အခန်း (၂၂၄)
Vol. 20 Ch. 224
ထို့ကြောင့် သူဖုန်းစားဂိုဏ်းမှ တပည့်များသည် တပ်မှူးကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်ကြသည်။
သို့သော် ထိုတပ်မှူး၏ရင်ထဲတွင်မူ သည်းမခံနိုင်စရာကောင်းသော အရှက်တရားတို့က ကိန်းအောင်းနေဆဲပင်။ သူ၏ ရာထူးအဆင့်အတန်းမှာ အလွန်အမင်း မမြင့်မားသေးသော်လည်း ရာဂဏန်းရှိသော စစ်သည်များကို ကွပ်ကဲနေရသည့် တပ်မှူးတစ်ဦး မဟုတ်ပါလော။ ယခုမူ သူသည် ဘောင်းဘီပင် ချွတ်မခံရရုံတမယ် ဖြစ်သွားခဲ့ရသည်။ အကယ်၍ ဤလူများသည် သူ၏ မိတ်ဟောင်းဆွေဟောင်းများနှင့် ဒုက္ခတွေကို အတူ ကျော်ဖြတ်ခဲ့ဖူးသော ညီအစ်ကိုများသာမဟုတ်လျှင် သူ၏စစ်တပ်ကိုဆင့်ခေါ်ကာ အားလုံးကို ပိုင်းဖြတ်သတ်ပစ်ရန်ပင် စဉ်းစားမိမည်ဖြစ်သည်။
တပ်မှူးသည် သူ၏ဘောင်းဘီကို ပြန်လည် ပြင်ဝတ်လိုက်ပြီး ရှေ့တွင်ရှိနေသော သူဖုန်းစားဂိုဏ်းမှ တပည့်များကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။ “ လောလောဆယ် ငါ့နောက်ကို လိုက်ခဲ့ကြဦး။ အိမ်ရောက်မှ ဒီကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့”
နာရီဝက်ခန့်အကြာတွင် သူတို့သည် စံအိမ်ကြီးတစ်ခုသို့ ရောက်ရှိလာကြသည်။ ဤစံအိမ်မှာ အလွန်အမင်း ကြီးမားခြင်းမရှိသော်လည်း ဤနယ်စပ်မြို့ငယ်လေးတွင်မူ တော်တော်လေးကို ခမ်းနားထည်ဝါသည်ဟု ဆိုရပေမည်။ အထဲသို့ဝင်သွားသည့် လမ်းတစ်လျှောက်တွင် အစေခံအများအပြားကို တွေ့ရပြီး အားလုံးက တပ်မှူးကို ‘သခင်ကြီး’ ဟု ရိုရိုသေသေ နှုတ်ဆက်ကြသည်။
သူဖုန်းစားဂိုဏ်းမှ တပည့်များသည် တောသား မြို့ရောက်သကဲ့သို့ အရာရာကို အံ့အားသင့်ဘဝင်ခိုက်နေကြသည်။
“အာတန်ဇီ ဒါ မင်းအိမ်လား။ တကယ့်ကို ခမ်းနားတာပဲ”
“မင်း ဒီလိုအိမ်ကြီးအိမ်ကောင်းမှာ အစေခံတွေအခြံအရံနဲ့ နေနေရတာကို ငါ ယုံတောင် မယုံနိုင်ဘူး”
“အာတန်ဇီ မင်းတော့ တကယ့်ကို အောင်မြင်သွားပြီပဲ”
ဤသူဖုန်းစားများသည် လောကတွင် အတွေ့အကြုံရှိသူများဖြစ်ပြီး အင်ပါယာအတွင်းရှိ ထည်ဝါလှသော စံအိမ်ကြီးများစွာကို မြင်ဖူးကြသူများဖြစ်သဖြင့် ဤအိမ်ကိုမြင်ရုံနှင့် အံ့ဩနေကြခြင်းမဟုတ်ပေ။ သို့သော် ဤအိမ်သည် သူတို့၏ ညီအစ်ကိုတစ်ယောက် ပိုင်ဆိုင်သည်ဟူသော အချက်ကသာ အံ့ဩစရာဖြစ်နေခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် တစ်ချိန်က ဒုက္ခအတူခံခဲ့ကြသော ညီအစ်ကိုများ ဖြစ်ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။ သူတို့တွေ အိတ်တွေကို အတူတူ ထမ်းပိုးခဲ့ကြသည်၊ အတူတူ ပြတင်းပေါက်မှ ခိုးဝင်ခဲ့ကြဖူးသည်၊ ရလာသမျှကိုလည်း အတူတူ ခွဲဝေခဲ့ကြသည်။ ပြည့်တန်ဆာအိမ်များသို့ပင် အတူတူ သွားခဲ့ကြဖူးသည်။
