← Chapters

အခန်း (၂၂၃)

Vol. 20 Ch. 223

အခန်း (၂၂၃)

Vol. 20 Ch. 223

​ထိုလူမှာ အနည်းငယ် အံ့အားသင့်သွားပြီး “ခင်ဗျားတို့က ဒါကို တကယ်ပဲ မသိတာလား။ ကြည့်ရတာ နယ်ဝေးကလာတဲ့ သူတောင်းစားတွေ ထင်တယ်။ ကောင်းပြီလေ... ငါကပဲ သနားဂရုဏာစိတ်နဲ့ ပြောပြပေးမယ်။ တကယ်တော့ ဒါက မခက်ခဲပါဘူး။ မင်းတို့သာ နန်းတော်က ခိုင်းတဲ့ လမ်းဖောက်လုပ်ရေးမှာ ဝင်လုပ်မယ်၊ အပင်ပန်းခံမယ်၊ ဒုက္ခခံနိုင်မယ်ဆိုရင် တစ်လကို လုပ်ခ ဝမ် ၃၀၀ တောင် ရနိုင်တယ်”

​ သူဖုန်းစားဂိုဏ်း တပည့်များမှာ မှင်တက်သွားကြသည်။

နန်းတော်က လမ်းဖောက်ခိုင်းတာ လုပ်ခပေးတယ် ဟုတ်လား။

ပြီးတော့ တစ်လကို ဝမ် ၃၀၀ တောင်လား….

ဤအချက်က သူတို့သိထားသမျှ ဗဟုသုတများကို ရိုက်ချိုးလိုက်သလိုပင်..

သူတို့ စိတ်ထဲတွင် နန်းတော်အတွက် အလုပ်လုပ်ပေးရခြင်းမှာ များသောအားဖြင့် အကျိုးအမြတ်မရှိဘဲ ထမင်းကျွေးရုံဆိုလျှင်ပင် ကံကောင်းလှပြီဟု သတ်မှတ်ထားကြသည်။ အကြောင်းမှာ ၎င်းမှာ အခမဲ့ လုပ်အားပေးရသည့် ဝတ္တရား ဖြစ်သောကြောင့် လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်ရစမြဲပင်။

​ သို့သော် ယခုမူ မဟာရှနိုင်ငံက ထမင်းကျွေးရုံသာမက လုပ်ခပါ ပေးနေသည်တဲ့လား…

လစဉ် ဝမ် ၃၀၀ တောင်…

အို... ဘုရားရေ….

ဒါက တကယ့်ကို များပြားလှသည့် ငွေပမာဏပင် ဖြစ်သည်။

သူတို့အားလုံးသည် မဟာရှ ဧကရာဇ်အတွက်ပင် အနည်းငယ် စိတ်မကောင်းဖြစ်သွားကြသည်။

​ “ဟ… ဒါက ဘာထူးဆန်းတာမှတ်လို့လဲ။ ငါတို့ မဟာရှ နိုင်ငံမှာ ဒါက ပုံမှန်ပဲ” ထိုလူက ဆက်ပြောလိုက်သည် “ငါတို့ မဟာရှနိုင်ငံမှာ လမ်းဖောက်တာတင် မကဘူး၊ ကျောက်မီးသွေးတွင်းတူးတာ၊ မြေရိုင်းတွေရှင်းပြီး လယ်တွေဖော်တာ၊ အိမ်ဆောက်တာ စသဖြင့် ဘယ်အလုပ်မဆို မင်းတို့သာ ဝီရိယရှိရှိ အားစိုက်လုပ်မယ်ဆိုရင် အိမ်ကို ပိုက်ဆံတွေ အထုပ်လိုက် သယ်သွားနိုင်တယ်”

