသဘောတူပါတယ်...”
ကျန်တပည့်များမှာလည်း အကြိမ်ကြိမ်ဇာတ်တိုက်ထားသဖြင့် သူတို့၏အခန်းကဏ္ဍအတိုင်း သဘောတူကြောင်း အလုအယက် ပြောဆိုလာကြသည်။
“စီနီယာအစ်ကိုရှုရှင်းကဒိုင်ဆိုရင် ကျွန်တော်တို့စိတ်ချလက်ချကစားရုံပဲ...”
“ဟုတ်တာပေါ့... မြန်မြန်စကြရအောင်...”
“စီနီယာအစ်ကိုရှုရှင်း... သေသေချာချာလေး စစ်ပေးပါဦးနော်...”
ပြောပြောဆိုဆိုနှင့် သူတို့၏ သိုလှောင်လက်စွပ်များကို စားပွဲပေါ်သို့ အလျင်အမြန်တင်လိုက်ကြသည်။
ကျန်းချန်မှာမူ ထိုနေရာတွင်ပင် အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားရသည်
တောက်... မင်းတို့သရုပ်ဆောင်တာက အရမ်းသိသာလွန်းနေတာပဲ...
ကျင့်ကြံသူတစ်စုက ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက်ကြီး ကစားကြမယ်လို့ ပြောလာတာက တကယ်ကို ထူးဆန်းလွန်းလှသည်
ထို့အပြင် လူတိုင်းက ဘာမှမစဉ်းစားဘဲ တညီတညွတ်တည်း သဘောတူလိုက်ကြတာကရော အတုကြီးမှန်း မသိသာဘူးလား...
မင်းတို့သရုပ်ဆောင်တဲ့နေရာမှာ ဒီထက်ပိုကောင်းအောင် မကြိုးစားနိုင်ကြတော့ဘူးလား... လုပ်ဇာတ်ကြီးဆိုတာ သိသာနေတာကို...
“ဂိုဏ်းချုပ်ကျန်း... ခင်ဗျားကရော မပါချင်ဘူးလား...”
ကျန်းချန်က ဘာမှမတုံ့ပြန်သေးသဖြင့် ရှုရှင်း စိုးရိမ်လာသည်။ ဤကစားနည်းမှာ သူ့ကို ထောင်ချောက်ဆင်ရန်ဖြစ်သောကြောင့် သူမပါဝင်ပါက အဓိပ္ပာယ်မရှိတော့ပေ။
အစ်ကိုကြီးချန် ဘာမှမပြောရသေးခင်မှာပင် လီယဲ့ဟုန်နှင့် အခြားသူများက ကြိုတင်ပြင်ဆင်ထားသော စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုနည်းလမ်းကို စတင်သုံးစွဲလာကြသည်။
“ဂိုဏ်းချုပ်ကျန်းက ကစားရမှာကြောက်နေတာလား... ရှုံးမှာကြောက်လို့လား...”
“ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်က ရှုံးမှာကြောက်တယ်ဟုတ်လား... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ...”
“ကျွန်တော်တို့ နားလည်ပါတယ်... ဖေးရှန်ဂိုဏ်းဆိုတာက သိပ်ပြီးချမ်းသာတဲ့ဂိုဏ်းမှမဟုတ်တာ။ ဂိုဏ်းချုပ်ကျန်းက သူ့လက်စွပ်ထဲက ပစ္စည်းတွေက သိမ်ဖျဉ်းလွန်းနေမှာ စိုးရိမ်နေတာဖြစ်မှာပါ...”
“ရပါတယ်... ရပါတယ်... ဂိုဏ်းချုပ်ကျန်းရှုံးသွားရင် ကျွန်တော်လျော်ပေးပါ့မယ်။ ပျော်ပျော်ပါးပါး ကစားကြတာပဲကို...”
“ဒီလောက်ပြောတာတောင် ငြင်းနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ပြောစရာမရှိတော့ဘူး...”