‘အဟမ်း... ထိုအချိန်က ပြည့်တန်ဆာများအတွက် ပေးစရာငွေ မရှိခဲ့သော်လည်း ပြည့်တန်ဆာအိမ်များ၏ ပြတင်းပေါက်မှ ခိုးကြည့်ကာ အခမဲ့ ကြည့်ခဲ့ကြဖူးသဖြင့် သူတို့၏ သံယောဇဉ်မှာ ကျောက်ဆောင်ကဲ့သို့ ခိုင်မြဲလှသည်။ ယခုမူ တစ်ယောက်မှာ သူတို့ထက် အမြင့်ကို ရောက်နေချိန်၌ အခြားသူတို့မှာ အရင် နုံချာနေတဲ့ဘဝတွင် နေထိုင်နေရဆဲဖြစ်သဖြင့် စိတ်ထဲတွင် ရုတ်တရက် မမျှတမှုကို ခံစားလိုက်ရသည်။
‘ ဘာလို့ သူကျတော့ အောင်မြင်ပြီး ငါကျတော့ မအောင်မြင်ရတာလဲ’
ထိုစဉ် အစေခံမလေးနှစ်ဦး ခြံရံပြီး နုနယ်ချောမောသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက်လာလေသည်။ သူမသည် သူတောင်းစားတစ်စုကို မြင်လျှင် အံ့ဩသွားဟန်ရှိပြီး နှာခေါင်းကိုပိတ်ကာ သူတို့ကိုပတ်၍ တပ်မှူးအနားသို့ ချဉ်းကပ်သွားသည်။ ထို့နောက် မကျေမနပ်လေသံဖြင့် “ ပြန်လာပြီလား။ ဒီလူတွေက ဘယ်သူတွေလဲ” ဟု မေးလိုက်သည်။
တပ်မှူးသည် သူမ၏ခါးကို ညင်သာစွာဖက်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “သူတို့အားလုံးက ကိုယ့်ရဲ့ အတိတ်က ညီအစ်ကိုကောင်းတွေပါ။ သူတို့ကို ကျွေးမွေးဖို့ အကောင်းဆုံးစားသောက်ဖွယ်ရာတွေကို အမြန်ပြင်ခိုင်းလိုက်ပါ”
“ဒါပေမဲ့ ဒီလောက်အများကြီးကို ကျွန်မတို့ ဘယ်လိုလုပ် စီစဉ်နိုင်မှာလဲ” သူမ၏ လေသံမှာ နှာခေါင်းရှုံ့ကာ ငြိုငြင်နေခြင်းကို အထင်းသား ပြသနေသည်။
တပ်မှူးက အသံကျယ်လောင်စွာဖြင့် “ဒါဆိုရင်လည်း အပြင်က စားသောက်ဆိုင်တွေကို သွားမှာလိုက်။ အကုန်အဆင်သင့်ဖြစ်ရင် ဒီကိုလာပို့ခိုင်းလိုက် ပိုက်ဆံက ပြဿနာမဟုတ်ဘူး” ဟု ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ ကျွန်မ သွားစီစဉ်လိုက်ပါ့မယ်” ဟု ဆိုကာ သူမသည် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ဖြင့် လှည့်ထွက်သွားလေသည်။ သူဖုန်းစားများမှာ ထိုကျောပြင်ကိုသာ တမ်းတမ်းတတ ကြည့်နေကြသည်။
“အာတန်ဇီ အဲဒါ မင်းမိန်းမလား။ တကယ့်ကို လှတာပဲ”
“လှတာတင်မဟုတ်ဘူး ကလေးအများကြီး မွေးနိုင်မယ့် ပုံစံမျိုးပဲ။ သားချောလေးတွေ အများကြီး မွေးပေးနိုင်မှာ သေချာတယ်”
“အာတန်ဇီ မင်း ဒီလိုမိန်းမချောလေးကို ဘယ်လိုများ ရအောင်ယူလိုက်တာလဲ”