​ “လမ်းဖောက်ရင် ဝမ် ၃၀၀ ရတယ်၊ တွင်းတူးတာနဲ့ အိမ်ဆောက်တာလည်း ဝမ် ၃၀၀ ပဲ။ လယ်ယာဖော်တဲ့ အလုပ်ကတော့ နည်းနည်းနည်းတယ်၊ ဝမ် ၂၀၀ ပဲရပေမဲ့ ကောက်ပဲသီးနှံ ရတယ်။ တစ်နှစ်တာ ထွက်သမျှ သီးနှံရဲ့ ၆၀ ရာခိုင်နှုန်းကို မင်းတို့ ရနိုင်တယ်လေ”

​ သူဖုန်းစားဂိုဏ်းတပည့်များမှာ နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားကြပြန်သည် “မဟာရှနိုင်ငံက မင်းတို့ကို ဒီလောက်တောင် ကောင်းကောင်းမွန်မွန် ဆက်ဆံတာလား”

​ “ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့်ပဲ ငါတို့ လိုချင်တဲ့ ဘဝမျိုးမှာ နေနိုင်ကြတာပေါ့” ထိုလူသည် မြို့တော်ရှိရာဘက်သို့ ဦးညွှတ်ကာ ရိုသေစွာ ပြောလိုက်သည်။ “အရှင်မင်းကြီးသာ မရှိရင် ငါ ဘယ်နေရာမှာ ပုန်းပြီး တောင်းစားနေရမှန်းတောင် သိမှာမဟုတ်ဘူး။ အခုချိန်မှာ ငါ ဘာမှထပ်မလိုချင်တော့ဘူး၊ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာမယ်။ ပြီးရင် ဘိလပ်မြေအိမ်တစ်လုံးဝယ်မယ်၊ အထည်အလိပ်စက်ရုံက မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပြီး ထွားထွားကျိုင်းကျိုင်း သားလေးနှစ်ယောက်လောက် မွေးမယ်၊ ဟားဟား…”

​ ထိုလူသည် သူ၏ ပေါက်ပြားကို ပခုံးပေါ်ထမ်းကာ အံ့အားသင့်နေသော သူဖုန်းစားဂိုဏ်းတပည့်များကို ကြည့်ပြီး စေတနာနှင့် အကြံပေးလိုက်သည် “ငါပြောမယ်... သူတောင်းစား လုပ်နေလို့ကတော့ ဘာအလားအလာမှ မရှိဘူး။ ခင်ဗျားတို့ ဘယ်လောက်ပဲ တောင်းစားတာ တော်နေပါစေ၊ သူတောင်းစားဟာ သူတောင်းစားပဲ၊ သူများ အထင်သေးတာ ခံရမယ်။ အရှင်မင်းကြီးဆီမှာ အလုပ်လုပ်တာက ပိုကောင်းတယ်။ လုံ့လဝီရိယရှိရင် အရာအားလုံး ရှိလာလိမ့်မယ်... စားစရာ၊ အိမ်၊ ပိုက်ဆံနဲ့ မိန်းမရောပေါ့”

​ ပြောပြောဆိုဆိုဖြင့် သူသည် ပျော်ပျော်ရွှင်ရွှင် လေချွန်ရင်း ထွက်ခွာသွားရာ မှင်တက်နေသော သူဖုန်းစားဂိုဏ်းတပည့်များသာ ကျန်ရစ်ခဲ့သည်။

​ “အကြီးအကဲ... တစ်ခုခုတော့ မှားနေပြီထင်တယ်”

တပည့်တစ်ဦးက တိုးတိုးလေး ကပ်ပြောလိုက်သည်။ “လောကမှာရှိတဲ့ ကျီးကန်းတွေ အားလုံးက အတူတူပဲ မဟုတ်လား၊ နန်းတော်က ဘယ်လိုလုပ် ဒီလောက် သဘောကောင်းနိုင်မှာလဲ။ ကျွန်တော် ထင်တာကတော့ ဒါတွေက အပိုတွေပဲ၊ ယုံလို့မရဘူး”