ဤကဲ့သို့သော စိတ်ဓာတ်ရေးရာတိုက်ခိုက်မှုမျိုးကိုကြားရသည်မှာ ကျန်းချန်အတွက် သူတို့ကိုယ်စား ရှက်မိသည်။ သူတို့ပြောတာက ရိုင်းလွန်းလို့မဟုတ်ဘဲ သူတို့၏ သရုပ်ဆောင်စွမ်းရည်က အောက်တန်းကျလွန်းနေသောကြောင့် ဖြစ်၏။
၎င်းက အလောသုံးဆယ်နိုင်ပြီး သိသာထင်ရှားလွန်းလှသည်။
ငါက ဘာမှမငြင်းရသေးဘူး၊ မင်းတို့က ဘာတွေ လာဆွနေကြတာလဲ...
ဒီလောက် အပေါစားဆန်တဲ့သရုပ်ဆောင်မှုမျိုးနဲ့ ထောင်ချောက်ထဲ ဘယ်သူကတိုးမလဲ...
သူတို့အတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိသည်။
“မင်းတို့က ဒီလောက်တောင် အတင်းရောအဓ္ဓမရောဖြစ်နေမှတော့ ငါလည်း စိတ်မပါဘဲ ကစားပေးရတော့တာပေါ့...”
ငါ့လိုရိုးသားပြီး စိတ်ထားကောင်းတဲ့လူမျိုးမှပဲ ဒီလိုမျိုးကူညီပြီးသရုပ်ဆောင်ပေးနိုင်မှာ... ဟုတ်တယ်မလား...
ရှုရှင်း အလွန်အမင်းဝမ်းသာသွားပြီး အစ်ကိုကြီးချန်ကို လက်မထောင်ပြလိုက်သည်။
“ကောင်းတယ်... ဂိုဏ်းချုပ်ကျန်းက တကယ်ကိုသဘောထားကြီးတာပဲ...”
ထို့နောက် သူနှင့် အခြားသူများ၏ အကြည့်များမှာ မှင်တက်သွားကြသည်။ ကျန်းချန်သည် သူ၏ အဝတ်အစားထဲမှ အခြားလက်စွပ်တစ်ကွင်းကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်ကို သူတို့ မြင်လိုက်ရသောကြောင့် ဖြစ်၏။
ဒါ... သူတို့လိုချင်တာက ကျန်းချန်ရဲ့လက်ချောင်းမှာ ဝတ်ထားတဲ့ လက်စွပ်လေ...
လုကျန့်ရဲ့ ကိုယ်တိုင် စစ်ဆေးချက်အရဆိုရင် အဲဒီလက်စွပ်က အဆင့် ၉ ဝိညာဉ်အဆောင်ကို ထုတ်ယူခဲ့တဲ့လက်စွပ်ပဲ
အခု သူ ထုတ်ပြတဲ့ လက်စွပ်က ဘာတန်ဖိုးရှိမှာလဲ...
“ကဲ... စကြရအောင်... ဘယ်သူ အရင်ခန့်မှန်းမှာလဲ...”
အမှန်တကယ်တော့ ကျန်းချန်သည် ထိုလူများက သူ၏သိုလှောင်လက်စွပ်ကိုလိုချင်နေမှန်း မသိပေ။
သို့သော် သူ၏ လက်ချောင်းတွင်ဝတ်ထားသော လက်စွပ်ထဲတွင် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆေးလုံးများစွာရှိနေသည်။ ၎င်းတို့ကို ဤလူအုပ်စုထံ အလဟဿ မဆုံးရှုံးချင်ပေ။
ထို့ကြောင့် သူသည် အခြားလက်စွပ်တစ်ကွင်းကို ထုတ်လိုက်ခြင်းဖြစ်သည်။ သူ၏ အဝတ်အစားထဲမှ ထုတ်ယူလိုက်သော ထိုလက်စွပ်မှာ လော့ယွမ်နှင့် အခြားသူများကို ကျင့်ကြံရန်အတွက် ပစ္စည်းများ ဝေပေးထားပြီးဖြစ်သဖြင့် ယခုအခါ အခွံသက်သက်သာကျန်ရှိတော့သည်။