ထိုအမျိုးသမီးမှာ ရိုးရှင်းသောအလှတရားရှိပြီး ဖြူစွယ်သော အသားအရေရှိရုံမျှသာဖြစ်သည်။ လင်းပိုင်ဖန် ကဲ့သို့သော ဧကရာဇ်မင်းမြတ်မျိုးဆိုလျှင် လှည့်ပင်ကြည့်မည်မဟုတ်သော်လည်း ဤသူဖုန်းစားများအဖို့မူ သူမမှာ ပြိုင်ဘက်ကင်း အလှနတ်သမီးတစ်ပါးကဲ့သို့ပင်။ သူတို့အားလုံးသည် ဤကဲ့သို့သော မိန်းကလေးမျိုးနှင့် အိမ်ထောင်ကျရန် အမြဲအိပ်မက်မက်ခဲ့ကြသည်။
မိမိ၏ညီအစ်ကိုမှာ ဤကဲ့သို့သော ဇနီးသည်ကို ပိုင်ဆိုင်ထားချိန်တွင် မိမိမှာ လူပျိုကြီးဘဝဖြင့် ရှိနေသေးသည်ဟူသောအသိက သူတို့၏ရင်ထဲတွင် နောက်တစ်ကြိမ် မနာလိုစိတ်ကို နှိုးဆွလိုက်ပြန်သည်။
‘ငါတို့တွေ တစ်သက်လုံး ညီအစ်ကိုတွေအဖြစ် နေကြမယ်လို့ ကတိပြုခဲ့ကြတာ မဟုတ်ဘူးလား။ အခုတော့ မင်းက ငါတို့ကို ကျောခိုင်းပြီး မိန်းမခိုးယူထားတယ်ပေါ့လေ။ ငါတို့ရဲ့ ညီအစ်ကို သံယောဇဉ်ကို မင်း မေ့သွားပြီလား’
တပ်မှူးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောကာ “ဒါကတော့ ဒီနှစ်အစမှာ ငါလက်ထပ်ထားတဲ့ ဇနီးသည်လေးပါ။ သူမမှာ ကိုယ်ဝန်ရှိနေတော့ စိတ်တိုတတ်တာလေးကို နားလည်ပေးကြပါ” ဟု ပြောလိုက်သည်။
“F**k...”
သူဖုန်းစားဂိုဏ်းမှ တပည့်များသည် မနာလိုစိတ်ကြောင့် မျက်လုံးများပင် နီရဲလာကြသည်။ ဒီကောင့်တွင် ပန်းကဲ့သို့ လှပသော ဇနီးသည် ရှိရုံသာမက ကလေးပင် ရတော့မည် မဟုတ်ပါလား။ ထို့နောက် သူဝတ်ထားသော တပ်မှူးဝတ်စုံနှင့် သူတို့ရှေ့မှ လှပခမ်းနားသော အိမ်ကြီးနှင့် ခစားနေကြသော အစေခံများကို ကြည့်လိုက်ကြသည်။
သူသည် ငွေကြေး၊ အာဏာနှင့် မိန်းမဟူသော ဘဝ၏ အထွတ်အထိပ်အရာအားလုံးကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။ သူဖုန်းစားများအဖို့မူ ဤသည်မှာ ဘဝ၏ အမြင့်ဆုံးပန်းတိုင်ပင် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ဓားကိုလျှို့ဝှက်စွာဆွဲထုတ်ကာ ရှေ့မှလူကို သတ်ပြီး သူ၏နေရာကို အစားထိုးယူချင်စိတ်ပင် ပေါက်သွားကြသည်။
ငွေရှိလျှင် အရာရာမြန်ဆန်သည်ဖြစ်ရာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ပင် မကြာလိုက်ဘဲ စားသောက်ဆိုင်မှ ပူပူနွေးနွေးနှင့် မွှေးပျံ့လှသော ဟင်းလျာများ ရောက်ရှိလာသည်။ လူအများအပြား ရှိနေသဖြင့် တပ်မှူးသည် အားလုံးကို ဧည့်ခန်းမကြီးအတွင်း၌ ဧည့်ခံကျွေးမွေးလေသည်။ သူဖုန်းစားများမှာ ဗိုက်ဝအောင် စားသောက်ကြပြီး ပါးစပ်များတွင်လည်း ဆီများပင် ပေကျံနေကာ ပျော်ရွှင်မှုကို ခံစားနေကြရသည်။