​ “ငါလည်း တစ်ခုခုတော့ မှားနေတယ်လို့ ခံစားရတယ်။ ဆက်ပြီး စုံစမ်းကြည့်ကြရအောင်” အကြီးအကဲ လိုင် က ခေါင်းညိတ်ပြလိုက်သည်။

​ သို့သော် အနည်းငယ် စုံစမ်းကြည့်ပြီးနောက် သူတို့၏ ယုံကြည်ချက်များမှာ ပြိုလဲသွားရပြန်သည်။

အကြောင်းမှာ ထိုလူပြောခဲ့သမျှ အားလုံးမှာ အမှန်တကယ် ဖြစ်နေသောကြောင့်ပင်…ဖြစ်သည်။

မဟာရှနန်းတော်အတွက် အလုပ်ကြိုးစားရန်သာ လိုအပ်သည်၊ စားစရာ၊ ပိုက်ဆံ၊ နေစရာအိမ်နှင့် ဇနီးမယား ရနိုင်မည့် အခွင့်အရေးပင် ရှိနေသည်။

ဤခံစားခွင့်မှာ တကယ့်ကို ထူးခြားလွန်းလှသည်။

အခြား မည်သည့် မင်းဆက်များတွင်မဆို ဤကဲ့သို့ အလုပ်မျိုး ရှာတွေ့နိုင်ရန် ခဲယဉ်းလှသည်။

ခဏတာလောက် သူဖုန်းစားဂိုဏ်းတပည့်များမှာ မနာလိုစိတ်များပင် ဖြစ်ပေါ်လာခဲ့ကြသည်။

သူတို့ စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ‘ငါတို့ကိုယ်တိုင်ပဲ ဒီအလုပ်ကို ဝင်လုပ်လိုက်ရင် ကောင်းမလား’ ဟုပင် တွေးမိသွားကြသည်။

​ အကြီးအကဲ လိုင် က သက်ပြင်းချကာ ခေါင်းခါရင်း “ပြည်သူတွေအပေါ် ဒီလောက် ကောင်းတဲ့ ဧကရာဇ်မျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ အပြင်လောကမှာတော့ မဟာရှဧကရာဇ်ဟာ မိုက်မဲတဲ့ အုပ်ချုပ်သူတစ်ယောက်လို့ ကောလာဟလတွေ ဖြန့်နေကြပေမဲ့ သူတို့အားလုံး မှားနေကြပုံပဲ”

​ သူဖုန်းစားဂိုဏ်းတပည့်များကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် ကမ္ဘာအနှံ့ လှည့်လည်သွားလာဖူးသည့် ဝါရင့်သူတောင်းစားများ ဖြစ်ကြသော်လည်း မိမိ၏ အာဏာကို အသုံးပြု၍ တစ်နိုင်ငံလုံးရှိ ပြည်သူများကို ဤကဲ့သို့ ကြည့်ရှုစောင့်ရှောက်သည့် ရက်ရောသော ဧကရာဇ်မျိုး တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

တကယ့်ကို လေးစားစရာပင်…

​ “အကြီးအကဲ... ကျွန်တော့်မှာ ခန့်မှန်းချက်တစ်ခု ရှိနေပါတယ်” ဟု တပည့်တစ်ဦးက ဆိုလိုက်သည်။

“ပြောစမ်း” အကြီးအကဲက လှည့်ကြည့်သည်။

“အကြီးအကဲ... ကျွန်တော်တို့ ညီအစ်ကိုတွေကများ...”

​ စကားပင် မဆုံးသေးမီ အကြီးအကဲ လိုင် က ခေါင်းခါလိုက်ကာ “မဖြစ်နိုင်တာ။ ငါတို့ သူဖုန်းစားဂိုဏ်းက ညီအစ်ကိုတွေမှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ်၊ သစ္စာဖောက်တဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ သူတို့ တစ်ခုခု အခက်တွေ့နေတာ ဖြစ်နိုင်တယ်...”