အကြီးအကဲ လိုင် တစ်ဦးတည်းသာ ဘာမှမစားဘဲ တပ်မှူးနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ ထိုအချိန်တွင် အကြီးအကဲ လိုင်၏ မျက်နှာအမူအရာမှာ အလွန်ရှုပ်ထွေးနေသည်။ ဒေါသ၊ စိတ်ပျက်မှု၊ ဝမ်းနည်းမှုနှင့် အားမလို အားမရဖြစ်မှုများ ပါဝင်နေသော်လည်း နားလည်ပေးလိုသော အရိပ်အယောင်လည်း အနည်းငယ်ရှိနေသည်။
သူသည် အရက်တစ်ခွက်ကို တစ်ကျိုက်တည်းနှင့် မော့ချလိုက်ပြီးနောက် သက်ပြင်းချကာ မေးလိုက်သည်။ “ငါ့ကိုပြောစမ်း ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ မင်းက ဒီအရပ်မှာ အရာရှိဖြစ်နေတာလဲ။ ဘာလို့ ဒီလိုအိမ်မျိုးနဲ့ နေနိုင်ပြီး ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်ထားတာလဲ။ အရေးကြီးဆုံးက...”
အကြီးအကဲ၏ အသံမှာ တင်းမာသွားပြီး “ဘာလို့ ငါတို့ သူဖုန်းစားဂိုဏ်းကို သစ္စာဖောက်ရတာလဲ” ဟု မေးလိုက်သည်။
“အကြီးအကဲ လိုင်၊ ကျွန်တော် ဒါကို ပြောပြဖို့ လိုသေးလို့လား။ အခု မြင်နေရတာတွေက အဖြေပဲ မဟုတ်လား” ဟု တပ်မှူးက ခါးသီးသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
အကြီးအကဲ လိုင်က စားပွဲကို ရိုက်ကာ ဒေါသတကြီး ထရပ်လိုက်သည်။ “ဒါက မင်း သစ္စာဖောက်ရတဲ့ အကြောင်းရင်းလား။ ဒီလို အာဏာနဲ့ စည်းစိမ်အတွက်နဲ့ မင်းက ဂိုဏ်းကို သစ္စာဖောက်ပြီး ငါတို့ရဲ့ ညီအစ်ကိုသံယောဇဉ်ကို လစ်လျူရှုလိုက်တာလား”
“ဒါက မလုံလောက်သေးဘူးလား” တပ်မှူး၏ အသံမှာလည်း မြင့်တက်လာသည်။ “ပြောစမ်းပါဦး ဒီလောကမှာ ဘယ်ယောက်ျားက ဒီလို သွေးဆောင်မှုတွေကို ခုခံနိုင်မှာလဲ။ ဘယ်ယောက်ျားက သူတစ်ပါးထက် သာချင်စိတ် မရှိမှာလဲ။ ဘယ်ယောက်ျားက ရာထူးတွေတိုးပြီး သားစဉ်မြေးဆက် ဂုဏ်ယူစရာတွေ ချန်ထားခဲ့ချင်စိတ် မရှိမှာလဲ။ ဘယ်ယောက်ျားက စည်းစိမ်ဥစ္စာနဲ့ မိန်းမလှလေးတစ်ယောက်ကို မပိုင်ဆိုင်ချင်ဘဲ တစ်သက်လုံး သူတောင်းစားဘဝနဲ့ နေချင်မှာလဲ”
“အကြီးအကဲ လိုင် ကျွန်တော် တစ်ခုပဲ မေးချင်တယ်” တပ်မှူး၏အသံမှာ စူးရှသွားသည်။ “အကြီးအကဲကရော ကိုယ့်သားသမီးတွေကို သူတောင်းစား ဖြစ်စေချင်လား။ ကိုယ့်ရဲ့ မျိုးဆက်တွေက သူတစ်ပါးရဲ့ သနားကရုဏာအပေါ်မှာ မှီခိုပြီး ထာဝရ တောင်းစားသွားကြတာကို မြင်ချင်လား”
“မင်း...” အကြီးအကဲ လိုင်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးထွက်သွားသည်။ သူသည် တစ်ဖက်လူကို ဆဲရေးချင်သော်လည်း စကားလုံးများမှာ ထွက်မလာတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူပြောလိုက်သော စကားမှာ သူ၏နှလုံးသားကို ထိမှန်သွားသောကြောင့်ပင် ဖြစ်သည်။ သူသည် ယခုအခါ သူဖုန်းစားဂိုဏ်း၏ အကြီးအကဲ ဖြစ်နေသော်လည်း တပည့်ပေါင်း သန်း ၂၀ ထဲတွင် အကြီးအကဲဖြစ်နိုင်သူမှာ ဘယ်နှစ်ယောက် ရှိပါသနည်း။ သူကိုယ်တိုင် အကြီးအကဲ ဖြစ်နေသော်ငြားလည်း သူ၏သားစဉ်မြေးဆက်ကိုမူ သူတစ်ပါး၏ အထင်သေးမှုကို ခံရသော သူတောင်းစားဘဝတွင် မရှိစေချင်သည်မှာ အမှန်ပင်။
ထိုအချိန်တွင် ဘေးနားရှိ သူဖုန်းစားဂိုဏ်းမှ တပည့်များသည်လည်း စားလက်စများကို ချလိုက်ပြီး သူတို့နှစ်ဦး၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
“ဒါပေမဲ့... ဒါပေမဲ့ ငါတို့ဂိုဏ်းက မင်းအပေါ်မှာ ဘာများ မှားခဲ့လို့လဲ။ ဒါက မင်း ငါတို့ကို ကျေးဇူးဆပ်တဲ့ ပုံစံလား” ဟု အကြီးအကဲ လိုင်က ဝမ်းနည်းတကြီး ပြောလိုက်သည်။
တပ်မှူးက အသံကျယ်လောင်စွာဖြင့် “မှန်ပါတယ်။ ဂိုဏ်းက ကျွန်တော့်အပေါ် ဘာမှ မမှားခဲ့ပါဘူး။ ဒါပေမဲ့ နန်းတော်က ကျွန်တော့်ကို ပေးတဲ့အရာတွေက ပိုများလွန်းလို့ပါ” ဟု ပြောလိုက်သည်။
“လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က နန်းတော်က စစ်သည်တွေ ခေါ်တဲ့အချိန်မှာ လစာကောင်းကောင်းပေးမယ်၊ ပြီးတော့ စစ်မှုထမ်းရင်း အောင်မြင်တဲ့သူတွေကို ရာထူးတိုးပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် မတွန်းလှန်နိုင်ခဲ့ဘဲ သွားပြီး စာရင်းပေးလိုက်တာပါ။ တစ်နှစ်ကျော်လောက် ကြိုးစားပြီးတဲ့နောက်မှာ အခုတော့ ကျွန်တော်က စစ်သည်ရာပေါင်းများစွာကို အုပ်ချုပ်ရတဲ့ အဆင့် ၆ ရှိတဲ့ တပ်မှူးငယ်လေး ဖြစ်နေပါပြီ။ အိမ်ရှိတယ်၊ ပိုက်ဆံရှိတယ်၊ မိန်းမလည်း ရှိလာပြီ”
“အကြီးအကဲ လိုင် ကျွန်တော် မေးပါရစေ။ အကယ်၍ ကျွန်တော်သာ သူဖုန်းစားဂိုဏ်းမှာပဲ ဆက်နေခဲ့ရင် အခုပိုင်ဆိုင်တာတွေကို ရနိုင်မှာတဲ့လား။ အကြီးအကဲကရော ကျွန်တော့်ကို အရာရှိဖြစ်အောင်၊ ချမ်းသာအောင်၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်အောင်၊ မိန်းမလှလေးတစ်ယောက်နဲ့ လက်ထပ်နိုင်အောင် လုပ်ပေးနိုင်မှာလား”
ဤမေးခွန်းအောက်တွင် အကြီးအကဲ လိုင်၏ အကြည့်များမှာ တုန်လှုပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ မလုပ်ပေးနိုင်သောကြောင့်ပင် ဖြစ်သည်။ သူဖုန်းစားဂိုဏ်းတွင် သင်သည် ထိပ်ဆုံးကိုရောက်လျှင်ပင်၊ ဂိုဏ်းချုပ်ဖြစ်လျှင်တောင်မှ ဤကဲ့သို့သော ဘဝမျိုးဖြင့် မနေနိုင်ပေ။ ဤသည်မှာ သူဖုန်းစားဂိုဏ်း၏ သဘာဝအရ သတ်မှတ်ထားခြင်းဖြစ်သည်။