​ ထိုစဉ်မှာပင် သူဖုန်းစားဂိုဏ်းတပည့်တစ်ဦးက ရှေ့တွင်ရှိသော လူတစ်ယောက်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်သည် “အကြီးအကဲ ကြည့်ပါဦး။ ဟိုရှေ့က အာတန်ဇီ မဟုတ်လား။ ဒီဒေသက ကိစ္စတွေကို တာဝန်ယူရတဲ့ အိတ်လေးလုံးဆောင်း တပည့်လေ”

​ အားလုံး လှည့်ကြည့်လိုက်သောအခါ တပ်မှူး ဝတ်စုံကို ဝတ်ဆင်ထားပြီး စစ်သားအချို့ကို ဦးဆောင်ကာ ခေါင်းကို မော့၊ ရင်ကို ကော့ပြီး လျှောက်လှမ်းလာသော လူတစ်ဦးကို တွေ့လိုက်ရသည်။

​ “ တကယ်ပဲ အာတန်ဇီပဲ”

“စစ်တပ်မှူး ဝတ်စုံနဲ့ဆိုတော့ ငါတောင် မမှတ်မိတော့ဘူး”

“သူ အသက်ရှင်နေသေးတာပဲ၊ ဝမ်းသာစရာပဲ”

​ ထိုအချိန်တွင် စစ်တပ်မှူးသည်လည်း သူဖုန်းစားဂိုဏ်းတပည့်များကို သတိပြုမိသွားသည်။

သူ့မျက်လုံးထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် မသိချင်ယောင်ဆောင်ကာ ရှေ့သို့ ဆက်လျှောက်ရန် ကြိုးစားလေသည်။

သို့သော် သူဖုန်းစားဂိုဏ်းတပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် သူ့ကို ဝိုင်းထားလိုက်ကြသည်။

​ “အာတန်ဇီ... မင်း ငါ့ကို မမှတ်မိဘူးလား။ ငါ တာကူဇီ လေ။ ငါတို့ အတူတူ ထမင်းတောင်းစားခဲ့ကြတာလေ”

“ဟုတ်ပ။ ငါတို့ အတူတူ တံတိုင်းတွေကျော်ပြီး ပြည့်တန်ဆာအိမ်က ကောင်မလေးတွေကို ချောင်းကြည့်ခဲ့ကြသေးတယ်လေ၊ ဟဲဟဲ..”

“ညီအစ်ကို... မင်း သေပြီလို့ ငါထင်နေတာ။ အခုလို အသက်ရှင်နေသေးတာ တွေ့ရတာ ဝမ်းသာလိုက်တာ”

​ ထိုတပ်မှူး၏ စစ်သားများသည် ညစ်ပတ်ပေရေနေသော သူဖုန်းစားဂိုဏ်းတပည့်များကို တစ်လှည့်၊ ခန့်ညားလှသော သူတို့၏ တပ်မှူးကို တစ်လှည့် ကြည့်ရင်း ထူးဆန်းသော မျက်နှာပေးများ ဖြစ်နေခဲ့ကြသည်။

ထိုတပ်မှူးမှာမူ ဖော်ပြရန်ပင် ခဲယဉ်းလောက်အောင် အနေခက်နေသည်။

သူသည် နောက်ဆုံးတွင် ဘဝသစ်တစ်ခုကို တည်ဆောက်နိုင်တော့မည့်အချိန်၊ အတိတ်ကို မေ့ဖျောက်ပစ်တော့မည့် အချိန်တွင်မှ ဆင်းရဲသား ဆွေမျိုးတစ်သိုက် ရောက်လာပြီး သူ၏ အရှက်ရဖွယ် အတိတ်များကို ဖော်ထုတ်နေကြရုံမက၊ သူ့လုပ်ဖော်ကိုင်ဖက်များကပါ အားလုံးကို မြင်တွေ့သွားကြသည်။

ဤအရှက်ရမှုမှာ ဘိလပ်မြေအိမ် သုံးလုံးလောက် တူးပစ်လိုက်ချင်လောက်အောင်ပင် ပြင်းထန်လှသည်။