သင်နားလည်ထားရမည်မှာ သူဖုန်းစားဂိုဏ်းသည် တစ်ပြည်လုံးရှိ သူတောင်းစားများကို ကွပ်ကဲနေခြင်းဖြစ်ပြီး၊ ဤသူများသည် ဂိုဏ်း၏ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။ အကယ်၍ သင်သည် ဂိုဏ်းချုပ်ဖြစ်ပြီး နေ့စဉ် စည်းစိမ်ချမ်းသာထဲတွင် နစ်မွန်းကာ အဝတ်ကောင်း၊ အစားကောင်းများဖြင့် မိန်းမအများအပြား ယူထားမည်ဆိုလျှင် လောကရှိ သူတောင်းစားများက သင့်ကို မည်သို့ မြင်ကြမည်နည်း။ ၎င်းသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည်သာ ဖြစ်သည်။
အကြီးအကဲ လိုင်သည် စိတ်ပျက်စွာဖြင့် ပြန်ထိုင်လိုက်သည်။ သူပြောပြချင်သော အချက်များစွာ ရှိသော်လည်း မည်သို့ပြောရမည်ကို မသိတော့ပေ။ သူသည် အရက်များကို တစ်ခွက်ပြီးတစ်ခွက် မော့ချလိုက်ပြီးနောက် မျက်နှာများ နီရဲလာကာ ဆက်မေးလိုက်သည်။
“ဒါဆို တခြားသူတွေကရော..”
“သူတို့လည်း နန်းတော်ရဲ့ အမှုထမ်းတွေ ဖြစ်ကုန်ကြပြီ” တပ်မှူးက တည်ငြိမ်စွာ ပြောလိုက်သည်။ “တချို့က စစ်တပ်ထဲဝင်တယ်၊ တချို့က လမ်းဖောက်တယ်၊ မြေရိုင်းရှင်းတယ်၊ တချို့က သတ္တုတွင်းတွေနဲ့ အဆောက်အဦး ဆောက်လုပ်ရေးတွေမှာ လုပ်ကြတယ်။ ကျွန်တော့်လို ကံကောင်းတဲ့သူတွေက အရာရှိငယ်လေးတွေ ဖြစ်နေပြီ။ ကံမကောင်းတဲ့သူတွေတောင် အခုဆိုရင် အလုပ်သမား ခေါင်းဆောင်တွေ ဖြစ်နေပြီး လူပေါင်း ဒါဇင်နဲ့ချီ အုပ်ချုပ်နေရပြီ။ သူတို့ရဲ့ဘဝတွေက အရင်ကထက် အများကြီး ပိုကောင်းလာနေပါပြီ”
အကြီးအကဲ လိုင်က စားပွဲကို အားဖြင့် ထုလိုက်ပြီး “ဘာလို့ ဒီကိစ္စကို ကြိုမပြောခဲ့တာလဲ။ မင်းတို့အားလုံး ဘာလို့ ငါ့ကိုပစ်ပြီး ဒီအတိုင်း ပျောက်သွားရတာလဲ” ဟု မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မပြောရဲလို့ပါ” တပ်မှူးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ကျွန်တော်တို့အားလုံးက သူဖုန်းစားဂိုဏ်းရဲ့ တပည့်တွေဖြစ်တော့၊ ဂိုဏ်းရဲ့ အင်အားကို ကောင်းကောင်းသိတယ်။ ဂိုဏ်းကနေ လက်စားချေမှာကို ကြောက်လို့ ဂိုဏ်းနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”
“အဲဒီလိုလုပ်ရင် အကြီးအကဲတို့ ကျွန်တော်တို့ကို ရှာမတွေ့နိုင်တော့ဘူး။ ဒါဆိုရင် အပြစ်ပေးလို့ မရတော့ဘူးလို့ ယူဆခဲ့တာ။ အကြီးအကဲတို့က ကျွန်တော်တို့နောက်ကို လိုက်လာလိမ့်မယ်၊ ကျွန်တော့်ကိုတောင် ရှာတွေ့သွားလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး”
“ဒါဆိုရင် အခုကျတော့ ဘာလို့ မကြောက်ဘဲ ပြောရဲနေတာလဲ”