​ ထိုတပ်မှူးက ဆက်လက်၍ မသိချင်ယောင်ဆောင်ကာ ဟိန်းဟောက်လိုက်သည် “မင်းတို့ ဘာတွေ ရူးကြောင်ကြောင်တွေ လာပြောနေတာလဲ။ ဘယ်သူက အာတန်ဇီလဲ။ လာပြီး ဆွေမျိုးမစပ်နဲ့။ အခုချက်ချင်း ဖယ်ကြစမ်း၊ မဟုတ်ရင် ငါ အားနာမှာ မဟုတ်ဘူး”

​ သူဖုန်းစားဂိုဏ်းတပည့်များမှာလည်း စိတ်တိုလာကြသည်။

“အာတန်ဇီ... မင်း ဟန်ဆောင်နေတုန်းပဲလား။ ရာထူးတက်သွားလို့ ညီအစ်ကိုတွေကို မမှတ်မိတော့ဘူးလား”

“ငါပြောမယ်... မင်း ပြာဖြစ်သွားရင်တောင် ငါ မှတ်မိသေးတယ်”

“ငါမှတ်မိတယ်... သူ့ဘယ်ဘက် ပေါင်မှာ မှည့်နီကြီး ပါတယ်လေ။ ဟုတ်မဟုတ် ကြည့်လိုက်ရင် သိရတာပဲ”

​ ပြောပြောဆိုဆိုဖြင့် သူတို့က စတင် လှုပ်ရှားလိုက်ကြသည်။

ထိုတပ်မှူးမှာ အတင်းရုန်းကန်ရင်း “မလုပ်နဲ့။ ငါ့ဘောင်းဘီကို မချွတ်နဲ့။ မင်းတို့ တိရစ္ဆာန်တွေ... ဒီရူးနှမ်းတဲ့ လုပ်ရပ်တွေကို ရပ်လိုက်စမ်း...”

​ စစ်တပ်မှူးဘေးရှိ စစ်သားများမှာ ကြောင်အနေကြသည်။

“သူတို့က တပ်မှူးလျူရဲ့ ဘောင်းဘီကို ချွတ်နေကြတာပဲ၊ ငါတို့ ဝင်တားလိုက်ရမလား”

“ကြည့်ရတာ သူတို့က သိနေကြသလိုပဲ၊ ငါတို့ ဝင်မပါတာ ပိုကောင်းမလား”

“ဒါပေမဲ့ တပ်မှူးက တကယ်ကြီး ရုန်းကန်နေတာပဲ။ ငါတို့ မကူညီရင်လည်း မသင့်တော်ဘူး မဟုတ်လား”

“မင်းပြောတာ ဟုတ်တယ်၊ တပ်မှူးကို အရင် ကယ်ကြစို့”

​ သူတို့ လှုပ်ရှားတော့မည့်ဆဲဆဲတွင် အကြီးအကဲ လိုင် က သူတို့ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ယဉ်ကျေးသော လေသံဖြင့် ပြောလိုက်သည် “လူငယ်တို့... စိတ်မပူပါနဲ့၊ ငါတို့အားလုံးက သူ့သူငယ်ချင်းတွေပါ၊ နည်းနည်းလေး နောက်ပြောင်နေကြတာပါ”

​ ထိုအချိန်တွင် တပ်မှူးမှာလည်း ရုန်းကန်နေခြင်းကို လက်လျှော့လိုက်ပြီး အော်ပြောလိုက်သည် “ကဲ... တော်ကြတော့၊ ငါ့ဘောင်းဘီကို ချွတ်ဖို့ မကြိုးစားကြနဲ့တော့။ ငါ အာတန်ဇီ ဟုတ်တယ်၊ ကျေနပ်ပြီလား။ အခု ငါ့ကို အောက်ချပေးကြဦး၊ ငါတို့ အိမ်ရောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့”

All Chapters